Villain Shizun ( Extra 3 )
ယွီဖူရှန့်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး သူ့ကိုထိတွေ့လာသည်အား ပြန်လည်မတုံ့ပြန်နိုင်သေးမီတွင် လေထဲမှ စူးခနဲအသံတစ်သံ ကြားလိုက်ရပြီး ရန်သူများ တိုက်ခိုက်လာကြောင်း သင်္ကေတပြသည့် ငါးရောင်ခြယ်မီးရှူးမီးပန်းက ညကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။
မန်ယိုတောင်ကြားကို ဖုံးလွှမ်းထားသော အကာအကွယ်က ပျက်စီးသွားသောကြောင့် တောင်ကြားတစ်ခုလုံးတွင် တစ္ဆေအော်သံများ ဝံပုလွေအူသံများ ပဲ့တင်ထပ်လာသည်။ နတ်ဆိုးများစွာက လေထုအလယ်မှတစ်ဆင့် တောင်ကြားထဲကို ငုံ့ကြည့်နေကြပြီး တစ်ဟုန်ထိုး ဆင်းသက်လာကြတော့သည်။
ယွီဖူရှန့်၏ အမူအရာကပြောင်းလဲသွားပြီး ဖန်ကျုံးချင်း၏ ပခုံးကိုလှုပ်ခါ၍ အမြန်ပြောလိုက်သည်။
" ဖန်ကျုံးချင်း ထတော့ ထတော့... ဖန်ကျုံးချင်း..."
ဖန်ကျုံးချင်းက ကလေးဘဝတွင် ဒဏ်ရာရခဲ့ဖူးသောကြောင့် သူ့ခွန်အားကို အပြည့်အဝပြန်ရရန် ကြာမြင့်စွာအိပ်စက်ရပေသည်။ အချိန်ကြာမြင့်စွာလှုပ်ခါနေသည့်အခါမှ သူ့မျက်လုံးများ ပွင့်လာတော့သည်။ သူ စိတ်ရှုပ်ထွေးနေပြီး အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသည်။
သူက အရက်မူးနေသူတစ်ယောက်သဖွယ် ယွီဖူရှန့်ကိုမှီနေပြီး ခန္ဓာကိုယ်ကလည်း ယိုင်နဲ့နေသည်။
ယွီဖူရှန့်က ထူးဆန်းနေသည်ကို သတိပြုမိသောကြောင့် သူ့ကိုကျောပိုးလိုက်သည်။
နတ်ဆိုးမျိုးနွယ်က စတင်တိုက်ခိုက်လာပြီဖြစ်သည်။ ကံကောင်းသည်မှာ သူတို့နှစ်ယောက်က ချောင်ကျသောနေရာသို့ရောက်နေ၍ အချိန်တစ်ခုအထိ အခြားသောနတ်ဆိုးများက သူတို့ကိုမတွေ့ကြပေ။ ယွီဖူရှန့်က ဖန်ကျုံးချင်းကို ကျောပေါ်တင်လျက် တောအုပ်ထဲဖြတ်သန်းပြေးလွှားသွားစဉ် မန်ယိုတောင်ကြားမှ အခြေအနေကို မှန်းဆကြည့်နေသည်။
နတ်ဆိုးမျိုးနွယ်က ရုတ်တရက် တိုက်ခိုက်လာခြင်းဖြစ်၍ ကျင့်ကြံသူများ အငိုက်မိသွားကြသည်။ သူတို့ပြန်လည်တုံ့ပြန်နိုင်သည့်အချိန်တွင် မတိုက်ခိုက်နိုင်တော့ပေ။ သို့သော်လည်း ဂိုဏ်းချုပ်နှင့် အခြားလူများက လေထုအလယ်မှ နတ်ဆိုးဘုရင်များကို တိုက်ခိုက်နေရ၍ မြေပြင်ပေါ်မှ နတ်ဆိုးသားရဲများကို ရှင်းထုတ်ပစ်ရန် အချိန်မရတော့ပေ။
သူတို့အားလုံးအတွက် ခြိမ်းခြောက်ဖွယ်ရာဖြစ်နေသည်များမှာ နတ်ဆိုးဘုရင်များပြီးလျှင် ဒုတိယအသန်မာဆုံးဖြစ်သည့် နတ်ဆိုးသားရဲကြီးများဖြစ်သည်။ သူတို့နှင့် ထိပ်တိုက်မရင်ဆိုင်နိုင်သရွေ့ မိမိအသက်ကို ကယ်တင်နိုင်ပေသည်။
ယွီဖူရှန့် ထိုအကြောင်းစဉ်းစားပြီးသည်နှင့် ခေါင်းမော့ကြည့်လိုက်သည့်အခါ သူ့မျက်နှာက ဖြူဖျော့သွားရတော့သည်။
သူ့ရှေ့တည့်တည့်မှ ခြုံပုတ်ပေါ်တွင် အလောင်းတစ်လောင်းကို ဇောက်ထိုးချိတ်ဆွဲထားပြီး ခြေကျင်းဝတ်နှင့် လက်ကောက်ဝတ်နေရာများတွင် အရိုးဖြူဖြူများပေါ်နေသဖြင့် အလွန်ကြောက်ရွံ့ထိတ်လန့်ဖွယ် ဖြစ်နေသည်။
ယွီဖူရှန့်၏အကြည့်များက ထိုလူထံတွင်ရှိနေသည်။ သူက သေဆုံးနေပြီးဖြစ်သော ချန်ယင်ဖြစ်သည်။
ယွီဖူရှန့်၏နှဖူးပြင်ထက်မှ ချွေးတစ်စက်စီးကျလာကာ အခြားအရပ်မျက်နှာဘက်လှည့်ပြီး ထွက်ပြေးရန် ပြင်လိုက်သည်။ ချန်ယင်၏ကိုယ်ပေါ်မှ ဒဏ်ရာများအရဆိုလျှင် ကြမ်းတမ်းရက်စက်ပြီး လူသားစားရသည်အားနှစ်ခြိုက်သော သားရဲကြီးတစ်ကောင်က သူ့ကိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေမည်။
ယွီဖူရှန့်က တစ်ဖက်မှသားရဲကြီး ဤနေရာမှ ထွက်သွားရန်သာ မျှော်လင့်နေမိသည်။ ထိုသို့မဟုတ်ပါက...
တောနက်ထဲမှ ကလေးငိုသံကဲ့သို့ အသံမျိုး ထွက်ပေါ်လာသည်။
ယွီဖူရှန့်၏မျက်နှာက ရုတ်ချည်းပြောင်းလဲသွားပြီး ဝိညာဉ်အသိစိတ်ဖြင့် အာရုံခံကြည့်လိုက်သောအခါ အမှောင်ထုထဲမှ ထွက်ပေါ်လာသည့် အရပ်ရှည်ရှည်ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ သူ့လည်ပင်းတွင် ဧရာမငှက်ခေါင်းသုံးလုံးရှိပြီး နှုတ်သီးများကလည်း ဓားသွားသဖွယ် ချွန်ထက်နေကာ ကျင့်ကြံသူတစ်ယောက်ကိုထိုးဆိတ်နေ၍ သွေးများပေကျံနေသည်။
ဒါ ကောလဟာလထဲက မဟာနတ်ဆိုး ကုတျောင်ပဲ...
ကုတျောင်က သူ၏ဝိညာဉ်အသိစိတ်ကို အာရုံခံမိသည့်သဖွယ် လှည့်ကြည့်လာပြီးနောက် သူတို့နောက်သို့ လျင်မြန်စွာလိုက်လာပေသည်။
ယွီဖူရှန့်၏စိတ်ထဲတွင် ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာပြီး သေခြင်းတရား၏အော်ရာကို ခံစားလိုက်ရသည်။ သူ့ပင်ကိုအသိစိတ်အပေါ် အမှီပြု၍ နောက်သို့အမြန်ထွက်ပြေးသွားပြီး ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်လိုက်သည်။
ထပ်မံ အိပ်မောကျသွားပြန်သည့် ဖန်ကျုံးချင်းကို မြက်ပင်ရှည်များကြားထဲသို့ တတ်နိုင်သမျှမြန်မြန် ချထားလိုက်သည်။ ထို့နောက်မြက်ပင်ရှည်များရှေ့တွင်ရပ်ကာ သူ့လက်ကို အကြိမ်ပေါင်းများစွာ ခုတ်ပိုင်းလိုက်ပြီး သွေးများစွာထွက်အောင်ပြုလုပ်လိုက်ကာ အတွင်းတွင်ဖန်ကျုံးချင်းရှိနေသည်ကို မကောင်းဆိုးဝါးများမသိအောင် ပြုလုပ်လိုက်သည်။
ကုတျောင်က မျက်စိတစ်မှိတ်အတွင်းတွင် သူ့ရှေ့သို့ရောက်လာပြီး သူ့ရှေ့မှ ယွီဖူရှန့်ကို ခဏတာစိုက်ကြည့်နေပြီးသည့်နောက်တွင် အကြည့်က သွေးထွက်နေသည့်လက်မောင်းပေါ် ရောက်သွားသည်။ တစ်ဖက်လူက အခြားဘက်သို့ထွက်ပြေးသွားသည်ဟုထင်၍ ယွီဖူရှန့်ကို မြေကြီးပေါ် တွန်းချလိုက်သည်။
ကုတျောင်က ခေါင်းမော့၍ နှစ်ကြိမ်တိတိရယ်မောနေသည့်အခါ ရောင်စုံငှက်ခေါင်းများက လှုပ်ယမ်းနေပြီး နှုတ်သီးသုံးခုကလည်း ကျယ်လောင်စွာ ပွင့်ဟလာကာ ကလေးငိုသံကဲ့သို့ အသံမျိုးထွက်လာသည်။ သူ ယွီဖူရှန့်၏လည်ပင်းကိုထိုးဆိတ်ပြီးနောက် သူ့နှုတ်သီးများက ခန္ဓာကိုယ်အနှံ့အပြားကို စတင်ထိုးဆိတ်ကာ အပိုင်းပိုင်းအစစ ဆုတ်ဖြဲရန် ပြင်လိုက်တော့သည်။
ယွီဖူရှန့်၏ နာကျင်နေသည့်မျက်နှာက အရောင်အမျိုးမျိုးပြောင်းလဲနေပြီး တစ်ကိုယ်လုံးမှ သွေးများစီးကျလာသည်။
ကုတျောင်က သူ့ကိုထိုးဆိတ်စားသောက်နေစဉ်တွင် တစ်ခုခုလိုအပ်နေသည်ဟုထင်၍ ခဏရပ်သွားသည်။
" မင်း ဘာလို့မအော်တာလဲ..."
သူက လူသားများအော်ဟစ်ငိုယိုကာ အသက်ချမ်းသာပေးရန်အတွက် တောင်းပန်နေသည်ကို ကြည့်နေစဉ် အရေပြားများကိုဆုတ်ဖြဲပြီး အသွေးအသားများကို ဝါးမျိုပစ်ရခြင်းအား နှစ်သက်သူဖြစ်သည်။
ယွီဖူရှန့်က စကားမပြောတတ်သူဟုထင်၍ သူ့စိတ်ထဲပျင်းရိသွားမိသည်။ ထို့နောက်တွင် ယွီဖူရှန့်၏နှလုံးသားရှိရာသို့ လက်သည်းများဖြင့်ထိုးဆိတ်ပြီး ချက်ချင်းသတ်ပစ်ရန် ကြံရွယ်လိုက်တော့သည်။
ထိုအချိန်တွင် အရှေ့ရှိ မြက်ပင်ရှည်များက လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
ကုတျောင် မျက်ခုံးအသာပင့်ကြည့်လိုက်သောအခါ ယွီဖူရှန့်၏မျက်နှာက သိသိသာသာပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ သူ ရုတ်တရက် သဘောပေါက်သွားပြီး သွေးများစွန်းထင်းနေသည့်နှုတ်ခမ်းများဖြင့် ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။
" အထဲမှာ တစ်ယောက်ယောက် ရှိနေတာပဲ..."
ယွီဖူရှန့်၏မျက်နှာက ဖြူဖျော့သွားတော့သည်။
ကုတျောင်က သူ့ကိုလွှတ်ပေးလိုက်ပြီး ရှေ့တိုးသွားသည်။ သူ့ခြေထောက်များကို ယွီဖူရှန့်ကို ခပ်တင်းတင်းဆွဲဖက်ထားလိုက်ပေသည်။
ကုတျောင်၏ စူးရှရှရယ်သံကြီးက တောနက်တစ်ခုလုံးတွင် ပဲ့တင်ထပ်လာသည်။
" အထဲမှာ ဘာကိုများ ဖွက်ထားပါလိမ့်... ငါစဉ်းစားကြည့်ရသလောက်တော့ တော်တော်လေး အရသာရှိတာမျိုး ဖြစ်မယ်ထင်တယ်..."
ကုတျောင်က စိတ်လှုပ်ရှားလာပြီး သူ့ကိုဆွဲထားသည့်လူငယ်လေးကို ရိုက်ထုက်လိုက်သော်လည်း ယွီဖူရှန့်က အသက်ရှင်နေဆဲဖြစ်သည်။ သူ့ကိုယ်လုံးပေါ်သို့ ဧရာမကျောက်တုံးကြီး ပစ်ချလိုက်သကဲ့သို့ အရိုးများကျိုးသွားကာ နှုတ်ခမ်းမှ သွေးများထွက်နေသော်လည်း ကုတျောင်ကိုဆွဲထားသည့်လက်များကို မလွှတ်ပေ။
ကုတျောင်က ကြမ်းတမ်းသောသဘာဝရှိသူဖြစ်၍ ယွီဖူရှန့်၏ပုံစံကို မြင်သည့်အခါ ပို၍စိတ်ဝင်စားလာပြီး သူ့နှုတ်သီးသုံးခုဖြင့် အရေပြားကို ထိုးဆိတ်လိုက်ပြန်သည်။
နှုတ်သီးတစ်ခုက လည်ပင်းကိုဆိတ်ပြီး အခြားနှစ်ခုက လက်မောင်းနှင့် ကျောပြင်တို့ကို ထိုးဆိတ်နေသည်။
တစ်ခဏတွင်းချင်းမှာပင် ယွီဖူရှန့်၏ခန္ဓာကိုယ်၌ သွေးများစိုရွှဲနေသည့် ဒဏ်ရာများပေါ်လာသည်။ အရေပြားကို ကလော်ထုတ်ခံရသည့် ခံစားချက်က အလွန်ဆိုးရွားနာကျင်လွန်းလှ၍ သွေးကြောများပါ ပေါက်ထွက်တော့မည်ဟု ထင်ရသည်။
ကုတျောင်က ထိုသို့သောလူမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။ အသွေးအသားများကို ထိုးဆိတ်စားသောက်ခံနေရ၍ အသိစိတ်ပျောက်ကာ သေလုဆဲဆဲဖြစ်နေသော်လည်း အရှေ့မှ မြက်ပင်ရှည်များရှိရာသို့ ခြေလှမ်းလှမ်းတော့မည့်အချိန်တိုင်း သွေးစိုနေသည့် လက်တစ်စုံက သူ့ကိုဆွဲထားပေသည်။
ကုတျောင် ခေါင်းငုံ့ပြီး ထိုလူကိုကြည့်လိုက်သည်။
ထိုလူငယ်လေး၏မျက်လုံးများက သွေးများဖြင့် စိုရွှဲနေသကဲ့သို့ သွေးရောင်သမ်းနေပေသည်။ အနီးကပ်ကြည့်မည်ဆိုပါက ထိုမျက်ဝန်းမှာ သားရဲများထက်ပို၍ အရိုင်းဆန်နေသည်ကို သတိပြုနိုင်ပေသည်။ သူ့မျက်နှာထက်တွင် ကြမ်းတမ်းရက်စက်သည့် အမူအရာတစ်မျိုး ဖြစ်ပေါ်နေသည်။
" သူ့ကို မ ထိ နဲ့..."
ကုတျောင် ခဏတာခန့် ကြောက်လန့်သွားပြီးနောက် စနောက်လှောင်ပြောင်နေသည့် အမူအရာက ချက်ချင်းပျောက်ကွယ်ကာ ရူးနှမ်းသွားတော့သည်။ ၎င်း၏နှုတ်သီးသုံးခုဖြင့် ယွီဖူရှန့်၏ အရေပြားများကို ဆုတ်ဖြဲနေပြီး မကိုက်တော့ဘဲ တိုက်ရိုက်ဝါးမျိုပစ်ရန် ပြင်လိုက်သည်။
ကောင်လေး၏ခန္ဓာကိုယ်က တဖြည်းဖြည်းငြိမ်သက်သွားချိန်တွင်မှ ကုတျောင် အေးစက်စက်ဖြင့်ရယ်လိုက်ပြီး သူ့နှလုံးသားကို ထိုးဖောက်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ဓားဂိုဏ်းချုပ်နှင့်အတူ ချင်းလင်ဂိုဏ်းချုပ်ပါ ရောက်ရှိလာသည်။
ယွီဖူရှန့်မှာ ကယ်တင်ခံလိုက်ရချိန်၌ သူ့ကိုယ်ပေါ်တွင် အရေပြားနှင့် သွေးများ ကုန်စင်လုနီးပါးဖြစ်နေ၍ နာကျင်မှုကို မခံစားရတော့ပေ။ သူ့မျက်လုံးများက ဖွင့်တစ်ဝက်ပိတ်တစ်ဝက် ဖြစ်နေလျက်ဖြင့် မြက်ပင်ရှည်များဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ သေအံ့ဆဲဆဲဖြစ်နေသော်လည်း မထင်မှတ်ထားစွာဖြင့် စိတ်အေးလက်အေးဖြစ်နေသည်။
ဤအခိုက်အတန့်တွင် လွန်ခဲ့သော ၁၂နှစ်တာ အချိန်ကာလကို သူ့မျက်လုံးထဲတွင် တဖြည်းဖြည်းမြင်ယောင်လာမိသည်။ သို့ရာတွင် ပြေးလွှားပြီး ခြေဦးတည့်ရာ နေထိုင်ခဲ့ရသော အချိန်များက သူ့စိတ်ထဲတွင် ပြာမှုန်သဖွယ် ပျောက်ကွယ်သွားတော့၏။
သူ့ဘဝ၏အဆုံးသတ်ကို ရောက်လာချိန်တွင်မှ သူပျော်ရွှင်ဝမ်းမြောက်စွာဖြင့် လျှောက်လှမ်းနိုင်သော လမ်းတစ်ခုကို ရှာတွေ့ခဲ့ရပေသည်။
[ ဒီအပိုင်းရေးရတာ စိတ်ဆင်းရဲလိုက်တာ ကိုယ့်ကိုပါ အဲ့ကုတျောင်က နှုတ်သီးနဲ့ လာဆိတ်နေသလိုပဲ🤧 ]
*
ယွီဖူရှန့် မျက်လုံးပြန်ပွင့်လာသည့်အခါ ဓားဂိုဏ်းသို့ ပြန်ရောက်နေပြီဖြစ်သည်။
မူလက အေးစက်ငြိမ်သက်နေတတ်သည့် သူ့အခန်းငယ်လေးက စည်ကားနေပြီး တပည့်များစွာက သူ့ကိုလာတွေ့ကြသည်။
လွန်ခဲ့သော ရက်ပိုင်းခန့်က ဂိုဏ်းချုပ်နှစ်ယောက် ရောက်ရှိလာပြီး ကုတျောင်ကို သတ်ပြီးချိန်တွင် မြက်ပင်ရှည်များအကြားတွင် ယွီဖူရှန့် ဖွက်ထားပေးသော ဖန်ကျုံးချင်းကို ရှာတွေ့ခဲ့ပုံပေါ်သည်။
ဖန်ကျုံးချင်း ဘေးကင်းနေသည်ကို မြင်သောအခါ ချင်းလင်ဂိုဏ်းချုပ်က စိတ်အေးလက်အေးဖြစ်သွားပြီး သူ့ကိုနတ်ဆိုးသားရဲလက်ထဲမှ ကာကွယ်ပေးခဲ့သည့် ယွီဖူရှန့်ကို အဆက်မပြတ် ချီးကျူးခဲ့သည်။ ဓားဂိုဏ်းချုပ်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေပြီး သူက ဓားဂိုဏ်းမှ တပည့်များတွင် ရှိသင့်ရှိထိုက်သော အ့ဩဖွယ်ရာကောင်းသည့် ဖြောင့်မတ်မှန်ကန်မှုမျိုးရှိသည်ဟုဆိုကာ ဂုဏ်ယူခဲ့သည်
ဂိုဏ်းချုပ်နှစ်ယောက်က သူ့ကို ဂရုတစိုက်ဖြင့် ပြန်ခေါ်လာပြီး ကိုယ်တိုင် လာရောက်ကြည့်ရှု့ကြသည်။ သို့ဖြစ်၍ ယွီဖူရှန့်အပေါ် ဓားဂိုဏ်းမှလူများ၏ ဆက်ဆံပုံက သိသိသာသာ ပြောင်းလဲသွားတော့သည်။
သူ့ဆရာဖြစ်သော အကြီးအကဲဝူက သူ့ထံသို့ တက်တက်ကြွကြွဖြင့် အလာဆုံးဖြစ်ကာ အလွန် ကျေနပ်အားရနေသည့်ပုံပေါ်သည်။ ဤတိုက်ပွဲကြောင့် ဓားဂိုဏ်းထဲ နေထိုင်ရသော ယွီဖူရှန့်၏ဘဝက အနာဂတ်တွင် ပိုမိုလွယ်ကူလာနိုင်ပေသည်။ သူ နိုးလာချိန်တွင် အရပ်မျက်နှာအနှံ့မှ ချီးကျူးမှုများစွာက သူ့ထံရောက်ရှိလာကြောင်းကိုလည်း ပြောပြခဲ့သည်။
သတိပြန်ရလာသော ယွီဖူရှန့်က ယခင်ထက်ပို၍ ပျော်ရွှင်စွာပြုံးပြီး သူ့ဆရာပြောပြသည်များကို စိတ်ရှည်လက်ရှည်ဖြင့်နားထောင်ကာ အနည်းငယ်သာပျော်ရွှင်သည့် အရိပ်အယောင်မျိုး ပြသလာသည်။
အကြီးအကဲဝူ၏စိတ်ထဲတွင် ထူးဆန်းသွားသော်လည်း ယွီဖူရှန့်နှင့်ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ဟု မတွေးမိပေ။ သူ ခဏစဉ်းစားနေပြီးသည့်နောက် လေသံတောင့်တောင့်ကြီးဖြင့် ပြောလိုက်သည်။
" မင်းကယ်ပေးခဲ့တဲ့ ချင်းလင်ဂိုဏ်းသားလေးလည်း ဓားဂိုဏ်းမှာပဲ ရှိနေသေးတယ်..."
သူ့စကားဆုံးသည်နှင့် အခန်းအပြင်ဘက်မှ ကောင်လေးတစ်ယောက်၏အသံ ကြားလိုက်ရသည်။
" ယွီဖူရှန့် မင်း သတိရလာပြီလို့ကြားတယ်... မင်းနဲ့တွေ့ရအောင် ကျုံးချင်းကို ခေါ်လာခဲ့တယ်..."
ယွီဖူရှန့်၏မျက်လုံးများမှေးကျဉ်းသွားပြီး သူ့အကြည့်က အရှေ့မှ လျှောက်လာသည့် ရွှယ်ချွမ်ကိုကျော်ကာ နောက်မှ ကောင်လေးထံ ရောက်သွားသည်။
ဖန်ကျုံးချင်းက အဖြူရောင်ဝတ်ရုံကို ဝတ်ထားဆဲဖြစ်ပြီး ဆံပင်ရှည်များကိုလည်း စည်းနှောင်ထားသည်။ သူ့မျက်နှာက အေးတိအေးစက်ဖြစ်နေဆဲဖြစ်ကာ မျက်ခုံးနှစ်ခုအကြားမှ အမှတ်လေးက လင်းလက်တောက်ပနေသည်။
လွန်ခဲ့သော ရက်ပိုင်းအတွင်းတွင် ရွှယ်ချွမ်က သူ့အဖေ၏ မှာကြားချက်အရ ဖန်ကျုံးချင်းကို ဓားဂိုဏ်းနှင့်အသားကျအောင် လိုက်လံပြသပေးနေခြင်းဖြစ်သည်။
ရွှယ်ချွမ်က မူလတွင် မကျေမနပ်ဖြစ်နေခဲ့ပြီး ချင်းလင်ဂိုဏ်းမှ သူနှင့်ရွယ်တူဖြစ်သော ပါရမီရှင်လေးအပေါ် ရန်လိုစိတ် ဖြစ်ခဲ့မိသည်။ သို့ရာတွင် ဖန်ကျုံးချင်းက ကြင်နာတတ်သူတစ်ယောက်ဖြစ်သည့်အပြင် ပေါင်းသင်းရလွယ်ကူသူဖြစ်ကြောင်းသိသွားခဲ့ပြီး သူ မြင်ဖူးခဲ့သမျှလူတိုင်းထက်ပို၍ စိတ်ကောင်းရှိသူဖြစ်နေခဲ့သည်။
သို့ဖြစ်၍ ရွှယ်ချွမ်က သူ့ကို စိတ်ရင်းအမှန်ဖြင့် သူငယ်ချင်းပြုလုပ်ခဲ့သည်။ ဖန်ကျုံးချင်းက ယွီဖူရှန့်ထံသို့ သွားလည်ချင်ကြောင်းပြောသည့်အခါတွင်လည်း သူ လိုက်လာခဲ့သည်။ မန်ယိုတောင်ကြားတွင် ဖြစ်ခဲ့သည့်ကိစ္စကမူ သူ့အစား ခေါင်းခံပေးခဲ့သူ ရှိနေသောကြောင့် သူ မေ့လုမျောပါး ဖြစ်နေခဲ့မိသည်။
ဖန်ကျုံးချင်းက အိပ်ရာနားသို့လျှောက်လာပြီး ထထိုင်လိုက်သည့် လူငယ်လေးကိုကြည့်ကာ အချိန်ကြာသည်အထိ စဉ်းစားနေသည်။
" နာနေသေးလား..."
ယွီဖူရှန့်က သူ့ကိုပြန်မေးသည်။
" နာနေရင်ရော ဘာဖြစ်လို့လဲ... တကယ်လို့ မနာတော့ရင်ရော ဘာဖြစ်မှာလဲ..."
" နာနေသေးတယ်ဆို ငါမင်းကို ဆေးပေးမလို့ပါ..."
ဖန်ကျုံးချင်းက သူ့ဝတ်ရုံလက်ထဲလက်နှိုက်ပြီး အဖြူရောင်ကျောက်စိမ်းပုလင်းလေးကိုထုတ်ကာ ယွီဖူရှန့်ဘေးနား ချပေးလိုက်သည်။
" တကယ်လို့ မနာတော့ဘူးဆိုရင်တော့..."
သူ လက်မြှောက်ပြီး ယွီဖူရှန့်၏နှဖူးကို လက်ဖြင့်ထိပြီး လေးနက်စွာပြောလိုက်သည်။
" မင်း အဖျားကြီးပြီးတော့ မဟုတ်တာတွေ ပြောနေတာပဲ..."
အရေပြားတွေမရှိတော့တဲ့အပြင် သွေးတွေပါခမ်းတော့မလိုဖြစ်သွားတာကို မနာဘဲညနေမယ်တဲ့လား...
ယွီဖူရှန့်၏ မျက်လုံးအရောင်က ပြောင်းလဲသွားပြီး ဖန်ကျုံးချင်း၏ လက်ကောက်ဝတ်သွယ်သွယ်လေးကို လှမ်းဆွဲကာ လက်ထဲသို့ ကျောက်စိမ်းပုလင်းလေးကို ပြန်ထည့်ပေးပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။
" ဒါဆိုရင်တော့ နာတယ်... ဖန်ကျုံးချင်း ငါ့ကိုဆေးလိမ်းပေးပါလား..."
ဖန်ကျုံးချင်း ခဏတာ အံ့အားသင့်သွားပြီးနောက် သူ့အမူအရာက ဖြူစင်ရိုးသားသည့်ပုံစံ ဖြစ်လာသည်။
" ငါ ဆေးမလိမ်းပေးတတ်ဘူး..."
ယွီဖူရှန့် ရယ်လိုက်မိသည်။
" ငါမင်းကို သင်ပေးမယ်လေ..."
ဖန်ကျုံးချင်း မျက်တောင်တစ်ချက်ခတ်ပြီး ခေါင်းညိတ်ပြတော့မည့်အချိန်တွင် သူ့နောက်မှ ရွှယ်ချွမ်က မျက်မှောင်ကြုတ်လာပြီး ဖန်ကျုံးချင်းကို အိပ်ရာအစွန်းမှ ဆွဲခေါ်လိုက်သည်။
" မင်းကိုယ်ပေါ်က ဒဏ်ရာတွေကို ဆေးလိမ်းပေးပြီးတာကြာပြီ... လာလိမ်မနေနဲ့... ငါ ကျုံးချင်းကိုခေါ်လာတာ မင်းကိုဆေးပုလင်းပေးဖို့ပဲ... မင်း ကိုယ့်ဘာသာ..."
ရွှယ်ချွမ်က အကြီးအကဲဝူပြောသည်ကို အမှတ်ရသွား၍ ကြမ်းတမ်းသောစကားများကို ပြန်လည်မျိုသပ်ထားလိုက်ပြီး ယွီဖူရှန့်ကို စိုက်ကြည့်နေသည်။ တိတ်ဆိတ်စွာဖြင့် သတိပေးပြီးသည့်နောက်တွင် သူ ဖန်ကျုံးချင်းကို ဆွဲခေါ်သွားလိုက်သည်။
" ကျုံးချင်း မင်း မန္တန်တွေကို ဘယ်လိုဖြစ်ပြီး မြန်မြန်တတ်လွယ်ရတာလဲ... ငါ့ကိုလည်း သင်ပေးပါလား... အဲဒါဆိုရင် အဖေက ငါ့ကို နေ့တိုင်းဆူမှာ မဟုတ်တော့ဘူး..."
" စာလိပ်တွေကိုကြည့်ပြီး သင်တာပိုကောင်းမယ်..."
ဖန်ကျုံးချင်းက ယွီဖူရှန့်ကိုကြည့်ပြီး အလေးအနက် ပြောလာသည်။
" ငါက တခြားလူတွေကို သင်ပေးရတာ မတော်ဘူး..."
ရွှယ်ချွမ်က ပြောလာသည်။
" မင်း မစမ်းကြည့်ရသေးဘူးမလား... ငါနဲ့ ခဏလောက်တော့ လေ့ကျင့်ပေးဦးလေ မနက်ဖြန်ကျ မင်းလည်း ချင်းလင်ဂိုဏ်းကို ပြန်ရမှာဆိုတော့ ငါတို့တွေ ဘယ်အချိန်မှ ပြန်တွေ့ရမယ်မှန်း မသိဘူး..."
သူတို့နှစ်ယောက်အကြားမှစကားဝိုင်း
က ပိုမိုဝေးကွာသွား၍ ယွီဖူရှန့် တစ်ဖက်သို့လှည့်လိုက်ပြီး ကျောက်စိမ်းပုလင်းလေးကို သူ့လက်ထဲတွင် ဆော့ကစားနေကာ သူ့မျက်နှာထက်တွင် ဒေါသထွက်သည့် အမူအရာမျိုးလည်း ပြသမနေပေ။
*