(25) စိတ်ကောက်
စကားလုံးတွေထွက်ပြီးပြီးချင်းမှာပဲ လင်ဝေ့ရှီးနောင်တရသွားတယ်။ ဒါပေမယ့် သူဘာလုပ်နိုင်မှာလဲ။ ယမ်းစကိုဖင်ခုထိုင်ပီး တည်ငြိမ်ချင်ယောင်ဆောင်ရတော့တာပေါ့ “အရှင့်ရဲ့ဝမ်ဖေး… အဲ့ဒါက… ဆက်ခံသူရဲ့အမေရှန်မျိုးနွယ်ဝမ်ဖေး… သူက လွန်ခဲ့တဲ့ဆယ်နှစ် ကျန်းကျောင်းသတ္တမနှစ်ကတည်းက ကွယ်လွန်သွားခဲ့တာ၊ အရှင်က ကုချန်ယောက်နဲ့မတူဘူး၊ ဇနီးရဲ့ဝမ်းနည်းခြင်းကာလသုံးနှစ်ကိုစောင့်ထိန်းခဲ့တယ်၊ အရှင့်ရဲ့အဆင့်အတန်းနဲ့ဆို ဘယ်သူမှ လာပြောမှာမဟုတ်ပေမယ့်လည်း စောင့်ထိန်းခဲ့တာပဲ၊ အခု ရှန်ဝမ်ဖေးကွယ်လွန်သွားတာ ဆယ်နှစ်ရှိသွားပြီ ပြီးတော့ဆက်ခံသူလည်း လက်ထပ်ပြီးမိသားစုရနေပြီ၊ ကလေးမရှိသေးပေမယ့် နောက်နှစ်နည်းနည်းဆို ရှိလာမှာပဲလေ”
“အဲဒိတော့ မင်းပြောချင်တာကဘာလဲ”
လင်ဝေ့ရှီးရဲ့မျက်နှာကနီနေတယ်။ ဒါပေမယ့် အသံက အားမလျော့ဘူး “ဝမ်ဖေးကွယ်လွန်သွားတာလည်း ကြာလှပြီ၊ ဆက်ခံသူကလည်း အရွယ်ရောက်နေပြီ၊ မျိုးဆက်ပြတ်မှာလည်းပူစရာမရှိဘူး၊ ပြီးတော့ သတို့သမီးအသစ်က ရှေ့ဇနီးရဲ့ကလေးတွေကို နှိပ်စက်မှာလည်း ပူစရာမရှိဘူး၊ အနာဂတ်ကို ပူစရာမရှိမှတော့ အရှင် ဝမ်ဖေးအသစ်တစ်ပါးလက်ထပ်ယူသင့်ပါတယ်”
ကုဟွေးရန့်က စုတ်တံကိုချလိုက်တယ်။ သူက အမတ်ချုပ်အတွက်စာ ပျက်စီးသွားတာကို ဂရုမစိုက်ဘူး၊ အဲဒိအစား လင်ဝေ့ရှီးကိုကြည့်တယ်။ တည်ငြိမ်နေတဲ့သူ့မျက်ဝန်းတွေက လှုပ်ခတ်သွားတာမျိုးမရှိဘူး “ဆက်ပြောလေ”
လင်ဝေ့ရှီးက ဝိုးတိုးဝါးတား ခေါင်းကိုငုံ့လိုက်ချင်တယ်။ ကုဟွေးရန့်ရဲ့တည်ငြိမ်လွန်းတဲ့ပုံစံက သိပ်ကိုလန့်စရာကောင်းလွန်းလို့။ ဒါက ငယ်ငယ်တုန်းက သူ့ကိုစာသင်ပေးခဲ့တဲ့ရှေးရိုးစွဲဆရာကြီးတွေထက် ပိုပြီးကြောက်စရာကောင်းတယ်။ ဒါပေမယ့် လေးညှို့ကထွက်သွားတဲ့မြှား ပြန်လှည့်မရတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူက ယန့်ဝမ်ကို … အရှင်အကြားမှားတာပါ… တောင်းပန်ပါတယ်… ယောင်ယမ်းထွက်သွားတာပါလို့… ပြောလို့မရတော့ဘူးမလား…
လင်ဝေ့ရှီးမျက်နှာတစ်ခုလုံး နီရဲတွတ်နေတာ သွေးတွေပေါက်ထွက်လာတော့မယ့်အလားပဲ။ သူက ခိုင်မာပြတ်သားတဲ့စိတ်နဲ့ အကျယ်ကြီးပြောလိုက်ပေမယ့် တကယ်တမ်းထွက်လာတာက ခြင်တစ်ကောင်၊ ယင်တစ်ကောင်လို တိုးတိုးလေးရယ်ပါ “အရှင့်စိတ်ထဲ… ကျွန်မကိုဆိုရင်ရော…”
ကုဟွေးရန့်က ပျော်တာလား ဒေါသထွက်တာလား ခွဲခြားမသိနိုင်တဲ့ အေးအေးဆေးဆေးမျက်နှာထားကို ဆင်မြန်းထားဆဲပဲ။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ဒါကြီးကဟုတ်မနေမှန်း သိတယ်။
ကုဟွေးရန့်ရဲ့လက်ချောင်းတွေက စားပွဲပေါ်မှာသာသာယာယာရှိဆဲပါ။ လက်ဖျားထိပ်တွေအောက်မှာက မှင်တစ်စက်ကြောင့်ပျက်စီးသွားတဲ့ အမတ်ချုပ်ကျန်းအတွက် ပြန်စာတစ်စောင်။ ဒါပေမယ့် ဒီစာရဲ့အောက်မှာ နောက်ထပ်စာတစ်စောင်ရှိသေးတယ်။
စာက အထူးကောင်းမွန်တဲ့နန်းတွင်းသုံးစာရွက်ဖြစ်ပြီး ရှို့ခန်းမင်းသမီးကြီးဆီကလာပါတယ်။ စာထဲမှာမင်းသမီးကြီးကပြောထားတယ် သူနဲ့လင်ဝေ့ရှီးက တစ်ယောက်ကိုတစ်ယောက် အလွန်ရင်းနှီးနေပါပြီပေါ့… သူက အိမ်တော်မှာတစ်ယောက်တည်းအထီးကျန်နေရတဲ့ အဘွားအိုကြီးဖြစ်ပြီး လင်ဝေ့ရှီးကလည်း ဒီအကြောင်းကိုပြောဖူးတော့ သူက လင်ဝေ့ရှီးကို မင်းသမီးအိမ်တော်ဆီခေါ်နေချင်တဲ့အကြောင်း ရေးသားထားတယ်။
ဒါက နှစ်ဦးနှစ်ဖက်စလုံးကျေနပ်နိုင်ကြမယ့် တောင်းဆိုချက်တစ်ခုဖြစ်ပါတယ်။ ယန့်ဝမ်အိမ်တော်ကို သားပုပ်လေလွင့်ပြောရဲတဲ့သူ မရှိဘူးဆိုရင်တောင် လင်ဝေ့ရှီးကအပျိုလေးတစ်ယောက်ပါ၊ သူက ယန့်ဝမ်အိမ်တော်နဲ့ဘာမှမတော်ဘူး၊ ပြီးတော့ အိမ်တော်ထဲမှာ အမျိုးသမီးအကြီးအကဲလည်းမရှိဘူး။ အကယ်၍ သူဒီမှာဆက်နေရင် တစ်နေ့နေ့အဆုံးသတ်မှာ သိက္ခာကျမှာ မလွဲဧကန်ဖြစ်ပါလိမ့်မယ်။
ဒီတောင်းဆိုချက်က ကျိုးကြောင်းသင့်လျော်တယ်၊ ဒါပေမယ့် ကုဟွေးရန့်က စာကို အချိန်အကြာကြီးကြည့်နေမိတယ်။ သူက အချိန်အတော်ကြာသွားတာတောင် ဘာပြန်ရေးလိုက်ရမလဲ မသိနိုင်ခဲ့ဘူး။ ဒီခဏမှာ စိတ်အလိုမကျဖြစ်လာရတဲ့အကြောင်းရင်းကိုလည်းမသိဘူး။ ဖြစ်နိုင်တာက သည်သည်းထန်ထန်ရွာသွန်းနေတဲ့မိုးတွေက လူတွေကိုထိုင်းမှိုင်းစေလို့ပဲဖြစ်လိမ့်မယ်။ သူ ဒါကိုသတိပြုမိတဲ့အချိန်မှာ သူ့ကိုယ်သူအံ့အားသင့်ခဲ့ရသေးတယ်။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ကုဟွေးရန့်ရဲ့မျက်နှာက ခါတိုင်းလို အတက်အကျမရှိ အပြောင်းအလဲမရှိ ဖြစ်နေပေမယ့်လည်း သူ့နှလုံးသားထဲမှာ မုန်တိုင်းကြမ်းပြီးလှိုင်းထန်နေခဲ့တယ်။ ရှို့ခန်းမင်းသမီးကြီးရဲ့စာကို အကြောင်းပြန်ရမယ့်အစား သူက နောက်ထပ်စာရွက်တစ်ရွက်ကိုဖြန့်ပြီး ကျန်းရှောင်းလျန်ဆီ စာတစ်စောင်ရေးနေခဲ့တယ်။ ကုဟွေးရန့်က စာကိုရေးနေခဲ့ပေမယ့်လည်း အတွေးတွေကတော့ အခြားကိစ္စတစ်ခုဆီမှာ တဝဲလည်လည်ရောက်နေခဲ့တာပါ။ ဒီအချိန်မှာပဲ လင်ဝေ့ရှီးက တံခါးကိုဖွင့်ပြီးဝင်လာတာ။
ကုဟွေးရန့် အချိန်ခဏလောက် မပြောနိုင်ခဲ့ဘူး။ ဒါက မတော်တဆလား၊ တိုက်ဆိုင်ပါများလွန်းလို့လား မသိဘူး။ သူက ဒီအတွေးတွေထဲ ခဏလေးနစ်မြှပ်သွားရုံပဲ။ ဒါပေမယ့် အမှန်တရားကတော့ လင်ဝေ့ရှီးက သူ့ကိုယ်သူထောက်ခံခဲ့ပြီးမှာ ခေါင်းမမော့ရဲအောင် ရှက်လွန်းနေခဲ့ပါတယ်။
ကုဟွေးရန့်က လင်ဝေ့ရှီးရဲ့ဆံနွယ်စအခွေအလိပ်တွေကိုကြည့်နေတယ်။ မိန်းကလေးက ခေါင်းကိုငုံ့ထားတာ ဒီပုံစံလေးက ချစ်စရာကောင်းလွန်းတယ်။ သူ့လည်တိုင်လေးက ငန်းကလေးတစ်ကောင်လိုပဲ၊ မျက်စိတစ်မှိတ်အတွင်း ကျိုးကြေသွားမလားထင်ရတယ်။ မြင်ကွင်းကိုဘယ်လောက်ကြာကြာငေးကြည့်မိလဲ ကုဟွေးရန့်မသိဘူး၊ ဖြစ်နိုင်တာက လက်ဖက်ရည်တစ်ခွက်သောက်စာလောက် ဒါမှမဟုတ် မျက်တောင်တစ်ခတ်စာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ကုဟွေးရန့်က အသိစိတ်ခပ်မြန်မြန်ပြန်ဝင်လာပြီး အကြည့်တွေကိုရုတ်သိမ်းရင်းပြောတယ် “မင်း အဖျားရှိနေတုန်းပဲမလား၊ ပြန်အနားယူလိုက်တော့၊ ငါကိုယ်တော် ဒီစကားတွေ မကြားဘူးလို့ မှတ်လိုက်မယ်၊ နောက်ပိုင်းလည်း မင်း ယန့်ဝမ်အိမ်တော်မှာ အေးအေးဆေးဆေးနေလို့ရတယ်၊ တစ်ခုခုလိုအပ်တာရှိရင် ကုမင်တကိုပြောလိုက်”
“ဟင့်အင်း” လင်ဝေ့ရှီးက ပြောချင်တာတွေပြောထုတ်ပြီး မျက်နှာမထားတတ်အောင်ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် ကုဟွေးရန့်ရဲ့အဖြေကိုကြားပြီးမှာ မှင်သက်မိလောက်အောင်ဒေါသထွက်သွားရတယ် “အရှင်ယန့်ဝမ်… အရှင်ပြောတာဘာအဓိပ္ပါယ်လဲ၊ ကျွန်မပြောတာတွေကို… နေမကောင်းလို့ကယောင်ကတမ်းပြောတယ်လို့ အရှင်ကထင်နေတာလား၊ ပြီးတော့ ဘာမှမဖြစ်သလို သွားအနားယူခိုင်းတယ်၊ နောက်ပိုင်းလည်း ဘာမှမဖြစ်ခဲ့သလို ဆက်ဆံပေးဦးမယ်တဲ့… အရှင့်နှလုံးသားထဲမှာ ကျွန်မကဘာကြီးလဲ၊ ခံစားချက်မရှိ အတွေးမရှိတဲ့ အရာဝတ္တုတစ်ခုလား… ဒါမှမဟုတ်ရင် အရှင်ခေါ်ရင်ပြေးလာပြီး အရှင်နှင်ထုတ်ရင်ထွက်သွားရတဲ့ အပျင်းပြေအိမ်မွေးတိရစ္ဆာန်လား”
ကုဟွေးရန့်ရဲ့မျက်ဝန်းတွေ လှုပ်ရှားသွားတော့တယ်။ နောက်ဆုံးတော့ သူ့စိတ်ထဲကခံစားချက်အစစ်အမှန် သူ့မျက်ဝန်းမှာပေါ်ထွက်လာနိုင်ခဲ့ပါပြီ။ “မင်းကိုယ်မင်း ဘာတွေပြောနေမှန်းသိရဲ့လား”
“သိတယ်” ဒီကိစ္စက ဒီအခြေအနေထိအောင်ရောက်လာပြီးမှတော့ လင်ဝေ့ရှီးက မဆိုင်းမတွအော်ပြောလိုက်တော့တယ် “ကျွန်မက ယန့်ဝမ်ရဲ့သူရဲကောင်းပုံပန်းသွင်ပြင်ကို လေးစားမြတ်နိုးတယ်၊ ပြီးတော့ ယန့်ဝမ်ရဲ့ဒုတိယဇနီးဖြစ်ချင်တယ်၊ ကျွန်မအဖေက ကျွန်မကိုစောင့်ရှောက်ပေးဖို့ အရှင့်ကိုမှာသွားလို့ အရှင်ကကျွန်မကို သတို့သားကောင်းကောင်းအမြဲလိုက်ရှာပေးတယ်လေ၊ အဲဒါမှ အနာဂတ်မှာ မှီခိုလို့ရမယ့်ယောင်္ကျားရှိအောင်လေ၊ … ဒါပေမယ့် လူအကဲခတ်မှားသွားရင် ကျွန်မဘာဖြစ်သွားမလဲ အရှင်သိလား၊ အဲ့သတို့သားက အရှင့်ဆီကမျက်နှာရချင်လို့ ကျွန်မကိုလက်ထပ်တာဆိုရင်ရော၊ ကျွန်မခန်းဝင်ပစ္စည်းတွေကိုမျက်စိကျလို့ လက်ထပ်တာဆိုရင်ရော… အဲ့လိုဖြစ်လာရင် ကျွန်မဘာမှမတတ်နိုင်တော့ပါဘူး၊ အရှင်က ကျွန်မကိုတစ်ခါထောက်ပံ့ပေးနိုင်တယ်ဆိုပေမယ့် တစ်သက်လုံးကာကွယ်ပေးနိုင်မှာလည်း မဟုတ်ပါဘူး၊ အဲ့ဒိအစား ကျွန်မကို ယန့်ဝမ်အိမ်တော်မှာပေးနေလိုက်တာ အကောင်းဆုံးစောင့်ရှောက်တာ…ဖြစ် ပါ လိမ့် မယ်….”
လင်ဝေ့ရှီးရဲ့အသံက ကုဟွေးရန့်ရဲ့အကြည့်အောက်မှာ တဖြည်းဖြည်းတိမ်ဝင်သွားတယ်။ ဟုတ်ပါတယ်… ဒါကမှားယွင်းနေမှန်းလည်း လင်ဝေ့ရှီးသိတယ်၊ ဒါပေမယ့် သူ့စကားတွေက ယုတ္တိမရှိပေမယ့် အကြောင်းရင်းကမှန်ကန်တယ်။ လင်ဝေ့ရှီးက ခရီးစဉ်အစကနေ မြို့တော်ကိုရောက်တဲ့အထိ ဒွိဟတွေထဲနေထိုင်ခဲ့ရတယ်။ တစ်ဖက်မှာ သူက အရင်ဘဝကြီးပြီးဆုံးသွားပြီ၊ အတိတ်ရဲ့အမှားတွေကို ပြန်မကြည့်ချင်တော့ဘူး၊ ဘဝသစ်ပြန်စသင့်တယ် ဆိုပြီးတွေးတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့… သူက ကျေအေးမပေးလိုက်ချင်ဘူး။ သူကသေဆုံးသွားခဲ့ပြီး ဒီလူတွေကအသက်ရှင်နေဆဲ သူ့ထက်ပိုပြီးကောင်းကောင်းမွန်မွန်အသက်ရှင်နေကြတာကိုး။
သူ လင်ဝေ့ရှီးက ဒီအကျပ်အတည်းကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။
လင်ဝေ့ရှီးရဲ့မျက်ဝန်းထဲ မျက်ရည်တွေပြည့်သိပ်လာပါတယ်။ ကုဟွေးရန့်ကတော့ ခေါင်းတစ်ချက်ထိုးကိုက်ပြီး သက်ပြင်းကိုချတယ်။ သူတောင်တစ်ခွန်းမပြောရသေးဘူး ဒီဆတ်ဆတ်ထိမခံဟာလေးက သူ့ဖာသာသူဒေါသတကြီးအော်ဟစ်ပြီး ငိုတဲ့အဆင့်ရောက်နေပြီလေ။ ကုဟွေးရန့်က ဒီစကားပဲပြောနိုင်တော့တယ် “မိုးမိရင် အဖျားဝင်ဖို့လွယ်တယ်၊ အရင်ပြန်ပြီး ကောင်းကောင်းအနားယူလိုက်ဦး”
ဒါက နောက်တစ်ခါ စကားလမ်းကြောင်းလွှဲတာပါ။ ဘာဖြစ်လို့ ဒီလိုအဆင့်အတန်းမြင့်ပုဂ္ဂိုလ်တွေက အမြဲတမ်း အဓိပ္ပါယ်နှစ်ခွထွက်တဲ့စကားတွေပြောကြလဲ လင်ဝေ့ရှီးမသိတော့ဘူး။ အရင်ဆုံးတော့ သဘောတူလား မတူလား ပြောလိုက်ရမှာလေ။
လင်ဝေ့ရှီးက ပါးစပ်ဟပြီးတစ်ခုခုပြောလိုက်ချင်သေးတယ်။ ဒါပေမယ့် ကုဟွေးရန့်နဲ့အကြည့်ချင်းဆုံပြီး ခက်ခက်ခဲခဲစုဆောင်းထားရတဲ့သတ္တိတွေ မိုင်အဝေးကြီးလွင့်ထွက်သွားတယ်။ သူက ခေါင်းကိုငုံ့ပြီး တိတ်တဆိတ်အရိုအသေပေးလိုက်ပြီးနောက်မှာ လေးတွဲစွာလှည့်ထွက်သွားခဲ့ပါတယ်။
လင်ဝေ့ရှီးရဲ့တပ်ဆုတ်လာတဲ့ပုံစံက စိတ်ဓါတ်ကျနေပေမယ့် ဒေါသရိပ်လေးအနည်းငယ်ရှိတယ်။ သူအပြင်ထွက်လာတော့ တံဆက်မြိတ်အောက်မှာမတ်တပ်ရပ်ပြီး ထီးဖွင့်နေတဲ့ကုချန်ယောက်ကိုတွေ့တယ်။ ကုမင်တက တာဝန်ကျေကျေတံခါးကိုစောင့်ကြပ်နေပြီး ဘယ်သူ့ကိုမှဝင်ခွင့်မပေးပုံရတယ်။ လင်ဝေ့ရှီးမျက်နှာသိပ်မကောင်းတာမြင်တော့ ကုချန်ယောက်က အံ့သြတကြီးဆိုလေတယ် “မိန်းကလေးက ဘာလို့ဒီရောက်နေတာလဲ”
လင်ဝေ့ရှီးက ဘာမှမပြောဘူး၊ အေးစက်စက်မျက်နှာထားနဲ့ ကုချန်ယောက်ဘေးနားကနေ ပွတ်ကာသီကာဖြတ်လျှောက်သွားတယ်။ ကုမင်တကတော့ အခုလေးတင်ဖြစ်သွားတဲ့ အငြင်းပွားမှုကိုကြားပါတယ်။ အနီးကပ်ငယ်သားတွေဖြစ်တဲ့သူတို့က စည်းမျဉ်းစည်းကမ်းတွေကိုနားလည်လို့ သခင်ရဲ့ကိုယ်ရေးကိုယ်တာစကားတွေကို ချောင်းနားထောင်မှာလည်းမဟုတ်ဘူး။ ဒါပေမယ့် ယန့်ဝမ်ရဲ့ညာလက်ရုံးကုမင်တက စိတ်ထဲ အံ့သြဘနန်းဖြစ်နေမိတယ်။ တစ်စုံတစ်ယောက်က ယန့်ဝမ်နဲ့ အမှန်တကယ်ကြီးအငြင်းအခုန်လုပ်ရဲတယ်လား။ ဟင့်အင်း… ပြောရမှာက… တစ်စုံတစ်ယောက်က ယန့်ဝမ်နဲ့ အမှတ်တကယ်ကြီးငြင်းခုန်နိုင်တယ်လား…။
ဒါကြောင့် လင်ဝေ့ရှီးထွက်လာချိန်မှာ မျက်နှာမကောင်းတာတွေ့ပေမယ့် ကုမင်တ မအံ့သြတာဖြစ်ပါတယ်။ ဒါပေမယ့် ကုချန်ယောက်ကတော့ တစ်ချက်ကလေးတောင်ပြန်လှည့်မကြည့်ဘဲ မိုးရေထဲလျှောက်သွားတဲ့လင်ဝေ့ရှီးကိုကြည့်ပြီး ခပ်တိုးတိုးမှတ်ချက်ပြုလေတယ် “မိုးရေတွေစိုရွှဲအောင် ဘာတွေလုပ်လာပါလိမ့်”
………
လင်ဝေ့ရှီး ကျင့်တန်းဥယျာဉ်ပြန်ရောက်လာခဲ့တယ်။ သူက အိမ်ထဲဝင်ဝင်ချင်းမှာ ခေါင်းကိုက်ဝေဒနာစတင်လာခဲ့ပြီး အဲဒိညမှာအပူတက်ပြီး အဖျားကြီးခဲ့ပါတယ်။ နဂိုအဖျားခံကို မိုးရေထဲအကြာကြီးလမ်းလျှောက်ခဲ့တဲ့အတွက် ပိုပြီးဆိုးရွားသွားခဲ့တာပါ။ လင်ဝေ့ရှီးရဲ့အဖျားက အိမ်တော်ကလူတော်တော်များများကို တပ်လှန့်သလိုဖြစ်သွားခဲ့တယ်။ ယန့်ဝမ်အိမ်တော်က ညတွင်းချင်း တော်ဝင်သမားတော်ပင့်ဖိတ်ပြီး အိမ်တော်ရဲ့တစ်ဝက်လောက် ညလုံးပေါက် မီးတွေထိန်လင်းနေခဲ့တယ်။ နောက်တစ်နေ့နေ့လည်ပိုင်းကိုရောက်လာမှ လင်ဝေ့ရှီး အဖျားခက်ခက်ခဲခဲကျသွားပြီး နိုးလာခဲ့တာပါ။ သူက မျက်လုံးဖွင့်ပြီးကြည့်တော့ အိပ်ရာလိုက်ကာအပြင်ဘက်မှာ မတ်တပ်ရပ်နေတဲ့ နန်းတွင်းနဂါးဝတ်ရုံကိုတွေ့ပါတယ်။ ဝတ်ရုံက ထည်ဝါပြီး မာန်ဟုန်ပြင်းတဲ့အနက်ရောင်ပေါ်မှာ ရွှေချည်ထိုးနဂါးတစ်ကောင်ရစ်ပတ်ထားတယ်။ မိန်းမငယ်လေးရဲ့နွေးထွေးလှပတဲ့အခန်းထဲ မတ်တပ်ရပ်နေခဲ့တာ ပိုပြီး တည်ကြည်လေးနက် ခမ်းနားလွန်းနေခဲ့တယ်။
ဟုတ်တာပေါ့… အိမ်တော်ထဲမှာ ဒီအဝတ်အစားကိုမြင်လိုက်ရင် ဘယ်သူတွေကများ နောက်တစ်ယောက်ကို တွေးတောနိုင်မှာလဲ။
အိပ်ရာထက်ကလှုပ်ရှားသံအချို့ထွက်လာတဲ့အခါ အပြင်ဘက်ကစကားသံတွေ တိတ်ဆိတ်သွားပါတယ်။ ခဏအကြာမှာတော့ အိပ်ရာလိုက်ကာသုံးလေးထပ် တစ်ခုပြီးတစ်ခုပွင့်သွားပြီး ကုဟွေးရန့်က လိုက်ကာရဲ့အပြင်ဘက်မှာမတ်တပ်ရပ်နေတယ်။ သူက လင်ဝေ့ရှီးရဲ့မျက်ဝန်းတွေကိုကြည့်ကာ သက်ပြင်းချတယ် “ကောင်းသွားပြီလား”
အဖျားက လင်ဝေ့ရှီးရဲ့အရိုးတွေအကုန်လုံး လောင်ကျွမ်းစေခဲ့ပြီး သူ့တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုနာကျင်နေတယ်။ သူက နှုတ်ခမ်းတွေကိုအားယူဖွင့်ပြီး ကြိုးစားပမ်းစားပြောရတယ် “ဟုတ်ကဲ့”
ကုဟွေးရန့် သက်ပြင်းချပြန်တယ်။ ဟုတ်ကဲ့ဆိုတဲ့စကားကို သူဘယ်လိုယုံကြည်နိုင်မှာလဲ။ သူက ဝမ်ယွဲ့နဲ့ဝမ်ရှင်းကို အိပ်ရာလိုက်ကာတွေချဖို့ ခိုင်းလိုက်တယ် “အခုချိန် လေစိမ်းတိုက်ခံလို့မဖြစ်ဘူး၊ သူ့ကိုကောင်းကောင်းပြုစုကြ”
ဝမ်ယွ့ဲက နာခံလိုက်ပြီး အတွင်းဆုံးလိုက်ကာကို ဂရုတစိုက်ပြန်ချလိုက်တယ်။ ကုဟွေးရန့်မှာ လုပ်စရာအလုပ်တာဝန်တွေအများကြီးရှိပြီး နောက်ထပ်အချိန်ဆွဲဖို့ မဖြစ်နိုင်တော့ဘူး။ သူက ပြန်ထွက်ဖို့ တစ်ဖက်ကိုလှည့်ပြီးခြေနှစ်လှမ်းလောက်လှမ်းလိုက်ရင်ပဲ အနောက်ဖက်ဆီကပျံ့လွင့်လာတဲ့ လင်ဝေ့ရှီးရဲ့အသံကိုကြားလိုက်ရတယ်။ အသံက ကြမ်းရှပြီး မောဟိုက်နေတယ် “အရှင်… မနေ့ကကျွန်မပြောတာတွေက လျှောက်ပြောတာမဟုတ်ပါဘူး”
ကုဟွေးရန့်ရဲ့သဏ္ဍာန် ရပ်တန့်သွားတယ်။ သူက နောက်ပြန်လှည့်ကြည့်ရာမှာ ပိတ်ပါးလွှာနောက် အိပ်ရာပေါ် ခန္ဓာကိုယ်တစ်ဝက်ကြွပြီးအားပြုထားတဲ့လင်ဝေ့ရှီးကိုမြင်လေတယ်။ သူက မိန်းမငယ်လေးရဲ့မျက်ဝန်းတွေကိုမမြင်ရပေမယ့် မှန်းဆလို့တော့ရတယ်။ အဲဒိနီမြန်းနေတဲ့မျက်ဝန်းတွေထဲမှာ အသည်းအသန်နေမကောင်းဖြစ်နေတာတောင် အဖြေရလိုဇောကြီးပြီး တဖျက်ဖျက်လက်နေလိမ့်မယ်။
သူ့သခင်မလေးက အိပ်ရာပေါ်ကအားပြုထပြီး ယန့်ဝမ်ကိုစကားပြောဖို့ကြိုးစားတာကို မြင်တဲ့အချိန်မှာ ဝမ်ယွဲ့က လိုက်ကာကို မထားပေးတယ်။ ယန့်ဝမ်ကလည်း တိတ်တဆိတ်ရပ်နေတယ်။ သူတို့တွေ မနေ့က ဘာတွေပြောကြလဲ ဝမ်ယွဲ့မသိဘူး။ လင်ဝေ့ရှီးနဲ့အတူ စာကြည့်ခန်းထဲဝင်လိုက်သွားတာတောင် သူအသေးစိတ်အတိအကျမသိပါဘူး။
ဝမ်ယွဲ့က နူးညံ့တဲ့လိုက်ကာစကို ကိုင်ထားပြီး ခဏလောက် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိခဲ့ဘူး။ ဒါကြောင့် အိပ်ရာဘေးမတ်တပ်ရပ်ပြီး သခင်မလေးနဲ့ယန့်ဝမ်ကို အနှောင့်အယှက်မဖြစ်အောင် တိတ်တိတ်လေးပဲ စောင့်နေခဲ့တယ်။
ကုဟွေးရန့်က ပြောတယ် “ချင်ဒုတိယနဲ့ကိစ္စကိုစိုးရိမ်နေတယ်ဆိုရင် မင်းစိတ်ချနေလို့ရတယ်၊ ငါကိုယ်တော် ဒီကိစ္စကိုကိုင်တွယ်လိုက်မယ်” အခုအချိန်မှာတော့ မနေ့ညနေကဖြစ်ရပ်အပေါ် ကုဟွေးရန့် ကောင်းကောင်းကိုင်တွယ်နိုင်သွားပါပြီ။
ဒီစကားကိုကြားတဲ့လင်ဝေ့ရှီးက ခဏလောက် စိတ်မထိန်းနိုင်ဖြစ်သွားတယ်။ သူက လည်ချောင်းထဲက ယားယံလာတဲ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ ခေါင်းကိုစောင်းပြီး ချောင်းဆိုးလိုက်ရတယ်။ နောက်ဆုံး ခက်ခက်ခဲခဲပြီးဆုံးသွားမှ မပီမသစကားသံတစ်ခွန်းထွက်လာနိုင်တော့တာ “သူ့ကြောင့်မဟုတ်ပါဘူး”
လင်ဝေ့ရှီးသိတယ်၊ အခု သူ့ပုံစံက ဦးနှောက်မရှိ၊ စိတ်လိုက်မာန်ပါလုပ်နေပုံပေါက်နေတယ်။ ဒါပေမယ့် သူ မတင်မကျမနေနိုင်ဘူး၊ တကယ့်ကို ကွဲကွဲပြားပြားသိချင်ခဲ့လို့ပါ။
ကုဟွေးရန့်ရဲ့မျက်ဝန်းတွေ မည်းမှောင်သွားတော့တာပေါ့။ အခန်းထဲကလေထုကလည်း တစ်လက်မပြီးတစ်လက်မ သိပ်သည်းလာတယ် “မင်းဘာတွေပြောနေလဲ မင်းကိုယ်မင်းသိရဲ့လား”
“သိပါတယ်” လင်ဝေ့ရှီးက ကုဟွေးရန့်ရဲ့မျက်ဝန်းတွေထဲကို တိုက်ရိုက်ကြည့်ဖို့ကြိုးစားပြီး အကောင်းဆုံးကြိုးစားပြောလေတယ်။
ကုဟွေးရန့်ကို ထူထဲတဲ့လိုက်ကာစခြားထားတယ်။ ဒါပေမယ့် ဒီမိန်းကလေးမသိနေခဲ့မှန်း ဒီခဏမှာ သူလုံးဝသေချာပြောနိုင်တယ်။ ကောင်မလေးက စိတ်ကောက်နေခဲ့တာပါ။
နောက်ပြီး သူ့ကိုစိတ်ကောက်အောင် ဘယ်သူကများလုပ်လိုက်တာလဲ၊ တစ်ချက်ကြည့်ရုံနဲ့ သိသာပါတယ်…
ကုဟွေးရန့်က အချိန်ခဏလောက်ရပ်ကြည့်နေခဲ့ပါသေးတယ်။ ပြီးမှ အပြင်ကိုဆက်လက်လျှောက်သွားတော့တယ် “ပြန်ကောင်းလာဖို့ပဲ မင်းစိတ်ထဲထည့်ထား”
ကုဟွေးရန့်က အခန်းထဲကနေ ထွက်လာတဲ့အချိန် အထဲကဝုန်းဒိုင်းကြဲအသံတွေကို ကြားလိုက်ရတယ်။ … ဒီလိုမရှိမဲ့ရှိမဲ့အားသေးသေးလေးနဲ့တောင်မှ ပစ္စည်းတွေလွှင့်ပစ်ပြီး ဒေါသပုန်ထနိုင်သေးတာကိုး…
ကုမင်တက ခြံဝင်းထဲမှာစောင့်နေတယ်။ သူက ကုဟွေးရန့်ထွက်လာတာကိုမြင်တဲ့အခါ နောက်ကနေလိုက်လျှောက်လာရင်း ခေါင်းကိုငုံ့ကာခေါ်လိုက်တယ် “ဝမ်ရယ်”
ကုဟွေးရန့်က ချမ်းသာကြွယ်ဝတဲ့အတွင်းအိမ်တော်ထဲ လေတွေတိုက်နေတဲ့လျှောက်လမ်းတွေမှာ လမ်းလျှောက်နေခဲ့တယ်။ ဥယျာဉ်ထဲအလုပ်လုပ်နေတဲ့အစေခံတွေ သူ့ကိုမြင်တဲ့အခါ ခေါင်းတွေကိုငုံ့ ကိုယ်တွေကိုကျုံ့ပြီး လမ်းဖယ်ပေးကြတယ်။ သူဖြတ်လျှောက်သွားတဲ့အချိန် မျက်လုံးတွေတောင် စွေမကြည့်ဝံ့ကြဘူး။ ကုဟွေးရန့်က ခြံဝင်းတစ်ခုကိုဖြတ်လာပြီး ရုတ်တရက်ခြေလှမ်းတွေကိုရပ်လိုက်တယ်။ အုတ်တံတိုင်းကွေးရဲ့အပြင်ဘက်မှာတော့ ပဲနွယ်ပင်လေးက တံဆက်မြိတ်ကနေတွဲလောင်းကျနေပြီး အသာနွဲ့နွဲ့ယိမ်းယိုင်နေတယ်။
ကုမင်တက ကုဟွေးရန့်ရပ်လိုက်တာကိုမြင်တယ်။ သူက ရှေ့ကိုတစ်ချက်ကြည့်ပြီး အနားတစ်လှမ်းတိုးကာ ပြောလိုက်တယ် “ဝမ်ရယ် လေတိုက်လို့ယိမ်းနေတာဖြစ်မှာပါ”
ခြံဝင်းကိုပြုစုရတဲ့ဥယျာဉ်မှူးအစေခံက ကြောက်လန့်သွားပြီး ဒူးထောက်ကျတော့မတတ်ဖြစ်သွားတယ်။ ဝမ်ရယ်က ပဲနွယ်ပင်တွေကို မကြိုက်ဘူးလား… အရမ်းကိုပြွတ်သိပ်နေလို့ မကြိုက်တာလား…
ကံကောင်းစွာပဲ ကုဟွေးရန့်က တစ်ချက်ကြည့်ပြီး ဘာမှမပြောဘူး။ ရှေ့ကိုဆက်လျှောက်သွားတယ်။ သူက လမ်းတစ်လျှောက်လုံးနှုတ်ဆိတ်နေခဲ့တာ လျှောက်လာခဲ့တဲ့နေရာတွေတိုင်း တည်ကြည်လေးနက်စွာနဲ့ပါပဲ။
လေတိုက်လို့မဟုတ်ဘူး ထင်ပါတယ်။
ကုဟွေးရန့်က စာကြည့်ခန်းထဲ ပြန်လာခဲ့ပြီး မနေ့ကတည်းကပုံနေတဲ့ အရေးတကြီးအလုပ်တွေကို အေးအေးဆေးဆေးပဲလုပ်နေခဲ့တယ်။ ခိုင်းစရာရှိတဲ့အလုပ်တွေကို လက်အောက်ငယ်သားတွေဆီ ညွှန်ကြားပြီးတဲ့အချိန်မှာတော့ ကုမင်တကို မြင်းပြင်ခိုင်းလိုက်ပြီး ရှို့ခန်းမင်းသမီးကြီးအိမ်တော်ကိုထွက်လာခဲ့ပါတယ်။
ယန့်ဝမ်ရဲ့ဆိုင်းမဆင့်ဘုံမဆင့်ရောက်ချလာမှုကြောင့် မင်းသမီးကြီးအိမ်တော်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်။ သူ့ရဲ့ရာထူးအဆင့်အတန်းနဲ့ဆို မြို့တော်မှာ သူဘယ်သွားသွား အနည်းဆုံးသုံးရက်လောက် ကြိုတင်အကြောင်းကြားရတယ်။ မင်းသမီးကြီးက ခန်းမဆောင်ထဲမှာထိုင်နေပြီး ကုဟွေးရန့်ကို မသင်္ကာစိတ်လေးအချို့နဲ့ အမေးရှိလိုက်တယ် “ယန့်ဝမ်တစ်ယောက် ဘာဖြစ်လို့ အကြောင်းမကြားဘာမကြားရောက်ချလာတာလဲ၊ တစ်ယောက်ယောက်ကို ကြိုပြောခိုင်းလိုက်ရင် ပြင်ဆင်ထားလို့ရတာပေါ့”
“အရီးတော်ကို ဒုက္ခမပေးချင်လို့ပါ” ကုဟွေးရန့်ကပြုံးပြီး ခေါင်းညိတ်တယ်။ ပြီးမှ မနှေးလွန်းမမြန်လွန်းလို့ အနေအထားနဲ့ “ဒီနေ့ ကျွန်တော် အလောတကြီးလာမိတာ အရီးတော်ကို တစ်ခုလောက်တောင်းဆိုချင်လို့ပါ”
“သြော်” မင်းသမီးကြီးက သိချင်စိတ်ပြင်းပြသွားပါတယ်။ ကုဟွေးရန့်က အခြားလူဆီကနေတောင် တောင်းဆိုရတယ်ဆိုတော့ ဘာများပါလိမ့်။ သူက ပြုံးပြီးပြောတယ် “မင်းက စကားပလ္လင်ခံနေပြန်ပါပြီ၊ ပြောစမ်းပါဦး… တစ်မိုးအောက်မှာ ဘာကများ ယန့်ဝမ်ကို တောင်းဆိုအောင်လုပ်နိုင်ရတာလဲ”
ကုဟွေးရန့်က ပြုံးတယ်။ … ဒီတစ်ကြိမ်တော့ မဖြစ်တော့လို့ပေါ့…။ သူက ပြောလေတယ် “ကျွန်တော်နဲ့လင်ဝေ့ရှီးအတွက် အောင်သွယ်တော်အဖြစ်ကူညီပေးဖို့ အရီးတော်ကိုတောင်းဆိုချင်လို့ပါ”
………….