Villain Shizun ( END of STORY 🌸 )
ကောင်းကင်ကြီးက တဖြည်းဖြည်းမှောင်မည်းလာပြီးနောက် ကြယ်များထွက်ပေါ်လာသည်။
ရှန်းလျိုရှန့်က တောင်ထိပ်တွင်ရပ်နေစဉ်၌ ကြယ်များက သူ့မျက်ဝန်းထဲ ရောင်ပြန်ဟပ်နေသည်။ ကြယ်တစ်လုံးချင်းစီကို ကြည့်ရှု့ရသည်မှာလည်း ကြည်လင်ပြတ်သားလွန်းလှပေသည်။
တိယွင်ယွီက သူ့ကို တရားထိုင်ခိုင်းထားပြီး သူ၏ ရှည်လျားပြီး ဖရိုဖရဲဖြစ်နေသည့် ဆံပင်ကိုကြည့်ကာ သတိပေးလိုက်သည်။
" မင်းဆံပင်ကို စည်းလိုက်ဦး..."
ရှန်းလျိုရှန့် တင်ပျဉ်ခွေထိုင်နေလျက်ဖြင့် ပြောလိုက်သည်။
" ခေါင်းစည်းကြိုးက ပြုတ်ကျပြီး ပျောက်သွားပြီ..."
သူက ခေါင်းစည်းကြိုးကို တောနက်ထဲတွင် တမင်ပစ်ချခဲ့ခြင်းဖြစ်သည်။ သူ့ကိုယ်နံ့ရှိနေသောကြောင့် အောင်းယွဲ့က ၎င်းကို မိုင်ထောင်ချီအကွာအဝေးမှ အနံ့ခံနိုင်ပေသည်။ ထိုခေါင်းစည်းကြိုးကိုတွေ့ပါက မနီးမဝေးတွင်ရှိနေသည့် ရှန်းလျိုရှန့်ကိုလည်း ရှာတွေ့ပေလိမ့်မည်။
သို့ရာတွင် သူ့စကားမဆုံးမီမှာပင် တစ်ဖက်က အေးအေးလူလူဖြင့် ပြောလာသည်ကို ကြားလိုက်ရသည်။
" ပြုတ်ကျသွားတာ ဒီဟာလား..."
တိယွင်ယွီ လက်ဖြန့်လိုက်သည့်အခါ သူနှင့်ရင်းနှီးနေသော အနီရောင်ခေါင်းစည်းကြိုးလေးကို ကိုင်ထားသည်အား တွေ့လိုက်ရသည်။
ရှန်းလျိုရှန့် အံ့ဩသွားမိပြီး တစ်ဖက်လူက အနားတိုးကပ်လာသည့်အခါ သူ့တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားမိသည်။
" မင်းဘာလို့ စိတ်လှုပ်ရှားနေတာလဲ..."
တိယွင်ယွီက ရှန်းလျိုရှန့်နောက်ကိုရောက်လာပြီး ပခုံးပေါ်ဖြာကျနေသည့် ဆံပင်များကို လက်ထဲရှိ အနီရောင်ခေါင်းစည်းကြိုးလေးဖြင့် စုချည်ပြီး သေသေသပ်သပ်ဖြစ်အောင် စည်းပေးလိုက်သည်။
ဆံပင်စည်းပြီးသည့်အခါမှ တိယွင်ယွီက ပြောလိုက်သည်။
" ငါလုပ်တာကို လိုက်ကြည့်မနေနဲ့ မျက်လုံးမှိတ်ပြီး အာရုံစိုက်ထား..."
ရှင်းလျန်ငယ်စဉ်က သူမဆံပင်ကို အလွန်တန်ဖိုးထားသောကြောင့် တိယွင်ယွီမှလွဲ၍ အခြားလူကို မထိခိုင်းခဲ့ပေ။ သို့ဖြစ်၍ သူ အားလပ်ချိန်တွင် ရှုရှင်းလျန်ကို ဆံပင်စည်းပေးလေ့ရှိသည်။ သူမနှင့်ယှဉ်ပါက ရှန်းလျိုရှန့်၏ဆံပင်ကို ဖီးပေးရသည်က ပိုလွယ်ကူပေသည်။
ရှန်းလျိုရှန့် မျက်လုံးမှိတ်ထားလိုက်ပြီး သူ့ကုတ်ပိုးကို လာထိသည့် လက်ချောင်းများ၏ အထိအတွေ့ကို ခံစားနေမိသည်။
ထိုလူ၏လက်ဖျားများက အေးစက်မနေဘဲ အနည်းငယ်နွေးထွေးလှ၍ သူ့စိတ်ထဲ မသက်မသာဖြစ်မနေချေ။ ထိုလက်ချောင်းများကို သူ ငယ်စဉ်က ဆုပ်ကိုင်ခဲ့ဖူးသကဲ့သို့ပါ ခံစားနေရသည်။
သို့သော် သူငယ်စဉ်က ခန္ဓာကိုယ်မည်မျှသေးသည်ဖြစ်စေ ထိုလက်ကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ထားရန်က မဖြစ်နိုင်ပေ။
ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုက မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ သူ လေးလေးနက်နက်တွေးတောတော့မည့်အချိန်တွင် နားထဲ၌ အေးစက်စက် အသံတစ်သံကို ကြားလိုက်ရသည်။
" အာရုံမစိုက်ဘူးဆိုရင် ငါမင်းကို တောင်ထိပ်ကနေ ပစ်ချမှာနော်..."
ရှန်းလျိုရှန့် : " အယ်..."
သူက ပျံ့လွင့်နေသည့်စိတ်အာရုံများကို ပြန်လည်စုစည်းလိုက်ပြီး အာရုံစူးစိုက်လိုက်သည်။ သူ တရားထိုင်နေသော်လည်း ကျင့်ကြံဆင့်များ ပျောက်ဆုံးသွားသည်ဖြစ်၍ ဝိညာဉ်စွမ်းအင်ကို မခံစားရနိုင်၍ အဘယ့်ကြောင့် တရားထိုင်နေရသည်ကို နားမလည်နိုင်ဖြစ်လာသည်။
နာရီဝက်ခန့်ကြာသောအခါ သူ့ခေါင်းငိုက်စိုက်ကျလာပြီး မြေပြင်ပေါ်လဲကျလုနီးနီးဖြစ်သည်အထိ အိပ်ငိုက်မိသွားသည်။
မြေပြင်နှင့်မျက်နှာ မထိသွားရခြင်းမှာ တိယွင်ယွီက သူ့ခေါင်းကို လက်တစ်ဖက်ဖြင့် ထိန်းပေးထားသောကြောင့်ဖြစ်သည်။
" မင်းဘာလို့ အိပ်ငိုက်နေတာလဲ..."
ရှန်းလျိုရှန့်မှာ အိပ်ငိုက်နေဆဲဖြစ်၍ သူ့ကိုယ်သူ မနည်းအားတင်း၍ ခါးမတ်မတ်ထိုင်ကာ ပြောလိုက်သည်။
" ကျွန်တော် နားထောင်နေပါတယ်... လေတိုက်သံတွေနဲ့ သစ်ရွက်လေးတွေ မြေကြီးပေါ်ကျတဲ့အသံကို ကြားရတယ်..."
ပြောနေစဉ်တွင် သူ့ခေါင်းက ငိုက်ကျလာပြန်သည်။
တိယွင်ယွီ : "..."
သူ လိမ္မော်သီးတစ်လုံးကိုကောက်ပြီး ရှန်းလျိုရှန့်၏နှာဖျားတွင် လှုပ်ယမ်းပြလိုက်သည်။
ရှန်းလျိုရှန့်၏အစာအိမ်က အသံများ ကျယ်လောင်လာပြီး အိပ်ချင်စိတ်အများစုက လွင့်ပြယ်သွားပေသည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အရောင်တောက်ပနေသော လိမ္မော်သီးတစ်လုံးကို တွေ့လိုက်ရသည်။ သူ ခဏတာအံ့ဩမှင်သက်သွားပြီးနောက် အသီးကိုယူရန် လက်လှမ်းလိုက်သည်း
သို့သော် တိယွင်ယွီက သူ့ကိုလှမ်းယူခွင့် မပေးချေ။
သူက ငါးစာ(လိမ္မော်သီး)ကို ဘေးနားချထားလိုက်ပြီး ပြောလာသည်။
" မျက်လုံးမှိတ်ထားပြီး ထပ်လုပ်..."
ရှန်းလျိုရှန့် အံကြိတ်ထားပြီး မျက်လုံးထပ်မှိတ်လိုက်ပြန်သည်။ နောက်အခိုက်အတန့်တွင် တိယွင်ယွီက သူ့နားရွက်ကိုအုပ်ပြီး အကြားအာရုံကိုပါ ပိတ်ဆို့လိုက်သည်။
ရှန်းလျိုရှန့် အံ့အားသင့်သွားစဉ် စိတ်ထဲသို့ အသံပို့လွှတ်မှုတစ်ခု ရောက်ရှိလာသည်ကို ကြားလိုက်ရသည်။
" ဂရုတစိုက်နားထောင်..."
ရှန်းလျိုရှန့်မှာ သူ့နားရွက်ကို ပိတ်ဆို့ထားခံရသည်ဟု ပြန်ပြောလိုသော်လည်း ထိုစကားများက လည်ချောင်းဝတွင် တစ်ဆို့သွားပြီး အာရုံပြန်စိုက်လိုက်သည်။
ခဏအကြာတွင် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်က ရုတ်တရက်ဆူညံလာပြီးနောက် ထိုအသံများက လေပြင်းမုန်တိုင်းကြီးတစ်ခုသဖွယ် လောကတစ်ခုလုံးကို ပျံ့နှံ့သွားသည်။ သစ်ပင်ကြီးများ၊ လမ်းဘေးမှ မြက်ပင်ပေါင်းပင်များသာမက ပျံသန်းနေကြသည့်ငှက်များနှင့် သားရဲများ အစရှိသဖြင့် အားလုံးက စကားပြောနေကြပေသည်။
ရှန်းလျိုရှန့်၏နှလုံးသားထဲတွင် ဧရာမလှိုင်းတစ်ခု မြင့်တက်လာသည်ဟု ခံစားလိုက်ရပြီး အထိတ်တလန့်ဖြင့် ပါးစပ်ဟလိုက်သည်။
" အဲဒါ ဘာတွေလဲ..."
တိယွင်ယွီ : " အရာအားလုံးရဲ့ စကားသံတွေလေ..."
သူ့လက်ကို ပြန်ရုတ်လိုက်၍ ရှန်းလျိုရှန့် အသိစိတ်ပြန်ကပ်လာသည့်အခါမှသာ ထပ်ပြောလာသည်။
" ခုနတုန်းက ငါကြားတာတွေကို မင်းလည်းနားထောင်လို့ရအောင် လုပ်ပေးလိုက်တာ... ဒါပေမဲ့ အခုကစပြီး မင်း ကိုယ့်ဘာသာ နားထောင်ရမယ်..."
ရှန်းလျိုရှန့် ဘာမှပြန်မပြောဘဲ မျက်လုံးများမှိတ်ထားကာ နားရွက်ကို အုပ်ထားလိုက်သည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာခန့် ကြာပြီးသည့်နောက်တွင် သူ မျက်လုံးပြန်ပွင့်လာပြီး ပြောလိုက်သည်။
" ကျွန်တော် ကြားရပြီ..."
သူ ဘေးနားရွှေ့လိုက်ပြီး မြေပြင်ပေါ်တွင် ကွေးကောက်နေသည့် မြက်ပင်လေးကိုကြည့်ကာ ပြောလိုက်သည်။
" သူက နာလို့ဆိုပြီး ကျွန်တော့်ကို ဝေးဝေးသွားထိုင်ခိုင်းနေတယ်..."
တိယွင်ယွီ : " ရှိသေးတယ်မလား..."
ရှန်းလျိုရှန့် : " မဟုတ်ဘူး ဒါပဲ..."
တိယွင်ယွီ၏နှုတ်ခမ်းပါးများမှ စကားသုံးလုံး ထပ်ထွက်လာသည်။
" ဆက်နားထောင်..."
ရှန်းလျိုရှန့် ကူကယ်ရာမဲ့စွာဖြင့် မျက်လုံးပြန်မှိတ်လိုက်ရသည်။ သို့သော် ပထမဆုံးအကြိမ်က ကြားခဲ့သည့် အရာအားလုံး ထိတ်လန့်နေသည့်အသံများနှင့်ယှဉ်ပါက ဒုတိယတစ်ကြိမ်တွင် အပင်ငယ်လေးတစ်ပင်၏ အသံကိုသာ ကြားခဲ့ပေသည်။ ထိုမြက်ပင်လေးက ညည်းညူနေပြီး သူ့ကိုစောဒကတက်နေသည်။
အချိန်အတန်ကြာပြီးသည့်နောက်တွင် ရှန်းလျိုရှန့် မျက်လုံးဖွင့်လိုက်သည့်အခါ တိယွင်ယွီကလည်း တရားထိုင်နေသည်ကို တွေ့လိုက်ရသည်။
သူ့စိတ်ထဲတွင် တစ်ဖက်လူက မည်သူမည်ဝါဖြစ်ကြောင်း ခပ်ရေးရေး မှန်းဆလာနိုင်သော်လည်း မသေမချာ ဖြစ်နေဆဲပင်။
ရှန်းလျိုရှန့် သတိကြီးကြီးထား၍ မတ်တပ်ရပ်ပြီး တိယွင်ယွီ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ မျက်လုံးအပြူးသားဖြင့် သူ ထင်ထင်ရှားရှားမမြင်ရသော မျက်နှာကို ကြည့်နေလိုက်သည်။
တစ်ဖက်လူက ကွယ်ဝှက်ခြင်းမန္တန်ကိုသုံးထားသည်ဟု သူထင်လိုက်သည်။ သူဂရုတစိုက်ကြည့်လေ သူ့အမြင်အာရုံက ပိုမိုဝေဝါးလာလေဖြစ်ပြီး ခေါင်းမူးနောက်နောက် ဖြစ်လာသည်။
ဤအခိုက်အတန့်အတွင်းမှာပင် ရှန်းလျိုရှန့်၏ခေါင်းထဲ မူးဝေလာ၍ ဆက်မကြည့်မနေတော့ဘဲ ရပ်လိုက်သင့်သည်လားဟု တွေးနေစဉ် အရောင်ဖျော့ဖျော့မျက်ဝန်းတစ်စုံနှင့် ရုတ်တရက် အကြည့်ချင်းဆုံသွား၍ တုန်တုန်ယင်ယင်ဖြင့် အသိစိတ်ပြန်ကပ်လာသည်။
" ဧကရာဇ်... ခမည်းတော်လား..."
တိယွင်ယွီက စကားတစ်ခွန်းမှမပြောဘဲ သူ့ကိုစိတ်ဝင်တစားဖြင့် ကြည့်နေသည်။
ရှန်းလျိုရှန့်၏စိတ်ထဲတွင် အတောမသတ်နိုင်သည်အထိ ရေရွတ်နေမိသည်။
ဟုတ်နေတာပဲ...
တိယွင်ယွီက လက်စားချေရန်အတွက် တေးမှတ်ထားတတ်သော အငြှိုးအတေးကြီးသူတစ်ယောက်ဖြစ်ကြောင်း သူ့စိတ်ထဲတွင် ပိုသေချာလာသည်။ သူ ကောင်းကင်ဘုံသို့တက်သွားစဉ်အချိန်က "ငါပြန်လာရင် မင်းနဲ့တွေ့မယ်" ဟု အမှန်တကယ်ပင် ကြုံးဝါးသွားပုံရသည်။ သူ ပြန်ရောက်လာသည်နှင့် ရှန်းလျိုရှန့်ကို ချက်ချင်းနှိပ်စက်တော့သည်။
ရှန်းလျိုရှန့်က ဤတစ်နေ့တည်းတွင် ဖြစ်ပျက်ခဲ့သည့်အရာများကို တွေးတောနေပြီး အစာအိမ်က တဂွီဂွီအသံမြည်နေကာ မျက်ဝန်းထဲတွင်လည်း ခါးသီးသော မျက်ရည်များဖြင့် ပြည့်လာပြီး သူ့နှလုံးသားထဲမှ မကျေနပ်မှုများက အထွတ်အထိပ်သို့ ရောက်လာသည်။
ပြန်လက်စားမချေဘူးဆိုရင် ငါက လူမဟုတ်တော့လို့ပဲ...
" ခမည်းတော် ပြန်ရောက်လာတာကိုသိရင် ရှင်းချန်နဲ့ရှင်းလျန်တို့ အရမ်းပျော်သွားကြမှာ..."
ရှန်းလျိုရှန့်က စိတ်ရင်းအမှန်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
" ခမည်းတော် မတွေ့ရသေးတဲ့ ကလေးပေါက်စလေးနှစ်ယောက် ရှိသေးတယ် သူတို့..."
တိယွင်ယွီ မျက်မှောင်ကြုတ်လိုက်မိသည်။
" ကလေးလေးနှစ်ယောက်တဲ့လား... ရှန်းဂျင်ဆင်းလေးတစ်ယောက်ပဲ မဟုတ်ဘူးလား..."
ရှန်းလျိုရှန့်၏အပြုံးက ပိုမိုတောက်ပလာသည်။
" ပုပုက အခု အရွယ်ရောက်လာပါပြီ... ကလေးပေါက်စလေးနှစ်ယောက်ဆိုတာ ကျွန်တော့်ရဲ့ ချစ်စရာကောင်းတဲ့ တူလေးနဲ့ တူမလေးလေ... စကားမစပ် ခမည်းတော်က အဘိုးဖြစ်သွားပြီနော်..."
တိယွင်ယွီ မျက်လုံးများ မှေးကျဉ်းလိုက်သည်။
" ရှင်းချန်များလား..."
ရှန်းလျိုရှန့် လက်ခုပ်တီးပြီးပြောလိုက်သည်။
" ရှင်းလျန်ရဲ့ ကလေးလေးတွေပါ..."
စကားဆုံးသည်နှင့် တောင်ထိပ်မှ လေပွေများတိုက်ခတ်နေသံ ရုတ်တရက် ရပ်တန့်သွားသောကြောင့် ကြက်သီးထစရာကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။
တိယွင်ယွီ ခေါင်းကိုတစ်ဖက်သို့စောင်းပြီး နှဖူးကိုလက်ထောက်ကာ မျက်တောင်ရှည်များက အနည်းငယ် တုန်ယင်သွားသည်။
အချိန်အတန်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် အသံတိုးတိုးဖြင့် မေးလိုက်သည်။
" ဘယ်သူလဲ..."
သူ ဤကမ္ဘာသို့ပြန်လာပြီးသည့်နောက်တွင် လူပေါင်းများစွာ၏ အခြေအနေကို ချက်ချင်းစစ်ဆေးခဲ့သည်။ ရှင်းချန်နှင့် ရှင်းလျန်တို့က ကောင်းကောင်းမွန်မွန်ရှိနေကြပြီး ရှန်းလျိုရှန့်၏ ကျင့်ကြံဆင့်ကလည်း ပုလင်းနှုတ်ခမ်းဝသို့ရောက်နေပေသည်။ သို့ဖြစ်၍ ရှန်းလျိုရှန့်ကို ခေါ်ထုတ်လာပြီး လမ်းတစ်လျှောက်တွင် သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
ယခုအချိန်၌ ရှင်းလျန်ထံတွင် သားသမီးများရှိနေကြောင်း သိလိုက်ရသည့်အခါ တိယွင်ယွီ ခဏတာ ငြိမ်သက်သွားပြီး သူမ၏ခင်ပွန်းကို သိချင်လာမိသည်။
ရှန်းလျိုရှန့်က သူ့အမူအရာကို ကြည့်လိုက်ပြီးသည့်နောက် စိတ်အေးသွားသည်။
သို့ရာတွင် သူက သိသာအောင်မပြသဘဲ ချောင်းအသာဟန့်၍ ပြောလိုက်သည်။
" တောင်တန်းတွေနဲ့ မြစ်ချောင်းတွေရှိတဲ့နေရာကို ခရီးသွားရတာကြိုက်တဲ့ ကြင်နာတတ်တဲ့ သာမန်ကျင့်ကြံသူတစ်ယောက်ပါ... သိပ် စိတ်မပူပါနဲ့ ခမည်းတော်..."
ထို့နောက်တွင် သူ့ကျင့်ကြံဆင့်ကိုပြန်ပေးရန် တိယွင်ယွီအား သတိပေးမည်ဟု ရှန်းလျိုရှန့်၏စိတ်ထဲ တွေးထားလိုက်သည်။
သူပါးစပ်ဟလိုက်သည်နှင့် အနက်ရောင်ဝတ်ရုံနှင့်လူတစ်ယောက်က သူ့ဘေးတွင်ပေါ်လာပြီး သူ့ကို ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်သည်။
" ရှစ်စွမ်း..."
တစ်ဖက်တွင် ရပ်နေသည့်လူအား မြင်လိုက်ချိန်တွင် ကျိုးရွှမ်လန်၏နှလုံးသားက ပြုတ်ကျမတတ်ဖြစ်သွားရသည်။ သူ ခဏတာ ငြိမ်သက်သွားပြီးနောက် အေးစက်စက်နှုတ်ခမ်းပါးများ ပွင့်ဟလာကာ ပြောလိုက်သည်။
" ဧကရာဇ်..."
" မင်း ဘယ်လိုရှာတွေ့တာလဲ..."
တိယွင်ယွီ၏အကြည့်က သူတို့နှစ်ယောက်ထံရောက်သွားသည့်အခါ ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏ရင်ခွင်ထဲမှ ဒေါသတကြီးထွက်လာပြီး ခါးမတ်မတ်ပြန်နေလိုက်သည်ကို တွေ့လိုက်ရသည်။
ကျိုးရွှမ်လန် : " ပြောင်းပြန်ကြေးခွံကြောင့်ပါ..."
တိယွင်ယွီ သဘောပေါက်သွားပြီး သူရှိနေသည့်နေရာကို လိုက်လာနိုင်သည်က အထူးအဆန်းမဟုတ်တော့ဟု တွေးလိုက်မိသည်။ သူ လက်နောက်ပစ်ထားလျက် အသံတိုးတိုးဖြင့် ပြောလာလေသည်။
" မင်း ဒီကိုရောက်လာပြီဆိုတော့ သူ့ကို မျက်စိဒေါက်ထောက်ကြည့်ထားပါ..."
ထို့နောက်တွင် တိယွင်ယွီက ထွက်သွားရန် ပြင်လိုက်သည်။
မထွက်သွားမီတွင် သူ ရှန်းလျိုရှန့်ဘက်သို့လှည့်ကာ ပြောလိုက်သည်။
" အပျင်းမထူနေနဲ့..."
ရှန်းလျိုရှန့် : "ကျွန်တော်သိပါပြီ..."
တိယွင်ယွီ အလျင်စလိုထွက်သွားရခြင်းမှာ သူ့မြေးနှစ်ယောက်၏အဖေကိုတွေ့ရန် ဖြစ်ပေမည်။ တူလေးနှင့် တူမလေးဖြစ်သူ၏ ဖခင်အကြောင်းကို တွေးလိုက်မိသည့်အခါ သူတို့နှစ်ယောက် ချက်ချင်းအသက်အောင့်ထားမိပြီး ဆုတောင်းပေးနေရုံသာ တတ်နိုင်တော့သည်။
ကျိုးရွှမ်လန်နှင့် သူနှစ်ယောက်တည်း တောင်ထိပ်ပေါ်တွင် ကျန်ခဲ့သည့်အခါမှသာ ရှန်းလျိုရှန့်က ပြောလာသည်။
" စားစရာတစ်ခုခုရှိလား ငါ တော်တော်ဗိုက်ဆာနေပြီ..."
" ရှစ်စွမ်း ရက်ပိုင်းလောက် တောင့်ခံထားပေးပါဦး..."
" မင်းကပါငါ့ကို အဲ့လိုလုပ်မှာလား..."
တိယွင်ယွီ ထွက်သွားခါနီးအချိန်တွင် ပြောလိုက်သည့်စကားအရ ရှန်းလျိုရှန့် အဆင့်တက်ပြီးသည့်အချိန်မှ သူ့ကျင့်ကြံဆင့်များအားလုံး ပြန်ရမည်ဖြစ်သည်။ ထိုမတိုင်မီတွင် အလွယ်တကူဖြင့် အစာစားရမည်မဟုတ်ပေ။
ရှန်းလျိုရှန့် တရားထိုင်နေလျက် မကျေမနပ်ဖြစ်နေသည်။
" ငါ အစာမစားဘဲ အငတ်ခံပြီးတော့ အဆင့်တက်မှာကို စောင့်နေရမှာလား..."
ကျိုးရွှမ်လန်က သူ့ဘေးတွင်ထိုင်လိုက်ပြီးနောက် ပြုံးပြလာသည်။
" ရှစ်စွမ်း ကျေးဇူးပြုပြီး စိတ်ရှည်ရှည်ထားပါ... သိပ်မကြာခင် အဆင့်တက်နိုင်သွားလိမ့်မယ်..."
ရှန်းလျိုရှန့် ကိစ္စတစ်ခုကို သတိရသွားသည်။
" ဟိုမောင်နှမနှစ်ယောက်က မင်းတို့မျိုးနွယ်ကလား..."
ကျိုးရွှမ်လန် : " ဟုတ်တယ်..."
ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်မိသည်။ ခဏအကြာတွင် သူ့မျက်လုံးများ တစ်ဖန်ပြန်ပွင့်လာသောအခါ ကျိုးရွှမ်လန်က ထိုနေရာတွင် ရပ်နေဆဲဖြစ်ပြီး နက်စွေးစွေးမျက်လုံးများဖြင့် သူ့ကိုစိုက်ကြည့်နေသည်။
" မရဘူး..."
ရှန်းလျိုရှန့် ခေါင်းခါပြလိုက်သည်။
ကျိုးရွှမ်လန်က သူ့ဘေးတွင်ထိုင်ချလိုက်ပြီးနောက် ဂနာမငြိမ်ဖြစ်နေသည်။ မျက်လုံးမှိတ်လိုက်သည့်အခါ ကျိုးရွှမ်လန်၏ပုံရိပ်က သူ့စိတ်ထဲတွင် ပေါ်လာသောကြောင့် တစ်ဖက်လူဘာလုပ်နေသည်ကို မမှန်းကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
ခဏအကြာတွင် ရှန်းလျိုရှန့် လက်ယမ်းပြလိုက်သည်။
" မင်း ငါနဲ့ ဝေးဝေးနေ..."
ကျိုးရွှမ်လန် : "..."
နှစ်ရက်ကြာပြီးသည့်နောက်တွင် ညကောင်းကင်ယံက ကြည်လင်လာပြီး ကြယ်များကလည်း တောက်ပလင်းလက်နေသည်။
" ဒီမြင်ပင်လေးကနေ ဟိုရှေ့တည့်တည့်မှာရှိနေတဲ့အပင်ရဲ့ အသံအထိ ကြားရပြီ..."
ဆာလောင်မှုကြောင့် သတိလစ်မတတ်ဖြစ်နေသည့် ရှန်းလျိုရှန့်မှာ တိတ်ဆိတ်စွာဖြင့် လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
" အဲဒါ အစွမ်းကုန်ပဲ..."
သူ ကျိုးရွှမ်လန်၏ပခုံးပေါ် မှီနေရပြီဖြစ်သည်။
" ငါ အရမ်းဗိုက်ဆာနေပြီ... ဒီတိုင်းသာဆက်လုပ်နေရမယ်ဆို မြက်ပင်တွေကို ဝါးစားမိတော့မယ်..."
ကျိုးရွှမ်လန် ခဏတာငြိမ်သက်သွားသည်။
" ရှစ်စွမ်း ထပ်ကြိုးစားကြည့်ပါဦး..."
ရှန်းလျိုရှန့်က အားမရှိသည့်ပုံဖြင့် ပြောလာသည်။
" မရတော့ဘူး ငါဒီလောက်ထိပဲ လုပ်နိုင်တယ်..."
ကျိုးရွှမ်လန်က တီးတိုးပြောလိုက်သည်။
" ရှစ်စွမ်း ကြိုးစားကြည့်ပါဦး ကျွန်တော် တွေးနေတာကို ကြားရတယ်မလား..."
ရှန်းလျိုရှန့် အံ့အားသင့်သွား၍ ခေါင်းထောင်လိုက်မိသည်။
" ငါ မင်းစိတ်ထဲက စကားတွေကို ကြားနေရတာလား..."
ကျိုးရွှမ်လန် : " အားလုံးနဲ့အတူ ကျွန်တော်လည်းဘေးနားမှာ ရှိနေတာလေ..."
ထိုစကားကိုကြားသည့်အခါ ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်မိသည်။
" ဒါဆိုရင်တော့ ငါ အားမနာတော့ဘူးနော်..."
ပတ်ဝန်းကျင်မှ အရာအားလုံး၏ စကားသံများကို မကြားရမီတွင် အခြားလူများ၏အတွေးကို ဦးစွာကြားလာရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အချိန်တရွေ့ရွေ့ ကုန်ဆုံးလာပြီးနောက် ညမှောင်လာချိန်တွင် ရှန်းလျိုရှန့် မျက်လုံးများပွင့်လာပြီး နူးညံ့သော ကြယ်ရောင်များအောက် နစ်မျောနေသည့် ကျိုးရွှမ်လန်ကိုကြည့်ကာ နှုတ်ခမ်းများကွေးညွတ်၍ ပြုံးလိုက်သည်။
" ငါ ကြားရပြီ..."
ကျိုးရွှမ်လန်က သူ့ကိုလှမ်းကြည့်လိုက်သည်။
" ရှစ်စွမ်း ဘာတွေများ ကြားလိုက်ရတာလဲ..."
ရှန်းလျိုရှန့် စကားပြောတော့မည့်အချိန်၌ ညကောင်းကင်ယံတွင် မိုးခြိမ်းသံကြီး ထွက်ပေါ်လာပြီး တိမ်မည်းများ တစ်ခဏတွင်းချင်း အုပ်မိုးလာသည်။ တစ်ချိန်တည်းမှာပင် ကျင့်ကြံဆင့်အားလုံးက သူ့ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိလာတော့၏။
နတ်ဘုရားအသွင်ပြောင်းအဆင့်မှ မဟာယနအဆင့်သို့ ဝင်ရောက်ချိန်တွင်ဖြစ်ပေါ်လာသော မိုးကြိုးအတိဒုက္ခက အသေးအဖွဲ့ မဟုတ်ပေ။ ကျင့်ကြံဆင့်မြင့်သည့်အခြားလူများက အတိဒုက္ခဖြစ်မည့်နေရာနှင့် ခပ်ဝေးဝေးတွင် မနေပါက မိုးကြိုးအတိဒုက္ခ၏စွမ်းအားက အဆပေါင်းများစွာ ပိုတိုးလာနိုင်သည်။ ကျိုးရွှမ်လန်၏မျက်နှာက ချက်ချင်းမည်းနက်သွားပြီး ခန္ဓာကိုယ်က အလင်းရောင်တစ်ချက်လက်လာလျက် အဝေးသို့ပျံသွားပြီး ကမ္ဘာမြေပြင်တစ်ခုလုံးကို အက်ကွဲစေနိုင်သည့် မိုးကြိုးအတိဒုက္ခကို အဝေးမှ ကြည့်နေလိုက်သည်။
ကောင်းကင်ကိုပင် ဆုတ်ဖြဲပစ်နိုင်လောက်သည့် ခရမ်းရောင်မိုးကြိုးသွားများက ကမ္ဘာမြေပြင်တစ်ခုလုံးတွင် တစ်ညတာလုံး ဖုံးလွှမ်းနေပြီးနောက် တိမ်မည်းများအကြား အာရုဏ်ဦးအလင်းတန်း ထိုးဖောက်ဝင်ရောက်လာချိန်တွင်မှ အားလုံးလွင့်ပြယ်သွားတော့သည်။
ရှန်းလျိုရှန့်တည်ရှိနေသောတောင်ထွတ်က မြေပြင်နှင့် တစ်တန်းတည်းဖြစ်သွားသည်အထိ ပြားပြားဝပ်နေအောင် ဖျက်ဆီးခံလိုက်ရသည်။
ယခုအချိန်တွင် မိုးကြိုးများလည်း ပျောက်ကွယ်သွားပြီဖြစ်၍ ကျိုးရွှမ်လန်မှာ ယမန်နေ့ညက သူထွက်သွသည့်နေရာ၌ ပြန်ပေါ်လာသည်။ သူ ကြည့်လိုက်သည့်အချိန်တွင် မီးလောင်ထားသကဲ့သို့ မည်းနက်နေသည့် မြေပြင်ကြီးမှလွဲ၍ မည်သူ့ကိုမှ ရှာမတွေ့ချေ။
" ရှစ်စွမ်းရေ ရှစ်စွမ်း..."
" ငါ ဒီဘက်မှာ..."
ရှန်းလျိုရှန့် အလိုမကျစွာဖြင့် မြေပြင်မှထလာပြီး ဤမိုးကြိုးမုန်တိုင်းများက အလိုက်မသိဟု တွေးနေမိသည်။ ယမန်နေ့ညက သူပြောနေသည့်စကားကိုပင် အဆုံးမသတ်လိုက်ရချေ။
ကျိုးရွှမ်လန် သူ့ဘက်လှည့်လာပြီး ခေါင်းစခြေဆုံးမှ ဒဏ်ရာများကို ကြည့်နေသည်။
" ငါ အဆင်ပြေပါတယ်..."
ရှန်းလျိုရှန့် သူ့အဝတ်အစားပေါ်မှ အဝတ်များကို ခါထုတ်လိုက်သည်။
" ငါ မနေ့ညက ဘာကြားခဲ့တယ်ဆိုတာ မင်းကို ပြန်မပြောရသေးဘူး..."
ကျိုးရွှမ်လန်က သူ့ပါးပြင်ပေါ်မှ ပြာမှုန်များကို သုတ်ပေးလိုက်သည်။
" ရှစ်စွမ်း ဘာများကြားလိုက်တာလဲ..."
" ငါကြားလိုက်တာက..."
ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး နှုတ်ခမ်းများ ကော့ညွတ်သည်အထိ ပြုံးကာ ကျိုးရွှမ်လန်၏နားနားကပ်၍ တီးတိုးပြောလိုက်သည်။
" ကျွန်တော် ရှစ်စွမ်းအပေါ်ချစ်တာကို ဘယ်တော့မှ ရပ်တန့်လိုက်မှာ မဟုတ်ဘူးတဲ့..."
🌸🌸🌸🌸🌸
Translated By - IQ Team
ကဲ နောက်ဆုံးတော့ တကယ်ကြီးဇာတ်သိမ်းသွားခဲ့ပါပြီ 😭😭 တိယွင်ယွီကလည်း ကောင်းကင်ဘုံကိုတက်သွားရာကနေ သူ့သားသမီးတွေကိုတော့ ပြန်လာကြည့်သားနော် တကယ့်ချစ်စရာကြီးပါ။
ကိုယ်ကတော့ Extraမှာပါတဲ့ ယွီဖူရှန့်နဲ့ ဖန်ကျုံးချင်းတို့ကို SEလို့မတွေးဘဲ OEလို့ တွေးလိုက်ပါတယ်၊ တိယွင်ယွီကတောင် ကောင်းကင်ဘုံကနေ ဒီကမ္ဘာကို ပြန်လာနိုင်သေးတာ ဖန်ကျုံးချင်းကလည်း ယွီဖူရှန့်ကိုလာတွေ့ခဲ့မှာပါပဲလို့ ဖြည့်တွေးလိုက်ရအောင်နော် သူတို့ခင်မင်မှုတွေက ဆယ်စုနှစ်ကျော်တယ်လေ သံယောဇဉ်ကတော့ အများကြီးရှိနေမှာပါပဲ🥺
3လကျော်နီးပါးကြာခဲ့တဲ့ ဇာတ်လမ်းလေးကို အစကနေအဆုံး Ongoing လိုက်ပြီးဖတ်ပေး cmtရေးပေးခဲ့တဲ့သူတွေရော၊ ဝင်ဆွေးနွေးပေးခဲ့တဲ့သူတစ်ယောက်ချင်းစီကိုရော အဆင်တွေ တူတူကြူးခဲ့ကြတဲ့သူတွေကိုရော🤣 ကျေးဇူးအများကြီးတင်ပါတယ်ရှင့် နောက် Novelတွေမှာ ပြန်တွေ့မယ်နော် 💙💙
❤️THANKS 🥰