အပိုင်း ၁၈၅
Viewers 30k

Villain Shizun (Extra 5.2)




တစ်ဝက်တစ်ပျက်တွင် ထိုစကားများကို သူ ဆက်မပြောနိုင်တော့ချေ။ 


သူ့ကိုကြည့်နေသော ဖန်ကျုံးချင်း၏မျက်လုံးများက အလွန်ကြည်လင်လှ၍ ‌လောကကြီး၏ အကြောင်းကိစ္စများနှင့် အချစ်ဟူသောစကား၏ အဓိပ္ပါယ်ကို နားမလည်နိုင်သည့်ပုံပေါ်သည်။


ယွီဖူရှန့် ငြိမ်ကျသွားတော့၏။ တစ်ခဏတွင်းချင်းမှာပင် သူ ကောင်းကင်ဘုံမှ အဆုံးမဲ့အသူရာချောက်ထဲသို့ ပြုတ်ကျသွားရသည်။ သူ ဖန်ကျုံးချင်း၏လက်ကို တင်းကြပ်စွာဆွဲထားမိသောကြောင့် ဖန်ကျုံးချင်းအနည်းငယ်နာကျင်လာပြီး မျက်မှောင်ကြုတ်လိုက်မိသည်။


ယွီဖူရှန့်၏မျက်ဝန်းများက မကြည်မလင်နှင့် ဝေဝါးနေကာ သူ့ရင်ထဲတွင် အသံနှစ်သံကို ကြားနေရသည်။


သူ ဖန်ကျုံးချင်းကို ရင်ခွင်ထဲပွေ့ဖက်ထားပြီး သူ့နှလုံးသားထဲကအတိုင်း အရိုင်းဆန်စွာ ပြုမူပစ်ချင်သည်။ သူ့ရှေ့ကလူကို ချစ်ခင်နေရသည်မှာကြာလှပြီဖြစ်၍ သူ့ကိုချစ်ခင်ခြင်းမှာ ပိုင်ဆိုင်လိုခြင်းဟူသည့် အဓိပ္ပါယ်ကို ရှင်းလင်းစွာသိသည်။


သို့သော် အခြားအသံတစ်သံကလည်း သူ့ကိုပြောနေပြန်သည်။ သူ ခေါင်းမော့ပြီး ထိုလူကို ပွေ့ဖက်လိုက်သည်နှင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ နူးညံ့သော နှုတ်ခမ်းပါးများကို နမ်းပစ်မိနိုင်သည်။ ထို့အပြင် အထိန်းအကွပ်မဲ့သွားပြီး အခြားသောအရာများကိုပါ ပြုလုပ်လာနိုင်သည်။ 


ဖန်ကျုံးချင်းက ခေါင်းငုံ့ထားသော်လည်း သူ့ရင်ထဲတွင် အတွေးလွန်ဆွဲနေသည့် စစ်ပွဲကြီးဖြစ်နေသည်။ ခဏအကြာတွင် သူ့ခွန်အားများ ဆုံးရှုံးသွားသကဲ့သို့ ဖန်ကျုံးချင်း၏လက်ကို တဖြည်းဖြည်းလွှတ်ပေးလိုက်သည်။


ဖန်ကျုံးချင်းက ဤတစ်လောကလုံးတွင် သူ နာကျင်အောင် မပြုလုပ်နိုင်သည့် တစ်ဦးတည်းသောလူဖြစ်၍ ယွီဖူရှန့်က ထိုအရာများကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။ 


ယွီဖူရှန့်၏ပုံစံက တစ်မျိုးဖြစ်နေ၍ ဖန်ကျုံးချင်းက နတ်ဆိုးအရှင်နောက်သို့ ဆက်မလိုက်တော့ဘဲ သူ့ကိုခေါ်၍ မီးလျှံပြာနယ်ပယ်သို့ ခေါ်လာခဲ့သည်။


အခန်းသို့ပြန်ရောက်သည့်အခါ ဖန်ကျုံးချင်းက ပြောလိုက်သည်။

" စောစောအိပ်ရာဝင်တော့..."


ယွီဖူရှန့်က ချောင်းယွင်တောင်ထွတ်တွင်နေတတ်ပြီး တစ်ခါတစ်ရံတွင် သူတို့နှစ်ယောက် တစ်ညတာလုံးစကားပြောနေတတ်ပေသည်။ ပင်ပန်းသည့်အခါတွင်လည်း အိပ်ရာတစ်ခုတည်း၌ တူတူအိပ်တတ်ကြသည်။ သို့ဖြစ်၍ ဖန်ကျုံးချင်းက အိပ်ရာဘေးနားသို့လျှောက်လာပြီး အပေါ်ဝတ်ရုံကိုချွတ်၍ အနားယူလိုက်ကာ သူ့နောက်တွင် ရှိနေသူကို အာရုံမစိုက်မိတော့ပေ။ သူ့ကိုကြည့်နေသူက အနည်းငယ်လန့်သွားသည့်ဟန်ပေါ်ပြီး သူ့မျက်လုံးများက မှန်းဆမရသည့် အမူအရာမျိုး ပေါ်လာသည်။


ယွီဖူရှန့် : " မင်း ဒီမှာနားလိုက်လေ... ငါ ဓားဂိုဏ်းကလူတွေနဲ့ အရေးတကြီးဆွေးနွေးစရာကိစ္စတွေ ရှိသေးတယ်..."


ဖန်ကျုံးချင်းက သူပြောသည်ကို သံသယမဝင်ဘဲ အေးအေးလူလူသာ ပြန်ပြောလိုက်သည်။

" ဒီလောက် ညနက်နေပြီကို..."


ထို့နောက် သူ အိပ်ရာပေါ်လှဲလိုက်တော့၏။


သူက အမြဲတမ်းပုံမှန်အိပ်နေကျပုံစံဖြင့်သာ အိပ်လေ့ရှိ၍ အိပ်ရာပေါ်တက်ပြီးသည်နှင့် တစ်ကိုယ်လုံးကို စောင်ဖြင့်ခြုံလိုက်သည်။ အ‌လင်းရောင်မှိန်မှိန်အောက်တွင် သူ့မျက်တောင်ရှည်များက ဖြူဖွေးသောမျက်နှာထက်၌ ယပ်တောင်ပုံစံ အရိပ်ကလေးကျနေသည်။ သူ မျက်လွှာချလိုက်ပြီးနောက် မျက်လုံးမှိတ်ကာ အိပ်ပျော်သွားတော့သည်။ 


သူ၏ ခန္ဓာကိုယ်အခြေအနေကြောင့် တစ်ယောက်ယောက်နှင့် တိုက်ခိုက်လာခြင်း သို့မဟုတ် ဒဏ်ရာရခြင်းတို့ ဖြစ်လာပါက စွမ်းအင်များပြန်ပြည့်လာရန် အိပ်စက်အနားယူရသောကြောင့် သူက အမြဲတစေ လျင်မြန်စွာ အိပ်ပျော်သွားတတ်သည်။


ယွီဖူရှန့် အိပ်ရာဘေးတွင် အချိန်အတန်ကြာသည်အထိ ရပ်နေခဲ့မိပြီး သူ့အကြည့်များက အိပ်ရာထက်မှလူငယ်လေး၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီကို စေ့စေ့စပ်စပ်ကြည့်နေမိသည်။


သူတို့နှစ်ယောက် အတူတူအိပ်ကြစဉ်တွင်လည်း သူက ဖန်ကျုံးချင်း၏ မျက်နှာကို တစ်ညတာလုံးစိုက်ကြည့်နေကာ ဖန်ကျုံးချင်းအိပ်ရာနိုးလာချိန်တွင်မှ မျက်လုံးမှိတ်၍ အိပ်ချင်ယောင်ဆောင်နေတတ်သည်။


သို့ရာတွင် ထိုအချိန်က အဘယ့်ကြောင့် ထိုအပြုအမူများ ပြုလုပ်ခဲ့မိသည်ကို နားမလည်နိုင်ဖြစ်ခဲ့ရသည်။ ယနေ့ည ဖန်ကျုံးချင်းကို နမ်းလိုက်ပြီးသည့်အခါမှသာ သူ့ခံစားချက်များကို နားလည်သွားခဲ့သည်။


ထိုခံစားချက်ကို သဘောပေါက်နားလည်သွားသည်နှင့် မိုးကြိုးဖြင့် ပစ်ချခံလိုက်ရသည့်သဖွယ် ဖြစ်သွားပေသည်။


ယွီဖူရှန့် သူ၏ ဖြူဖွေးနူးညံ့သောပါးပြင်လေးကို လက်ဖြင့်တို့ထိပြီး တီးတိုးပြောလိုက်သည်။

" ဖန်ကျုံးချင်း ဒါကဘာသဘောလဲ... မင်းငါ့ကို အရင်လာဆွပြီးတော့ နောက်မှ မဖြစ်နိုင်ဘူးလို့ပြောတယ်..."


အထိအတွေ့ကို သတိပြုမိသွားသည်လား မသိသော်လည်း ဖန်ကျုံးချင်း၏ပါးပြင်က အနည်းငယ်ရွေ့သွားပြီး မျက်တောင်ရှည်များက တဖျတ်ဖျတ်လှုပ်လာသည်။ ယွီဖူရှန့် အိမ်မက်မှ နိုးထလာသည့်သဖွယ် ထိတ်ထိတ်ပျာပျာဖြင့် လက်ပြန်ရုတ်လိုက်ပြီး ခြေလှမ်းအနည်းငယ်ခန့် ဆုတ်သွားရသည်။


ခဏအကြာတွင် သူ အိပ်ခန်းထဲမှ ထွက်သွားတော့သည်။


.....


နောက်တစ်နေ့မနက်စောစောတွင် ဖန်ကျုံးချင်း အိပ်ရာပေါ်ထထိုင်လိုက်ပြီးနောက် ငိုက်မျဉ်းနေသည့် မျက်လုံးများကိုပွတ်ကာ အိပ်ရာဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။


သူ့ဘေးနားတွင် မည်သူမှ ရှိမနေသည့်အပြင် စောင်ပေါ်တွင်လည်း မည်သည့်နွေးထွေးမှုကိုမှ မခံစားရချေ။ ယွီဖူရှန့် အလုပ်ရှုပ်နေသောကြောင့် တစ်ညလုံး ပြန်မလာခြင်း ဖြစ်နိုင်ပေသည်။


ဖန်ကျုံးချင်း အခန်းထဲမှ ထွက်လာသည့်အခါ ယမန်နေ့ညက ယွီဖူရှန့်၏ စိတ်မသက်မသာဖြစ်နေသော အမူအရာကိုတွေးမိ၍ သူ့ကိုရှာဖွေနေမိသည်။ သူ ခြံဝင်းထဲမှ ခြေတစ်လှမ်းထွက်ရန် ပြင်လိုက်သည်နှင့် လမ်းမထက်မှ ဆူဆူညံညံဖြစ်နေသံများကို ကြားလိုက်ရပေသည်။


သူ မျက်မှောင်အသာကြုတ်လိုက်ပြီး ခြေထောက်တစ်ဖက်ကို အထဲသို့ ပြန်ထည့်လိုက်သည်။


သူ ခြံဝင်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး ရှီမော့ ယမန်နေ့ညက မည်သို့လွတ်မြောက်သွားကြောင်း တွေးနေမိသည်။ 


ရှီမော့၏လှုပ်ရှားမှုများအကြောင်း ပြန်စဉ်းစားမိသည့်အခါ သူက တစ်ခုခုကို လျှို့ဝှက်လှုပ်ရှားနေသည့်တူသော်လည်း သူ့အရှိန်က မြန်လွန်းလှသည်။ သူက ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်သော်လည်း ထိုအကြောင်းကို ပြန်စဉ်းစားလိုက်သည့်အခါ စိတ်ထဲ မရှင်းမလင်း ဖြစ်လာသည်။


ဖန်ကျုံးချင်းက ခြံဝင်းထဲတွင် တစ်ယောက်တည်းနေနေပြီး လွတ်မြောက်သွားသည့်မန္တန်ကို သိရှိရန်ကြိုးစားနေသည်။ သူ သတိမထားမိသည့်အချိန်မှာပင် ညနေစောင်းရောက်လာပြီး ပိုးကောင်များ၏အသံလေးများ ထွက်ပေါ်လာသည်။


သူ သဲလွန်စအချို့ကို ရှာတွေ့သွားပြီဖြစ်၍ မန္တန်များကြားထဲ စိတ်နှစ်နေသည့် အခြေအနေမှ ထွက်ပေါ်လာလိုက်ချိန်တွင် သူ့ရှေ့တွင်လွင့်မျောနေသော စာပို့အင်းစာရွက်ကို မြင်လိုက်ရသည်။


၎င်းက မည်သည့်အချိန်တည်းက ရောင်နေသည်ကို မသိသော်လည်း လက်ဆန့်ထုတ်၍ယူလိုက်ပြီး အဖြူရောင်လက်ချောင်းသွယ်သွယ်များဖြင့် ဖိညှစ်လိုက်သည့်အခါ စိမ်းပြာရောင်အလင်းက သူ့လက်ဖျားများကို လွှမ်းခြုံသွားသည်။


၎င်းက သူ့ဆရာတူညီလေး လင်ယွမ်ထံမှဖြစ်ပြီး သူ မည်သည့်နေရာရောက်နေကြောင်း မေးမြန်းထားခြင်းပင်။


ဖန်ကျုံးချင်းက စာပြန်လိုက်သော်လည်း သူ မည်သည့်နေရာတွင် ရှိနေသည့်အကြောင်းအား မပြောပြလိုက်ပေ။ လင်ယွမ်ကို ပြန်လည်သက်သာလာသည်အထိ ဂိုဏ်းတွင် အနားယူခိုင်းထားပြီး ရှီမော့ကို ချေမှူန်းနိုင်မည့်အချိန်ကိုသာ စောင့်နေရန် ပြောခဲ့သည်။


စာပြန်ပြီးသည်နှင့် ဖန်ကျုံးချင်းက ခြံဝင်းထဲတွင် ဦးတည်ရာမဲ့စွာ လျှောက်သွားနေလိုက်သည်။ ခဏအကြာတွင် သူ တံခါးဝနားရောက်သွား၍ အပြင်သို့ လှမ်းကြည့်လိုက်မိပေသည်။ ညအချိန်ရောက်လာသောကြောင့် လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် မီးပုံးများစွာထွန်းထား၍ အလွန်တောက်ပနေသည်။


သို့သော် ယွီဖူရှန့်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရချေ။


ယွီဖူရှန့်က ပြဿနာတစ်ခုခုနှင့် ကြုံတွေ့ရပြီး ပြန်မလာနိုင်ဖြစ်နေသည်လားဟု သူ တွေးမိလာသည်။


သူ ပျင်းရိစွာဖြင့် ခြံဝင်းထဲသို့ပြန်လာပြီး ကျောက်ပြာလမ်းဘေးနားမှ ပန်းပွင့်များ၊ အပင်ငယ်များဖြင့် ဆော့ကစားနေမိသည်။


ချင်းလင်ဂိုဏ်းချုပ်ဟောင်း ထွက်သွားပြီးချိန်မှစ၍ နှစ်ဝက်တစ်တွင်တစ်ခါ ချောင်းယွင်တောင်ထွတ်သို့ ရောက်လာတတ်သော လင်ယွမ်မှလွဲ၍ ယွီဖူရှန့်တစ်ယောက်တည်းနှင့်သာ သူ စကားပြောဖြစ်ခဲ့သည်။


သူနှင့် ဝိညာဉ်စွမ်းအင်ဆိုင်ရာကိစ္စများကို ဆွေးနွေးခြင်းအပြင် ယွီဖူရှန့်က ဓားဂိုဏ်းအကြောင်းများလည်း သူ့ကိုပြောပြတတ်သည်။ ယခုလက်ရှိဓားဂိုဏ်းက အလွန်ပြောင်းလဲသွားပြီဖြစ်သည်။ ဂိုဏ်း၏စည်းမျဉ်းများကို သွေဖယ်အောင်လုပ်သူများအား ယွီဖူရှန့်က တစ်ယောက်ချင်း ရှင်းထုတ်ပစ်ခဲ့ပြီး ဓားဂိုဏ်း၏ စည်းကမ်းချက်အချို့ကိုပါ ပြန်လည်မွမ်းမံခဲ့သည်။


ယွီဖူရှန့် ထိုကိစ္စများကို စတင်ပြုလုပ်စဉ်၌ ဆူးညှောင့်ခလုတ်ပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့ရာတွင် သူ့ကျင့်ကြံဆင့်တိုးပွားလာသည်နှင့်အမျှ ထိုဆူးညှောင့်ခလုတ်များက တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ပေသည်။ ယခုလက်ရှိဓားဂိုဏ်းက ယွီဖူရှန့်က အရေးပါသော ဆောင်ရွက်ချက်များ၏ ရလဒ်ဖြစ်သည်။


သူ ပြဿနာတက်နေတာတော့ မဟုတ်လောက်ပါဘူးလေ...


ဖန်ကျုံးချင်း စိတ်အေးလက်အေးဖြစ်သွားပြီး သစ်ရွက်ခြောက်တစ်ရွက်ကို ကောက်ယူကာ သူ့လက်ထဲတွင် ဆော့ကစားနေမိသည်။


သို့ရာတွင် ယွီဖူရှန့်က ယခုအခါတွင် စွမ်းအားကြီးလာပြီး ကျင့်ကြံရေးလောက၏ ထိပ်ဆုံးနေရာမှ ရပ်တည်လာနိုင်ပြီဟု ဆိုသော်လည်း ရံဖန်ရံခါတွင် အိမ်မက်ဆိုးတစ်ခုထဲ၌ ပိတ်မိနေတတ်သည်ဟု သူပြောသည်ကို ဖန်ကျုံးချင်း အမှတ်ရသွားသည်။ အိမ်မက်ထဲတွင် သူက အခြေခံအုတ်မြစ်တည်အဆင့်သာ ရှိသေးသော အကာအကွယ်မဲ့နေသည့် တပည့်လေးတစ်ယောက် ဖြစ်နေသည်ဟုဆိုသည်။


ညစဉ်ညတိုင်း သူ့အရေခွံများကို ငှက်နှုတ်သီးဖြင့် ထိုးဆိတ်ခံရသည့် နာကျင်မှုကို ခံစားရပြီး ကြောက်လန့်မှုဖြင့် တုန်ယင်နေတတ်ပေသည်။ သူ့ကိုအကြောက်လန့်စေဆုံးသောအရာက သူ့ပုံစံနှင့် တစ်ထပ်တည်းတူသည့် ထူးဆန်းသောလူတစ်ယောက်ဖြစ်သည်။


ဖန်ကျုံးချင်း အလုံးစုံနားမလည်နိုင်သော်လည်း ယွီဖူရှန့် မသက်မသာဖြစ်နေသည်ကို ခံစားမိနေသည်။ သူက အကောင်းဆုံးကြိုးစား၍ ထိန်းချုပ်နေသော်လည်း တစ်နေ့နေ့တစ်ချိန်ချိန်တွင် အထိန်းအကွပ်မဲ့သွားနိုင်သည်။


ညလေက တဖြည်းဖြည်း ပြင်းထန်လာ၍ သစ်ရွက်ခြောက်များက တစ်ပိုင်းစီပြတ်ပြီး လေနှင့်အတူ လွင့်ပါသွားသည်။


ဖန်ကျုံးချင်း ခဏတာ မိန်းမောနေပြီးသည့်နောက် အသိစိတ်ပြန်ဝင်လာကာ ထိုအကြောင်းကို စေ့စေ့စပ်စပ်တွေးတောလိုက်ပြီးနောက် ယွီဖူရှန့်ကိုရှာရန် ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်လိုက်သည်။


ယွီဖူရှန့်က ဖန်ကျုံးချင်းကို တမင်ရှောင်နေခဲ့ခြင်းဖြစ်ပြီး အခြေအနေကို သူ့လူများအားပြောပြကာ နားနေဆောင်တွင် တစ်ယောက်တည်းသောက်နေခဲ့သည်။ ထိုအချိန်တွင် မုယန်ယွဲ့က ရောက်လာသည်။


ဓားဂိုဏ်းမှ မထွက်ခွာလာကြမီက မုယန်ယွဲ့မှာ နတ်ဆိုးကျင့်ကြံသူတစ်ယောက်၏ ဖမ်းဆီးခံရဖူး၍ သူမစိတ်ထဲ၌ နတ်ဆိုးကျင့်ကြံသူများအပေါ် အရိပ်မည်းကြီးစွဲထင်နေသည်ဟု တစ်စုံတစ်ယောက်က ပြောပြဖူးသည်။ သူမက နတ်ဆိုးများကို သတ်ဖြတ်၍ မရနိုင်လောက်ဟု ထင်သောကြောင့် ယွီဖူရှန့်က နေခဲ့ရန် ခွင့်ပြုလိုက်သည်။


သို့ရာတွင် မမျှော်လင့်ထားသည်မှာ တစ်ဖက်လူက ရောက်လာခဲ့သည်။


မုယန်ယွဲ့က နှင်းဖြူရောင်ဝတ်ရုံကိုဝတ်ထားပြီး အဖြူရောင်ပုလွေတစ်ချောင်းကို ကိုင်ထားသည်။ သူမက တစ်ချိန်ကထက် ပိုမိုတောက်ပသည့် မိန်းကလေးတစ်ယောက် ဖြစ်လာသော်လည်း အေးစက်စက်ဖြစ်နေဆဲဖြစ်ပြီး ယွီဖူရှန့်မှလွဲ၍ အခြားလူများကို တရင်းတနှီး မဆက်ဆံပေ။ 


ယွီဖူရှန့်က မေးလိုက်သည်။

" မင်း ဘာလို့ ဒီရောက်လာတာလဲ..."


မုယန်ယွဲ့က လှပသည့်မျက်နှာလေးကိုမော့ပြီး ပြောလိုက်သည်။

" ဆရာတူအစ်ကို ကို ကူညီပေးဖို့အတွက်ပါ..."


ယွီဖူရှန့်က အပြုံးမမည်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး အခြားလူများထံမှ အကူအညီမလိုအပ်ဟု တွေးလိုက်မိသည်။

" မင်း နတ်ဆိုးတွေကိုကြောက်တယ်မလား ပြန်လိုက်ပါ..."


မုယန်ယွဲ့ : " ဆရာတူအစ်ကို ဒီမှာရှိနေရင်တော့ ကျွန်မ မကြောက်ပါဘူး..."


မုယန်ယွဲ့က စကားဆုံးသည်နှင့် ယွီဖူရှန့်ကို အနီးကပ်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှ အမူအရာတစ်ခုခုကို ဖမ်းယူရန် တွေးလိုက်သော်လည်း ကံဆိုးစွာဖြင့် တစ်ဖက်က မည်သည့်အမူအရာမှ ပြသမလာပေ။ 


နားနေဆောင်ထဲမှ အမျိုးသားက နှုတ်ခမ်းကိုတွန့်ကွေးလိုက်ပြီး မျက်လုံးများမှေးကျဉ်းကာ ပုံမှန်မြင်တွေ့နေကျ နွေးထွေးသော အပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။ 

" မင်းက ဓားဂိုဏ်းသားတစ်ယောက်ဆိုမှတော့ ဂိုဏ်းချုပ်ဖြစ်တဲ့ငါက အကောင်းဆုံးကာကွယ်ပေးရမှာပေါ့..."


ထိုစကားကိုကြားသည့်အခါ မုယန်ယွဲ့ စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ ယွီဖူရှန့်၏ အဖြေအရဆိုလျှင် သူမက သူ့အတွက် အခြားသောဂိုဏ်းသားများနှင့်တန်းတူဖြစ်ကာ အထူးတလည်ဆက်ဆံခံရမည့် လူစာရင်းထဲ၌ မပါဝင်နေချေ။ 


ယွီဖူရှန့် သူမအပေါ် စိတ်မယိုင်သည်ကို မုယန်ယွဲ့ မယုံကြည်နိုင် ဖြစ်နေသည်။ 


ဂိုဏ်းထဲတွင် ယွီဖူရှန့်ကို ချစ်ကြိုက်နေသည့် လူပေါင်းများစွာရှိနေသော်လည်း ယွီဖူရှန့်က ထိုလူများကို တစ်ချက်မှပင် လှည့်မကြည့်ခဲ့ချေ။ 


ယွီဖူရှန့်၏အကြည့်က ရံဖန်ရံခါတွင် သူမထံသို့ ရောက်ရှိလာတတ်သည်ကို သူမသာမက ဂိုဏ်းထဲမှ အခြားလူများလည်း သတိထားမိကြ၍ သူတို့ကို လိုက်ဖက်ညီသည်ဟု သတ်မှတ်ထားကြပေသည်။


သို့ရာတွင် ယွီဖူရှန့်က အမှန်တရားကို ဖွင့်မပြောသောကြောင့် မုယန်ယွဲ့က နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရခြင်းဖြစ်၍ ယခုအခါတွင်မူ သည်းမခံနိုင်တော့ချေ။ 


ယွီဖူရှန့်က မုယန်ယွဲ့ကို ခဏကြည့်နေပြီးနောက် နှုတ်ခမ်းများ ကွေးညွတ်လိုက်မိသည်။ 


သူ မုယန်ယွဲ့ဘေးနားမှ ရံဖန်ရံခါ ဖြတ်သွားစဉ်၌ သူမက အမြဲတစေ အဖြူရောင်ဝတ်ရုံဝတ်ထားပြီး အဖြူရောင်ပုလွေကို ကိုင်ဆောင်ထားကာ အေးစက်စက်နေတတ်၍ ထိုလူနှင့် အနည်းငယ်တူသည်ဟု တွေးမိပေသည်။ သို့ဖြစ်၍ သူမကိုမြင်တိုင်း ထိုလူကိုတွေးမိနေ၍ ခဏသာကြည့်ပြီး အကြည့်ပြန်လွှဲသွားရခြင်းဖြစ်သည်။


ယွီဖူရှန့်၏စိတ်ထဲတွင် ဟာသတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ သူ လက်ယမ်းပြပြီး မုယန်ယွဲ့ကို စောစောအနားယူခိုင်းလိုက်သည်။


မုယန်ယွဲ့က နှုတ်ခမ်းများ တင်းတင်းစေ့ထားပြီး ခဏအကြာတွင် စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြန်သွားသည်။ ထို့နောက်တွင် ယွီဖူရှန့်တစ်ယောက်တည်းသာ နားနေဆောင်၌ သောက်နေခဲ့သည်။


ရန်သူများကို ရင်ဆိုင်နေရသော်လည်း ဓားဂိုဏ်းချုပ်က အရက်မူးပြီး ဒယိမ်းဒယိုင်ဖြစ်နေပေသည်။


ဖန်ကျုံးချင်း ရောက်ရှိလာချိန်၌ သူ့မျက်လုံးပင်သူ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။


နားနေဆောင်ထဲတွင် ဝိုင်ခွက်က အစိတ်စိတ်အမြွှာမြွှာ ကျကွဲနေသည်။ ယွီဖူရှန့်က ရင်းနှီးနေသောပုံရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရ၍ ဖန်ကျုံးချင်း၏ခါးကို လက်နှစ်ဖက်လုံးဖြင့် ပွေ့ဖက်ထားလိုက်သည်။ 

" မင်း ရောက်လာပြီလား..."


ဖန်ကျုံးချင်းက ယွီဖူရှန့်၏တစ်ကိုယ်လုံးမှ ဝိုင်နံ့များကို ရနေသည်။ 

သူက နတ်ဘုရားအဆင့်လောက်ရှိတဲ့ ကျင့်ကြံသူဖြစ်နေတာတောင် အရက်မူးတုန်းပဲလား... ဒီသတင်းသာ ပျံ့သွားလို့ကတော့ လောကသုံးခုလုံးမှာ ရယ်စရာကြီး ဖြစ်ကုန်တော့မှာပဲ...


ဖန်ကျုံးချင်းက ထိုနေရာတွင် အတောင့်လိုက် ရပ်နေမိပြီး ယွီဖူရှန့်က သူ့ခါးကိုဖက်ထားကာ ပွတ်သီးပွတ်သပ်လုပ်နေသည်ကို ကြည့်နေမိသည်။ ယွီဖူရှန့်ကို မည်သို့ကိုင်တွယ်ရမည်အား သူ မသိချေ။ အဝေးမှ ခြေသံများကို ကြားလိုက်ရသည့်အခါမှသာ သူ့ကိုခေါ်ပြီး အမြန်ထွက်လာခဲ့သည်။


နေထိုင်ရာအဆောင်သို့ပြန်ရောက်လာသည့်အခါ ဖန်ကျုံးချင်းက သိုလှောင်အိတ်ထဲရှာကြည့်လိုက်သော်လည်း အမူးပြေဆေးလုံးကို ရှာမတွေ့ပေ။ သို့ဖြစ်၍ သက်ပြင်းချလိုက်ပြီး ယွီဖူရှန့်ကို အိပ်ရာပေါ် တင်ပေးရန် ပြင်လိုက်သည်။


သို့ရာတွင် ထိုလူက သူ့ထက်အရပ်ရှည်နေသည့်အပြင် အိပ်ခန်းဝတွင်ရပ်ပြီး သူ့ကိုတစ်လှည့် အိပ်ခန်းကိုတစ်လှည့်ကြည့်ကာ အထဲသို့ဝင်ရန် ငြင်းဆန်နေသည်။

" မရဘူး မင်း အထဲဝင်လို့ မဖြစ်ဘူး... မင်း အခန်းထဲလိုက်လာရင် ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး..." 


ဖန်ကျုံးချင်း စိတ်ရှုပ်သွားပြီး နောက်ဆုံးတွင် ရွေးချယ်စရာမရှိတော့၍ အခန်းအပြင်ဘက်တွင်သာ သန့်ရှင်းသည့်နေရာတစ်ခုရှာ၍ ထိုင်လိုက်တော့သည်။


ယွီဖူရှန့်က သူ့ကိုမှီထားပြီး တစ်ခါတစ်ရံတွင် သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေကာ တစ်ခါတစ်ရံတွင် သူ့လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထား၍ အပြုအမူများက အလွန် ထူးဆန်းနေပေသည်။


သို့ရာတွင် သူ့မျက်နှာထက်၌ နာကျင်နေသည့် အမူအရာမျိုး ပြသလာသညိ။ 


ဖန်ကျုံးချင်းက သူ့ထံတွင် တစ်ခုခု မှားယွင်းနေသည်ကို နားမလည်နိုင် ဖြစ်နေသည့်အပြင် ယွီဖူရှန့်က သူ မေးသမျှ မေးခွန်းတိုင်းကိုလည်း မဖြေပေ။ သူ ယွီဖူရှန့်၏ဆံပင်ကို ဖြည်ပေးလိုက်ပြီး သူ့ပေါင်ပေါ်တွင် အိပ်စေလိုက်သည်။ သူတို့နှစ်ယောက်လုံး သစ်ပင်ကြီးတစ်ပင်၏အောက်တွင်လည်း တစ်ညလုံး အချိန်ကုန်ဆုံးခဲ့ပေသည်။


အာရုဏ်တက်ချိန်သို့ရောက်သည့်အခါ ယွီဖူရှန့်နိုးလာပြီး မျက်လုံးဖွင့်လိုက်ချိန်၌ သစ်ရွက်သစ်ကိုင်းများကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများ အနည်းငယ် ရွေ့လျားလိုက်သည့်အခါ နူးညံ့သော‌ မေးရိုးဖြူဖြူလေးကို တွေ့လိုက်ရသည်။


ဖန်ကျုံးချင်းက သစ်ပင်အောက်တွင်ထိုင်နေပြီး ပင်စည်တွင် ခေါင်းမှီထားကာ မျက်မှောင်အသာကြုတ်ထားပြီး အသက်ရှုသံမှန်မှန်ဖြင့် အိပ်ပျော်နေသည်။


ယွီဖူရှန့် အံ့ဩမှင်သက်သွားမိပြီး ထထိုင်လိုက်သည်။ သူ့လက်ချောင်းများဖြင့် ဖန်ကျုံးချင်း၏ပါးပြင်ကို ပွတ်သပ်လိုက်ပြီးမှ အမြန်လက်ပြန်ရုတ်ကာ ခဏအကြာတွင် ယမန်နေ့ညမှ မှတ်ဉာဏ်များ တဖြည်းဖြည်း ပြန်ပေါ်လာသည်။


သူ အခန်းထဲသို့ဝင်ရန် ငြင်းဆန်ခဲ့သောကြောင့် ဖန်ကျုံးချင်းက သူနှင့်အတူ တစ်ညလုံး အပြင်ဘက်တွင် နေပေးခဲ့ခြင်းဖြစ်သည်။


ယွီဖူရှန့်၏ အမူအရာက အလွန်ရှုပ်ထွေးသွားသည်။ ဖန်ကျုံးချင်းက သူ့အပေါ် ဤသို့ဆက်ဆံလေ သူ့စိတ်ထဲ ပို၍ မသက်မသာဖြစ်လာလေဖြစ်ပြီး နှလုံးသားထဲ

မှ စိတ်ရိုင်းများကိုလည်း ထိန်းချုပ်ရန် ခက်ခဲလာသည်။


 မင်း သူ့ကိုချစ်နေတာကို ဝန်မခံနိုင်ဘူးလား...


သို့ရာတွင် ထိုသို့ မလုပ်နိုင်ကြောင်းကို ယွီဖူရှန့်ကိုယ်တိုင်က အသိဆုံးဖြစ်သည်။