အပိုင်း ၁၈၄
Viewers 30k

Villain Shizun (Extra 5.1)




ဖန်ကျုံးချင်း ခဏတာ အံ့အားသင့်သွားပြီးသည့်နောက် နှုတ်ခမ်းများ ပွင့်ဟလာကာ ခပ်တိုးတိုး ရယ်မောလိုက်မိတော့သည်။


သူတို့နှစ်ယောက်က နတ်ဆိုးနယ်မြေထဲသွားရန် ကြံစည်ထားကြခြင်းဖြစ်သည်။ မီးလျှံပြာနယ်မြေ၏ အပြင်ဘက်ရှိ တောအုပ်ထဲတွင် အလင်းရောင်က မှိန်ပျပျဖြစ်နေသည်။ ဖန်ကျုံးချင်းက ကောင်းကင်ပေါ်ရောက်လုမတတ်မြင့်နေသည့် ရှေးဟောင်းသစ်ပင်ကြီးပေါ် ခုန်တက်သွားလိုက်သည်။ သူ၏ နှင်းတမျှဖြူဖွေးနေသော ဝတ်ရုံစက သစ်ကိုင်းသစ်ရွက်နှင့် အသာခြစ်မိသွားပြီး မျက်လုံးက ရှေ့တည့်တည့်ကိုသာ ကြည့်နေသည်။


ယွီဖူရှန့်က သူ့ဘေးနားတွင်ရပ်နေပြီး အဝေးတစ်နေရာတွင် လှုပ်ရှားနေသည့် အရိပ်မည်းများကို သတိပြုမိသည်။ လူအများစုက ပြင်ဆင်မှုအချို့ ပြုလုပ်နေပုံရသည်။


ဖန်ကျုံးချင်း နောက်လှည့်ကြည့်ပြီး စကားပြောတော့မည့်အချိန်တွင် မနီးမဝေးမှ လမ်းလျှောက်လာသော လူ‌နှစ်ယောက်ကို တွေ့လိုက်ရသည်။


သူတို့ထံတွင် နတ်ဆိုးစွမ်းအင်မရှိသောကြောင့် နတ်ဆိုးကျင့်ကြံသူများ မဖြစ်နိုင်သော်လည်း ညနက်နေသည့်အချိန်တွင် အဘယ့်ကြောင့် ဤနေရာသို့ ရောက်လာရခြင်းကို မသိနိုင်ဖြစ်နေသည်။


ဖန်ကျုံးချင်းက သိချင်စိတ်ကြောင့် သူတို့ကို လှမ်းကြည့်နေမိသည်။ ခဏအကြာတွင် အရပ်ရှည်ရှည်လူက သူနှင့်အတူလျှောက်လာသော မိန်းကလေးကို သစ်ပင်တွင် ဖိကပ်ပစ်ပြီး ခေါင်းငုံ့ကာ သူမ နှုတ်ခမ်းများကို ထိလိုက်သည်။


ဖန်ကျုံးချင်းက အထူးအဆန်းအရာတစ်ခုကို တွေ့သွားသည့်နှယ် အံ့အားသင့်သွားပြီး သူ့ဘေးနားတွင်ရပ်နေသူ၏ ဝတ်ရုံလက်ကို အမြန်လှမ်းဆွဲလိုက်သည်။


ယွီဖူရှန့်က ဝတ်ရုံစကို အဆွဲခံလိုက်ရ၍ တအံ့တဩဖြစ်သွားသည်။

" ဘာဖြစ်လို့လဲ..."


ဖန်ကျုံးချင်းက သူတို့ကိုလက်ညှိုးထိုးပြပြီး တိုးတိုးပြောလိုက်သည်။

" ကြည့်ဦး သူတို့ တစ်ခုခု စားနေကြတာထင်တယ်..."


ယွီဖူရှန့် ခေါင်းရှုပ်သွားပြီး လှည့်ကြည့်လိုက်သောအခါ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကိုသာ မြင်လိုက်ရသည်။ သူတို့က တောအုပ်ထဲတွင် အလင်းရောင်မှိန်မှိန်သာရှိသည်ကို အခွင့်ကောင်းယူပြီး သစ်ပင်အောက်တွင် တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်နမ်းရှိုက်နေခြင်းဖြစ်သည်။ 


"..."


သူ့လက်တစ်ဖက်ဖြင့် ‌လည်ဆန့်ကြည့်နေသော ဖန်ကျုံးချင်း၏မျက်နှာကို အုပ်ထားလိုက်သည်။

" သွားမကြည့်နဲ့..."


" ဘာလို့လဲ..."

ဖန်ကျုံးချင်း ဇဝေ‌ဇဝါဖြစ်သွားပြီး သိုလှောင်အိတ်ကို ကိုင်လိုက်သည်။

" သူတို့ဗိုက်ဆာနေလို့ တစ်ခုခုစားချင်နေတာများလား... ငါ့မှာသကြားလုံးချောင်းတွေရှိတယ်လေ သူတို့နဲ့ တူတူမျှစားလို့ရတယ်..."


ယွီဖူရှန့်က ခဏတာ ငြိမ်ကျသွားသည်။

" သူတို့ ဘာမှစားစရာ မလိုပါဘူး..."


ဖန်ကျုံးချင်း ဂရုတစိုက်ပြန်ကြည့်တော့မည့်အချိန်တွင် ယွီဖူရှန့်က သူမမြင်ရအောင် မျက်လုံးကိုအုပ်ထားလိုက်ပြန်သည်။

" မကြည့်နဲ့..."


ဖန်ကျုံးချင်းက ငယ်စဉ်ကလေးဘဝတည်းက ကျင့်ကြံရေးတစ်မျိုးတည်းကိုသာ အာရုံစိုက်လာသူဖြစ်၍ ထိုအကြောင်းများကို မသိသောကြောင့် ယခုချိန်တွင် အလွန်အမင်းသိချင်စိတ်များနေသည်။ ယွီဖူရှန့် သူ့မျက်လုံးများကို အုပ်ထားစဉ်တွင် မျက်တောင်ရှည်များဖြင့် အနည်းငယ်ပွတ်တိုက်လာမှုကို ခံစားလိုက်ရသည်။ ယားကျိကျိဖြစ်လာသောကြောင့် နောက်ဆုံးတွင် မခံနိုင်ဘဲ လွှတ်ပေးလိုက်ရသည်။


ဖန်ကျုံးချင်း၏အကြည့်များက ထိုနေရာသို့ ချက်ချင်းရောက်သွားပြန်သည်။

" ဒါဆို ဘာလို့ သူတို့နှုတ်ခမ်းတွေကို ကပ်ထားတာလဲ..."


ယွီဖူရှန့် : " သူတို့က နမ်းနေကြတာ..."


ဖန်ကျုံးချင်းက စကာလုံးအသစ်များကို လေ့လာလိုက်ရ၍ သစ်ပင်အောက်မှ မျက်လုံးမှိတ်ထားကာ နမ်းရှိုက်နေသူနှစ်ယောက်ကိုကြည့်ပြီး သင်္ကာမကင်းဖြစ်နေဟန်ဖြင့် မေးလိုက်သည်။

" သူတို့ကိုကြည့်ရတာ သက်တောင့်သက်သာ ဖြစ်နေသလိုပဲ..."


ယွီဖူရှန့် အတန်ကြာသည်အထိ ငြိမ်သက်သွားပြီးနောက် သူ့ကိုမည်သို့ရှင်းပြရမည်အား တွေးနေမိသည်။ ထိုအချိန်တွင် ဖန်ကျုံးချင်းက သူ့နားရုတ်တရက်ကပ်လာပြီး မျက်နှာကို အနီးကပ်ကြည့်နေသည်။


ယွီဖူရှန့် သတိလက်လွတ်ဖြစ်သွား၍ ကြည်လင်တောက်ပသော မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသည်။ ထိုမျက်ဝန်းများထဲတွင် ပုံမှန်မြင်တွေ့နေကျဖြစ်သည့် အေးစက်မှုမျိုးလည်း ရှိမနေချေ။ မျက်ဝန်းထဲမှ အလင်းရောင်ငယ်လေးက  ရေခဲကန်ရေပြင်ပေါ်သို့ လရောင်ဖြာကျနေသည့်သဖွယ် အလွန်တောက်ပလင်းလက်နေသည်။


ယွီဖူရှန့် အံ့အားသင့်သွားပြီးနောက် သူ့နှုတ်ခမ်းထက်တွင် ညလေပြည်လေညင်းနှင့်အတူ နူးညံ့သော အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။  


ထိုအချိန်က မျက်စိတစ်မှိတ်ခန့်သာ ကြာမြင့်လိုက်ပေသည်။ 


ဖန်ကျုံးချင်းက သူ့ရှေ့တည့်တည့်မှလူကို နမ်းလိုက်ပြီးသည့်နောက်တွင် နှုတ်ခမ်းများစေ့လိုက်ပြီး သစ်ပင်အောက်တွင် နမ်းနေဆဲဖြစ်သည့် လူနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ သူ့စိတ်ထဲတွင်မူ မည်သို့မှ မခံစားလိုက်ရပေ။

ဒါက သက်တောင့်သက်သာရှိလို့လား...


သူ့စိတ်ထဲတွင် ရှုပ်ထွေးမှုများစွာဖြင့် ပြည့်နေသည်။ သူ လှည့်ကြည့်လိုက်သည့်အခါ ယွီဖူရှန့်က အသိစိတ်ပြန်ကပ်လာ၍ သူ့ကိုမေးကြည့်ရန်ပြင်လိုက်သည်။ သူ ပါးစပ်ဟလိုက်သည်နှင့် ယွီဖူရှန့်က သူ့ကို ရှေးဟောင်းသစ်ပင်တွင် ရုတ်တရက် ဖိကပ်လိုက်ပြီး နှုတ်ခမ်းအချင်းချင်းကို ထိကပ်နမ်းရှိုက်ကာ လက်ချောင်းသွယ်သွယ်များကို သူ့ခေါင်းနောကိ ပို့ထားလိုက်ပြီး ဆံပင်များကို ပွတ်သပ်နေသည်။


ဖန်ကျုံးချင်း မျက်လုံးအပြူးသားဖြစ်သွားပြီး သူ့ကိုတွန်းထုတ်ပစ်ရန် ပြင်လိုက်သော်လည်း သူ့လက်ကောက်ဝတ်ကို ချက်ချင်းဖမ်းဆွဲခံလိုက်ရပြီး ပိုမိုတင်းကြပ်စွာ ဖိကပ်ခံလိုက်ရတော့သည်။


ယွီဖူရှန့်က အရောင်ဖျော့ဖျော့နှုတ်ခမ်းများကို နီရဲတွတ်လာသည်အထိ တဖြည်းဖြည်းနမ်းရှိုက်နေသည်။ အတိတ်တွင် စိတ်ထွက်ပေါက်မရခဲ့သော သူ့နှလုံးသားအောက်ခြေမှ အလိုဆန္ဒများက ရုတ်တရက် ထွက်ပေါက်ရှာတွေ့သွားတော့သည်။


သူ့မျက်ဆံများ မည်းနက်လာပြီး ရုန်းကန်ရန် ကြိုးစားနေသည့် ဖန်ကျုံးချင်း၏လက်ကို ဆွဲကိုင်ထားကာ လူကို သစ်ပင် ပင်စည်နှင့်ဖိထားသည်။ သူ့နှုတ်ခမ်းနှစ်လွှာက ပွင့်ဟလာပြီး‌သည်နောက် မည်သည့်လမ်းပြမှုမှ မပါဝင်ဘဲ ဖန်ကျုံးချင်းနူးညံသောလျှာကို သူ့လျှာဖြင့် ရစ်ပတ်လိုက်ပြီး နေရာလပ်မကျန်အောင် နယ်ချဲ့နေမိသည်။


ဖန်ကျုံးချင်းက အနမ်းခံရခြင်းကြောင့်မူးဝေလာ၍ သူ့ကိုပြန်လွှတ်ပေးလိုက်သည့်အချိန်တွင် ထူထဲသောပင်စည်တွင်မှီ၍ အမောတကောပင့်သက်ရှိုက်နေရသည်။ သူ့မျက်ခုံးနှစ်ခုအကြားမှ အမှတ်အသားလေးက သွေးနီရောင်တောက်ပနေပြီး အသက်ရှုမဝ‌ဖြစ်သွားသောကြောင့် ပါးပြင်ကလည်း ရဲတွတ်လာသည်။


သူ့နှုတ်ခမ်းပါးများလည်း တုန်ယင်နေပြီး ယွီဖူရှန့်ကို မှင်သက်မိန်းမောစွာကြည့်နေကာ ယွီဖူရှန့်က မည်သည့်အရာကို ကြိုးစားကြည့်နေလိုသည်ကို သိချင်နေမိသည်။ တစ်စုံတစ်ယောက်ကို နမ်းရှိုက်ရခြင်းအား စိတ်သက်တောင့်သက်သာဖြစ်သည်ဟုတ်မဟုတ်ကို သူ သိချင်နေမိသော်လည်း ယခုက အနည်းငယ်မှားယွင်းနေသည့်ပုံရသည်။ 


ယွီဖူရှန့်က သူ့ရင်ခွင်ထဲမှလူကို လွှတ်ပေးလိုက်ပြီးနောက် လရောင်အောက်မှ အေးစက်စက်နှင့် ချောမောသော မျက်နှာလေးကိုကြည့်ကာ တစ်စုံတစ်ရာကို ရုတ်တရက် သဘောပေါက်လိုက်သည်။


သူက ဖန်ကျုံးချင်းနံဘေးတွင် နေချင်ပြီး အခြားလူများကိုလည်း သူ့နားမကပ်စေချင်ပေ။ သူ ထိုလူကို ချစ်မိနေသောကြောင့် တစ်ယောက်တည်းအပိုင်သိမ်းထားချင်နေခြင်း ဖြစ်သည်။ ဖန်ကျုံးချင်းကို သူ့အပိုင်အဖြစ် သတ်မှတ်ချင်နေမိသည်။ သူကသာ ဖန်ကျုံးချင်း၏ တစ်ဦးတည်းသောသူငယ်ချင်း ဖြစ်ချင်နေလိုခြင်းမဟုတ်ဘဲ ဖန်ကျုံးချင်းအတွက် အရာအားလုံး ဖြစ်ချင်နေခြင်းပင်။


ယွီဖူရှန့်၏ နှလုံးခုန်သံများ အရိုင်းဆန်လာပြီး မီးလျှံကဲ့သို့တောက်လောင်သော အကြည့်များဖြင့် အမောတကော အသက်ရှုရှိုက်နေသူကို လှမ်းကြည့်လိုက်သည်။

" ကျုံးချင်း ငါ..."


သူ့စကားဆုံးသည်နှင့် အောက်ဘက်မှ လက်ခုပ်သံတစ်သံ ထွက်ပေါ်လာသည်။ 


အရပ်ရှည်ရှည်အရိပ်တစ်ခုက တောနက်ထဲမှထွက်လာပြီး သူ့ခါးတွင် ချိတ်ဆွဲထားသော လခြမ်းကွေးပုံစံ ကျောက်စိမ်းပြားက ညမီးရောင်အောက်တွင် တောက်ပနေသည်။


ဖန်ကျုံးချင်းက အသက်ပြင်းပြင်းရှုနေရဆဲဖြစ်ပြီး ယွီဖူရှန့်၏အော်ရာက အလုံးစုံပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ သူ ကြည့်နေသည့်နေရာသို့ လှမ်းကြည့်လိုက်သောအခါ ရုပ်ပုံကားချပ်ထဲကလူနှင့် တစ်ထပ်တည်းတူသည့်လူကို မြင်တွေ့လိုက်ရသည်။


နတ်ဆိုးအရှင် ရှီမော့ပဲ...


ဖန်ကျုံးချင်း၏အကြည့်များက သူ့ခါးတွင်ချိတ်ဆွဲထားသော ကျောက်စိမ်းပြားပေါ်သို့ ရောက်သွားသည်။ ၎င်းက အမှန်တကယ်ပင် သူ့ကျောက်စိမ်းပြား ဖြစ်နေခဲ့သည်။ "ချင်း" ဟူသောစာလုံးကို ကျောက်စိမ်းပြားပေါ်ထွင်းထားပြီး ၎င်းကိုသူ့ဆရာက ပေးထားခဲ့ခြင်းပင်။


သူ ကျောက်စိမ်းပြားကိုကြည့်နေစဉ် ရှီမော့က သူ့ကိုစိုက်ကြည့်နေသည်။ သူ ပါးစပ်ဟလာပြီး တရင်းတနှီးဖြစ်ကာ နူးညံ့သော အသံမျိုးဖြင့် ခေါ်လိုက်သည်။

" ဖန်ကျုံးချင်း..."


ဖန်ကျုံးချင်းက သူ့ကိုမမှတ်မိသောကြောင့် ထိုစကားများကြားသည့်အခါ အမူအရာမဲ့ဖြစ်နေသည်။ သူ့လက်ထဲမှ မှင်ရောင်ပုလွေကို မှုတ်လိုက်သည့်အခါ ဝိညာဉ်စွမ်းအားများ မြင့်တက်လာပေသည်။


၎င်းကိုမြင်သည့်အခါ ရှီမော့က လက်နောက်ပစ်ထားပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။

" ကျုံးချင်း... ကိုယ်တို့ အခုမှတွေ့ရတာကိုချက်ချင်းတိုက်တော့မှာလား ဝမ်းနည်းစရာ ကောင်းလိုက်တာ..."


ဖန်ကျုံးချင်းက စကားတစ်ခွန်းမှ မပြောချင်နေပေ။ ဤလူက သူ့ဆရာတူညီလေးကို ဒဏ်ရာရအောင် ပြုလုပ်ထားခြင်းဖြစ်၍ လက်စားချေရန် သူရောက်လာရခြင်းဖြစ်သည်။ ကျောက်စိမ်းပြားက ရန်သူ့လက်ထဲ မည်သို့ရောက်သွားရသည်အား မသိသော်လည်း ၎င်းကိုပြန်ယူလိုက်လျှင် ရပေ၏။


အဖြူရောင်ဝတ်ရုံနှင့်လူငယ်လေးထံမှ ထုတ်လွှတ်နေသည့် ခြိမ်းခြောက်မှုများကြောင့် တောနက်ထဲမှ ပိုးမွှားအားလုံး၏အသံက ပျောက်ကွယ်သွားပြီး တစ်ခဏတာအတွင်းမှာပင် ကြက်သီးထစရာကောင်းလောက်အောင် တိတ်ဆိတ်လာသည်။


ရှီမော့က ဖိအားကို ခံစားလိုက်ရ၍ သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားသည့်ပုံစံဖြစ်လာသည်။ ဖန်ကျုံးချင်းကို မတွေ့မီတည်းက သူ၏ကျင့်ကြံဆင့်ကို အကြမ်းဖျင်းတွက်ဆခဲ့သော်လည်း မမျှော်လင့်ထားသည်မှာ သူ ခန့်မှန်းထားသည်ထက် ပိုမိုမြင့်မားနေခြင်းပင်။


ရှီ‌မော့၏စိတ်ထဲ တွေးလိုက်မိသည်။

ဒီလူတစ်ယောက်တည်းကပဲ ငါနဲ့ထိုက်တန်တာ...


သူက ငယ်စဉ်တည်းက ထူးခြားဆန်းကြယ်သော အရည်အချင်းများဖြင့် နတ်ဆိုးလောက၏ သခင်လေးဖြစ်ခဲ့သော်လည်း ကျင့်ကြံရေးလောကတွင် ဖန်ကျုံးချင်းဟူသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ရှိသည့်အကြောင်း အမြဲကြားဖူးခဲ့သည်။ လောကနှစ်ခုအကြားမှ ဆက်ဆံရေးက တင်းမာခက်ထန်သော်လည်း အကြီးအကဲများက ထိုလူအပေါ် အလွန်လေးစားကြသည်။ ထိုလူ ကြီးပြင်းလာပါက ကျိန်းသေပေါက် နတ်ဆိုးအားလုံး၏


ရန်သူဖြစ်လာမည်ဟု ပြောကြသည်။ အထူးသဖြင့် သူ့အတွက် ရန်သူကြီးတစ်ယောက် ဖြစ်လာပေမည်။ 


ရှီမော့က ပင်မနယ်မြေတစ်ခုလုံးကို စည်းလုံးစေချင်သူဖြစ်သည်။ ကျင့်ကြံရေးလောကတွင် ထိုသို့ပြိုင်ဘက်ကင်း ပါရမီ‌ရှင်တစ်ယောက်ရှိကြောင်း ကြားသည့်အခါ သူ့ကိုယ်သူ ထိုလူနှငိ့ နှိုင်းယှဉ်နေမိပြီး ဖန်ကျုံးချင်းနှင့် ပတ်သက်ဆက်နွယ်မှုရှိသူများကို ရှာဖွေနေမိသည်။


မမျှော်လင့်ထားသည်မှာ တစ်ဖက်လူက သူနှင့်အလွန်သင့်တော်သူတစ်ယောက် ဖြစ်နေခဲ့သည်။ မင်ယိုတောင်ကြားတိုက်ပွဲအတွင်းတွင် ဖန်ကျုံးချင်းက နတ်ဆိုးသားရဲကြီးတစ်ကောင်ကို သတ်ပစ်နိုင်ခဲ့သည့် သတင်းကြားသောအခါ ကောလဟာလများက အတုအယောင်မဟုတ်ကြောင်း ရှီမော့သဘောပေါက်သွားသည်။ ထိုလူက အမှန်တကယ်ပင် သန်မာလှပေသည်။ 


ဤသို့ဖြင့် သူ့အိပ်ရာထက်မှလူများက စိတ်ဝင်စားစရာမကောင်းဟု ရှီမော့ တွေးလာခဲ့မိသည်။ သူတို့က မည်မျှချောမောလှသည့် ယောကျာ်း၊ မိန်းမများဖြစ်စေ သူ့အတွက် အတူတူသာဖြစ်သည်။ သူတို့၏ ပုံပန်းသွင်ပြင်က မည်သို့ဖြစ်စေ ရှီမော့က သူအလိုရှိသည့်အရာများကို အမြဲရခဲ့သည်။ သူ ပျင်းရိငြီးငွေ့လာချိန်တွင် ဖန်ကျုံးချင်းအကြောင်း တွေးလာမိပြီး သူတစ်ယောက်တည်းကသာ ရှီမော့နှင့် ထိုက်တန်သူဟု တွေးလာမိသည်အထိဖြစ်သည်။ အကယ်၍ တစ်ဖက်လူကို သူ့အပိုင်ဖြစ်အောင် ပြုလုပ်နိုင်ပါက သူ့အပေါ်တုနှိုင်းမဲ့ သာယာမှုများ ပေးနိုင်လိမ့်မည်ဟု ထင်လာခဲ့သည်။ 


သို့သော် ရှီမော့က အဆင့်တက်မည့်အချိန်အထိ တောင့်ခံခဲ့ပြီး သန်မာလာသည့်အခါမှ ကျင့်ကြံရေးလောကကို စိန်ခေါ်ခဲ့သည်။ သူတို့တစ်ယောက်နှင့်တစ်ယောက်တွေ့ရန် အချိန်အချို့ယူရဦးမည်ဟု ထင်ခဲ့သော်လည်း တစ်ဖက်လူက မြန်မြန်ရောက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ 


ဖန်ကျုံးချင်းကို လူကိုယ်တိုင်မြင်လိုက်ရသည့်အခါ ရုပ်ပုံကားချပ်ထဲမှလူက လူအစစ်၏ တစ်ထောင်ပုံတစ်ပုံကိုသာ ဖော်ညွှန်းထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။


လူအစစ်က ညကောင်းကင်ယံထက်မှ တောက်ပသော လမင်းကြီးကဲ့သို့ မြင့်မြတ်ပြီး အေးတိအေးစက်ဖြစ်နေသော်လည်း အနီးကပ်ကြည့်မည်ဆိုပါက အစောပိုင်းက နမ်းထားခြင်းကြောင့် ဖန်ကျုံးချင်း၏ ပါးပြင်က နီရဲတွတ်နေသည်။ သူ၏ ကြည်လင်သောမျက်လုံးလေးများက ကပျာကယာဖြစ်နေဟန်ရ၍ ပတ်ဝန်းကျင်ကို လျစ်လျူရှု့ထားမိကြောင်း ပြသနေသည်။


သူ့ပုံစံက မည်သည့်အရာမှ မစွန်းထင်းထားသည့် စက္ကူဖြူတစ်ရွက်သဖွယ် အံ့ချီးဖွယ်ကောင်းလောက်အောင် သန့်စင်နေသည်။


ရှီမော့က သူ့ပုံစံကို အလွန်ကျေနပ်နေပြီး ပြောလိုက်သည်။

" ကိုယ့်ရဲ့ နတ်ဆိုးဘုရင်မ ဖြစ်ပေးပါ..."


ဖန်ကျုံးချင်း သူ့ကိုစတိုက်ခိုက်တော့မည်အချိန်တွင် ရှီမော့က သူ့ကိုမြတ်နိုးစွာဖြင့်ကြည့်ပြီး ထိုစကားများကို စတင်ပြောလာသည်အား သတိပြုမိလိုက်သည်။


သို့ဖြစ်၍ တစ်ဖက်သို့လှည့်ကာ အလွန်အေးစက်ခက်ထန်နေသောမျက်နှာနှင့် ယွီဖူရှန့်ကို လှည့်မေးလိုက်သည်။

" နတ်ဆိုးဘုရင်မဆိုတာ ဘာလဲ..."


ယွီဖူရှန့်၏ မျက်လုံးများက အုံ့မှိုင်းနေပြီး ထိုစကားများကြားချိန်၌ ရန်လိုသည့်ပုံစံ ဖြစ်သွားတော့သည်။ ထိုမေးခွန်းကိုကြားသည်နှင့် သူပြောလိုက်၏။ 

" မကောင်းတဲ့ဟာ တစ်ခုခုပေါ့..."


ရှီမော့၏အကြည့်က ယွီဖူရှန့်ထံသို့ရောက်သွားပြီး ထိုလူကို စိတ်ဝင်တစားဖြင့် ကြည့်နေလိုက်သည်။


ရှီမော့က ဓားဂိုဏ်းချုပ်ကို တွေ့ဖူးခဲ့သော်လည်း သူ့ကိုတစ်ကြိမ်မှ မတိုက်ခိုက်ခဲ့ဖူးပေ။ ချင်းလင်ဂို‌ဏ်းချုပ်နှင့် ရှီးယန်ဂိုဏ်းချုပ်က သူ့ကို အတူတကွတိုက်ခိုက်သော်လည်း မအောင်မြင်ခဲ့သောကြောင့် တစ်ဖက်က ဓားဂိုဏ်းချုပ်ကိုလည်း အာရုံစိုက်ရန် မလိုအပ်ဟု တွေးနေသည့်ပုံပင်။ 


သူ့အမြင်တွင် ကျင့်ကြံရေးလောကတစ်ခုလုံး၌ သူ သတိပြုထိုက်သောလူက ဖန်ကျုံးချင်းတစ်ယောက်သာ ရှိပေသည်။


ယခုအခါတွင် ရှီမော့က ယွီဖူရှန့် ရှင်းပြလိုက်သည်ကို နားထောင်ပြီး တစ်ဖက်လူ၏မျက်နှာထက်မှ မဖုံးမဖိနိုင်ဖြစ်နေသော အလွန်ရန်လိုနေသည့်အမူအရာကို တစ်ချက်ကြည့်လိုက်သည်။ ထို့အပြင် ဤလူက အစောပိုင်းတွင် ဖန်ကျုံးချင်းကို သစ်ပင်၌ဖိကပ်၍ နမ်းရှိုက်ခဲ့သူဖြစ်သောကြောင့် သူ့ရည်ရွယ်ချက်က သိသာထင်ရှားနေသည်။


သို့သော် ရှီမော့စိတ်မပူမိချေ။ သန်မာသူများက အလေးစားခံရမည်ဖြစ်သော်လည်း ယွီဖူရှန့်က နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ မရောက်ရှိသေးသူဖြစ်၍ သူ့ကိုယှဉ်နိုင်မည် မဟုတ်ပေ။ 


ရှီမော့၏အကြည့်က ယွီဖူရှန့်ကိုကျော်ပြီး ဖန်ကျုံးချင်းထံသို့ ရောက်သွားသည်။

" နတ်ဆိုးဘုရင်မဆိုရင် နတ်ဆိုးကျင့်ကြံသူ ဖြစ်လာရမှာ... မင်းကို ကိုယ့်ရဲ့တာအိုလက်တွဲဖော် ဖြစ်လာစေတာပါ..."


နတ်ဆိုးဘုရင်မဟူသည်မှာ သူ၏ တာအိုလက်တွဲဖော်ဖြစ်လာရမည်ဖြစ်၍ ယွီဖူရှန့်ပြောသောစကားများက မှန်ကန်ပေသည်။ ထိုအရာက သူ၏တာအိုနှလုံးသားနှင့် ကျင့်ကြံရေးလမ်းစဉ်ကို ဖျက်ဆီးပစ်ပေလိမ့်မည်။ 


ဖန်ကျုံးချင်း : " မလုပ်နိုင်ဘူး..."


ယွီဖူရှန့်၏မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားသည်။ ဖန်ကျုံးချင်းက တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းငြင်းဆန်လိုက်သည်ကို ကြားလိုက်သည့်အခါ နှုတ်ခမ်းပါးများ အနည်းငယ် မြင့်တက်သွားသည်။ သူ စကားပြောတော့မည့်အချိန်တွင် ဖန်ကျုံးချင်းက ဆက်ပြောသည်ကို ကြားလိုက်ရသည်။


" ငါ့ဆရာပြောဖူးတာတော့ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်တဲ့သူတွေကပဲ တာအိုလက်တွဲဖော် ဖြစ်လာလို့ရတာ... ငါက ဘယ်သူ့ကိုမှ မချစ်နိုင်ဘူးဆိုတော့ ငါ့ရဲ့တာအိုနှလုံးသား ပျက်စီးသွားလိမ့်မယ်..."


ဖန်ကျုံးချင်း၏မျက်နှာက အနည်းငယ်အေးစက်နေပြီး ရှီမော့ကို ရွံရှာစက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်သည်။

" မင်းက ငါ့ရဲ့တာအိုလက်တွဲဖော်ဖြစ်လာချင်တယ်ဆိုတော့ ငါ့ကို ဒုက္ခပေးချင်လို့များလား..."


ယွီဖူရှန့်၏အပြုံးက အေးခဲတောင့်တင်းသွားတော့၏။ 


သူ တအံ့တဩဖြစ်နေသည့် မျက်လုံးများဖြင့် ဖန်ကျုံးချင်း၏အေးစက်စက်မျက်နှာကိုကြည့်နေပြီး ပျော်ရွှင်မှု၊ ဝမ်းနည်းနှု၊ ဒေါသဖြစ်မှုနှင့် ဝမ်းသာမှုတို့ ဖြစ်ခဲလှသည့်မျက်နှာတွင် ရွံရှာစက်ဆုပ်သည့်အမူအရာ ဖြစ်နေသည်အား တွေ့လိုက်ရသည်။


ယွီဖူရှန့်၏နှလုံးသားထဲ ‌အေးစက်မှုတို့ ပျံ့နှံ့သွားပြီး အစောပိုင်းက လောင်ကျွမ်းနေသည့်အပူကို အေးခဲသွားစေခဲ့သည်။ 


ဘယ်သူ့ကိုမှ မချစ်နိုင်ဘူးဆိုတာ ဘာသဘောလဲ...


ယွီဖူရှန့် အံ့အားသင့်နေစဉ်တွင် ဖန်ကျုံးချင်းက စတင်လှုပ်ရှားတော့သည်။ ရှီမော့က သူနှင့် အကြိမ်ရေအနည်းငယ်ခန့် တိုက်ကွက်ချင်း ဖလှယ်လိုက်သည်။ တစ်ဖက်လူ၏ များပြားလှသော ဝိညာဉ်စွမ်းအင်များကြောင့် သူ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး ခဏအကြာတွင် ထွက်ပြေးသွားကာ စကားအချို့ ချန်ထားရစ်ခဲ့သည်။

" နောက်မှ ထပ်တွေ့ကြတာပေါ့..."


ဖန်ကျုံးချင်းက သူ့နောက်သို့ လိုက်လံတိုက်ခိုက်လိုသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ရှီမော့၏ ခြေရာလက်ရာကို မတွေ့ရတော့ချေ။ သူက မှော်မန္တန်အချို့ကို အသုံးပြုသွားပုံပေါ်၍ ဖန်ကျုံးချင်း လက်လျှော့လိုက်သည်။


သူ တစ်ဖက်သို့လှည့်လိုက်သည်နှင့် လက်ကောက်ဝတ်ကို ဖမ်းဆွဲခံလိုက်ရသည်။


တောနက်ထဲတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ယွီဖူရှန့်၏ ဩရှရှအသံ ထွက်ပေါ်လာသည်။

" မင်းဘာလို့ တခြားလူတွေကို မချစ်နိုင်ရတာလဲ..."


ဖန်ကျုံးချင်းက ရှင်းပြလိုက်သည်။

" ငါ့ရဲ့ကျင့်ကြံဆင့်တွေက ငယ်ငယ်တည်းက မြန်မြန်တိုးတက်လာခဲ့တာဆိုတော့ စိတ်ထဲမှာ အာရုံပျံ့လွင့်နေတာတွေ မရှိတော့ဘဲ လောကကြီးကလူတွေနဲ့ အရောမဝင်ချင်တော့သလို ဖုန်တစ်စက်မှ အစွန်းမခံနိုင်တော့သလို ဖြစ်သွားရတာ... တကယ်လို့ "အချစ်" ဆိုတဲ့အရာ ငါ့စိတ်ထဲဖြစ်လာရင် တာအိုနှလုံးသား ပျက်စီ

းလိမ့်မယ်... ကျင့်ကြံရေးလမ်းစဉ်ကလည်း ငါ့အတွက် တော်တော်ခက်ခဲသွားမှာ..."


ယွီဖူရှန့်မှာ ရေခဲအကျဉ်းတိုက်ထဲ ပြုတ်ကျသွားသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာလေသည်။

" ဒါပေမဲ့ ငါ..."