အပိုင်း ၁၈၃
Viewers 30k

Villain Shizun (Extra 4.3)



ထိုအချိန်က မုယန်ယွဲ့ကို နတ်ဆိုးကျင့်ကြံသူတစ်ယောက်က ဖမ်းဆီးထားသော်လည်း ယွီဖူရှန့်က သူမကိုကယ်တင်ရန် စိတ်အားထက်သန်နေခြင်း မရှိခဲ့ချေ။ သူ ထွက်သွားမည်အပြုတွင် သူမက အဖြူရောင်ဝတ်ရုံဝတ်ထားပြီး လက်ထဲတွင် ကျောက်စိမ်းပုလွေကို ကိုင်ထားသည်အား မတော်တဆတွေ့ခဲ့မိပြီး သူမ ခန္ဓာကိုယ်တစ်ခုလုံးလည်း အေးစက်နေခဲ့၍ ကယ်တင်ခဲ့ခြင်းပင်။


မမျှော်လင့်ထားသည်မှာ သူမကို ကယ်တင်လာသူက ဓားဂိုဏ်းချုပ်၏ မျက်နှာသာပေးခံရသူဖြစ်နေ၍ တိုက်ပွဲအပြီးတွင် ဂိုဏ်းအတွင်း၌ ကောလဟာလများ ပျံ့နှံ့လာသည်။ ယွီဖူရှန့်က သူမကို အပေါ် ခံစားချက်မရှိသည့်အပြင် အခြားလူများ၏ ထင်မြင်ချက်များကလည်း သူ့စိတ်ကို ယိမ်းယိုင်အောင် မပြုလုပ်နိုင်ခဲ့ချေ။ သို့ဖြစ်၍ ထိုလူများပြောဆိုနေကြသည်ကိုလည်း သူ ဂရုမစိုက်ပေ။ 


သို့ရာတွင် ဖန်ကျုံးချင်းက တည်ငြိမ်အေးဆေးနေသည့် အမူအရာအပြင် သူ့ကိုစူးစမ်းနေသည့်ပုံစံမျိုးသာ ပြသလာ၍ အကြောင်းအရင်းအချို့ကြောင့် ယွီဖူရှန့်၏ရင်ထဲ တစ်မျိုးဖြစ်သွားရသည်။ သူ၏ ပျော်ရွှင်နေသည့် စိတ်အခြေအနေကို မြူတစ်လွှာ ဖုံးလွှမ်းလိုက်သကဲ့သို့ စိတ်ဓာတ်ကျသွားပေသည်။


ယွီဖူရှန့် လက်ဖက်ရည် ငှဲ့လိုက်သည်။

" မပြောတတ်ဘူး ဟုတ်ရင်လည်း ဟုတ်မှာပေါ့..."


ဖန်ကျုံးချင်းက ပေါင်းသင်းဆက်ဆံရာတွင် မကျွမ်းကျင်သူဖြစ်သော်လည်း ယွီဖူရှန့်၏ စိတ်ဝင်စားမှုများ ရုတ်ချည်းလျော့ကျသွားသည်ကို သတိပြုမိသည်။ သူ့မျက်ခုံးများ တွန့်ချိုးထားခြင်းကြောင့် စိတ်မသက်မသာဖြစ်သွားဟန်ရပေသည်။


တစ်ဖက်လူက အဘယ့်ကြောင့် မပျော်မရွှင်ဖြစ်သွားရသည်အား သူ နားမလည်နိုင်ပေ။ ခဏစဉ်းစားပြီးသောအခါ အခြားလူများက သူ့ကို ထိုကိစ္စကို မေးမြန်းခြင်းအား မကြိုက်ဟု ထင်လိုက်မိသည်။ သူ့ကို ထိုသို့မေးလိုက်ခြင်းက ကျင့်ဝတ်နှင့် မလျော်ညီ ဖြစ်သွားပုံပင်။


ယွီဖူရှန့်က စကားမပြောတော့ဘဲ လက်ဖက်ရည်သောက်နေသည်ကို တွေ့သောအခါ ခဏစဉ်းစားလိုက်ပြီး စပျစ်သီးတစ်လုံးကို သူ့နား ကပ်ပေးလိုက်သည်။

" အင့် စားကြည့်..."


အခွံခွာထားသော စပျစ်သီးလေးက ယွီဖူရှန့်၏ မျက်စိရှေ့တည့်တည့်ရောက်လာ၍ သူ ခဏတာ အံ့အားသင့်သွားရသည်။


သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ဖန်ကျုံးချင်းက အေးစက်နေသည့်မျက်နှာက နှုတ်ခမ်းများတွန့်ကွေးကာ တဖြည်းဖြည်းပြုံးရိပ်သန်းလာသည်မှာ တောက်ပသော ကြယ်လေးများနှင့် တူပေသည်။ သူက ယွီဖူရှန့်ကို ချော့မော့နေသည့်နှယ် ပြောလိုက်သည်။

" ချိုတယ် စားကြည့်..."


ယွီဖူရှန့်၏မျက်ဝန်းထဲမှ အုံ့မှိုင်းနေမှုများ ချက်ချင်းပျောက်ကွယ်သွားတော့သည်။ ဖန်ကျုံးချင်းခွံ့ကျွေးသည့် စပျစ်သီးကို ခေါင်းငုံ့၍ စားလိုက်ချိန်တွင် ဘေးနားမှလူများ၏ အမူအရာများက သိသိသာသာပြောင်းလဲသွားသည်ကို မြင်လိုက်မိသည်။ သူ မျက်ခုံးအသာပင့်လိုက်ပြီးနောက် စပျစ်သီး၏ချိုမြသောအရသာက သူ့နှလုံးသားထဲအထိ စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။


၎င်းက သူ့ဘဝတွင် စားဖူးသမျှ စပျစ်သီးများထဲတွင် အချိုမြိန်ဆုံးဖြစ်သည်။


ယွီဖူရှန့်က သူ့ရှေ့မှလူငယ်လေးကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးသည့်နောက်တွင် ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားသည်။ ယခုချိန်၌ ဖန်ကျုံးချင်း၏ဘေးတွင် မည်သူမှ မရှိသည့်အပြင် ကျင့်ကြံရမည့်လမ်းစဉ်ကလည်း ရှည်လျားလှသည်ဖြစ်၍ သူ့ကို အနာဂတ်တွင် အဖော်ပြုပေးရန် တာအိုလက်တွဲဖော်တစ်ယောက် ရှာဖွေရမည်ဖြစ်သည်။


မင်း တာအိုလက်တွဲဖော် ရှာတွေ့သွားတဲ့အချိန်ကျရင်ရော ဘယ်လိုဖြစ်မှာပါလိမ့်...


ဖန်ကျုံးချင်းက သူ့ကိုရော ကာကွယ်ပေးမှာလား... သူတို့နှစ်ယောက် အတူတူကျင့်ကြံကြပြီး ညဘက်ဆိုရင်လည်း တစ်ခုတင်တည်း တူတူအိပ်ကြမှာ... နေ့ဘက်ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ခွာကြမှာမဟုတ်ဘူး... ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် စပျစ်သီးတွေ ခွံ့ကျွေးနေပြီး မြင်ရခဲတဲ့အပြုံးမျိုး ပြုံးပြနေမှာလား...


ဒါမှမဟုတ် တစ်နေ့မှာ ဖန်ကျုံးချင်းက သူ့တာအိုလက်တွဲဖော်ကို ရွေးပြီး ငါ့ကို စွန့်ပယ်သွားမှာလား...


ထိုအကြောင်းကိုတွေးမိသည့်အခါ ယွီဖူရှန့်၏စိတ်ထဲ စိုးရိမ်ပူပန်လာပြီး သူ့နှလုံးသားပါ ခြောက်သွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူ့မျက်လုံးများ မှေးကျဉ်းပြီး လူသတ်လိုသည့် အရ်ိပ်အယောင်များပါ ပြသလာတော့သည်။


သူကိုင်ထားသည့် လက်ဖက်ရည်ခွက်က အနည်းငယ်အက်ကွဲလာပြီး ပင့်ကူအိမ်ကဲ့သို့ အက်ရာများစွာ ထင်လာသည်။ လုံးဝကွဲထွက်တော့မည့်အချိန်၌ လက်ချောင်းသွယ်သွယ်လေးတစ်ဖက်က ယွီဖူရှန့်၏လက်ကို အပေါ်မှ အုပ်ကိုင်လိုက်သည်။


ယွီဖူရှန့် အသိစိတ်ပြန်ဝင်လာပြီး ထိတ်လန့်နေသည့်တပည့်များကိုကြည့်ကာ သူ့ခံစားချက်များ အထိန်းအကွပ်မဲ့သွားပြီးဖိအားကို ထုတ်လွှတ်လိုက်မိသည့်အကြောင်း သဘောပေါက်သွားသည်။


ဖန်ကျုံးချင်း မျက်မှောင်ကြုတ်လိုက်သည်။

" မင်း ဘာဖြစ်နေတာလဲ..."


အစောပိုင်းက ယွီဖူရှန့်၏ဖိအားကြောင့် အခြားသောတပည့်များက အသက်ရှုကြပ်သွားပြီး ဝိညာဉ်အခြေတည်အဆင့်၌ ရှိနေသူတစ်ယောက်၏ ဖိအားက ပြင်းထန်လွန်းသည်ဟု တွေးလိုက်မိသည်။ သို့ရာတွင် ၎င်းက ထိုကျင့်ကြံဆင့်တွင် ရှိနေသူတစ်ယောက်ကဲ့သို့မဟုတ်ဘဲ အေးစက်ပြင်းထန်လွန်းနေကြောင်းကို ဖန်ကျုံးချင်း သတိထားမိသည်။


ယွီဖူရှန့်၏ ခက်ထန်သောအမူအရာက အနည်းငယ် နတ်ဆိုးဆန်နေသည်ဟု သတိပြုမိလိုက်ပေသည်။


ယွီဖူရှန့် အနည်းငယ်ထိတ်လန့်သွားပြီး သူ့ဖိအားကို အမြန်ဖိနှိပ်လိုက်သည်။ ကံအားလျော်သည်မှာ ဖန်ကျုံးချင်းက သူ့ကိုအချိန်ကိုက် ဟန့်တားလိုက်သောကြောင့်ဖြစ်သည်။ တစ်ခဏတာသာ ဖြစ်သော်လည်း အားလုံးက ကြောက်လန့်သွား၍ သူ့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားရုံသာ တတ်နိုင်ခဲ့သည်။


ဖန်ကျုံးချင်း၏ရင်ထဲတွင် မသင်္ကာမှုအချို့ ဝင်ရောက်လာခဲ့၏။ သူ မေးတော့မည့်အချိန်တွင် ယွီဖူရှန့်က ဟာသနှော၍ဖြေလာသည်။

" ကျုံးချင်းက အနာဂတ်မှာ ဘယ်လို တာအိုလက်တွဲဖော်မျိုးကို ရှာမှာလဲ..."


ဖန်ကျုံးချင်းက ဗြောင်ကျကျသာ ပြောလိုက်သည်။

" ငါ မရှာပါဘူး..."


သူ၏ဝိညာဉ်လေ့ကျင့်မှုကြောင့် ကျင့်ကြံရာတွင် အာရုံပျံ့လွင့်မှု မရှိရမည်ဖြစ်သည်။ အကယ်၍ သူ့ထံတွင် တာအိုလက်တွဲဖော်ရှိပါက သူ၏ တာအိုနှလုံးသားကို အပြင်းအထန် ဆန့်ကျင့်သကဲ့သို့ဖြစ်သွား၍ ဒုက္ခရောက်မည်ဖြစ်သည်။


သို့ဖြစ်၍ ဖန်ကျုံးချင်းက တာအိုလက်တွဲဖော်ရှာရန် တစ်ကြိမ်တစ်ခါမှ မတွေးခဲ့ဖူးချေ။ 


ထို့အပြင် သူက အေးချမ်းတိတ်ဆိတ်စွာနေရသည်အား ကြိုက်နှစ်သက်သူဖြစ်သည်။ ယွီဖူရှန့် ချောင်းယွင်တောင်ထွတ်သို့ လာနေသည်ကိုပင် ကျင့်သားရရန် အချိန်အတန်ကြာမြင့်လိုက်သည်။ အကယ်၍ သူ့ထံတွင် တာအိုလက်တွဲဖော်ရှိလာပြီး အနားတွင် တစ်ချိန်လုံးကပ်နေမည်ဆိုပါက အသားကျရန် မည်မျှကြာမည်ဖြစ်ကြောင်း မသိနိုင်ပေ။ သူ စိတ်အနှောင့်အယှက်ဖြစ်ရမည်ဟုထင်၍ တစ်ယောက်တည်းနေခြင်းက ပိုကောင်းသည်ဟု သတ်မှတ်လိုက်သည်။


ထိုစကားကိုကြားသည့်အခါ ယွီဖူရှန့်၏ စိတ်ဓာတ်ကျနေသည့်သွင်ပြင်က ချက်ချင်းပြောင်းလဲပြီး သူ့မျက်ဝန်းထဲတွင် ဝမ်းမြောက်မှု အရိပ်အယောင်အချို့ ရောက်လာသည်။


သူ့စိတ်ထဲ ကြည်နူးသွားမိသည်။ ကျင့်ကြံရေးလမ်းစဉ်က ရှည်လျားလှသည်ဖြစ်ရာ သူက ဖန်ကျုံးချင်း၏ဘေးတွင် အမြဲတစေရှိနေပြီး သူတစ်ယောက်တည်းမှလွဲ၍ ဖန်ကျုံးချင်းဘေးတွင် အခြားလူရှိနေရန်လည်း မထိုက်တန်ပေ။ 


ဖန်ကျုံးချင်းက သူ့စိတ်အခြေအနေပြောင်းလဲသွားသည်ကို သတိထားမိ၍ အဘယ့်ကြောင့် အမြန်ပြောင်းလဲသွားရကြောင်း သိချင်နေသည်။


ထိုအချိန်က ဖန်ကျုံးချင်းတွေးနေသည့်အရာကို ယွီဖူရှန့် မသိခဲ့ပေ။ သူက ထိုလူ့ဘေးတွင်နေပြီး ဖန်ကျုံးချင်းကို ပြင်ပလောကနှင့် တသီးတခြာစီခွဲထားကာ မည်သူမှ သူ့အနားကပ်မရအောင် ပြုလုပ်မည်ဟုသာ တွေးနေမိသည်။


ရည်ရွယ်ချက်ရှိရှိဖြစ်စေ မတော်တဆဖြစ်စေ ဖန်ကျုံးချင်း၏ကမ္ဘာငယ်လေးထဲတွင် သူတစ်ယောက်တည်းဖြင့် ပြည့်နေအောင် ပြုလုပ်ထားမည်ဖြစ်သည်။ ဤနည်းဖြင့် သူက ဖန်ကျုံးချင်း၏ဘဝတွင် အရေးကြီးဆုံးလူ ဖြစ်လာနိုင်ပေသည်။


ချင်းလင်ဂိုဏ်းချုပ် ထွက်သွားပြီးသည့်နောက်ပိုင်းတွင် ကိစ္စများက အမှန်တကယ်ပင် ဤသို့‌ဖြစ်လာတော့၏။


မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ်ဟူသော အချိန်ကာလ ကုန်ဆုံးသွားခဲ့သည်။ 


ချင်းလင်‌ဂိုဏ်းချုပ်က ထွက်သွားခဲ့သော်လည်း ဖန်ကျုံးချင်း၏ အကျင့်စရိုက်က ဂိုဏ်းချုပ်ဖြစ်ရန် မသင့်တော်၍ ချောင်းယွင်တောင်ထွတ်တွင် တစ်ယောက်တည်း နေခဲ့သည်။


သူက ချင်းလင်ဂိုဏ်းတွင် ကြီးပြင်းလာပြီး ဤနေရာ၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း ဂိုဏ်းချုပ်အသစ်ဖြစ်လာသည့် သူ့ဆရာတူညီလေးဖြစ်သူ လင်ယွမ်မှလွဲ၍ ဂိုဏ်းထဲရှိလူများနှင့် မရင်းနှီးပေ။ 


လင်ယွမ်က စည်းကမ်းတင်းကြပ်သူဖြစ်သော်လည်း ဖန်ကျုံးချင်းကို အလွန်လေးစားသူဖြစ်သည်။ သူက ဖန်ကျုံးချင်းကို ချောင်းယွင်တောင်ထွတ်တွင်သာ နေခိုင်းထားခဲ့ပြီး အရာအားလုံးကို သူ့ထိန်းချုပ်မှုအောက်တွင်သာထားသည်။ သို့ရာတွင် တစ်ကြိမ်၌မူ ဂိုဏ်းထဲ၌ ပြဿနာဖြစ်လာသောကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ဖန်ကျုံးချင်းကို နှောင့်ယှက်ရတော့သည်။


အမှန်တွင် ပြဿနာက ချင်းလင်ဂိုဏ်းတစ်ခုထဲတွင် မဟုတ်ဘဲ အခြားသော အင်မော်တယ်ဂိုဏ်းများတွင်ပါ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ 


နတ်ဆိုးလောက၏ အရှင်သခင်ဖြစ်သူက ရှီမော့က ကွန်ဖူးပညာရပ်ကို ဆရာကျကျ ကျွမ်းကျင်လာပြီးသည့်နောက်တွင် မူလက နတ်ဘုရားအသွင်ပြောင်းအဆင့်၌ ရှိနေခဲ့သော သူ့ကျင့်ကြံဆင့်က အခြားအဆင့်တစ်ခုသို့ တက်သွားခဲ့၍ လောကနှစ်ခုအကြားမှ မျှခြေကို ဖျက်ဆီးလိုက်သကဲ့သို့ဖြစ်သွားပြီး နတ်ဆိုးလောကမှ လူအားလုံးကိုဦးဆောင်ကာ ကျင့်ကြံရေးလောကကို တိုက်ခိုက်ရန် ပြင်ဆင်လာတော့သည်။


ဤတစ်ကြိမ်တွင် အင်မော်တယ်ဂိုဏ်းအားလုံးပေါင်းစည်းပြီး နတ်ဆိုးလောက၏ တိုက်ခိုက်မှုကို ခုခံရန် ပြင်ရတော့သည်။


ချင်းလင်ဂိုဏ်းဘက်မှ လက်ရွေးစင်များကို စေလွှတ်ခဲ့သော်လည်း ကံအကြောင်းမလှစွာဖြင့် လင်ယွမ်က ဒဏ်ရာရသွားခဲ့သောကြောင့် ချင်းလင်ဂိုဏ်းအုပ်စုက ဦးဆောင်သူကင်းမဲ့သွားသောကြောင့် ချောင်းယွင်တောင်ထွတ်သို့သွားပြီး ဖန်ကျုံးချင်းကို အကူအညီတောင်းခဲ့သော်လည်း မည်သူ့ကိုမှ မတွေ့ခဲ့ရပေ။


သို့သော် မကြာမီတွင် သတင်းတစ်ခု ရောက်လာသည်။ 


ဖန်ကျုံးချင်းနှင့် ဓားဂိုဏ်းချုပ်တို့က မီးလျှံပြာနယ်ပယ်တစ်ဝိုက်တွင်ပေါ်လာပြီး နတ်ဆိုးအရှင်ကို ရှင်းပစ်ရန် ကြံစည်နေသည်ဟူသောသတင်းပင်။ 


လင်ယွမ် ငြိမ်ကျသွားပြီး သတင်းပေးပို့သည့် အင်းစာရွက်ကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်လိုက်သည်။ 


ယွီဖူရှန့်ပဲ ဖြစ်နေပြန်တာလား...

သူက ဂိုဏ်းချုပ်တစ်ယောက်ဖြစ်၍ ယွီဖူရှန့် ချင်းလင်ဂိုဏ်းသို့ အမြဲလာရောက်ပြီး သူ့ရှစ်ရှန်းကို လာတွေ့သည်ကို သိသော်လည်း ယခုအခါတွင်မူ သူ့ရှစ်ရှုန်းကို တိတ်ဆိတ်စွာဖြင့် ပြန်ပေးဆွဲသွားပြန်သည်။


ယွီဖူရှန့်က နောက်ဆုံးအကြိမ် နတ်ဆိုးအရှင်ကို ဖမ်းမိခဲ့စဉ်က ပေါ်မလာခဲ့ဘဲ နတ်ဆိုးအရှင်က သူ့ကိုပြန်ခုခံမည့်အချိန်ကို စောင့်ဆိုင်းနေကာ ထိုကိစ္စကို အကြောင်းပြပြီး ရှစ်ရှုန်းကို သူနှင့်အတူ မီးလျှံပြာနယ်ပယ်သို့သွားစေရန် ကြံစည်ခဲ့ခြင်း ဖြစ်ပုံရသည်ဟု တွေးနေမိသည်။


လင်ယွမ်တွေးသည့်ကိစ္စက အမှန်တွင် ဖြစ်နိုင်ချေရှိသည်။ 


.....


မီးလျှံပြာနယ်ပယ်တွင် နတ်ဆိုးစစ်တပ်ကြီးက နယ်မြေတစ်ခု၏ အပြင်ဘက်တွင် ဝန်းရံထားကာ ထိုနယ်မြေထဲတွင်လည်း ထောက်ပံ့ကူညီပေးရန် လာရောက်သော အင်မော်တယ်ဂိုဏ်းများမှ တပည့်များဖြင့် ပြည့်နေသည်။ ညအချိန်တွင် ဓားဂိုဏ်း စခန်းချထားသည့်နေရာမှ ဂိုဏ်းချုပ်တစ်ယောက်တည်း နေထိုင်သည့် ခြံဝင်းထဲသို့ အဖြူရောင်ဝတ်ရုံနှင့် လူတစ်ယောက်က အဆွဲခေါ်ခံလာရသည်။


" ငါ ဒီကိုလာတာ နတ်ဆိုးအရှင်ကို ရှာဖို့လေ မင်းငါ့ကိုဘာလို့ ဒီနေရာကို ခေါ်လာတာလဲ..."

ဖန်ကျုံးချင်းက နေရာတွင်ရပ်လိုက်ပြီး လက်တစ်ဖက်က မှင်ရောင်ပလွေကို ကိုင်ဆောင်ထားကာ အခြားလက်တစ်ဖက်ကိုမူ ဓားဂိုဏ်းချုပ်တစ်ဖြစ်လည်း ယွီဖူရှန့်က ဆွဲထားသည်။


သူ့ဆရာတူ‌ညီလေး ဒဏ်ရာရသွားကြောင်းကို သူ မူလက မသိခဲ့ဘဲ ယွီဖူရှန့်က သူ့ကိုစာပို့ခဲ့သည့်အခါမှ သိခဲ့ရခြင်းပင်။ ချင်းလင်ဂိုဏ်းချုပ်ဟောင်းက သူ မထွက်သွားမီတွင် ဆရာတူညီလေးကို ကောင်းကောင်းဂရုစိုက်ရန် မှာထားခဲ့သောကြောင့် ဖန်ကျုံးချင်းက ယွီဖူရှန့်၏ဖိတ်ခေါ်မှုကိုလက်ခံပြီး သူ့ဆရာတူညီလေးအတွက် လက်စားချေရန် မီးလျှံပြာနယ်ပယ်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။


သို့သော် ဤနေရာရောက်သည်နှင့် ယွီဖူရှန့်က သူ့ကိုအခန်းထဲ ဆွဲခေါ်လာသည်။


ယွီဖူရှန့် သူ့ကိုလှည့်ကြည့်ပြီး ပြောလိုက်သည်။

" အခုက နောက်ကျနေပြီလေ... ဒီည အနားယူလိုက်ပြီး နောက်နေ့မှ နတ်ဆိုးအရှင်ရဲ့ ခြေရာလက်ရာတွေကို ရှာကြတာပေါ့..."


နတ်ဆိုးလောက က ပြဿနာရှာနေသောကြောင့် ဂိုဏ်းချုပ်ဖြစ်လာသည့်ယွီဖူရှန့်မှာ ကိစ္စများစွာဖြင့် အလုပ်များနေ၍ ဖန်ကျုံးချင်းကို မတွေ့ရသည်မှာ လပေါင်းများစွာကြာပြီဖြစ်သည်။ သူ နောက်ဆုံးတွင် ဖန်ကျုံးချင်းကို အပြင်ရောက်လာအောင် ဖျောင်းဖျနိုင်ခဲ့ပြီဖြစ်၍ အတိတ်မှအကြောင်းများ ပြန်ပြောနိုင်ပြီဖြစ်သည်။


ယွီဖူရှန့်က သူ့ကို မတွေ့ရ၍ ကူကယ်ရာမဲ့နေသော်လည်း ဖန်ကျုံးချင်းက မလှုပ်မယှက်ပင်ဖြစ်သည်။ သူက ဆရာတူညီလေးအတွက် လက်စားချေရန်သာ ဂရုစိုက်သည်ဟု ဆိုသော်လည်း အမှန်တွင် သူ့စိတ်ထဲ ထိုမျှအထိ ဖြစ်မနေချေ။


ဖန်ကျုံးချင်း ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ မရင်းနှီးနေသော ပတ်ဝန်းကျင်နှင့် နေသားမကျ ဖြစ်နေသည်။ သူက နတ်ဆိုးအရှင်ကို အမြန်ကိုင်တွယ်ပြီး ချောင်းယွင်တောင်ထွတ်သို့သာ ပြန်ချင်နေမိသည်။ 

" နတ်ဆိုးအရှင်ကို ရှာမ‌တွေ့ခင်အထိတော့ ငါ နားနိုင်ဦးမှာ မဟုတ်ဘူး..."


ယွီဖူရှန့်က သူ့ပုံစံကိုမြင်သည့်အခါ ရွေးချယ်စရာမရှိတော့ချေ။ 

" ဒါဆိုလည်း ငါမင်းနဲ့တူတူ အဖော်လိုက်ပေးမယ်..."


ဖန်ကျုံးချင်းက အနည်းငယ် စိတ်အေးသွားပုံရသည်။ သူ့ဆရာထွက်သွားပြီးသည့်နောက်တွင် ချောင်းယွင်တောင်ထွတ်သို့ ရံဖန်ရံခါလာသည့် လင်ယွမ်မှလွဲ၍ ယွီဖူရှန့်ကသာ သူ၏တစ်ဦးတည်းသောမိတ်ဆွေဖြစ်သည်။ ယခုအခါ ထူးဆန်းသောပတ်ဝန်းကျင်တစ်ခုတွင်ရောက်နေ၍ ယွီဖူရှန့်သူ့ကို အဖော်ပြုပေးနေခြင်းကြောင့် စိတ်အေးလက်အေး နေနိုင်ပေသည်။


" ဒါဆို သွားကြတာပေါ့..."


ဖန်ကျုံးချင်း ခြေနှစ်လှမ်း လှမ်းပြီးသည့်နောက်တွင် တစ်ဖက်သို့ပြန်လှည့်ပြီး ပြောလာသည်။

" စကားမစပ် နတ်ဆိုးအရှင်က ဘယ်လိုပုံစံမျိုးလဲ..."


ယွီဖူရှန့် ရယ်မောလိုက်ပြီး သူ့သိုလှောင်အိတ်ထဲမှ ရုပ်ပုံကားချပ်တစ်ခုကို ထုတ်လိုက်သည်။ ဖန်ကျုံးချင်း ကြည့်လိုက်သည့်အခါ လှောင်ပြုံးပြုံးနေသည့်လူတစ်ယောက်ပုံကို မြင်လိုက်ရသည်။ ထိုလူက အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးဖြစ်ကာ ခါးတွင် ကျောက်စိမ်းပြားတစ်ပြားကို ဆွဲထားသည်။


ဖန်ကျုံးချင်း အံ့အားသင့်သွားပြီး မျက်တောင်ရှည်များက တုန်ယင်လာကာ ထိုလူ၏ခါးနှ လခြမ်းကွေးရောင် ကျောက်စိမ်းပြားလေးကို လက်ညှိုးထိုးပြလိုက်သည်။ 

" ငါ့ကျောက်စိမ်းပြားလေး..."


ယွီဖူရှန့်က ကျောက်စိမ်းပြားကို တွေးတွေးဆဆ ကြည့်နေခဲ့သည်။ ခဏအကြာတွင် မှုန်ကုပ်နေသည့်အမူအရာဖြင့် ပန်းချီကားချပ်ကို ပြန်သိမ်းကာ ဖန်ကျုံးချင်းကို ခေါ်ထုတ်သွားတော့သည်။


ကျောက်စိမ်းပြားက မန်ယိုတောင်ကြားအပြင်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ဤက ရှီမော့၏ကိုယ်ပေါ်တွင် အဘယ့်ကြောင့် ရောက်နေရသည်ကို မသိသော်လည်း ၎င်းက ဖန်ကျုံးချင်း၏ကျောက်စိမ်းပြားဖြစ်ကြောင်းကို ကျိန်းသေပေါက် သိပေမည်။ အဘယ့်ကြောင့်ဆိုသော် ယခင်တစ်ကြိမ် ရှီမော့ လင်ယွမ်ကို ဒဏ်ရာရအောင် ပြုလုပ်လိုက်စဉ်က ဖန်ကျုံးချင်းတစ်ယောက်တည်းကသာ သူ့ကိုယှဉ်နိုင်မည်ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။


၎င်းက တိုက်ဆိုင်မှု မဟုတ်သည့်အပြင် ဖန်ကျုံးချင်းကလည်း သူ့ကိုအာရုံစိုက်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။


ယွီဖူရှန့်၏ မျက်နှာက အေးစက်လာသည်။ 


သူတို့က ညဘက်တွင် အလစ်အငိုက် တိုက်ခိုက်ခံရမည်စိုး၍ မီးလျှံပြာနယ်ပယ်တစ်ခုလုံး နေရာအနှံ့တွင် မီးများထိန်ထိန်လင်းနေအောင် ထွန်းညှိထား၍ နေရာတစ်ခုလုံး နေ့ဘက်သဖွယ် လင်းနေသည်။


ညအချိန်တွင် လမ်းပေါ်သို့ အင်မော်တယ်ဂိုဏ်းများမှ တပည့်များ ရောက်လာသည်။ ထိုနေရာမှလူများမှာ စိတ်အေးလက်အေးနေနိုင်ပြီး သူတို့နေ့ရက်များက ပုံမှန်သဖွယ်ဖြစ်နေသောကြောင့် ယခင်ကထက်ပို၍ သက်ဝင်လှုပ်ရှားနေကြသည်။


လမ်းတစ်လျှောက်တွင် ဆေးဆိုင်ငယ်လေးများစွာလည်းရှိပြီး သကြားလုံးချောင်းများကို အော်ဟစ်ရောင်းချနေကြသည်။


ဖန်ကျုံးချင်းက သူသူငါငါ မြင်ဖူးနေကျဖြစ်သည့် သာမန်အရာများကို တစ်ကြိမ်မှမတွေ့ဖူး၍ အားလုံးကို အထူးအဆန်းဟု ခံစားနေရသည်။ ကလေးတစ်အုပ်စုက အသီးလေး ခုနစ်လုံး ရှစ်လုံးခန့်ကိုထိုးထားသည့် သစ်သားချောင်းများအား ကိုင်သွားသည်ကို သူမြင်လိုက်ရပြီး ထိုအရာများက အလင်းရောင်အောက်တွင် အလွန်တောက်ပနေသည်။


သူ စိုက်ကြည့်နေမိစဉ်တွင် ထိုအရာများနှင့် တစ်ပုံစံတည်းတူသည့်အရာတစ်ချောင်း သူ့မျက်စိရှေ့သို့ ရောက်လာသည်။


ဖန်ကျုံးချင်း မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ယွီဖူရှန့်၏မျက်နှာကို ကြည့်လိုက်သည်။

" အဲဒါဘာလဲ..."


ယွီဖူရှန့် ရယ်လိုက်မိသည်။

" ထန်းဟူလု လေ..."


ဖန်ကျုံးချင်းက ကလေးများလက်ထဲမှ သကြားလုံးချောင်းလေးများကို မျက်တောင်မခတ်စတမ်းကြည့်နေသည်ကိုမြင်မှ သူက အမြင်ထွက်ခဲသူဖြစ်ကြောင်း အမှတ်ရသွားလိုက်သည်။ သူက သာမန်လူများ မြင်တွေ့နေကျအရာများကို အထူးအဆန်းဖြစ်နေသောကြောင့် သူ့အတွက် ဝယ်ပေးလိုက်ခြင်းဖြစ်သည်။


ယွီဖူရှန့်က အပေါ်မှ စက္ကူစကို ခွာပေးပြီးမှ သကြားလုံးချောင်းကို ဖန်ကျုံးချင်း၏လက်ထဲ ထည့်ပေးလိုက်သည်။ 

" ကောင်းလားလို့ မြည်းကြည့်ပါဦး..."


ဖန်ကျုံးချင်းက ကလေးများ၏ ပျော်ရွှင်နေသည့်မျက်နှာကိုမြင်တည်းက သိချင်နေသူဖြစ်ရာ မဝံ့မရဲဖြင့် တစ်ချက်ကိုက်ကြည့်လိုက်သည်။ အရသာက အစပိုင်းတွင် ချိုမြနေသော်လည်း ခဏအကြာတွင် ချဉ်တူးနေသည့်အရသာမျိုး သွားများကြားထဲ ဝင်ရောက်လာသည်။


ချိုချဉ်အရသာက အံ့ဩစရာကောင်းလောက်အောင် အရသာရှိလှပေသည်။


ဖန်ကျုံးချင်းက ကျင့်ကြံရေးလောက၏ စားကောင်းသောက်ဖွယ်မျိုးစုံကို မြည်းစမ်းခဲ့ဖူးသော်လည်း ဤအရာမျိုးကို တစ်ကြိမ်မှ မစားခဲ့ဖူးပေ။ ထိုကလေးများ အဘယ့်ကြောင့် ပျော်ပျော်ရွှင်ရွှင်ဖြင့် စားနေရခြင်းအား သူ ချက်ချင်းသဘောပေါက်သွားသည်။


သူ့မျက်လုံးများ တောက်ပလာပြီး ခေါင်းညိတ်ပြလိုက်သည်။

" တော်တော်လေး အရသာရှိတာပဲ..."


ယွီဖူရှန့်က သူ့ပုံစံကိုမြင်သည့်အခါ နှုတ်ခမ်းများတွန့်ကွေး၍ ပြုံးလိုက်ပြီး သူ့လက်ပေါ်တွင် မျက်လှည့်ပြလိုက်သကဲ့သို့ လက်တစ်ဆုပ်စာ သကြားလုံးချောင်းများ ပေါ်လာသည်။

" အရသာရှိတယ်ဆို အကုန်လုံးကို စားလိုက်လေ..."