အပိုင်း ၁၈၇
Viewers 30k

Villain Shizun (Extra 7-1)



မိုးသံတဖျောက်ဖျောက်က ‌ဓားဂိုဏ်း၏အရပ်မျက်နှာအနှံ့တွင် ပြည့်နှက်နေသည်။ 


မီးရောင်မှိန်မှိန်သာ ထွန်းလင်းထားသော လှိုဏ်ဂူထဲတွင် ဆံပင်များ ဖရိုဖရဲဖြစ်နေသည့် အမျိုးသားတစ်ယောက်က တင်ပျဉ်ခွေထိုင်နေပြီး အနက်ရောင်မြူများက သူ့ကို ဝန်းရံထားသည်။ အပြင်ဘက်တွင် မိုးတဖွဲဖွဲရွာသွန်းနေသောကြောင့် ရာသီဥတုက အေးစက်နေသော်လည်း သူ့နှဖူးပြင်တွင် ချွေးစေးများပြန်နေသည်။


လှိုဏ်ဂူထဲတွင် ဝိညာဉ်စွမ်းအင်များ သိပ်သည်းနေပြီး ယွီဖူရှန့် မျက်လုံးဖွင့်လာချိန်၌ သူ့မျက်လုံးထဲတွင် သွေးရောင်လင်းလက်နေသည်။


သူ အိမ်မက်ဆိုးမှ လန့်နိုးလာခြင်းဖြစ်၍ နှဖူးကို အသာသုတ်လိုက်သည့်အခါ လက်ဖျားများတွင် ချွေးများစိုလာပြီး ဆံပင်များက ဖရိုဖရဲဖြစ်နေ၍ နက်စွေးပြီး မကြည်မလင်ဖြစ်နေသော မျက်လုံးများကို ဖုံးကွယ်ထားသည်။


သူ့ကျင့်ကြံဆင့်မြင့်လာလေ ကိုယ်တွင်းမှနတ်ဆိုးက ပိုသန်မာလာလေဖြစ်သည်။ အကယ်၍ ဤသို့ဆက်ဖြစ်နေပါက ကောင်းကင်ဘုံအတိ‌ဒုက္ခကိုကျော်ဖြတ်ရန်မဆိုနှင့် အနှေးနှင့်အမြန် ဝင်ရောက်ပူးကပ်ခံရနိုင်ပေသည်။ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ နာရီဝက်ခန့်ကြာသည်အထိ မိုးသံများကို နားထောင်နေမိသည်။ မိုးသံများ တဖြည်းဖြည်း လွင့်ပြယ်သွားသည့်အခါမှသာ ဆက်လက်ကျင့်ကြံနေလိုက်သည်။ ရုတ်တရက် သူ့ဝိညာဉ်အသိစိတ်ထဲတွင် ပုံရိပ်တစ်ခုကို အာရုံခံမိလိုက်သည်။ 


လှိုဏ်ဂူအပြင်ဘက်တွင် အဖြူရောင်ဝတ်ရုံနှင့် လူတစ်ယောက်က သစ်ပင်အောက်တွင် တိတ်ဆိတ်စွာပေါ်လာပြီး မိုးစင်များအကြားရပ်နေသည်။ သူ့မျက်ခုံးနှစ်ခုအကြားတွင် ဟင်္သာပြဒါးရောင်အမှတ်အသားတစ်ခုရှိနေပြီး ‌မျက်နှာအမူအရာက အေးစက်နေသည်။


ယွီဖူရှန့် မျက်လုံးအသာဖွင့်ကြည့်လိုက်ပြီး သူ့နောက်စေ့ကို ဖိကြည့်လိုက်သည်။


နာတယ်ဆိုတော့ စိတ်ကူးယဉ်နေမိတာ မဟုတ်ဘူးပဲ...


သူကသာ အမြဲတမ်း ဖန်ကျုံးချင်းကို သွားရှာရသူဖြစ်ပြီး ဖန်ကျုံးချင်းက လူကိုယ်တိုင်သူ့ကိုလာရောက်ရှာဖွေသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ 


ယွီဖူရှန့်၏မျက်ခုံးများထက်တွင် ရစ်ဝဲနေသော အုံ့မှိုင်းနေသည့် ခံစားချက်ကြီး ပျောက်ကွယ်သွားကာ နှုတ်ခမ်းများကွေးပြီး ပြုံးလိုက်မိသည်။ သူ မတ်တပ်ထရပ်ပြီး သွားကြိုရန် ပြင်ဆင်လိုက်စဉ်တွင် ရပ်တန့်သွားပြီး သူ့မျက်နှာက တဖြည်းဖြည်းမည်းမှောင်လာသည်။


ဖန်ကျုံးချင်းက လှိုဏ်ဂူထဲကို ကြည့်ရုံသာကြည့်နေပြီး ဝင်လာချင်စိတ် မရှိသည့်ပုံပင်။ သူ့မျက်ခုံးများ အနည်းငယ်တွန့်ချိုးနေပြီး မျက်နှာထက်တွင်လည်း စိတ်ရှုပ်ထွေးနေသည့် အမူအရာတစ်မျိုး ရှိနေသည်။


ဖန်ကျုံးချင်း အသက် ၁၃နှစ်သားအရွယ်တွင် ယွီဖူရှန့်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ သူတို့က မိတ်ဆွေဖြစ်ခဲ့ကြသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်၍ လှုပ်ရှားမှုတစ်ခုချင်းစီကို သိနေသည်။ ထို့အပြင် ဖန်ကျုံးချင်းက သူ့စိတ်ခံစားချက်များကို ဖုံးကွယ်ထားတတ်သူ မဟုတ်ချေ။ သို့ဖြစ်၍ ဖန်ကျုံးချင်း၏အမူအရာအရ တစ်ခုခုဖြစ်နေကြောင်း သိလိုက်သည်။


အမည်မသိ အကြောင်းအရင်းအချို့ကြောင့် ဖန်ကျုံးချင်းက သူ့ခံစားချက်များကို သိရှိသွားသည့်ပုံပင်။ 


ယွီဖူရှန့်၏ မှန်းဆချက်က မှန်ကန်ခဲ့ပေသည်။ ညနက်မှ ဖန်ကျုံးချင်းရောက်ရှိလာခြင်းက တစ်စုံတစ်ရာကို ဖော်ထုတ်ရန်အတွက် ဖြစ်သည်။


သူ့တပည့်ငယ်လေးက အပြင်ဘင်တွင်လေ့ကျင့်ပြီး ဂိုဏ်းသို့ပြန်လာချိန်၌ သူ အပျင်းပြေစေရန်အတွက် ဝတ္ထုစာအုပ်များစွာနှင့် ရုပ်ပုံစာအုပ်များကို ဝယ်လာလေ့ရှိသည်။ ဖန်ကျုံးချင်းကလည်း ထိုစာအုပ်အများစုကို ယူဖတ်လေ့ရှိပြီး ဇာတ်လမ်းထဲမှရှုခင်းပုံများ ရေးဆွဲထားသည့် ရုပ်ပုံစာအုပ်များကို ပိုမိုနှစ်သက်သဘောကျပေသည်။ သို့ဖြစ်၍ သူ အပျင်းပြေဖတ်ရန်အတွက် ရုပ်ပုံစာအုပ်တစ်အုပ်ကို ရွေးချယ်လိုက်သည်။


ယနေ့ညတွင် သူဖတ်ရန် ရွေးလိုက်သည့်စာအုပ်ထဲ၌ လူနှစ်ယောက်က အဝတ်အစားများချွတ်ကာ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်နေကြပေသည်။


ဖန်ကျုံးချင်း နားမလည်နိုင်ဖြစ်သွားသောကြောင့် သူ့တပည့်လေးကို မေးလိုက်သည်။


ထိုအခါ သူ့တပည့်လေးက စာအုပ်ကို ဘတ်ခနဲလှမ်းပိတ်လိုက်ပေသည်။ ပုံမှန်အချိန်တွင်မူ သူက ရှက်ရွံ့ခြင်းမရှိဘဲ လိမ်ညာပြောဆိုလေ့ရှိသော်လည်း ယခုအခါတွင်မူ သူ့မျက်နှာတစ်ခုလုံး နီရဲနေပေသည်။ စာအုပ်ဆိုင်ပိုင်ရှင်က ထိုစာအုပ်များကို ကြုံရာကျပန်းမထည့်ပေးလိုက်သင့်ကြောင်း ရေရွတ်ပြောဆိုလာပြီး သူ ထိုစာအုပ်များကို မဖတ်ကြောင်း ရှင်းပြလာသည်။


ဖန်ကျုံးချင်းက အကြောင်းအရင်းကို မေးလိုက်သည်။


အသက် ၁၅နှစ်ရှိပြီဖြစ်သော ရှန်းလျိုရှန့်က မျက်နှာတစ်ခုလုံးနီရဲနေပြီး စုံတွဲကျင့်ကြံခြင်းအကြောင်းကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ရှင်းပြလာသည်။


စုံတွဲကျင့်ကြံခြင်းကလည်း ကျင့်ကြံရေးလမ်းစဉ်တစ်ခုပင်ဖြစ်သည်။ ဖန်ကျုံးချင်းက ထိုကျင့်စဉ်အကြောင်းသိသော်လည်း ထဲထဲဝင်ဝင် မလေ့လာဖူးပေ။ သို့ရာတွင် အစောပိုင်း၌ ရုပ်ပုံစာအုပ်ထဲမှ လူနှစ်ယောက်က သူတို့စုံတွဲကျင့်ကြံခြင်း မပြုလုပ်မီတွင် နှုတ်ခမ်းချင်းထိကပ်ပြီး နမ်းနေသည်ကို သူ တွေ့လိုက်သည်။


ဖန်ကျုံးချင်းက သူနှင့် ယွီဖူရှန့်အကြားမှ ဆက်ဆံရေးအကြောင်း ခဏစဉ်းစားနေလိုက်သည်။ ခဏစဉ်းစားပြီးသည့်အခါ အတိတ်တွင် သူ လျစ်လျူရှု့ထားသည့်ကိစ္စများက စိတ်ထဲပြန်ပေါ်လာပြီး တစ်စုံတစ်ရာမှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။


" သူတို့ဘာလို့ ဒါကို လုပ်နေကြတာလဲ..."

ဖန်ကျုံးချင်းက စာအုပ်ကိုပြန်ဖွင့်လိုက်ပြီး လူနှစ်ယောက်နမ်းနေသည့်ပုံကို လက်ညှိုးထိုးပြလိုက်သည်။


" ရှစ်စွမ်း အဲ့စာအုပ်ကြီးကို ထပ်မဖွင့်ကြည့်ပါနဲ့..."


ရှန်းလျိုရှန့်က စာအုပ်ကို ပြန်ဆွဲယူပြီး ရှင်းပြလိုက်သည်။

" သူတို့အချင်းချင်း ချစ်လို့လုပ်တာပေါ့..."


ဖန်ကျုံးချင်း၏ အမူအရာက ပြောင်းလဲသွားပြီး အချိန်အတန်ကြာသည်အထိ အံ့အားသင့်နေသည်။

" ချစ်လို့လုပ်တာဆိုတော့... ယွီဖူရှန့်ရော ဒါတွေကို သိလား..."


ရှန်းလျိုရှန့်က ထိုစာအုပ်များ သူ့ရှစ်စွမ်းမြင်သွားသည်အား သူ့ရှစ်ရှုန်းလင်ယဲ့ ပြန်လာသည့်အခါ မသိအောင် စာအုပ်များကို ဖွက်နေရသောကြောင့် အလုပ်များနေပြီး သာမန်ကာလျှံကာပင် ပြန်ဖြေလိုက်သည်။

" ကျွန်တော်တောင် သိတယ်ဆိုတော့ တာအိုဆရာသခင်ကျန့်ကျန်းလည်း သိမှာပေါ့..."


ဖန်ကျုံးချင်း မျက်မှောင်ကြုတ်လိုက်မိသည်။

" မင်းဘာလို့ အဲလောက်တောင် သေချာနေတာလဲ... သူလည်း ငါ့လိုမျိုး မသိတာ ဖြစ်နိုင်တာပဲ..."


" ရှစ်စွမ်းက တခြားလူတွေနဲ့ မတူဘူးလို့ ရှစ်ရှုန်းကပြောဖူးတယ်... ကျင့်ကြံရေးနဲ့ဆိုင်တဲ့ကိစ္စတွေကလွဲလို့ တခြားဟာတွေက ရှစ်စွမ်းမသိလေ ကောင်းလေပဲတဲ့..."

ရှန်းလျိုရှန့် ခဏစဉ်းစားလိုက်သည်။

" တာအိုဆရာသခင်ကျန့်ကျန်းကတော့ မသိဘဲ မနေလောက်ပါဘူး... ဒီလိုအခြေခံအသိလောက်ကို တော်တော်များများတော့ သိတယ်လေ..."


ဖန်ကျုံးချင်း၏ရင်ထဲ ရုတ်ချည်း ရှုပ်ထွေးသွားပြီး အချိန်အတန်ကြာအောင် တွန့်ဆုတ်နေခဲ့ပြီးမှ အခန်းထဲ ပြန်လာခဲ့သည်။


သူ့ တပည့်ငယ်လေး၏ အပြောအရဆိုပါက ယွီဖူရှန့်က သူ့ကိုနှစ်သက်သဘောကျနေပုံပေါ်သည်။ စဥ်းစားတွေးတောပြီးသွားသည့်အခါ ဖန်ကျုံးချင်းက ညနက်နေချိန်တွင် ဓားဂိုဏ်းသို့ရောက်လာပြီး ယွီဖူရှန့်၏ကိုယ်ပေါ်တွင် ကြယ်တာရာဂမ္ဘီရအစီအရင်များပါ သုံးကြည့်ရန် ရည်ရွယ်ထားသည်။


သို့သော်လည်း သူ့ရင်ထဲတွင် တုံ့ဆိုင်းနေမိသောကြောင့် လှိုဏ်ဂူထဲသို့ မဝင်သေးချေ။ 


ယွီဖူရှန့်က ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခြင်း မဟုတ်သော်လည်း တမင်တကာဖော်ထုတ်မည်လည်း မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ဖန်ကျုံးချင်းက ထိုသို့သောအရာများအပေါ် နားလည်မှုက နှေးကွေးလွန်းသောကြောင့် သူ့ခံစားချက်များကို မည်သို့သောအခါမှ သတိမပြုမိလျှင်လည်း အံ့အားသင့်စရာ မဟုတ်ချေ။ 


တစ်နေ့တွင် ဖန်ကျုံးချင်း သိရှိသွားပါက မည်သို့တုံ့ပြန်မည်ကို‌ တွေးခဲ့ဖူးသည်။ ယွီဖူရှန့်က ပုံမှန်အချိန်ကဲ့သို့ မတည်ငြိမ်နိုင်တော့ဘဲ သူတို့‌နှစ်ယောက် သူစိမ်းများမဖြစ်သွားစေရန် အကောင်းဆုံးကြိုးစားမည်သာ ဖြစ်ပေသည်။ သို့ရာတွင် ဤအခိုက်အတန့်သို့ အမှန်တကယ်ရောက်ရှိလာသည့်အခါ ယွီဖူရှန့်က တွေးထားခဲ့သည်ထက် ပိုမိုတည်ငြိမ်နေပေသည်။


သူ အလျင်မလိုဘဲ လက်ဖက်ရည်ကို အေးအေးဆေးဆေးငှဲ့နေခဲ့သည်။


အပြင်ဘက်တွင် မိုးတဖွဲဖွဲ ဆက်လက်ရွာသွန်းနေပြီး လှိုဏ်ဂူထဲတွင် လက်ဖက်ရည်နံ့သင်းသင်းလေး မွှေးပျံ့နေသည်။ ယွီဖူရှန့်က ခွက်ထဲမှ ထွက်ပေါ်လာသည့် ရေနွေးငွေ့များကိုကြည့်ပြီး စားပွဲခုံကို လက်ဖြင့်ခေါက်နေသည်။ သူ့ဝိညာဉ်အသိစိတ်ကို သစ်ပင်အောက်ရှိ လူအပေါ်တွင် လွှမ်းခြုံထားပြီး တစ်ဖက်လူ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်။


စီရင်ချက်ချမည်ကို စောင့်ဆိုင်းနေရသည်နှင့်ပင် တူနေသည်။


သို့ရာတွင် အာရုဏ်တက်ချိန်ရောက်သည်အထိ ထိုလူက တုံ့ဆိုင်းနေခဲ့သည်။


ယွီဖူရှန့်က အေးစက်သွားသည့် လက်ဖက်ရည်ခွက်ကို လက်ဖြင့်တောက်နေပြီး ကျယ်လောင်စွာရယ်မော၍ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။


ဖန်ကျုံးချင်းက အမြဲတမ်းပြတ်သားစွာဆုံးဖြတ်တတ်သူဖြစ်၍ သူ ဤသို့ဖြစ်နေခြင်းကို ယွီဖူရှန့် တစ်ကြိမ်မှ မမြင်တွေ့ခဲ့ဖူးပေ။ သို့စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချထားပြီးဖြစ်သော်လည်း ရှေ့တိုးရန် တွန့်ဆုတ်နေ၍ မိုးရေထဲတွင် အချိန်အတော်အတန်ကြာအောင် ရပ်နေခဲ့သည်။


ယွီဖူရှန့် ခေါင်းအသာခါလိုက်ပြီး သားမွေးဝတ်ရုံတစ်ထည်ကိုယူကာ နေရာမှ ပျောက်သွားသည်။


ဘေးနားတွင် ဝိညာဉ်စွမ်းအင်လှုပ်ရှားမှုအချို့ ဖြစ်ပေါ်လာပြီးနောက် ဖန်ကျုံးချင်း မတုံ့ပြန်နိုင်မီအချိန်မှာပင် သူ့ကိုယ်ပေါ်ကို သားမွေးဝတ်ရုံတစ်ထည် လွှမ်းခြုံခံလိုက်ရသည်။


သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ မျက်တောင်ရှည်များပေါ်တွင် မိုးရေစက်များ တွဲလွဲခိုနေပြီး ရုတ်တရက်ပေါ်လာသည့် အရပ်ရှည်ရှည်လူကို စိုက်ကြည့်နေမိသည်။ သူ ခဏတာ ငြိမ်သက်သွားပြီးမှ ပြောလိုက်သည်။

" ငါမင်းရဲ့ ကံကြမ္မာကို ကြည့်ချင်တယ်..."


ယွီဖူရှန့်က ဤနည်းစနစ်ကိုသိသည်။ သူ လန်ရှောင်ရှန့်ကို တပည့်အဖြစ်လက်ခံခဲ့စဉ်က ဖန်ကျုံးချင်းက သူ့ကိုလက်ဆောင်အဖြစ် ထိုဂမ္ဘီရအစီအရင်ကို သင်ပေးခဲ့ဖူးသည်။ ညကောင်းကင်ယံရှိ ကြယ်များ၏စွမ်းအားကိုသုံး၍ အတိတ်နှင့်အနာဂတ်ကို သိရှိနိုင်သည်ဟု ဆိုကြပေသည်။


" အာရုဏ်တက်ချိန်တောင် ရောက်တော့မယ်..."


" ကိစ္စမရှိပါဘူး..."


ယွီဖူရှန့်၏ကျင့်ကြံဆင့်က အတော်အတန်မြင့်မားနေပြီဖြစ်၍ သူ့ကံကြမ္မာကို ကြည့်ရှု့ရန်က ကောင်းကင်ဘုံသို့ တက်ရသည့်သဖွယ် ခက်ခဲလှပေသည်။ ခွင့်ပြုချက်မရရှိပါက အစီအရင်ကို အသက်မသွင်းနိုင်၍ ယွီဖူရှန့်ထံသို့လာရောက်ပြီး ခွင့်တောင်းခြင်းဖြစ်သည်။


" မင်း ဘာကိုစစ်ကြည့်မလို့လဲ..."

ယွီဖူရှန့်၏အကြည့်က သူ့အပေါ်သို့ ကျရောက်နေသည်။

" အချစ်ရေးများလား..."


ဖန်ကျုံးချင်း၏ အမူအရာက အေးခဲတောင့်တင်းသွားသည်။ 

" မဟုတ်... မဟုတ်ပါဘူး..."


ဖန်ကျုံးချင်းက တစ်ကြိမ်တစ်ခါမှ လိမ်ပြောဖူးသူ မဟုတ်ပေ။ ယခုက ပထမဆုံး လိမ်ပြောမိခြင်းဖြစ်ပြီး ယွီဖူရှန့်က သူ့ကို အနီးကပ်စိုက်ကြည့်နေ၍ စကားဆုံးသည်နှင့် နားရွက်ဖျားများနီရဲလာသည်။ ထို့နောက် ပါးပြင်ကလည်း ပူနွေးလာပြီး "မဟုတ်ပါဘူး" ဟူသည့်စကားကိုသာ အထပ်ထပ်အခါခါပြောနေတော့၏။ 


သူ့တပည့်ငယ်လေး လိမ်ညာပါက အမြဲအပြစ်အနာအဆာကင်းပြီး လွယ်လွယ်ကူကူဖြစ်သော်လည်း သူ့အလှည့်ရောက်သည့်အချိန်တွင်မှ အဘယ့်ကြောင့် ခက်ခဲနေရသည်ကို မတွေးနိုင်တော့ပေ။ 


ဖန်ကျုံးချင်း ထိတ်ထိတ်ပျာပျာဖြင့် သက်ပြင်းချလိုက်ပြီးနောက် အမှန်တိုင်း ဝန်ခံတော့မည့်အချိန်တွင် သူ့ရှေ့တည့်တည့်မှလူက ပြောလိုက်သည်။

" ကြည့်လို့ ရပါတယ်..."


ယွီဖူရှန့် စိတ်ရှုပ်ထွေးနေမိသည်။ ဖန်ကျုံးချင်းက သူ့ကိုလိမ်ညာရန် ကြိုးစားနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ နှလုံးသားထဲတွင် ပွင့်လင်းမှုရှိပါက လိမ်ညာရန် မလိုအပ်ဟု သူကိုယ်တိုင်‌ ပြောခဲ့ဖူးသော်လည်း ယခုအခါတွင် စတင်လိမ်ညာတတ်လာပြီဖြစ်သည်။


ဖန်ကျုံးချင်းက ခွင့်ပြုချက်ရရှိသွားသည်နှင့် မြေပြင်တွင် ထိုင်ချလိုက်သည်။ သူ၏ ကျောက်စိမ်းသဖွယ်ဖြူဖွေးသောလက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လေထဲတွင် အနက်ရောင်ကျောက်တုံးပေါင်းများစွာ ပေါ်လာတော့သည်။


သူ မန္တန်ရွတ်တော့မည့်အချိန်၌ ယွီဖူရှန့်က ထိုင်ချလိုက်ပြီး သူ့လက်ကောက်ဝတ်ဖြူဖြူလေးကို လှမ်းဆွဲကာ ကြည်လင်တောက်ပနေသည့် မျက်ဝန်းလေးများကို စိုက်ကြည့်လိုက်သည်။

" မင်းဘာပြောပြော ငါမငြင်းဘူးဆိုတာ သိတယ်မလား... အဲဒါကြောင့် ငါ့ကို ဘာမှလိမ်နေစရာ မလိုပါဘူး..."


ဖန်ကျုံးချင်း အံ့အားသင့်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

" ကောင်းပါပြီ..."


ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ဖန်ကျုံးချင်းက အနက်ရောင်ကျောက်တုံးများအပေါ်တွင်သာ အာရုံစိုက်လိုက်သည်။


ယွီဖူရှန့်က သူ့ဘေးနားတွင် ရပ်နေသည်။ တစ်ညလုံးရွာသွန်းပြီးသည့်နောက်တွင် မိုးတိတ်သွားပြီဖြစ်၍ မနက်ခင်းလေပြည် တိုက်ခတ်လာချိန်၌ သူတို့နှစ်ယောက်၏အထက်မှ သစ်ကိုင်းများပေါ်မှ တရှပ်ရှပ်အသံများ ထွက်ပေါ်လာသည်။


" တောက် တောက်..."


မိုးရေစက် အကြွင်းအကျန်လေးများက သစ်ရွက်သစ်ကိုင်းများပေါ်မှတစ်ဆင့် သစ်ရွက်ဖျားရှိရာသို့ တစ်စက်ချင်း စိမ့်ကျလာသည်။ တစ်ခါတစ်ရံတွင် ဖန်ကျုံးချင်း၏ခေါင်းပေါ်သို့ ရေစက်လေးများကျလာ၍ နူးညံ့သောဆံနွယ်များ စိုစွတ်သွားရသည်။


ယွီဖူရှန့်က အပေါ်သို့မော့ကြည့်ပြီး လက်မြှောက်လိုက်သည်။


ဓားဂိုဏ်းမှတပည့်များက နိုးနိုးကြားကြားရှိကြသူများဖြစ်၍ မနက်စောစောမှာပင် နေရာအနှံ့၌ ဓားရေးလေ့ကျင့်နေကြသည်ကို မြင်နိုင်ပြီး လူငယ်လေးတစ်ယောက်က အလျင်စလိုဖြင့် ပြေးလာပေသည်။


နျဉ်ယွင်ရှင်းက ပျော်ရွှင်နေသည့်မျက်နှာဖြင့် ယွီဖူရှန့်နေထိုင်ရာသို့ တစ်ဟုန်ထိုးရောက်လာသည်။ သူက ယခုလေးတင် အဆင့်တက်လာပြီးဖြစ်၍ သူ့ဆရာကိုပြောပြရန် မစောင့်နိုင်တော့ချေ။ လှိုဏ်ဂူနားသို့ချဉ်းကပ်လာသည့်အခါ မမျှော်လင့်ဘဲ သစ်ပင်အောက်မှ လူနှစ်ယောက်ကို တွေ့လိုက်သည်။

 

လူတစ်ယောက်က ရင်းနှီးနေသည့် သားမွေးဝတ်ရုံတစ်ထည်ကိုဝတ်ထားပြီး သစ်ပင်အောက်၌ တင်ပျဉ်ခွေထိုင်နေသည်။ သူ ထိုလူကို တစ်ကြိမ်မှ မမြင်ဖူးသော်လည်း အဝေးမှကြည့်နေရုံဖြင့်ပင် တအံ့တဩဖြစ်နေရသည်။ 


နျဉ်ယွင်ရှင်း၏ခြေလှမ်းများ အလိုလိုရပ်တန့်သွားပြီး ထိုလူက မည်သူမည်ဝါဖြစ်ကြောင်း တွေးနေမိသည်။ ဘေးပတ်ဝန်းကျင်သို့ကြည့်လိုက်သည့်အခါ သူ့ဆရာက ထိုလူ၏ဘေးနားတွင် ရပ်နေသည်။ သူ့လက်တစ်ဖက်ကိုဆန့်ထုတ်ထားပြီး အဖြူရောင်ဝတ်ရုံနှင့်လူ၏ ခေါင်းအထက်၌ အုပ်မိုးပေးထားသည်။ 


နျဉ်ယွင်ရှင်း ဇဝေဇဝါဖြစ်နေစဉ်တွင် သစ်ပင်ပေါ်မှ စိးကျလာသည့် မိုးရေစက်လေးက ယွီဖူရှန့်၏လက်ပေါ်သို့ ကျဆင်းသွားသည်

ကို မြင်လိုက်ရသည်။ 


နျဉ်ယွင်ရှင်း ခဏတာ ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် သူ့အကြည့်က ယွီဖူရှန့်၏မျက်နှာထက်သို့ ရောက်ရှိလာသည်။


ဆရာ ဒီလူက...


.....