Villain Shizun (Extra 2-2)
သားရဲကြီးက ယွီဖူရှန့်၏ စိတ်ပျက်ဝမ်းနည်းမှုကို ကျေနပ်အားရစွာကြည့်နေသည်။ သူ လှုပ်ရှားမှုကင်းမဲ့သွားပြီး သေသည်ရှင်သည်ကို မသိရတော့သည့်အချိန်ရောက်မှ သူ့ကိုအမြီးဖြင့်ကိုင်မြှောက်ပြီး ငရဲသို့ ပို့ဆောင်ပေးရန် ပြင်လိုက်သည်။
ထိုအချိန်တွင် အနက်ရောင်ပလွေတစ်ချောင်းက သားရဲကြီး၏အမြီးကို လာထိသည်။
သားရဲကြီး ချက်ချင်းအော်ဟစ်လိုက်ပြီး အမြီးကလည်း ပြတ်ထွက်သွားပေသည်။
အမြီးဖြင့်ပတ်ထားသောလူငယ်လေးက အောက်ပြုတ်ကျလာချိန်တွင် လူတစ်ယောက်က လေပေါ်တက်သွားပြီး မျက်စိတစ်မှိတ်အတွင်း သူ့ကိုဖမ်းယူလိုက်သည်။
ယွီဖူရှန့်၏ အသိစိတ်က ကမောက်ကမဖြစ်နေပြီး နှဖူးမှစီးကျလာသောသွေးများက မျက်ခွံများပေါ်အထိ ဖုံးနေသောကြောင့် မျက်လုံးမပွင့်နိုင် ဖြစ်နေသည်။ သူ မိန်းမောနေစဉ်တွင် အနက်ရောင်ဆံနွယ်အချို့က ပါးပြင်ကို လာရောက်ထိခတ်ပြီး သွေးနံ့ပြင်းပြင်းနှင့်အတူ လန်းဆန်းသောရနံ့တစ်မျိုးက နှာဖျားသို့ရောက်လာသည်။
၎င်းက သူနှင့် အလွန်နီးကပ်နေသည့်အပြင် လတ်ဆတ်မွှေးပျံ့လှသည်။
ယွီဖူရှန့် ဆေးတစ်လုံးသောက်ပြီးသည့်နောက်တွင် အနည်းငယ်နိုးကြားလာခဲ့သည်။ သူ လှည့်ကြည့်လိုက်သောအခါ အေးစက်ပြီး နုနယ်သည့် မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရသည်။
ယွီဖူရှန့် မျက်လုံးအသာဖွင့်လိုက်ပြီး ထိုလူ၏ မျက်ခုံးနှစ်ခုအကြားမှ ဟင်္သာပြဒါးရိုင်းပုံစံ အမှတ်အသားကို မြင်တွေ့လိုက်ရသည်။
ဖန်ကျုံးချင်းက အံ့ဩမှင်သက်နေသူကို သစ်ပင်အောက်တွင် ချထားပေးလိုက်ချိန်၌ ထိုလး၏ခန္ဓာကိုယ်က ရေခဲတမျှအေးစက်နေသည်ကို သတိပြုမိလိုက်သည်။ သူ ခဏ စဉ်းစားနေပြီးသည့်နောက်တွင် သိုလှောင်အိတ်ထဲမှ နွေးထွေးသောဝတ်ရုံတစ်ထည်ထုတ်ပြီး ခြုံပေးလိုက်လေသည်။
" မင်း ဒီမှာ ခဏနေခဲ့ဦး..."
ဖန်ကျုံးချင်းက ပြောပြီးသည်နှင့် သားရဲကြီးဘက်သို့ လှည့်လိုက်ချိန်တွင် အမူအရာက လုံးဝပြောင်းလဲသွားသည်။
ညလေပြည်တိုက်ခတ်နေစဉ်တွင် မှင်ရောင်ပုလွေတစ်ချောင်းကိုင်ထားသည့်လူငယ်လေး၏ အဝတ်အစားများက လေနှင့်အတူ လွင့်နေသည်။
သားရဲကြီးက ဝိညာဉ်အခြေတည်အဆင့်နှောင်းပိုင်းတွင် ရှိသူဖြစ်၍ ဖန်ကျုံးချင်း၏ကျင့်ကြံဆင့်ဖြင့်ဆိုပါက ကြက်ဥကို ကျောက်တုံးဖြင့် ခွဲနေသကဲ့သို့ ဖြစ်နေပေမည်။ ယွီဖူရှန့်က ချက်ချင်း သူ့ကိုဟန့်တားလိုက်သည်။
သို့သော် ခဏတွင်းချင်းမှာပင် မှင်ရောင်ပုလွေက အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ ဖန်ကျုံးချင်းကလည်း သားရဲကြီးရှေ့တွင် ပေါ်လာသည်။
သူက အလွန်လျင်မြန်ပေ၏။ သားရဲကြီးက ရုပ်ပိုင်းဆိုင်ရာအရ သန်မာသော်လည်း အာရုံခံနိုင်စွမ်း ချို့ယွင်းနေ၍ ဖန်ကျုံးချင်းက ၎င်းကို အခွင့်ကောင်းယူလိုက်သည်။ သူက သားရဲကြီးကို သေလုမျောပါးဖြစ်သည်အထိ မတိုက်ခိုက်နိုင်သော်လည်း ထိန်းထားနိုင်ပေသည်။ ထိုနေရာတွင် တိုက်ခိုက်မှုများပြင်းထန်နေ၍ မကြာမီအချိန်တွင် ဂိုဏ်းချုပ်နှင့် အခြားလူများရောက်လာသည်။
သားရဲကြီး သတိပြုမိသည့်အခါ အော်ဟစ်ဟိန်းဟောက်ပြီး ဖန်ကျုံးချင်းကို စတင်တိုက်ခိုက်တော့သည်။
ဖန်ကျုံးချင်းထံတွင် အံ့ဩလောက်စရာ အရည်အချင်းမျိုးရှိသော်လည်း သူက အသက် ၁၃နှစ်သာ ရှိသေးသည်။ နှစ်ရာပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့သော နတ်ဆိုးသားရဲကို တိုက်ခိုက်ရသည့်အခါ အရေးနိမ့်နေပြီး အထူးသဖြင့် ပြိုင်ဘက်က ကြောက်ခမန်းလိလိသတ်ဖြတ်လိုစိတ်တို့ ပြင်းထန်နေချိန်တွင် ပိုဆိုးပေသည်။
သို့ရာတွင် လူငယ်လေး၏မျက်နှာက တည်ငြိမ်နေပေ၏။
ယွီဖူရှန့်က သစ်ပင်အောက်တွင်ထိုင်နေပြီး တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသောကြောင့် မလှုပ်ရှားနိုင် ဖြစ်နေသည်။ သားရဲကြီးက ဓားသွားသဖွယ် လက်သည်းများကိုမြှောက်ပြီး ဖန်ကျုံးချင်းကို တိုက်ခိုက်နေသည်အား တွေ့လိုက်ရသည့်အခါ သူ့ရင်ထဲ တင်းကြပ်သွားသည်။
ထိုအချိန်တွင် ကောင်းကင်ယံမှ မိုးကြိုးတစ်ချက် ပစ်ချလာသည်။
ဖန်ကျုံးချင်း၏ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပသည့်အလင်းတန်းများ ရုတ်တရက်ဖြာထွက်လာ၍ ယွီဖူရှန့် မျက်လုံးမမှိတ်ဘဲ မနေနိုင်အောင် ဖြစ်သွားမိသည်။
သို့သော် သူ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ နတ်ဆိုးသားရဲကြီး၏ ကြီးမားသောခန္ဓာကိုယ်က အစိတ်စိတ်အမြွှာမြွှာပြတ်ထွက်နေပြီး လေထဲတွင် သွေးမိုးများ ရွာကျနေသည်။
သွေးမိုးများက ဖန်ကျုံးချင်း၏ဝတ်ရုံပေါ် စွန်းထင်းသွား၍ တောက်ပနေသည့် အနီရောင်မက်မွန်ပွင့်များနှင့် တူနေသည်။
အကာအကွယ်အတွင်းမှ ရွှယ်ချွမ်နှင့် အခြားလူများမှာ ဤသို့သောမြင်ကွင်းကို တစ်ကြိမ်မှမမြင်ဖူးခြင်းဖြစ်၍ ကြောက်လန့်တကြားဖြစ်နေသည်။ သို့ရာတွင် သွေးမိုးများထဲမှ လမ်းလျှောက်ထွက်လာသော ဖန်ကျုံးချင်း၏ အမူအရာက တည်ကြည်နေသော်လည်း သူ၏ကြည်လင်လှသည့်မျက်ဝန်းများက အေးစက်နေသည်။
သူ သစ်ပင်အောက်ကိုလျှောက်လာပြီး မေးလိုက်သည်။
" မင်း အဆင်ပြေရဲ့လား..."
ယွီဖူရှန့် ပါးစပ်အဟောင်းသားဖြစ်နေပြီးမှ စကားပြောတော့မည့်အချိန်တွင် သူ့ရှေ့၌ရပ်နေသည့် ရိုးဖြောင့်ပုံရသောလူငယ်လေးက လဲကျသွားသည်။
ယွီဖူရှန့်သူ့ကိာ အမြန်ကူတွဲပေးလိုက်သော်လည်း ခွန်အားမရှိနေချိန်ဖြစ်၍ ထိုလူကို မြေပြင်ပေါ်ခဏချပြီးမှ သူ့ကိုယ်ပေါ် မှီထားခိုင်းလိုက်ရသည်။
" မင်း အဆင်ပြေရဲ့လား..."
ပြန်ဖြေသံ ထွက်မလာချေ။
ယွီဖူရှန့်၏နှာဖျားတွင် ဝေ့ဝဲနေသည်မှာ အစောပိုင်းကကဲ့သို့ လတ်ဆတ်နေသည့်ရနံ့မျိုးမဟုတ်ဘဲ သွေးနံ့ပြင်းပြင်းသာ ဖြစ်နေခဲ့သည်။
ယွီဖူရှန့်၏နှလုံးသားထဲ တင်းကြပ်သွားသည်။
ဟုတ်သားပဲ... နတ်ဆိုးသားရဲတစ်ကောင်ကို တိုက်ခိုက်နိုင်ဖို့က လွယ်တဲ့ကိစ္စမှမဟုတ်တာ...ဖန်ကျုံးချင်းဆိုရင်တောင်မှ ဒဏ်ရာရရင် ရသွားမှာပေါ့...
အဖြူရောင်ဝတ်ရုံနှင့် လူငယ်လေး၏ခါးကိုဖက်ထားသော ယွီဖူရှန့်၏လက်များ တင်းကြပ်သွားပြီး သူ့ကိုထူပေးရန် ပြင်လိုက်သော်လည်း ကိုယ်တိုင်က အင်အားမရှိနေချိန်ဖြစ်၍ အစောပိုင်းက ဒဏ်ရာက နှစ်ခြမ်းကွဲသွားသည်ဟု ထင်ရပေသည်။
သူ့နှုတ်ခမ်းများ တုန်ယင်ပြီး မျက်လုံးများနီရဲနေသော်လည်း အေးစက်လှသည့်ညလည်ခေါင်တွင် ဖန်ကျုံးချင်းကို တင်းကြပ်စွာ ပွေ့ဖက်ထားပေးရုံမှလွဲ၍ အခြားအရာများကို သူ မလုပ်နိုင်ပေ။
လေထဲတွင် ဝိညာဉ်စွမ်းအင်များ သိပ်သည်းလာပြီးနောက် ချင်းလင်ဂိုဏ်းချုပ် ရောက်ရှိလာသည်။ ဖန်ကျုံးချင်း၏ပုံစံကိုမြင်သည့်အခါ သူ အလွန်ကြောက်လန့်သွားပြီး မှုန်ကုပ်ကုပ်ဖြစ်သွားကာ ယွီဖူရှန့်ကိုတွန်းထုတ်ပြီး ဖန်ကျုံးချင်းကို ခေါ်သွားလိုက်သည်။
ယွီဖူရှန့်သည်လည်း သည်းခံနိုင်သည့် အကန့်အသတ်သို့ ရောက်ရှိလာပြီဖြစ်၍ အမြင်အာရုံတစ်ခုလုံးမဲမှောင်ပြီး သတိလစ်သွားတော့သည်။
သူ ပြန်နိုးလာသည့်အခါတွင်လည်း မန်ယိုတောင်ကြား၌ ရှိနေဆဲဖြစ်ပြီး မျက်လုံးပွင့်လာချိန်၌ သူ့ဆရာကို မြင်လိုက်ရသည်။ သူ ချောင်းဆိုးလိုက်ပြီးသည့်နောက်တွင် ခန္ဓာကိုယ်မှဒဏ်ရာများ ပိုမိုကောင်းမွန်လာကြောင်း တွေ့လိုက်ရသည်။ သူ မနည်းအားတင်း၍ အိပ်ရာပေါ် ထထိုင်လိုက်၏။
" ဆရာ...ဖန်ကျုံးချင်း..."
ဖြောင်း...
ယွီဖူရှန့်၏မျက်နှာကို ပြင်းထန်လှသည့် လက်ဝါးတစ်ချက် ရောက်ရှ်ိလာသည်။
ထိုရိုက်ချက်ကြောင့် နားများပါအူထွက်သွားပြီး ခေါင်းပါ ဘေးနားစောင်းထွက်သွား၍ အချိန်အတန်ကြာသည်အထိ မတုံ့ပြန်နိုင်ဖြစ်သွားသည်။
" ဆရာ..."
အကြီးအကဲဝူက သူ့ကိုရိုက်ပြီးသည်နှင့် လက်နောက်ပစ်ထားကာ အေးစက်စက်ဖြင့် အော်ပြောလိုက်သည်။
" မင်းကးဂိုဏ်းချုပ်ရဲ့ ကျောက်စိမ်းလည်ဆွဲကိုခိုးပြီးတော့ အကာအအကွယ်အပြင်ကို ခွင့်ပြုချက်မရှိဘဲ ထွက်ရဲတယ်ပေါ့လေ... မင်းက စည်းကမ်းချိုးဖောက်ပြီး အပြင်ထွက်သွားတဲ့အပြင် နတ်ဆိုးသားရဲကို ဆင့်ခေါ်ပြီးတော့ ချင်းလင်ဂိုဏ်းက တပည့်ကိုပါ ဒဏ်ရာရအောင် လုပ်လိုက်သေးတယ်... ယွီဖူရှန့် မင်း အရမ်းရဲတင်းနေပါလား... မင်း ဘယ်လိုပြစ်ဒဏ်မျိုးနဲ့ ထိုက်တန်တယ်ဆိုတာ သိရဲ့လား..."
ယွီဖူရှန့်၏ မျက်နှာပြင်တစ်ဝက်ခန့်က သွေးများစင်ထားသကဲ့သို့နီရဲလာပြီး ထိုစကားကိုကြားချိန်တွင် ရှင်းပြရန်ပြင်လိုက်သည်။
" ဆရာ မဟုတ်ဘူး... ရွှယ်..."
" တော်စမ်း..."
အကြီးအကဲဝူက ဖြတ်ပြောလိုက်သည်။
" လိမ်ပြောဖို့မကြံနဲ့တော့..."
ဤကိစ္စက အသေးအဖွဲ့မဟုတ်ပေ။ ဖန်ကျုံးချင်းက ချင်းလင်ဂိုဏ်း၏အသက်သွေးကြောဖြစ်သည်ကို အားလုံးသိကြပေသည်။ ယခုအခါ သူက သေလုမျောပါးအခြေအနေဖြစ်သွားသောကြောင့် ဓားဂိုဏ်းဘက်မှ ရှင်းလင်းချက်တစ်ခု ပေးရတော့မည်ဖြစ်သည်။
သို့ရာတွင် ရွှယ်ချွမ်က ဂိုဏ်းချုပ်၏သားဖြစ်သည့်အပြင် ယခုက စစ်ပွဲစတင်တော့မည့်အချိန်ဖြစ်၍ ဓားဂိုဏ်းမှ သခင်လေးက သူတို့မဟာမိတ်ဖြစ်သော ချင်းလင်ဂိုဏ်းသားကို ထိခိုက်အောင် ပြုလုပ်လိုက်သည့်သတင်း ထွက်လာ၍မရပေ။ ထိုကိစ္စက ဓားဂိုဏ်း၏ဂုဏ်သိက္ခာကျဆင်းစေမည်ဖြစ်၍ အကြီးအကဲများက တိုင်ပင်ဆွေးနွေးပြီးသည့်နောက် ဤကိစ္စကို ယွီဖူရှန့်အပေါ် ပုံချရန် ဆုံးဖြတ်လိုက်ကြသည်။
အကြီးအကဲဝူက မခံနိုင်ဖြစ်သွားသော်လည်း ရွေးချယ်စရာမရှိပေ။
" ဆရာ ကျွန်တော့်ကို မယုံဘူးလား..."
ယွီဖူရှန့်က သူ မယုံကြည်နိုင်ဖြစ်နေသည်ဟုထင်၍ တုန်တုန်ယင်ယင်နှင့် ရှင်းပြလာသည်။
" တကယ် ရွှယ်ချွမ်..."
" ပါးစပ်ပိတ်ထားစမ်း..."
အကြီးအကဲဝူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
" မင်း မဟုတ်တဲ့စကားတွေ ထပ်ပြောမယ်ဆိုရင် ငါတို့ဓားဂိုဏ်းကထွက်သွားတော့... ငါလည်းမင်းကို တပည့်တစ်ယောက်လို မဆက်ဆံနိုင်တော့ဘူး..."
ယွီဖူရှန့်၏မျက်နှာက ချက်ချင်းဖြူရော်သွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်ချကာ သူ့ဆရာနာမည်ကိုသာခေါ်နေပြီး စကားတစ်လုံးမှ မပြောရဲတော့ချေ။
အကြီးအကဲဝူက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူက အခြားလူများကဲ့သို့ အရည်အချင်းမရှိသော်လည်း လုံ့လဝီရိယရှိသည့်တပည့်လေးကို အလွန်ချစ်သော်လည်း ဤကိစ္စက အရေးကြီးလှပေသည်။ အကယ်၍ ယွီဖူရှန့်ကို ဓားစာခံမလုပ်ပါက ဓားဂိုဏ်းထဲတွင်နေထိုင်ရမည့်သူ့ဘဝက လွယ်ကူတော့မည်မဟုတ်သည့်အပြင် အနှေးနှင့်အမြန် ဒဏ်ခတ်ခံရပြီး ဂိုဏ်းမှထွက်သွားရနိုင်သည်။
သူ့လက်ဖမိုးပေါ်မှ သွေးကြောများထောင်တက်လာကာ ခဏအကြာတွင် ဆေးပုလင်းကိုပစ်ပေးပြီး ထွက်သွားတော့သည်။
" ဒီမှာ တစ်ညဒူးထောက်ပြီး ကိုယ့်အမှားကိုယ်သုံးသပ်နေ... အပြစ်တင်ချင်ရင်တော့ မင်းရဲ့ ဆိုးလွန်းတဲ့ကံကိုပဲ အပြစ်တင်နေ..."
ယွီဖူရှန့် အံ့အားသင့်သွားပြီး မြေကြီးပေါ်လှိမ့်နေသည့် ဆေးပုလင်းလေးကိုကြည့်ကာ အဓိပ္ပါယ်ကို သဘောပေါက်သွားသည်။
တိမ်မည်းများ စုဝေးလာပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းလာသည်။
မိုးအသည်းအထန်ရွာသွန်းနေသော်လည်း ယွီဖူရှန့်က စကားတစ်ခွန်းမှမပြောဘဲ ဒူးထောက်နေခဲ့သည်။
သူ့ဝတ်ရုံက စိုစွတ်နေပြီး အေးစိမ့်မှုတို့ ပါဝင်နေသည့် မိုးရေစက်များက ပါးပြင်ထက်မှ စီးကျလာသည်။ အရပ်မျက်နှာအနှံ့မှ လေအေးများကလည်း သူ့ကို အညှာအတာကင်းမဲ့စွာ တိုက်ခတ်နေသည်။
ထောင်ပေါင်းများစွာသောလူများက မန်ယိုတောင်ကြားတွင် စုဝေးနေသော်လည်း ဤအခိုက်အတန့်တွင်မူ ဤနေရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်ဟု ယွီဖူရှန့် ခံစားလိုက်ရသည်။
မျက်လုံးများဖွင့်ကြည့်သော်လည်း မိုးရေကြောင့် အမြင်အာရုံက ဝေဝါးနေပြီး ခဏအကြာတွင် ရင်းနှီးနေသောဝတ်ရုံအစွန်းစကို မိုးရေထဲ၌ တွေ့လိုက်ရသည်။
ယွီဖူရှန့် အံ့အားသင့်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။
" မင်းရဲ့ဒဏ်ရာတွေ ကောင်းသွားတာလား အခုရော ဘယ်လိုနေသေးလဲ..."
ဖန်ကျုံးချင်းက သူ့ကို အထူးတလည်လာတွေ့ခြင်းမဖြစ်နိုင်ဘဲ အရေးကြီးကိစ္စတစ်ခုခုရှိသောကြောင့် ဖြစ်နိုင်ပေသည်။ သူက အပြစ်အားလုံးကို ခါးစည်းခံလိုက်ရသော သနားစရာကောင်လေးဖြစ်နေ၍ မည်သူကမှ သူ့ကိုဂရုစိုက်လိမ့်မည် မဟုတ်ပေ။
ဖန်ကျုံးချင်း၏မျက်နှာက ဖြူဖျော့နေသည်။
" ငါ့ကျောက်စိမ်းပြားလေးတစ်ပိုင်း ပျောက်သွားလို့..."
" ငါ မတွေ့မိဘူးနော်... အကာအကွယ်ရဲ့ အပြင်ဘက်မှာ ကျန်ခဲ့တာထင်တယ်..."
ယွီဖူရှန့်က ခေါင်းငုံ့ပြီး ကူစဉ်းစားပေးနေသည်။
ဖန်ကျုံးချင်းက ပစ္စည်းတစ်ခုခုပျောက်နေသောကြောင့် သူ့ထံရောက်လာလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။ ယနေ့ညအဖြစ်အပျက်မှလွဲ၍ သူတို့နှစ်ယောက်ထံတွင် ပြောစရာအကြောင်းလည်း ရှိမနေပေ။
ယွီဖူရှန့်က အစမှ အဆုံးထိတိုင်အောင် ဖန်ကျုံးချင်းက သူ့ကြောင့်ရောက်လာခြင်းမဟုတ်ဟု ထင်ထားခဲ့သော်လည်း ထိုစကားတစ်ခွန်းက တစ်စုံတစ်ရာကို ဖြစ်ပေါ်လာစေသကဲ့သို့ ခံစားလိုက်ရသည်။ ယွီဖူရှန့် ဂရုတစိုက်စဉ်းစားကြည့်သောအခါ ဖြစ်ပေါ်သွားသည့်အရာမှာ သူ့အနေအထားဖြင့် မတွေးတောသင့်သော စိတ်ကူးယဉ်မှုတစ်ခုဖြစ်နေသည်ကို သဘောပေါက်သွားသည်။
သူ့နှလုံးသား၏အနက်ရှိုင်းဆုံးနေရာတစ်ခုတွင် သူ ရှင်းရှင်းလင်းလင်းပင် စိတ်ကူးယဉ်နေမိသည်။ ကောင်းကင်ဘုံ၏ မျက်နှာသာပေးခံရသော သားတော်လေူက သူ့ကြောင့် ဒီနေရာသို့ရောက်လာသည်ဟူသောအတွေးက သူ့ရင်ထဲ ထိန်းမနိုင်သိမ်းမရ ရောက်လာသည်။
အားလုံးက တစ်ခါတစ်လေမှာတော့ စိတ်ကူးယဉ်တတ်ကြတာပဲမလား...
ယွီဖူရှန့်၏မျက်တောင်ရှည်များ အောက်သို့ကိုင်းညွတ်သွားသည်။
ဖန်ကျုံးချင်းက ဒဏ်ရာအပြင်းအထန်ရသွားခဲ့သော်လည်း သူက အခြားလူများနှင့် ကွဲပြားပေသည်။ ကောင်းကောင်းမွန်မွန်အိပ်စက်နိုင်ပါက ပြင်းထန်သောဒဏ်ရာများလည်း ချက်ချင်းကောင်းမွန်လာနိုင်ပေသည်။
သူ နိုးလာချိန်၌ ကျောက်စိမ်းပြားလေးကို မတွေ့မိတော့ပေ။ သူ အကာအကွယ်အပြင်ဘက်တွင် သွားရှာသေးသော်လည်း ရှာမတွေ့၍ ထိုစဉ်အချိန်က ရှိနေခဲ့သူများကို လာရောက်မေးမြန်းခြင်းဖြစ်သည်။ ကံဆိုးစွာဖြင့် ယွီဖူရှန့်ကလည်း မည်သည့်နေရာတွင် ရှိနေကြောင်းကို မသိချေ။
ယွီဖူရှန့်ပြန်ဖြေသည်ကို ကြားပြီးသည်နှင့် ဖန်ကျုံးချင်း ခေါင်းအသာညိတ်ပြပြီး ထွက်သွားရန် ပြင်လိုက်သည်။
ထိုအချိန်တွင် သူ့လက်တစ်ဖက်ကို ရုတ်တရက် ဖမ်းဆွဲခံလိုက်ရသည်။
ဖန်ကျုံးချင်း လှည့်ကြည့်လိုက်သည့်အခါ သူ့မျက်လုံးများက မြေကြီးပေါ်ဒူးထောက်နေသည့် လူငယ်လေးအပေါ် ကျရောက်သွားပြီး မျက်ဝန်းထဲတွင် သင်္ကာမကင်းဖြစ်နေသည့် အမူအရာအချို့ ဖြစ်ပေါ်လာသည်။
ယွီဖူရှန့်ကိုယ်တိုင်လည်း အဘယ့်ကြောင့် ဤသို့ပြုမူလိုက်ရသည်ကို နားမလည်နိုင် ဖြစ်သွားသည်။ သူ့လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီးနောက် ခေါင်းငုံ့ထားကာ မိုးရေထဲတွင် လက်တစ်ဖက်ကို တင်းကြပ်စွာ ဖမ်းဆုပ်ထားမိသညိ။
ထဖန်ကျုံးချင်း၏လက်များက သူ့ကဲ့သို့ ကြမ်းတမ်းပြီး အသားမာများ တက်မနေဘဲ ဖြူဖွေးနူးညံ့ကာ ထိလိုက်သည်နှင့် ပျော့ပျောင်းမှုကို ခံစားရပေသည်။
မိုးသံလေသံများက ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခွင်တွင် ပြည့်နှက်နေသည်။
ယွီဖူရှန့်၏ နှုတ်ခမ်းပါးများ အနည်းငယ်ပွင့်ဟလာပြီး ခေါင်းငုံ့ထားသောကြောင့် သူ့မျက်နှာအမူအရာကို ရှင်းလင်းစွာ မမြင်ရချေ။ မိုးသံများဖြင့် ရောယှက်နေသည့် ဝမ်းနည်းမှုကို အနည်းငယ်ဖော်ပြနေသော အသံကိုသာကြားလိုက်ရသည်။
" ငါနဲ့ ခဏလောက် တူတူနေပေးပါလား..."
ထိုစကားကိုပြောပြီးသည့်နောက်တွင်မှ ယွီဖူရှန့်က သူပြောလိုက်သည်ကို ပြန်သဘောပေါက်သွားပြီး အပူလောင်သွားသည့်လူတစ်ယောက်သဖွယ် ဖန်ကျုံးချင်း၏လက်ကို ပြန်လွှတ်ပေးလိုက်ကာ ကြောက်လန့်တကြား ကိုယ်ကိုကျုံ့ထားလိုက်သည်။
" တောင်းပန်ပါတယ် ငါ..."
" ရတယ်လေ..."
ဖန်ကျုံးချင်း သက်ပြင်းချလိုက်သည်။
ယွီဖူရှန့်၏ ပျာယာခတ်နေသောအမူအရာက ရပ်တန့်သွားသည်။ ၎င်းက အမှားအယွင်း သို့မဟုတ် စိတ်ကူးယဉ်နေခြင်းဖြစ်စေ ဤအခိုက်အတန့်၌ အရေးမကြီးတော့ပေ။
ဘ... ဘယ်လို...
ယွီဖူရှန့် နားမလည်နိုင်တော့ပေ။
ကောင်းကင်ယံမှ တောက်ပသောလမင်းကြီးက တိမ်မည်းများနောက်တွင် ပုန်းအောင်းနေသည်။ သူနှင့် လမင်းကြီးက မည်မျှဝေးကွာနေသည်ကို မသိသော်ငြားလည်း တစ်ချိန်က လမင်းကြီးကဲ့သို့ သူနှင့် အလှမ်းဝေးလွန်းသည်ဟု ထင်ခဲ့သော လူငယ်လေးက မိုးရေနှင့် ရွံ့များကို လျစ်လျူရှု့ကာ သူ့ဘေးနားတွင် တင်ပျဉ်ခွေထိုင်နေသည်။
ကျောက်စိမ်းသဖွယ်လက်ကလေးတစ်ဖက် သူ့မျက်စိရှေ့သို့ ရောက်မလာမီအထိ ယွီဖူရှန့်၏ အမူအရာက ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်။
" ဘာဖြစ်လို့လဲ..."
ဖန်ကျုံးချင်း စိတ်ရှုပ်ထွေးသွားပြီး ယွီဖူရှန့်၏နှဖူးပေါ်လက်တင်လိုက်သည့်အခါ သူ့လက်မှ စိုစွတ်မှုကို ခံစားလိုက်ရသည်။ အရေပြားက မပူနွေးနေသည့်အပြင် အေးစက်နေပေသည်။
ယွီဖူရှန့် မိုးရေစိုနေသည်ကိုမြင်သောအခါ သူ မေးလိုက်သည်။
" မင်း မိုးရေမစိုအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဘူးလား..."
ယွီဖူရှန့် ခေါင်းခါလိုက်သည်။
ဖန်ကျုံးချင်း ခဏစဉ်းစားလိုက်ပြီးနောက် သူ့လက်ကိုကိုင်လိုက်သည်။
" ငါမင်းကို သင်ပေးမယ်လေ... မိုးရေကာမန္တန်ကိုသုံးမယ်ဆို မိုးရွာထဲ ရေစိုမှာ မပူရတော့ဘူး..."
ယွီဖူရှန့် ထိုနေရာတွင် အေးခဲတောင့်တင်းသွားပြီး သူ့ကိုလက်အမူအရာဖြင့် မန္တန်သင်ပေးနေသော လူငယ်လေးကို စိုက်ကြည့်နေမိသည်။
နောက်ဆုံးတွင် ဖန်ကျုံးချင်းက မေးလာသည်။
" လုပ်တတ်မလား..."
ယွီဖူရှန့်၏ခေါင်းထဲတွင် အတွေးပေါင်းစုံရောနှက်ပြီး မန္တန်အကြောင်းကို မတွေးမိ၍ အလိုလိုပြောထွက်သွားသည်။
" မလုပ်တတ်ဘူး..."
ဖန်ကျုံးချင်း မျက်မှောင်အသာကြုတ်လိုက်ပြီး ထိုမန္တန်က ခက်လှသည်ဟု ထင်လိုက်မိသည်။ သူက တစ်ကြိမ်သာသင်ပေးခံခဲ့ရပြီးနောက် တတ်မြောက်သွားခဲ့သော်လည်း သူ ပြန်သင်ပေးရမည့်အလှည့် ရောက်သောအခါ တစ်ဖက်လူက ချက်ချင်းသဘောမပေါက်ပေ။ သို့ဖြစ်၍ သူ ကောင်းကောင်းမသင်ပေးမိဟု တွေးလိုက်မိသည်။
သူ့လက်ကို လွှတ်ပေးလိုက်ပြီးနောက် မြေကြီးပေါ်မှ သစ်ကိုင်းခြောက်တစ်ခုကို ကောက်လိုက်သည်။
" ငါ ဆွဲပြမယ်..."
ယွီဖူရှန့်ကပြောလိုက်သည်။
" မလိုတော့ဘူး..."
ဖန်ကျုံးချင်း၏ မျက်တောင်ရှည်များ တစ်ချက်တုန်ယင်သွားပြီး သဘောပေါက်သွားသည်။
" မင်းက မိုးရေစိုရတာကို သဘောကျတာလား..."
ယွီဖူရှန့် အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ မေးလိုက်သည်။
" မင်း ဘာလို့ ငါနဲ့တူတူနေပေးတာလဲ... ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် မသိကြဘူးလေ..."
"မင်းပဲ ငါ့ကို အတူတူနေပေးပါလားလို့ စပြောတာမလား..."
ဖန်ကျုံးချင်း ခေါင်းကိုစောင်းငဲ့လိုက်သည့်အခါ ဆံပင်ရှည်များက ပခုံးပေါ်မှ ဖြာကျလာပြီး သင်္ကာမကင်းဖြစ်နေသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်လာသည်။ ခဏစဉ်းစားပြီးသည့်နောက် သူ အလေးအနက်ပြောလာသည်။
" ငါ့နာမည်က ဖန်ကျုံးချင်းပါ..."
နှုတ်ဆက်ပြီးရင်တော့ တစ်ယောက်ကိုတစ်ယောက် သိသွားကြမှာမလား...
ယွီဖူရှန့် ရုတ်တရက် တစ်စုံတစ်ရာကို သဘောပေါက်သွားပြီး သူ့လည်ချောင်းထဲ ရေဆာသကဲ့သို့ဖြစ်လာကာ နှုတ်ခမ်းများပွင့်ဟလာသည်။
" ယွီဖူရှန့်ပါ..."
ဖန်ကျုံးချင်း ခေါင်းညိတ်ပြလိုက်ပြီး ဆက်လက်သင်ပေးရန် ပြင်လိုက်သည်။
ယွီဖူရှန့်က စိတ်လှုပ်ရှားနေသံဖြင့် မဝံ့မရဲပြောလာသည်။
" ငါ နည်းနည်းအေးလို့ အဲဒါ... မင်း ငါ့နားကပ်လာပေးလို့ရလား..."
ဖန်ကျုံးချင်းက သူ့ကိုတစ်ချက်ကြည့်ပြီးနောက် အနားတိုးလာပြီး ပြောလိုက်သည်။
" ငါ မင်းနားကိုကပ်ရင်လည်း ဘာမှတော့မထူးဘူး... ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်ကို သုံးခါလောက်လှည့်ပတ်နေအောင်လုပ်လိုက် ဒါဆိုရင် အေးတော့မှာမဟုတ်ဘူး..."
ယွီဖူရှန့်မှာ နှလုံးခုန်သံ မြန်ဆန်နေသောကြောင့် ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်သည်။ ဖန်ကျုံးချင်း မျက်လုံးမှိတ်လိုက်သည့်အချိန်မှသာ ဗြောင်းဆန်နေသောအတွေးများက ကြည်လင်လာတော့သည်။
ဖန်ကျုံးချင်းက လူကောင်းတစ်ယောက်ဖြစ်နိုင်ချေရှိသော်လည်း အခြားလူများကို အလွယ်တကူငြင်းဆန်ရာတွင် တော်လွန်းလှသည်။
ယွီဖူရှန့် တစ်ဖက်သို့လှည့်ပြီး မိုးရေများကြား သူ့ဘေးနားတွင် ထိုင်နေသူကို တစ်ချက်ကြညိ့လိုက်သည်။ မျက်တောင်ရှည်လေးများပေါ်တွင် သလင်းကျောက်သဖွယ် မိုးရေစက်များ တွဲလွဲခိုနေပြီး လူငယ်လေး၏ မျက်နှာအစိတ်အပိုင်းတစ်ခုစီက ပြောင်မြောက်ပြီး လှပတင့်တယ်လွန်းပေသည်။ ညအမှောင်ထဲတွင်ပင် အလင်းတစ်လွှာလွှမ်းခြုံထားသည်ဟု ထင်ရ၍ တောက်ပလင်းလက်လွန်းနေသည်။
ယွီဖူရှန့်က တဖြည်းဖြည်းသည်းထန်လာသော မိုးများကိုကြည့်ပြီး လက်တစ်ဖက်ဆန့်ထုတ်ကာ ဖန်ကျုံးချင်းကို ကာပေးလိုက်သော်လည်း တစ်ဖက်လူက ရုတ်တရက်လှုပ်လာသည်။
ယွီဖူရှန့် ပခုံးတွန့်သွားပြီး အသက်အောင့်ထားလိုက်မိသည်။
အဖြူရောင်ဝတ်ရုံနှင့် လူငယ်လေးက သူ့ပခုံးပေါ်ခေါင်းမှီပြီး အသက်ရှုသံမှန်မှန်ဖြင့် အိပ်မောကျသွားလေ၏။
" ဖန်ကျုံးချင်း..."
မိုးသံလေသံများမှလွဲ၍ သူ့ကို ပြန်ဖြေသူ မရှိပေ။
ယွီဖူရှန့်၏ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ့ဘေးနားမှလူ အိပ်ရာနိုးသွားမည်စိုး၍ မျက်လုံးမှတစ်ပါး အခြားခန္ဓာကိုယ်အစိတ်အပိုင်းများအား မလှုပ်ရှားရဲချေ။ သူ့မျက်လုံးများက ဟိုဟိုသည်သည်ကြည့်နေပြီး မိုးရေကြောင့် ဖန်ကျုံးချင်း၏ဝတ်ရုံစက စိုရွှဲနေသည်ကို မြင်လိုက်ရသည်။
သူ့ဘေးနားမှလူက အဘယ့်ကြောင့်အိပ်ပျော်သွားရသည်ကို သူ မသိသော်လည်း ခန္ဓာကိုယ်ပေါ်မှ မိုးရေကာမန္တန်က ပျက်သွားပုံရသည်။ ယွီဖူရှန့် သူ့လက်တစ်ဖက်ဆန့်ထုတ်ပြီး အစောပိုင်းက ဖန်ကျုံးချင်းသင်ပေးထားသည့်မန္တန်ကို ရွတ်လိုက်သည်။
နာရီဝက်ကျော်ကြာသည်အထိ မိုးသံများ ကြားနေရဆဲပင်ဖြစ်သည်။
ယွီဖူရှန့်၏ တောင့်တင်းနေသော ခန္ဓာကိုယ်က ပြေလျော့လာပြီး သူ့ခေါင်းကို အနည်းငယ်လှည့်လိုက်မိသည်။ သူ့ပါးပြင်က ဖန်ကျုံးချင်း၏ ဆံနွယ်များနှင့် မတော်တဆပွတ်တိုက်မိသွား၍ သူ့နှလုံးသားကို ကုတ်ခြစ်လိုက်သကဲ့သို့ ထိတ်ခနဲဖြစ်သွားလေ၏။