အပိုင်း ၂၀၀
Viewers 15k

Chapter 200

(ဝေ့ထင် ပျောက်သွားခြင်း)


အဘိုးဝေ့ သတိလစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။သူ နိုးလာပြီးနောက်၊သတိပြန်ဝင်လာပုံမရဘဲ မျက်နှာကျက်ကို စိုက်ကြည့်နေသည်။


စုမုန့်နှင့် အဖေဝေ့ကလည်း သူ့ကိုကြည့်နေကြသည်။ လောလောဆယ် ဆရာဝန် စစ်ဆေးပြီးသည်အထိ စောင့်ရပေမည်။ ဆယ်စက္ကန့်ကျော်ကြာမှ ဆရာဝန်ရောက်လာသည်။


အဘိုးဝေ့ကို ဆက်တိုက်စစ်ဆေးပြီးနောက် တာဝန်ခံဆရာဝန်သည် အလွန်အံ့သြသွားပုံရကာ အဖေဝေ့ကို 


“အဘိုး ဝေ့နိုးပြီပဲ...သူ့ခန္ဓာကိုယ်မှာ ဘာပြဿနာမှ မရှိပါဘူး…အသက်လည်း ကြီးပြီး သတိမေ့မြောနေတာ ကြာလှပြီမို့ သူ့ခန္ဓာကိုယ်က အားနည်းနေတာပါ…အာဟာရဓါတ် များများစားပြီး အနားယူဖို့ အချိန်တစ်ခုပဲ လိုပါတယ်”


 !!


ဆရာဝန်စကားကို ကြားမှ စုမုန့်နှင့်အဖေဝေ့ စိတ်သက်သာရာရသွားသည်။


 "အဖေ အခု ဘယ်လိုခံစားရလဲ"  


အဖေဝေ့က အဘိုးဝေ့ကို မေးသလို၊စုမုန့်ကလည်း နောက်ကနေ လိုက်လာသည်။


 "မင်းတို့ ဒီမှာ ဘာလုပ်နေတာလဲ"  


အဘိုးဝေ့သည် ပြန်လည်ကောင်းမွန်လာပြီဖြစ်၍၊ အဖေဝေ့နှင့် စုမုန့်တို့ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေလေသည်။


 “ဒီလိုပါ..."ဆရာဝန်က ရှင်းပြသည်။ “အဘိုးဝေ့က သတိလစ်နေတာ ကြာနေပြီမို့ သူ သတိလစ်နေတဲ့အချိန်ကို သတိမရတော့ပါဘူး… အဲ့ဒါကြောင့် သူ သတိမလစ်ခင်မှာ ဖြစ်ပျက်ခဲ့တာတွေကိုပဲ မှတ်မိနိုင်မှာပါ"


အဘိုးဝေ့ သတိမလစ်ခင်က၊ အိပ်ခန်းထဲမှာ ရှိနေခဲ့သည်။သူ အိပ်ဖို့ ပြင်နေချိန်မှာ မေ့လဲသွားခြင်းပင်။အစက ဘယ်သူမှ သတိမထားမိကြပေ။အဘိုးဝေ့ တစ်ခုခုဖြစ်နေမှန်း အားလုံး သိကြသောအခါ၊နောက်တစ်နေ့မနက်သို့ ရောက်နေလေပြီ။ 


အဘိုးဝေ့သည် ဆေးပညာအရ အံ့ဖွယ်ဖြစ်နေသဖြင့် ဆရာဝန်က


 “ဒါက တစ်ကယ်ကို ထူးဆန်းတယ်ဗျ…အဘိုးဝေ့ကို တစ်ကိုယ်လုံး စစ်ဆေးမှု နှစ်ကြိမ်လုပ်ခဲ့တာ၊ ရလဒ်တွေအရ သူ့မှာ ဘာအမှားအယွင်းမှ မရှိခဲ့ဘဲ အိပ်ရာက မထပါဘူး…အခု သူဘယ်လိုနိုးလာတာလဲ"


အဖေဝေ့သည် စုမုန့်ကို ဒေါသတကြီး ဟန်ပန်ဖြင့် မကြည့်တော့ဘဲ ကျေးဇူးတင်လေးစားမှုဖြင့် ကြည့်နေလေသည်။  


“အားလုံးအတွက် ငါ့ချွေးမကို ကျေးဇူးတင်တယ်… သူမကြောင့်သာ မဟုတ်ရင် ငါ့အဖေက ဘယ်လောက်ကြာကြာ သတိလစ်နေမယ်ဆိုတာ ဘုရားသခင်ပဲ သိနိုင်လိမ့်မယ်”


အဖေဝေ့က သူမကို ချီးကျူးသဖြင့် စုမုန့် ရုတ်တရက် အဖေဝေ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူမသည် ဝေ့မိသားစုဝင်တစ်ဦးဖြစ်ကြောင်း အဖေဝေ့က ဝန်ခံလာမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။သို့သော်လည်း အဖေဝေ့က သူမကို စိတ်ရင်းမှန်ဖြင့် ခေါ်နေသည်ဖြစ်စေ၊  သူမ ဂရုမစိုက်တော့သလို၊ ပြန်လာဖို့လည်း ရည်ရွယ်ချက်မရှိတော့။


 အဘိုးဝေ့ နိုးလာသော်လည်း၊ အားနည်းနေသေးပြီး ဘာဖြစ်သွားမလဲဆိုတာ မသိသေးပေ။ အဖေဝေ့က သူ့ကိုရှင်းပြနေချိန်မှာစုမုန့် တိတ်တဆိတ်ထွက်သွားလိုက်၏။အဘိုးဝေ့ နေကောင်းပြီဖြစ်၍၊သူမနှင့် မသက်ဆိုင်ပေ။


 စုမုန့်သည် ကားရပ်နားရာ နေရာသို့ လျှောက်သွားကာ ရှန့်ကျန်းကို အိမ်သို့ တက္ကစီစီး၍ ပြန်ခိုင်းဖို့ ဖုန်းခေါ်ဖို့ပြင်လိုက်သည်။သို့သော် ရှန့်ကျန်းက အရင် ဖုန်းခေါ်လာ၏။ 


"ဥက္ကဌဝေ့ တစ်ခုခုဖြစ်နေတယ်"


သူမ ဝေ့မိသားစုအိမ်သို့ရောက်သောအခါ အမေဝေ့သည်၊ ဧည့်ခန်းတွင်ထိုင်ကာ မျက်ရည်များကို သုတ်လျက်ရှိသည်။သူမ ဘေးမှာ ပေါ့ပေါ့ပါးပါးဝတ်ထားသည့် လူတစ်ယောက် ရပ်နေသည်။သူမသည် ထိုလူ၏နောက်ကျောပြင်ကိုကြည့်ရင်း ရင်းနှီးနေသလို ခံစားမိသည်။


 "မင်း ပြန်လာပြီလား"  


ရှန့်ကျန်းက စုမုန့်ဆီသို့ လျှောက်သွားရင် ပြောလေသည်။


ရှန့်ကျန်း၏ အသံကိုကြားသော်၊ ထိုလူက လှည့်ကြည့်လိုက်သည်။ စုမုန့်ကလည်း ထိုအခါမှ သူသည် အဘိုးလု၏ ဒရိုင်ဘာမှန်း သတိရသွားမိသည်။


" မင်္ဂလာပါ မစ္စစု…ကျွန်တော့်နာမည်က ရှောင်ယွိပါ... အဘိုးလုရဲ့ ဒရိုင်ဘာပါ…ကျွန်တော် မစ္စစုကို မေတ္တာရပ်ခံစရာရှိလို့ ဒီကိုရောက်နေတာပါ"


ရှောင်ယွိသည် စုမုန့်ကို မှတ်မိနေသေးသည်


  "ဘာဖြစ်လို့လဲ"


ရှောင်ယွိက အမေဝေ့ကို ငုံ့ကြည့်ကာ စုမုန့်အား သူ့နောက်သို့ လိုက်ရန် အရိပ်အခြည်ပြလိုက်သည်။


ရှောင်ယွိသည် သူမကို စောင့်ကြည့်ကင်မရာဖြင့် မမြင်နိုင်သောနေရာသို့ ခေါ်သွားခဲ့သည်။ ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိသော်လည်း၊ သူက အသံကိုလျှော့ပြီး ပြောသည်။


 "မစ္စစု၊ ဗိုလ်ကြီး ဝေ့ထင်က မစ်ရှင်တစ်ခုမှာ ပျောက်သွားပါတယ် ..အခု အဘိုးလုက မစ္စစုကို ရှာခိုင်းလိုက်တာပါ… မင်းက ဖြေရှင်းနိုင်မယ်နဲ့တူတယ်"


 " ဗိုလ်ကြီးဝေ့ထင်"


စုမုန့် စိတ်ရှုပ်သွားသည်။ ထိုလူက ခေါင်းညိတ်သည်။ ယခုအချိန်တွင် သူ အလွန်စိုးရိမ်နေမှန်း သိသာသော်လည်း တည်ငြိမ်ဆဲဖြစ်သည်။ 


 “ဒီကိစ္စက နည်းနည်းရှုပ်ထွေးတယ်…  နောက်မှ အသေးစိတ်ပြောပြမယ်… ဖြစ်နိုင်ရင် ဒီကိစ္စက အရမ်း အရေးကြီးနေတော့ ဒီလူကို ရှာတွေ့ဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”


သူမလည်း အခြေအနေက အရေးတကြီးဖြစ်နေမှန်း သိသည်။  သူမ သံသယရှိသော်လည်း ဆက်မမေးတော့ဘဲ ဝေ့မိသားစု၏နေအိမ်မှ ရှောင်ယွိနှင့်အတူ ထွက်လာခဲ့သည်။


စုမုန့်နှင့် ရှောင်ယွိ ထွက်သွားတာကို အမေဝေ့ မြင်လျှင် “ဘယ်သွားမလို့လဲ...ဘာလို့ထွက်သွားတာလဲ"


ယခုလောလောဆယ် ဝေ့ထင် ပျောက်ဆုံးသွားသည်ကိုသာ သူမ သိလိုက်သည်။ သူဘာကြောင့်ပျောက်ဆုံးသွားတာလဲ...သို့သော် ရှန့်ကျန်းက ဤအရာအားလုံးကို သိသည်။သူက စုမုန့်၏ နောက်လိုက်ဖြစ်ကြောင်း သိသောကြောင့်၊ ရှောင်ယွိက အရာအားလုံးကို ပြောပြပြီး အမေဝေ့အား လျှို့ဝှက်ထားရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် သူက အမေဝေ့ကို အမှန်အတိုင်း မပြောနိုင်သောကြောင့် သင့်တော်သလို ဆင်ခြေပေးလိုက်သည်။ 


"ကျွန်တော်တို့ သူဌေးကပဲ ဥက္ကဌဝေ့ရဲ့ ပြဿနာကိုဖြေရှင်းနိုင်တယ်...ခင်ဗျား စိုးရိမ်နေစရာမလိုပါဘူး.. ဥက္ကဌဝေ့ အဆင်​​ပြေသွားမှာပါ"


(ဝေ့ထင်က မြေအောက်ထဲမှာ)


 "ဝေ့ထင် ဘာလုပ်နေတာလဲ၊သူဘာလို့ရုတ်တရက်ပျောက်နေတာလဲ"  


အ​မေ​ဝေ့ ငို​နေရင်း ဝေ့ရွှယ်ကို ဖုန်းခေါ်ရန် ဖုန်းထုတ်လိုက်သော်လည်း ဖုန်းမဝင်သွားပေ။ ကလေးနှစ်ယောက်လုံးကို ဆက်သွယ် မရတော့၍၊သူမအတော် စိုးရိမ်နေရသည်။ ကံကောင်းထောက်မစွာနှင့်၊အဖေဝေ့ ဆေးရုံကနေ ပြန်ရောက်လာသည်။သူက ရှန့်ကျန်းထံမှ ယေဘူယျ အခြေအနေကို ကြားလိုက်ရ၍ အမေဝေ့ကို နှစ်သိမ့်သည်။


 "စုမန်ရဲ့အစွမ်းကို ကိုယ် မြင်ဖူးတယ်…သူမက တစ်ကယ် အစွမ်းထက်တာ… အနည်းဆုံးတော့ သူမဟာ တခြား ဖုန်းရွှေပညာရှင်တွေထက် အများကြီး ပိုအစွမ်းထက်တယ်…ဒါကြောင့် သူမကို ယုံကြည်လိုက်ပါ… ရှောင်ထင်ကိုလည်း သူမ သေချာပေါက် ရှာတွေ့မှာပါ"


ထို့နောက် ရှန့်ကျန်းသည် ဝေ့မိသားစုအိမ်မှ တိတ်တဆိတ် ထွက်လာခဲ့သည်။  သူ ယခု ရှေးဟောင်းပစ္စည်းဆိုင်ကို ပြန်ချင်သည်။သို့မှသာ စုမုန့် တစ်ခုခု လိုအပ်လျှင် အချိန်မီ ကူညီနိုင်မှာပင်။


ရှောင်ယွိသည် စုမုန့်နှင့်အတူ စစ်တပ်သို့သွားခဲ့သည်။ စုမုန့်သည် နောက်ဆုံးအကြိမ်ကဲ့သို့ပင်၊သွားရမည့်နေရာကို မသိသော်လည်း စစ်တပ်သုံးလေယာဉ်ဖြင့် လိုက်ပါသွားခဲ့သည်။


 "ဝေ့ထင် ဘယ်သွားနေတာလဲ…အဲဒီတုန်းက သူဘာလုပ်နေခဲ့တာလဲ…ကျွန်မ သတင်းအချက်အလက်တွေကို သိချင်တာမဟုတ်ပါဘူး...ဒါကြောင့်မစ်ရှင်ရဲ့အသေးစိတ်အချက်အလက်ကို ပြောပြစရာမလိုပါဘူး...အပေါ်ယံ အကြောင်းရင်းကိုတော့ သိချင်ပါတယ်”  


သူမ လေယာဉ်ပေါ်သို့ တက်နေစဉ် ရှောင်ယွိအား အမြန်မေးလိုက်သည်။


ရှောင်ယွိ အနည်းငယ် အဆင်မပြေဖြစ်နေသလိုပင်။သူက “မစ်ရှင်အကြောင်း မသိဘူး” ဟု တုံးတိ မပြောဘဲ ခဏလောက် စဉ်းစားလိုက်သည်။ 


"အထက်က လူတစ်ယောက်က အဘိုးလုကို တွေ့ပြီး ပြောတာပါ၊အဘိုးလုက  ကျွန်တော့်ကိုပြောတယ်လေ...  မင်း ဟိုရောက်တဲ့အခါ အသေးစိတ်အချက်အလက်တွေကို သူတို့ကို မေးကြည့်ပါ"


ရှောင်ယွိလည်း သေချာမသိသဖြင့် စုမုန်းဆက်မမေးတော့။ယခုအချိန်တွင် တစ်စုံတစ်ခုသည် သူမ၏နှလုံးသားမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသကဲ့သို့ပင်၊ နားမလည်နိုင်သော ထိတ်လန့်မှုတစ်ခုအား ခံစားလိုက်ရသည်။ချက်ချင်း သူမလည်း ရင်ထဲက အစိုင်အခဲကို ဖျောက်ဖျက်ရန် အတတ်နိုင်ဆုံး ကြိုးစားပစ်ခဲ့သည်။


 နှစ်နာရီအကြာတွင် လေယာဉ်သည် စစ်တပ်၏ လေဆိပ်သို့ ဆင်းသက်ခဲ့သည်။ခရီးက မပြီးဆုံးသေးဘဲ စစ်တပ် SUV ကားထဲသို့ ပြန်ဝင်ရပြီး တောင်ပေါ်သို့ တက်ခဲ့ရပြန်သည်။


ရှောင်ယွိ၏တာဝန်မှာ သူမကို ဤနေရာသို့ ခေါ်ဆောင်သွားရန်ဖြစ်သည်။သူက သူမအား အသက် 50 နှစ်ခန့် ရှိဟန်တူသော အမျိုးသားတစ်ဦးထံ အပ်ပြီး ထွက်ခွာသွားခဲ့သည်။


 "မစ္စစု၊ကျွန်တော့်နာမည်က ယွီတျောင် ပါ...ကားပေါ် အရင်တက်ရအောင်”


ကားထဲမှာ ယွီတျောင်က စုမုန့်ကို အကုန်ရှင်းပြခဲ့သော်ငြား၊ မစ်ရှင်အသေးစိတ်နှင့် ဝေ့ထင် အကြောင်းကိုတော့ ချန်လှပ်ထားခဲ့၏။စုမုန့်ကလည်း လျှို့ဝှက်ထားကြောင်းသိသောကြောင့် ဆက်မမေးတော့။


 မကြာသေးမီက နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သူအုပ်စုများ အလွန်များပြားလာခဲ့သည်။ ယခင်က မူးယစ်ဆေးဝါးကို တိတ်တိတ်လေးပဲ ရောင်းကြသည်။ယခုဆို၊လူတွေကိုပါ ပြန်ပေးဆွဲပြီး ဖမ်းမိသူများအား မူးယစ်ဆေးဝါး အတင်းအကြပ်ရောင်းခိုင်းကြသည်။


ဖမ်းမိသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်။ အကြောင်းမှာ သူတို့ကထိန်းချုပ်ရလွယ်ကူသောကြောင့် ဖြစ်သည်။  သူတို့၏ ခိုအောင်းရာနေရာသည် အဆက်မပြတ်ပြောင်းလဲနေ၍ ဖမ်းရန်ခက်ခဲသည်။ဤနိုင်ငံသာမက အိမ်နီးချင်းနိုင်ငံတွေကလည်း ဤရာဇ၀တ်ဂိုဏ်းကြောင့် ခေါင်းခဲစရာ ဖြစ်နေရ၏။မကြာသေးမီက သူတို့နှင့်ပတ်သက်သည့် အတည်ပြုသတင်းများ ထွက်ပေါ်ခဲ့ပြီး၊သူတို့အား ဝိုင်းရံနှိမ်နင်းရန် နှစ်နိုင်ငံပူးပေါင်းကြဖို့ ဆုံးဖြတ်ခဲ့သည်။


ဝေ့ထင်သည် ဤစစ်ဆင်ရေးကို တာဝန်ယူခဲ့ပြီး နောက်ဆုံးတွင် ရာဇ၀တ်ဂိုဏ်းကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့သည်။ သို့သော် အခြားသူများ ဘေးကင်းစွာ ပြန်လာချိန်တွင် ဝေ့ထင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ တောင်ကို ဇောက်ထိုးလှန်လုနီးပါးအထိ၊သူ့ကို ရှာဖွေရန် ကြိုးစားခဲ့ကြသော်လည်း၊ယခုထိ ရှာမတွေ့သေးပေ။


ယွီတျောင် ပြောပြပြီးနောက် စုမုန့် အခြေအနေကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။ဝေ့ထင် ပျောက်ဆုံးသွားပုံက လူ့ပယောဂကြောင့် မဟုတ်နိုင်ပေ။သူမ သံလိုက်အိမ်မြှောင်ကို ထုတ်ယူကာ စတင်ရှာဖွေခဲ့သည်။ သံလိုက်အိမ်မြှောင်၏ ပင်အပ်သည် တစ်စုံတစ်ခုကြောင့် ထိခိုက်သွားပုံရသည်။ အရှိန်ပြင်းပြင်းနှင့် လည်ပတ်နေကာ ရပ်တန့်သွားမည့် အရိပ်အယောင် မပြချေ။


 “မစ္စစု၊ ဒါ…” 


ယွီတျောင်က သူမ လက်ထဲမှ သံလိုက်အိမ်မြှောင်ကို ကြည့်လိုက်ရင်း ရေရွတ်လိုက်၏။ဤအကြောင်းကို သူအများကြီးမသိသော်လည်း၊ အိမ်မြှောင်က မရပ်မနား လည်ပတ်နေခြင်းက၊ အခြေအနေ မကောင်းမှန်း သိထား၏။ 


စုမုန့် ဘာမှ မပြောဘဲ ကျန်လက်တစ်ဖက်ဖြင့် တွက်ချက်နေတော့သည်။  ခဏအကြာတွင် တုန်လှုပ်ခြောက်ခြားသော အကြည့်တစ်ခု သူမဆီမှာ ဖြစ်တည်လာရ၏။ 


 "မစ္စစု တစ်ခုခု ရှာတွေ့ပြီလား" 


ယွီတျောင်က သူမ၏ တုံ့ပြန်မှုကို မြင်ပြီး မေးလိုက်သည်။


သူမ သူ့ကိုကြည့်ကာ 


“အနောက်တောင်ဘက်၊မီတာ နှစ်ထောင်က သုံးထောင်ခန့်အကွာ၊ မြေအောက်အနင် ဆယ်မီတာလောက်မှာ ရှိတယ်”


စုမုန့် စကားကိုကြားပြီးနောက်တွင် အားလုံးသည် မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။ ဝေ့ထင်က ဘယ်လိုလုပ် မြေအောက်ရောက်သွားတာလဲ၊


 "မြန်မြန်သွား၊ အခု သူ အန္တရာယ်ရောက်နေပြီ" 


ယွီတျောင် ကလည်း သူမ စကားကိုကြားသည်နှင့်


 "အားလုံးပဲ မစ္စစုရဲ့ ညွှန်ကြားချက်အတိုင်းရှာဖွေကြပါ..."


 “ဟုတ်!”  


စကားသံများ တညီတညွတ်တည်း ထွက်လာကြသည်။


 ထို့နောက် သူမ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း လမ်းကြမ်းယာဉ် အစီး၂၀ ကျော် မောင်းနှင်လာခဲ့သည်။  ထို့အပြင် ရဟတ်ယာဉ်များ ကိုလည်း ခေါ်ထားကြသည်။


 “မစ္စစု နေရာသိပြီဆိုတော့ မင်းအထဲကို ဝင်ပြီး ခဏလောက် အနားယူလို့ရတယ်…ဝေ့ထင်ကိုတွေ့ရင် မင်းဆီကိုပြန်ပို့ပေးမယ်"  


ယွီတျောင်သည် ဘေးနားရှိတဲကို ညွှန်ပြသည်။


စုမုန့် ခေါင်းယမ်းလိုက်သည်။


  "ဟင့်အင်း...ဒီမှာစောင့်နေမယ်"


သူမ ဘာဖြစ်သွားမှန်း မသိသော်လည်း၊ ကြောက်စိတ်တစ်ခု ခံစားရသည်။သူမ၏ ကလေး ဆုံးပါးသွားချိန်မှာ ခံစားရသည့် စိတ်ပျက်အားငယ်မှုကိုပင် သတိရစေ၏။သူမရင်ထဲမှာလည်း  အသက်ရှုကြပ်သွားရလေသည်။



xxxxx