Chapter 245
ကျိလဲ့ယွီက ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်နေလေသည်။ သူ ဖန်ရှင်းက ကြမ်းပြင်ပေါ် တွန်းချခံရသည်ကအစ ငိုကြွေးသည်ကအလယ် အိမ်သာသို့ပြေးသည်ကအဆုံး ကြည့်နေလေသည်။
သူက အကြောင်းမဲ့လှောင်ပြောင်နေသော ကောင်လေး၏ရယ်မောသံများကို ကြားနေရသော်လည်း ဘာမှမပြော၊ ဘာမှမလုပ်ချေ။ သူ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး ခေါင်းလောင်းမြည်သံ ထပ်ကြားလိုက်ရသောအခါ သူ့စာသင်ခန်းသို့ ပြန်သွားလိုက်သည်။
***
ကျိလဲ့ယွီ တန်းခွဲသုံးသို့ တတိယအကြိမ်ရောက်လာပြန်ပြီဖြစ်သည်။ ဖန်ရှင်းကို အနိုင်ကျင့်နေသော အုပ်စုက နောက်ဆုံးတွင် သူ့ကို သတိထားမိလာလေသည်။
သူတို့က ကြမ်းပြင်ပေါ်သို့ အကန်ခံထားရသော ဖန်ရှင်းကို ကြည့်လိုက်ပြီး မလှမ်းမကမ်းမှ မျက်နှာအမူအရာကင်းမဲ့ပြီး လှပသည့်ကလေးကို ကြည့်လိုက်သည်။
"အတန်းဖော် ဘာလို့ ငါတို့ကို စိုက်ကြည့်နေတာလဲ..."
သူက ဖန်ရှင်းကို ထပ်မံကန်လိုက်၏။
"မင်းက သူ့ကို ကူညီချင်လို့လား..."
ဖန်ရှင်းက တစ်ဖက်လူကို မျှော်လင့်တကြီး ကြည့်လိုက်သော်လည်း တစ်ဖက်လူ၏မျက်လုံးထဲမှ မနှစ်မြို့မှုများကိုသာ တွေ့လိုက်ရလေသည်။
"မဟုတ်ဘူး..."
ကျိလဲ့ယွီက တည်ငြိမ်စွာ ပြောလိုက်ပြီး ဖန်ရှင်းကို ရက်စက်သည့်အပြုံး ပြုံးပြလိုက်သည်။
"ငါ ကြည့်ချင်ရုံပဲ..."
ဖန်ရှင်း၏မျက်လုံးထဲမှ အလင်းရောင်က ချက်ချင်းဆိုသလို မှုန်မှိုင်းသွားလေသည်။
ထိုမြင်ကွင်းကို ကြည့်ကာ ကျိလဲ့ယွီ၏နှုတ်ခမ်းထောင့်က ကွေးညွှတ်လာပြီး အမုန်းတရားများနှင့်မနှစ်မြို့မှုများက မျက်လုံးထဲမှ သွန်ကျလာလေသည်။
ထိုအခါ အုပ်စုထဲမှ ကောင်လေးတစ်ယောက်က ပြောလိုက်သည်။
"မင်း ကြည့်ရတာ ဒီကောင်ကို မကြိုက်ဘူးတဲ့တူတယ်...သူ့ကို လာရိုက်ချင်လား..."
ကျိလဲ့ယွီက မသွားပေ။ သူက ကျိရှင်းကို ရေထဲ တွန်းချစဉ်က ကျိရှင်းကို သေစေလိုစိတ် မရှိခဲ့ပေ။ ကျိဟွိုက်ကို တွန်းချစဉ်ကလည်း ကျိဟွိုက်ကို သေစေလိုစိတ်ဖြင့် တွန်းချခဲ့ခြင်း မဟုတ်ပေ။
သို့သော် ယခုမူ သူက ဖန်ရှင်းကို သေစေချင်လေသည်။ သူက ဖန်ရှင်းကို သတ်ပစ်ချင်မိ၏။
လှေကားပေါ်က တွန်းချ၍ သတ်ပစ်သည်ဖြစ်စေ၊ ကားဖြင့်တိုက်ပစ်သည်ဖြစ်စေ၊ ဓားဖြင့်ထိုးသည်ဖြစ်စေ မည်သည့်နည်းလမ်းဖြင့်မဆို သူက ဖန်ရှင်း၏အသက်ကို သူ့မိဘများ၏အသက်အတွက် ပြန်ပေးဆပ်စေချင်နေသည်။
သို့သော် သူက ထိုနေရာသို့သွားကာ ဖန်ရှင်းကို မရိုက်နိုင်။သူသာ ထိုနေရာသို့ သွားခဲ့လျှင် ဖန်ရှင်းကို တကယ်သတ်ပစ်လိုက်မိနိုင်လေသည်။
သို့သော် သူက ဖန်ရှင်းကို မသတ်နိုင်ပေ။ သူသာ ထိုသို့လုပ်လိုက်လျှင် ကျိယွီရှောင်က အံ့ဩသွားမည်ဖြစ်ပြီး လင်းလော့ချင်းက ကြောက်ရွံ့သွားကာ လင်းဖေးကလည်း ယင်းကို ခွင့်ပြုမည် မဟုတ်ပေ။
ကျိလဲ့ယွီက နှလုံးသားထဲမှ သားရဲကြီးကို ထိန်းချုပ်ထားကာ အပေါက်၀တွင်သာ ဆက်ရပ်နေပြီး အနီရောင်မျဉ်းကို မကျော်ပေ။
"မလာတော့ဘူး..."
ကျိလဲ့ယွီ ငြင်းဆန်လိုက်၏။
ကျိလဲ့ယွီကို ဖိတ်ခေါ်ခဲ့သည့်ကောင်လေးက ရယ်မောလိုက်သည်။
ဟုတ်ပါတယ်...မိန်းကလေးထက်တောင် ပိုလှပြီး ပိုချစ်စရာကောင်းတဲ့ကောင်လေးက ဆရာမတွေမျက်လုံးထဲက ဆူးပင်တွေဖြစ်တဲ့ သူတို့နဲ့ ဘယ်တူပါ့မလဲ...
သူက ကျိလဲ့ယွီကို ထပ်မံဖိတ်မခေါ်တော့ပဲ သူ့ရှေ့မှ လူကိုသာ ဆက်လက်အနိုင်ကျင့်နေလိုက်သည်။
ကျိလဲ့ယွီက ယင်းကို ဆက်လက်စောင့်ကြည့်နေပြီး ခေါင်းလောင်းသံကြားသောအခါ သူ့အခန်းသို့ ပြန်သွားလေသည်။
ကျိလဲ့ယွီက ဖန်ရှင်းကို စတုတ္ထအကြိမ်မြောက် လာရှာသောအခါ ဖန်ရှင်းတစ်ယောက်တည်း ရှိနေသည်ကို တွေ့လိုက်ရ၏။
ဖန်ရှင်း၏ဘေးပတ်လည်တွင် အနိုင်ကျင့်သူများ မရှိသောကြောင့် ဖန်ရှင်းက အိမ်စာများကို တိတ်တဆိတ် ရေးနေလေသည်။
ကျိလဲ့ယွီက တံခါးကို မှီကာ ယင်းမြင်ကွင်းကို ကြည့်နေစဉ် ကျောင်းသားတစ်ယောက်က သူ့ကို မေးလာသည်။
"အတန်းဖော် မင်း ဘယ်သူ့ကို လာရှာတာလဲ..."
ကျိလဲ့ယွီက တစ်ဖက်လူကို လျစ်လျူရှုထားလိုက်သည်။
သို့သော် ကျောင်းသားလေးက ကျိလဲ့ယွီ၏အကြည့်နောက် လိုက်ကြည့်လိုက်ရာ ဖန်ရှင်းကို တွေ့လိုက်ရပြီး ကြင်နာစွာ အော်ခေါ်လိုက်သည်။
"ဖန်ရှင်း မင်းကို တစ်ယောက်ယောက်လာရှာနေတယ်..."
ဖန်ရှင်းက နောက်ကို လှည့်ကြည့်လိုက်ရာ မနှစ်မြို့မှုများ၊ အမုန်းတရားများနှင့် အေးစက်စွာစိုက်ကြည့်နေသော ကျိလဲ့ယွီကို တွေ့လိုက်ရလေသည်။
ဖန်ရှင်း ထိတ်လန့်သွားသည်။ သူက တစ်ဖက်လူကို မသိသလို တစ်ဖက်လူကို မည်သို့ ရန်စခဲ့မိမှန်းလည်း မသိချေ။
သူက ကျိလဲ့ယွီကို အဘယ်ကြောင့် သူ့အား စိုက်ကြည့်နေရကြောင်းကို မမေးရဲသောကြောင့် ပြန်လှည့်လိုက်ပြီး တိတ်ဆိတ်စွာ စာအုပ်ငုံ့ဖတ်နေလိုက်သည်။
ကျိလဲ့ယွီက ထွက်မသွားခဲ့သေးပေ။ ဖန်ရှင်းကို ဆက်လက်စိုက်ကြည့်နေခဲ့သည်။
ဖန်ရှင်းကို အနိုင်ကျင့်နေသော ကောင်လေးအုပ်စုက ကစားပြီးနောက် ပြန်လာကြသောအခါ ကျိလဲ့ယွီကို ထပ်မံတွေ့လိုက်ရပြီး မေးလိုက်သည်။
"ညီလေး မင်း သူ့ကို သိလို့လား..."
ကျိလဲ့ယွီက တစ်ဖက်လူအား ပျင်းရိစွာ ကြည့်လိုက်သည်။
ခေါင်းဆောင်ကောင်လေးက ကျိလဲ့ယွီကို အလွန်သဘောကျလေသည်။
"ညီလေး မင်းက ဘယ်အတန်းကလဲ...ငါတို့နဲ့အတူတူကစားကြမလား...ငါက မင်း သူ့ကို ရိုက်ဖို့ ကူညီပေးမယ်လေ..."
ကျိလဲ့ယွီက ဘာမှပြန်မပြောပေ။ ထိုအခါ ခေါင်းဆောင်ကောင်လေးက ကျိလဲ့ယွီ၏ပခုံးကို ဖက်လိုက်ရာ ကျိလဲ့ယွီက တစ်ဖက်လူ၏လက်မောင်းကို လိမ်ချိုးလိုက်ပြီး တစ်ဖက်လူကို နံရံပေါ် ဖိထားလိုက်သည်။
ကျိလဲ့ယွီက ရယ်မောကာ 'မင်းနဲ့ထိုက်တန်တယ်'ဟု ပြောခါနီးတွင် လင်းဖေးက သူ့နှင့်မလှမ်းမကမ်းတွင် ရပ်နေကာ သူ့ကို စိုက်ကြည့်နေလေသည်။
ကျိလဲ့ယွီက လင်းဖေးပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် ထိုအခိုက်အတန့်တွင်လင်းဖေးကို ဘာပြောရမည်မှန်း မသိခဲ့ပေ။
သူက လင်းဖေးက်ု ကြည့်နေပြီး လင်းဖေးကလည်း သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေလေသည်။
ကျိလဲ့ယွီက ခေါင်းဆောင်ကောင်လေးကို လွှတ်ပေးလိုက်ပြီး လင်းဖေးဘေးသို့ လျှောက်သွားလိုက်သည်။
ထိုစဉ် ခေါင်းလောင်းသံမြည်လာပြီး လင်းဖေးက အောက်ထပ်သို့ ဆင်းသွားရာ ကျိလဲ့ယွီလည်းနောက်မှ တိတ်တဆိတ်လိုက်ဆင်းသွားလိုက်၏။
အတန်းပြီးနောက် ကျိလဲ့ယွီက တန်းခွဲသုံးသို့ ထပ်မသွားတော့ပေ။ လင်းဖေးက ကျိလဲ့ယွီကို ကြည့်လိုက်ပြီး မေးလိုက်သည်။
"မင်း သူ့ကို ထပ်သွားမတွေ့တော့ဘူးလား..."
ကျိလဲ့ယွီက ပြန်မဖြေ။
"သူက ဘယ်သူလဲ...မင်း သူ့ကို အတန်းချိန်တွေပြီးတိုင်း သွားကြည့်နေတာမလား..."
"ဟုတ်ကဲ့..."
ကျိလဲ့ယွီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"သူက ဘယ်သူလဲ..."
လင်းဖေး ထပ်မေးလိုက်၏။
ကျိလဲ့ယွီက ရုတ်တရက် စိတ်မသက်မသာခံစားလာရပြီး ၀မ်းနည်းနေသော ပယင်းရောင်မျက်လုံးများဖြင့် လင်းဖေးကို ကြည့်လိုက်သည်။
"သားမိဘတွေကို လွမ်းတယ်..."
လင်းဖေးက ကျိလဲ့ယွီ ထိုသို့ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကျိလဲ့ယွီ၏အသံက ၀မ်းနည်းနေပြီး ငိုတော့မည်ပုံ ပေါ်နေသည်။
သူက လက်မြှောက်လိုက်ပြီး ကျိလဲ့ယွီ၏ခေါင်းကို ထိလိုက်သည်။
"လိမ္မာလိုက်တဲ့ကောင်လေး..."
ကျိလဲ့ယွီလည်း လိမ္မာသည့်ကောင်လေးဖြစ်ချင်လေသည်။
သူက နာခံစွာ ကြီးပြင်းလာပြီး သူ့မိဘများ၏နှလုံးသားထဲတွင် လိမ္မာသည့်ကလေးလေးဖြစ်ချင်သည်။ သူက ကျိယွီရှောင်၏မျက်လုံးထဲတွင် ချစ်စရာအကောင်းဆုံးနှင့်အလိမ္မာဆုံး ကလေးလေးဖြစ်ချင်၏။
သို့သော်လည်း ဘုရားသခင်က သူ့မိဘများကိုခေါ်ဆောင်သွားခဲ့သည်။ သူ့နှလုံးသားထဲရှိ အမုန်းတရားများက ကြီးထွားလာပြီး လိမ္မာရန် မဖြစ်နိုင်တော့ချေ။
သူက လင်းဖေးကို နာကျည်းနေသော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်လိုက်သည်။
လင်းဖေးက ကျိလဲ့ယွီ၏၏စိတ်ထိခိုက်ဟန်ဆောင်မှုများကို အကြိမ်များစွာ မြင်ဖူးသော်လည်း ယခုတွင်မူ ကျိလဲ့ယွီက တကယ်အနိုင်ကျင့်ခံရပုံပေါ်နေလေသည်။
သူက တကယ် ၀မ်းနည်းကာ စိတ်ထိခိုက်နေပုံပေါ်သည်။
လင်းဖေးက ကျိလဲ့ယွီကို ပွေ့ဖက်လိုက်ပြီး ကျိလဲ့ယွီ၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"အဆင်ပြေပါတယ်..."
ကျိလဲ့ယွီက လင်းဖေးကို တိတ်တဆိတ် မှီလိုက်ပြီး ပြောလိုက်သည်။
"ကိုကို သား သူ့ကို သေစေချင်တယ်..."
လင်းဖေး အံ့ဩသွား၏။
သူက ကျိလဲ့ယွီ၏ပုံစံကို သိပြီး ကျိလဲ့ယွီက လူများကို သတ်ပစ်ရန် တစ်ခါမှ မတွေးဖူးချေ။
ကျိရှင်းကို ရေထဲတွန်းချစဉ်က ကျိလဲ့ယွီက သူ့ကို ထပ်ခါထပ်ခါ ပြောခဲ့ဖူးလေသည်။
"သား သူ့ကို ရေမနစ်စေချင်ဘူး...သား သူ့ကို ကယ်မှာ...သား သူ့ကို မသေစေချင်ဘူး..."
ယခုမူ ကျိလဲ့ယွီက တစ်စုံတစ်ယောက်ကို သေစေချင်နေသည်။
သူက ဘယ်သူမို့လို့လဲ...
လင်းဖေးက သေချာမသိသော်လည်း ထိုတစ်စုံတစ်ယောက်က ဒုတိယတန်း တန်းခွဲသုံးမှ ကောင်လေးဖြစ်မည်ဟု ထင်လိုက်သည်။ သို့သော် သူကထိုကောင်လေးကို မသိသလို ကျိလဲ့ယွီက အဘယ့်ကြောင့် ထိုကောင်လေးကို သေစေချင်နေမှန်းလည်း မသိချေ။
"မရဘူး..."
လင်းဖေးက ပြတ်သားစွာ ပြောလိုက်သည်။
"အဲ့လို လုံး၀လုပ်လို့မရဘူး..."
ကျိလဲ့ယွီကလည်း ထိုသို့ဖြစ်လာမည်ကို ကြိုသိနေသော်လည်း သူ့မိဘများအတွက် လက်စားချေချင်လေသည်။
"လိမ္မာလိုက်တဲ့ကောင်လေး..."
လင်းဖေးက ကျိလဲ့ယွီကို ချော့လိုက်သည်။
"မင်းသာ လိမ္မာရင် ဒီည ငါ မင်းနဲ့အတူတူ ရုပ်ရှင်ကြည့်ပြီး အတူတူအိပ်ကြမယ်လေ...အိုကေလား..."
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်သည်။
"အိုကေ..."
လင်းဖေးက ကျိလဲ့ယွီကို ငုံ့ကြည့်လိုက်သည်။ ကျိလဲ့ယွီ၏မျက်နှာက အမူအရာကင်းမဲ့နေပြီး ဘာမှမဖြစ်ခဲ့သလိုပင်ဖြစ်၏။
သူက ကျိလဲ့ယွီ၏မျက်နှာကို ညင်သာစွာ နမ်းလိုက်သည်။
"လိမ္မာပါ...ငါ မင်းကို ညကြရင် ထပ်နမ်းမယ်လေ..."
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်ပြီး သူ့အမူအရာက ပိုကောင်းလာလေသည်။
လင်းဖေး စိတ်သက်သာရာရသွားပြီး မေးလိုက်သည်။
"သူက ဘယ်သူလဲ..."
ကျိလဲ့ယွီက တစ်ခဏခန့် နှုတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
"သူ့အဖေက သားမိဘတွေကို သတ်ခဲ့တာ...ရှုရှုကိုလည်း ဝှီးချဲလ်ပေါ်မှာ ထိုင်ရအောင် လုပ်ခဲ့ဝာာ..."
လင်းဖေး အံ့ဩသွားသည်။
"မင်း ဘယ်လိုလုပ် သိတာလဲ..."
"ကျိမူ ပြောပြတာ..."
ကျိမူက သူ့ကို ဖုန်းဆက်ကာ ထိုအကြောင်းကို ပြောပြခဲ့ပြီး မည်သူကိုမှ ပြန်မပြောပြရန်လည်း ပြောခဲ့လေသည်။
သို့သော် သူကမူ ကျိမူကို အမှိုက်သရိုက်အဖြစ်သတ်မှတ်ထားသောကြောင့် ကတိကို ဖျက်ကာ လင်းဖေးကို ပြောပြခဲ့ခြင်းဖြစ်သည်။
လင်းဖေးက မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။
"သူက မင်းကို ဘာပြောသေးလဲ..."
ကျိလဲ့ယွီက ကျိမူပြောသမျှစကားအားလုံးကို လင်းဖေးအား ပြန်ပြောပြလိုက်ပြီးနောက် လင်းဖေးသဘောပေါက်သွားသည်။
"သူက မင်းနဲ့မင်းရှုရှုကြားက ဆက်ဆံရေးကို သွေးထိုးနေတာ...သူ့စကားတွေကို မယုံနဲ့..."
"သား သိပါတယ်...ရှုရှုက သူပြောသလို မဟုတ်တာကို သားသိတယ်...သားက ရှုရှုကို အမြဲယုံကြည်တယ်...ပြီးတော့ ရှုရှုကို အရမ်းချစ်တယ်...ဒါပေမဲ့ ဖန်ရှင်းကိစ္စက အမှန်ပဲ...သူ့အတန်းဖော်တွေက သူ့ကို လူသတ်သမားသားလို့ ခေါ်တာကို သူ မငြင်းခဲ့ဘူး...သူသာ အဲ့လိုမဟုတ်ရင် မဟုတ်ဘူးလို့ ငြင်းမှာပေါ့..."
လင်းဖေး တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာပြီးနောက် ပြောလိုက်၏။
"သူ့ကို ထပ်သွားမတွေ့နဲ့တော့..."
ကျိလဲ့ယွီ ပြန်မဖြေပေ။
လင်းဖေးက ထိုအကြောင်းကို ထပ်တွေးလိုက်ကာ သူ့စကားက ကျိလဲ့ယွီကို ခက်ခဲသွားစေသလို ခံစားလိုက်ရပြီး စကားကို ပြောင်းပြောလိုက်သည်။
"မင်း သူ့ကို တွေ့ချင်ရင် ငါ မင်းနဲ့လိုက်ခဲ့ပေးမယ်..."
"အွန်း..."
အမှန်တွင် ကျိလဲ့ယွီက ရှုံးနိမ့်နေပြီဖြစ်သည်။ သူက ဖန်ရှင်းနှင့် နီးကပ်သွား၍ မရပေ။ သူ ဖန်ရှင်းကို သတ်လိုက်မိမည်ကို ကြောက်ရွံ့လေသည်။
သို့သော် ဖန်ရှင်းကို အဝေးမှ ကြည့်နေရခြင်းကိုလည်း မကြိုက်ပေ။
သူက ဖန်ရှင်း အနိုင်ကျင့်ခံနေရသည်ကို ကြည့်ပြီး မပျော်ရွှင်သော်လည်း ဖန်ရှင်း ကောင်းကောင်းမွန်မွန်နေနေသည်ကိုလည်း မပျော်ရွှင်ပေ။
သူက သူ ဘာလုပ်ချင်နေမှန်း မသိတော့သလို တစ်ခုခု လုပ်မိသွားမည်ကိုလည်း စိုးရွံ့မိ၏။
ကျိလဲ့ယွီက သူ့ကိုယ်သူ နားမလည်တော့ပေ။ သူ့၏ဆိုးသွမ်းကောက်ကျစ်မှုများကို လွှတ်ထုတ်ချင်သော်လည်း ကျိယွီရှောင်နှင့်လင်းလော့ချင်းတို့အား ခြောက်လှန့်မိမည်ကို စိုးရိမ်သောကြောင့်ထိန်းသိမ်းထားရုံသာ တတ်နိုင်သည်။
သူက လမ်းဆုံတွင် ရပ်နေကာ ရှုပ်ထွေးပြီး ဦးတည်ချက်မဲ့နေလေသည်။
ကျောင်းဆင်းခေါင်းလောင်းသံမြည်လာသောအခါ လင်းဖေးနှင့်ကျိလဲ့ယွီက အတူတူထွက်လာပြီး လော့ကျား၏ကားထဲသို့ ၀င်လိုက်ကာ အိမ်ပြန်လာကြသည်။
ကျောင်းတွင် အားအင်ကင်းမဲ့နေသည့် ကျိလဲ့ယွီက ကျိယွီရှောင်ကို မြင်သောအခါ ချက်ချင်းပြုံးပြလိုက်သည် ထိုအခါ သူ့နှလုံးသားထဲမှ ရှုပ်ထွေးပွေလီသောခံစားချက်များကို မည်သူမှ မခံစားနိုင်တော့ချေ။
"ငါ ပါးပါးကို ပြောပြလိုက်မယ်..."
ညစာစားပြီးနောက် အိပ်ခန်းထဲ ပြန်ရောက်သောအခါ လင်းဖေးက ပြောလိုက်သည်။
ကျိလဲ့ယွီက ထိုကိစ္စကို ကျိယွီရှောင်အား သိခွင့်ပေးမည်မဟုတ်ကြောင်းကို လင်းဖေး သိသောကြောင့် သူက လင်းလော့ချင်းအား ပြောပြရန် ဆုံးဖြတ်ခဲ့သည်။
"သူ ကျောင်းပြောင်းရင် ပြောင်း၊ မပြောင်းရင် ငါတို့ပြောင်းမှရမယ်..."
ကျိလဲ့ယွီ ခေါင်းခါလိုက်သည်။
သူက လင်းလော့ချင်းကို ထိုကိစ္စအား မသိစေချင်။ သူက ဘာလုပ်ချင်နေမှန်း မသိသော်လည်း ဖန်ရှင်းကို သူ့မျက်စိရှေ့မှ ထွက်သွားခွင့်မပြုနိုင်ပေ။
သူက ဖန်ရှင်းကို သတ်ပစ်ချင်သော်လည်း လင်းဖေးကို ပေးထားသောကတိကြောင့် မသတ်ပစ်နိုင်ပေ။
လင်းဖေးက သူ့ကို စောင့်ကြည့်နေသည့်အတွက် အခြားအရာတစ်ခုခုကိုလည်း မလုပ်နိုင်။
လင်းဖေးက ကျိလဲ့ယွီကို ထပ်နားချလိုက်၏။ သူက ကျိလဲ့ယွီခေါင်းကို ထိလိုက်ပြီး ပြောလိုက်သည်။
"လိမ္မာပါတယ်..."
ကျိလဲ့ယွီက လင်းဖေးကို သူ့ခန္ဓာကိုယ်နှင့်တွဲစပ်ထားသကဲ့သို့ တင်းကြပ်စွာ ဖက်ထားလိုက်သည်။
ဤညတွင် လင်းဖေးက ကျိလဲ့ယွီကို စာမလုပ်ခိုင်းဘဲ နှစ်ယောက်အတူ ကာတွန်းကားကြည့်လိုက်ပြီး အတူတူအိပ်လိုက်သည်။
ကျိလဲ့ယွီက နာခံစွာဖြင့် လင်းဖေးကို ပွေ့ဖက်လိုက်ကာ လင်းဖေးကလည်း နေ့လည်က ကျောင်းတွင် ပေးထားသည့်ကတိအတိုင်း ကျိလဲ့ယွီကို နမ်းလိုက်၏။
ကျိလဲ့ယွီက မျက်လုံးမှိတ်ကာ အိပ်လိုက်ပြီး အိမ်မက်ထဲတွင် သူက ဖန်ရှင်းကို လှေကားပေါ်မှတွန်းချ၊ စည်ကားနေသည့်လမ်းအပေါ် တွန်းချ၊ အဆုံးမရှိသည့် ပင်လယ်ထဲသို့ တွန်းချ၊ သူကိုယ်တိုင် ကားမောင်းပြီး ဖန်ရှင်းကို ကားဖြင့်တိုက်နေလေသည်။
သူ့၏အိမ်မက်က အလွန်ဆိုးရွားပြီး အိပ်မက်မှ နိုးလာသောအခါ သူ့နှလုံးက အလွန်ခုန်ပေါက်နေခဲ့သည်။
လင်းဖေးကလည်း ကျိလဲ့ယွီ၏လှုပ်ရှားမှုကြောင့် နိုးလာကာ ကုတင်ဘေးရှိ ညမီးအိမ်ကို ဖွင့်လိုက်ပြီး နာရီကို ကြည့်လိုက်သောအခါ မနက်လေးနာရီ ထိုးနေပြီဖြစ်သည်။
သူက ထထိုင်နေသည့် ကျိလဲ့ယွီကို ကြည့်လိုက်သောအခါ ကျိလဲ့ယွီက ငိုနေလေသည်။
တစ်ဖက်လူ၏မျက်ရည်များက ပဲစေ့များသဖွယ် တလှိမ့်လှိမ့် စီးကျနေ၏။
ကျိလဲ့ယွီက လင်းဖေးလက်မောင်းထဲ ပစ်၀င်လိုက်ပြီး ဖြေဆည်မရစွာ ငိုကြွေးနေလေသည်။
သူ့အိမ်မက်ထဲ သူက ဖန်ရှင်းကို ကားဖြင့်တိုက်ပစ်တော့အချိန် ဖန်ရှင်းက ကျိယွီရှောင်ဖြစ်သွားသည်။
သူက ကားကို ဘရိတ်အုပ်နေသော်လည်း ကားက မရပ်ခဲ့ပေ။ ထိုစဉ် သူက ထိတ်လန့်တကြီး လန့်နိုးလာသည်။
လင်းဖေးက ကျိလဲ့ယွီကို ပွေ့ဖက်ထားပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ...အိမ်မက်ဆိုး မက်နေတာလား..."
ကျိလဲ့ယွီက ခေါင်းငြိမ့်လိုက်ပြီး ဆောက်တည်ရာမရစွာ ကြောက်ရွံ့နေဆဲဖြစ်လေသည်။
လင်းဖေးက တစ်ဖက်လူကို နှစ်သိမ့်ပေးလိုက်သည်။
"ရပါတယ်...အိမ်မက်တွေက အတုတွေပဲ...ဘာမှ မကြောက်နဲ့...သူတို့တွေက အဓိပ္ပာယ်မရှိတဲ့ဟာတွေ..."
ကျိလဲ့ယွီက လင်းဖေး၏ညအိပ်၀တ်စုံကို ဆုပ်ကိုင်ထားပြီး မလွှတ်ပေးသေးပေ။
လင်းဖေးက ပြောလိုက်သည်။
"ပြန်အိပ်ကြရအာင်...ငါ မင်းကို ဖက်ထားပေးမယ်လေ..."
ကျိလဲ့ယွီက လင်းဖေးစကားကို ကြားသောအခါ နီရဲစိုစွတ်နေသော မျက်လုံးများဖြင့် တစ်ဖက်လူကိုကြည့်လိုက်သည်။
"ကိုကိုက သားအနားမှာ အမြဲတမ်းရှိနေပေးမှာမလား..."
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။
"အင်း..."
"ကိုကိုက သားကို အချစ်ဆုံးလား..."
လင်းဖေးက တစ်ခဏခန့် တုံ့ဆိုင်းသွားပြီး ရိုးသားစွာ ပြန်ဖြေလိုက်သည်။
"ပါးပါးကလွဲရင်..."
ကျိလဲ့ယွီပြုံးလိုက်ပြီး မျက်လုံးများက ကြယ်သဖွယ် တဖျတ်ဖျတ်လက်နေလေသည်။
"ပါးပါးဆိုရင်တော့ ရပါတယ်..."
လင်းဖေးက နူးညံ့စွာ ပြောလိုက်သည်။
"သူက မင်းကို ချစ်တယ်...ဒယ်ဒီကလည်း မင်းကို ချစ်တယ်...အားလုံးက မင်းကို ချစ်ကြပါတယ်..."
ကျိလဲ့ယွီ၏နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်လာလေသည်။
လင်းဖေးက တစ်ဖက်လူကို ပွေ့ဖက်လိုက်ပြီး ပြောလိုက်သည်။
"ငါ မင်းကို ပုံပြင်ပြောပြမယ်..."
ကျိလဲ့ယွီက လင်းဖေး ပုံပြင်ပြောပြသည်ကို မကြားဖူးပေ။
"ဘာပုံပြင်ပြောပြမှာလဲ..."
"မင်း ဘာပုံပြင်နားထောင်ချင်လဲ..."
"ကိုကို ပြောချင်တာပြောလို့ရတယ်..."
ထိုအခါ လင်းဖေးက အာလာဒင်မီးခွက်အကြောင်း ပြောပြလိုက်ပြီး ကျိလဲ့ယွီကလည်း တဖြည်းဖြည်းပြန်အိပ်ပျော်သွားလေသည်။
အိပ်မက်ထဲတွင် သူ့၌ မီးခွက်တစ်လုံးရှိလာပြီး မီးခွက်စောင့်ဘီလူးက သူ့ကို မေးလာလေသည်။
"မင်းဆန္ဒကိုပြော..."
ကျိလဲ့ယွီက လေးနက်စွာ ပြန်ဖြေလိုက်သည်။
"သားမိဘတွေ အသက်ပြန်ရှင်လာပြီး သားရှုရှုခြေထောက်တွေကိုလည်း ပြန်ကောင်းလာစေချင်တယ်..."
ပြောပြီးနောက် သူ့မိဘများက သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာပြီး ကျိလဲ့ယွီကလည်း ကျေနပ်စွာ ရယ်မောလိုက်လေသည်။
လင်းဖေးက ကျိလဲ့ယွီ အိပ်ပျော်သွားသောအခါ ပုံပြင်ကို ရပ်လိုက်သည်။
သူက ကျိလဲ့ယွီ၏ယခုလိုပုံစံကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
'ငါ ဖန်ရှင်းကို တွေ့ရမယ်...'
လင်းဖေး တွေးလိုက်သည်။ ကျိလဲ့ယွီက ကျိယွီရှောင်နှင့်လင်းလော့ချင်းကို ထိုကိစ္စအား မသိစေချင်သောကြောင့် သူက ကိုယ်တိုင်သွားတွေ့ကာ ဖန်ရှင်းအဖေက ကျိလဲ့ယွီ၏မိဘများကို တကယ်သတ်ခဲ့ခြင်း ဟုတ်မဟုတ် စစ်ဆေးရမည်ဖြစ်သည်။
နောက်တစ်ဆင့်အတွက် အစီအစဉ်မချမီ ဤအချက်ကို သေချာအောင် လုပ်ရပေမည်။
လင်းဖေးက အစီအစဉ်ဆွဲပြီးနောက် မီးပိတ်ကာ အိပ်ရာ၀င်လိုက်သည်။
(ယွီယွီက အနိုင်ကျင့်တတ်တဲ့ကလေးလေး မဟုတ်ပါဘူး သူ ဖန်ရှင်းကို သတ်ပစ်ချင်တယ် ဆိုနေပေမဲ့ သွားအနိုင်ကျင့်တာမျိုးလဲ မလုပ်ဘူး ..ကလေးဆိုတော့ သူ့အမုန်းတရားကို ထိန်းမနိုင်ဘူးလေနော်လ...
ဖန်ရှင်းလေးကလည်း သနားဖို့ကောင်းတဲ့ကလေးလေးပဲ🥲)