Villain Shizun (Extra 4-2)
ကုတျောင်တိုက်ခိုက်ခဲ့စဉ်က ထိုးဆိတ်ခဲ့သောနေရာက ယွီဖူရှန့်၏နှလုံးသားနှင့် လက်မအနည်းငယ်ခန့်သာ ဝေးတော့သည်ဟု သူ့ဆရာပြောသည်ကို ဖန်ကျုံးချင်းကြားခဲ့ရသည်။
ထိုအချိန်က ဖန်ကျုံးချင်းမှာ မြက်ပင်ရှည်များကြားတွင် ရှိနေခဲ့ခြင်းဖြစ်သည်။ ထိန်းမရသောဒဏ်ရာကြောင့် သူ အိပ်မောကျနေခဲ့သော်လည်း တစ်ဖက်လူက နာကျင်မှုကြောင့် တစ်ချက်မျှပင်မအော်ခဲ့သည်ကို သူ ရေးတေးတေး အမှတ်ရခဲ့သည်။
ဖန်ကျုံးချင်းက လူငယ်လေး၏ အလွန်အမင်း ပင်ပန်းနွမ်းလျနေသောမျက်နှာကို ကြည့်နေခဲ့ပြီးမှ ပြောလိုက်သည်။
" မင်း ဘာလို့ ဒီလိုမျိုး တိုက်ခိုက်နေရတာလဲ... ဂိုဏ်းမှာပဲနေပြီး လေ့ကျင့်တာ ပိုမကောင်းဘူးလား..."
ယွီဖူရှန့် မျက်ခွံလှန်ကြည့်လိုက်ပြီး ခဏတာငြိမ်ကျသွားသည်။
" ဒါ ငါလုပ်နိုင်တဲ့ အကောင်းဆုံးကိစ္စပဲလေ... ဒီလိုမျိုးက ကျင့်ကြံဆင့်ကို မြန်မြန်တိုးလာနိုင်တယ်..."
သူ ဖန်ကျုံးချင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
သူ့ရှေ့ရှိ အဖြူရောင်ဝတ်ရုံနှင့်လူငယ်လေးက ကလေးဘဝတည်းက ကောင်းကင်ဘုံ၏သားတော် ဖြစ်ခဲ့သူဖြစ်၍ အမှောင်ထုဟူသောအရာကို မခံစားခဲ့ဖူးသူဖြစ်သည်။ အင်မော်တယ်ဂိုဏ်းများ၌ လူသိရှင်ကြားဖြစ်စေ ပုန်းလျှိုးကွယ်လျှိုးဖြစ်စေ ရုန်းကန်နေရမှုများရှိပြီး တပည့်များအကြား အပြင်းအထန် ပြိုင်ဆိုင်မှုများ ရှိနေသည်ကိုလည်း သိပုံမရပေ။
ယွီဖူရှန့် : " ငါ အခုလက်ရှိ ဓားဂိုဏ်းကို သဘောမကျဘူး..."
အတိတ်တွင်မူ သူက ဓားဂိုဏ်း၏အောက်ဆုံးတွင် နေထိုင်ခဲ့ရသူဖြစ်၍ လူသားများ၏ ကြင်နာမှုဟူသောအရာကို သိရှိခံစားခဲ့ရသည်။ လူသိများထင်ရှားသောတပည့်များ၊ ဂိုဏ်းချုပ်၏မျိုးဆက်များ၊ နာမည်ကြီးမိသားစုများမှ တပည့်များက အခြားလူများထက်ပို၍ အလေးပေးခံသည်။ သူသည်လည်း လက်ရှိအချိန်၌ ဂိုဏ်းထဲတွင် အလေးပေးခံရသူဖြစ်သည်။ အကယ်၍ အမှားတစ်ခုခု လုပ်ခဲ့မိလျှင်ပင် အကြီးအကဲများက သူ့ကို မျက်နှာသာပေးပြီး ပြစ်ဒဏ်မပေးကြပေ။
ယွီဖူရှန့်က ဤသို့သော ဓားဂိုဏ်းမျိုးကို သဘောမကျပေ။
သူမျှော်လင့်ထားသည့်ဓားဂိုဏ်းက တပည့်များအားလုံး တစ်ယောက်နှင့်တစ်ယောက် သဟဇာတဖြစ်အောင် နေထိုင်ပြီး ဂိုဏ်းချုပ်နှင့် အကြီးအကဲများကလည်း အားလုံးကို တန်းတူရည်တူဆက်ဆံစေခြင်းဖြစ်သည်။ သို့သော ယခုလက်ရှိ ဓားဂိုဏ်းက မမျှတမှုများဖြင့် ပြည့်နေသော ကျင့်ကြံရေးဂိုဏ်းတစ်ခုဖြစ်နေ၍ သာမန်လူများနှင့် မကွာခြားလှပေ။
ဖန်ကျုံးချင်းက ငယ်ရွယ်စဉ်တည်းက ဘဝခရီးလမ်း ဖြောင့်ဖြူးခဲ့သူဖြစ်၍ ထိုအကြောင်းများကို သိမြင်ဖူးမည် မဟုတ်ချေ။ ယွီဖူရှန့်က သူ့ကို မနာလိုဖြစ်ရမည့်အစား သူ့အတွက် ဝမ်းသာပေးနေမိသည်။
သူ့အမြင်တွင်မူ ဖန်ကျုံးချင်းက ဤပုံစံအတိုင်းဖြစ်သင့်သူပင်။ သူ့ကဲ့သို့ အမှောင်ထုထဲမှ ထွက်ခွာလာပြီး အလင်းရောင် အတွက် တိုက်ခိုက်နေမည်မျိုး မဟုတ်ဘဲ လောကကြီးမှ အညစ်အကြေးများဖြင့် စွန်းထင်းမနေဘဲ နတ်ဘုရားတစ်ပါးသဖွယ် နေထိုင်သင့်ပေသည်။
ယွီဖူရှန့် ပြောလိုက်သည်။
" တစ်နေ့ကျရင် ငါ ဓားဂိုဏ်ကို ဒီထက်ပိုကောင်းလာအောင် လုပ်မယ်ဆိုတာ မင်းယုံလား..."
ဖန်ကျုံးချင်း : " မင်း ဂိုဏ်းချုပ် ဖြစ်ချင်တာလား..."
ယွီဖူရှန့် ခေါင်းညိတ်ပြလိုက်သည့်အခါ ဖန်ကျုံးချင်း၏စိတ်ထဲ တွေးတောနေမိသည်။ လူတစ်ယောက်က အခြားသောကိစ္စအားလုံးလုပ်ရန် ရှိနေသော်လည်း အဘယ့်ကြောင့်ဂိုဏ်းချုပ်ဖြစ်ချင်နေရသည်ကို သူ သဘောမပေါက်နိုင်ပေ။ ထိုကိစ္စက သူ့အတွက်မူ ကိရကထအလွန်များပြီး စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ပင်။
ယွီဖူရှန့်ပြောသည်ကို ယုံခြင်း မယုံခြင်းကမူ...
" ငါ ယုံတာ မယုံတာက အရေးကြီးလို့လား..."
ယွီဖူရှန့် သူ့ကိုစိုက်ကြည့်နေပြီး ခေါင်းထပ်ညိတ်ပြလိုက်သည်။
ဖန်ကျုံးချင်း ခဏစဉ်းစားလိုက်ပြီးနောက် ဆေးပုလင်းကိုပြန်သိမ်းကာ နှုတ်ခမ်းများတွန့်ကွေး၍ပြုံးပြပြီး ခေါင်းအသာညိတ်လိုက်သည်။
ယွီဖူရှန့်၏မျက်လုံးများ ချက်ချင်း အရောင်လက်သွားတော့၏။
ချောင်းယွင်တောင်ထွတ်တွင် နာရီဝက်ခန့်နေပြီးသည်နှင့် ညနက်လာသည်။ ယွီဖူရှန့်က ထွက်သွားခါနီးတွင် သူနှင့်အတူ အပြင်လောကတွင် လေ့ကျင့်ချင်လားဟု ဖန်ကျုံးချင်းကို မေးလိုက်သည်။
ဖန်ကျုံးချင်း ခေါင်းခါပြလိုက်သည်။ သူက အပြင်ထွက်ရသည်အား သဘောမကျဘဲ ဂိုဏ်းထဲတွင် နေရသည်ကိုသာ သက်တောင့်သက်သာ ခံစားရပေသည်။
ယွီဖူရှန့်က သူ့ကိုထပ်မံ မဖြောင်းဖျတော့ချေ။ အမှန်တွင်မူ ဖန်ကျုံးချင်းက ချင်းလင်ဂိုဏ်းချုပ်မှလွဲ၍ အခြားလူများနှင့် မရင်းနှီးသည့်အပြင် ချောင်းယွင်တောင်ထွတ်၌ တစ်ယောက်တည်း နေနေခြင်းဖြစ်၍ သူ အလွန်အမင်းဝမ်းသာနေမိသည်။
ဤနည်းဖြင့် သူက ဖန်ကျုံးချင်းနှင့် အရင်းနှီးဆုံးလူ ဖြစ်လာနိုင်ပေသည်။
*
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ်တစ်ကြိမ်ကျင်းပသော အင်မော်တယ်ဂိုဏ်းများနှီးနှောဖလှယ်ပွဲ ကျင်းပရမည့်အချိန်သို့ ရောက်ရှိလာသည်။
ဤပွဲကို အင်မော်တယ်ဂိုဏ်းကြီးသုံးခုက စီစဉ်ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ ကျင့်ကြံရေးလောကရှိ များပြားလှသော အင်မော်တယ်ဂိုဏ်းများအကြားမှ ဆက်ဆံရေးကို တိုးမြှင့်ရုံသာမက ဂိုဏ်းများမှ တပည့်အချင်းချင်းကို ယှဉ်ပြိုင်ခိုင်းပြီး ကျင့်ကြံရေးလောကတွင် သူတို့၏ အဆင့်အတန်းကို ဆုံးဖြတ်နိုင်ရန် ဖြစ်သည်။
နှီးနှောဖလှယ်ပွဲသို့ ကျင့်ကြံရေးလောကမှ ဂိုဏ်းပေါင်းစုံ၏ တပည့်များလည်း လာရောက်ကြရသည်။
သူတို့အကြားတွင် အားလုံး အာရုံအစိုက်ရဆုံးဖြစ်နေသည်မှာ အဓိက အင်မော်တယ်ဂိုဏ်းကြီးများမှ တပည့်များဖြစ်ပြီး လူပြောအများဆုံးဖြစ်နေသူများမှာ ဖန်ကျုံးချင်းနှင့် ယွီဖူရှန့်တို့ဖြစ်သည်။
ဤနှစ်ပိုင်းအတွင်းတွင် ဖန်ကျုံးချင်းက အပြင်သို့ထွက်ခဲလှပေသည်။ အပြင်လောကမှလူများမှာ ချင်းလင်ဂိုဏ်းတွင် ပါရမီရှင်တစ်ယောက်ရှိကြောင်းသိသော်လည်း သူ့အကြောင်းကို အသေးစိတ်မသိကြချေ။ ယွီဖူရှန့်ကမူ သူနှင့် အလွန်ကွာခြားပေသည်။ သူက ကျင့်ကြံရေးလောကရှိ နေရာပေါင်းစုံတွင် တစ်နှစ်ပတ်လုံး လေ့ကျင့်နေသူဖြစ်၍ ဂိုဏ်းပေါင်းစုံမှ တပည့်များက သူ့ကိုမြင်သည်နှင့် မှတ်မိကြသည်။
နှီးနှောဖလှယ်ပွဲ အချိန်ကျလာသည်နှင့် ယွီဖူရှန့် ရောက်လာသည့်အခါ အရပ်မျက်နှာအနှံ့မှ မျက်လုံးပေါင်းစုံက သူ့ထံသို့ ကျရောက်လာသည်။
ထို့နောက် သူ့ဘေးတွင် ရပ်နေသူကို မြင်လိုက်သည့်အခါ အားလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။
လူငယ်လေးတစ်ယောက်က ကွင်းပြင်ထဲသို့ ရောက်လာသည်။ သူ၏ အနက်ရောင်ဆံပင်များကိုလည်း သရဖူဖြင့် စည်းနှောင်ထားသည်။ တစ်ချိန်ကကောင်လေးတစ်ယောက်၏ ရိုးသားဖြူစင်သောသွင်ပြင် ကွယ်ပျောက်သွားကာ သူ့ပုံစံက ခံ့ညားတည်ကြည်လာပေသည်။
သူက အရပ်ရှည်ရှည် ခန္ဓာကိုယ်တောင့်တောင့်နှင့်ဖြစ်ပြီး ဆင်တူဝတ်စုံဝတ်ထားသော ဓားဂိုဏ်းတပည့်များအကြား၌ ထင်းထွက်နေသည်။
သူ့ဘေးမှပါလာသည့် အမျိုးသမီးက အဖြူရောင်ဝတ်ရုံဝတ်ထားကာ မျက်လုံးများက ကြည်လင်နေပြီး သူမလက်ထဲတွင်လည်း ပလွေတစ်ချောင်းကိုင်ထားကာ အေးစက်စက်ပုံစံဖြစ်ပေသည်။
လူအများစုက သူမကို ချက်ချင်းမှတ်မိကြပြီး တအံ့တဩပြောကြတော့သည်။
" နတ်သမီးလေး ယန်ယွဲ့ ပါလား..."
မုယန်ယွဲ့က ဓားဂိုဏ်းချုပ် ယခုနောက်ပိုင်းမှ လက်ခံထားသောတပည့်ဖြစ်သည်။ ဓားဂိုဏ်းကို ယောကျာ်းသားအများစုဖြင့် ဖွဲ့စည်းထားသောကြောင့် မိန်းကလေးတပည့် အလွန်နည်းပါးသည်ဖြစ်သည့်အပြင် လှပသည့်မိန်းကလေးက ပိုမိုရှားပါးလှသည်။ အမျိုးသမီးဖြစ်သည့်အပြင် အရည်အချင်းကလည်း ထူးချွန်ထက်မြက်လှသောကြောင့် မုယန်ယွဲ့က မကြာမီအချိန်တွင် ကျင့်ကြံရေးလောက၌ နာမည်ကြီးလာတော့သည်။
အားလုံးက အရည်အချင်းရှိလှသော အမျိုးသားနှင့် အမျိုးသမီးကို ကြည့်နေကြမိသည်။ အချို့သော ကောလဟာလများကို အမှတ်ရပြီးနောက် မျက်နှာထက်တွင် ဒွိဟဖြစ်နေသော အမူအရာများ ပေါ်လာသည်။
" သူများတွေပြောကြတာတော့ မုယန်ယွဲ့ကို နတ်ဆိုးကျင့်ကြံသူတွေက ဒုက္ခပေးတော့မယ့်အချိန်မှာ ယွီရှစ်ရှုန်းနဲ့ တွေ့ခဲ့တာတဲ့..."
" သူရဲကောင်းက မိန်းမလှလေးကို ကယ်လိုက်တာပဲ... နတ်သမီးလေးယန်ယွဲ့က သူ့ကို ကြိုက်တဲ့သူ အများကြီးကိုတောင် အဖက်လုပ်တာမဟုတ်ဘဲ ယွီဖူရှန့်တစ်ယောက်တည်းကိုပဲ အရေးလုပ်တာ..."
" အလိုလေး လှတဲ့ပန်းပွင့်တိုင်းက ပိုင်ရှင်ရှိကြတာပဲ... ငါတို့တွေကတော့ အဝေးကနေ ကြည့်နေရုံပဲ တတ်နိုင်တာပေါ့လေ..."
မုယန်ယွဲ့က သူမနားမှလူများပြောဆိုနေကြသည်ကို ကြားလျှင် အေးစက်သော မျက်နှာထက်၌ ရှက်ရွံ့နေသည့် အမူအရာမျိုးပေါ်လာပြီး ကျောက်စိမ်းပုလွေကိုကိုင်ထားသည့်လက်များကို တင်းတင်းဆုပ်လိုက်ကာ မျက်လုံးများကို မှေးကျဉ်းပြီး ဘေးနားမှလူကို လှမ်းကြည့်လိုက်သည်။
ထူးဆန်းသည်မှာ ယွီဖူရှန့်က အားလုံးကို မယုတ်မလွန်သာ မျှမျှတတ ဆက်ဆံတတ်သော်လည်း သူမကိုဆိုပါက အနည်းငယ် နူးညံ့ပေသည်။
အနားမှလူများ၏ ပြောစကားကိုကြားသည်နှင့် သူမ နှလုံးခုန်သံက မြန်ဆန်လာပြီး ယွီဖူရှန့်၏ အမူအရာကို မြင်တွေ့လိုသော်လည်း တစ်ဖက်လူက အနားမှ ပြောစကားများကို မကြားသည့်အတိုင်း နေနေသည်။ ထို့နောက် ဘေးဘယ်ညာကိုကြည့်ပြီး တစ်ခုခုအား ရှာဖွေနေသည့်ပုံပေါ်သည်။
မုယန်ယွဲ့၏နှုတ်ခမ်းများ အနည်းငယ်ပွင့်ဟလာသည်
" ဆရာတူအစ်ကို..."
သူမ စကားဆုံးသည်နှင့် ဘေးနားမှလူက ခေါင်းကိုတစ်ဖက်သို့လှည့်သွားပြီး လူအုပ်ထဲကိုလှမ်းကြည့်ကာ သူမ မသိသော လူတစ်ယောက်ထံသို့ အမြန်လျှောက်သွားသည်အား တွေ့လိုက်ရသည်။
ဖန်ကျုံးချင်းက ထောင့်တစ်နေရာ၌ တစ်ယောက်တည်းထိုင်နေသည်။ သူ့ရှေ့ရှိ စားပွဲပေါ်တွင် စားကောင်းသောက်ဖွယ်များဖြင့်ပြည့်နေ၍ စပျစ်သီးတစ်လုံးကို ယူလိုက်သည်။ သူ့ရှေ့တွင် လူအချို့က ဆွေးနွေးပြောဆိုနေကြသည်ကို ကြားသော်လည်း စိတ်မဝင်စားသည့်သဖွယ် အကြည့်လွှဲလိုက်သည်။
သူ အပြင်သို့မထွက်လာလိုသော်လည်း ကံဆိုးသည်မှာ ချင်းလင်ဂိုဏ်းချုပ်က သူ့တပည့်ဖြစ်သူ ချောင်းယွင်တောင်ထွတ်မှ မထွက်သည်မှာ ခုနစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း သတိထားမိသွားသည်။ ဖန်ကျုံးချင်းက ကျင့်ကြံသည်မှလွဲ၍ တောင်ထွတ်တွင်နေပြီး ပန်းပွင့်များ သစ်ပင်များကို ဆော့ကစားလျက်သာ အချိန်ဖြုန်းတတ်ပေသည်။
အပြင်လောကမှ အသေးအဖွဲ့ကိစ္စများနှင့် ကင်းကွာအောင်နေခြင်းက ကျင့်ကြံရာတွင် အကျိုးကျေးဇူးရှိသော်လည်း ရင့်ကျက်လာရန်က လိုအပ်နေသေးသည်။ ဤသို့ဆက်နေသွားပါက သူ့တပည့်မှာ မည်သည့်အရာကိုမှ နားမလည်သောကြောင့် အလွယ်တကူ ပြန်ပေးဆွဲခံလိုက်ရမည်ကို ချင်းလင်ဂိုဏ်းချုပ်က စိုးရိမ်နေမိသည်။ သို့ဖြစ်၍ ဖန်ကျုံးချင်းကို နှီးနှောဖလှယ်ပွဲသို့လာခိုင်းပြီး အခြားလူများနှင့် မိတ်ဆွေဖွဲ့ခိုင်းခြင်းဖြစ်သည်။
အားလုံးက ယွီဖူရှန့်ထွက်သွားသည့်ဘက်ကို လှမ်းကြည့်လိုက်သောအခါ အဖြူရောင်ဝတ်ရုံနှင့် လူငယ်လေးတစ်ယောက်က ထောင့်တွင်ထိုင်နေသည်ကို တွေ့လိုက်ရသည်။
အကြည့်ပေါင်းစုံက သူ့ထံသို့ရောက်ရှိလာ၍ ဖန်ကျုံးချင်းခေါင်းမော့ပြီး မျက်တောင်တသိချက်ခတ်လိုက်မိသည်။
ထိုအခါမှသာ စပျစ်သီးကိုငုံ့စားနေသည့် လူငယ်လေး၏ ရုပ်ရည်သွင်ပြင်က မည်မျှအထိ မျက်စိပသာဒဖြစ်သည်ကို အားလုံး ရှင်းလင်းစွာ မြင်ရတော့၏။
သူက အဖြူရောင်ဝတ်ရုံပေါ်တွင် မက်မွန်ပွင့်ဖတ်များပုံစံ ချည်ထိုးထားသည့် ချင်းလင်ဂိုဏ်းဝတ်ရုံကို ဝတ်ထားပြီး မှင်ရောင်သဖွယ် ဆံပင်ရှည်များကိုလည်း မစည်းနှောင်ထားသောကြောင့် ဖြာကျနေ၍ အနည်းငယ် ပျင်းရိပျင်းတွဲဖြစ်နေသည့်ပုံပေါ်သည်။
မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကလည်း လှပ၍ အနုပညာလက်ရာမြောက်နေကာ မျက်ခုံးနှစ်ခုအကြားရှိ ဟင်္သာပြဒါးရောင် အမှတ်လေးက အလွန်ကြည်လင်တောက်ပနေပေသည်။
စပျစ်သီးကို ကိုင်ထားသည့် ကျောက်စိမ်းသဖွယ်ဖြူဖွေးသော လက်များကလည်း သွယ်လျလှပေသည်။ ခရမ်းရောင်စပျစ်သီးခွံကို နောက်ခံထားလိုက်သောကြောင့် သူ့လက်များက ပိုမိုဖြူဖွေးသည့်ပုံ ဖြစ်နေသည်။
စပျစ်သီးခွံခွာတော့မည့်အချိန်၌ အားလုံး၏အကြည့်ကို သတိပြုမိ၍ ဖန်ကျုံးချင်း၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်။
အားလုံး၏ အကြည့်များအေးခဲတောင့်တင်းသွားပြီး ဤသို့စိုက်ကြည့်နေသည်က ရိုင်းပြလွန်း၍ တစ်ဖက်လူက ဒေါသထွက်သွားသည်ဟု ထင်လိုက်ကြသည်။ သို့သော် နောက်အခိုက်အတန့်တွင် အဖြူရောင်ဝတ်ရုံနှင့် လူငယ်လေးက မျက်လွှာချလိုက်ပြီး သူ့ကိုယ်မှ ထုတ်လွှတ်နေသည့် အေးစက်မှုကလည်း အတော်အတန် လျော့ပါးသွားကာ မျက်နှာကလည်း ဖြူဖျော့လာသည်။
လူသိမခံနိုင်သည့်အရာတစ်ခုခု ပြုလုပ်နေသည်အား မိသွားသည့်သဖွယ် စပျစ်သီးကို ပန်းကန်ပေါ် ပြန်တင်ထားလိုက်ပေသည်။ သူ၏ဖြူဖွေးသော မျက်နှာက နီရဲသွားပြီး ဘာလုပ်ရမည်မသိ ဖြစ်နေပုံပင်။
ဖန်ကျုံးချင်းမှာ ဤမျှများပြားလှသည့်လူများကို မတွေ့ရသည်မှာ ကြာပြီဖြစ်၍ အသားမကျသေးဟန်ပေါ်သည်။ သူ စပျစ်သီးတစ်လုံးကိုသာ စားလိုသော်လည်း လူအုပ်လိုက်ကြီးက သူ့ကိုစိုက်ကြည့်နေမည်ဟု မထင်ထားခဲ့မိပေ။
သူ ကလေးဘဝက ဓားဂိုဏ်းမှ စင်မြင့်ပေါ်တွင်ရပ်နေစဉ် အောက်ဘက်မှလူများကို အေးစက်သည့်မျက်နှာတည်ဖြင့် ပြန်ကြည့်နိုင်ပေသည်။ သူ ကြီးပြင်းလာသည့်အခါတွင်မူ ထိုသို့မလုပ်နိုင်တော့ဘဲ အေးစက်သည့်မျက်နှာကိုလည်း မထိန်းထားနိုင်တော့ချေ။
အားလုံးစိုက်ကြည့်နေရင်တော့ ငါ စပျစ်သီးကို စိတ်ချလက်ချစားလို့ မရလောက်ဘူးထင်တယ်...
ထိုအချိန်၌ ရင်းနှီးနေသော အသံတစ်သံကို ကြားလိုက်ရသည်။
" ကျုံးချင်း..."
ယွီဖူရှန့်၏ နှုတ်ခမ်းပါးများတွန့်ကွေးသွားမိ၏။ သူ ချောင်းယွင်တောင်ထွတ်မှ ပြန်လာသည်မှာ နှစ်ရက်ခန့်သာ ရှိသေးသည်။ ဖန်ကျုံးချင်းက လူများစွာနှင့် ပြောဆိုဆက်ဆံရသည်ကို မနှစ်သက်သောကြောင့် ဤနေရာသို့ ရောက်လာမည်ဟု သူ မထင်ထားခဲ့ပေ။
ယွီဖူရှန့်က ဖန်ကျုံးချင်း၏ အနည်းငယ်နီရဲနေသောပါးပြင်ကို သတိပြုမိပြီး " ကျုံးချင်း " ဟု ခေါ်သံကို ကြားလိုက်သူတိုင်း၏ အမူအရာက ဖန်ကျုံးချင်းမည်သူဖြစ်ကြောင်း မှန်းဆနေကြပြီး သူတို့အမူအရာများက တအံ့တဩဖြစ်နေရာမှ ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်သည်။
ယွီဖူရှန့်၏မျက်နှာက ချက်ချင်းမည်းနက်သွားပြီး ပြုံးနေသည်ကို ရပ်တန့်လိုက်သည်။
ဖန်ကျုံးချင်းက ကျင့်ကြံရေးလောကထဲတွင် ပေါ်လာခဲလှပေသည်။ သူ့ကျင့်ကြံဆင့်က ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်ရှိသွားသည်မှလွဲ၍ အခြားသောသတင်းများကို မကြားရပေ။ နချင်းလင်ဂိုဏ်း၏ နှစ်တစ်ထောင်တွင် တစ်ကြိမ် ပေါ်ပေါက်လာသော ပါရမီရှင်လေးက မည်သည့်ပုံစံမျိုးဖြစ်သည်နှင့် မည်သည့်အကျင့်စရိုက်မျိုးရှိသည်ကို မည်သူမှ မသိကြ၍ အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားရပေသည်။
ယခုအခါတွင် လျှို့ဝှက်ဆန်းကြယ်သည်ဟူသော ခြုံလွှာကို ရုတ်တရက် လှစ်ဟပြလိုက်၍ အားလုံး၏ရင်ထဲကို လှုံ့ဆော်မှုများ ဝင်ရောက်လာတော့သည်။
သူ့ပုံစံက တောင်ပေါ်မှ နှင်းသဖွယ် အေးစက်နေသော်လည်း နီရဲတွတ်နေသည့် မျက်နှာလေးက အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။
ယွီဖူရှန့်က ဖန်ကျုံးချင်း၏ဘေးတွင် ဝင်ထိုင်လိုက်သည်။
" ငါက မင်းမလာတော့ဘူးလို့ ထင်နေတာ..."
ဖန်ကျုံးချင်းက ခေါင်းမော့လာပြီး အနည်းငယ် ကူကယ်ရာမဲ့နေပုံဖြင့် ပြောလိုက်သည်။
" ဆရာက ငါ့ကိုလာခိုင်းလို့..."
ထိုစကားပြောလိုက်ချိန်တွင် သူ၏နူးညံ့လှသော မျက်ခုံးများပေါ်၌ ဝမ်းနည်းမှု အရိပ်အမြွက်တို့ ဖြစ်လာသည်။ သူ့ပုံစံက ဝမ်းနည်းနေသော်လည်း အနည်းငယ် မကျေမနပ်ဖြစ်နေသေးပုံရသည်။
ယွီဖူရှန့် ထိုမျက်နှာလေးကို အကြိမ်ကြိမ်အခါခါမကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ တစ်ဖက်လူ၏ လှုပ်ရှားမှု အသေးအမွှားလေးကအစ သူ့အာရုံစိုက်မှုကို ရယူနိုင်သည်ဟု သူ တွေးမိသွားသည်။ ဖန်ကျုံးချင်းကို မတွေ့ရသည်မှာ ရက်အနည်းငယ်သာ ရှိနေသေးသော်လည်း သူ့နားတိုးကပ်ပြီး ရင်ခွင်ထဲ ထွေးပွေ့ထားချင်စိတ်များ ဖြစ်ပေါ်နေမိသည်။
ယွီဖူရှန့်က သူ့အတွေးများကို ချိုးနှိမ်ထားလိုက်ပြီးနောက် မျက်နှာလွှဲလိုက်ကာ ဖန်ကျုံးချင်းချထားသည့် စပျစ်သီးကိုယူပြီး အခွံခွာပေးကာ သူ့ပါးစပ်နား ကပ်ပေးလိုက်သည်။
" ပါးစပ်ဟလိုက်..."
ယွီဖူရှန့်က ချောင်းယွင်တောင်ထွတ်သို့လာချိန်တွင်လည်း သူ့ကို စားစရာများ ခွံ့ကျွေးလေ့ရှိသော်လည်း သူ့စိတ်ထဲ အထွေအထူး မခံစားရပေ။ ယခုအခါ လူအများရှေ့တွင် ရှိနေသော်လည်း ထိုသို့ခွံ့ကျွေးခြင်းက မှားယွင်းသည်ဟု မခံစားရပေ။
သူ၏ နီရဲနေသည့် နှုတ်ခမ်းပါးလေး ပွင့်ဟလာသည်။
" ငါ ကိုယ့်ဘာသာခွာစားလည်း ရပါတယ်..."
ယွီဖူရှန့်၏အကြည့်က နှင်းဆီနီရောင် နှုတ်ခမ်းလေးထက်မှ စပျစ်ရည်များပေါ်သို့ ကျရောက်သွားသည့်အခါ သူ့ခန္ဓာကိုယ်တွင်းတွင် အပူလှိုင်းတစ်ခု ထကြွလာသည်ဟု ခံစားလိုက်ရသည်။
အကြောင်းရင်းကို မသိသော်လည်း သူ့နှလုံးသား၏အောက်ခြေတွင် တောင့်တမှုတစ်ခု ဖြစ်ပေါ်လာသည်။ ကံဆိုးသည်မှာ ၎င်းဆန္ဒကို မြူများဖြင့် ဖုံးလွှမ်းထားသောကြောင့် ရှင်းလင်းစွာ မမြင်ရချေ။ သို့ဖြစ်၍ ထိုစိတ်ဆန္ဒက သူ့ရင်ထဲတွင် ပြေးလွှားနေသည့် မီးတောက်သဖွယ်ဖြစ်နေကာ မည်သို့ငြှိမ်းသတ်ရမည်ကိုလည်း မသိပေ။
ဖန်ကျုံးချင်း စပျစ်သီးကိုစားလိုက်ပြီးနောက်တွင် အစောပိုင်းက အရောင်အဆင်းကင်းမဲ့သွားသော လူပေါင်းစုံ၏မျက်လုံးများက ယွီဖူရှန့် သူ့ကို ခွံ့ကျွေးလိုက်ပြီးသည့်နောက်၌ ပြန်လည်သက်ဝင်လှုပ်ရှားလာသည်ကို သတိပြုမိလိုက်သည်။
အားလုံး အံ့ဩမှင်သက်ကုန်ကြပြီး သူတို့နှစ်ယောက်က အလွန်ရင်းနှီးခင်မင်သည့်အကြောင်း ဆွေးနွေးပြောဆိုနေကြသည်။
ဖန်ကျုံးချင်းက စကားအနည်းငယ်ကိုကြားလိုက်ပြီး ထိုစကားများက မှန်သည်ဟု တွေးလိုက်မိသည်။ သူနှင့် ယွီဖူရှန့်က အမှန်ပင် မိတ်ဆွေကောင်းများ ဖြစ်ပေသည်။
ထိုလူများက သူတို့ကို မည်မျှအထိ စိုက်ကြည့်နေသည်ကို သူမသိသော်လည်း လူအုပ်ထဲကို တစ်ချက်ကြည့်လိုက်သည့်အခါ အစောပိုင်းမှ ဝတ်ရုံအဖြူနှင့်မိန်းကလေးကို မတော်တဆမြင်လိုက်သည်။ သူမက မျက်ခုံးအနည်းငယ် တွန့်ချိုးထားပြီး ကျောက်စိမ်းပုလွေကို တင်းကြပ်စွာဆုပ်ကိုင်ထားကာ ခန္ဓာကိုယ်တစ်ခုလုံးက အေးစိမ့်မှုများ ထုတ်လွှတ်နေသည်။
ဖန်ကျုံးချင်းက သိချင်စိတ်ကြောင့် မေးလိုက်သည်။
" သူကမင်းရဲ့ အနာဂတ်တာအိုလက်တွဲဖော်လား..."
သူက သူတို့နှစ်ယောက်အကြောင်း ကောလဟာလကို လောလောလတ်လတ်ကြားထားခြင်းဖြစ်သည့် အပြင် အားလုံးကလည်း ကောင်းကင်ဘုံမှ ဖန်ဆင်းပေးထားသည့်အတွဲဟု ပြောဆိုနေကာ ဓားဂိုဏ်းချုပ်ကလည်း သူတို့ကို သဘောတူပုံရသည်။
ယွီဖူရှန့် ကြောင်သွားပြီး မျက်လုံးများ မှေးကျဉ်းလိုက်သည်။
မုယန်ယွဲ့ကို သူက ဆရာတူညီမလေးဟုသာ သဘောထားခဲ့ခြင်းဖြစ်ပြီး သူ အပြင်လောက၌ လေ့ကျင့်နေစဉ် သူမနှင့် ပထမဆုံးအကြိမ် ဆုံတွေ့စဉ်က သူမ မည်သူဖြစ်ကြောင်း မသိခဲ့ပေ။