အပိုင်း ၁၉၃
Viewers 30k

Villain Shizun (Extra 10-2)



နတ်ဘုရားဝတ်ရုံက ရှုမိသားစု၏ အဖိုးတန်ဆုံးသော ရတနာဖြစ်၍ ရှုရှင်းချန်က သူ့ကိုပေးထားပုံရသည်။ သူတို့ညီအစ်ကိုနှစ်ယောက်၏ ဆက်ဆံရေးက ကောင်းမွန်နေပုံရ၍ တိယွင်ယွီ ဝမ်းသာသွားမိသည်။


ကြည့်ရတာ သူက နတ်ဘုရားဝတ်ရုံရှိလို့ အရမ်း ယုံကြည်ချက်ပြင်းထန်နေတာပေါ့... တကယ်လို့ ရန်သူအစစ်ရဲ့လက်ထဲကိုသာ ရောက်သွားပြီး ဝှက်ဖဲအစစ်နဲ့အတုကို သေချာမခွဲခြားတတ်ရင် ဒီလိုထုတ်ပြောလိုက်တာမျိုးက ကိုယ့်သေတွင်းကိုယ်တူးနေသလိုပဲ ဖြစ်နေမှာ...


ဒီလောက်ဆိုရင်ကို ရိုက်ပစ်ဖို့‌ ကောင်းနေပြီ...


တိယွင်ယွီက ရှေ့သို့တိုးကပ်လာစဉ် ရှန်းလျိုရှန့်က အောင်နိုင်သူသဖွယ် အမူအရာမျိုးဖြစ်နေ၍ သူ့ပခုံးကိုလက်ဖြင့်ဖိပြီး ကြောက်လန့်နေသည့် မျက်လုံးများထဲကြည့်ကာ အက်ရှရှအသံဖြင့် ပြောလိုက်သည်။ 

" ငါ ချွတ်လို့ရ မရ မင်းဘယ်လိုသိလဲ..."


ရှန်းလျိုရှန့်၏ အမူအရာက အေးခဲတောင့်တင်းသွားပြီး သူ့မျက်နှာတစ်ခုလုံး ဖြူရော်လာသည်။


တိယွင်ယွီက သူ့ကိုခြောက်လှန့်ပြီးသည်နှင့် ပခုံးကိုအသာပုတ်လိုက်သည်။

" ဒါပေါ့... ငါ့မှာ မင်းကို ဖမ်းထားရတဲ့ ရည်ရွယ်ချက်ရှိတယ်... ခုနကပြောတာ မှားသွားတယ် နောက်မှ မှန်းကြည့်ကြတာပေါ့..."


ရှန်းလျိုရှန့် စိတ်တည်ငြိမ်သွားပြီးနောက် ထိုလူက တဖြည်းဖြည်းပိုထူးဆန်းလာသည်ဟု တွေးထင်မိလာ၏။ သို့ရာတွင် အချိန်တစ်ခုအထိ သူ့အသက်က အန္တရာယ်မရှိနေသောကြောင့် စိတ်အေးသွားရပေသည်။


တိယွင်ယွီက လက်ကိုပြန်ရုတ်ပြီး ရှန်းလျိုရှန့်၏ ရှည်လျားရှုပ်ပွနေသော ဆံပင်ရှည်ကြီးကို ကြည့်လိုက်သည်။ 

" ဆံပင်စည်းပြီးတော့ ငါ့နောက်လိုက်ခဲ့..."


ရှန်းလျိုရှန့် ဒေါသတကြီးဖြင့် ထလာတော့သည်။ ဆံပင်စည်းရန် ပြင်လိုက်စဉ်တွင် အနီရောင်ဖဲကြိုးကို တွေးတွေးဆဆဖြင့် ကြည့်နေလိုက်မိသည်။


တိယွင်ယွီ အပြင်ဘက်တွင် ခဏစောင့်နေပြီးနောက်လှုပ်လှုပ်ရှားရှားအသံများကြား၍ လှည့်ကြည့်လိုက်သည့်အခါ လူငယ်လေးက အပြင်ထွက်လာသော်လည်း ဆံပင်ရှည်ကြီးကို မစည်းထားရသေးပေ။ 


တိယွင်ယွီ၏အကြာည့်ကို သတိပြုမိသော ရှန်းလျိုရှန့်က သူ ကြိုတင်ပြင်ဆင်လာသော ဆင်ခြေကိုသုံး၍ ဤကိစ္စကို မသိချင်ယောင်ဆောင်ရန် ပြင်လိုက်သည်။ ထို့နောက် စားပွဲပေါ်တင်ထားသည့် အသီးပန်းကန်ကို မတော်တဆတွေ့၍  သူက ယခုချိန်တွင် သေမျိုးတစ်ယောက်နှင့် မကွာခြားတော့သည့်အကြောင်း ပြန်သတိရသွားသည်။ ဝိညာဉ်ဆိုင်ရာထောက်ပံ့မှုမရှိပါက အစာမစားဘဲနေလျှင် ငတ်သေသွား‌နိုင်ပေသည်။


သူ့နှုတ်ခမ်းများ ပွင့်ဟလာပြီး လက်ဖြူဖြူလေးတစ်ဖက်က သစ်သီးပန်းကန်ဘက်သို့ လက်လှမ်းလိုက်သည်။


တိုက်ပွဲမစမီမှာပင် တိုက်ပွဲကျသွားသည်ဟု ဆိုရပေမည်။ အသီးပန်းကန်ကိုညလက်လှမ်းနေစဉ် လမ်းတစ်ဝက်၌ သူ့လက်ကို ရိုက်ထုတ်ခံလိုက်ရသည်။

" အခု သွားကြတာပေါ့..."


ရှန်းလျိုရှန့် : "..."  သွေးအေးလိုက်တဲ့လူ...


အာရုဏ်တက်ချိန်မရောက်သေးသော်လည်း လမ်းမပေါ်တွင် သွားလာနေသူအနည်းငယ်ခန့်ရှိသည်။ ရှန်းလျိုရှန့် တိယွင်ယွီ၏နောက်မှ လိုက်လာသော်လည်း မည်သည့်နေရာသို့ ခေါ်သွားခံနေရသည်ကိုမူ မသိချေ။ 


နာရီဝက်ခန့် လမ်းလျှောက်ပြီးသောအခါ မြို့ထဲမှတစ်ဆင့် ဆင်ခြေဖုံးများထံရောက်လာ၍ နောက်ဆုံးတွင် ရှန်းလျိုရှန့် မနေနိုင်တော့ဘဲ မေးလိုက်မိသည်။

" ကျွန်တော်တို့ ဘယ်သွားနေကြတာလဲ..."


တိယွင်ယွီက သူ့ကိုလှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။

" မင်းကိုမြှုပ်ဖို့ အဆင်ပြေတဲ့နေရာ ရှာနေတာ..."


ရှန်းလျိုရှန့် : " ဟမ်..."


တစ်ဖက်လူပြောသည်က အမှန် ဟုတ်မဟုတ် မသိသော်လည်း ထိုလူ့နောက်မှလိုက်ရန်ကလွဲပြီး သူ့ထံတွင် ရွေးချယ်စရာ မရှိချေ။ တစ်မနက်လုံး လမ်းလျှောက်ပြီးသည့်နောက်တွင် မျက်စိတစ်ဆုံးမြင်နေရသော ထူထပ်လှသည့် တောအုပ်ကြီးရှိရာသို့ ရောက်လာသည်။


ရှန်းလျိုရှန့် ပင်ပန်းလွန်းသောကြောင့် မနည်းအသက်ရှုနေရပြီး သူ့နှဖူးပြင်တွင် ချွေးများပြန်လာသည်။


နေ့ခင်းရောက်ချိန်တွင် ကောင်းကင်ကြီးပေါ်တွင် တိမ်မည်းများ လွှမ်းခြုံလာသောကြောင့် တဖြည်းဖြည်း မှောင်မည်းလာသည်။


နေရောင်မရှိတော့သဖြင့် တောအုပ်တစ်ခုလုံးက ကြက်သီးထစရာဖြစ်နေသည်။



လေအေးတစ်ချက် ဝေ့လာ၍ တောနက်ထဲမှ သစ်ရွက်များ လှုပ်ခတ်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်သွားရသည်။ သူ တိယွင်ယွီ၏ကျောပြင်ကိုကြည့်ပြီး သူ့နောက်မှ အမြန်ပြေးလိုက်ရတော့သည်။ 


မကြာမီ မိုးရွာသွန်းလာသည်။


ရှန်းလျိုရှန့်မှာ သေမျိုးလူသားတစ်ယောက်အနေဖြင့် နာရီပေါင်းများစွာ လမ်းလျှောက်လိုက်ရသောကြောင့် ပင်ပန်းနွမ်းနယ်ပြီး ‌ဆာလောင်နေပြီဖြစ်သည်။ သို့ရာတွင် ယခုအချိန်၌ မိုးကပါ ထပ်မံရွာသွန်းလာ၍ သူ့ကိုပို၍ သနားစရာဖြစ်သွားစေသည်။


တဖွဲဖွဲရွာကျလာသော မိုးရေနှင့် လေအေးများအကြားတွင် စိတ်ညစ်ညူးစွာဖြင့် သက်ပြင်းချလိုက်သည်။


ထိုအချိန်တွင် ရှေ့တည့်တည့်မှလူက ရုတ်တရက် ရပ်တန့်သွားပြီး သူ့ဘက်သို့လျှောက်လာသည်။ ရှန်းလျိုရှန့်က ကြောက်လန့်တကြားဖြင့် နောက်ဆုတ်လိုက်မိတော့သည်။ 

" ဒီနေရာက ဖုန်းရွှေက မကောင်းဘူး... နောက်တစ်ခေါက်ပြန်စ‌ဉ်းစားကြည့်ပါဦး အကြီးအကဲ..."


ရှန်းလျိုရှန့် စိတ်လှုပ်ရှားနေသည်ကို တိယွင်ယွီသိသည်။ သူက ပြောစရာစကားမဲ့နေသည့်ပုံဖြင့် ခေါင်းခါလိုက်ပြီး ရှန်းလျိုရှန့်၏ခေါင်းပေါ်သို့ ဝါးဦးထုပ်တစ်လုံး တင်ပေးလိုက်သည်။


ရှန်းလျိုရှန့် အံ့အားသင့်သွားမိပြီးနောက် တစ်ဖက်လူက မည်သူမည်ဝါဖြစ်ကြောင်းကို သံသယဝင်လာမိသည်။


သူ တိယွင်ယွီ၏နောက်မှ ဆက်လိုက်လာပြီး ခဏအကြာတွင် မျက်လုံးများမှေးစင်းကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

" အကြီးအကဲ ကျွန်တော် လမ်းမလျှောက်နိုင်တော့ဘူး..."


တိယွင်ယွီက ရှေ့ကိုဆက်လျှောက်နေသည်။

" ဒါဆိုရင်လည်း လေးဘက်ထောက်သွားလေ..."


ရှန်းလျိုရှန့် : "..."


ခုနတုန်းက ရင်းနှီးသလို အပြုအမူက ပုံရိပ်ယောင်ကြီးပဲ ဖြစ်ရမယ်...


ညနေရောက်ခါနီးသောအခါ ရှန်းလျိုရှန့် လမ်းဆက်မလျှောက်နိုင်တော့ပေ။ သူ့ခြေထောက်နှစ်ဖက်က လေးလံလွန်းလှ၍ မမြှောက်နိုင် ဖြစ်နေသည်။


တိယွင်ယွီက ရှေ့တည့်တည့်မှ တောင်ထွတ်ကြီးတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

" ရောက်ခါနီးနေပါပြီ..."


ရှန်းလျိုရှန့် စိတ်လှုပ်ရှားသွားမိသည်။ တောနက်ထဲမှ ထွက်လာချိန်၌ သစ်ပင်တစ်ပင်ကိုမှီပြီး ခဏနားချင်သည်ဟု ဆိုလာသည်။

" တောင်က မြင့်လွန်းတယ် ကျွန်တော် လမ်းလျှောက်နိုင်အောင် ခဏနားပါရစေဦး..."


တိယွင်ယွီက မျက်ခုံးအသာပင့်လိုက်သည်။

" ကောင်းပြီလေ..."


‌မိုးတဖြည်းဖြည်းစဲသွားချိန်တွင် ရှန်းလျိုရှန့်က သစ်ပင်ကိုမှီပြီး ဝါးဦးထုပ်ကို လက်တစ်ဖက်ဖြင့် ချွတ်လိုက်သည်။


လက်ဖက်ရည်တစ်ခွက်စာတည်သည့်အချိန်ခန့် အနားယူပြီးသည့်နောက်တွင် ဝါးဦးထုပ်ကိုကိုင်၍ တိယွင်ယွီရှိရာသို့လျှောက်သွားသည်။

" နားလို့ပြီးပါပြီ..."


သူ့အနောက်ဘက်တွင် အစောပိုင်းက အနားယူခဲ့သောနေရာ၌ မြက်ပင်ကြားထဲတွင် အနီရောင်ဖဲကြိုးတစ်ကြိုး ရှိနေသည်။


တောင်ခြေကို မြစ်တစ်စင်းကဝန်းရံထားပြီး အဆက်မပြတ်စီးဆင်းနေသည်။


ရှန်းလျိုရှန့် သစ်သားတံတားပေါ်သို့ ခြေချလိုက်ချိန်တွင် သူ့မျက်လုံးထဲ၌ ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်။ မျက်လုံးပြန်ပွင့်လာချိန်တွင် ထူးဆန်းသောကျောက်တုံးများ ပြန်လည်ဝိုင်းနေသည့် စမ်းချောင်းတစ်စင်းက သူ့အမြင်အာရုံထဲ ရောက်လာသည်။


တိယွင်ယွီက သူ့ကို ငါးမျှားတံတစ်ချောင်းကမ်းပေးလိုက်ပြီး စမ်းချောင်းဘေးတွင် ထိုင်လိုက်သည်။


ရှန်းလျိုရှန့်မြင်သည့်အခါ သူ့နားပြေးကပ်လိုက်မိသည်။ ငါးဖမ်းပြီး ငါးကင်စားရတော့မည့်အကြောင်း တွေးလိုက်သည့်အခါ သူ့ ဇာမဏီမျက်ဝန်းများက ရေထဲကို မျက်တောင်မခတ်စတမ်း ကြည့်နေလိုက်သည်။


‌ကောင်းကင်ယံက တဖြည်းဖြည်းမှောင်မိုက်လာပြီး စမ်းချောင်းထဲတွင်မူ ငြိမ်သက်နေဆဲဖြစ်သည်။


ရှန်းလျိုရှန့်က အသံမြည်နေသည့်ဗိုက်ကိုပွတ်ပြီး မနီးမဝေးမှလူကို လှမ်းကြည့်နေလိုက်သည်။ သူတို့နှစ်ယောက် နာရီဝက်ခန့်ကြာသည်အထိ ငါးမျှားနေခဲ့သော်လည်း ငါးတစ်ကောင်၏အရိပ်ကိုပင် ရှာမတွေ့ခဲ့ပေ။ စမ်းချောင်းထဲတွင် ငါးတစ်ကောင်မှ မရှိခြင်းလည်း ဖြစ်နိုင်သည်။


သူ ထိုသို့တွေးလိုက်သည်နှင့် လက်ထဲမှ ငါးမျှားတံကို ရေအောက်ရှိ ငါးတစ်ကောင်က လှမ်းဆွဲလိုက်လေသည်။


ရှန်းလျိုရှန့် စိတ်လှုပ်ရှားသွားပြီး ငါးမျှားတံကို အစွမ်းကုန်ဆွဲထားလိုက်သည်။ ထိုအချိန်တွင် ငါးမျှာတံ၏ အခြားတစ်ဖက်က သူ့ကို‌အားဖြင့် ဆောင့်ဆွဲလိုက်လေသည်။


" ဗွမ်း..."


တိယွင်ယွီ လှည့်ကြည့်လိုက်သည့်အခါ ရှန်းလျိုရှန့်က ငါးမျှာတံကို ဆွဲနေလျက်ဖြင့် စမ်းချောင်းထဲ ပြုတ်ကျသွားသည်ကို တွေ့လိုက်ရသည်။


ဤနေရာတွင် ဝိညာဉ်စွမ်းအင် အလွန်နည်းပါးသောကြောင့် မည်သည့်သားရဲမှ မရှိချေ။ ရှန်းလျိုရှန့်က ဝိညာဉ်သားရဲဖြစ်တော့မည့်ငါးကို တစ်ကြိမ်တည်းဖြင့် ဖမ်းယူနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ 


ရှန်းလျိုရှန့်ခေါင်းထဲတွင် မူးဝေဝေဖြစ်သွားသောကြောင့် ပြန်လည်ကောင်းမွန်လာရန် အချိန်ယူလိုက်ရသည်။ သူ့ရှေ့မှ မီးပုံကိုစိုက်ကြည့်နေပြီးသည့်နောက် နှာချေလိုက်မိပေသည်။


တိယွင်ယွီက လက်ဆန့်ထုတ်၍ သူ့ခေါင်းကိုပွတ်သပ်ပြီး အဝတ်အစားများနှင့် ဆံပင်ကို ချက်ချင်းခြောက်သွေ့သွားအောင် ပြုလုပ်ပေးလိုက်သည်။


ရှန်းလျိုရှန့် နှာခေါင်းရှုံလိုက်ပြီးနောက် တိယွင်ယွီ၏လက်ကိုလှမ်းကြည့်၍ မေးလိုက်သည်။

" ကျွန်တော် ငါးကူကင်ပေးရဦးမလား..."


တိယွင်ယွီ : " ရပါတယ် ထိုင်နေပါ..."


ရှန်းလျိုရှန့် ပျော်သွားမိသည်။ 

အကျဉ်းသားတောင်မှ ဒီလိုဆက်ဆံခံရသေးတာပဲ... ငါစားဖို့အတွက် ငါကင်ပေးမယ့်သူ ရှိနေတယ်...


သူ စိတ်လှုပ်ရှားသွားမိပေ၏။


စောင့်နေရသည့်အချိန်က အလွန်ကြာမြင့်လှပေသည်။ တိယွင်ယွီ ငါးကို တဖြည်းဖြည်းလှည့်၍ ကင်နေသည်ကိုကြည့်ပြီး မနေနိုင်ဖြစ်လာသောကြောင့် မေးလိုက်မိသည်။

" ဘယ်လောက်ကြာဦးမှာလဲဟင်..."


သူက ယခုအခါတွင် သေမျိုးလူသားတစ်ယောက်နှင့် ထူးမခြားနားဖြစ်သွား၍ တစ်နေကုန် အစားမစားရသောအခါ မနေနိုင်တော့ပေ။ 


တိယွင်ယွီ : " မင်း အစာငတ်ပြီးသေသွားမှာကို ကြောက်နေတာလား..."


ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်သည်။

" ဒီလိုသေသွားရတာ အနာကျင်ဆုံးပဲ... အဲလိုကြီးသေသွားရမယ်ဆို ကျွန်တော်ငိုမိတော့မှာ..."


တိယွင်ယွီ သူ့ကိုလှမ်းကြည့်လိုက်သည်။

" အစာငတ်ပြီးမသေခင် မင်းနှုတ်ခမ်းပေါ်က သွားရည်တွေကို အရင်သုတ်လိုက်ပါဦး..."


ရှန်းလျိုရှန့် ချောင်းဟန့်လိုက်သည်။

" အကောင်းဆုံးကြိုးစားပါ့မယ်..."


သူ ငါးကင်ကို စိုက်ကြည့်နေစဉ်တွင် မွှေးပျံ့သော ငါးအသားနံ့ကိုရလာ၍ အမြန်ပြေးလာ‌သော်လည်း အညှာအတာကင်းစွာဖြင့် နှင်ထုတ်ခံလိုက်ရသည်။

" နည်းနည်းစောင့်ရဦးမယ် အခု စားလို့မရသေးဘူးလေ..."


ရှန်းလျိုရှန့် သဘောပေါက်သွားသည်။

" အကြီးအကဲက အရင် မြည်းကြည့်လိုက်ပါလား ပြီးမှ ကျွန်တော့်ကို သေးသေးလေးဖဲ့ကျွေးလေ..."


တိယွင်ယွီ : " ငါက မစားဘူး..."


ရှန်းလျိုရှန့်၏ မျှော်လင့်ချက်လေး အရောင်တောက်ပလာသည်။

" ‌ဒါဆိုရင် ကျွန်တော်ပဲ အကုန်စားလိုက်တော့မယ်..."


တိယွင်ယွီ : " မင်း စားလို့မရသေးဘူးလို့ ငါပြောထားတယ်လေ ..."


" ကျွန်တော်မစားရင် ခင်ဗျားလည်း မစားရဘူး..."

ရှန်းလျိုရှန့် နင်သွားရသည်။

" မစားဘူးဆိုရင် အဲ့ငါးလေး သေသွားရတာ ဘယ်တရားမလဲ..."


တိယွင်ယွီ : " မင်း သူ့ကို ရေထဲအထိဆင်းဖမ်းတာရော တရားလား..."


စကားဆုံးသည့်အခါ သူ့ဝတ်ရုံလက်ကို ခါလိုက်သည်နှင့် မီးပုံနှင့်အတူ ငါးကင်ကပါ ရှန်းလျိုရှန့်၏ မျက်စိရှေ့မှ ပျောက်သွားတော့သည်။


ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားပြီး ဗလာကျင်းသွားသည့် မြေပြင်ကြီးကိုကြည့်ပြီးနောက် တိယွင်ယွီကို ကြည့်လိုက်သည်။

" ခင်ဗျား မစားဘူးဆိုရင် ဘာလို့ကင်နေသေးလဲ..."


ငါးကင်အနံ့ကို မရခဲ့ပါက သူ ဤမျှအထိ လောဘကြီးနေမည်မဟုတ်ပေ။ ယခုအခါ အနံ့ရသွားသောကြောင့် နေမထိထိုင်မသာ ဖြစ်‌သွားပြီဖြစ်၏။ 

ဒီလူကို ငါ သတ်ပစ်မိတော့မယ်...


တိယွင်ယွီက သူအလွန်ဒေါသထွက်နေသည်ကိုမြင်၍ ရှင်းပြလိုက်သည်။

" တကယ်လို့ ငါးမကင်ခဲ့ဘူးဆိုရင် မင်း သွားရည်တွေကျနေတာ ဘယ်မြင်ရပါ့မလဲ..."


ရှန်းလျိုရှန့် ပါးစပ်အဟောင်းသား ဖြစ်သွားရတော့၏။ 

‌ဒီလူက မကောင်းဆိုးဝါးကြီးများလား...