Villain Shizun (Extra 7-2)
လက်ဖက်ရည်တစ်ခွက်စာငှဲ့သည့်အချိန်ခန့် ကြာမြင့်ပြီးသောအခါ ဖန်ကျုံးချင်းက ကျောက်တုံးနက်များကို ပြန်သိမ်းပြီး မျက်မှောင်ကြုတ်လိုက်သည်။
ယွီဖူရှန့်က ကာပေးထားသည့်လက်ကို ပြန်ရုတ်လိုက်ပြီး သူ့လက်ပေါ်မှရေများကို ပိုးလက်ကိုင်ပဝါဖြင့် ပြန်သုတ်နေသည်။ သူ တွေးထင်ထားသည့်အတိုင်းပင် ဖန်ကျုံးချင်းက မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
" မင်း စိတ်တွေ ရှုပ်ထွေးနေတာပဲ... တကယ်လို့ ရလဒ်ထွက်လာခဲ့မယ်ဆိုရင်တောင် အတိအကျမှန်မှာ မဟုတ်ဘူး..."
ဖန်ကျုံးချင်း တအံ့တဩဖြစ်သွားရသည်။
" စိတ်ရှုပ်နေတယ်တဲ့လား..."
ယွီဖူရှန့် : " မင်းစိတ်တွေ ဂနာမငြိမ်ဖြစ်နေလို့ နေမှာ..."
ထိုသို့မဟုတ်ပါက သူသည်လည်း ဤနေရာတွင်ရပ်ပြီး ဖန်ကျုံးချင်းကို စေ့စေ့ကြည့်နေရဲမည်မဟုတ်ပေ။
ဖန်ကျုံးချင်း စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။ ငယ်စဉ်ကလေးဘဝတည်းက အခြားသောရွယ်တူကလေးများနှင့်ယှဉ်လျှင် သူ၏စိတ်တည်ငြိမ်မှုက မြင့်မားသောကြောင့် အကြီးအကဲများနှင့် သူ့ဆရာကပါ ချီးကျူးကြသည်။ ထိုအကြောင်းကြောင့် သူ၏တာအိုလမ်းစဉ်ကလည်း ချောမွေ့ခဲ့ပေသည်။ သူ့စိတ်အခြေအနေက နှောင့်ယှက်ခံနေရသည်ဟု တစ်စုံတစ်ယောက်က ပြောသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ကြယ်တာရာဂမ္ဘီရအစီအရင်က အလုပ်မဖြစ်သောကြောင့် ယွီဖူရှန့်၏ကံကြမ္မာတစ်ခုကိုမှ သူ မမြင်တွေ့လိုက်ရပေ။ သို့ဖြစ်၍ တည့်တိုးမေးရန်မှလွဲ၍ အခြားသောနည်းလမ်း မရှိတော့ပေ။
" ငါ ဒီနေ့မှ သိခဲ့ရတာတစ်ခုရှိတယ်... လူတွေက ကိုယ်ချစ်တဲ့သူကိုပဲ နမ်းတာတဲ့ မင်းရော အဲဒါကိုသိလား..."
ယွီဖူရှန့် : " သေချာပေါက် သိတာပေါ့..."
ဖန်ကျုံးချင်း၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
" ဒါဆိုရင် မင်း..."
ယွီဖူရှန့်၏ မျက်လုံးများ မှေးကျဉ်းသွားတော့သည်။
" ကျုံးချင်း... မင်း ငါ့ကို အရင်နမ်းခဲ့တယ်ဆိုတာကို မေ့သွားတာလား..."
ဖန်ကျုံးချင်း ခဏတာ ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ ထိုအကြောင်းကို ပြန်အမှတ်ရကာ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
" ငါ..."
" ဒီအကြောင်းပြောမိမှ သတိရတယ်... မင်း ငါ့ကို တာဝန်ယူသင့်တယ်နော်..."
ယွီဖူရှန့်က လွှမ်းမိုးနိုင်စွမ်းရှိသည့်ပုံစံမျိုးဖြင့် သူ့အနားသို့ ချဉ်းကပ်လာသည်။
" ကျုံးချင်းက ငါ့ကိုသဘောကျတယ်ထင်လို့ ငါလည်း ပြန်တုံ့ပြန်မိတာလေ ဘာများမှားလို့လဲ..."
ဖန်ကျုံးချင်းက သူနှင့်အလွန်နီးကပ်နေသည့် မျက်နှာကိုကြည့်ပြီး ပြောစရာစကားများ ပျောက်ရှနေမိသည်။
" ငါ တောင်းပန်ပါတယ်... ဒီအကြောင်းကို စောစောကသာသိရင် အဲ့လိုလုပ်ခဲ့မိမှာ မဟုတ်ဘူး..."
သူက ကလေးဘဝတည်းက အချစ်ဟူသောအရာကို မသိရှိခဲ့ပေ။
အချစ်ဆိုတာဘာလဲ... ဆရာ တစ်ခါပြောဖူးတာတော့ စိတ်ခံစားချက်ဆိုတာ အနှောင့်အယှက် အပေးဆုံးအရာတဲ့... တစ်ကြိမ်နစ်မွန်းသွားတာနဲ့ ပြန်ရုန်းထွက်ဖို့ခက်ပြီး လူသားတွေရဲ့ စိတ်ဝိညာဉ်နဲ့ တာအိုကို ဖျက်ဆီးတတ်တယ်ဆိုပဲ...
တစ်ယောက်တည်းနေတာက တာအိုကျင့်စဉ်ကို လေ့ကျင့်ဖို့ အသင့်တော်ဆုံးပဲ...
သူ့ ဆရာက ပြောခဲ့ဖူးသည်။
" မင်းနဲ့ငါက တာအိုကျင့်စဉ်ကိုပဲ အာရုံစိုက်ကျင့်ကြံပြီးတော့ ဒီလိုမျိုး အရေးမပါတဲ့ကိစ္စတွေနဲ့ အနှောင့်ယှက် မခံသင့်ဘူး..."
" အရေးမကြီးတော့ပါဘူး..."
ယွီဖူရှန့်၏လေသံက ဩရှရှဖြစ်လာသည်။
" အခု ငါမင်းကို ချစ်နေတယ်ဆိုတာကို သိသွားပေမယ့် မင်းရင်ထဲမှာ အရေးမကြီးဘူးလို့ ခံစားနေရတယ်ပေါ့ ဟမ်..."
ဖန်ကျုံးချင်း ခေါင်းအသာညိတ်ပြလိုက်သည်။
ကျင့်ကြံသူတစ်ယောက်က သူ့ဘဝတွင် ကောင်းကင်ဘုံသို့တက်လှမ်းနိုင်ရန်ကိုသာ အာရုံစိုက်ရမည်ဖြစ်၍ အခြားအရာများက အရေးမပါချေ။
သူနှင့် ရင်းနှီးသောမိတ်ဆွေများကိုလည်း အချစ်ဟူသောအရာနှင့် ရစ်ပတ်နှောင်ဖွဲ့ခြင်း မပြုမိစေရန် ပြောပြချင်မိသည်။ ဉာဏ်အလင်းပွင့်ပြီး ကောင်းကင်ဘုံသို့ တက်သွားနိုင်သူတိုင်းတွင် ထိုခံစားချက်မျိုး၌ နစ်မွန်းနေသူ တစ်ယောက်မှ မရှိချေ။ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်မိလေ ကောင်းကင်ဘုံသို့ မတက်မီ၌ သံယောဇဉ်များကို ဖြတ်တောက်ခဲ့ရန် ခက်ခဲလှလေဖြစ်၍ မည်သည့်ရှု့ထောင့်မှ ကြည့်သည်ဖြစ်စေ အကျိုးမရှိလှပေ။
သို့ရာတွင် သူ စကားမပြောနိုင်မီမှာပင် ယွီဖူရှန့်က သရော်လိုက်ပြီး တစ်ဖက်သို့လှည့်သွားသောကြောင့် သူ့မျက်နှာ အမူအရာကို မမြင်ရပေ။
" ကောင်းပြီလေ ငါ တာအိုကျင့်စဉ်မှာပဲ အာရုံစိုက်ပြီး မလိုအပ်တာတွေ မတွေးတော့ဘူး..."
ဖန်ကျုံးချင်းက အနည်းငယ် စိတ်အေးလက်အေးဖြစ်သွားပုံရသည်။ ထိုအချိန်၌ ယွီဖူရှန့်က ပြောလာသည်။
" မင်းလည်း ငါ့ကို တစ်ခုတော့ ကတိပေးရမယ်..."
ဖန်ကျုံးချင်း : " ငါကစွမ်းအားကြီးတယ်ဆိုတော့ ဘာမဆို လုပ်ပေးနိုင်ပါတယ်..."
ယွီဖူရှန့်က မျက်လွှာချထားလိုက်ပြီး လက်ချောင်းများကို တင်းတင်းဆုပ်ကာ တစ်လုံးချင်းပြောလိုက်သည်။
" ငါ့ရှေ့မှာ ဘယ်တော့မှ ပေါ်မလာဘဲ ဝေးဝေးနေပေးပါ..."
ဖန်ကျုံးချင်း အံ့ဩတကြီးဖြစ်သွားရသည်။
" ဘာလို့လဲ..."
ယွီဖူရှန့်က မျက်လွှာချထားပြီး သူ့မျက်ဝန်းထဲမှ အေးစက်မှုများကို ဖုံးကွယ်ထားသည်။
" ဘာလို့လဲဆိုတော့ ငါ မင်းကို ရုတ်တရက် မုန်းသွားမိလို့ပဲ..."
ဖန်ကျုံးချင်း၏မျက်နှာက ဖြူရော်သွားရသည်။
အဖြူရောင်ဝတ်ရုံနှင့်လူက သူ့ဆရာကို သားမွေးဝတ်ရုံ ပြန်ပေးပြီး ထိုနေရာမှ ပျောက်ကွယ်သွားသည်ကို အမှောင်ထဲတွင် ပုန်းနေသော နျဉ်ယွင်ရှင်းက မြင်တွေ့လိုက်ရသည်။ သူ့ဆရာက ကြောက်စရာကောင်းသည့်အမူအရာဖြင့် သားမွေးဝတ်ရုံကို မြေကြီးပေါ် ပစ်ပေါက်လိုက်သည်။ သူ့လက်တစ်ဖက်ကို ပင်စည်တွင်ထောက်ထားပြီး လက်ငါးချောင်းလုံးကို ကွေးလိုက်သည့်အခါ သစ်ပင်ပေါ်၌ သွေးရာများ ကျန်ရစ်ခဲ့တော့သည်။
နျဉ်ယွင်ရှင်း စိုးရိမ်တကြီးဖြင့် အမြန်လျှောက်လာသော်လည်း သူ အနားသို့ မရောက်မီတွင် ယွီဖူရှန့်ကပါ ထိုနေရာမှ ပျောက်သွားခဲ့သည်။
*
နတ်ဆိုးအရှင်အသစ် သေဆုံးသွားခြင်းကြောင့် နတ်ဆိုးလောကရှိ နတ်ဆိုးဘုရင်များမှာ နတ်ဆိုးအရှင်နေရာအတွက် ယှဥ်ပြိုင်နေကြသည်မှာ ဆယ်နှစ်ကျော်ခန့် ကြာမြင့်ပြီဖြစ်သည်။ မြို့ပေါင်းများစွာနှင့် နေရာပေါင်းစုံတွင် ပုန်ကန်မှုများဖြစ်ပေါ်ခဲ့သည်။ ၎င်းတို့အနက် အပြင်းထန်ဆုံးသော ပုန်ကန်မှုမှာ ကျီမြို့၌ ဖြစ်ပွားခဲ့သည်။
မြို့ထဲ၌ မှန်သည်မှားသည်ဟူသောအရာကို စွမ်းအားဖြင့်သာ ဆုံးဖြတ်ပေသည်။ ကျင့်ကြံဆင့်မြင့်သူတိုင်း က အရာအားလုံးကို ချုပ်ကိုင်နိုင်ပြီး ထောင်နှင့်ချီသောလူများကို ဖိနှိပ်ထားကြသည်။
ဤနေရာက နာမည်ဆိုးဖြင့် ကျော်စောနေသော်လည်း မရေမတွက်နိုင်သည့်လူများ တပ်မက်ကြသည့်နေရာဆိုလျှင်လည်း မမှားပေ။
သို့ရာတွင် ယနေ့ည၌ ကျီမြို့တွင် အရပ်ရှည်ရှည်လူတစ်ယောက် ပေါ်လာခဲ့သည်။ သူ မြို့ထဲသို့ ခြေချလိုက်သည်နှင့် နတ်ဆိုးကျင့်ကြံသူအားလုံး၏ အကြည့်များက သူ့ထံသို့ ကျရောက်လာသည်။
တစ်မြို့လုံးကို ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားက ပျံ့နှံ့သွား၍ ဘုရင်အသစ်ရောက်ရှိလာကြောင်းကို ကြေညာလိုက်သကဲ့သို့ပင်။
ယွီဖူရှန့်၏ မျက်လုံးများက မှေးစင်းနေပြီး လေထဲမှ သွေးရံ့ကို ရှုရှိုက်လိုက်ကာ နောက်ဆုံး၌ သူ့မျက်ဆံများ နီရဲလာပြီး မဖော်ညွှန်းပြနိုင်သည့် ဖိအားတစ်မျိုးကို ခံစားလိုက်ရသည်။
ဤကဲ့သို့ သတ်ဖြတ်နေရသည့် နေရာမျိုးကသာ သူနှင့်အသင့်တော်ဆုံးဖြစ်သည်။
တာအိုဆရာသခင်ကျန့်ကျန်း၊ မှန်ကန်တဲ့လမ်းကို လျှောက်လှမ်းနေတဲ့ ခေါင်းဆောင်ကောင်း...
ထိုကဲ့သို့သော ဟန်ပြနာမည်မျိုးများက သူ့လမ်းတွင် အတားအဆီးဖြစ်စေသည်မှလွဲ၍ အသုံးဝင်ခြင်းမျိုး မရှိပေ။ ထိုဂုဏ်ပုဒ်များကို သူ ရွံရှာစက်ဆုပ်နေခဲ့သည်မှာလည်း အလွန်ကြာခဲ့ပြီဖြစ်သည်။
သူက ယခုလက်ရှိအချိန်၌ ပင်မနယ်မြေတစ်ခုလုံး၏ထိပ်တွင် ရပ်တည်နိုင်သော ကျင့်ကြံဆင့် ရှိနေပြီဖြစ်သည်။ ယခင်ကကဲ့သို့ ဓားဂိုဏ်းမှ လူမသိသူမသိ တပည့်လေးတစ်ယောက် မဟုတ်တော့ပေ။
ငါလိုချင်သမျှအရာတိုင်း ရနိုင်နေပြီကို ဘာကိစ္စ ဖန်ကျုံးချင်းကို စွဲလန်းနေရဦးမှာလဲ..
ယွီဖူရှန့်၏ တစ်ကိုယ်လုံးကို ဝိညာဉ်စွမ်းအင်များဖြင့် ဝန်းရံထားသည်။ သူ ခေါင်းငုံ့လိုက်ပြီး သူ့လက်ထဲမှ ကတ္တီပါနီရောင်အရာများကို ကြည့်နေမိသည်။ သူ့နှလုံးသားထဲမှ ကိုယ်တွင်းနတ်ဆိုးကို ထင်ရာစိုင်းခွင့်ပေးလိုက်သည်မှာလည်း မဆိုးလှပေ။ အနည်းဆုံး သူ အလွန်ပျော်ရွှင်နေရပေသည်။
သုံးရက်အတွင်းတွင် နတ်ဆိုးလောကမှ လူတစ်ယောက်က ကျီမြို့ကို တစ်စုတစ်စည်းတည်းဖြစ်အောင်လုပ်ပြီး မြို့အရှင်ဖြစ်လာသည်ဟူသောသတင်းက သုံးလောကတွင် ပျံ့နှံ့သွားသည်။ နတ်ဆိုးလောကမှလူများက အရှင်အသစ်မှာ တုနှိုင်းမဲ့အောင်မြင်မှုများစွာကို ဆောင်ကြဉ်းလာနိုင်မည်ဟု ယုံကြည်နေကြသည်။
သို့သော် မြို့အရှင်က ပုန်ကန်နေသူများကို သတ်ဖြတ်ပြီးသည့်နောက်တွင် အိမ်တော်၌ တစ်နေကုန်ထိုင်သောက်နေပြီး အခြားရည်ရွယ်ချက်များ မရှိတော့သည်ပုံပေါ်သည်။
ကျီမြို့က ရက်ပေါင်းများစွာတိုင်အောင် တည်ငြိမ်အေးချမ်းနေပြီးသည့်နောက်တွင် အဖြူရောင်ဝတ်ရုံဝတ်အမျိုးသားတစ်ယောက်က တစ်နေ့တွင် ရောက်လာခဲ့သည်။
ဖန်ကျုံးချင်း ကျီမြို့ထဲသို့ ခြေချလိုက်သည်နှင့် မြို့အဝင်ဝတွင် မည်သည့်အစောင့်အကြပ်မှ မရှိနေသည်ကို တွေ့လိုက်ရသည်။ လမ်းမများထက်တွင် အမည်မသိရနံ့တစ်မျိုးဖြင့် ပြည့်နေပြီး ဗျပ်စောင်းသံသဲ့သဲ့ကို ကြားနေရသည်။ ထိုအသံကို နားထောင်လိုက်သူတိုင်း၏ ရင်ထဲတွင် ခြောက်သွေ့သွားနိုင်ပေသည်။
" တာအိုမိတ်ဆွေလေး ကျီမြို့ကို ပထမဆုံးအကြိမ် လာတာလား..."
ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်က သူမ၏ပိန်သွယ်သောခါးကို ယိမ်းနွဲ့နေလျက် သူ့နား ရောက်လာသည်။
ဖန်ကျုံးချင်းက သူမ၏ နတ်ဆိုးအော်ရာကို တစ်ချက်ကြည့်ရုံဖြင့် ဖောက်ထွင်းမြင်နိုင်သော်လည်း ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။
" လူတစ်ယောက်ကိုရှာဖို့ ရောက်လာတာပါ..."
ထိုနေ့က သူ ဓားဂိုဏ်းမှ ထွက်လာပြီးသည့်နောက်တွင် ယွီဖူရှန့်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ထင်ခဲ့သော်လည်း သူ့ကို မတွေ့မြင်ချင်မည်စိုး၍ ချောင်းယွင်တောင်ထွတ်တွင်သာ နေခဲ့သည်။
နှစ်ရက်ခန့်ကြာသောအခါ ဓားဂိုဏ်းချုပ်ဖြစ်သော လန်ရှောင်ရှန့်က သူ့ကို အကူအညီလာတောင်းခဲ့သည်။
ယွီဖူရှန့်ကို မည်သည့်နေရာတွင်မှ ရှာမတွေ့တော့သည့်အပြင် ထိုအကြောင်းကိုလည်း လူအနည်းစုကသာ သိပေသည်။ လန်ရှောင်ရှန့်က နက္ခတ်တာရာများသုံး၍ သူ့ကိုရှာဖွေသော်လည်း ယွီဖူရှန့်က သတိထားမိသွား၍ အနက်ရောင်ကျောက်တုံးက အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားရသည်။
လန်ရှောင်ရှန့်မှာ ရွေးချယ်စရာ မရှိတော့၍ ချောင်းယွင်တောင်ထွတ်သို့လာပြီး ဖန်ကျုံးချင်းကို အကူအညီတောင်းရတော့၏။
ဖန်ကျုံးချင်းသည်လည်း နက္ခတ်တာရာနည်းပညာသုံး၍ ရှာဖွေခဲ့သည်။ သူ့အနက်ရောင်ကျောက်တုံးက မကွဲသွားသော်လည်း ယွီဖူရှန့်၏ ခြေရာလက်ရာကို မည်သည့်နေရာတွင်မှ ရှာမတွေ့ဘဲ နတ်ဆိုးလောကတွင် ရှိသည်ဟုသာ မရှင်းမလင်းညွှန်ပြနေသည်။ ယနေ့တွင် တပည့်နှစ်ယောက် စကားပြောနေသည်ကို မတော်တဆ ကြားလိုက်ရ၍ နတ်ဆိုးလောကရှိ ကျီမြို့တွင် အရှင်သခင်တစ်ယောက် မွေးဖွားလာပြီး နာမည်ကြီးလာသည့်အကြောင်း သိလိုက်ရသည်။
ဖန်ကျုံးချင်းက ထိုလူကို ယွီဖူရှန့်ဖြစ်နိုင်သည်ဟု အာရုံခံမိ၍ အလျင်စလိုဖြင့် ရောက်လာခြင်းဖြစ်သည်။
" ဪ လက်စသတ်တော့ တစ်ယောက်ယောက်ကို ရှာနေတာကိုး..."
ထိုအမျိုးသမီးက ဖန်ကျုံးချင်းနားသို့ကပ်လာပြီး ပြုံးပြလိုက်သည်။
" မြို့ထဲကလူတိုင်းကို ကျွန်မသိတယ်... တာအိုမိတ်ဆွေလေးက ဘယ်သူ့ကိုရှာနေတာများလဲ..."
" မျိုးရိုးနာမည်က ယွီ ပါ... "
ဖန်ကျုံးချင်းက ခေါင်းမော့လိုက်ပြီး လက်ကို နှဖူးအထက်အနည်းငယ်မြှင့်ပြလိုက်သည်။
" ငါ့ထက် နည်းနည်းလောက် အရပ်ရှည်တယ်... ကျင့်ကြံဆင့်ကလည်း တော်တော်မြင့်တယ်..."
သူ့စကားဆုံးသည်နှင့် အရှေ့မှ အမျိုးသမီးက အသံလွင်လွင်ဖြင့် ရယ်လိုက်သည်။ သူမ လူတိုင်းကိုသိသည်ဟုပြောသည်အား ဖန်ကျုံးချင်း အမှန်တကယ် ယုံကြည်သွားမည်ဟု မထင်မှတ်ထားခဲ့၍ အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု တွေးလိုက်မိသည်။ သူမ ဖန်ကျုံးချင်း၏လက်မောင်းကိုဆွဲဖက်ပြီး တစ်ကိုယ်လုံးဖြင့် သူ့ကိုမှီလိုက်သည်။
သူမ၏ လှပသောမျက်လုံးများဖွင့်ပြီး ဖန်ကျုံးချင်းက အေးစက်နုနယ်သောမျက်နှာကို စူးစူးရဲရဲကြည့်လိုက်သည်။ ထို့နောက် လက်ချောင်းများဖြင့် မေးရိုးတစ်လျှောက်ပွတ်ဆွဲလိုက်ပြီး ချီးကျူးလိုက်သည်။
" ရုပ်ဖျက်ထားတာမဟုတ်ဘူးဘဲ... ထိပ်တန်းအရည်အသွေးမျိုးရှိတာဆိုတော့ ဈေးမြင့်မြင့်နဲ့ရောင်းလို့ ရလောက်တယ်..."
ဖန်ကျုံးချင်းက သူမကို တွန်းထုတ်ပစ်လိုက်သည်။
နတ်ဆိုးကျင့်ကြံသူတွေအားလုံးက ဒီလိုပဲ စိတ်မမှန်တာများလား...
ထိုအမျိုးသမီးက တွန်းထုတ်ခံလိုက်ရသည်ကို စိတ်အနှောင့်အယှက်ဖြစ်ပုံ မရပေ။ သူမ လက်နှစ်ချောင်းကို မြှောက်လိုက်သည့်အခါ လမ်းမထက်တွင် ဒါဇင်နှင့်ချီသေယလူများပေါ်လာပြီး ဖန်ကျုံးချင်းကို ဝန်းရံလိုက်သည်။
" ခေါ်လာခဲ့ကြ..."
*
ကျယ်ဝန်းတောက်ပသော အခန်းကြီးထဲတွင်ရှိနေသော ယွီဖူရှန့်၏ ဆံပင်များက မစည်းနှောင်ထားသောကြောင့် ဖရိုဖရဲဖြစ်နေကာ ခေါင်းအနည်းငယ်စောင်းထားပြီး အင်္ကျီရင်ဘတ်ကိုလည်း ဟထားသည်။ သူ့ လက်ချောင်းများဖြင့် ဝိုင်ခွက်ကိုလှုပ်ခါပြီး ပျင်းရိနေစဉ်တွင် အလွန်ရင်းနှီးနေသော ဝိညာဉ်စွမ်းအားတစ်ခုကို အာရုံခံမိလိုက်သည်။
လှုပ်ခါနေသည့်ဝိုင်ခွက်က အစိတ်စိတ်အမြွှာ ဖြစ်သွားပေသည်။
မြို့ဝင်ပေါက်နှင့်အနီးမှ လမ်းမထက်တွင် နတ်ဆိုးကျင့်ကြံသူတစ်အုပ်စုက ကြောက်လန့်မှုကြောင် မျက်နှာများဖြူဖျော့နေပြီး တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြသည်။
ဖန်ကျုံးချင်းက သူ့ကိုတိုက်ခိုက်လာသူများကို တစ်ချက်တည်းဖြင့် ကိုင်တွယ်လိုက်ပြီး အလွန်ရှက်ရွံ့နေသည့်အမူအရာဖြင့် မြေပြင်ပေါ် လဲကျနေသည့် လှပသော အမျိုးသမီးနတ်ဆိုးကို ကြည့်လိုက်သည်။
တစ်ဖက်က သူ့ကိုအန္တရာယ်ပြုမည်စိုးသောကြောင့် ဖန်ကျုံးချင်းက သူ့ကိုယ်သူ မထိန်းချုပ်ထားတော့ဘဲ နတ်ဆိုးကျင့်ကြံသူအားလုံးကို မြေပေါ်တွင်တစ်စုတစ်စည်းတည်းဖြစ်နေအောင် ထားလိုက်သည်။ သူ့ဝိညာဉ်စွမ်းအားကိုလည်း အသုံးချလိုက်သေးပေသည်။ ထိုအချိန်၍ ကောင်းကင်နှင့် ကမ္ဘာမြေအကြားမှ ဝိညာဉ်စွမ်းအင်က ရုတ်ချည်းမလှုပ်မရှားဖြစ်လာပြီး ရင်းနှီးနေသည့်လူတစ်ယောက် ပေါ်လာသည်။
မျက်နှာတစ်ခုလုံး ပြာနှမ်းသွားသည့် အမျိုးသမီးက ထိုလူကိုမြင်လိုက်သည်နှင့် ဝမ်းသာအားရဖြစ်သွားပြီး ပြောလိုက်တော့သည်။
" အရှင် အရှင် ကျွန်မကိုကယ်ပါဦး..."
ယွီဖူရှန့်က သူမကို တစ်ချက်မှ ကြည့်မနေဘဲ ရက်ပေါင်းများစွာမတွေ့ရသော မျက်နှာလေးကို စူးစူးရဲရဲကြည့်နေကာ သူ့မျက်ဝန်းထဲတွင်လည်း အုံ့မှိုင်းမှုများဖြင့် ပြည့်နေသည်။
" ဒါက မင်း လာသင့်တဲ့နေရာ မဟုတ်ဘူး..."
"အရှင်" ဟူသောစကားကို ဖန်ကျုံးချင်းကြားသည့်အခါ အမူအရာက ပြောင်းလဲသွားပြီး သူ့ရင်ထဲမှ မသက်မသာဖြစ်မှုများက လက်တွေ့တွင် အမှန်တကယ် ဖြစ်လာခဲ့ပေသည်။
သူ ရှေ့တိုးလာပြီး ယွီဖူရှန့်၏လက်ကိုဆွဲယူကာ ထိုနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။
ယခင်ဓားဂိုဏ်းချုပ်ဟောင်းက နတ်ဆိုးလောကတွင် အရှင်သခင်ဖြစ်သွားသည်ဟူသောသတင်း ပျံ့နှံ့သွားပါက သုံးလောကတွင် မည်မျှရိုက်ခတ်မှုဖြစ်သွားမည်ကို စိတ်ကူးကြည့်နိုင်ပေသည်။ ကျင့်ကြံရေးလောကရှိ ယွီဖူရှန့်၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာသည်လည်း လဲပြိုသွားမည်ဖြစ်ကာ ဤလောကထဲ၌ ထပ်မံခြေချနိုင်တော့မည် မဟုတ်ပေ။
ဖန်ကျုံးချင်းက ပြောလိုက်သည်။
" ငါနဲ့ ပြန်လိုက်ခဲ့ပါ ဒါက မင်းရှိနေသင့်တဲ့နေရာ မဟုတ်ဘူး..."
သူ့လက်ချောင်းများဖြင့် ယွီဖူရှန့်၏ အေးစက်စက်လက်ချောင်းများကို အခိုင်အမာဆွဲထားသော်လည်း ခဏအကြာတွင် ချက်ချင်းတွန်းထုတ်ခံလိုက်ရသည်။
ယွီဖူရှန့်က သူ့လက်ပေါ်မှ အပူကြောင့် တစ်ကိုယ်လုံးလောင်ကျွမ်းသွားပုံရပြီး ဝတ်ရုံလက်ကိုခါကာ သူ့ကိုတွန်းထုတ်လိုက်သည်။ သူ့မျက်နှာအမူအရာက ခက်ထန်နေပြီး ထိုနေရာတွင်ရပ်ကာ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
" ငါမင်းကို ထပ်မတွေ့ချင်တော့ဘူးလို့ ပြောထားတယ်လေ..."
ဖန်ကျုံးချင်း မျက်မှောင်ကြုတ်လိုက်သည်။
" မင်းဘာလို့ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို စွန်းထင်းခံနေရတာလဲ... ငါနဲ့ပြန်လိုက်ခဲ့ပါ တူတူအဖြေရှာလို့ ရတယ်လေ..."
ယွီဖူရှန့် ပင်ပန်းနွမ်းနယ်စွာဖြင့် မျက်လုံးမှိတ်လိုက်ပြီး ခဏအကြာတွင်မှ ပြန်ဖွင့်လိုက်သည်။ သူ့နှလုံးသားထဲတွင် ထိန်းချုပ်မရနိုင်သည့် ငြီးငွေ့မှုတစ်မျိုး ဖြစ်ပေါ်လာပြီး သူ့အမူအရာက ရန်ငြှိုးများဖြင့် ပြည့်နေသည်။
" ငါတို့နှစ်ယောက်ကြား ဘယ်လိုများ ပတ်သက်နေလို့လဲ... ဘာမှ ဆိုင်ကြတာလဲ မဟုတ်ဘူးလေ... မင်းဘာလို့ ကယ်တင်ရှင်ကြီးလိုမျိုး ဟန်ဆောင်နေရတာလဲ..."
ဖန်ကျုံးချင်းက ထိုစကားထဲမှ အညှိုးအတေးများကိုကြားရ၍ အနည်းငယ်အံ့အားသင့်သွားပြီး ပါးစပ်ဟလာသည်။
" ဒီနေရာက မကောင်းဘူး... ငါ မင်းကို ဒီကနေ ခေါ်ထုတ်သွားချင်ရုံပါ..."
" မလိုဘူး..."
ယွီဖူရှန့်၏နှဖူးပြင်မှ သွေးကြောများ ဖောက်ထွက်လုမတတ်ဖြစ်လာကာ မျက်လုံးများက သွေးရောင်သန်းလာသည်။
ငါ သူ့ကို ချစ်လို့မဖြစ်ဘူး...