Villain Shizun (Extra -8)
၎င်းက မည်သည့်အရာများဖြစ်ကြောင်း သိလိုက်ရသည့်အခါ ယွီဖူရှန့်၏စိတ်ထဲတွင် သူ့ကိုယ်သူ ကျိန်းသေပေါက် အပြစ်ပေးခံရသင့်သူဟု တွေးလိုက်မိသည်။
သို့ရာတွင် သူ ဂရုမစိုက်ချေ။
ယွီဖူရှန့်က သူ့ရင်ခွင်ထဲမှလူကို တင်းကြပ်စွာဖက်ထားလိုက်ပြီး သူ၏ချောမောခံ့ညားသော မျက်နှာက အေးစက်ခက်ထန်လာပြီး မျက်ဝန်းများထဲတွင်လည်း ရူးနှမ်းမှုများဖြင့် ပြည့်လာသည်။
အကယ်၍ ဖန်ကျုံးချင်းကို သူပိုင်ဆိုင်ရန် ကံကြမ္မာမဖန်လာခဲ့ပါက အနည်းဆုံး သူ့ကိုထာဝရမှတ်မိနေစေချင်သည်။
သူ့ရင်ခွင်ထဲရှိ တောင့်မခံနိုင်သောလူက မရုန်းကန်နိုင်တော့၍ အသံတိုးတိုးလေးဖြင့် အော်ညည်းနေသည်။
ယွီဖူရှန့်၏မျက်လုံးများက နီရဲနေပြီး လက်ဖျားများပါ ပူနွေးနေပေသည်။ သူက အချိန်အတန်ကြာသည်အထိ မပြီးဆုံးနိုင်ဖြစ်နေ၍ ဖန်ကျုံးချင်း သတိလစ်သွားတော့သည်။ သူ၏ ဖြူဖွေးနေသောပါးပြင်ထက်တွင် မျက်ရည်စီးကြောင်းများဖြင့်ပြည့်နေပြီး မျက်ခုံးနှစ်ခုအကြားမှ အမှတ်အသားက သွေးရောင်သန်းနေသည်။ နှုတ်ခမ်းများကလည်း ကိုက်ဖဲ့ခံထားရသောကြောင့် ကွဲကုန်သည်။
ယွီဖူရှန့် သူ့ကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေလိုက်ပြီးမှ ဝတ်ရုံကို ဖန်ကျုံးချင်း၏ကိုယ်ပေါ်ခြုံပေးလိုက်ကာ အိပ်ရာထက်မှ ပွေ့ချီသွားပြီး ဆေးကြောသန့်စင်ပေးလိုက်သည်။
ဖန်ကျုံးချင်း အိပ်ရာနိုးလာချိန်၌ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။ ခေါင်းအသာလှည့်လိုက်သည့်အခါ ယွီဖူရှန့်က သူ့ကိုရင်ခွင်ထဲထည့်ပြီး လက်နှစ်ဖက်ကလည်း ခါးကိုပွေ့ဖက်ထားသည်ကိုတွေ့၍ ငြိမ်ကျသွားသည်။
အချိန်ကြာသည့်အခါ ယွီဖူရှန့်၏မျက်လုံးများပွင့်လာသည်။
" မင်း ဘာလုပ်ချင်လို့လဲ..."
ဖန်ကျုံးချင်း၏ မျက်လုံးများက နွမ်းလျနေပုံရပြီး အသံကလည်း အက်ရှရှဖြစ်နေသည်။
" ငါ ထွက်သွားချင်တယ်..."
သူ၏ ဝိညာဉ်စွမ်းအင်က အပြည့်အဝ ပြန်လည်မကောင်းမွန်သေးသည့်အပြင် ယွီဖူရှန့်ကလည်း သူ့ကိုထွက်သွားခွင့်မပြုပေ။ သို့ဖြစ်၍ ထွက်သွားရန် အခက်တွေ့နေသော်လည်း ယခုအချိန်၌ သူ ယွီဖူရှန့်၏ဘေးတွင် မနေချင်ပေ။
ယွီဖူရှန့်က အသံတိုးတိုးဖြင့် "အင်း" ဟု ပြန်ဖြေလိုက်သည်။ သူထင်ထားသည့်အတိုင်းပင် ယွီဖူရှန့်က ဂရုမစိုက်သော အမူအရာဖြင့် သူ့ကိုလွှတ်ပေးလိုက်ပြီး အိပ်ရာပေါ်မှ အနက်ရောင်ဓားမြှောင်တစ်ချောင်းကို သူ့လက်ထဲ ထည့်ပေးလာသည်။
ဖန်ကျုံးချင်း ထိုဓားမြှောင်ကို မှတ်မိ၏။ ၎င်းဓားမြှောင်ကို ယွီဖူရှန့်အတွက် မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ခြင်းဖြစ်သည်။
" ဘာလုပ်မလို့လဲ..."
ယွီဖူရှန့် : " ငါ့ကိုသတ်ပြီးရင် ထွက်သွားနိုင်ပြီ..."
ဖန်ကျုံးချင်း သူ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။
ယွီဖူရှန့်က စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ သူ့လက်ပေါ်မှအုပ်ကိုင်ကာ ဓားမြှောင်အဖျားကို နှလုံးသားရှိသည့်နေရာတည့်တည့်သို့ ချိန်ထားလိုက်သည်။
ထိုဓားမြှောင်က အလွန် စွမ်းအားကြီးသောကြောင့် သံမဏိနက်ကိုပင် အလွန်တကူ ခုတ်ပိုင်းနိုင်ပေသည်။ ယွီဖူရှန့်၏ရင်ဘတ်နှင့် ဓားအဖျားထိသည်နှင့် အသွေးအသားများကို ဖြတ်တောက်လာသောကြောင့် သူ၏ အတွင်းဝတ်ရုံပေါ်တွင် အနီရောင်သွေးစက်များ စွန်းထင်းလာသည်။
ဖန်ကျုံးချင်း၏အကြည့်က သွေးထွက်လာသည့်နေရာသို့ရောက်သွားပြီး ဓားကို အလိုလိုလွှတ်လိုက်သော်လည်း ယွီဖူရှန့်က သူ့လက်ကိုတင်းကြပ်စွာကိုင်ထားပြီး လုံးဝခုခံခြင်းမပြုပေ။
ဖန်ကျုံးချင်း : " ရပ်လိုက်တော့..."
" ရွေးချယ်စရာ မရှိတော့ဘူး..."
ယွီဖူရှန့်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" ငါမင်းကို လွှတ်ပေးဖို့ စိတ်ကူးမရှိဘူး...မင်း ထွက်သွားချင်တယ်ဆိုရင် ငါ့ကိုသတ်ပစ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး... မင်းရဲ့ဝိညာဉ်စွမ်းအင်တွေ ပြန်ရလာဖို့ စိတ်မကူးနဲ့ ငါမင်းကို ပေးမှာမဟုတ်ဘူး... မင်းမှာ အခု အခွင့်အရေးရှိသေးတယ်..."
ဖန်ကျုံးချင်း၏ အကြည့်များက စူးရှလာသည်။
" ငါ့ဘာသာ အခွင့်အရေးကိုရှာလိုက်ပါ့မယ်..."
ယွီဖူရှန့်က ရှေ့မတိုးနောက်မဆုတ်ဖြစ်နေသော အခြေအနေသို့ရောက်နေ၍ အေးအေးဆေးဆေးသာ ပြောလာသည်။
"အဲတော့ မင်းအခု ငါ့ကိုမသေစေချင်တော့ဘူးပေါ့လေ... မနေ့ညကတော့ ငါ့အောက်မှာငိုယိုနေပြီးတော့ ငါ့ကိုသတ်ချင်တယ်လို့ ပြောတယ်လေ..."
ဖန်ကျုံးချင်း၏ အမူအရာက ပြောင်းလဲသွားပြီး သူ့ကို တုန်လှုပ်နေသည့် မျက်လုံးများဖြင့် ကြည့်လာသည်။
ယွီဖူရှန့် သက်ပြင်းချလိုက်မိ၏။
" မင်း နားမလည်သေးဘူးပဲ... ငါတို့တွေ အတိတ်ကအချိန်ကို ပြန်သွားလို့ မရနိုင်တော့ဘူး... ငါ ခဏတာ ရူးနှမ်းပြီး စိတ်လိုက်မာန်ပါ လုပ်လိုက်တာမျိုးမဟုတ်ဘူးနော်... ငါ့ကိုလည်း မင်း ကယ်နိုင်မယ်လို့ တွေးမနေနဲ့..."
သူ ဖန်ကျုံးချင်းကို စူးစူးရဲရဲစိုက်ကြည့်နေပြီး ခြိမ်းခြောက်စကားများ ပြောလာသည်။
" တကယ်လို့ မင်းငါ့ကိုမသတ်ဘူးဆိုရင် ငါ အသက်ရှင်နေသရွေ့ မင်းကို လိုချင်တပ်မက်စိတ်က ထိန်းမနိုင်သိမ်းမရ ဖြစ်နေဦးမှာပဲ... မနေ့ညက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လိုမျိုး အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထပ်ခါတလဲလဲဖြစ်နေဦးမှာ..."
ဖန်ကျုံးချင်း၏မျက်နှာက ဖြူဖျော့နေပြီး သူ့အမူအရာက ပျာယာခတ်သွားသည်။
ယွီဖူရှန့် ခဏစောင့်နေပြီးနောက် ဖန်ကျုံးချင်းက ဓားမြှောင်ကို တင်းကြပ်စွာကိုင်လိုက်သည်ကို တွေ့လိုက်ရသည်။
ယွီဖူရှန့်၏မျက်နှာထက်တွင် စိတ်ကျေနပ်သွားသည့် အပြုံးတစ်ခုဖြစ်လာပြီး သူ့ရင်ဘတ်တွင် သွေးများစွာထွက်လာသည်နှင့်အမျှ ပိုမိုရူးနှမ်းသည့် အမူအရာမျိုးကို ပြသလာသည်။
ယွီဖူရှန့် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဓားမြှောင်ဖြင့် သူ့နှလုံးသားကို ထိုးဖောက်လိုက်ချိန်၌ ဖန်ကျုံးချင်းက သူနှင့်အနီးကပ်ဆုံးနေရာတွင် ရှိနေလိမ့်မည်ဟု တွက်ချက်လိုက်သည်။
ထိုလူကို နောက်ဆုံးအကြိမ်အနေဖြင့် ပွေ့ဖက်သွားချင်နေမိသည်။
သို့ရာတွင် သူ့စိတ်ကူးထဲမှ ဓားမြှောင်က အဝေးသို့ ပစ်ထုတ်ခံလိုက်ပြီး ဓားမြှောင်အစား ဖန်ကျုံးချင်းက ရင်ခွင်ထဲဝင်လာကာ သူ့ကို ပွေ့ဖက်လိုက်သည်။
ယွီဖူရှန့် အံ့အားသင့်သွားပြီး ရုတ်ချည်းပြောင်းလဲသွားသည့် အဖြစ်အပျက်များကြောင့် ထိတ်လန့်နေမိသည်။ သူ့နှုတ်ခမ်းပါးထက်မှ အပြုံးက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူ့အမူအရာက ပြောစရာစကားပျောက်ရှနေသည့်ဟန် ဖြစ်သွားသည်။
" ငါမင်းကို မသတ်ရက်ပါဘူး..."
ဖန်ကျုံးချင်းက တိုးညှင်းစွာပြောလိုက်သည်။
ယွီဖူရှန့်၏ နှုတ်ခမ်းပါးများ အနည်းငယ်လှုပ်ရှားသွားသည်။
" မင်းက စိတ်ပျော့လွန်းတယ် ကျုံးချင်း..."
" ဟုတ်လား..."
ဖန်ကျုံးချင်း သူ့ပခုံးပေါ် မေးတင်လိုက်ပြီး မျက်လုံးများပိတ်လိုက်သည်။
" ဒါပေမဲ့ မင်းက ငါ့ဘဝအတွက် အရေးကြီးဆုံးလူဖြစ်လာဖို့ အချိန် ၂၃နှစ်တောင်ကြာခဲ့တာပဲ... အခုချိန် ငါ မုန်းတဲ့ကိစ္စတစ်ခုခု လုပ်လိုက်မယ်ဆိုရင်တောင် ငါမင်းကို မမုန်းနိုင်တော့ဘူး..."
ယွီဖူရှန့် အံ့အားသင့်သွားမိသည်။ အစောပိုင်းမှဓားမြှောင်က အဝေးသို့ ရောက်သွားခြင်းမဟုတ်ဘဲ ဖန်ကျုံးချင်း၏စကားများနောက်လိုက်ပြီး သူ့နှလုံးသားကို ထိုးစိုက်နေပုံကသည်။
စကားလုံးတစ်လုံးပြောတိုင်း သူ့နှလုံးသားကို ထိုးစိုက်နေသည်နှင့်တူ၍ နာကျင်မှုကြောင့် ပြောစရာစကားပင် မဲ့ကုန်၏။
အချိန်အတန်ကြာအောင် တွေးတောနေပြီးသည့်နောက်တွင် ယွီဖူရှန့်က လက်လျှော့လိုက်ဟန်ဖြင့် ပြောလာသည်။
" ကောင်းပါပြီ... ငါမင်းကို သွားခွင့်ပြုပါ့မယ်..."
သူ့မျက်လုံးများက ကတ္တီပါနီရောင်သန်းနေပြီး ရင်ခွင်ထဲမှလူကို တင်းကြပ်စွာပွေ့ဖက်ထားကာ စကားလုံးတစ်လုံးချင်း တဖြည်းဖြည်းပြောလိုက်သည်။
" ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ဝေးဝေးကိုသွားပါ ငါ့ကိုဘယ်တော့မှ ထပ်လာမတွေ့နဲ့တော့... ငါ မင်းကို ရှာမတွေ့သွားပါစေနဲ့..."
ဖန်ကျုံးချင်း : " ကောင်းပါပြီ... မင်းလည်း ဓားဂိုဏ်းကိုပြန်တော့လေ..."
.....
ယွီဖူရှန့်က ဓားဂိုဏ်းသို့ပြန်သွားခဲ့သော်လည်း နတ်ဆိုးလောကသို့ အသွားအလာရှိနေဆဲဖြစ်သည်။ သူ ဖန်ကျုံးချင်းကို အရူးတစ်ယောက်သဖွယ် လွမ်းဆွတ်နေသော်လည်း ကံဆိုးသည်မှာ တစ်ဖက်လူက မရှိတော့ပေ။
သူတို့နှစ်ယောက်လုံးက ကောင်းကင်ဘုံသို့တက်သည့်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေခဲ့သည်။
ယွီဖူရှန့်က နတ်ဆိုးကျင့်စဉ်များကိုကျင့်ခဲ့မိ၍ သူ့ကိုယ်တွင်းနတ်ဆိုးများ ရှိနေသေးသောကြောင့် ကောင်းကင်ဘုံသို့တက်နိုင်ရန် ခက်ခဲနေသည်။
ထိုအချိန်၌ ဖန်ကျုံးချင်း၏ တပည့်ငယ်လေးက အရှေ့ပိုင်းကျတ်တီးမြေမှ ပြန်ရောက်လာသည်။ ချောင်းယွင်တောင်ထွတ်တွင် တစ်ယောက်နှင့်တစ်ယောက် မှီခိုနေထိုင်နေကြသည့် ညီအစ်ကိုနှစ်ယောက်ကိုမြင်သည့်အခါ သူ့စိတ်ထဲတွင် ဝိညာဉ်အမှတ်အသားအကြောင်း ရုတ်တရက် တွေးမိသွားသည်။
ဖန်ကျုံးချင်း၏ အကျင့်စရိုက်အရဆိုလျှင် သူအမြဲတစေ ပူပန်နေရသည့် တပည့်ငယ်လေးပေါ်တွင် သူ့ဝိညာဉ်အမှတ်အသားကို ချန်ထားရစ်ခဲ့နိုင်ပေသည်။
ထိုအတွေးကြောင်း ယွီဖူရှန့်က သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဖြစ်ပြီး ဝိညာဉ်အမှတ်အသား(ဝိညာဉ်ချိပ်စည်း)ကို ရှာဖွေလိုသော်လည်း နောက်ဆုံးတွင် ထိုတပည့်ငယ်လေးကို ဘာမှမလုပ်ခဲ့ပေ။
အကယ်၍ ဖန်ကျုံးချင်းသိပါက သူ့ကိုစိတ်ဆိုးမည်ဖြစ်သောကြောင့် စိတ်ဆိုးခံရမည့်ကိစ္စများကို မပြုလုပ်ချင်ပေ။
ယွီဖူရှန့်က လှိုဏ်ဂူထဲသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။ ဆယ်နှစ်ကျော်ကြာပြီးသည့်နောက်တွင် သူ့ကိုယ်တွင်းမှနတ်ဆိုးက ပိုမိုစွမ်းအားကြီးလာခဲ့ပေသည်။ သူ နေ့တိုင်းနီးပါး စိတ်လွတ်သွားတတ်ပြီး သူ့ကိုယ်တွင်းနတ်ဆိုး၏ ထိန်းချုပ်မှုကို ခံနေရတော့၏။
ရံဖန်ရံခါ၌ သူ့ကိုယ်သူ မည်သူဖြစ်သွားမှန်းပင် မသိတော့ပေ။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရန်အတွက် တစ်ခုတည်းသော ပြုလုပ်နိုင်သည့်အရာက အခြားလူများကို အန္တရာယ်မပေးမိစေရန်အတွက် လှိုဏ်ဂူထဲတွင် နေနေခြင်းသာဖြစ်သည်။
သို့ရာတွင် ဖန်ကျုံးချင်း၏ တပည့်ငယ်လေးက သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဝိညာဉ်အမှတ်အသားအပေါ် သူ၏စွဲလန်းမှုက အလွန်ပြင်းထန်လာသည်။ သူ့နှလုံးသားထဲမှ အရိုင်းဆန်သောစိတ်များကို မထိန်းချုပ်ထားနိုင်ခဲ့သောကြောင့် ထိုတပည့်ငယ်လေးကိုဖမ်းဆီးကာ ဝိညာဉ်ရှာဖွေနည်းစနစ်ကိုသုံး၍ သူ့ဝိညာဉ်ကို တစ်လက်မကျန် စစ်ဆေးပြီး ဝိညာဉ်အမှတ်အသားနှင့်ပတ်သက်သည့် သဲလွန်စများကို ရှာဖွေရန် ကြိုးပမ်းခဲ့သည်။ ကံဆိုးသည်မှာ ဝတ်ရုံနက်ဝတ်လူငယ်လေးက သူ့အစီအစဉ်များကို လာရောက်ဖျက်ဆီးခြင်းပင်။
ထိုလူငယ်လေးက နဂါးမျိုးဆက်ဖြစ်သော်လည်း ငယ်ရွယ်ကာ အားနည်းနေသေး၍ သတ်ပစ်၍ ရနိုင်ပေသည်။
သို့ရာတွင် တစ်ဖက်လူကိုမြင်သည့်အခါ သူတို့မန်ယိုတောင်ကြားတွင်ရှိစဉ်က ဖန်ကျုံးချင်း အသတ်မခံရစေရန် အသက်နှင့်ရင်း ကာကွယ်ပေးခဲ့သည့် သူ့ကိုယ်သူ ပြန်မြင်ယောင်လာမိသည်။
သို့ဖြစ်ရာ ယွီဖူရှန့် လက်လျှော့လိုက်ပြီး နောက်ဆုံး၌ အရံအတားထဲတွင်သာ ပိတ်လှောင်နေခဲ့သည်။ အမှန်တွင် ထိုအရံအတားထဲမှ ထွက်ပြေးရန် မခက်ခဲလှသော်လည်း သူကိုယ်တိုင်က ဆန္ဒမရှိခြင်းဖြစ်သည်။
သူ့လမ်းစဉ်က သူ့ကို စွန့်ခွာသွားပြီဖြစ်ရာ နှစ်ပေါင်းများစွာ ကြာပြီးချိန်၌ ပင်ပန်းနွမ်းနယ်လာတော့သည်။
ယွီဖူရှန့်က အရံအတားထဲတွင်သာ နေထိုင်ခဲ့သောကြောင့် နှစ်များစွာ ကြာပြီးသည့်အခါ သူ့စိတ်အခြေအနေက တည်ငြိမ်အေးချမ်းလာခဲ့သည်။
တစ်ရက်တွင် ယဲ့ပင်းရန်က အဖြူရောင်ဝတ်ရုံဝတ်လျက် ပုံစံပေါင်းစုံနှင့် နှင်းလူသားအရုပ်လေးများပါဝင်သည့် သေတ္တာဘူးတစ်ခုကို ယူလာသည်။
" ဆရာ ဒါက တပည့်ရဲ့ အနှစ်သက်ရဆုံးလူဆီက ရလာခဲ့တဲ့ လက်ဆောင်လေးပါ..."
ယွီဖူရှန့်၏ မျက်လုံးများက အရံအတားကို ဖြတ်ကျော်ကြည့်လိုက်စဉ်တွင် ယဲ့ပင်းရန်ပြောသည်ကို ကြားလိုက်ရသည်။
" သူ ကျွန်တော့်ကို ဒီလက်ဆောင်လေးပေးခဲ့တာက လောကမှာ သူတစ်ယောက်တည်းမဟုတ်ဘဲ တခြားလူတွေလည်း ရှိသေးတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်စေချင်လို့ ထင်ပါတယ်... ကျွန်တော်ကလည်း နှင်းတောထဲမှာ တစ်ယောက်တည်း ဓားရေးလေ့ကျင့်နေတဲ့ ကလေးတစ်ယောက် မဟုတ်တော့ဘူးလေ... ကျွန်တော့်အနားမှာ လူတွေအများကြီး ရှိလာပြီ ဆရာ၊ ဂိုဏ်းချုပ်၊ ရှစ်ရှု့၊ ရှစ်တိတို့တွေပေါ့..."
" ဆရာလည်း တစ်နေ့မှာ ရှင်းရှင်းလင်းလင်း သိမြင်လာနိုင်ဖို့ ကျွန်တော် မျှော်လင့်မိတယ်..."
ယွီဖူရှန့်က သူ့ကို မျက်လုံးများမှေးကျဉ်းကြည့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောပေ။ သူ့နှုတ်ခမ်းများ အနည်းငယ်တွန့်ကွေးသွားပြီး လှောင်ပြုံးလော မနာလိုသည့်အပြုံးလော မရှင်းလင်းသည့် အပြုံးတစ်ခု ဖြစ်တည်လာသည်။
မတူဘူး...
သူက ယဲ့ပင်းရန်နှင့် ကွာခြားလှသည်။
ယဲ့ပင်းရန်က သူ့လက်ဖြင့်တည်ထောင်ခဲ့သော ဓားဂိုဏ်းထဲတွင် ကြင်နာသော အကြီးအကဲများနှင့် နေထိုင်ခဲ့ရပြီး တပည့်များအချင်းချင်းကလည်း သဟဇာတရှိပေသည်။ သို့ရာတွင် ယွီဖူရှန့် ကောင်လေးဘဝက နေထိုင်ခဲ့ရသည့် ဓားဂိုဏ်းမှာ နေရာတစ်ခုရရန်အတွက် အသည်းအသန်တိုက်ခိုက်နေရပြီး တပည့်များကြားတွင် အဆင့်အတန်းမတူညီပါက ခွဲခြားဆက်ဆံမှုများလည်း ရှိခဲ့ပေသည်။
သူက အကွက်ဆင်ခံခဲ့ရပြီး အခြားလူများ၏ အပြစ်ကိုလည်း သူ့အပေါ် ပုံချခံခဲ့ရသည်။ သူ ကြီးပြင်းလာသည့်လောကတွင် ကြင်နာတတ်သူ များစွာမရှိပေ။
သူက ကလေးဘဝတည်းက စွန့်ပစ်ခံခဲ့ရသူဖြစ်၍ ခက်ခဲကြမ်းတမ်းသော ဘဝခရီးကို လျှောက်လှမ်းခဲ့ရသည်။ အင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်နိုင်ရန်အတွက်လည်း အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ခဲ့ရပြီး ဝင်ခွင့်ရချိန်တွင်လည်း နောက်ဆုံးမှဖြစ်နေ၍ အားလုံးအတွက် ရယ်စရာဖြစ်ခဲ့သည်။
သူနှင့်ဂိုဏ်းတစ်ခုတည်းသားများက နာမည်ကြီး မိသားစုများတွင် မွေးဖွားလာကြသူများဖြစ်၍ အဝတ်အစားကောင်းကောင်းများ ဝတ်ဆင်နိုင်ကြပြီး သူ တစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးသည့် အဆင့်မြင့်မှော်လက်နက်များပါ ပိုင်ဆိုင်ကြသည်။
ပါရမီရှင်များစွာနှင့် ပြည့်နေသော ဓားဂိုဏ်းတွင် သူ့ထံ၌ရှိသော အရည်အချင်းအသေးစားလေးက အမှိုက်နှင့်တူနေ၍ မထင်ရှားဆုံးလူတစ်ယောက် ဖြစ်လာခဲ့ရသည်။
ရှေးဟောင်းလျှို့ဝှက်နယ်ပယ်သို့ ဝင်ရောက်နိုင်ချိန်မှသာ နောက်ဆုံး၌ ကံကောင်းခဲ့သောကြောင့် လျှို့ဝှက်ကျင့်စဉ်တစ်ခုကို ရရှိခဲ့ပေသည်။
သို့ရာတွင် ဤလျှို့ဝှက်ကျင့်စဉ်က မှော်မန္တန်တစ်မျိုးဖြစ်ပြီး အသက်ဓာတ်များရှိသည့်နေရာများကိုလည်း သူ ရှာတွေ့ခဲ့သည့်စာလိပ်ထဲတွင် ဖော်ပြထားသည်။ ဤကျင့်စဉ်ဖြင့် ကိုယ်တွင်းမှနတ်ဆိုးများကို အလွယ်ထုတ်လုပ်နိုင်ပြီး အလွယ်တကူလည်း ထိန်းချုပ်နိုင်ပေသည်။ တစ်ကြိမ်ကျင့်ကြံပြီးသည်နှင့် ပြန်လမ်းမဲ့လမ်းပေါ်သို့ လျှောက်လှမ်းလိုက်ခြင်းနှင့် တူပေသည်။
ယွီဖူရှန့်က သူ့ကိုယ်တွင်းနတ်ဆိုးများကို မထိန်းချုပ်နိုင်ရာမှ ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို သတိမပြုခဲ့မိပေ။
သူ တွန့်ဆုတ်နေခဲ့မိသော်လည်း ရွေးချယ်စရာ မရှိပေ။
မြင့်မြတ်လှသော ဓားဂိုဏ်း၏ သခင်ငယ်လေးက သူ့ကိုသတ်ချင်နေသည်ဖြစ်ရာ ဤနတ်ဆိုးကျင့်စဉ်ကို ထိုအချိန်တွင် မကျင့်ခဲ့ပါက ကိစ္စတုံးသွားနိုင်ပေသည်။
ယနေ့တိုင်အောင်အထိ ယွီဖူရှန့်က ဤနတ်ဆိုးကျင့်စဉ်ကိုကျင့်ခဲ့ရသည်အား နောင်တမရခဲ့ပေ။ သူ နောင်တရခဲ့သည့် တစ်ခုတည်းသောအရာမှာ သူ့လမ်းစဉ်ကို ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
ထိုသို့အရေးကြီးသောအရာကို အဘယ့်ကြောင့် ဆုံးရှုံးခဲ့ရသည်ကို မသိတော့ပေ။ ထိုအကြောင်းတွေးလိုက်သည့်အခါ သူ့စိတ်ထဲ အနည်းငယ် မကျေမနပ်ဖြစ်လာမိသည်။
" မင်း ငါ့ကို အရင်ဆွပေးခဲ့တာ သိသာနေတာပဲ..."
ဖန်ကျုံးချင်းက သူ့ကိုဦးစွာနမ်းခဲ့ပြီး သူ့စိတ်ကို လှုံ့ဆော်ခဲ့သော်လည်း အဆုံးတွင် မှားယွင်းနေသည့်လူက သူဖြစ်နေခဲ့သည်။
ယွီဖူရှန့် တစ်ညတာလုံး အရိုင်းဆန်သည့် အတွေးများတွေးကာ အိပ်မွေ့ချခံရသည့်သဖွယ် ဖြစ်နေခဲ့သည်။ သူ မိန်းမောမှင်သက်နေစဉ်တွင် ပုံရိပ်တစ်ခုက သူ့နားရောက်လာသည်ကို ခံစားမိလိုက်သည်။ ထိုပုံရိပ်က သူနှင့် ရင်းနှီးနေသည်ဟု ထင်ရပြီး သူ့လက်ဖဝါးများနှင့် ပါးပြင်မှ အပူချိန်ကလည်း ထပ်တူဖြစ်သည်။
ယွီဖူရှန့်၏ မသိစိတ်က အလိုလို လက်ဆန့်ထုတ်ပြီး ဝတ်ရုံစကို လှမ်းဆွဲလိုက်ချိန်၌ လေကိုသာဖမ်းမိသွားသော်လည်း လက်ချောင်းသွယ်သွယ်များက တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
မန်ယိုတောင်ကြားတွင် မိုးရေများကြား၌ ဒူးထောက်ကာ အခြားလူများ၏ အပြစ်ကို ခံယူနေရသည့်တွင် အဖြူရောင် ဝတ်ရုံနှင့်ကောင်လေးကို သူဘေးနားတွင် နေခိုင်းခဲ့သည့်အချိန်ကို တွေးမိသွားသည်။ သို့ရာတါင် ထိုအချိန်က သူ့ထံတွင် မည်သည့်အရာမှ မရှိသည့်အပြင် ယုံကြည်ချက်လည်း မရှိခဲ့သောကြောင့် ထိုလူကိုသာ မှီခိုခဲ့ရသည်။
သို့သော် ဤထိုစဥ်အချိန်၌ ကောင်းကင်ဘုံ၏သားတော်လေးက သူ့ဘေးနားတွင် မငြီးမငြူနေပေးခဲ့သည်။
ယခုအချိန်၌ သူ ပင်မနယ်မြေ၏ ထိပ်ဆုံးတွင် ရပ်တည်နေနိုင်လာသော်လည်း ယခင်ကကဲ့သို့ ဘာမှမပိုင်ဆိုင်ထားခဲ့သည့် ကောင်လေးသဖွယ် စကားလုံး အချို့ကို တိုးလျစွာရေရွတ်လိုက်သည်။
" ငါနဲ့ ငါနဲ့ ခဏလောက်ပဲ နေပေးပါ..."
ရုတ်တရက် သက်ပြင်းချသံတစ်သံကို သူ ကြားလိုက်ရသည်။
မိုးရွာနေခဲ့တဲ့ အဲဒီညတုန်းကလိုမျိုးပေါ့...
🌸🌸🌸🌸🌸
ရေးနေရင်း စိတ်တွေမွန်းကြပ်လိုက်တာ😭
ကိုယ်ကတော့ စိတ်ချမ်းသာအောင်ဖြည့်တွေးလိုက်ပါတယ် ပုံရိပ်တစ်ခုကို တွေ့ပြီး သက်ပြင်းချသံလည်း ကြားလိုက်ရတယ်ဆိုတော့ နတ်ဆိုးစွမ်းအင်တွေ မရှိသလောက်နီးပါးဖြစ်ပြီး စိတ်တည်ငြိမ်အေးချမ်းသွားတဲ့ ယွီဖူရှန့်နားကို ဖန်ကျုံးချင်းက ပြန်ရောက်လာခဲ့တယ်ပေါ့လေ မန်ယိုတောင်ကြားမှာ ယွီဖူရှန့် သူ့နားနေခိုင်းတုန်းက မိုးရေထဲ တူတူ ထိုင်နေပေးခဲ့သလိုမျိုး🥺💙