အပိုင်း ၁၈၆
Viewers 30k

Villain Shizun (Extra 6)




ဖန်ကျုံးချင်း အိပ်ရာနိုးလာသည့်အခါ ယွီဖူရှန့် ပျောက်သွားပြန်သည်ကို သတိပြုမိလိုက်၍ တစ်ယောက်တည်း မန္တန်များအကြောင်း လေ့လာနေခဲ့ပြီး နောက်ဆုံးတွင် မန္တန်ကိုချေဖျက်ရန်နည်းလမ်း ရှာတွေ့သွားသည်။


ရှီမော့က ထိုညတွင် ရုတ်ချည်းပျောက်ကွယ်သွားခြင်းဖြစ်ပြီး သူ့ဘေးပတ်ပတ်လည်တွင်လည်း ဝိညာဉ်စွမ်းအင် အတက်အကျ မရှိနေ၍ မန္တန်ရွတ်သွားခြင်း ဖြစ်ပေမည်။ သူက ထိုနေရာမှ ထွက်ပြေးသွားခြင်းမဟုတ်ဘဲ အနီးအနားတစ်နေရာတွင် ပုန်းအောင်နေခဲ့ပြီး သူတို့နှစ်ယောက် ထွက်သွားသည့်အခါမှ ထွက်ပြေးသွားခြင်း ဖြစ်ပေမည်။


ဖန်ကျုံးချင်းက ထိုကိစ္စကို ယွီဖူရှန့်အား ပြောပြရန် လိုက်ရှာတော့သည်။ သူ ယွီဖူရှန့်ကိုတွေ့ချိန်၌ လက်တွင် သွေးများစွန်းပေနေသည်။ ဖြူဖျော့နေသည့် မိန်းကလေးတစ်ယောက်က သူ့ဘေးတွင်ရပ်နေပြီး ဓားဂိုဏ်းသားများစွာက သူတို့ဘေးတွင် ဝန်းရံထားသည်။


မုယန်ယွဲ့က ကြောက်လန့်နေဆဲဖြစ်သည်။

" ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကို..."


ယွီဖူရှန့်က သူ့လက်ပေါ်မှသွေးများကိုကြည့်ပြီး နှုတ်ခမ်းများ တွန့်ကွေးလိုက်သည်။

" ရပါတယ်..."


သူက ရှီမော့နှင့် ယခုလေးတင် တိုက်ခိုက်ထားခြင်းဖြစ်၍ လက်တွင် သွေးများစွန်းပေနေခြင်းဖြစ်သည်။ ယွီဖူရှန့်က ‌လက်ကိုင်ပဝါကိုထုတ်ပြီး ထိုသွေးများကို စင်ကြယ်အောင် သုတ်လိုက်သည်။


သုတ်ပြီးသည့်အခါ သစ်ပင်နောက်တွင် သူနှင့်ရင်းနှီးနေသည့် ဝတ်ရုံစလေးတစ်ခုကို တွေ့လိုက်ရသည်။


ယွီဖူရှန့် ထိုနေရာသို့ အလိုလိုလျှောက်သွားရန် ပြင်လိုက်ပြီးမှ ခြေလှမ်းများ ရပ်တန့်သွားသည်။


သူ အားလုံးကို ပြောလိုက်သည်။

" သွားကြတာပေါ့..."


ဖန်ကျုံးချင်းက သူ့ကို နှုတ်ဆက်ရန် လက်မြှောက်လိုက်သော်လည်း ယွီဖူရှန့် ထွက်သွားသည်ကိုသာ မြင်လိုက်ရသည်။ သူ ခဏတာ ငြိမ်သက်သွားပြီးနောက် သကြားလုံးချောင်းကိုထုတ်ကာ ချိုချဉ်အရသာကို ခံစားလိုက်ပြီးမှ ရှီမော့ကိုရှာရန် ထွက်လာခဲ့သည်။


သူက ယွီဖူရှန့်နှင့် ယခုလေးတင် တိုက်ခိုက်ထားခြင်းဖြစ်၍ မနီးမဝေးတွင်သာ ရှိနေဦးမည်ဖြစ်သည်။


သို့ရာတွင် ဖန်ကျုံးချင်း သူ့ကို အချိန်အတန်ကြာသည်အထိ ရှာသော်လည်း ရှာမတွေ့ခဲ့ပေ။ ကောင်းကင်ကြီးက တိမ်တိုက်များဖြင့် အုံ့ဆိုင်းလာပြီး မိုးရွာတော့မည့်ဟန် ဖြစ်လာသည်။


ညနေရောက်သည့်အခါ ဖန်ကျုံးချင်းက မြစ်ကမ်းပါးတွင်ရပ်ပြီး လမ်းဘေးရှိ ရောင်စုံမီးပုံများစွာကို ကြည့်နေလိုက်သည်။ သူ ရောင်စုံမီုးပုံတန်းကြီးကို တစ်ခုချင်းကြည့်နေစဉ် သူ့မြင်ကွင်းထဲ၌ လခြမ်းကွေးပုံစံ ကျောက်စိမ်းပြားတစ်ပြား ပေါ်လာသည်။


မီးပုံးများမှ အလင်းရောင်က တောက်ပနေစဉ် သူ့ဘေး၌ အရိပ်တစ်ခု ပေါ်လာ၏။


.....

 

ယွီဖူရှန့်မှာ နေရာမှ ထွက်လာခဲ့သော်လည်း သစ်ပင်နောက်မှ အဖြူရောင်ဝတ်ရုံစလေးအကြောင်း မတွေးဘဲ မနေနိုင်အောင် ဖြစ်နေမိသည်။ တစ်စုံတစ်ယောက်က သူ့ကိုလှမ်းဆွဲလိုက်သည့်အချိန်မှသာ အသိစိတ်ပြန်ကပ်လာပေသည်။


အခြားသော တပည့်များက လမ်းတစ်ဝက်မှ ထွက်သွားကြ၍ ယခုအခါ သူနှင့် မုယန်ယွဲ့သာ ကျန်တော့သည်။ မုယန်ယွဲ့က သူ့ကို အရည်လဲ့နေသည့် မျက်ဝန်းများဖြင့် ကြည့်နေသည်။

" ဆရာတူအစ်ကို..."


ယွီဖူရှန့်က မေးလိုက်သည်။ 

" ဘာကိစ္စ ရှိလို့လဲ..."


မုယန်ယွဲ့ ခဏတ တုံ့ဆိုင်းနေပြီးနောက် သူမ၏ မျက်နှာလှလှလေးက နီရဲတွတ်လာသည်။ သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ပုံမှန်အချိန်၌ အေးစက်နေတတ်သည့် မျက်ဝန်းထဲတွင် နူးညံ့သော အရိပ်အမြွက်အချို့ကို မြင်လိုက်သည်။


ယွီဖူရှန့် ခဏတာ မှင်သက်သွားမိပြီး သူ ဖန်ကျုံးချင်းကို သကြားလုံးချောင်းများစွာ ပေးလိုက်စဉ်က ဖန်ကျုံးချင်းသည်လည်း လက်ဆောင်ရလိုက်သည့် ကလေးတစ်ယောက်သဖွယ် မျက်တောင်များ ကော့ညွတ်သည်အထိ လှပစွာပြုံးလိုက်ခြင်းကို ရုတ်တရက် သတိရမိသွားသည်။


ယွီဖူရှန့် အသိစိတ်ပြန်ကပ်လာသည့်အခါ မုယန်ယွဲ့က နှုတ်ခမ်းများပွင့်ဟလာပြီး မျှော်လင့်တကြီးဖြင့် ပြောလိုက်သည်။

" ကျွန်မ ဆရာတူအစ်ကိုကို လေးစားခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ..."


ယွီဖူရှန့်က သူ့ရှေ့မှ မိန်းကလေးဆိုလိုချင်သည့်အရာကို ရိပ်စာမိပုံပေါ်သည်။ သူမက ဂိုဏ်းထဲမဝင်မီ သူ၏ လုပ်ဆောင်ချက်များအကြောင်း ကြားထားခဲ့ပုံပေါ်သည်။ သူက မန်ယိုတောင်ကြားတွင် ကုတျောင်ကို တိုက်ခိုက်ခဲ့ပြီး ရွယ်တူတပည့်များကို ကယ်တင်ပေးခဲ့ကာ ဓားဂိုဏ်းချုပ်ဟောင်း၏သား အလောင်းကိုလည်း လျှို့ဝှက်နယ်ပယ်ထဲမှ ပြန်သယ်လာပေးခဲ့သည်။ သူက သတ္တိရှိသူတစ်ယောက်ဖြစ်ပြီး ဂိုဏ်းချုပ်မဖြစ်လာမီတွင်လည်း နတ်ဆိုးများအကြားကျင့်ကြံကာ ကျင့်ကြံဆင့်တိုးအောင် ပြုလုပ်ခဲ့သည်။ ယွီဖူရှန့်က သူမကို ကယ်တင်ခဲ့ပြီးသည့်နောက်တွင်မူ သူမဘက်က ပိုမို၍ သဘောကျနှစ်သက်လာခဲ့ပုံပေါ်သည်။


မုယန်ယွဲ့၏စကားဆုံးသည်နှင့် သူမမျက်နှာထက်တွင် မျှော်လင့်တကြီးဖြစ်နေသည့် အမူအရာမျိုး ပေါ်လာသည်။ ယွီဖူရှန့်၏ မှေးကျဉ်းနေသောမျက်လုံးက ပြူးကျယ်သွားပြီး လှောင်ပြုံးပြုံးလိုက်သည်။


" မင်းပြောနေတဲ့လူက ငါမဟုတ်ဘူး..."


မုယန်ယွဲ့က အကြောင်းအရင်းကို သေသေချာချာ မသိသော်လည်း ယွီဖူရှန့်က သူမနား တိုးကပ်လာပြီး နားနားကပ်၍ စကားအချို့ပြောလိုက်သည်။ သူ၏ နှုတ်ခမ်းများ ပွင့်ဟလာပြီး ညလေပြင်းကြားတွင် "ရှေးဟောင်းလျှို့ဝှက်နယ်ပယ်" ၊ " သတ်ဖြတ်ခြင်း" အစရှိသည်တို့အပြင် အခြားသောစကားလုံးများစွာကိုလည်း ပြောလိုက်သည်။


မုယန်ယွဲ့၏မျက်နှာက ချက်ချင်း သွေးဆုတ်ဖြူရော်လာပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်လာသည်။


ယွီဖူရှန့်၏စိတ်ထဲ လှောင်ပြောင်သရော််လိုက်မိသည်။

ဘာက ဂိုဏ်းရဲ့ ဂုဏ်ကျက်သရေ၊ လေးစားအားကျရ‌တဲ့ ဖြောင့်မတ်မှန်ကန်မှုလဲ... ငါ ငယ်ငယ်ကတော့ ဒါတွေ ရှိရင်ရှိခဲ့မှာပေါ့... ဒါပေမဲ့ အခုတော့ ပျောက်ကွယ်သွားခဲ့တာ ကြာပြီလေ...


ထိုလူများက သူ့အကြောင်းကို သေသေချာချာမသိကြဘဲ သူတို့နှစ်သက်သဘောကျသည့်အတိုင်း စိတ်ကူးယဉ်နေကြပြီး သူ၏ပုံစံအစစ်အမှန်များကို ပြသလိုက်သည့်အခါ အလွန်ကြောက်လန့်လွန်း၍ ထခုန်လုမတတ်ပင် ဖြစ်လာကြသည်။


ယွီဖူရှန့်က ဤကိစ္စကို ရယ်စရာတစ်ခုဟု သဘောထားလိုက်ပြီး သူမကို ထားခဲ့ကာ ထွက်လာလိုက်သည်။


.....


ထိုအချိန်တွင် နတ်ဆိုးလောကထဲမှ နတ်ဆိုးလှိုဏ်ဂူထဲတွင် ဖန်ကျုံးချင်း၏ အဝတ်အစားများက သွေးများဖြင့် စွန်းပေနေသည်။ သူ့မျက်တောင်များက အောက်သို့ညွတ်ကျနေပြီး အချိန်မရွေး သတိလစ်သွားတော့မည့်ပုံစံ ဖြစ်နေသည်။


ရှီမော့က သူ့အစွမ်းကို ကြောက်လန့်နေမိဆဲဖြစ်သည်။ အကယ်၍ သူက ထိုလူကို ရှေးဟောင်း ရက်ရှာကာအစီအရင်ထဲထည့်ပြီး ဝိညာဉ်စွမ်းအင်အများစုကို မစုပ်ယူလိုက်ပါက ဖန်ကျုံးချင်းကို ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။ 


ကံအားလျော်စွာဖြင့် ထိုလူက လှည့်စားရလွယ်ကူပေသည်။


ရှီမော့ရယ်လိုက်ပြီး အစီအရင်ထဲရောက်သွားသူအနား ချဉ်းကပ်သွားကာ ခေါင်းငုံ့၍ သူ့ပါးပြင်ဖြူဖြးလေးကို နမ်းလိုက်သည်။ သူက လုံခြုံရေးအတွက် ဖန်ကျုံးချင်း၏ ခြေလက်များကို ဝိညာဉ်ကြိုးများဖြင့် တုတ်နှောင်လိုက်ပြီးမှ ပွေ့ချီလိုက်သည်။


ဖန်ကျုံးချင်းမှာ ဒဏ်ရာရထားခြင်းဖြစ်၍ အိပ်မောကျတော့မည့်အချိန်တွင် တစ်စုံတစ်ယောက်၏ ပွေ့ချီခံလိုက်ရသည်။ ထိုလူ၏ ကိုယ်နံ့ကို သူ သဘောမကျပေ။ 


သူ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ထိုလူက ခေါင်းငုံ့လာပြီး နူးညံ့စွာပြုံးပြလိုက်သည်။

" ဖန်ကျုံးချင်း မင်း ကိုယ့်ရဲ့ နတ်ဆိုးဘုရင်မ ဖြစ်ပေးမလား..."


ဖန်ကျုံးချင်း မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခဏအကြာတွင် အိပ်ရာပေါ်သို့ ပွေ့တင်ခံလိုက်ရသည်။ လက်တစ်ဖက်က သူ့ခါးနားတစ်ဝိုက်တွင် ပြေးလွှားနေပြီး အနက်ရောင်ဖဲခါးပတ်ကို ဆွဲချွတ်လိုက်သည်။


ထိုလူ ပြုလုပ်တော့မည်အရာကို ဖန်ကျုံးချင်း မသိသော်လည်း ဤသို့ ပြုမူခံနေရသည်ကို သူ မနှစ်သက်ပေ။ သို့ရာတွင် သူက ယခုလေးတင် အလစ်တိုက်ခံထားရသောကြောင့် အစီအရင်၏စွမ်းအားကို ခံစားနေရသည်။ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းနေသည်။


ခါးပတ်ကြိုးက မြေပြင်ပေါ်ကျသွားပြီး ရှီမော့က ရုတ်တရက် သူ့ကိုအုပ်မိုးလိုက်သည်။


ဖန်ကျုံးချင်း မျက်မှောင်ကြုတ်လိုက်ပြီး ဝိညာဉ်စွမ်းအားပမာဏအနည်းငယ်ကိုသုံးကာ လက်ချောင်းများဖြင့် မန္တန်ဖော်လိုက်ပြီး အိပ်ရာပေါ်မှ ချက်ချင်းပျောက်ကွယ်သွားသည်။


ရှီမော့ မယုံကြည်နိုင်အောင်ဖြစ်သွားရ၏။ သူ အချိန်အတန်ကြာအောင် တွေးပြီးသည့်နောက်တွင် မျက်လုံးများက တအံ့တဩဖြစ်လာသည်။

" မင်း တစ်ကြိမ်ကြည့်လိုက်ရုံနဲ့ အဲ့မန္တန်ကို တကယ်တတ်သွားတာလား..."


ရှီမော့က ထိုမန္တန်၏ လျှို့ဝှက်ချက်ကိုသိ၍ အခန်းထဲမှ ပစ္စည်းများကို ဝိညာဉ်စွမ်းအင်ဖြင့် တစ်ခုချင်း ရှာဖွေနေသည်။


" ထွက်လာခဲ့ ငါ မင်းကို မြင်နေရတယ်..."


ဖန်ကျုံးချင်းက ပြတင်းပေါက်ဘောင်နားမှ မြက်ပင်လေးကို မှီနေသည်။ သူ အလွန်ပင်ပန်းနေသော်လည်း အိပ်၍ မရသေးချေ။ အဘယ့်ကြောင့်ဆိုသော် သူ အိပ်ပျော်သွားပါက မန္တန်လည်း ပျက်ပြယ်သွားနိုင်သည်။ 


ရှီမော့က သူ့အဝတ်အစားများကိုချွတ်၍ မည်သည့်အပြုအမူကိုလုပ်မည်အား သူ မသိသော်လည်း ကောင်းသည့်အရာမဟုတ်ကြောင်း ကျိန်းသေပေါက် သိနေသည်။ သူ့ရင်ထဲ အလိုလိုစက်ဆုပ်လာပြီး ယခုအခါတွင် ပြန်လည်ခုခံရန် ဝိညာဉ်စွမ်းအားလည်းမရှိနေ၍ ပုန်းကွယ်နေခြင်းကသာ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ မည်သည့်အချိန်အထိ တောင့်ခံနေနိုင်မည်ကိုမူ သူ မသိသေးချေ။ 


*


တစ်ဖက်တွင်လည်း ယွီဖူရှန့်က အဆောင်သို့ပြန်ရောက်လာပြီး ဖန်ကျုံးချင်းကိုရှာမတွေ့၍ မျက်မှောင်ကြုတ်လိုက်မိသည်။


ရှီမော့က သူနှင့် မယှဉ်နိုင်သူဖြစ်သော်လည်း ဖန်ကျုံးချင်းက သူ့ကို နောက်တစ်ကြိမ်သွားရှာဦးမည်အား သိလိုက်ရသည့်အခါ သူ့စိတ်ထဲ မသက်မသာဖြစ်လာသည်။


သူ ပိုးလက်ကိုင်ပဝါကိုထုတ်လိုက်သည့်အခါ ပဝါပေါ်မှ သွေးများက လတ်ဆတ်နေဆဲဖြစ်သည်။ သွေးကို လက်ချောင်းများဖြင့် သုတ်လိုက်ပြီးနောက် လက်ပေါ်တွင် ပွတ်ဆွဲလိုက်သည်။ တစ်ခဏတွင်းချင်းမှာပင် ထောင်နှင့်ချီသော ချည်မျှင်ပါးများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။


*


ရှီမော့ အချိန်အတန်ကြာသည်အထိ ရှာဖွေသော်လည်း မည်သူ့ကိုမှ မတွေ့ပေ။ သူ စိတ်မရှည်ဖြစ်လာချိန်၌ ပြတင်းပေါက်ဘောင်ပေါ်မှ မြက်ပင်အသေးလေးတွင် သွေးရောင်အချို့ ရှိနေသည်ကို မြင်လိုက်ရသည်။ 


ရှီမော့ပြုံးလိုက်မိပြီး ရှေ့တိုးလာကာ မြက်ပင်ကို လက်ချောင်းများဖြင့်ထိလိုက်သည်။ မြက်ပင်အဖျားများက လေမတိုက်ဘဲ ချက်ချင်း နောက်သို့တွန့်သွားပေသည်။


" အဲတော့ ဒီမှာပေါ့လေ..."

ရှီမော့ ရယ်လိုက်မိသည်။ သူ့ဝိညာဉ်စွမ်းအားကိုသုံး၍ အထဲမှလူကို အတင်းအကြပ်ဆွဲထုတ်တော့မည့်အချိန်တွင် ပတ်ဝန်းကျင်၌ ဝိညာဉ်စွမ်းအားများ သိပ်သည်းလာ၏။ 


ရှီမော့ မြက်ပင်အဖျားကို ထိလိုက်ပြီး အခန်းထဲကိုကြည့်လိုက်သည်။


ယွီဖူရှန့်က လက်ဖျားပေါ်တွင် သွေးစက်တစ်စက်ဖြင့် အခန်းထဲ၌ ပေါ်လာသည်။ သူ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည့်အခါ ကြမ်းပြင်ပေါ်တွင် ပျက်စီးနေသည့်အရာများကို တွေ့လိုက်ရသည်။ လက်ရှိအချိန်၌ တစ်ယောက်ယောက်က ဒေါသထွက်နေဟန်ပေါ်သည်။


သူ့အကြည့်များက ‌ကြမ်းပြင်ပေါ်တွင် ပြုတ်ကျနေသော သူနှင့် ရင်းနှီးနေသည့် ခါးပတ်‌ကြိုးထံသို့ ရောက်ရှိသွားသည်။


" ဘယ်သူများလဲမှတ်တယ် ဓားဂိုဏ်းချုပ်ဖြစ်နေတာကိုး..."


ရှီမော့က သူ့ကို အထင်သေးသွားဟန်ရသည်။ သို့သော် နောက်အခိုက်အတန့်တွင် ယွီဖူရှန့် သူ့ဘက်သို့လှည့်လိုက်ချိန်၌ မျက်လုံးများက ကတ္တီပါနီရောင်တောက်နေပြီး နှုတ်ခမ်းများကို အေးစက်စက်ဖြင့် တွန့်ချိုးလိုက်သည်မှာ ငရဲမှတက်လာသည့် တစ္ဆေတစ်ကောင်နှင့်တူနေ၍ ထိတ်လန့်သွားရသည်။


ဖန်ကျုံးချင်း စိတ်အေးလက်အေးဖြစ်သွားပြီးနောက် မထိန်းထားနိုင်တော့၍ မြက်ပင်ငယ်လေးအသွင် ပြောင်းထားရာမှ ပြန်ထွက်လာသည်။ 


သူ့အမြင်အာရုံမှုန်ဝါးဝါးထဲတွင် ရှီမော့က သူ့ကိုဖမ်းဆီးရန်ကြံလိုက်ချိန်၌ တစ်စုံတစ်ရာက ဟန့်တားလိုက်သောကြောင့် သနားစရာကောင်းစွာ‌ အော်ဟစ်နေရသည်ကို ရေးတေးတေးမြင်လိုက်သည်။ သူ ရင်းနှီးနေသည့် ရင်ခွင်တစ်ခုထဲ ကျရောက်သွားရပြီး တင်းကြပ်စွာ ပွေ့ဖက်ခံလိုက်ရသည်။ သူ့တစ်ကိုယ်လုံး သွေးများဖြင့်စိုရွှဲနေသည်ကိုကြည့်ပြီး ယွီဖူရှန့်က ကြောက်လန့်သွားသည့်ပုံပေါ်၏။


သူ သတိပြန်ရလာချိန်တွင် ယွီဖူရှန့်၏လက်ဖျားများ၌ သွေးများစွန်းထင်းနေကာ ထူးဆန်းသည့်ပုံစံဖြင့် ပြုံးနေပြီး မျက်လုံးများမှေးကျဉ်းကာ နတ်ဆိုးတစ်ယောက်၏အော်ရာမျိုး ထုတ်ဖော်ပြသနေသည်ကို တွေ့လိုက်ရသည်။


သူ့ကိုမြင်လိုက်သည့် မည်သူမဆို ၎င်းက အင်မော်တယ်ဂိုဏ်းချုပ်တစ်ယောက်ထံတွင် ရှိသင့်သည့် ပုံစံမဟုတ်ကြောင်း သိသွားပေမည်။


ယွီဖူရှန့်က ရှီမော့ကို အရိုးတခြားအသားတခြားဖြစ်အောင် ပြုလုပ်နေစဉ်တွင် သူ့ကိုအနောက်မှကြည့်နေသူကို သတိပြုမိလိုက်သည်။ သူ တစ်ဖက်သို့လှည့်လိုက်သည့်အခါ နှလုံးသားထဲတွင် အေးစိမ့်သွားပြီး နိုးထလာသည့်လူကို ကြောင်အစွာကြည့်နေလိုက်သည်။


မင်း ငါ့ရဲ့ ဒီလိုပုံစံကိုမြင်ရင် ကြောက်သွားမှာပေါ့...


သို့ရာတွင် မကြာမီအချိန်၌ ဖန်ကျုံးချင်းက သူ့နားကပ်လာပြီး မျက်မှောင်ကြုတ်ကာ လက်ကိုင်ပဝါတစ်ထည်ကိုထုတ်ပြီး သူ့လက်ပေါ်မှ သွေးစက်များကို တဖြည်းဖြည်းချင်း သုတ်ပေးနေသည်။ ယွီဖူရှန့် မည်သည့်ကျင့်စဉ်များ ကျင့်နေသည်ကို သူ လုံးဝမမေးဘဲ အေးအေးဆေးဆေးသာ ပြောလိုက်သည်။


" တခြားလူတွေ မင်းကို ဒီပုံစံနဲ့မြင်ရင် ဒုက္ခရောက်လိမ့်မယ်... ဒါကို ထပ်မသုံးနဲ့တော့..."


ယွီဖူရှန့် အချိန်အတန်ကြာသည့်တိုင်အောင် အံ့အားသင့်သွားပြီး သူ့မျက်ဝန်းထဲမှ ကတ္တီပါနီရောင်က တဖြည်းဖြည်းအရောင်လွင့်လာကာ သူ့ရှေ့မှလူကို တင်းကြပ်စွာဖက်ထားလိုက်သည်။


အကယ်၍ သူ ယနေ့ညတွင် အချိန်မီမရောက်လာပါက ဖန်ကျုံးချင်းထံတွင် မည်သို့သောကိစ္စမျိုး ဖြစ်ပျက်သွားမည်ကို မတွေးရဲတော့ပေ။ ဖန်ကျုံးချင်းက ဒဏ်ရာအပြင်းအထန်ရသွားခြင်းဖြစ်သည်။


" ဘယ်လိုဖြစ်တာလဲ..."


ဖန်ကျုံးချင်းက စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။

" မင်း ရက်ရှာကာအစီအရင်ထဲ ကျသွားတယ်လို့ သူ ပြောလာတာနဲ့..."


ယွီဖူရှန့်က အံ့ဩသွားပုံရပြီး သူ့ကိုစိုက်ကြည့်နေသည်။

" အဲတော့ မင်းက သူနဲ့လိုက်သွားတာလား..."


ဖန်ကျုံးချင်း ခေါင်းညိတ်ပြလိုက်သည်။ ထိုလူက ယွီဖူရှန့်နှင့်အလွန်တူသော ရုပ်သေးတစ်ခုကို ပြုလုပ်ထားခဲ့ပေသည်။ ဖန်ကျုံးချင်း များများစားစားမတွေးနိုင်တော့ဘဲ အစီအရင်ထဲဝင်သွားကာ ယွီဖူရှန့်ကို သူနှင့်အတူ ပြန်ခေါ်လာကန် ကြိုးပမ်းလိုက်သည်။ သို့ရာတွင် ပြန်ထွက်လာသည်နှင့် ယွီဖူရှန့်အယောင်ဆောင်‌ထားသော ရုပ်သေး၏ တိုက်ခိုက်ခြင်းခံရပြီး အစီအရင်ထဲသို့ ရောက်ရှိသွားပေသည်။


ယွီဖူရှန့် အချိန်အတန်‌ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီး ဖန်ကျုံးချင်း၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားကာ ခါးသီးပြီး ကူကယ်ရာမဲ့စွာပြုံးလိုက်သည်။

" မင်း နိုင်ပါတယ် ဖန်ကျုံးချင်း..."


ဖန်ကျုံးချင်းက အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ ယွီဖူရှန့်၏ပခုံးကိုမှီပြီး အိပ်မောကျတော့မည့်အချိန်၌ ထိုစကားများကို မပီမသကြားလိုက်ရပြီ သူ မည်သည့်အရာကို အနိုင်ရသွားကြောင်း သဘောမပေါက်လိုက်ပေ။ သူ့မျက်တောင်များ လေးလံလာပြီးနောက် တောင့်ခံမထားနိုင်တော့ဘဲ အိပ်ပျော်သွားလေသည်။


ယွီဖူရှန့်က ဖန်ကျုံးချင်းကို ပွေ့ချီထားပြီး အပြင်ပြန်ထွက်လာခဲ့သည်။


ယွီဖူရှန့်က စိတ်ပိုင်းဖြတ်လိုက်သည်။ ဖန်ကျုံးချင်း ကောင်းကင်ဘုံသို့ မတက်နိုင်မီတွင် တာအိုနှလုံးသားကို အနှောင့်အယှက်မဖြစ်စေရန်အတွက် သူ့ခံစားချက်များကို ဖုံးကွယ်ထားမည်ဟူ၍ပင်။ 


ဓားဂိုဏ်းက ယခုအချိန်တွင် သူစိတ်ကူးထားသကဲ့သို့ ဖြစ်လာပြီဖြစ်၍ ဂိုဏ်းအပေါ်တွင် အချိန်ဖြုန်းနေတော့မည်မဟုတ်ပေ။ သို့ဖြစ်၍ မီးလျှံပြာနယ်ပယ်တွင် ရှိနေစဉ် အရည်အချင်းရှိပြီး အကျင့်စာရိတ္တကောင်းမွန်သည့် လန်ရှောင်ရှန့်ဟူသော ဂိုဏ်းသားလေးကို တပည့်အဖြစ်မွေးခဲ့သည်။ ယွီဖူရှန့်က သူ့ကို ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့လေသည်။ လန်ရှောင်ရှန့်က ပြောင်မြောက်သည့်ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာပြီးချိန်၌ သူက လူအများရှေ့တွင် ရံဖန်ရံခါမှ ပေါ်လာတော့သည်။


သူ ချောင်းယွင်တောင်ထွတ်သို့ မကြာခဏရောက်လာတတ်ပြီး ဖန်ကျုံးချင်းနှင့်အတူ ကျင့်ကြံကာ သူ့ကို အပြင်ခေါ်သွားလေ့ရှိသည်။


မကြာမီအချိန်တွင် ဖန်ကျုံးချင်းကလည်း တပည့်တစ်ယောက်ကို လက်ခံခဲ့ပြီး သူနှင့် ရေစက်ပါသည်ဟု ပြောခဲ့သည်။ လင်ယဲ့က ငယ်ရွယ်သေးသော်လည်း တည်ကြည်ပြီး အရည်အချင်းရှိသူ ဖြစ်ပေသည်။ တစ်ချက်ကြည့်ရုံဖြင့်ဆိုပါက လင်ယဲ့မှာ သာမန်တပည့်တစ်ယောက်ဟုသာ ထင်ရပေသည်။ ဖန်ကျုံးချင်း တပည့်တစ်ယောက် လက်ခံလိုက်ခြင်းမှာပျင်းရိနေခြင်းကြောင့်ဖြစ်သည်ကို ယွီဖူရှန့်သိသည်။ သူက ကောင်းကင်ဘုံတက်တော့မည့်အဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။ ကြိုးကြိုးစားစားကျင့်ကြံမည်ဆိုပါက မကြာမီအချိန်တွင် ကောင်းကင်ဘုံအတိဒုက္ခကို ဖြတ်ကျော်ရမည့်အချိန်သို့ ရောက်ရှိလာပေမည်။


ဖန်ကျုံးချင်းက ယွီဖူရှန့်ကိုစောင့်ဆိုင်းကာ ကောင်းကင်ဘုံသို့ အတူတူတက်ကြမည်ဟု ကတိပေးထားသောကြောင့် ကျင့်ကြံနေသည်ကို တမင်တကာရပ်တန့်လိုက်ပြီး အချိန်ဖြုန်းရန်အတွက် တပည့်မွေးလိုက်ခြင်း ဖြစ်ပေသည်။


ယွီဖူရှန့်၏ အဆင့်တက်ခြင်းက မနှေးသော်လည်း အာရုံပျံ့လွင့်မှုမရှိဘဲ ကျင့်ကြံသော ဖန်ကျုံးချင်းနှင့်ယှဉ်ပါက အနည်းငယ် နောက်ကောက်ကျ ကျန်ရစ်ခဲ့ပေသည်။


ယွီဖူရှန့်က စိတ်နှစ်မြှုပ်ထား၍ ကျင့်ကြံနေသောကြောင့် ဖန်ကျုံးချင်းထံသို့ ရောက်လာခဲတော့သည်။ မမျော်လင့်ထားသည်မှာ ဖန်ကျုံးချင်းက ထိုအချိန်ကို အခွင့်ကောင်းယူပြီး နောက်ထပ် တပည့်တစ်ယောက် ထပ်မွေးလိုက်သည်။


သူက ချောမောလှသည့်ကောင်လေးတစ်ယောက်ဖြစ်ပြီး ဖန်ကျုံးချင်းကို တွယ်ကပ်နေရသည်ကို အလွန်သဘောကျလှသည်။ အချိန်တိုင်း နှုတ်ခမ်းစူပြီး ကလေးသံလေးဖြင့် "ရှစ်စွမ်း" ဟုလည်း ချစ်စရာကောင်းအောင် ခေါ်‌တတ်ပေသည်။


သူက ဖန်ကျုံးချင်း၏ ခြေထောက်များကိုဖက်ပြီး ချစ်စဖွယ်အပြုအမူလေးများလည်း ပြုလုပ်တတ်သည်။


ဖန်ကျုံးချင်းက ထိုတပည့်ငယ်လေးအား အလွန်ချစ်သည်ကို ယွီဖူရှန့် သိမြင်နိုင်သည်။ သူ့မျက်နှာထက်တွင် ကူကယ်ရာမဲ့သည့် အပြုံးတစ်ခု ရှိနေသော်လည်း ထိုတပည့်လေးကို အလိုလိုက်ပေသည်။


ယွီဖူရှန့်က ထိုတပည့်ငယ်လေးကို သဘောမကျပေ။ သူ သည်းမခံနိုင်ဆုံးအရာမှာ ထိုတပည့်လေးက ညအချိန်တွင် ခေါင်းအုံးတစ်လုံးပိုက်လာပြီး မကြာခဏ ဖန်ကျုံးချင်း၏အခန်းတံခါးကို လာခေါက်လေ့ရှိသည်။

" ကျွန်တော် ရှစ်စွမ်းနဲ့ တူတူအိပ်ချင်တယ်..."


ယွီဖူရှန့်၏ သည်းခံနိုင်စွမ်းများက ပျောက်ဆုံးသွားရတော့သည်။ သူက ထိုတပည့်လေး ဖန်ကျုံးချင်းနှင့် အိပ်ရာတစ်ခုတညိး အိပ်သည်ကို မကျေနပ်ခြင်းမဟုတ်ဘဲ ဖန်ကျုံးချင်းက သူ့ကို ချော့မြူနှစ်သိမ့်သည့်အနေဖြင့် နမ်းခြင်းကို ဒေါသထွက်ခြင်းဖြစ်သည်။


ယနေ့ည‌တွင် ယွီဖူရှန့်က မဟာယနအဆင့်သို့ ရောက်ရှိသွားခဲ့၍ ဖန်ကျုံးချင်းထံသို့ ရောက်လာခဲ့သည်။ သို့သော် အခန်းထဲသို့ သူရောက်ပြီး မကြာမီမှာပင် တံခါးခေါက်သံတစ်သံ ကြားလိုက်ရသည်။ တံခါးခေါက်သံက တိုးတိုးလေးဖြစ်၍ ကလေးတစ်ယောက် တံခါးလာခေါက်ကြောင်း သိသာပေသည်။


" ရှစ်စွမ်း ကျွန်တော်အိပ်ချင်ပြီ..."


ဖန်ကျုံးချင်း မျက်ခုံးအသာပင့်လိုက်ပြီးနောက် ယွီဖူရှန့်ကို ပြောလိုက်သည်။

" ‌ဒါဆို မင်း ပြန်နှင့်တော့လေ..."


ယွီဖူရှန့်၏မျက်နှာကြီးက မည်းမှောင်သွားပြီး ထွက်သွားရန် ငြင်းဆန်နေသည်။ ဖန်ကျုံးချင်းက သူ့နှုတ်ခမ်းကို နမ်းလိုက်သော်လည်း ယွီဖူရှန့်က မပျော်မရွှင်ဖြစ်နေဆဲဖြစ်သည်။ သူ ဖန်ကျုံးချင်း၏လက်ကိုကိုင်ထားကာ မလွှတ်ပေးဘဲ မျက်နှာထက်တွင်လည်း ဒေါသထွက်နေသည့် အမူအရာမျိုး ဖြစ်နေသည်။

[ ပြောတော့မိတ်ဆွေတွေဆိုပြီး စိတ်ဆိုးရင် နှုတ်ခမ်းကိုနမ်းပြီးချော့တာနော် တစ်မျိုးလေး 😭 ]


ဖန်ကျုံးချင်းမှာ ရွေးချယ်စရာမရှိတော့၍ အပြင်ထွက်ကာ သူ့တပည့်လေးကို သူ့အခန်းသူပြန်အိပ်ရန် မနည်းချော့ပြောလိုက်ရသည်။ ထိုအခါမှသာ ယွီဖူရှန့်က လက်လျှော့သွားတော့သည်။ 


ဖန်ကျုံးချင်းက တပည့်ငယ်လေးအပေါ် အလွန်အာရုံစိုက်သူဖြစ်သည်။ တစ်ခါတစ်ရံတွင် ဂမ္ဘီရအစီအရင်များနှင့် နက္ခတ်တာရာများကို ကြည့်ရှု့ပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို တိတ်တဆိတ်ကြည့်ရှု့ပြီး သူ့တပည့်လေးအတွက် ကောင်းကင်နှင့် ကမ္ဘာမြေပေါ်မှ ရတနာများကို ရှာဖွေပေးလေ့ရှိသည်။


သူ ကောင်းကင်ဘုံသို့တက်ပါက ထိုတပည့်လေးကို ထားခဲ့နိုင်မည်လားဟု ယွီဖူရှန့်မေးသည့်အခါ ဖန်ကျုံးချင်း၏အဖြေက သူ့ကိုတစ်ချိန်တည်းတွင် ဝမ်းသာဝမ်းနည်း ဖြစ်စေခဲ့သည်။

" ကောင်းကင်ဘုံကို မတက်ခင်တော့ ဒီက သံယောဇဉ်တွေကို ဖြတ်တောက်ပစ်ခဲ့ရမှာပဲ... သူ့ကိုလွမ်းလို့တော့ရတယ် ဒါပေမဲ့ သူ့ကြောင့်နဲ့ ကောင်းကင်ဘုံကို မတက်ဘဲနေလို့တော့ မရဘူး..."


ကျင့်ကြံသူတိုင်း၏ရည်ရွယ်ချက်က ကောင်းကင်ဘုံသို့တက်နိုင်ရန်ဖြစ်သည်။ သို့မှသာ အဆုံး၌ ပြာမှုန်များအဖြစ်ပြောင်းလဲ မသွားမည်ဖြစ်သည်။ ဖန်ကျုံးချင်းပြောသည့်စကားများတွင် စိတ်ဓာတ်ပြတ်သားမှုတို့ပါဝင်နေပြီး စိတ်ယိမ်းယိုင်မှု တစ်စိုးတစ်စကိုမှ မမြင်တွေ့ရပေ။ ယွီဖူရှန့် စိတ်ထဲတွင် သက်ပြင်းချနေရုံသာ တတ်နိုင်သည်။ ကံကောင်းသည်မှာ ဖန်ကျုံးချင်းက သူ့ကိုစောင့်ဆိုင်းနေသောကြောင့်ဖြစ်သည်။ သူတို့နှစ်ယောက် အတူတကွ ကောင်းကင်ဘုံသို့တက်ပြီးသည့်နောက်တွင် စိုးရိမ်ပူပန်စရာများမရှိတော့ပြီဖြစ်၍ သူ့ခံစားချက်များကို ထုတ်ဖော်ပြောပြရန် အခွင့်ကောင်းကို ရှာဖွေမည်ဟု တွေးထားလိုက်သည်။


သို့ရာတွင် မမျှော်လင့်စွာဖြင့် အရာအားလုံးက သူ မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာနိုင်ခဲ့ချေ။ 



🌸🌸🌸🌸🌸


အမွှေစိန်တပည့်ပေါက်စလေးကတော့ အားလုံးသိကြတဲ့ ရှန်းလျိုရှန့်ပါရှင် 🤣🤣