Villain Shizun ( Extra 2-1 )
သုံးရက်ခန့်ကြာသောအခါ အင်အားကြီးစစ်တပ်ကြီးက အရှေ့ပိုင်းကျတ်တီးမြေသို့ရောက်လာပြီး မန်ယိုတောင်ကြားတွင် စခန်းချလိုက်သည်။ ဓားဂိုဏ်းချုပ်က အကာအကွယ်အစီအရင်တစ်ခု ပြုလုပ်လိုက်သောကြောင့် အားလုံးက တောင်ကြားထဲတွင် စိတ်အေးလက်အေး အနားယူနိုင်ကြပေသည်။
ညနေခင်းရောက်သည့်အခါ တောင်ကြားထဲတွင် မှောင်ရီပျိုးလာ၍ အလင်းတစ်ခုကိုမှ မတွေ့ရတော့ပေ။
ပင်မစစ်တပ်မှမဟုတ်သော ယွီဖူရှန့်နှင့် အခြားသောတပည့်များက တစ်လှည့်စီ ကင်းလှည့်ရတော့သည်။ ကင်းလှည့်သည်မှာ အကာအကွယ်နားတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး သံသယရှိဖွယ်လူများ ရှိမရှိကို စစ်ဆေးနေရုံသာဖြစ်သည်။
ညနက်သည့်အခါ ယွီဖူရှန့်၏အလှည့် ရောက်လာသည်။ သူက လက်တစ်ဖက်တွင် ဓားကိုင်ထားပြီး အခြားလက်တစ်ဖက်က မီးတုတ်ကိုကိုင်ထားကာ ခြုံနွယ်ပိတ်ပေါင်းထူထပ်နေသည့် နေရာတစ်ခုတွင် လမ်းလျှောက်နေသည်။ သူ ဘေးနားကိုကြည့်လိုက်သည့်အခါ သံသယဖြစ်ဖွယ်တစ်ခုကို တွေ့လိုက်ရသည်။ သစ်ပင်အရိပ်များက ပုံမှန်ထက်ရှည်လျားနေပြီး အရိပ်ပေါင်းများစွာက သူ့အနားကိုချဉ်းကပ်လာသည်။
အစီအရင်များလား...
ယွီဖူရှန့် အသံကျယ်ကျယ်နှင့် အော်ဟစ်ပြီးသည့်အခါမှသာ ထိုအရိပ်များက ရွှယ်ချွမ်၊ ချန်ယင်နှင့် အခြားလူများဖြစ်နေသည်ကို သိလိုက်ရသည်။
ကျောက်စိမ်းလည်ဆွဲကိုကိုင်ထားသော ရွှယ်ချွမ်က လက်ကိုခါယမ်းပြီး ခွင့်လွှတ်ပေးရန် တောင်းပန်တော့မည့်အချိန်တွင် ကင်းစောင့်နေသူက ယွီဖူရှန့်ဖြစ်ကြောင်း သိလိုက်ရသောကြောင့် ချက်ချင်း ဒေါသထွက်သွားမိပေသည်။ သူ့နောက်လိုက်များက ရှေ့ကိုအမြန်ရောက်လာပြီး ယွီဖူရှန့်၏ပါးစပ်ကိုအုပ်၍ ခေါင်းကိုရိုက်နှက်ကြတော့သည်။
" မင်း သေချင်နေတာလား တိုးတိုးနေစမ်း..."
ယွီဖူရှန့်က သတိလက်လွတ်ဖြစ်သွားသောကြောင့် အရိုက်ခံလိုက်ရပြီး သူ့နားထဲတွင် ဆူပူသံအချို့ကို ကြားလိုက်ရကာ အရိုက်ခံရခြင်းကြောင့် မူးဝေလာသည်။
သူ အသိစိတ်ပြန်ဝင်လာချိန်၌ ရွှယ်ချွမ်က သူ့ကိုဆောင့်ကန်လိုက်ပြန်သည်။
" မင်းက သေအောင်ကြောက်တတ်တာပဲ... ညဘက်ကြီး သရဲတွေ့လို့အဲ့လောက်တောင် အော်နေတာလား... မင်းအော်သံကြောင့် လူတွေရောက်လာရင် ငါ့အကြံပျက်ကုန်တော့မှာပဲ... ငါ နာမည်ကြီးလာဖို့ဆိုရင် မင်းလိုကောင်တွေကို အနားက အရင်ရှင်းထုတ်ပစ်ရမယ်..."
ရွှယ်ချွမ်က သူ့ဖခင်၏ ကျောက်စိမ်းလည်ဆွဲကိုခိုးယူလာပြီး နောက်လိုက်တစ်အုပ်စုကိုဦးဆောင်၍ အကာအကွယ်အပြင်ဘက်သို့ထွက်ပြီး နတ်ဆိုးများကို အမဲလိုက်ရန် ပြင်နေခြင်းဖြစ်သည်။
ချန်ယင်ကလည်း အတင်းအကြပ်ဆွဲခေါ်ခံခဲ့ရခြင်းဖြစ်သည်။ ရွှယ်ချွမ်က ချန်ယင် သူရဲဘောကြောင်နေသည်ကို သည်းမခံနိုင်သည့်အပြင် ဂိုဏ်းမှသခင်ငယ်လေးတစ်ယောက်အနေဖြင့် သူ့ကိုပြုပြင်ပေးပြီး သတ္တိရှိလာအောင် ကူညီပေးရန်လိုသည်ဟု ထင်မိလာသည်။
အကာအကွယ်နားသို့ ကပ်လာသည့်အချိန်မှ ယွီဖူရှန့်၏အော်သံကြောင့် အလန့်တကြားဖြစ်သွားရ၍ ရွှယ်ချွမ် အလွန်ဒေါသထွက်နေခြင်းဖြစ်သည်။
သူ့ကျင့်ကြံဆင့်က အခြေခံအုတ်မြစ်တည်အဆင့်နှောင်းပိုင်း ရောက်နေပြီဖြစ်သည်။ သူ ဒေါသတကြီးဖြစ်နေသောကြောင့် ယခုမှ အခြေခံအုတ်မြစ်တည်အဆင့်သို့ရောက်ပြီး ခွန်အားမရှိသော ယွီဖူရှန့်ကို ကန်ကျောက်လိုက်သည့်အခါ နှုတ်ခမ်းထောင့်မှ သွေးများထွက်လာသည်။
ရွှယ်ချွမ်က ဓားဂိုဏ်းချုပ်၏ တစ်ဦးတည်းသောသားဖြစ်၍ မောက်မာထောင်လွှားနေသောကြောင့် အားလုံးကသူ့ကို ဝင်မတားရဲကြပေ။ ယွီဖူရှန့်က အလူးအလဲခံနေရသော်လည်း ဗိုက်ကိုအုပ်ထားရုံသာတတ်နိုင်ပြီး တစ်ဖက်လူ ဒေါသအနည်းငယ်ပြေသွားသည့်အချိန်မှသာ တဖြည်းဖြည်းချင်းထလာသည်။
" သခင်လေး အရှုံးသမားတစ်ကောင်ကို အာရုံစိုက်မနေပါနဲ့တော့ ကျွန်တော်တို့ကိစ္စရှိသေးတယ်လေ..."
ရွှယ်ချွမ်၏နောက်လိုက်တစ်ယောက်က ပြောလာသည်။
ရွှယ်ချွမ်က ထိုအချိန်မှ နတ်ဆိုးသားရဲများကို အမဲလိုက်မည့်အကြောင်း ပြန်သတိရသွား၍ တစ်ဖက်သို့လှည့်ပြီး သတိပေးလိုက်သည်။
" တကယ်လို့ ငါ အမဲသွားလိုက်တဲ့သတင်း ပြန့်သွားတာနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို မင်း တာဝန်ယူရမယ်..."
ရွှယ်ချွမ် ဤမျှအထိ ရဲတင်းလိမ့်မည်ဟု ယွီဖူရှန့် မထင်ထားခဲ့ပေ။ သူတို့အားလုံးက အခြေခံအုတ်မြစ်တည်အဆင့်တွင်သာရှိနေကြသေး၍ နတ်ဆိုးတစ်ကောင်နှင့် တွေ့ခဲ့ပါက သေဆုံးသွားကြမည်ဖြစ်ပြီး ထိုကိစ္စကလည်း သူနှင့်သက်ဆိုင်နေမည် မဟုတ်ပေ။
ယွီဖူရှန့် သူတို့ကို တိတ်ဆိတ်စွာသာ ကြည့်နေမိသည်။ ရွှယ်ချွမ်က ဝိညာဉ်စွမ်းအားကို ကျောက်စိမ်းလည်ဆွဲထဲထည့်ကာ အကာအကွယ်ကို ဖိလိုက်သည်။ တစ်ခဏတွင်းချင်းမှာပင် လူတစ်ယောက်စာထွက်နိုင်သည့် ထွက်ပေါက်တစ်ခု အကာအကွယ်ပေါ်၌ ပေါ်လာပေသည်။
အကာအကွယ်၏ ပွင့်ဟနေသောနေရာမှတစ်ဆင့် တောင်ကြားအပြင်ဘက်မှ ညလေပြင်းများတိုက်ခတ်လာ၍ အေးစိမ့်စိမ့်ဖြစ်သွားစေသည်။
" အောင်မြင်သွားပြီကွ..."
ရွှယ်ချွမ် နှုတ်ခမ်းများတွန့်ကွေးပြီး သူ့ခါးမှ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သူ့ကိုယ်ပေါ်တွင် အဆင့်မြင့်မှော်လက်နက်တစ်ခု ရှိနေသောကြောင့် အကယ်၍ ကံကောင်းပါက နတ်ဆိုးအချို့ကို အမဲလိုက်နိုင်လိမ့်ပေမည်။ ထိုအခါ သူ့ဖခင်နှင့် အခြားသော အင်မော်တယ်ဂိုဏ်းချုပ်နှစ်ယောက်ကလည်း သူ့ကို လေးစားစရာဟု ထင်မြင်လာပေမည်။
" ချန်ယင် ငါနဲ့လိုက်ခဲ့လေ ဘယ်သွားမလို့လဲ..."
တောင်ကြား၏ အပြင်ဘက်တွင် သီးခြားဆန်လွန်းသော နေရာတစ်ခု ရှိနေသည်။ ခြောက်သွေ့နေသည့် သစ်ပင်များပေါ်မှ ကျီးကန်းများက နီရဲရဲမျက်လုံးများဖွင့်ကာ ညသန်းခေါင်ယံ၌ စူးရှရှအသံများ ပြုလုပ်နေသည်။ ချန်ယင် ကြောက်လွန်း၍ နောက်ကိုလှည့်ကြည့်ပြီး တုန်တုန်ယင်ယင်နှင့် ပြန်ဆုတ်သွားသည်။
ရွှယ်ချွမ်က သူ့ကိုဖမ်းဆွဲထားပြီး ပြောလိုက်သည်။
" မင်း ထွက်ပြေးလို့မရဘူး... ငါ့လက်ထဲမှာ အဆင့်မြင့်မှော်လက်နက်ရှိတယ်လေ ဘာကိုကြောက်နေတာလဲ... ဓားဂိုဏ်းမှာ မင်းလိုသတ္တိနည်းတဲ့သူ ရှိနေရတယ်လို့..."
ရွှယ်ချွမ်က ဂိုဏ်းချုပ်၏သားဖြစ်နေသောကြောင့် ချန်ယင်က ထွက်မပြေးရဲဖြစ်နေ၍ ဒေါသထွက်လာပြီး စကားမပြောတော့ပေ။ ဤလူများအကြားတွင် သူက ကျင့်ကြံဆင့်အနိမ့်ဆုံးဖြစ်သည်။ သို့ဖြစ်၍ နတ်ဆိုးတစ်ကောင်နှင့်တွေ့ပါက အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရမည်ဖြစ်ပြီး ထွက်ပြေးနိုင်မည်လည်း မဟုတ်ပေ။
ချန်ယင်က မီးဖိုပေါ်မှ ပုရွက်ဆိတ်တစ်ကောင်သဖွယ် စိုးရိမ်တကြီးဖြစ်နေသည်။ သူ အထပ်ထပ်အခါခါ တွေးတောပြီးနောက် မျက်ဆံလှန်လိုက်သည်။
" သခင်လေး ဒီနေရာကကျယ်လွန်းတော့ နတ်ဆိုးတွေရဲ့ အရိပ်အယောင်ကိုရှာရရင် အချိန်ကုန်လိမ့်မယ်... သူတို့ကိုမျှားခေါ်လို့ရအောင် ငါးစာတစ်ခုလုပ်ရင်ရော..."
ထိုစကားက အဓိပ္ပါယ်ရှိသည်ဟု ရွှယ်ချွမ် တွေးလိုက်မိသည်။
" ငါးစာက ဘယ်မှာလဲ..."
ချန်ယင် နှုတ်ခမ်းများတွန့်ကွေးပြီး ယွီဖူရှန့်ကို လက်ညှိုးထိုးပြလိုက်သည်။
ယွီဖူရှန့်၏ကျင့်ကြံဆင့်က သူ့ထက်နိမ့်သောကြောင့် အကယ်၍ အန္တရာယ်တစ်ခုခု ကြုံလာပါက သူ့ကိုထိုးကျွေးလိုက်ရုံသာရှိသည်။
ယွီဖူရှန့်မှာ ဘေးအန္တရာယ်ဆိုးကြီးတစ်ခုကို တွေ့ကြုံလိုက်ရသည့်သဖွယ် ရင်ထိတ်သွားပြီး ထိုနေရာမှ ချက်ချင်းထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် သူ့ခြေထောက်အောက်မှထွက်လာသည့် ဝိညာဉ်ကြိုးကြောင့် လဲကျသွားရသည်။
ရွှယ်ချွမ်က ဝိညာဉ်စွမ်းအားအချို့သုံး၍ ယွီဖူရှန့်၏လက်ကောက်ဝတ်ကို ဝိညာဉ်ကြိုးဖြင့်ပတ်လိုက်ပြီး လက်နှစ်ဖက်လုံးကို တင်းကြပ်စွာချည်နှောင်ကာ တရွတ်တိုက်ဆွဲလာသည်။
" ချန်ယင်ပြောတာမှန်တယ်... ငါတို့တွေ ငါးစာလိုနေတာပဲလေ..."
" သခင်လေးအတွက် ငါးစာဖြစ်ပေးရတာ ဂုဏ်ယူလိုက်စမ်းပါ... သခင်လေးရဲ့ အဆင့်မြင့်မှော်လက်နက်တွေနဲ့ မကောင်းဆိုးဝါးကြီးတစ်ကောင်ကို ဖမ်းမိလာမယ်ဆိုရင် မင်းလည်း ချီးကျူးခံရမှာပဲလေ..."
ယွီဖူရှန့်က အသက်မသေချင်၍ အပြင်းအထန်ရုန်းကန်သော်လည်း သူ့ပြိုင်ဘက်က ရွှယ်ချွမ်တစ်ယောက်တည်း မဟုတ်ပေ။ မြေပေါ်ပြုတ်ကျသွားသောဓားက ပိုင်ရှင်ကို အာရုံခံမိသည့်ပုံဖြင့် တစ်ချက်လင်းလက်သွားပြီး ရွှယ်ချွမ်နှင့် အခြားလူများကို စတင်တိုက်ခိုက်တော့သည်။
" ဓားကိုထိန်းချုပ်တဲ့စွမ်းရည်ကတော့ ကောင်းပါရဲ့ ဒါပေမဲ့ အဲ့အစွမ်းက ငါနဲ့ဆိုရင်တော့ အလကားပဲ..."
ရွှယ်ချွမ်က သူ့ဓားကို ဓားအိမ်ထဲမှ ထုတ်လိုက်ချိန်တွင် အေးစက်စက် အလင်းရောင်တစ်ချက် လင်းလက်လာသည်။ အဆင့်မြင့်မှော်လက်နက်ဖြစ်သောဓားက ယွီဖူရှန့်၏ဓားလေးကို နှစ်ပိုင်းပိုင်းပစ်လိုက်သည်။
အပိုင်းပိုင်းဖြစ်သွားသော ဝိညာဉ်ဓားလေးက အလင်းရောင်မှိန်သွားပြီး မြေပြင်ပေါ် ချွင်ခနဲကျလာသည်။
ယွီဖူရှန့် အံ့အားသင့်သွားရသည်။ ဓားကျင့်ကြံသူများအတွက်မူ သူတို့၏ဓားက ကိုယ်နှင့်မကွာအမြဲရှိနေသည်ဖြစ်၍ မိတ်ဆွေတစ်ယောက်နှင့် မကွာခြားလှပေ။ ဤဝိညာဉ်ဓားက သူနှင့် အချိန်အကြာမြင့်ဆုံး တူတူရှိနေခဲ့သည့်အရာ ဖြစ်သည်။
သူ့ရင်ထဲတွင် ဒေါသပေါက်ကွဲထွက်လာပြီး လက်များချုပ်နှောင်ခံထားရသော်လည်း ရှေ့သို့တစ်ဟုန်ထိုး ပြေးထွက်လာပြီး ရွှယ်ချွမ်ကို ဝင်တိုက်လိုက်၍ နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဆုတ်သွားရသည်။
" ငါ့ဓားကို ပြန်ပေးစမ်း..."
" အဆင့်နိမ့် မှော်လက်နက်လေးပဲကို ပျက်စီးသွားဝောာ့ရောဘာဖြစ်လဲ... ဒါလေးကြောင့်နဲ့ ငါ့ကိုတိုက်ခိုက်ဖို့လုပ်တယ်ပေါ့လေ..."
ရွှယ်ချွမ်က ယိမ်းယိုင်သွားသည့် ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး ယွီဖူရှန့်၏ပုံစံက အရူးတစ်ပိုင်းဖြစ်နေသည်ကို တွေ့သောအခါ အေးစက်စက်ဖြင့် နှာမှုတ်လိုက်ပြီး လက်ဖဝါးဖြင့် တစ်ချက်ရိုက်ချလိုက်သည်။
" မင်း သေနိုင်ဦးမယ်လို့ ငါမထင်ဘူး..."
ရွှယ်ချွမ်က နာကျင်သွားသော သူ့ရင်ဘတ်ကို အုပ်ကိုင်ထားလိုက်ပြီး အရှုံးသမားတစ်ယောက်၏ တွန်းတိုက်ခြင်း ခံလိုက်ရသောကြောင့် ဒေါသထွက်လာသည်။ ယွီဖူရှန့်ကို အကာအကွယ်အပြင်ဘက်သို့ ဆွဲခေါ်ခဲ့ရန် သူ့လူများကို ဒေါသတကြီးဖြင့် ပြောလိုက်သည်။
တောင်ကြား၏အပြင်ဘက်မှ ပတ်ဝန်းကျင်က ကျက်သီးထစရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။
လမ်းခဏလျှောက်ပြီးသည့်အချိန်ထိ နတ်ဆိုးသားရဲ၏ အရိပ်အယောင်ကို မမြင်တွေ့ရ၍ ရွှယ်ချွမ် သက်ပြင်းချလိုက်မိသည်။ သူ ဒေါသထွက်ထွက်ဖြင့် အပေါ်သို့ မော့ကြည့်လိုက်သည့်အခါ သူ့ရှေ့တည့်တည့်မှ ဧရာမသစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရသည်။
ရွှယ်ချွမ် အကြံတစ်ခုရသွားပြီး ယွီဖူရှန့်ကို သစ်ပင်ထိပ်မှ တွဲလောင်းချိတ်ဆွဲထားရန် သူ့လူများကို ခိုင်းလိုက်သည်။
တိမ်မည်းများက လေပြင်းတစ်ချက်အဝှေ့တွင် လုံးဝပျောက်ကွယ်သွား၍ အုံ့မှိုင်းမှုများ ကင်းစင်သွားပြီး တောက်ပသောလရောင်က ကမ္ဘာမြေပြင်ပေါ်သို့ ဖြာကျလာသည်။ ညအချိန်တွင် သစ်ပင်ပေါ်၌ ချိတ်ဆွဲခံထားရသူတစ်ယောက်ကို အဝေးမှကြည့်လျှင်ပင် ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။
ထိုအကြံက အလွန်အကျိုးသက်ရောက်မှုရှိလှသည်။ ခဏအကြာတွင် ရွှယ်ချွမ်၏ ဝိညာဉ်အသိစိတ်က ချဉ်းကပ်လာသော အရိပ်မည်းတစ်ခုကို အာရုံခံမိလိုက်သည်။ တစ်ဖက်က ပေါ်လာပြီး ယွီဖူရှန့်ကို တိုက်ခိုက်သည်နှင့် ဓားအလင်းရောင်တစ်ချက် ပေါ်လာသည်။
ဗုန်း...
ကြီးမားလှသော ဝံပုလွေရိုင်းကြီးတစ်ကောင် မြေပြင်ပေါ် ပြုတ်ကျသွား၍ နေရာအနှံ့တွင် ဖုန်မှုန့်များ မီးခိုးများဖြင့် ပြည့်သွားသည်။
" သခင်လေးရှိလို့ တော်သေးတာပေါ့... အဲဒီသားရဲကြီး အနားကပ်လာတာကို ငါလုံးဝ သတိမထားမိဘူး..."
" အဆင့်မြင့်မှော်လက်နက်ဆိုတာမျိုးက တကယ်ကို စွမ်းအားကြီးတာပဲ... ဒီလိုသားရဲကြီးကိုတောင် တစ်ချက်တည်း ကိစ္စတုံးပစ်နိုင်တယ်..."
" ဒီလိုသားရဲမျိုးကို တွေ့ဖို့ဆိုတာ မလွယ်ဘူး..."
ဝံပုလွေရိုင်းကြီး၏ခေါင်းကိုဖြတ်ပြီးနောက်တွင် သားရဲအမြုတေကိုမတွေ့သည်နှင့် ရွှယ်ချွမ်၏အမူအရာက ပြောင်းလဲသွားပြီး လက်ကိုင်ပဝါတစ်ထည်ထုတ်၍ လက်သုတ်လိုက်သည်။
" နတ်ဆိုးသားရဲငယ်လေးပဲ ပျင်းဖို့တောင်ကောင်းတယ်..."
ယွီဖူရှန့်က တိတ်ဆိတ်ငြိမ်သက်နေမှုကြောင့် နိုးလာပြီး မျက်လုံးဖွင့်လိုက်သည့်အခါ သူ မည်သည့်နေရာသို့ရောက်နေကြောင်း သိလိုက်ရသည်။ သူ့မျက်နှာက သွေးဆုတ်ဖြူရော်သွားပြီး သစ်ပင်ပေါ် ချိတ်ထားခံရသည်မှ လွတ်မြောက်အောင် အသည်းအသန် ရုန်းကန်တော့သည်။
ရွှယ်ချွမ်က သူ့ကိုတစ်ချက်သာကြည့်ပြီး လျစ်လျူရှု့ထားလိုက်သည်။ ခဏအကြာတွင် သူ အာရုံစိုက်ရမည့်အချိန်လည်း မရှိတော့ပေ။ ဝံပုလွေရိုင်းကြီး၏သွေးနံ့က ပျံ့နှံ့သွားသောကြောင့် ခဏအကြာတွင် အခြားသောသားရဲများ တစ်ကောင်ပြီးတစ်ကောင် လာရောက်တိုက်ခိုက်ကြတော့သည်။
ရွှယ်ချွမ်မှလွဲ၍ အခြားသူများက သူတို့ဝိညာဉ်ဓားများထုတ်၍ ရန်သူကို တိုက်ခိုက်ကြသော်လည်း မကြာမီအချိန်တွင် မည်သူမှ မခုခံနိုင်ကြတော့ပေ။ သွေးနံ့များ တဖြည်းဖြည်းပိုပြင်းလာသည်နှင့် ပိုမိုကြမ်းကြုတ်သော သားရဲကောင်များစွာ ပေါ်လာသည်။
တပည့်များအနက်မှတစ်ယောက်က နောက်ပြန်ဆုတ်ချင်လာသည်။
" သခင်လေး ကျွန်တော်တို့ ဒီနေ့တော့ထားလိုက်ပြီး နောက်ရက်မှ ပြန်လာရင်ရော..."
ရွှယ်ချွမ်၏ မျက်ခုံးများ တွန့်ချိုးသွားရသည်။
" အမှိုက်ကောင်တွေ..."
သူ့ဓားကို လေထဲမြှောက်လိုက်ပြီး ဓားကိုယ်ထည်ကို မန္တန်များဖြင့်ရွတ်လိုက်သည့်အခါ အေးစက်စက်အလင်းရောင်တစ်ချက် ထွက်ပေါ်လာပြီး သားရဲများကို ရှင်းထုတ်ပြီးသား ဖြစ်သွားသည်။
သွေးစက်တစ်စက်က မြက်ပင်ပေါ်မှတစ်ဆင့် မြေကြီးပေါ်ကျလာသည်။
ရွှယ်ချွမ် ပင့်သက်ရှိုက်လိုက်ပြီး ခေါင်းမော့ကာ ဘေးပတ်ဝန်းကျင်မှလူများ၏ အားပေးချီးကျူးသံများကို ခံယူလိုက်သည်။
ချန်ယင် ထိုဓားကို စိုက်ကြည့်နေမိသည်။ အဆင့်မြင့် မှော်လက်နက်ဟူသောအရာက ထိုမျှအထိ စွမ်းအားကြီးနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ့မျက်နှာထက်မှ တောင့်တင်းနေသည့် အမူအရာက တဖြည်းဖြည်းပြေလျော့သွားသည်။ သားရဲအလောင်းပုံကြီးကိုကြည့်ကာ သားရဲအမြုတေကို ရှာဖွေနေသော်လည်း ထိုအချိန်တွင် အရိပ်ကြီးတစ်ခုက တစ်ရာတစ်ခွင်ကို လွှမ်းခြုံသွားသည်။
ချန်ယင် မျက်လုံးများမှေးကျဉ်းသွားပြီး သူ့မျက်နှာက စက္ကူတစ်ရွက်သဖွယ် ဖြူဖွေးလာသည်။
လရောင်အောက်တွင် ဧရာမသားရဲတစ်ကောင် ပေါ်ထွက်လာတော့သည်။
ထိုသားရဲက ကျားသစ်နီနှင့်တူသော်လည်း ဦးခေါင်းထက်တွင် သံမဏိသဖွယ် ဦးချိုများရှိနေကာ အမြီးငါးချောင်းကလည်း နတ်ဘုရားကြာပွတ်သဖွယ် မြေပြင်ကို တဗုန်းဗုန်းရိုက်နေသည်။ သူ့ခေါင်းကို တစ်ဖက်လှည့်လိုက်သည်နှင့် ညအမှောင်ယံအောက်တွင် ကတ္တီပါနီရောင်မျက်ဝန်းများကို အားလုံးတွေ့မြင်လိုက်ရသည်။
" နတ်ဆိုးသားရဲကြီး..."
အခြားလူများ၏ အမူအရာများလည်း ပြောင်းလဲသွားသည်။ ထိုသားရဲက အရှေ့ပိုင်းကျတ်တီးမြေ၏ နာမည်ကျော် နတ်ဆိုးသားရဲဖြစ်သည်။ သူက အညှာအတာကင်းမဲ့သူဖြစ်သောကြောင့် ကျင့်ကြံသူများစွာကိုလည်း အပိုင်းပိုင်းအစစ ဆုတ်ဖြဲခဲ့ဖူးပေသည်။
ရွှယ်ချွမ်က အံ့ဩသွားပြီးနောက် ပျော်ရွှင်လာမိသည်။ သူ အံ့ဩသွားသည်မှာ ထိုသားရဲကြီမှ ထုတ်လွှတ်နေသည့်ဖိအားက သူစိတ်ကူးထားသည်ထက် ပိုမိုသာလွန်နေသောကြောင့်ဖြစ်သည်။ ပျော်ရွှင်သွားရခြင်းမှာမူ နောက်ဆုံးတွင် နတ်ဆိုးသားရဲကြီးတစ်ကောင်ကို ရှာတွေ့ခဲ့သောကြောင့်ဖြစ်သည်။ အကယ်၍ ထိုသားရဲကို အနိုင်ယူနိုင်ခဲ့ပါက ကျင့်ကြံရေးလောကတစ်ခုလုံးက သူ့ကို ချီးကျူးဂုဏ်ပြုကြလိမ့်မည်ဖြစ်သည်။
ဓားဂိုဏ်းက သခင်လေးက ဒီလောက်စွမ်းအားကြီးတဲ့ သားရဲကြီးကို နှိမ်နင်းခဲ့တယ်ဆိုရင် နာမည်ကြီးသွားမှာပဲမလား...
ရွှယ်ချွမ်က သူ့လက်ထဲတွင် ဓားကိုကိုင်ထားပြီး မျက်စိတစ်မှိတ်အတွင်းတွင် သားရဲကြီး၏ခေါင်းကိုကြည့်ကာ သူ့ကိုတစ်ချက်တည်း အသေထိုးသတ်ရန်ပြင်လိုက်သည်။ သို့ရာတွင် သူ မမျှော်လင့်ထားသည်မှာ သူ့နောက်မှ လေတိုးသံကျယ်ကြီးကို ကြားလိုက်ရသည်။
ဗုန်း...
ရွှယ်ချွမ်မှာ သားရဲကြီး၏ အမြီးရှည်ကြီးဖြင့် အရိုက်ခံလိုက်ရသောကြောင့် မြေပြင်ပေါ်ပြုတ်ကျလာပြီး သွေးများအန်ထွက်လာသည်။
" သခင်လေး..."
လူတစ်အုပ်စုလုံး ကြောက်လန့်တကြားဖြစ်ပြီး မျက်နှာများ ဖြူဖျော့လာသည်။ ရွှယ်ချွမ်မှလွဲ၍ သူတို့အားလုံးထံတွင် အဆင့်မြင့်မှော်လက်နက်များ မပိုင်ဆိုင်ထား၍ သားရဲကြီးကို ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိကြချေ။
သူတို့အားလုံး၏ သားရဲကြီးအပေါ် ကြောက်ရွံ့မှုက ယခုချိန်၌ အထွတ်အထိတ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ချန်ယင်၏တစ်ကိုယ်လုံး တုန်ယင်နေပြီး မန်ယိုတောင်ကြားကို အလျင်အမြန်ထွက်ပြေးတြောသည်။ သူ ရုတ်တရက် ရွှယ်ချွမ်၏ကိုယ်ပေါ်မှ ကျောက်စိမ်းလည်ဆွဲကို သတိရသွားသည်။ ကျောက်စိမ်းလည်ဆွဲမရှိပါက သူ အကာအကွယ်တွင်းသို့ မဝင်ရောက်နိုင်ချေ။
သူ နေရာတွင် ရပ်တန့်လိုက်ပြီး မန္တန်တစ်ခုသုံး၍ ယွီဖူရှန့်ကို ချုပ်ထားသည့်ကြိုးကို ဖြတ်လိုက်သည်။ သားရဲကြီး ထိုနေရာသို့ အာရုံရောက်သွားချိန်တွင် ရွှယ်ချွမ်ကိုသယ်၍ အကာအကွယ်ရှိရာဘက်သို့ ထွက်ပြေးသွားတော့သည်။
ယွီဖူရှန့်က သစ်ပင်ကြီးပေါ်မှ ပြုတ်ကျလာပြီး နောက်စေ့ကို ကျောက်တုံးဖြင့် ရိုက်မိထားသောကြောင့် အမြင်အာရုံကို အမှောင်ဖုံးလွှမ်းနေသည်။
ကံကောင်းသည်မှာ သားရဲကြီး၏အနံ့က သူ့နားသို့ချဉ်းကပ်လာသည်ကို နှာဖျားမှ အာရုံခံမိလိုက်သည်။ သူ ရှောင်တိမ်းလိုက်ပြီးနောက် သစ်ကိုင်းပေါ်သို့ခုန်တက်ကာ နောက်သို့ ပြန်လှည့်မကြည့်ဘဲ ရွှယ်ချွမ်နှင့် အခြားလူများနောက်ကို ပြေးလိုက်တော့သည်။
သားရဲကြီးက ထိုလူအုပ်စုလေးကို ပုရွက်ဆိတ်များသဖွယ်သာ သဘောထားနေ၍ အေးအေးဆေးဆေးလိုက်လာသည်။
သို့ဖြစ်၍ အားလုံးက ထွက်ပြေးရန် အခွင့်အရေးရရှိသွားသည်။
ရွှယ်ချွမ်က စိတ်တည်ငြိမ်သွားပုံရပြီး သူ့မျက်နှာထက်တွင် ပျာယာခတ်နေသည့် အမူအရာတစ်မျိုး ပေါ်လာကာ ရှေ့ဆုံးမှ ပြေးတော့သည်။
အကာအကွယ်နားသို့ရောက်သည့်အခါ ကျောက်စိမ်းလည်ဆွဲဖြင့်ဖွင့်၍ ရှေ့ဆုံးမှ ဦးအောင်ဝင်လိုက်ပြီး အခြားလူများကလည်း သူ့နောက်မှတစ်ဆင့် ဒယိမ်းဒယိုင်ဖြင့် ဝင်ရောက်လာကြသည်။
အားလုံး အထဲရောက်သည့်အခါ ရွှယ်ချွမ်က ကျောက်စိမ်းလည်ဆွဲကို ပြန်သိမ်းလိုက်သည်။ သူ မြေပြင်ပေါ် ထိုင်ချလိုက်ပြီး အမောတကောဖြင့် အသက်ရှုနေစဉ် အော်သံတစ်သံကို ကြားလိုက်ရသည်။
သူ လှမ်းကြည့်လိုက်သည့်အခါ ယွီဖူရှန့်ကို မြင်လိုက်ရသည်။
ရွှယ်ချွမ် ကျောက်စိမ်းလည်ဆွဲကို အလိုလိုမြှောက်လိုက်မိသည်။ အထိတ်တလန့်ဖြစ်နေသော ချန်ယင်က ၎င်းကိုမြင်သည့်အခါ သူ့လက်ကိုဖမ်းဆွဲထားသည်။
" မင်း ရူးနေတာလား... နတ်ဆိုးသားရဲကြီးက ယွီဖူရှန့်ရဲ့နောက်မှာလေ... အကာအကွယ်ကိုဖွင့်လိုက်လို့ သူပါဝင်လာရင် ဘယ်လိုလုပ်မလဲ..."
ရွှယ်ချွမ် ဘာလုပ်ရမည်မသိဖြစ်သွားသည်။ သူ ခဏတာကြောင်အသွားပြီးနောက် အကာအကွယ်နားသို့ မျက်စိတစ်မှိတ်အတွင်းရောက်လာသည့် ယွီဖူရှန့်ကို တစ်ချက်ကြည့်ပြီးနောက် တဖြည်းဖြည်း ချဉ်းကပ်လာနေသော သားရဲကြီးကို ကြည့်လိုက်သည်။ ထိုသားရဲကြီး၏ အရှိန်ဖြင့်ဆိုပါက အကာအကွယ်ကို ဖွင့်လိုက်သည်နှင့် ထိုးဖောက်ဝင်ရောက်လာပြီး တောင်ကြားထဲ ဝင်လာမည်ကို သူ ကြောက်လန့်နေမိသည်။
သူ ကျောက်စိမ်းလည်ဆွဲကို ပြန်ဆွဲယူလိုက်သည်။
" အဲဒီကောင်ကြီးက တော်တော်လည်တာပဲ ငါတောင် အရူးလုပ်ခံရတော့မလို့..."
ယွီဖူရှန့်က အခြေခံအုတ်မြစ်တည်အဆင့် အစောပိုင်းတွင်သာရှိသေး၍ သူ့ဝိညာဉ်စွမ်းအားများကို အားကုန်ထုတ်သုံးပြီး ထွက်ပြေးလွတ်မြောက်လာကာ မျှော်လင့်ချက် တစ်ပိုင်းတစ်စကို မြင်လိုက်ရ၍အကာအကွယ်ကို ပျော်ရွှင်စွာဖြင့် ခေါက်လိုက်သည်။
" ရွှယ်ချွမ် မြန်မြန်လုပ်... အကာအကွယ်ကို မြန်မြန်ဖွင့်ပေးပါ... နောက်မကျသေးဘူး..."
သို့သော် နောက်အခိုက်အတန့်တွင် သူ့မျက်နှာထက်မှ ပျော်ရွှင်မှုက ပျောက်ကွယ်သွားရသည်။
ယွီဖူရှန့်က ရွှယ်ချွမ် ကျောက်စိမ်းလည်ဆွဲကိုပြန်သိမ်းလိုက်သည်ကိုကြည့်ပြီး သွေးများစွန်းပေနေသည့်လက်ဖြင့် အကာအကွယ်ကို ထုရိုက်နေသည်။
" မင်း ဘာလုပ်တာလဲ... ငါ အပြင်မှာရှိနေသေးတယ်လေ သားရဲကြီးကလည်း မလာသေးတာကို... မြန်မြန်ဖွင့်ပေးပါ..."
ထိုအချိန်တွင် ချွင်ခနဲအသံတစ်သံထွက်လာပြီး မြေပြင်တစ်ခုလုံး လှုပ်ခါလာကာ အရိပ်တစ်ခုက သူ့ကိုအုပ်မိုးသွားသည်။
ယွီဖူရှန့်၏တစ်ကိုယ်လုံး တုန်ယင်နေပြီး နှဖူးမှ ချွေးစေးများပြန်လာသည်။ သူ နောက်သို့လှည့်မကြည့်ရဲ၍ အကာအကွယ်ကို အားကုန်ထုရိုက်နေသော်လည်း အကြောင်းမထူးလှပေ။ သွေးထွက်သည်အထိ အကာအကွယ်ကို နှဖူးနှင့်တိုက်နေပြီး အထဲမှလူများကို နီရဲနေသည့်မျက်လုံးများဖြင့် ကြည့်နေသည်။
ရွှယ်ချွမ်က ထိုအကြည့်ကြောင့် အလွန်ကြောက်လန့်သွားပြီး သူ့လက်ထဲမှ ကျောက်စိမ်းလည်ဆွဲကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ ယွီဖူရှန့်ကို သားရဲကြီးက အမြီးဖြင့်ရိုက်ထုတ်လိုက်သည့်အခါမှ သူ့ရင်ထဲ စိတ်သက်သာရာရသွားသည်။
ဝုန်း...
နတ်ဆိုးသားရဲကြီး၏အမြီးကြောင့် ယွီဖူရှန့်တစ်ကိုယ်လုံး လွင့်ထွက်သွားကာ မြေပြင်နှင့် ခပ်ပြင်းပြင်းဝင်ဆောင့်တော့သည်။ သူ့ကိုယ်တွင်းအင်္ဂါများ ထိခိုက်သွားသဖြင့် ပါးစပ်ထဲမှ သွေးများစီးကျလာသည်။
အခြေခံအုတ်မြစ်တည်အဆင့်ခန့်သာရှိသေးသော ကျင့်ကြံသူငယ်လေးက သားရဲကြီးအတွက် စိတ်ဝင်စားစရာမကောင်းနေသောကြောင့် အေးစက်စက်ရယ်မောလိုက်ပြီး ယွီဖူရှန့်ကို မြေပြင်ပေါ်သို့ အထပ်ထပ်အခါခါ ပစ်ပေါက်နေလိုက်သည်။
အကာအကွယ်ထဲမှ လူပေါင်းများစွာက ထိုမြင်ကွင်းကိုတွေ့သည့်အခါ ကြောက်လန့်မှုကြောင့် မျက်နှာများဖြူရော်လာပြီး အပြင်ဘက်တွင် ရှိနေသူက သူတို့မဖြစ်နေ၍ ဝမ်းသာနေကြသည်။
ဤကဲ့သို့သော နတ်ဆိုးသားရဲမျိုးက လူသားများကိုမသတ်မီ နှိပ်စက်တတ်ကြသည်။