အပိုင်း ၁၈၁
Viewers 30k

Villain Shizun (Extra 4-1)



အရှေ့ပိုင်းကျတ်တီးမြေမှ တိုက်ပွဲတွင် ကျင့်ကြံရေးလောက က ခက်ခက်ခဲခဲဖြင့် အနိုင်ရရှိခဲ့သည်။ ယွီဖူရှန့်က ဤတိုက်အပွဲမှ အကျိုးအမြတ်ကြီးစွာ ရခဲ့ပြီး ဓားဂိုဏ်းသားများအကြားတွင် စံပြတစ်ယောက် ဖြစ်ခဲ့သည်။ အတိတ်မှ သူ၏ ကြိုးကြိုစားစားလေ့လာမှုနှင့် လေ့ကျင့်မှုများအကြောင်းလည်း ပျံ့နှံ့လာခဲ့သည်။ အကြီးအကဲများနှင့် တိုင်ပင်ဆွေးနွေးပြီးသည့်နောက်တွင် ဂိုဏ်းချုပ်က သူ့ကို ရှေးဟောင်းလျှို့ဝှက်နယ်ပယ်ထဲသို့ပါ ဝင်ခွင့်ပြုလိုက်သည်။ 


‌ဤလျှို့ဝှက်နယ်ပယ်က ဓားဂိုဏ်းအတွက် ရတနာဖြစ်သည်။ ဂိုဏ်းကိုတည်ထောင်ပြီးချိန်မှစ၍ မျိုးဆက်တစ်ခု၏ ထိပ်ဆုံးတပည့်ဆယ်ယောက်သာ ဝင်ခွင့်ရပေသည်။ ဤတစ်ကြိမ်တွင် ယွီဖူရှန့်ဝင်ခွင့်ရသွားခြင်းမှာ မမျှော်လင့်ထားသည့် ဆုလာဒ်တစ်ခုဖြစ်သည်။


လျှို့ဝှက်နယ်ပယ်သို့ မဝင်မီတွင် ယွီဖူရှန့်နှင့် အခြားသောတပည့်ဆယ်ယောက်က စင်မြင့်ကြီးပေါ်တွင် ရပ်နေရ၍ အားလုံး၏ အာရုံစိုက်မှုကို ရရှိထားသည်။ အောက်ဘက်မှ လူအများစု၏ မျက်လုံးထဲတွင် အားကျမှုများရှိနေသော်လည်း မနာလိုမဖြစ်ကြချေ။ သူ၏ အရည်အချင်းဖြင့်ဆိုလျှင် ဤထက်ကြီးသည့် အခွင့်အရေးကို မရနိုင်တော့ဟု သဘောထားပြီး အသိအမှတ် ပြုလိုက်ကြရုံသာဖြစ်သည်။


ယွီဖူရှန့်က အားလုံး၏ အမူအရာကိုကြည့်နေပြီး မျက်ဝန်းထဲတွင် တုန်လှုပ်မှု ရှိမနေခဲ့ပေ။ သို့ရာတွင် ရွှယ်ချွမ်က "ချင်း" ဟူသောစာလုံးထွင်းထားသည့် ကျောက်စိမ်းပြားကိုထုတ်လိုက်ချိန်တွင်မူ သူ့အကြည့်က ထိုနေရာတွင် ရပ်တန့်သွားသည်။ အခြားလူများမြင်သည့်အခါ ထိုလူများထဲမှ ရွှယ်ချွမ်နှင့် ဆက်ဆံရေးကောင်းသူတစ်ယောက်က ပြောလာသည်။

" ဘယ်သူ့ကျောက်စိမ်းပြားလဲ... မင်း ဒီလောက်တောင် ဝမ်းသာအားရပြုံးနေပုံနဲ့ဆို တစ်ယောက်ယောက် ပေးထားတာပဲဖြစ်မယ်..."


ဖန်ကျုံးချင်းက လူကောင်းတစ်ယောက်ဟု ရွှယ်ချွမ်တွေးနေမိသည်။ သူက ကျောက်စိမ်းပြားကို တောင်းရန်အထိ မျှော်လင့်ချက် မရှိနေသော်လည်း မမျှော်လင့်ထားသည်မှာ သူ၏ ဝမ်းနည်းနေသည့်အမူအရာကြောင့် ဖန်ကျုံးချင်းက သူ့ကို ကျောက်စိမ်းပြား ပေးသွားခဲ့သည်။


ရွှယ်ချွမ်၏ဘဝတွင် ဖန်ကျုံးချင်းကဲ့သို့သောလူမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။ သူ့ပုံစံက အေးစက်ပြီး အရာရာကို ဂရုမစိုက်သည့်ပုံ ပေါ်သော်လည်း အမှန်တွင်မူ သူ့စိတ်ထားက နူးညံ့လွန်းလှ၍ လူတိုင်းက သူ့နားကပ်ပြီး သကြားလုံးလိုချင်သည့် ကလေးတစ်ယောက်သဖွယ် ပြုမူချင်စရာဖြစ်နေသည်။


ရွှယ်ချွမ်က ကျောက်စိမ်းပြားကိုကြည့်ပြီး နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်မိသည်။


သူ့သူငယ်ချင်းဖန်ကျုံးချင်းက လူတိုင်းအား ကောင်းကောင်းမွန်မွန်ဆက်ဆံတတ်သည့်အကြောင်း အားလုံးကို ပြောပြချင်သော်လည်း ဤကိစ္စကို လူအနည်းစုသာသိလေ ကောင်းလေဟု သူ တွေးထားလိုက်သည်။ ထိုသို့မဟုတ်ပါက အားလုံးကညဖန်ကျုံးချင်း၏ဘေးတွင် သွားရောက်တွယ်ကပ်နေကြလိမ့်မည်ဖြစ်သည်။

" ဖန်ကျုံးချင်း ပေးထားတာလေ... သူက ပေါင်းသင်းရခက်တဲ့လူမျိုးဆိုပေမယ့် ငါနဲ့ကျတော့မတူဘူး..."


တစ်ဖက်လူက ဖန်ကျုံးချင်းနှင့် ခင်မင်လို၍ မိတ်ဆက်ပေးခိုင်းသည့်အခါ ရွှယ်ချွမ်က သူ့ရင်ဘတ်သူ ပုတ်လိုက်သည်။

" ငါတို့ လျှို့ဝှက်နယ်ပယ်ကထွက်လာရင် သူ့ဆီ တူတူသွားကြတာပေါ့..."


သို့ရာတွင် သူ လျှို့ဝှက်နယ်ပယ်ထဲမှ ပြန်မထွက်နိုင်ခဲ့ချေ။ 


လျှို့ဝှက်နယ်ပယ်က ရုတ်တရက် ပြိုလဲသွားသောကြောင့် ရွှယ်ချွမ်က ကံဆိုးစွာဖြင့် အထဲတွင်ပိတ်မိပြီး မြှုပ်နှံခံလိုက်ရသည်။ ဓားဂိုဏ်းချုပ်မှာ သတင်းဆိုးကြီးကြားပြီးချိန်တွင် ရင်ကွဲနာကျသွား၍ သူ့သားအလောင်းကိုရှာရန် လျှို့ဝှက်နယ်ပယ်၏ထွက်ပေါက်တွင် စောင့်နေခဲ့သည်။ 


လျှို့ဝှက်နယ်ပယ်သို့ အတူတူဝင်သွားကြသော အခြားတပည့်များ၏ အပြောအရ ယွီဖူရှန့်က သူ့အလောင်းကို ကြိုးကြိုးစားစား ရှာဖွေပေးခဲ့ခြင်းမဟုတ်ပါက ရွှယ်ချွမ်၏ အလောင်းကို ရှာတွေ့တော့မည်မဟုတ်ကြောင်း သိခဲ့ရသည်။


" ဒီတပည့်က အရည်အချင်းမရှိလို့ သခင်လေးကို မကယ်နိုင်ခဲ့ပါဘူး..."

ယွီဖူရှန့်၏မျက်နှာက ဖြူရော်နေပြီး ဝတ်ရုံလက်တွင် သွေးများစွန်းထင်းနေကာ ရွှယ်ချွမ်၏အလောင်းကို ပြန်ယူချိန်တွင်ရခဲ့သည့် ဒဏ်ရာများကလည်း လက်မောင်းပေါ်တွင် ရှိနေသည်။


ဓားဂိုဏ်းချုပ်မှာ အလွန်အမင်း ဝမ်းနည်းနေသော်လည်း ပြီးဆုံးသွားသောကိစ္စဖြစ်နေ၍ သက်ပြင်းချရုံသာ တတ်နိုင်ပေသည်။ သူ ယွီဖူရှန့်ကို ခေါင်းညိတ်ပြလိုက်ပြီး ဆေးပုလင်းတစ်လုံး ကမ်းပေးလိုက်သည်။ ထို့နောက် တုန်ယင်စွာဖြင့် ပြောလိုက်သည်။

" မင်း ဒဏ်ရာကို ဆေးထည့်လိုက်ပါဦး... ချွမ်အာရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်းမွန်မွန်ပြန်ယူပေးခဲ့တာ‌တင် ငါက ကျေးဇူးတင်နေပါပြီ..."


ယွီဖူရှန့် မျက်လွှာချထားလျက်ဖြင့် ပြောလိုက်သည်။

" စိတ်မကောင်းပါဘူး ဂိုဏ်းချုပ်..."


 ဓားဂိုဏ်းချုပ်က သူ့ပခုံးကိုအသာပုတ်ပြီး မနည်းအားတင်း၍ ပြုံးပြကာ ကြင်နာစွာဖြင့် ပြောလိုက်သည်။

" မြန်မြန်သွား အနားယူတော့..."


ယွီဖူရှန့် ခေါင်းညိတ်ပြလိုက်ပြီးနောက် တစ်ဖက်သို့လှည့်လိုက်ချိန်တွင် သူ့မျက်နှာထက်၌ ထီမထင်သည့် အမူအရာမျိုး ပေါ်လာသည်။ သူ့အခန်းသို့ ပြန်ရောက်သည့်အခါ "ချင်း" ဟူသောစာလုံးထွင်းထားသည့် ကျောက်စိမ်းပြားလေးကိုကိုင်လျက် လက်ထဲတွင် ဆော့ကစားနေသည်။


ခဏအကြာတွင် သူ့နှုတ်ခမ်းများ တွန့်ကွေးလာပြီး ကျောက်စိမ်းပြားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ပြုံးနေလျက်ဖြင့် ဖိချေဖျက်ဆီးလိုက်သည်။


****


ရှေးဟောင်းလျှို့ဝှက်နယ်ပယ်တွင် ယွီဖူရှန့် မည်သည်ကို ရရှိခဲ့သည်အား မည်သူမှ မသိကြချေ။ သို့ရာတွင် ထိုအချိန်မှစ၍ ယွီဖူရှန့်က လေ့ကျင့်ရန်အတွက် ဂိုဏ်းမှ မကြာခဏထွက်သွားပြီး သူပြန်လာသည့်အကြိမ်တိုင်းတွင် ကျင့်ကြံဆင့်က တိုးတက်လာခဲ့သည်။


ရှေးယခင်အချိန်တည်းက အချို့သောကျင့်ကြံသူများမှာ လေ့ကျင့်ခြင်းနှင့် ကျင့်ကြံရာမှ အရည်အချင်းများ တိုးတက်မလာဘဲ တိုက်ပွဲအတွေ့အကြုံနှင့် စစ်မြေပြင်တွင် ကြုံတွေ့လာရခြင်းများကြောင့် တစ်ဆင့်ခြင်းတိုးတက်လာသည်များလည်းရှိသည်။


ဓားဂိုဏ်းမှ အကြီးအကဲများက ယွီဖူရှန့်ကို ထိုသို့သော လူအမျိုးအစားထဲ ထည့်ထားသည်။ သူက နတ်ဆိုးများကို နှိမ်နင်းသတ်ဖြတ်သောကြောင့် ကျင့်ကြံရေးလောကထဲတွင် နာမည်ရလာခြင်းဖြစ်၍ လူများစွာက သူ့အပေါ် မျှော်လင့်ချက်ကြီးကြီးမားထားလာကြပြီး အဆင့်မြင့်ရင်းမြစ်များကိုပါ သူ့ထံ ပေးအပ်လာကြသည်။


ဓားဂိုဏ်းတွင် ယွီဖူရှန့်၏အဆင့်အတန်းက တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာပင် သူက ဓားဂိုဏ်းစာမေးပွဲတွင် နောက်ဆုံးရသည့်တပည့်အဖြစ်မှ အဆင့်တစ်တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။ ကျင့်ကြံရေးလောကတစ်ခုလုံးရှိ အင်မော်တယ်ဂိုဏ်းများမှ တပည့်များတွင် အလွန်အမင်း အရည်အချင်းရှိသော ဖန်ကျုံးချင်းမှလွဲ၍ သူနှင့် ယှဉ်နိုင်သူမရှိ ဖြစ်လာသည်။ 


 ဓားဂိုဏ်းသို့ ထပ်မံရောက်ရှိလာကြသည့် တပည့်အသစ်များကလည်း ယွီဖူရှန့်ကို လေးစားကြပြီး ကောင်းကင်ဘုံ၏သားတော်အဖြစ် မှတ်ယူထားကြသည်။


ဤနည်းဖြင့် ယွီဖူရှန့်မှာ သူ တစ်ချိန်က စိတ်ကူးမယဉ်ရဲခဲ့သည့်အရာများကို ရရှိလာပြီး ထူးချွန်ပြောင်မြောက်လာသော်လည်း ထိုအရာများ၏နောက်ကွယ်မှ တန်ရာတန်ကြေးကို သူတစ်ယောက်တည်းသာသိသည်။


မန်ယိုတောင်ကြားမှ ပြန်လာပြီးချိန်မှစ၍ ညတိုင်း သူ့ကိုအိမ်မက်ဆိုးများက နှိပ်စက်ခဲ့သည်။ 


သူ့မျက်လုံးမှိတ်လိုက်ချိန်တိုင်းတွင် မိုးရွားသွန်းနေသောညတစ်ည၌ ထိုတောင်ကြားကို ပြန်ရောက်သွားသည်ဟု အိမ်မက်မက်သည်။

( ဒီအောက်ကစပြီးဒီအောက်ကစပြီး **အထိက သူ တောင်ကြားကပြန်လာတည်းက နေ့တိုင်းမက်တဲ့အိမ်မက်အကြောင်း ပြောမှာပါ )


ကုတျောင်က သူ့နှုတ်သီးချွန်ချွန်များဖြင့် အသွေးအသားများကို ထိုးဆိတ်နေ၍ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ဓားဖြင့်ထိုးနေသည့်သဖွယ် ခံစားရသည်။ နာကျင်မှုကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း အိမ်မက်ဆိုးကြီးမှ မလွတ်မြောက်နိုင်ခဲ့ပေ။ 


မိုးရေနှင့် ရောနှောနေသည့်သွေးများက ရွှံ့များထဲကို စီးကျနေသည်။


သူက သာမန်ဂိုဏ်းသားတစ်ယောက်သာဖြစ်၍ အလွန်ကြမ်းကြုတ်သော နတ်ဆိုးသားရဲနှင့် ရင်ဆိုင်ရသည့်အခါ မခုခံနိုင်ခဲ့ပေ။ နတ်ဆိုးသားရဲကြီး သူ့ကိုဝါးမျိုနေခြင်းက မရေမတွက်နိုင်သောလက်များက သူ့ကိုအေးစက်မှောင်မည်းနေသည့်နေရာထဲသို့ ဆွဲခေါ်နေသည့်သဖွယ် ခံစားရစေသည်။ 


သို့ရာတွင် ၎င်းက အိမ်မက်ဆိုး၏ အဆုံးသတ် မဟုတ်သေးပေ။ သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်ပြီး ချွေးစေးများဖြင့် လန့်နိုး‌လာအောင်လုပ်သည်က အခြားလူတစ်ယောက်ဖြစ်သည်။


ကုတျောင်၏လက်ထဲမှ နာကျင်စွာ ရုန်းကန်နေပြီး သားရဲကြီးကြောင့် ဖြစ်ပေါ်လာသည့်ကြောက်ရွံ့မှုကို ခံစားနေရပြန်သော်လည်း ‌ဤတစ်ကြိမ်တွင် ယွီဖူရှန့်က ဘေးမှ ရပ်ကြည့်နေသူဖြစ်လာပြန်သည်။ လူငယ်လေးက လက်နှစ်ဖက်ဆန့်၍ အကြောက်အကန်ငြင်းဆန်နေသော်လည်း ကုတျောင်၏ခြေထောက်များက သူ့ကိုတစ်လက်မမှ လှုပ်ရှားခွင့်မပြုချေ။ 


ထိုလူငယ်လေး ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူ့မျက်နှာက ယွီဖူရှန့်နှင့် တစ်ထပ်တည်းဖြစ်နေသည်။


အလင်းရောင်မှိန်ပျပျသာရှိသော တောနက်ထဲတွင် သူ၏မျက်လုံးများက သွေးရောင်သန်းနေသညိ။


" မင်း သူ့ကို အဲလိုလုပ်ရဲတယ်ပေါ့လေ..."


ယွီဖူရှန့်မှာ သူ့ကိုယ်သူ ထိုသို့ပြန်မမြင်ဖူးခဲ့သောကြောင့် အလွန်ကြောက်လန့်နေမိသည်။ သူ အကောင်းဆုံးကြိုးစား၍ အိမ်မက်ဆိုးကြီးကို ရှောင်တိမ်းရန် ကြိုးပမ်းခဲ့သော်လည်း ရွေးချယ်စရာမရှိ၍ တစ်ချိန်လုံး မအိပ်ဘဲ နေရတော့သည်။ သူ အကောင်းဆုံးကြိုးစားကျင့်ကြံပြီး သူ့ကိုယ်သူ ထိန်းချုပ်ထားခဲ့သည်။ 


*


သို့ရာတွင် အချို့သောလူများက သူ လိုချင်နေခဲ့သည့်အရာကို မည်သည့်အခါမှ ပေးမည်မဟုတ်သည့်ပုံပင်။ ရွှယ်ချွမ်ကလည်း ထိုသို့ဖြစ်ပြီး ဖန်ကျုံးချင်းက သူ့ကိုပေးသည့် ကျောက်စိမ်းပြားကို ယွီဖူရှန့်၏ရှေ့တွင် တမင်ကြွားဝါပြခဲ့ပေသည်။


ဖန်ကျုံးချင်း၏ အဆင့်အတန်းက သူနှင့်အလွန်ကွာခြားနေသည့်အပြင် ရွှယ်ချွမ်က ဂိုဏ်းချုပ်၏သားဖြစ်သောကြောင့် မန်ယိုတောင်ကြားတွင် သားရဲကိုဆွဲဆောင်ခဲ့သည့် အပြစ်ကျူးလွန်ခဲ့သော်လည်း ခေါင်းခံပေးမည့်လူက ရှိနေသည်ဟု သူ့ကို ထပ်ခါထပ်ခါ လာရောက်ပြောဆိုနေသည်နှင့် တူပေသည်။ ထို့အပြင် သူက ဖန်ကျုံးချင်းနှင့် သူငယ်ချင်းအလွယ်တကူဖြစ်လာရန် ထိုက်တန်သူတစ်ယောက်ဟုလည်း ပြောလာခဲ့သည်။


ယွီဖူရှန့်က သူနှင့်အတူတကွ လျှို့ဝှက်နယ်ပယ်ထဲ ဝင်ခဲ့သည်။ အတွင်းရောက်သည့်အခါ ကံကောင်းထောက်မစွာဖြင့် စာလိပ်တစ်လိပ်ကို ရှာတွေ့ခဲ့သည်။ ၎င်းက အလွန်စွမ်းအားကြီးလှသည့် မှော်မန္တန်တစ်ခုသာ ဖြစ်ပေသည်။


ကျင့်ကြံသူတစ်ယောက်က စတင်ကျင့်ကြံချိန်မှစ၍ နောက်ပြန်လှည့်၍ မရတော့ပေ။ ရွှယ်ချွမ်က သူ လျှို့ဝှက်နယ်ပယ်ထဲတွင် ရတနာရှာတွေ့ကြောင်းသိ၍ ပြဿနာရှာတော့သည်။ ယွီဖူရှန့်မှာ တွန့်ဆုတ်ခဲ့သော်လည်း ရွေးချယ်စရာမရှိခဲ့၍ သွေးမှော်ပညာဟုခေါ်သည့်မန္တန်ကို လေ့ကျင့်ရတော့၏။


ပြိုင်ဘက်၏သွေးတစ်စက်ရရုံဖြင့် ထိုလူက မိုင်ထောင်ကျော် အကွာအဝေးတွင် ရှိနေလျှင်ပင် ထိုသူ၏ဘဝကို သေသည်ထက်ဆိုးရွားအောင် ပြုလုပ်နိုင်ပေသည်။ ယွီဖူရှန့်၏ ရွှယ်ချွမ်အပေါ် ရန်ငြှိုးအသစ်အဟောင်းများ ပေါင်းစပ်သွားသည့်အခါ ရွှယ်ချွမ်က လျှို့ဝှက်နယ်ပယ်ထဲမှ အသက်ရှင်လျက် မထွက်လာနိုင်ခဲ့တော့ပေ။ 


ယွီဖူရှန့်၏ ဘဝတွင် လူသတ်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သော်လည်း သူ့စိတ်ထဲ အလွန်ပျော်ရွှင်နေမိသည်။ အကယ်၍ ထိုနေရာတွင် အခြားလူတစ်ယောက်ရှိနေခဲ့ပါက သူ၏ ကတ္တီပါနီရောင်မျက်ဝန်းများမှာ မကောင်းမှုများဖြင့် ပြည့်နေသည်ကို ကျိန်းသေပေါက် တွေ့မြင်နိုင်ပေမည်။


ယွီဖူရှန့်က ရွှယ်ချွမ်၏ကျောက်စိမ်းပြားကိုယူလာခဲပြီး လျှို့ဝှက်နယ်ပယ်ထဲမှ ထွက်လာသည်နှင့် ထိုကျောက်စိမ်းပြားပေါ်မှ "ချင်း"ဟူသောစာလုံးကို စိုက်ကြည့်နေပြီး ဖိချေဖျက်ဆီးပစ်လိုက်သည်။


အခြားလူကို ပေးထားသည့်ပစ္စည်းအား သူ သိမ်းထားနေရန် မလိုအပ်ချေ။ 


သို့ရာတွင် ကျောက်စိမ်းပြားအမှုန့်များ သူ့လက်ပေါ်ရောက်သည်နှင့် ယွီဖူရှန့် အနည်းငယ်နောင်တရလာသည်။ သူ ထိုကျောက်စိမ်းပြားကိုသုံး၍ ဖန်ကျုံးချင်းအား ဆက်သွယ်နိုင်ပေသည်။ ထိုနောင်တကြောင့် မူမမှန်သော အခြေအနေမှ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။


ယွီဖူရှန့်က လက်ထဲမှ အမှုန်များကိုစိုက်ကြည့်နေပြီး သူ့မျက်နှာက ဖြူဖျော့လာသည်။


သူက သွေးမှော်ပညာကို စွဲလန်းသွားသည်ဟု ထင်ခဲ့မိသော်လည်း ရွှယ်ချွမ်က နာကျင်မှုကြောင့် အော်ဟစ်ရုန်းကန်နေပြီး အသက်ချမ်းသာပေးရန် တောင်းပန်နေသည်ကို မြင်ရချိန်၌လည်း သူက တည်ငြိမ်နေပြီး သတ်ဖြတ်ခြင်းနတ်ဘုရားသဖွယ် အညှာအတာကင်းမဲ့နေခဲ့သည်။ 


ထိုအသိစိတ်ကြောင့် ယွီဖူရှန့်က အိမ်မက်ဆိုးထဲတွင်မြင်ခဲ့သော မှေးကျဉ်းနေသည့်အကြည့််များနှင့် မြင်လိုက်သူတိုင်း ကြက်သီးထစေမည့် ကတ္တီပါနီရောင်မျက်လုံးများကို သတိရသွားသည်။


နောက်ဆုံးတွင် ယွီဖူရှန့်က အိမ်မက်ဆိုးများဖြင့် ပို၍ အမဲလိုက်ခံနေခဲ့ရသည်။ တစ်ခါတစ်ရံ သူ အိပ်ရာနိုးလာချိန်တွင် မည်သည်က လက်တွေ့ မည်သည်က အိမ်မက်ဆိုးဖြစ်သည်ကို မခွဲခြားနိုင်ဘဲ မိုးရွာနေသည့်ည၌ တောင်ကြားထဲတွင် ထာဝရ ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရသည်။


အိမ်မက်ဆိုးများကို ရှောင်ကြဉ်ရန်အတွက် ယွီဖူရှန့် နေ့နေ့ညည လေ့ကျင့်ခဲ့သည်။ 


သို့ရာတွင် အချိန်ကုန်ဆုံးလာလေ သည်းမခံနိုင်ဖြစ်လာလေဖြစ်သည်။ ထိုအချိန်တွင် သူ ဖန်ကျုံးချင်းထံသို့ စာများစတင်ပို့ခဲ့သော်လည်း တစ်ဖက်လူက သူ့ကိုမမှတ်မိနိုင်ဟု တွေးခဲ့မိသည်။ သို့ရာတွင် စာပို့ငှက်ထံမှ ပြန်စာ ပြန်လည်ရရှိချိန်၌ သူ့ရင်ထဲတွင် ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာရသည်။


အခြားသောရည်ရွယ်ချက်များမရှိဘဲ ကျင့်ကြံဆင့်ကိုသာ တိုးတက်အောင်လုပ်ချင်နေသော အတိတ်ကနှင့်ယှဉ်ပါက ယွီဖူရှန့်၏စိတ်ထဲတွင် လိုချင်တပ်မက်သောအရာများ တဖြည်းဖြည်းတိုးပွားလာသည်။


သူ သွေးမှော်ပညာကို မငြင်းဆန်တော့‌ဘဲ လောကသုံးခုဆုံ‌သည့်နေရာသို့ ခရီးသွားလာကာ နတ်ဆိုးကျင့်ကြံသူများစွာနှင့် မကောင်းဆိုးဝါးများ သွေးမှော်ပညာလေ့ကျင့်သည့် နေရာများကို ရှာဖွေခဲ့သည်။


ထိုနတ်ဆိုးကျင့်ကြံသူများစွာဖြင့် ကျင့်ကြံခြင်းဖြင့် သူ့ကျင့်ကြံဆင့်က တဖြည်းဖြည်းတိုးတက်လာပြီး ဖန်ကျုံးချင်းကို အမှီလိုက်နိုင်လာမည်ဖြစ်သည်။


ဖန်ကျုံးချင်းက သူနှင့် အဆက်အသွယ်မပြတ် ရှိခဲ့သည်။ သူနှင့်မတူညီသည်မှာ ဖန်ကျုံးချင်းက အပြင်ထွက်ရသည်အား မနှစ်သက်ပေ။ သူက ချောင်းယွင်တောင်ထွတ်တွင်သာ နှစ်ပေါင်များစွာနေခဲ့ပြီး လူရှေ့သို့ ထွက်ခဲလှပေသည်။ ပုံမှန်နေ့များတွင် ချင်းလင်ဂိုဏ်းချုပ်မှလွဲ၍ အခြားလူများက သူ့နားကပ်ရန် မလွယ်လှချေ။ 

 

ချောင်းယွင်တောင်ထွတ်တွင် အခြားလူများမရှိနေ၍ တစ်ဦးတစ်ယောက်မှ သတိမပြုမိစေဘဲ ယွီဖူရှန့်က ‌ထိုနေရာသို့ အလွယ်တကူ ရောက်လာနိုင်ပေသည်။ 


ထိုညတွင် ဖန်ကျုံးချင်းက စံအိမ်ထဲမှထွက်လာပြီး ဝတ်ရုံကိုဝတ်လိုက်သည်ချိန်တွင် ပြတင်းပေါက်နားမှ သွေးနံ့အချို့ကို ရလိုက်သည်။ သူ မျက်ခုံးပင့်ပြီး ခြေဗလာဖြင့်ထွက်လာသောကြောင့် စင်္ကြန်လမ်းတွင် ခြေရာများ ကျန်ရစ်ခဲ့သည်။


ဒီအချိန်ကြီးမှဆိုရင်တော့ ဆရာမဟုတ်ရင် ယွီဖူရှန့်ပဲဖြစ်မယ်... သူ ဒဏ်ရာရလာပြန်တာထင်တယ်...

ဖန်ကျုံးချင်း၏စိတ်ထဲ တွေးနေလိုက်သည်။


သူက ယွီဖူရှန့်နှင့်မတူညီဘဲ တရားထိုင်၍ ကျင့်ကြံရခြင်းကို အသားကျနေသူဖြစ်သည်။ ယွီဖူရှန့်က အခြားလူများနှင့် တိုက်ခိုက်ရသည်ကို ပို‌နှစ်သက်သူဖြစ်၍ ဒဏ်ရာရလာသည်မှာ ပုံမှန်သာဖြစ်ပြီး သူ့ခန္ဓာကိုယ်တွင် သွေးနံ့များအမြဲမပြတ် ရနေလေ့ရှိသည်။


ဖန်ကျုံးချင်း သိုလှောင်အိတ်ကိုယူလိုက်ပြီး တွေးတောနေလျက်ဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်နေသည်။ သူ ထင်ထားသည့်အတိုင်းပင် ခြံဝင်းထဲ၌ လူတစ်ယောက် ရောက်နေသည်ကို မြင်လိုက်ရသည်။


လူငယ်လေးက လှေကားအောက်ခြေတွင်ရပ်နေပြီး အဝတ်အစားများက သွေးများဖြင့် စိုရွှဲနေသည်။ သူ ထိုနေရာတွင် စောင့်ဆိုင်းနေသည်မှာ မည်မျှကြာပြီဖြစ်ကြောင်းပင် မမှတ်မိတော့ချေ။ သူ၏ ချောမောခံ့ညားသော မျက်နှာတစ်ဝက်က အမှောင်ထုဖြင့် ဖုံးနေပြီး မျက်လုံးများမှိတ်ထားကာ သူ့အမူအရာကလည်း အနည်းငယ် ပင်ပန်းနွမ်းနေပုံရသည်။


သူ ရောက်ရှိလာသည်ကို သတိပြုမိဟန်ဖြင့် မှေးကျဉ်းနေသောမျက်လုံးများက ပျော်ရွှင်စွာဖြင့် ပွင့်လာသည်။ 

" ကျုံးချင်း..."


" မင်းဘာလို့ ဒဏ်ရာတွေ ရလာပြန်တာလဲ..."

ဖန်ကျုံးချင်းက လှေကားများပေါ်မှဆင်းလာပြီး နှစ်ဝက်ခန့်မမြင်ခဲ့ရသောလူ၏ လက်ချောင်းများကို ကိုင်လိုက်သည်။ ထိုလူက သူ့ထက်လည်း အရပ် ပိုမြင့်လာခဲ့ပေသည်။


အပြင်ဘက်တွင် ညလေအေးများတိုက်ခတ်၍ အေးစိမ့်စိမ့်ဖြစ်နေသောကြောင့် ဖန်ကျုံးချင်း မျက်မှောင်ကြုတ်လိုက်မိပြီး ဝိညာဉ်စွမ်းအင်ဖြင့် ယွီဖူရှန့်ကို နွေးထွေးသွားအောင်လုပ်ပေးကာ သူ့အခန်းထဲခေါ်သွားပြီး ဆေးလိမ်းပေးရန် ပြင်လိုက်သည်။


ယွီဖူရှန့်က သူ့ကိုရှင်းပြလိုက်သည်။ 

" ဘာမှ ရေးကြီးခွင်ကျယ်ဖြစ်ခဲ့တာ မဟုတ်ပါဘူ... နတ်ဆိုးစစ်သူကြီးတစ်ယောက်နဲ့ တိုက်ခဲ့ရလို့ပါ..."


နတ်ဆိုးလောကတွင် နတ်ဆိုးစစ်သူကြီး၏ရာထူးက နတ်ဆိုးဘုရင်များပြီးလျှင် ဒုတိယအကြီးဆုံးဖြစ်သည်။ သူက ထိုသို့သောလူနှင့်တိုက်ခိုက်ပြီး တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲခဲ့ပုံရသည်။


ယွီဖူရှန့် သူ့ဝတ်ရုံကြယ်သီးကိုဖြုတ်လိုက်သည့်အခါ ပခုံးသားများပေါ်လွင်သွားပြီး အိပ်ရာပေါ်တွင် သက်တောင့်သက်သာဖြစ်စေမည့်ပုံစံဖြင့် လှဲလိုက်သည်။


ဖန်ကျုံးချင်းက သွေးထွက်နေသည့်ဒဏ်ရာကိုကြည့်ပြီး ဆေးအချို့လိမ်းပေးလိုက်သည်။


အခြားလူများဆိုပါက "ဖန်ကျုံးချင်းက ဓားဂိုဏ်းကိုဘာလို့ မပြန်သွားရတာလဲ " ၊ " သူ ဒဏ်ရာရလာတာကို ဘာလို့ သမားတော် သွားမရှာတာလဲ " ၊ " ဘာလို့ သူ့တပည့်တွေကို မကူညီခိုင်းဘဲ ငါ့ကိုမှ လာရှာတာလဲ " ဟူသော မေးခွန်းများကို မေးမည်ဖြစ်သော်လည်း ဖန်ကျုံးချင်းကမူ ကျင့်ကြံခြင်းမှလွဲ၍ အခြားကိစ္စများကို ခေါင်းထဲတွင် မရှိပေ။ 


သို့ဖြစ်၍ တစ်ဖက်လူက ဒဏ်ရာရလာသည်ကို တွေ့ပါက သူ့ဘက်က မည်သည့်မေးခွန်းမှမမေးဘဲ ဆေးထည့်ပေးမည်သာဖြစ်သည်။


သို့ရာတွင် ယနေ့ညတွင်မူ ဆေးထည့်ပေးရသောနေရာက နှလုံးရှိသည့်နေရာနှ

င့် အလွန်နီးကပ်နေခဲ့သည်။ ဖန်ကျုံးချင်း စေ့စေ့စပ်စပ်ကြည့်လိုက်သည့်အခါ ယွီဖူရှန့်နှလုံးသား၏ ညာဘက်တည့်တည့်တွင် အမာရွတ်ဟောင်းတစ်ခု ရှိနေသည်ကို သတိပြုမိသွားသည်။