အပိုင်း ၁၉၁
Viewers 30k

Villain Shizun (Extra 9)



မိုးခြိမ်းသံများ ထွက်ပေါ်လာပြီးသည့်နောက်တွင် မိုးသည်းထန်စွာ ရွာသွန်းလာသည်။ 


ကျိုးရွှမ်လန်က အိပ်ပျော်နေရာမှ နိုးလာပြီး ရှစ်စွမ်းကို ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်သည်။ 


ဤရက်ပိုင်းတွင် ကလေးဘဝမှ အကြောင်းအရာများက အိမ်မက်ထဲတွင် နေ့စဉ်ရက်ဆက်ပါလာသည်မှာ သူ့ကိုတစ်စုံတစ်ရာအား သတိပေးနေသည့်သဖွယ် ဖြစ်နေသည်။


ရှေးယခင်အချိန်ကာလတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့ပြီး မဟာနတ်ဆိုးများအားလုံးကို ဒဏ်ခတ်ခဲ့ပေသည်။ မျိုးနွယ်စုကို ဆက်လက်တည်တံ့နေစေရန်အတွက် နဂါးမျိုးနွယ်က ကောင်းကင်ဘုံကိုဖီဆန်သည့် နည်းစနစ်များသုံး၍ သူ့ကိုအခြားကမ္ဘာတစ်ခု ပို့ခဲ့သောကြောင့် မဟာနတ်ဆိုးလေးကောင်ကလည်း သူနှင့်အတူ ပါလာခဲ့သည်။


ထောင်တျဲနှင့် အခြားမှော်သားရဲများက သူနှင့်အတူ ပါလာခဲ့သည်ဖြစ်ရာ အခြားသော နဂါးမျိုးနွယ်ဝင်များက အဘယ့်ကြောင့် သူနှင့်အတူ မလိုက်ပါလာခဲ့ကြောင်း ကျိုးရွှမ်လန် တစ်ခါ စဉ်းစားကြည့်ခဲ့ဖူးသည်။


သူတို့ ရောက်လာခဲ့ပေမယ့် မပေါ်လာနိုင်သေးတာများလား...


ယနေ့ည မိုးရွာသွန်းခြင်းကလည်း ပုံမမှန်ဖြစ်နေ၍ သူနှင့်ရင်းနှီးနေသညိ့ အနေအထားတစ်ခုကဲ့သို့ ထင်နေရသည်။


ကျိုးရွှမ်လန် ထိုအတွေးများကြောင့် မျက်မှောင်ကြုတ်လိုက်မိသော်လည်း သူ့အကြည့်များက ရှန်းလျိုရှန့်ပေါ်သို့ရောက်သည်နှင့် နှုတ်ခမ်းပါးများထက်တွင် အပြုံးတစ်ခုဖြစ်တည်လာသည်။ 


ယခုနောက်ပိုင်းတွင် ရှစ်စွမ်း၏ကျင့်ကြံဆင့်က ပုလင်းနှုတ်ခမ်းဝနားသို့ ရောက်နေ၍ ယခင်ကထက်ပို၍ နိုးနိုးကြားကြနေနေရသည်။ သို့ရာတွင် အဆင့်တက်နိုင်ရန်က တဖြည်းဖြည်းပိုမိုခက်ခဲလာသောကြောင့် သူ့ကိုအနားယူရန် ပြန်ခေါ်ထားရသည်။


ရှန်းလျိုရှန့်၏အနက်ရောင်ဆံနွယ်များက ခေါင်းအုံးပေါ်တွင် ပြန့်ကျဲနေပြီး တစ်ဖက်သို့စောင်း၍ အိပ်နေသောကြောင့် ဇာမဏီမျက်လုံးများက ပိတ်နေသည်။ သူ့မေးစေ့ကို ကျိုးရွှမ်လန်က အသာပင့်ပြီးပွတ်သပ်လိုက်သော်လည်း တုံ့ပြန်လာခြင်းမရှိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။


ကျိုးရွှမ်လန်က သူ့ကိုအချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် နှုတ်ခမ်းထောင့်ကို မြတ်နိုးစွာဖြင့်နမ်းရှိုက်ကာ မျက်လုံးများ ပြန်မှိတ်ထားလိုက်သည်။


နောက်နေ့မနက်စောစောတွင် ကောင်းကင်ယံ၌ သက်တံ့တစ်ခု ပေါ်လာသည်ကို ရွှမ်ယောင်နန်းတော်မှ အစောင့်များ သတိပြုမိကြသည်။


မည်သူကမှ ရွှမ်ယောင်နန်းတော်အနီးတွင် ပျံသန်းခွင့်မရှိပေ။ အစောင့်လူသစ်တစ်ယောက်က ရှေ့တိုးလာပြီး သတိသွားပေးတော့မည့်အချိန်၌ သူ့ဘေးနားမှလူက သူ့ကိုအမြန်တားမြစ်လိုက်သည်။

" စိတ်မပူပါနဲ့... အဲဒါ အောင်းယွဲ့ရဲ့ သားလေးတွေပါ..."


ထိုအစောင့်က မျက်မှောင်ကြုတ်လိုက်သည်။

" သူတို့ဆိုရင်တောင်မှ ပျံခွင့်မပြုထားဘူးမလား..."


" ငါသိပါတယ်..."

သူ့ကိုဟန့်တားလိုက်သောအစောင့်က တိမ်တိုက်နှင့်မြူနှင်းများအကြားမှ ပုံရိပ်သုံးခုကို လက်ညှိုးထိုးပြလိုက်သည်။

" သေချာကြည့်ဦး... အလယ်တည့်တည့်က ကောင်းကင်ဘုံခွေးလေးပေါ်မှာ ဘယ်သူထိုင်နေတာလဲ..."


အစောင့်လူသစ်က လှမ်းကြည့်လိုက်ပြီးနောက် သဘောပေါက်သွားသည်။

" အရှင့်သား ပုပုပါလား..."


ကောင်းကင်ဘုံခွေးလေးသုံးကောင်က အတောင်ပံတဖျတ်ဖျတ်ခတ်ပြီး ရွှမ်ယောင်နန်းတော်၏အထက်တွင် မျက်တစ်မှိတ်အတွင်း ပျံသန်းလာသည်။


ရွှေရောင်ဆံပင်ရှည်များက ခါးအထိဝဲနေကာ ထူးထူးခြားခြား ချောမောလှသည့် အသက် ၁၃ ၁၄နှစ်အရွယ်ခန့်ရှိသော ကောင်လေးတစ်ယောက်က ထည်ဝါလှသော ကောင်းကင်ဘုံခွေး၏ကျောပေါ်တွင်ထိုင်နေသည်။ သူက ခြေထောက်တစ်ဖက်ထောက်ထားပြီး နေရောင်ကို လက်ဖြင့်ကွယ်ထားကာ ဧရာမနန်းတော်ကြီးကို ငုံ့ကြည့်လိုက်သည်။


" မတွေ့ရတာတောင်ကြာပြီ..."

ရှန်းပုပုက မျက်လုံးကို အနည်းငယ်မှေးကျဉ်းပြီး ခေါင်းမော့နေစဉ် သူ့သူငယ်ချင်းသုံးယောက်က တိမ်တိုက်များကိုဖြတ်ကျော်ပြီး မြေပြင်ပေါ်ဆင်းသက်လိုက်သည်။


ရှန်းပုပု ခုန်ချလိုက်ပြီး လူသားအသွင်ပြန်ပြောင်းထားသော ကောင်းကင်ဘုံခွေးလေးများကိုခေါ်၍ နန်းတော်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်။ နန်းတော်နားသို့ နီးကပ်လာသည်နှင့် တံခါးကပွင့်လာတော့၏။ 


အတွင်းမှ အရပ်ရှည်ရှည်လူတစ်ယောက် ထွက်လာသည်။


ရှန်းပုပုက ဝမ်းသာအားရဖြင့် "ပါပါး" ဟု မခေါ်လိုက်ဘဲ သူ့ ခန္ဓာကိုယ်ကိုမတ်ကာ ယဉ်ကျေးစွာဖြင့် ဦးညွှတ်လိုက်သည်။

" နတ်ဆိုးဧကရာဇ်ပါပါးကို ဂါရဝပြုပါတယ်..."


သူ၏ နတ်ဆိုးဧကရာဇ်ပါပါးက သူ့အပေါ် အလွန်ကောင်းပေးသည့်အပြင် သူ့ကို ခက်ထန်စွာ မဆက်ဆံသော်လည်း တစ်ဖက်လူ၏ ဂုဏ်ပု‌ဒ်က မြင့်မားလှပေသည်။ သူ့ပါပါးမှလွဲ၍ နတ်ဆိုးဧကရာဇ်ကို မြင်တွေ့ပါက မကြောက်လန့်သွားသူ အနည်းငယ်သာရှိသည်။ 


ရှန်းပုပုက အဆင်ပြေသော်လည်း သူ့သူငယ်ချင်းသုံးယောက်က အဆင်မပြေကြချေ။ သူတို့အားလုံး ကြောက်လန့်လွန်း၍ မူလအသွင်သို့ ပြန်ပြောင်းကုန်ကြသည်။


ဘုတ် ဘုတ် ဘုတ်...


မီးခိုးရောင်ခွေးလေးသုံးကောင်က မြေပြင်တွေ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခန္ဓာကိုယ်လေးများကျုံ့ဝင်ကာ ‌တုန်ယင်နေကြသည်။


နတ်ဆိုးဧကရာဇ်က သူတို့ကို မတွေ့ချင်ပေ။ အကြောင်းအရင်းမှာ...


ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏နောက်မှ ခေါင်းပြူထွက်လာပြီး မြေပြင်ပေါ်ထိုင်နေသည့် အမွေးပွပွခွေးပေါက်လေးသုံးကောင်ကို ကြည့်လိုက်ပြီး ဆောင်းဦးမနက်ခင်းပိုင်းမှ အအေးဓာတ်ပင် လွင့်ပြယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ 


သူ မနေနိုင်တော့ဘဲ လက်ချောင်းသွယ်သွယ်များဖြင့် အမွေးဖွားလေးများကို ပွတ်သပ်နေလိုက်သည်။


ခွေးပေါက်ကလေးသုံးကောင်က သူ့ဘေးမှ နတ်ဆိုးဧကရာဇ်ကို ခေါင်းစောင်းကြည့်လိုက်ပြီးနောက် သူတို့ခန္ဓာကိုယ်များက ပိုမိုတုန်ယင်လာသည်။


ကျိုးရွှမ်လန်ခေါင်းငုံ့ထားပြီး အနည်းငယ် ကူကယ်ရာမဲ့နေပုံ ဖြစ်နေသည်။


ရှစ်စွမ်းက အမွေးထူထူကောင်လေးတွေကို တော်တော်သဘောကျတာပဲ...

ကံကောင်းသည်မှာ ရွှမ်ယောင်နန်းတော်၏ အတွင်းအပြင်တွင် အမွေးထူသောသတ္တဝါမရှိပေ။ ရှစ်စွမ်းရှိရာသို့ လာနိုင်သည့်လူများကလည်း အောင်းယွဲ့နှင့် ဟွားကျန်းတို့သာရှိသည်။


အစောပိုင်းတွင် တက်ကြွနေခဲ့သည့် ဆံပင်ရွှေရောင်နှင့်ကောင်လေးက ထိုမြင်ကွင်းကိုတွေ့သည့်အခါ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ရင်ထဲ၌ ချဉ်တူးလာတော့သည်။


သို့ဖြစ်၍ ရှန်းပုပုမှာ တစ်ဖက်သို့လှည့်ပြီး ခေါင်းတွင် ရွှေရောင်သစ်ရွက်လေးနှင့် ဝဝကစ်ကစ်ပုံစံ ပြန်ပြောင်းကာ ရှန်းလျိုရှန့်၏ရင်ခွင်ထဲ ပြေးဝင်သွားတော့၏။

"ပါပါး... ပုပုကိုပဲကြည့်လေ..."


ဒီလိုမှန်းသိရင် သူတို့ကို မခေါ်လာခဲ့ပါဘူး...


ဟွန့်...


အသည်းအသန်ရုန်းကန်ပြီးသည့်နောက်တွင် ရှန်းပုပုက ကောင်းကင်ဘုံခွေးလေးများကို အနိုင်ယူပြီး ရှန်းလျိုရှန့်၏အာရုံစိုက်မှုကို ရရှိသွားတော့၏။ သို့ရာတွင် သွေးမပူမီမှာပင် ဂုတ်မှ ဆွဲမ'ခံလိုက်ရ၍ သူပါပါး၏ရင်ခွင်ထဲမှ ထွက်လာရတော့သည်။


" မင်းအသက်က ဘယ်လောက်တောင်ရှိပြီလဲ..."


ကျိုးရွှမ်လန်က ချစ်စရာကောင်းချင်ယောင်ဆောင်နေသည့် ဂျင်ဆင်းလေးကို မြေပြင်ပေါ်ပြန်ချထားပြီး ခေါင်းကိုပုတ်လိုက်သည့်အခါ ကောင်လေးတစ်ယောက်၏သွင်ပြင်မျိုး ချက်ချင်းပြန်ပေါ်လာသည်။


ရှန်းပုပု သက်ပြင်းခပ်ဖွဖွချလိုက်သည်။ 

ငါ ဒီလောက်မြန်မြန် အရွယ်မရောက်လာသင့်ဘူး...


" လူသားတွေနဲ့ နတ်ဆိုးမျိုးနွယ်ကြားက စာချုပ်ချုပ်ရမယ့်နေ့အတွက် ပါပါးကိုလာတွေ့တာ... ပါပါးအပြင်ကို ထွက်ဆော့ချင်လား..."


ရှန်းလျိုရှန့်၏စိတ်ထဲ သွားချင်နေမိသည်။


လွန်ခဲ့သော နှစ်ဝက်ခန့်က လူသားနှင့်နတ်ဆိုးများအကြားတွင် တစ်ဖက်က စာချုပ်ပိုင်ရှင်၊ အခြားတစ်ဖက်က ဝိညာဉ်သားရဲဖြစ်လာနိုင်ရန် သဘောတူညီချက်ပြုလုပ်နိုင်သည့် မန္တန်တစ်ခုကို သူ ဖန်တီးခဲ့သည်။  


သူ အစပိုင်းတွင် စိတ်ကူးထားခဲ့ရုံသာဖြစ်သော်လည်း နောက်ပိုင်းတွင် အဓိကစာချုပ်ကို ပြုလုပ်ခဲ့သည်။ သို့ရာတွင် စာချုပ်၌ပါဝင်သည့်အချက်များက နတ်ဆိုးမျိုးနွယ်အတွင် မမျှမတဖြစ်နေ၍ ကျိုးရွှမ်လန်နှင့် ပြန်ဆွေးနွေးခဲ့ရသည်။ သူတို့နှစ်ယောက် အချိန်အတန်ကြာသည်အထိ လေ့လာပြီး ရှန့်ချီတောင်မှ ရှေးဟောင်းစာအုပ်ပေါင်းများစွာကို ဖတ်ပြီးသည်နှင့် နောက်ဆုံးတွင် ဝိညာဉ်နတ်ဘုရားသားရဲစာချုပ်ကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည်။


ယနေ့ညတွင် လူသားများနှင့် နတ်ဆိုးများအကြား ‌ဆွေးနွေးပွဲရှိပြီး စာချုပ်ကိစ္စကို အပြီးသတ်လုပ်ဆောင်ရမည့်နေ့ဖြစ်သည်။


လူသားကျင့်ကြံသူများဘက်ကလည်း သားရဲများ၏ အင်အားကြီးစွမ်းအားများကို ပိုင်ဆိုင်လိုကြသည်။ နတ်ဆိုးကျင့်ကြံသူများဘက်ကလည်း လူသားများဖြင့် ဝိညာဉ်ချည်နှောင်မှု ပြုလုပ်လိုက်ပါက ကောင်းကင်ဘုံသို့တက်နိုင်ပြီး မိုးကြိုးအတိဒုက္ခများအောက်တွင် ဒုက္ခခံစားနေရတော့မည်မဟုတ်ပေ။ 


ရလဒ်အနေဖြင့် လောကနှစ်ခုဆုံရာ၌ တည်ရှိနေသော အရှေ့ပိုင်းကျတ်တီးမြေက ယခင်ကကဲ့သို့ လူသူကင်းမဲ့‌သည့်နေရာကြီး မဟုတ်တော့ပေ။ ‌မြို့တိုင်းတွင် လူများဖြင့်ပြည့်နေပြီး နေရာအနှံ့၌ မီးအလင်းရောင်များ ရှိနေသည်။


ရှန်းလျိုရှန့်က လူအုပ်ကြားထဲလျှောက်သွားပြီး သကြားလုံးချောင်းများစွာ ဝယ်လိုက်သည်။ စက္ကူကိုခွာလိုက်သည့်အချိန်၌ ကျိုးရွှမ်လန်က သူ့လက်မောင်းကို ရုတ်တရက်ဖမ်းဆွဲလိုက်သည်။


ရှန်းလျိုရှန့် : " ဘာဖြစ်လို့လဲ..."


ကျိုးရွှမ်လန် လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်စဉ်တွင် အန္တရာယ်များသောအော်ရာတစ်ခုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က လူအုပ်ထဲမှနေ၍ ရှန်းလျိုရှန့်ကို ကြည့်နေပေသည်။


ကျိုးရွှမ်လန်က တစ်ဖက်လူ၏ကိုယ်နံ့ကိုရသည့်အခါ အနည်းငယ်စိုးရိမ်သွားမိ၏။ 

" ရှစ်စွမ်း ကျွန်တော့်ကို ဒီမှာ ခဏစောင့်နေဦး..."


ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်ပြီး လမ်းမထက်တွင် တစ်ယောက်တည်း ဆက်လျှောက်နေလိုက်သည်။ ရှန်းပုပုကလည်း ထိုနေရာမှ ကောင်းကင်ဘုံခွေးလေးများအတွက် နေရာကောင်းရှာလိုက်ဦးမည်ဟုဆိုကာ ချက်ချင်းပျောက်ကွယ်သွားသည်။


ရှန်းလျိုရှန့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ လမ်းပေါ်တွင် စားသောက်ဆိုင်တစ်ဆိုင်ကိုတွေ့၍ ထိုင်လိုက်သည်။


စားပွဲထိုးက ဝိုင်လာချပြီးသောအခါ ရှန်းလျိုရှန့်က ဝိုင်ခွက်ကိုကိုင်ပြီး သောက်ရန်ပြင်လိုက်ချိန်၌ လူတစ်ယောက်က သူနှင့် မျက်နှာချင်းဆိုင်တွင် လာထိုင်သည်။ သူက မက်မွန်ပွင့်မျက်လုံးတစ်စုံကိုဖွင့်ပြီး ဝိုင်ငှဲ့လျက် ဘေးနားကိုကြည့်နေသည်။

" နတ်ဆိုးဧကရာဇ်လည်း မရှိပါလား..."


ရှန်းလျိုရှန့် သူ့ကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

" မင်း စာချုပ်ချုပ်ပြီးပြီလား..."


ဟွားကျန်းက နတ်ဆိုးဘုရင်များအနက် ကျိုးရွှမ်လန်၏လက်ချက်မမိဘဲ အသက်ရှင်ကျန်ရစ်ခဲ့သည့် တစ်ယောက်တည်းသောသူဖြစ်သည်။ သူက ကိုးမြီးမြေခွေး၏မျိုးဆက်ဖြစ်သောကြောင့် ကျင့်ကြံရေးလောကတွင် သူနှင့်စာချုပ်ချုပ်ဆိုလိုသူများစွာရှိသည်။


" အဲအကြောင်း မပြောပါနဲ့တော့..."

ဟွားကျန်း စိတ်ညစ်ညူးစွာဖြင့် သက်ပြင်းချလိုက်သည်။

" ငါ့နှလုံးသားလေးက တောက်ပတဲ့ လမင်းကြီးကို တောင့်တနေခဲ့ပေမယ့် လမင်းကြီးက ရေမြောင်းပေါ်ကိုမှသွားပြီး တောက်ပနေတယ်လေ..."


ချယ့်ချယ့်က သူ့ကို အကြိမ်ပေါင်းထောင်ချီ နှိပ်စက်ခဲ့သော်လည်း သူက ချယ့်ချယ့်ကို အချစ်ဦးအဖြစ် သဘောထားခဲ့ပေသည်။


စာချုပ်အကြောင်းကြားသည့်အခါ စုပိုင်ချယ့်နှင့် စာချုပ်ချုပ်ရန် ဦးစွာတွေးမိသော်လည်း တစ်ဖက်လူက စိတ်ဝင်စားမှု မပြသပေ။ ထိုမျှသာမက စုပိုင်ချယ့်က ယခုအခါတွင် သူ့ပုံပန်းသွင်ပြင်ကို ပြောင်းလဲလိုက်သည်။ သူက ယခင်ကကဲ့သို့ ကြာပန်းဖြူလေးနှင့်တူရမည့်အစား အလွန် တည်ကြည်ခံ့ညားလာခဲ့သည်။


ဟွားကျန်းက ထိုကိစ္စနှင့်ပတ်သက်ပြီး အချိန်အတန်ကြာသည်အထိ ဝမ်းနည်းနေခဲ့သည်။ 

အဲ့လို မျက်နှာလှလှလေးကို ဒီလိုကြီးစွန့်ပစ်လိုက်ရလား...


ရှန်းလျိုရှန့်က သူ့ကို ဖျောင်းဖျနှစ်သိမ့်ပေးမည့်စိတ်ကူးမရှိဘဲ "ဪ" ဟုသာ ပြောလိုက်သည်။


ဟွားကျန်း ပို‌၍ ဝမ်းနည်းပက်လက်ဖြစ်သွားသည်။ ထိုအချိန်တွင် လက်ထဲ၌ ဓားကိုင်ထားပြီး အဖြူရောင်ဝတ်ရုံနှင့် လှပသော သွင်ပြင်ရှိသည့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။


" အလှလေးပါလား..."


ဟွားကျန်း ဝိုင်ခွက်ကို ပြန်ချထားလိုက်သည်။

" သွားတော့မယ်..."


ရှန်းလျိုရှန့် လှည့်ကြည့်လိုက်သည့်အခါ ထိုလူကိုင်ထားသောဓားကြောင့် ဓားဂိုဏ်းမှ လူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။

 

ယဲ့ပင်းရန်ကလည်း မကြာသေးမီအချိန်က အဆင့်တက်သွားနိုင်ခဲ့သည်ကို သူ သတိရသွားသည်။ ယခုအခါ သူ့ရှစ်ရှုန်း(လင်ယဲ့) က ထွက်ခွာသွားပြီဖြစ်၍ ယဲ့ပင်းရန်ကို ကျင့်ကြံရေးလောက၏ နံပါတ်တစ်အဖြစ် သတ်မှတ်ထားနိုင်ပေသည်။


ရှန်းလျိုရှန့် တွေးတောနေစဉ်မှာပင် လင်ယဲ့ထံမှ စာ‌တစ်စောင်က သူ့လက်ပေါ်ကျလာသည်။


လင်ယဲ့က ဤနှစ်ပိုင်းများတွင် ပင်မနယ်မြေတစ်လျှောက် ခရီးသွားလာ နေခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် နယ်မြေနှစ်ခုဆုံရာ၌ ထူးခြားသောဖြစ်စဉ်အချို့ဖြစ်နေ၍ သတိထားသင့်ကြောင်း စာထဲတွင်ပြောလာသည်။


" ဘာတွေကြည့်နေတာလဲ..."


ဖဲဝတ်ရုံနှင့် အမျိုးသားတစ်ယောက်က ဟွားကျန်း အစောပိုင်းတွင် ဝင်ထိုင်သွားသည့်နေရာ၌ ဝင်ထိုင်လိုက်သည်။ ထို့နောက် လက်ထဲမှယပ်တောင်ကို ခေါက်လိုက်ချိန်တွင် စားပွဲထိုးလေးက အမြန်ပြေးလာသည်။


စုပိုင်ချယ့်က ပြောလိုက်သည်။

" ဝိုင်ကောင်းနည်းနည်းပဲ ယူခဲ့ပါ..."


ဘေးနားမှဖြတ်သွားသူတိုင်းက "ဖိုချုန့်ဆိုင်ပိုင်ရှင်" ဟု တီးတိုးပြောသွားကြသည်။


ဤနှစ်ပိုင်းများတွင် ဖိုချုန့်ဆိုင်၏စီးပွားရေးက ပိုမိုကြီးမားကျယ်ပြန့်လာပြီး တစ်လောကလုံးမှ ရတနာများကို အိတ်ထဲကောက်ထည့်ထားနိုင်သည့်အဆင့်သို့ ရောက်လာသည်ဟု ဆိုလိုပေသည်။ အခြားလူများ၏ အပြောအရဆိုလျှင် ဆိုင်၏ အရှင်သခင်က ချောမောခံ့ညားကာ ဆွဲဆောင်မှုရှိပြီး အလှလေးသုံးထောင်ကျော်ပါဝင်သည့် မောင်းမဆောင်ကြီးတစ်ခု ရှိပေသည်။ 


ယျေဘုယျအားဖြင့်ဆိုရလျှင် စုပိုင်ချယ့်က ယခုချိန်၌ ပျော်ရွှင်သောဘဝတစ်ခု၌ နေနေရမည်ဖြစ်သော်လည်း ယခုက ထိုသို့ဟုတ်မနေပေ။


သူ ယခင်က ရှန်းလျိုရှန့်၏လှည့်စားခံလိုက်ရ၍ ယခုအချိန်ထိတိုင်အောင် အခြားလူများ၏ ထိန်းချုပ်ခံနေရသည်။ ကံအားလျော်သည်မှာ ရှန်းလျိုရှန့်က ရံဖန်ရံခါတွင် သူ့ထံမှ ရတနာများတောင်းယူသည်မှလွဲ၍ တားမြစ်ကန့်သတ်ချက် ကြီးကြီးမားမား မသတ်မှတ်ထားပေ။ 


မကြာသေးမီအချိန်တွင် မင်းသမီးလေးရှင်းလျန်က သားတော်တစ်ယောက် သမီးတော်တစ်ယောက် ဖွားမြင်ခဲ့၍ ရှန်းလျိုရှန့်က ဖိုချုန့်ဆိုင်ရှိ ရတနာအများစုကို ယူဆောင်သွားခဲ့သည်။


စုပိုင်ချယ့်က အရိုးနှင့်အသားများထဲထိတိုင်အောင် နာကျင်ခဲ့ရပေသည်။ ရှန်းလျိုရှန့်က ထိုပစ္စည်းများကို သူ့အားကာကွယ်ပေးရသည့်စရိတ်အဖြစ် ယူသွားခြင်းဟုလည်း ပြောပေသည်။


သူ့ဆိုင်မှလက်အောက်ငယ်သားများကြောင့်သာ မဟုတ်ပါက စုပိုင်ချယ့်မှာ ထိုကိစ္စကို လက်ခံလိုက်မည်မဟုတ်ပေ။ 


သို့ရာတွင် သူက အမှန်ပင်အထီးကျန်နေသူဖြစ်ပြီး တစ်ကမ္ဘာတည်းမှ တူတူရောက်လာသူကလည်း ရှန်းလျိုရှန့်တစ်ယောက်တည်းသာရှိသည်။


ရှန်းလျိုရှန့်နှင့်မတူညီသည်မှာ သူက ဤလောကနှင့်သက်ဆိုင်သည်ဟု မခံစားရခြင်းပင်။ အကြိမ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးသည့်နောက်တွင် ကောင်းကင်ဘုံသို့တက်ရန် နည်းလမ်းတစ်ခုတည်းသာ ရှိကြောင်း သိရှိခဲ့သည်။ ကံအားလျော်သည်မှာ ထုံရှီးကို ဖြေရှင်းပြီးသည့်နောက်တွင် ကမ္ဘာတစ်ခုမှ တစ်ခုသို့ကူးပြောင်းမှုအကြောင်း များစွာလေ့လာထားခဲ့၍ သူ ကောင်းကင်ဘုံသို့ တက်နိုင်ရန်က အနှေးနှင့်အမြန်သာဖြစ်သည်။


စုပိုင်ချယ့် တစ်ယောက်တည်းဖြစ်နေသည်ကို တွေ့သောအခါ ရှန်းလျိုရှန့်က တအံ့တဩဖြင့်ပြောလိုက်သည်။

" မင်းရဲ့ကိုယ်လုပ်တော်တွေရော ဘယ်ရောက်သွားတာလဲ..."


အတိတ်တွင် စုပိုင်ချယ့်ကို တွေ့သည့်အချိန်တိုင်း၌ မိန်းမလှလေးများကို ဘေးဘယ်ညာတွင် ပွေ့ဖက်ထားလေ့ရှိပြီး တစ်ကြိမ်နှင့်တစ်ကြိမ်လည်း လူမထပ်စေရပေ။ 


စုပိုင်ချယ့် ပခုံးတွန့်ပြလိုက်သည်။

" သူတို့ ပြဿနာရှာနေကြလို့ ငါ ဘယ်သူ့ကိုမှ မခေါ်လာရဲဘူး..."


ရှန်းလျိုရှန့် : " ဘာပြဿနာလဲ..."


" ငါ အရင်တုန်းက အရမ်းတုံးခဲ့တာလေ..."

စုပိုင်ချယ့် မျက်မှောင်ကြုတ်လိုက်သည်။

" အရင်ကတော့ သူတို့တွေက သဘောထားကြီးကြီးထားပြီး တစ်ယောက်နဲ့တစ်ယောက် သဝန်မတိုကြပါဘူးလို့ပြောတာကို ငါယုံခဲ့မိတာ ဒါပေမဲ့ အခုတော့ အကုန်လုံးက ငါ့ကိုအပိုင်လိုချင်နေကြတယ်... အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ငါ သူတို့ကို အလိုလိုက်တယ်ဆိုရင်တောင်မှ အကုန်လုံးနဲ့တော့ ဇနီးမောင်နှံအဖြစ် နေလို့မရဘူးလေ... ကိုယ်ပွားတွေ အများကြီးခွဲထားမှပဲရမယ်..."


ရှန်းလျိုရှန့် မေးစေ့ကိုပွတ်ပြီး တွေးနေလိုက်သည်။

" မင်းရဲ့ အနောက်ဘက်ခြံဝင်းထဲ မီးလောင်နေတာပေါ့..."


" သေချာတာပေါ့... သူတို့တွေ အခုဆို ရန်ပါဖြစ်နေကြပြီ.... သူတို့အဖေတွေအစ်ကိုတွေနဲ့ တစ်ဆွေလုံးတစ်မျိုးလုံးကိုပါ ဒီကိစ္စထဲ ဆွဲသွင်းလာပြီး ငါ့ကို ပြဿနာရှာနေကြတယ်... မင်းကတော့ ဒီလိုပြဿနာမျိုးကို နားလည်နိုင်မှာ မဟုတ်ပါဘူး..."


ရှန်းလျိုရှန့် : " နားလည်ဖို့လည်း မလိုလောက်တော့ပါဘူး..."

 

စုပိုင်ချယ့်၏ဆိုလိုရင်းက မရှင်းမလင်းဖြစ်နေ၍ သူ ခေါင်းခါလိုက်ပြီး တိတ်ဆိတ်စွာသာ သောက်နေလိုက်သည်။


ရှန်းလျိုရှန့်၏ အကြည့်များက လမ်းမထက်သို့ရောက်နေသည်။ လူအုပ်ထဲတွင် လူငယ်လေးတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရ၍ မျက်လုံးအပြူးသားဖြစ်သွားသည်။


" ဘယ်သွားမလို့လဲ..."

ရှန်းလျိုရှန့် လူအုပ်ထဲ တိုးဝင်ပျောက်ကွယ်သွားသည်ကို မြင်သည့်အခါ စုပိုင်ချယ့်က လှမ်းအော်ပြောလိုက်သည်။


ရှန်းလျိုရှန့် အနီးကပ်သွားကြည့်သောအခါ ထိုလူ၏ နောက်ကျောကသာ ကျိုးရွှမ်လန်နှင့်တူသည်မဟုတ်ဘဲ အရှေ့တည့်တည့်မှကြည့်လျှင်လည်း တူနေပေသည်။ သူ့ပုံစံက အသက် ၁၆နှစ် ၁၇နှစ်အရွယ်သာ ရှိသေးပြီး မျက်ခုံးမျက်လုံးကောင်းကောင်းနှင့် အလွန်ခံ့ညားလှပေသည်။


သူ့ညာဘက်တွင်လည်း ချစ်စရာကောင်းသည့် ကလေးမလေးတစ်ယောက်၏လက်ကိုဆွဲထားသည်။


ရှန်းလျိုရှန့် ထိတ်လန့်နေစဉ်မှာပင် ကျိုးရွှမ်လန်က သူ့နောက်မှ ရောက်လာသည်။

" ရှစ်စွမ်း ဘယ်ကိုကြည့်နေတာလဲ..."


ရှန်းလျိုရှန့်က မောင်နှမနှစ်ယောက်ကို လက်ညှိုးထိုးပြပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" သူတို့က မင်းရဲ့မျိုးနွယ်ကများလား... တစ်ချက်သွားကြည့်ကြည့်ပါဦး..."


ကျိုးရွှမ်လန် : " ကျွန်တော်တို့က မျိုးနွယ်တစ်ခုတည်းဆိုပေမယ့် တိုက်ရိုက်ကြီး အမျိုးတော်နေတာတော့ မဟုတ်ဘူး..."


" ဟုတ်လား..."

ရှန်းလျိုရှန့်က အတိတ်မှအကြောင်းများကို‌ တွေးလိုက်မိသည်။

" မင်း ကလေးဘဝတုန်းက အရမ်းအထီးကျန်နေခဲ့တာကို ငါမှတ်မိသေးတယ်... အဲ့အချိန်တုန်းက မင်းနဲ့မျိုးနွယ်တူတွေနဲ့သာ တူတူရှိနေရင် ပျော်ခဲ့ရမှာပဲ..."


ထိုစဉ်အချိန်က အရှေ့ပိုင်းကျတ်တီးမြေတွင် နေထိုင်ခဲ့ရသော အသက်၅နှစ်အရွယ် ကျိုးရွှမ်လန်မှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တစ်ယောက်တည်းထိုင်နေတတ်ပေသည်။ ရံဖန်ရံခါတွင် ခေါင်းမော့ပြီး ကောင်းကင်ယံမှ လမင်းကြီးကိုကြည့်ကာ သူ၏နက်စွေးစွေးမျက်ဝန်းထဲတွင် အထီးကျန်မှုတို့ ရှိနေသကဲ့သို့ ထင်ရပေဟ


ထိုအချိန်၌ လရောင်ကြောင့် မြေပြင်တွင် အရိပ်သေးသေးလေးတစ်ခု ကျနေသည်။


သူ့ပုံစံက ကျားပေါက်စလေးတစ်ကောင်နှင့် တူပေသည်။


" အဲဒွ အစပိုင်းလောက်ကပါပဲ..."

ကျိုးရွှမ်လန် ရယ်လိုက်သည်။

" နောက်ပိုင်းကျ ရှစ်စွမ်း ကျွန်တော့်ကို ခဏခဏ လာနှောင့်ယှက်တော့ အိမ်ကိုသိပ်မလွမ်းတော့ဘူး..."


ရှန်းလျိုရှန့်၏စိတ်ထဲတွင် ပြောလိုက်မိသည်။

ဒီကောင်လေးကတော့...


သူက ‌နဂါးပေါက်စလေး‌ရေကန်ထဲကို ကြည့်ပြီး တရားထိုင်နေပါက ထိုရေကန်ထဲသို့ ကျောက်တုံးများလှမ်းပစ်ပြီး လ‌မင်းကြီးကို မော့ကြည့်နေစဉ်တွင် သူ့မျက်လုံးများကို သစ်ကိုင်းသစ်ရွက်များနှင့်ကွယ်ခြင်းတို့ကိုသာ ပြုလုပ်ရုံဖြစ်သည်။

ဒါလေးတွေပဲ လုပ်တာကို...


" ဒါပေမဲ့ ကျွန်တော့်မှာ သူတို့ကိုမေးစရာရှိနေသေးတယ်..."

ကျိုးရွှမ်လန်က ပြောလိုက်သည်။


" သွားမေးလေ..."


ရှန်းလျိုရှန့်က ထိုမောင်နှမနှစ်ယောက်ကို သိချင်စွာဖြင့် ကြည့်နေသည်။ ကျိုးရွှမ်လန် သူတို့ရှိရာသို့ လျှောက်သွားချိန်၌ ရှုရှင်းချန်ထံမှ အသံပို့လွှတ်မှုတစ်ခု လက်ခံရရှိလိုက်သည်။

" ခမည်းတော် ခမည်းတော်... ခမည်းတော်ရဲ့ ပုံတူပန်းချီကားချပ်ကြီး လှုပ်လာပြီ..."


ရှန်းလျိုရှန့်  : "..."


ရှန့်ချီတောင်ရှိ နန်းတော်မှ ဧကရာဇ်ရှုရှင်းချန်၏အဆောင်တွင် တိယွင်ယွီ၏ ပုံတူပန်းချီကားချပ် ထားထား၏။ ရှုရှင်းချန် မနက်တိုင်း အိပ်ရာနိုးလာချိန်တွင် ပန်းချီကားကို ဂရုတစိုက်ကြည့်တတ်ပြီး ညအိပ်ရာဝင်ခါနီးတွင်လည်း စကားအချို့ပြောပြီးမှ အိပ်ရာဝင်ပေသည်။


" ပြတင်းပေါက်တွေပိတ်ထား ပြီးတော့ မလှုပ်နဲ့..."


ရှန်းလျိုရှန့်က အကြောင်းပြန်လိုက်ပြီးနောက် တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် လူတစ်ယောက်က သူ့ဘေး၌ တိတ်ဆိတ်စွာပေါ်လာပြီး သူ့ပခုံးကိုကိုင်လိုက်သည်။


ရှန်းလျိုရှန့် အံ့အားသင့်သွား၍ လှည့်ကြည့်လိုက်စဉ်မှာပင် သူ့အမြင်အာရုံတစ်ခုလုံး အမှောင်ဖုံးသွားတော့၏။