အပိုင်း ၁၉၂
Viewers 30k

Villain Shizun (Extra 10-1)



ရှန်းလျိုရှန့် ဖဲမွေ့ရာပေါ်၌ နိုးလာချိန်တွင် ကြောင်အမ်းအမ်းဖြင့် ဘေးပတ်ဝန်းကျင်ကိုကြည့်နေပြီး သူ့အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။


သူ့လက်ချောင်းများကွေးညွတ်ကာ အသံတိုးတိုးဖြင့် ရွတ်ဆိုလိုက်သည်။

" ပျက်စီးစေ..."


အချိန်အတန်ကြာပြီးသည်အထိ အခန်းက တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်အရာမှ ဖြစ်မလာပေ။ 


ရှန်းလျိုရှန့် ခဏတာ အံ့အားသင့်သွားပြီးနောက် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများပိတ်လိုက်ပြီး ပြန်ဖွင့်ကာ သူ့ဝိညာဉ်စွမ်းအားကို ထပ်မံအသုံးပြုကြည့်နေသည်။


သို့ရာတွင် သူ့ခန္ဓာကိုယ်၌ ဝိညာဉ်စွမ်းအားတစ်စက်မှ မရှိတော့ချေ။ ထိုမျှသာမက လေထဲတွင်ရှိနေသည့် ဝိညာဉ်စွမ်းအားများကိုပါ အာရုံမခံနိုင်တော့ချေ။


ရှန်းလျိုရှန့် အသက်ပြင်းပြင်းရှုလိုက်မိသည်။ ယခင်က သူ့ကျင့်ကြံဆင့်က နတ်ဘုရားအသွင်ပြောင်းအဆင့်မှ အခြေခံအုတ်မြစ်တည်အဆင့်သို့ ပြန်ရောက်သွားသော်လည်း သူက ကျင့်ကြံသူတစ်ယောက် ဖြစ်နေသေးဆဲပင်။ ဤတစ်ကြိမ် နိုးထလာသောအခါတွင်မူ သူက သေမျိုးလူသားတစ်ယောက် ဖြစ်သွားခဲ့သည်။


ရှန်းလျိုရှန့် သူ့မျက်နှာကို ဆိတ်ဆွဲကြည့်လိုက်သည်။

" မဟုတ်သေးဘူး နာလည်းမနာပါလား..."


အိမ်အပြင်ဘက်မှလူက လက်ဖက်ရည်ကြမ်းကို ဖြည်းညင်းစွာငှဲ့နေသည်။ သူ၏ ကြည့်ကောင်းသော မျက်ခုံးများ အနည်းငယ်ပင့်တက်သွားပြီးနောက် သူ့ဝိညာဉ်အသိစိတ်အောက်တွင် တစ်စုံတစ်ယောက် ယခုမှ နိုးထလာကြောင်း အာရုံခံ‌မိနေသည်။ သူက ပါးကို ထပ်ခါထပ်ခါဆိတ်ဆွဲနေပြီး ထုံကျဉ်သွားချိန်၌ သူ့ကိုယ်သူ မနာတော့ဟုပြောကာ အိပ်ရာပေါ်ပြန်လှဲလိုက်ပြန်သည်။


ခဏအကြာတွင် အခန်းထဲမှ ငိုသံသေးသေးလေး ထွက်လာသည်။


တိယွင်ယွီ လက်ဖက်ရည်တစ်ငုံသောက်ပြီး ပြုံးလိုက်မိသည်။


ရှန်းလျိုရှန့်က အိမ်မက်မက်နေသည်ဟုထင်ပြီး အေးအေးချမ်းချမ်းဖြင့် ဆက်အိပ်မနေသည်အထိ တုံးအမနေပေ။ 


သူ့ကိုဖမ်းခေါ်လာသူက မည်သူဖြစ်ကြောင်း မသိသော်လည်း ထိုလူက အမှောင်ထဲမှ စောင့်ကြည့်နေမည်ကို သူသိသည်။ သူ့ကျင့်ကြံဆင့်က လုံးဝပျောက်ဆုံးသွားပြီဖြစ်၍ အပြင်မှ အကူအညီကိုသာ မျှော်နေရတော့မည်ဖြစ်သောကြောင့် တုံးအချင်ဟန်ဆောင်ပြီး တစ်ဖက်ကို စိတ်ရှုပ်ထွေးအောင် လုပ်လိုက်ခြင်းဖြစ်သည်။ အမှန်တွင် သူက စောင်အောက်ထဲဝင်နေပြီး သိုလှောင်အိတ်ကို ခိုးဖွင့်ရန် ပြင်နေခြင်းဖြစ်သည်။


အရာအားလုံးက ချောမွေ့နေသည်။


သို့ရာတွင် သူ၏မျှော်လင့်ချက်ပိစိလေးဖြင့် သိုလှောင်အိတ်၏ကြိုးကို ဆွဲလိုက်သော်လည်း နောက်ဆုံးမျှော်လင့်ချက်လေးက အစိတ်စိတ်အမြွှာမြွှာဖြစ်သွားရသည်။


ဟင်...


ရှန်းလျိုရှန့် စိတ်ပျက်စွာဖြင့် ညည်းညူလိုက်မိတော့သည်။

ဝိညာဉ်စွမ်းအားမရှိရင် သိုလှောင်အိတ်ရဲ့ချည်ကြိုးကို ဖွင့်လို့မရဘူး...


သူ၏ မှော်လက်နက်များ၊ စာပို့နိုင်သည့် အင်းစာရွက်များ၊ ကျောက်စိမ်းပြားများအားလုံးက သူ့အိတ်ထဲတွင်သာ ရှိသည်။ ယခုအချိန်၌ သူ့ထံတွင် အဝတ်တစ်ထည်ကိုယ်တစ်ခုသာ ကျန်ရှိတော့၏။


ငိုယိုနေပြီးသည့်နောက်တွင် ရှန်းလျိုရှန့်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို စောင်ဖြင့်ပတ်ထားလိုက်ပြီး တည်ငြိမ်စွာတွေးတောနေသည်။


သူ့ကိုတစ်ခဏတွင်းချင်း အလွယ်တကူ ခေါ်ဆောင်လာနိုင်ပြီး ကျင့်ကြံဆင့်ကိုပါ ဖျက်ဆီးပစ်လိုက်နိုင်၍ ထိုလူက မဟာယနအဆင့်နှင့် အလွန်နီးကပ်နေသူ ဖြစ်ပေမည်။ ဤပင်မနယ်မြေ၌ ထိုသို့သော ကျင့်ကြံသူအနည်းငယ်ရှိသော်လည်း သူ့အတွက်မူ ထိုအဆင့်သို့ရောက်ရန် မဖြစ်နိုင်သေးချေ။ 


သူ့ဘဝတစ်လျှောက်လုံး ကြိုးကြိုးစားစားကျင့်ကြံခဲ့သော်လည်း ဤကဲ့သို့လူမျိုးနှင့် ရင်ဆိုင်ရသည့်အခါ သုံးနှစ်သား ကလေးငယ်လေးက စစ်နတ်ဘုရားကို ရင်ဆိုင်နေရသည်နှင့် တူပေသည်။


ဒါက ကျိန်းသေပေါက်ကို ဒီကမ္ဘာမှာတည်ရှိနိုင်တဲ့ ခွန်အားမျိုး မဟုတ်ဘူးပဲ...


ရှန်းလျိုရှန့် အံကြိတ်လိုက်ပြီးနောက် ဤကိစ္စ၏ မူလရင်းမြစ်နှင့်အတူ သူ့ကို ပြန်ပေးဆွဲလာသူ၏ ရည်ရွယ်ချက်ကိုပါ စဉ်းစားနေမိသည်။


ထိုလူက ရက်ရက်စက်စက်ဖြင့် သူ့ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်သည်ဟူတည်းက ရန်ငြှိုးအချို့ ရှိနေပုံရသည်။ ရှန်းလျိုရှန့်ကိုသတ်ရန် အလျင်စလိုမဖြစ်နေ၍ အခြားသောအကြောင်းပြချက်များ ရှိနေသေးပုံပေါ်သည်။ သို့ဖြစ်၍ သူ့အသက် မရှိစေရန်ဦးစားပေူရပေမည်။ 

ကျိုးရွှမ်လန်ကတော့ ငါ့ကို ကျိန်းသေပေါက် လာကယ်မှာပဲ... ပြီးတော့ ရှစ်ရှုန်းနဲ့ ရှုရှင်းချန်တို့လည်း ရှိနေသေးတာကို...


ရှန်းလျိုရှန့် ထိုလူများအကြောင်းစဉ်းစားလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ သေရေရှင်ရေးက မှန်းဆမရနိုင် ဖြစ်လာချိန်၌ သူ့စိတ်ထဲ ဝမ်းနည်းလာမိသည်။


ဝမ်းနည်းနေစဉ် တစ်ဝက်တစ်ပျက်မှာပင် သူ့ခေါင်းကို အဖိခံလိုက်ရသည်။


တစ်ဖက်မှလူက စောင်ထဲမမြုပ်နေသည့် သူ့ခေါင်းကိုလက်ဖြင့်ထိပြီး ဆံနွယ်များကို ဖြည်းညင်းစွာ ပွတ်သပ်ပေးနေသည်။


ရှန်းလျိုရှန့်၏တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားပြီး ကြမ်းတမ်းရက်စက်သော သားရဲကြီးက လူတစ်ယောက်၏ခေါင်းကို လက်ဖြင့် ဝုန်းခနဲ ဖိချေလိုက်သည့်မြင်ကွင်းက စိတ်ထဲတွင် ပေါ်လာသည်။


သူ၏ ဇာမဏီမျက်ဝန်းများက အမှောင်ထဲတွင် ပုတ်ခတ်ပုတ်ခတ်ဖြစ်နေသည်။


ကံအားလျော်သည်မှာ ထိုလူက သူ့ကို အသာပွတ်သပ်ပေးနေပြီးနောက် ရပ်တန့်လိုက်သည်။ 

" သိုလှောင်အိတ်ကို ဖွင့်လို့မရဘူးဆိုတာ သိပြီးပြီမလား ဘာလို့ပုန်းနေဦးမှာလဲ အပြင်ထွက်ခဲ့လေ..."


ထိုလူ၏အသံက အိပ်ရာဘေးမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အသံက စောင်ကိုကျော်ဖြတ်ကာ ရှန်းလျိုရှန့်၏နားထဲ ရောက်လာသည်။ 


အသံက တိုးညှင်း၍ချိုသာနေကာ ရင်းနှီးသည့်အရိပ်အငွေ့အချို့ကို ခံစားနေရသည်။


သို့ရာတွင် ရှန်းလျိုရှန့် ဇောချွေးများပြန်လာသည်။

အဲဒီလူက ငါ စောင်အောက်ထဲဝင်ပုန်းပြီး သိုလှောင်အိတ်ကို ဖွင့်မလို့လုပ်တာ သိသွားတယ်ပေါ့လေ...


ရှန်းလျိုရှန့်၏စိတ်ထဲ ပို၍ မသက်မသာဖြစ်လာသော်လည်း တစ်ဖက်လူ၏အပြောကို နားထောင်ကြည့်ပုံအရ စကားပြောဆိုညှိနှိုင်း၍ ရနိုင်မည့်ပုံပေါ်သည်။ သူ စိတ်တည်ငြိမ်အောင်ထားပြီး လည်ချောင်းရှင်းလိုက်သည်။

" ကျွန်တော် ခေါင်းမဖော်ထားတာ အကြီးအကဲရဲ့ပုံပန်းသွင်ပြင်ကို မမြင်ရအောင်လို့ပါ တစ်ခုခု စော်ကားမိမှာလည်း စိတ်ပူလို့ပါ..."


တိယွင်ယွီက ဖောင်းနေသည့်စောင်ကြီးကို ငုံ့ကြည့်လိုက်သည်။ 

" နှုတ်ပိတ်ခံရမှာ လန့်နေတာများလား..."


ရှန်းလျိုရှန့် ခဏစဉ်းစားလိုက်ပြီးနောက် ရိုးသားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။


အကယ်၍ တစ်ဖက်လူကို သသ မကြည့်မိပါက အသက်ရှင်ရန် အခွင့်အရေးရှိနိုင်ဦးမည်ဟု တွေးလိုက်မိသည်။ အမှန်တွင်မူ တစ်ဖက်လူက သူ့မျက်နှာကို တွေ့မြင်ပြီးချိန်မှ မလွှတ်ပေးတော့မည်စိုး၍ ရှန်းလျိုရှန့်က သူ့မျက်နှာကို တမင်မပြခြင်းဖြစ်ပေသည်။ 


တိယွင်ယွီ : " အဲလိုလုပ်စရာမလိုပါဘူး ဘာပဲဖြစ်ဖြစ် မင်းက သေတော့မှာပဲလေ..."


ရှန်းလျိုရှန့် : " ဟင်..."


အချိန်အတန်ကြာပြီးသည့်နောက်တွင် ရှန်းလျိုရှန့်က လက်လျှော့လိုက်သည့်ဟန်ဖြင့် ခေါင်းပြူထွက်လာသည်။ သူ၏ နူးညံ့သောဆံပင်များက ရှုပ်ပွနေပြီး မျက်တောင်ရှည်များကိုအနည်းငယ်မော့၍ အိပ်ရာဘေးတွင် ရပ်နေသူကို လှမ်းကြည့်လိုက်သည်။


အခန်းထဲတွင် တိတ်ဆိတ်မှုတို့ ခဏတာ ကြီးစိုးသွားသည်။


ရှန်းလျိုရှန့်က တိယွင်ယွီ၏မျက်နှာကို ထပ်ခါထပ်ခါကြည့်နေမိသည်။ "‌‌ဧကရာဇ်" ဟူသောစာလုံးက သူ့ခေါင်းထဲတွင် ပေါ်လာသော်လည်း အခြားအရာတစ်ခုကိုမှ တွေးမရနိုင်အောင် ဖြစ်နေသည်။


သူ့မျက်နှာကို မည်သို့ကြည့်သည်ဖြစ်သေ ပြောစကားစကားမရှိဖြစ်နေကာ တစ်ဖက်လူအကြောင်းကို မျက်စိတစ်မှိတ်အတွင်းတွင် မေ့သွားသကဲ့သို့ သူ့စိတ်ထဲမှ ထိုလူ၏ပုံစံကို ပုံဖော်မရနိုင် ဖြစ်နေသည်။ သို့ဖြစ်၍ သူ မည်မျှကြာကြာကြည့်သည်ဖြစ်စေ အချိန်ကုန်လာသော်လည်း တစ်ဖက်လူက ကြည့်ကောင်းသည်ဟူသောအချက်မှလွဲ၍ မည်သည့်အရာမှ ခေါင်းထဲ ပေါ်မလာတော့ပေ။ 


ရှန်းလျိုရှန့် စိတ်အေးလက်အေးဖြစ်သွားပုံဖြင့် သက်ပြင်းချလိုက်သည်။ တစ်ဖက်လူက သူ့ပုံစံအစစ်ကို တမင်တကာမပြသသောကြောင့် အကြောင်းတစ်ခုခုရှိမည်ဟု တွေးလိုက်မိသည်။


" မင်းဘာလို့ ငါ့ကို အကြီးအကဲလို့ ခေါ်တာလဲ..."


တိယွင်ယွီက သူ့ကိုလွှတ်ပေးရန် တွေးလိုက်သော်လည်း စကားလုံးများက နှုတ်ခမ်းဝသို့ရောက်သည်နှင့် တစ်ဖက်လူက ပညာပြမည့်အကြောင်း သတိရသွား၍ တစ်ဖက်ကိုလှည့်ပြီး ပြောလိုက်သည်။

" သေတော့မယ့်လူက တခြားကိစ္စတွေသိဖို့ မလိုတော့ဘူး..."


ရှန်းလျိုရှန့်၏ရင်ထဲ အေးစက်သွားသည်။

" ကျွန်တော် အကြီးအကဲနဲ့ ဘာရန်ငြှိုးမှ မရှိပါဘူး..."


တိယွင်ယွီ : " အဲဒါဆိုရင် ငါမင်းကို ဘာကိစ္စဖမ်းခေါ်လာမှာလဲ..."


ရှန်းလျိုရှန့်၏စိတ်ထဲတွင် "ကျွန်တော်လည်း ဘယ်သိမှာလဲ" ဟု ပြောနေမိသော်လည်း တစ်ဖက်လူ၏ ‌ပြောပုံက သူ့ကို မှန်းဆစေချင်ပုံပေါ်နေသည်။


" ကျွန်တော်က အမြဲတမ်း သိုသိုသိပ်သိပ်ပဲနေတာပါ အကြီးအကဲတွေကိုလေးစားပြီး ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဂရုစိုက်တတ်ပါတယ်... အဲဒါကြောင့်မို့ အကြီးအကဲကို စော်ကားမိဖို့ မဖြစ်နိုင်ပါဘူး... ဒီနေရာကို ရောက်လာတာက အထင်လွဲတာတစ်ခုခု ရှိနေတာကြောင့်လို့ ထင်ပါတယ် ဒါမှမဟုတ်..."


ရှန်းလျိုရှန့် စကားပြောနေသည်ကိုရပ်ပြီး အိပ်ရာဘေးတွင် ရပ်နေသူကို မျက်လုံးလှန်ကြည့်လိုက်သည်။


" အကြီးအကဲက ရတနာတချို့လိုချင်လို့များလား... အဲဒါဆိုရင်တော့ ဒီတိုင်း ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါ... ကျွန်တော့်မှာ ဘိုးဘေးတွေဆီက ရတနာတွေ အများကြီးရှိပါတယ်..."


တိယွင်ယွီက မရှင်းမလင်းဖြင့် ပြောလိုက်သည်။

" မင်းရဲ့ဘိုးဘေးတွေက တော်တော်စုဆောင်းထားခဲ့တဲ့ပုံပဲ..."


ရှန်းလျိုရှန့် ခေါင်းတဆတ်ဆိတ်ညိတ်ပြလိုက်သည်။

" ကျွန်တော်က မိသားစုအမွေကို မဆက်ခံခဲ့ရပေမယ့် ပစ္စည်းကောင်းတွေ အများကြီး ရှိပါသေးတယ်..."


တိယွင်ယွီက လက်ကာပြလိုက်သည်။

" ငါ အဲ့လိုအရာတွေကို စိတ်မဝင်စားတော့တာ ကြာလှပြီ..."


ရှန့်ချီတောင်တွင် သူချန်ထားခဲ့သည့် ရတနာများစွာရှိသော်လည်း ထိုအရာများက သူ့ကို မဆွဲဆောင်နိုင်ပေ။ 


အချိန်တစ်ခုအထိ အန္တရာယ်မရှိနိုင်သေးသည်ကို တွေးမိသောအခါ ရှန်းလျိုရှန့်က စောင်ကိုလှန်၍ထထိုင်ပြီး မှန်းဆနေသည်။

" အကြီးအကဲသာ ကျွန်တော့်အသက်ကိုယူချင်တယ်ဆိုရင် သတ်ပြီးတာ ကြာလောက်ပြီ... ရတနာတွေကိုလည်း မလိုချင်ဘူးဆိုတော့ ငွေအတွက် လူကို ပြန်ပေးဆွဲတာ မဟုတ်လောက်ဘူး... ဒါဆိုရင်တော့ လိင်ဆက်..."


ရှန်းလျိုရှန့် စကားပြောနေရာမှရပ်သွားပြီး မျက်လုံးအပြူးသားဖြစ်သွားရသည်။


တိယွင်ယွီ : "..."


အိပ်ရာပေါ်တွင်ထိုင်နေသည့်လူငယ်လေးမှာ ရှုပ်ပွနေသည့် "ငှက်သိုက်ဆံပင်" ဖြစ်နေပြီး သူ့မျက်နှာထက်တွင်လည်း စိုးရိမ်ပူပန်နေသည့် အမူအရာတစ်မျိုး ရှိနေသည်။ အိပ်ရာပေါ်မှ ထထလာချင်း သူ့ပုံစံက မည်သို့ဖြစ်နေသည်ကို ကြေးမုံမှန်တစ်ချပ်ယူ၍သာ ခေါ်ပြလိုက်ချင်နေမိသည်။


တိယွင်ယွီက ပြောလိုက်သည်။

" မင်းလိုပုံစံနဲ့ အဲ့လိုဖြစ်စရာအကြောင်းလည်း မရှိပါဘူး အတွေးလွန်မနေနဲ့..."


အမ်...


ထိုစကားများကြားသည့်အခါ ရှန်းလျိုရှန့်၏နားထဲတွင် သူ့အလုပ်ကို ဖျက်ဆီးခံလိုက်ရသည့်သဖွယ် ခံစားလိုက်ရသည်။


ဤမျက်နှာလေးကြောင့် အခြားကမ္ဘာတစ်ခုတွင် ခဏသွားနေရစဉ်က ထမင်းငတ်မသေခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင်သူက သရုပ်ဆောင်စွမ်းရည်ကို အမှီပြုကာ သူ့မျက်နှာချောချောလေးကို ပိုမိုထင်ပေါ်အောင် ပြုလုပ်နိုင်ခဲ့ပြီး ဖျော်ဖြေရေးနယ်ပယ်၏ထိပ်ဆုံးတွင် ရပ်တည်နိုင်သည့် ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ပါ ဖြစ်လာခဲ့သည်။


ဒါပေမဲ့ ‌ဒီလူက ငါ့ပုံစံကို အဲ့လိုဖြစ်စရာတောင် မရှိဘူးလို့ ပြောလိုက်တာလား...


ရှန်းလျိုရှန့် တစ်စက္ကန့်ခန့် စိတ်တည်ငြိမ်သွားပြီးနောက် ခေါင်းမော့လိုက်ကာ ဇာမဏီမျက်ဝန်းများကို အနည်းငယ်မှေးကျဉ်းလိုက်ပြီး တိယွင်ယွီ၏ မျက်ဝန်းများကိုကြည့်လိုက်သည်။ ထို့နောက် တစ်ခုခုပြောရန် ပါးစပ်ဟလိုက်ပြီးမှ ပါးစပ်ပြန်ပိတ်လိုက်သည်။


တော်ပါပြီ...


ကိုယ့်အသက်က ‌ပိုအရေးကြီးတယ် ဘာမှပြန်မပြောတော့ဘူး...


ရှန်းလျိုရှန့် သူ၏ ရန်လိုစိတ်ကို ပြန်ရုတ်သိမ်းထားလိုက်ပြီး နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်သည်။


ရှန်းလျိုရှန့်က သူ့မျက်နှာသွင်ပြင်နှင့်ပတ်သက်ပြီး အလွန်ဂရုစိုက်လိမ့်မည်ဟု တိယွင်ယွီ မထင်ထားခဲ့ပေ။ သူ့ ခေါင်းကို တစ်ဖက်သို့လှည့်ထားပြီး ရှန်းလျိုရှန့်ကို စကားမပြောချင်ဟန်ဆောင်နေသည်။


ရှန်းလျိုရှန့် အမှန်တကယ်ပင် စိတ်‌ဓာတ်ကျသွားမိသည်။ ကံအားလျော်သည်မှာ သူက လိုက်လျောညီထွေစွာနေနိုင်စွမ်းမြင့်သူဖြသ်သည်။ သို့ဖြစ်၍ သူ့ရှေ့မှလူအား သူ၏anti-fan တစ်ယောက်အဖြစ် သတ်မှတ်လိုက်ကာ စိတ်‌ဓာတ်ကျနေခြင်းမှ ရုန်းထွက်လိုက်သည်။


သူ့အတွေးများကိုပြန်စီပြီး အချိန်နှောင့်နှေးစေရန်အတွက် ရောက်တတ်ရာရာများ ဆက်ပြောနေရန် တွေးလိုက်သည်။ ထိုအချိန်တွင် သူ၏ anti-fanက ပြောလာသည်ကို ကြားလိုက်ရသည်။

" တကယ်လို့ မင်းဆံပင်ကို သေချာစည်းထားပြီး သပ်သပ်ရပ်ရပ်ဝတ်စားထားမယ်ဆိုရင်တော့ မင်းပုံစံက..."


ရှန်းလျိုရှန့် ခေါင်းမော့လိုက်ပြီး မျက်တောင်တဖျတ်ဖျတ်ခတ်ကာ မျှော်လင့်တကြီးဖြင့် ကြည့်နေသည်။


တိယွင်ယွီ စကားပြောနေသည်ကို ခဏရပ်လိုက်ပြီးနောက် အရောင်တလက်လက်တောက်ပနေသည့် ဇာမဏီမျက်ဝန်းများကိုကြည့်ပြီး မျက်ရိုးများကို ပွတ်လိုက်သည်။ ထို့နောက် "ကြည့်လို့တော့ အဆင်ပြေပါတယ်" ဟူသော စကားကို မပြောတော့ဘဲ ကူကယ်ရာမဲ့နေသည့်ဟန်ဖြင့် ပြောလာသည်။

" အချောဆုံးပါပဲ... အဲ့လောက်ဆိုရင်ရလား..."


ရှန်းလျိုရှန့် စိတ်ကျေနပ်သွားသည်။


စိတ်တည်ငြိမ်လာပြီးသည့်နောက်တွင် သူ့လုံခြုံရေးအတွက် စတင်ပူပန်လာပြန်သည်။


သူ ခဏစဉ်းစားပြီး ပြောလိုက်သည်။

" အမှန်အတိုင်းပဲ ပြောပြပါတော့ အကြီးအကဲ... ကျွန်တော့်ကိုဘာလို့ မလွှတ်ပေးတာလဲ... အသက်ကိုလည်း မလိုချင်ဘူး၊ ရတနာတွေပေးတော့လည်း မလိုချင်ဘူး၊ လိင်ဆက်ဆံချင်တာလည်း မဟုတ်ဘူးဆိုတော့..."


" ဒီလောကကြီးထဲမှာ မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူး..."

တိယွင်ယွီက မျက်ဆံလှန်ပြီး ယုံကြည်ချက်ရှိနေသူကို ခေါင်းစခြေဆုံး ကြည့်လိုက်သည်။ 

" မင်း ဘာတွေများ ကြံစည်ထားသေးလို့လဲ..."


ရှန်းလျိုရှန့်က ကြွားဝါနေခြင်းမရှိဘဲ ဝတ်ရုံလက်ကိုဆွဲတင်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

" ကျွန်တော်က နတ်ဘုရားဝတ်ရုံ ဝတ်ထားတယ်လေ..."


ဝတ်ဆင်ထားသူ၏ ဆန္ဒမပါဝင်ပါက မည်သူကမှ သူ့ကိုယ်ပေါ်ရှိ နတ်ဘုရားဝတ်ရုံကို မချွတ်ပစ်နိုင်ပေ။  ယခုအချိန်တွင်မူ သူ့ကျင့်ကြံဆင့်က ပျောက်ဆုံးသွားပြီဖြစ်၍ နတ်ဘုရားဝတ်ရုံက သူ့အတွေးများကို

အာရုံမခံနိုင်တော့သည့်အတွက် သူကိုယ်တိုင်ပင် ထိုဝတ်ရုံကို ချွတ်၍ မ‌ရတော့ပေ။


သို့ဖြစ်၍ တစ်ဖက်လူက မည်သည့်အရာမျိုးလုပ်မည်ဖြစ်စေ အချည်းနှီးသားဖြစ်သည်။


တိယွင်ယွီ ခဏတာ ငြိမ်သက်သွားသည်။