အပိုင်း ၂၀၁ (End)
Viewers 15k

Chapter 210 (End)

( ကလေးက ဘယ်သူလဲ)


စုမုန့် မျက်နှာသည် ဖြူဖျော့နေပြီး နဖူးပေါ်တွင်လည်း ချွေးများ ရှိနေကာ သူမ နာကျင်နေပုံရသည်။


 ဘေးမှာရပ်နေသည့် ယွီတျောင်က ပုံမှန်မဟုတ်သည့် သူမကို သတိပြုမိပြီး "မစ္စစု ဘာဖြစ်နေတာလဲ"


 သူ့စကားဆုံးပြီးသည်နှင့် သူမရှေ့တွင် ကမ္ဘာကြီးတစ်ခုလုံး လှည့်ပတ်သွားသည်ကို ခံစားလိုက်ရပြီး  မေ့လဲသွားရသည်။


 သူမ မျက်လုံးများကို ဖွင့်လိုက်သောအခါ၊ရှေ့တွင် အဖြူရောင်အမှုန်အလွှာတစ်ခု ရှိနေသည်ကို တွေ့လိုက်ရပြီး၊၎င်းက ခြေလှမ်းအနည်းငယ် အကွာမှာသာ ရှိနေသည်။


 ဒီနေရာက ဘယ်မှာလဲ။


 "အဲဒီမှာ တစ်ယောက်ယောက်ရှိလား" 


 အဖြေမရသဖြင့် နောက်ထပ်မေးခွန်းအချို့ကို မေးသော်လည်း မည်သူမှ မဖြေကြပေ။ သူမ ခံစားချက်အတိုင်း အခြေခံပြီး ရှေ့ကို ဆက်လျှောက်လာသည်။မည်မျှကြာအောင် လမ်းလျှောက်ခဲ့မှန်း မသိသော်လည်း၊တစ်ခဏဝယ် ကလေးတစ်ယောက် ရယ်မောသံကို ကြားလိုက်ရသည်။သူမ အသံနောက်ကို လိုက်သွားသော်လည်း ၊ မြူဖြူတွေသာ မြင်ရပြီး အသံက ဘယ်ကလာမှန်း မသိရပေ။သူမ ခဏလောက် လမ်းလျှောက်လာရင်း ရှေ့မှ ကလေးသေးသေးလေး တစ်ယောက်ကို တွေ့ရသည်။ရယ်သံက ဤကလေးဆီမှ ထွက်လာခြင်းဖြစ်မည်။


 "သူငယ်ချင်းလေး...မင်းနာမည်ဘယ်လိုခေါ်လဲ၊ မင်း မိဘတွေကရော ဘယ်မှာလဲ" 


စုမုန့် ကောင်လေးဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ကောင်လေးက ဘာမှပြန်မဖြေဘဲ မလှုပ်မယှက် မတ်တပ်ရပ်နေလေသည်။သူမ နီးကပ်လာသည်နှင့်အမျှ ကလေး၏မျက်နှာသည် မြူခိုးထဲတွင် ပိုကြည်လင်လာသည်။သူမ ကလေး၏မျက်နှာကို နောက်ဆုံးမြင်လိုက်ရသောအခါတွင်၊ မျက်လုံးများ ပြူးကျယ်လာပြီး သူငယ်အိမ်များကလည်း ဝိုင်းစက်သွားသည်။တစ်ဖန်  သူမ၏ ခြေထောက်များသည်လည်း၊ ရုတ်တရက် ခွန်အားများ ဆုံးရှုံးသွားကာ မြေပြင်ပေါ်တွင် ဒူးထောက်လျက်သား၊ မယုံနိုင်စွာဖြင့် ရှေ့မှ ကလေးငယ်ကို ကြည့်လိုက်သည်။သူမရှေ့က နူးညံ့ဖြူစင်သော ကလေးသည် ယခင်ဘဝက သူမ၏ သားဖြစ်သည်။


စုမုန့် ကလေး၏မျက်နှာကို ထိရန် လက်လှမ်းလိုက်သည်။ သို့သော်လည်း သူ့ကိုမထိမီတွင် ကလေးသည် မီးခိုးကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သူ လုံးဝပျောက်ကွယ်မသွားခင်မှာ သူက ပြုံးပြီး သူမကို လက်ပြနှုတ်ဆက်နေလေသည်။


 "ရှောင်ထျန်း၊ ရှောင်ထျန်း"  


စုမုန့် ထပြီး ကလေးကို ထိန်းဖို့ကြိုးစားသော်လည်း လွတ်သွားသည်။  ကလေးက သူမ မျက်လုံးရှေ့မှာပင် ပျောက်သွား၏။သူမ ခေါင်းက တဖန်တုန်ခါလာသည်။သူမ မျက်လုံးဖွင့်ကြည့်လိုက်ရာ၊ ရင်းနှီးသည့်မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။


 "မင်း ဘာအိပ်မက်မက်နေတာလဲ"


သူမ မျက်လုံးဖွင့်ကြည့်လိုက်ရာ၊ဝေ့ထင်က သူမ၏ အိပ်မက်အကြောင်း မေးလေသည်။ ယခုအချိန်တွင် သူမ အိပ်မက်ထဲမှ ရုန်းမထွက်နိုင်သေးသောကြောင့်၊ သူ့အမေးကို ကြားသောအခါ ဒေါသတကြီးဖြင့် 


"ရှင်နဲ့ဘာဆိုင်လို့လဲ"


သူမ ငုတ်တုတ်ထထိုင်ကြည့်ရာ တဲတစ်လုံးထဲ၌ ဝေ့ထင်နှင့်အတူ ရှိနေသည်ကို မြင်၏။ သူမ စိတ်ကို တည်ငြိမ်အောင် ခဏထားပြီး


 “ရှင့်ကိုလည်းတွေ့ပြီပဲ၊နေကောင်းနေတာမလို့ ကျွန်မတို့လည်းပြန်သင့်ပြီ"


သူမ တဲထဲက ထွက်မည်ပြုသော်လည်း၊ ဝေ့ထင်က ရုတ်တရက် သူမ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။


"ရှောင်ထျန်းက ဘယ်သူလဲ၊မင်း ဒီနာမည်ကို တစ်ချိန်လုံး ခေါ်နေတာ"


ဝေ့ထင်၏အမေးကိုကြားလျှင်စုမုန့် လှည့်၍ သူ့အား အေးစက်စွာကြည့်သော်လည်း ဘာမှပြန်မပြောမိပေ။သူက ရှောင်ထျန်း ဘယ်သူလဲဟု မေးတာကို ကြားသော်၊သူမ ရုတ်တရက် ရယ်ချင်သွားသည်။ထိုသူက သူမ၏သားဖြစ်ကြောင်း သူ့ကို ပြောပြချင်သည်။ သို့သော် သူမ ပြောလျှင်ပင် ဝေ့ထင် မယုံကြောင်း သိသောကြောင့် နှုတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့သည်။  ယခုဆို သူမသည် သားဖြစ်သူကို ဆုံးရှုံးလိုက်ရသည့် ဝေဒနာကို ခံနိုင်ရည်ရှိလာရမည်ဖြစ်သည်။ဤသည်မှာ ပြန်လည်မွေးဖွားလာခြင်း၏ စျေးနှုန်းဖြစ်နိုင်သည်။


သူမ သူ့လက်ကို ခါလိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားဖို့ပြင်သော်လည်း၊သူက သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြန်သည်။


 "ဘာလို့ ပျောက်သွားတာလဲ သိလား"  


ဝေ့ထင်သည် သူမကို သေချာ ကြည့်လျက်ရှိသည်။သူလည်း စောစောကမှ သတိမေ့ရာက နိုးလာခြင်းဖြစ်ပြီး မြေအောက်ဂူထဲကို ဘယ်လိုပြုတ်ကျသွားမှန်း မသိလိုက်ချေ။ ယွီတျောင်က သူ့ကို အားလုံးကို အသေးစိတ်ပြောပြပြီးမှသာ၊ စုမုန့် သူ့ကို ကယ်တင်လိုက်မှန်း သိလိုက်ရ၏။


 "ရှင့်ကိစ္စကို ကျွန်မ စိတ်မဝင်စားဘူး"


 သူမက အေးစက်စွာပြောသည်။


 "ရှောင်ထျန်းက ကလေးလေးလား...  သူက အရမ်းဖြူစင်တယ်နော်၊ မျက်လုံးကြီးကြီးနဲ့ ကြည့်ရတာ ချစ်ဖို့ကောင်းလိုက်တာ…”


 "ရှင်က ဘယ်လိုသိတာလဲ"  


ဝေ့ထင်၏ စကားကြောင့်၊ စုမုန့် လှည့်၍ သူ့ကော်လာကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ အရပ်သည် သူ့ပခုံးသာရှိသဖြင့်၊သူ့မျက်လုံးများကို မျှော်ကြည့်ရသည်။


သူက ခေါင်းငုံ့ပြီး သူမ မျက်လုံးကို ခဏလောက် စိုက်ကြည့်ရင်း 


"အဲ့ဒီကလေးရဲ့ မျက်လုံးက မင်းနဲ့ တော်တော်တူတယ်"


စုမုန့် သူ့ကော်လာကို လွှတ်လိုက်သည်။သူလည်း ရှောင်ထျန်းကို အိပ်မက်မက်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ဘာတွေဖြစ်နေတာလဲ... သူလည်း အရင်ဘဝက အမှတ်တရတွေကို သတိရနေတာလား... သူမပုံစံက သိသိသာသာပင် တုန်လှုပ်သွားဟန်ရှိသဖြင့်၊ ဝေ့ထင် သူမကို စိုက်ကြည့်နေပြီး၊ပို၍ပင် စိတ်ရှုပ်သွားသည်။


"မုန့်အာ...ကိုယ် ဘာတွေလုပ်ခဲ့မိတာလဲ...အတိတ်မှာ ကိုယ်တို့ကြားမှာ ဘာတွေဖြစ်ခဲ့လဲ… အခုပြောဖို့က အရမ်းနောက်ကျနေပေမယ့် မေးချင်သေးတယ်၊ အဲဒါကို ပြင်ဖို့ အခွင့်အရေးပေးလို့ရမလား" 


ဝေ့ထင်က စုမုန့် ပခုံးကို ဆုပ်ကိုင်လိုက်ပြီး သူ့ရင်ခွင်ထဲကို ဆွဲထည့်လိုက်၏။စုမုန့်လည်း သူ့ရင်ခွင်ထဲက ရုန်းကန်ချင်သော်၊ လွတ်မြောက်အောင် ရုန်းနိုင်စွမ်းမရှိချေ။


( အဆုံး)


 "ဝေ့ထင်...ရှင် တစ်ကယ် ရှောင်ထျန်းကို တကယ်သိချင်တာလား"  


စုမုန့်သည် ရုန်းကန်လည်း၊ အသုံးမဝင်မှန်းသိသောအခါ လက်လျှော့လိုက်ကာ သူမကို ပွေ့ဖက်ခွင့်ပေးထားပြီး မေးလိုက်သည်။


 “ဟုတ်တယ်”


သူမ သက်ပြင်းချလိုက်ပြီး စိတ်ထဲမှ ဝမ်းနည်းစိတ်ကို ဖျောက်ဖို့ ကြိုးစားလိုက်ရင်း


 “လူတွေမှာ ဝိညာဉ်ရှိတယ်ဆိုတာ ရှင် ယုံသလား”


ယခုပြန်လည်မွေးဖွားလာချိန်တွင်  ဤအကြောင်းအရာကို သူမ စိတ်ထဲတွင်သာ ထားခဲ့ပြီး ထိုအကြောင်းကို မည်သူမှ မပြောခဲ့ဖူးပေ။ သို့သော် ဝေ့ထင်သည်လည်း ရှောင်ထျန်းကို အိပ်မက်မက်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။


သူမသည် ရှောင်ထျန်း အကြောင်း ဝေ့ထင်ကို ပြောပြရန် စီစဉ်ထားသော်လည်း ဝေ့ထင် မည်ကဲ့သို့ တုံ့ပြန်မည်ကို မသိခဲ့ပေ။ ယခု ဝေ့ထင်ကို သူမ အပြည့်အဝ မယုံကြည်ရဲသေး။


 ထို့ကြောင့် ဇာတ်လမ်းအချို့ကို ပြောင်းလဲပြီး ဝေ့ထင်အား သူမ၏ ယခင်ဘဝက အဖြစ်အပျက်များကို အိပ်မက်အဖြစ်သာ ပြောပြခဲ့သည်။ ဝေ့ထင်က သေသေချာချာ နားထောင်ပြီးလျှင်


 "ဒါဆို အဆုံးမှာတော့ မင်းကိုသတ်ခဲ့တဲ့ ဝေ့ရွှယ်ပေါ့...ပြီးတော့ မင်း အိပ်မက်ကနေ နိုးလာတာလား" 


ဝေ့ထင်သည် စုမုန့် စကားကိုကြားပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။


 “ဟုတ်ပါတယ်၊ ဒါက အိပ်မက်တစ်ခုပဲ ဖြစ်နိုင်တယ်...အရင်ဘဝဆိုတာ အစစ်လား အတုလား မသိဘူး… အိပ်မက်က ကြာရှည်ကြာမြော မက်နေခဲ့လို့လည်း တစ်ကယ်လိုလို ထင်မိတာမျိုး ဖြစ်နိုင်တယ်၊ "


 "စိတ်မပူပါနဲ့ ဒီကိစ္စကို စုံစမ်းခိုင်းလိုက်ပါ့မယ်...ဟုတ်ဟုတ်၊မဟုတ်ဟုတ် မင်း မနစ်နာစေရပါဘူး..."


ဝေ့ထင်က ကတိပေးလိုက်သည်။


 "မစ္စစု နိုးပြီလား"


စုမုန့် ပြန်ပြောခါနီးမှာ တဲတံခါး ရုတ်တရက်ပွင့်လာပြီး ယွီတျောင် ဝင်လာသည်။


 "မစ္စစု၊ မင်းနေမကောင်းဘူးလား၊မင်းဘာလို့ ရုတ်တရက်မူးလဲတာလဲ"


 "အစီအရင်သုံးပြီး လူကို ရှာဖို့က အားအင်ကုန်စေတာမလို့ပါ"

  

စုမုန့် စကားအများကြီးမပြောချင်တာကြောင့် အကြောင်းပြချက်တစ်ခုထုတ်လိုက်သည်။


 “ဪ၊တော်တော်ပင်ပန်းမှာပဲ၊မစ္စစုကို ကျေးဇူးတင်ပါတယ်၊ကဲ ဒါဆို မင်းနိုးလာပြီဆိုတော့ ငါတို့ထွက်သွားသင့်ပြီ"


ယွီတျောင် ပြောပြီးသည်နှင့်၊ ဝေ့ထင်သည် သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။  


“ဝေ့ထင်၊ မင်းကို အခုပဲ ကယ်တင်ခဲ့တဲ့ မစ္စစုကို ကျေးဇူးတင်တယ်မလား၊ဘာလို့ သူမလက်ကို အတင်းကိုင်ထားတာလဲ၊မြန်မြန် လွှတ်လိုက်ပါ”


 သို့သော် ဝေ့ထင်က လက်မလွှတ်ဘဲ စုမုန့်ကိုကြည့်ပြီး 


"ကွာရှင်းကြရအောင်" 


ယွီတျောင်: "?"


ကွာရှင်းမယ်....စုမုန့် ခဏလောက် ထိတ်လန့်သွားပြီးမှ၊ဤသည်က သူမ တောင်းဆိုထားသည့်အရာဖြစ်ကြောင်း သတိရသွားသည်။  


  “ကောင်းပြီလေ”


ဝေ့ထင်ကို မော့ကြည့်လိုက်ပြီး သူမ စိတ်ထဲမှ ရယ်မောလိုက်သည်။  မျှော်လင့်ထားသည့်အတိုင်း ကွာရှင်းရန် ရွေးချယ်ခဲ့သေးတာမလား...  သို့သော်၊  ဘာပဲဖြစ်ဖြစ် ဒါက အစကတည်းက သူမ တွေးခဲ့တာပဲလေ... ကွာရှင်းပြတ်စဲပြီးရင် သူမတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အကြွေးတင်တော့မှာမဟုတ်ဘူး...


ဘေးတွင်ရပ်နေသော ယွီတျောင်သည် ထိတ်လန့်သွားဟန်တူသော သူတို့နှစ်ယောက်ကို ကြည့်ကာ စိတ်ရှုပ်ထွေးနေသည်။ သူ ဘာကြားလိုက်တာလဲ...  ဝေ့ထင်က ကွာရှင်းဖို့ပြောနေတာလား...ဒါဆို စုမုန့်က ဝေ့ထင်ရဲ့ ဇနီးလား


ဝေ့ထင် အိမ်ထောင်ပြုကြောင်းကို သူ ကြားသိခဲ့ရသော်လည်း စစ်သားများနှင့်ပတ်သက်သည့် အချက်အလက်အားလုံးကို ကုဒ်ဝှက်ထားသောကြောင့် သူ့ဇနီးက ဘယ်သူမှန်း သူမသိပေ။


 အခုမှ သိလိုက်ရတာကို၊ ဝေ့ထင်က ချက်ချင်း ကွာရှင်းချင်နေတာလား...


 " ရှောင်ထင်၊ မင်းတို့ ကိစ္စကို နားထောင်မိသလိုဖြစ်သွားရင် ငါ တောင်းပန်... "


 သို့သော် ဝေ့ထင်က ယွီတျောင်၏ စကားကိုကြားဖြတ်ကာ  


“ကွာရှင်းကြရအောင်၊ကိုယ် မင်းကို အစကနေ ပြန်ပိုးပမ်းမယ်…မင်း ကိုယ့်ကို စိတ်ဆိုးနေသေးတယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် အဆင်ပြေပါတယ်၊ကိုယ် မင်းကိုအတိတ်ကပေးခဲ့တဲ့ အရာတွေအားလုံးအတွက် အမှန်ပြင်ဆင်မယ်၊အဲ့ဒီ မကျေနပ်တဲ့ ခံစားချက်တွေ လုံးဝပျောက်ကွယ်သွားတဲ့အခါ ဒါမှမဟုတ် မင်း ကိုယ့်ကို လက်ခံနိုင်ပြီလို့ ခံစားရတဲ့အခါ ပြန်လက်ထပ်မယ် …မင်းသဘောမတူမချင်း ကိုယ်က ဖိအားမပေးဘူးဆိုတာကိုတော့ ယုံပါ"


ဝေ့ထင်သည် မျက်တောင်တောင်မခတ်ဘဲ စုမုန့်ကို စိုက်ကြည့်နေသည်။ ယခုအချိန်မှာ သူ့နှလုံးသားက အထိန်းအကွပ်မရှိ ခုန်နေပြီး ဘယ်အချိန်မဆို အပြင်ဘက်ကို ခုန်ထွက်သွားမလိုပင်။စုမုန့်က သူ့ကို ငြင်းပယ်မှာ စိုးရွံ့လွန်းနေခြင်းပင်။


စုမုန့်လည်း ဝေ့ထင်ကို စေ့စေ့ကြည့်လျက်ရှိသည်။သူ့မှာ ယခုလို ရည်ရွယ်ချက်များ ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ယခင်ဘဝတွင် သူမတစ်ဘဝလုံး ထိုးနှက်မှုများစွာ ခံခဲ့ရသည်။ယခု ဘဝမှာတော့ နားလည်မှုလွဲခဲ့သည်များကို ရှင်းသွားသော်လည်း၊ ဝေ့ထင်ကိုတော့ သူမ လုံးဝလက်မခံနိုင်ခဲ့ချေ။ သူမတို့နှစ်ယောက်ကြားက အက်ကွဲကြောင်းတွေ ပြင်လို့မရတော့သလို ခံစားရ၏။


ဝေ့ထင်အတွက် သူမ၏ ခံစားချက်များသည် ရှုပ်ထွေးလွန်းသဖြင့် တွေးလိုက်တိုင်း နှလုံးသားက နာကျင်သွားသည်။ ဝေ့ထင်နှင့် ပြန်စဖို့ကို သူမတွေးခဲ့ဖူးသည့် အကြိမ်တိုင်း၊ ငြင်းပယ်ခဲ့သည်ချည်းပင်။


ဝေ့ထင်က ကွာရှင်းပြီး နောက်တစ်ကြိမ်ပြန်စတော့မယ်လို့ ပြောခဲ့တာကို သူမလည်း စမ်းကြည့်လိုက်ရမလား...

ထွက်ပြေးခြင်းသည် ပြဿနာကို ဖြေရှင်းမည်မဟုတ်ကြောင်း သူမ သိသည်။  ရလဒ်က မည်သို့ပင်ဖြစ်နေပါစေ၊ သူမပြောရမည့်အရာကို အရင်ပြောရပေတော့မည်။



                     ❤️❤️  ပြီးပါပြီ ❤️❤️

           

             Translated by IQ Team🥰🥰


{story လေးက ဒီမှာပဲ အဆုံးသတ်သွားပါပြီရှင့် Extra မရှိတော့ပါဘူးရှင့်🥰

ဒါဒါလေးတို့ အဆင်ပြေသလိုလေး ကိုယ်အတွေးလေးနဲ့ကိုယ်ဇာတ်သိမ်းလိုက်လို့ရပါတယ်ရှင်❤️❤️


မင်မင်ကတော့ ကိုယ်အတွေးနဲ့ကိုယ် Happy ending လေးနဲ့အဆုံးသတ်ပေးလိုက်ပါပြီ🥰🤭 ဒန် တန့် ဒန် 🤭🤭}