Chapter 199
(အဘိုးကိုကယ်တင်ရမည်)
"အဘိုးက ဘယ်ဆေးရုံမှာရှိလဲဆိုတာ သူ့ကို မေးလိုက်”
ဝေ့ထင် ပြန်ရောက်လာမည်ဆို၍၊စုမုန့်သည် အမေဝေ့ကို ဂရုမစိုက်တော့ပေ။ သူမသည် တံခါးဆီသို့ လျှောက်သွားကာ အိတ်ထဲမှ အဝါရောင် အင်းစာရွက်နှင့် သံလိုက်အိမ်မြှောင်ကို ထုတ်ကာ စတင်စစ်ဆေးသည်။
စုမုန့်က သူမကို လုံးဝ လျစ်လျူရှုနေတာကြောင့် အမေဝေ့ ဒေါသတွေတဖျင်းဖျင်းထွက်လာတော့သည်။သူမ စုမုန့် အနားသို့ လျှောက်သွားပြီး ထိုပစ္စည်းအားလုံးကို လွှင့်ပစ်ဖို့ ပြင်လိုက်သည်။သို့သော်လည်း သူမ ဘာမှမထိရသေးခင် စုမုန့်က အေးစက်စက်ပြော၏။
"အန်တီတို့ရဲ့အသက်ကို ကျွန်မကယ်လိုက်ပြီ…အန်တီ ကျွန်မကို ထပ်တားရင် ကျွန်မ ဂရုမစိုက်တော့ဘူးနော်"
ပြောနေသော သူမ၏ လေသံနှင့် အမူအရာက အလွန်လေးနက်သည်။ အမေဝေ့သည် စုမုန့် ယခုလို လေးနက်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။နားမလည်နိုင်သော ခံစားချက်တစ်ခု သူမ စိတ်ထဲတွင် ပေါ်လာပြီး လက်ကို ပြန်ဆွဲရုတ်လိုက်သည်။
စုမုန့်သည် အခြေအနေအား တွက်ချက်ပြီး တံခါးမှာ အနီရောင်ကြိုးတစ်ခုကို ချည်လိုက်သည်။ထို့နောက် သူမသည် အင်းစာရွက်ကို မီးရှို့ပြီး ပြာများကို သံလိုက်အိမ်မြှောင်ပေါ်တွင် တင်လိုက်သည်။
ရှန့်ကျန်းသည် သူမ လုပ်နေပုံကို ဘေးမှကြည့်နေရင်း ချက်ချင်းပင် အိမ်မြှောင်ပေါ်က ရပ်တန့်သွားသော အပ်ကြောင့်၊ မျက်လုံးတွေတောင် ပြူးကျယ်သွားရသည်။ယခု ဝေ့မိသားစုဝင်တို့ တစ်ကယ် ဒုက္ခရောက်မည့်ပုံရ၏။
"အဘိုးက ဘယ်ဆေးရုံမှာလဲ"
စုမုန့် သည် အမြဲတမ်း ငြိမ်သက်နေခဲ့သော်လည်း၊ယခု စိုးရိမ်နေမိသည်။စောစောက အမေဝေ့ကို အဘိူးဝေ့ ရှိနေသည့်နေရာအား စိုးရိမ်တကြီး မေးသော်လည်း၊ဘာမှမပြောပေ။ထို့ကြောင့် သူမက ရှန့်ကျန်း ဘက်ကို လှည့်ပြီး
"ဝေ့ထင်က ပြန်ဖြေသလား"
ရှန့်ကျန်းက ခေါင်းခါလိုက်ပြီး ပြောသည်။
"မဖြေသေးဘူး"
“အဘိုးကို ကယ်ဖို့ ကျွန်မ ပြန်လာခဲ့တာ… အဘိုးကို ကယ်တင်ချင်ရင် အန်တီ ကျွန်မအပေါ် ထားတဲ့ မလိုမုန်းထားမှုတွေကို ခဏ ဖယ်ထားနိုင်မယ်လို့ မျှော်လင့်ပါတယ်”
သူမက အမေ့ဝေကို စိုက်ကြည့်နေရင်းပြောလိုက်၏။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...ငါ အဖေ့ကို ကယ်ချင်တာပေါ့... ဒါပေမယ့် နင်က ဘာလုပ်နိုင်မှာလဲ"
"အန်တီ သူ့ကို ကယ်ချင်ရင် မြန်မြန်ပြော"
စုမုန့် စိတ်မရှည်တော့ဘဲ အော်လိုက်သဖြင့် အမေဝေ့ သူမကို ထိတ်လန့်သွားသည်။ စုမုန့် စိုးရိမ်နေခြင်းမှ။ ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း မြင်လိုက်ရသဖြင့် သူမ နောက်ဆုံးတွင် အမှန်တရားကို ပြောပြခဲ့သည်။
"သူက ဟီရန် ဆေးရုံမှာပါ"
“သွားရအောင်”
စုမုန့်သည် လူနာအခန်းနံပါတ်ကိုကြားသည်နှင့်၊ အခန်းထဲက အမြန်ထွက်သွားလိုက်သည်။ ရှန့်ကျန်းကလည်း သူမနောက်ကို လိုက်လာသည်။သို့သော်၊သူမ အလျင်လိုနေ၍ သူ့ကိုမစောင့်ဘဲ ရှေ့မှထွက်လာသည်။
ရှန့်ကျန်း သည် လိုက်လည်း မမှီနိုင်တော့၍ ခြေလှမ်းကိုရပ်ကာ
"သူဌေးက အရမ်းတော်တဲ့လူပါ...ခင်ဗျား သူမကို ဘာလို့ သဘောမကျတာလဲ"
သူက အမေဝေ့အနားကို လျှောက်လာပြီး ပြောလိုက်သည်။
“ဟွန့်...”
အမေဝေ့က တစ်ချက်မဲ့ပြီး သူ့ကိုမျက်စောင်းထိုးလိုက်ကာ ဂရုမစိုက်ဘဲ အိမ်ထဲသို့ ဝင်လာခဲ့သည်။
ရှန့်ကျန်း "..."
သူမကို အရူးတစ်ယောက်လို ဒီမှာပဲ စောင့်နေရမှာလား...သူလည်း စုမုန့်ဆီမလိုက်သဖြင့် ဖုန်းကို ထုတ်လိုက်ပြီး ဝေ့ထင်ထံ စာတိုတစ်စောင် ပို့လိုက်သည်။
[စုမုန့်က သူ့ဘာသာသူ ဆေးရုံသွားလိုက်ပြီ]
ကံကောင်းစွာပင်၊ဆေးရုံက သိပ်မဝေးတာမို့ စုမုန့် ရောက်ဖို့ ဆယ်မိနစ်လောက်ပဲ ကားမောင်းခဲ့ရသည်။သူမ ကားကိုရပ်ပြီး အဘိုးဝေ့ ရှိနေသော လူနာဆောင်ဝန်းထဲသို့ ပြေးသွားခဲ့သည်။တစ်ချိန်လုံး အဖေဝေ့က သူမနောက်မှ လိုက်ပါလာခဲ့သည်။ စုမုန့်ကိုတွေ့လျှင်၊ သူက ဘာမှမပြောဘဲ လိုက်ပါလာ၏။သူမ မရောက်လာခင်မှာ အမေဝေ့က သူ့ကို အကြောင်းကြားထားပြီးသားပင်။ ထို့ကြောင့် သူမကို ကြည့်မရသော်လည်း မတားခဲ့ပေ။
စုမုန့် သည် အဘိုးဝေ့၏ အိပ်ရာဆီသို့လာကာ သူ့ကို ငုံ့ကြည့်လိုက်သည်။ အဘိုးဝေ့၏ မျက်လုံးများမှာ မှိတ်ထားကာ သူ့အမူအရာမှာလည်း အိပ်ပျော်နေသကဲ့သို့ ငြိမ်သက်တည်ကြည်နေသည်။သူ့ပုံစံက ဘာမှ ထူးထူးခြားခြား မပြောင်းလဲပေ။
“ပရော်ဖက်ရှင်နယ် ဆရာဝန်အများစုတောင်မှ ဘာဖြစ်နေမှန်းကို မသိတာ... မင်းက တစ်ကယ်မြင်နိုင်လို့လား"
စုမုန့် သည် အဘိုးဝေ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် အဖေ ဝေ့ သံသယစိတ်ဖြင့် မေးသည်။စုမုန့်က အရမ်းလည်း အသက်ငယ်တယ်...သူမ တစ်ကယ်ကိုင်တွယ် ဖြေရှင်းနိုင်ပါ့မလား...
စုမုန့် မလာခင်မှာ အဘိုးဝေ့ ကိုနှိုးရန် အဖေဝေ့ ဖုန်းရွှေပညာရှင်တွေ အများကြီးကို ရှာခဲ့သည်။အဘိုးဝေ့မှာ ဘာပြဿနာမှမရှိဘူးဟု အားလုံးကပြောကြသော်လည်း၊မနိုးလာသေးပေ။ သူ နည်းလမ်းအားလုံးကို ကြိုးစားခဲ့သော်လည်း တစ်ခုမှ အလုပ်မဖြစ်ခဲ့။ အဘိုးဝေ့မနိုးလာလျှင် စိုးရိမ်ရကြောင်း ဆရာဝန်ကလည်း ပြောသည်။
“မင်း အဖေ့ကို တကယ်ကုစားနိုင်ရင် ဝေ့ထင်နဲ့ မင်းရဲ့အိမ်ထောင်ရေးကို အနှောင့်အယှက်မပေးတော့ဘူး...ဝေ့မိသားစုကို မင်း ပြန်လာနိုင်တယ်"
အမေဝေ့သည် စုမုန့်၏မျှော်လင့်ချက်အားလုံးကို ချုပ်ကိုင်ထားကာ ပြောခဲ့သည်။
“ကျေးဇူးတင်ပါတယ် ဦးလေး...ဒါပေမယ့် အဲဒါအတွက် မလိုအပ်ပါဘူး... အဘိုးကို ကယ်ဖို့ လာတာပါ... ဝေ့မိသားစုဆီ ပြန်လာချင်လို့ မဟုတ်ဘူး...ကွာရှင်းဖို့ဆိုရင် ကျွန်မဆီ အချိန်မရွေးလာလို့ရပါတယ်"
ဝေ့မိသားစုဆီပြန်လာဖို့ စုမုန့် ဒါတွေအားလုံးလုပ်နေခြင်းဟု အဖေဝေ့ တွေးလိုက်သည်။ သို့သော် ယခု သူမကို ပြန်လာဖို့ ပြောပြီးသည့်တိုင် တုံ့ပြန်မှုလုံးဝမရှိပေ။တစ်ကယ်ပဲ သူ့အဖေကို ကယ်တင်ဖို့ ရောက်လာတာပဲလား.…
စုမုန့် သည် အဘိုးဝေ့၏ ချီစွမ်းအင်ကို စောင့်ကြည့်ခဲ့ရာ အရာအားလုံးက ပုံမှန်ပင်။အရာအားလုံးမှာ ပုံမှန်ဖြစ်သော်လည်း၊အဘိုးဝေ့၏ လက်ရှိအခြေအနေက မမှန်ပေ။သူမ မျက်လုံးကိုမှိတ်ထားပြီး အဘိုးဝေ့ပတ်လည်ရှိ ချီစွမ်းအင်ကိုခံစားကြည့်ခဲ့သည်။ ယင် ချီသို့မဟုတ် မကောင်းဆိုးဝါး ချီလည်းမရှိ၊အားလုံးက ပုံမှန်ပင်။
သူမ ဤအခြေအနေမှာ ဘာလုပ်ရမလဲဆိုတာကို စဉ်းစားဖို့ ကြိုးစားသည်။ နောက်ဆုံးတွင်၊ ရှေးဟောင်းစာအုပ်မှလည်း အလားတူအခြေအနေရှိ မှတ်တမ်းတစ်ခုရှိကြောင်း သူမ ရုတ်တရက် သတိရသွားသည်။ ချက်ချင်းဆိုသလို၊ သူမ ဆဲလ်ဖုန်းကို ထုတ်ပြီး ရှန့်ကျန်းအား ဖုန်းခေါ်လိုက်သည်။
"ရှန့်ကျန်း...အစေခံတွေကို သွားရှာ...ပြီးရင် ကေက်ရိုးရုပ်ကို ဗီလာအနှံ့ ရှာဖွေခိုင်းလိုက်...ဗီလာရဲ့ ဘယ်ထောင့်ကိုမှ လွတ်မသွားပါစေနဲ့"
"ဒါပေမယ့် အိမ်ဖော်တွေက ကိုယ့်စကားကို နားမထောင်ဘူး"
ရှန့်ကျန်း စိတ်ရှုပ်သွားကာ ဆိုလိုက်သည်။
စုမုန့်က အဖေေဝ့ကို ဝေ့ကြည့်လိုက်ပြီး ဖုန်းပေးလိုက်သည်။
“အိမ်တော်ထိန်းကို ပြောပေး"
(ကောက်ရိုးအရုပ်ကို တွေ့ရှိခဲ့ပြီ...)
ရှန့်ကျန်း နှင့် အိမ်တော်ထိန်းသည် ကောက်ရိုးရုပ်များကို လိုက်ရှာနေချိန်တွင် စုမုန့် သည် အင်းစာရွက်များ၊ နံ့သာတိုင်များနှင့် အခြားပစ္စည်းများကို ထုတ်ကာ စတင်ပြင်ဆင်သည်။
"မင်း တကယ်လုပ်နိုင်လား…အဖေ့ကို တကယ်ကယ်နိုင်ပါ့မလား"
အဖေဝေ့သည် စုမုန့်ကို မယုံသေးဘဲ ဘေးမှကြည့်ကာ ရံဖန်ရံခါ မေးခွန်းအနည်းငယ်မေးသည်။
စုမုန့်က သူ ဘာကို စိတ်ပူနေမှန်း သိသောကြောင့် သူမ အံ့သြစရာ ကောင်းစွာပင် စိတ်ရှည်လက်ရှည် ဖြေကြားပေး၏။
“စိတ်မပူပါနဲ့ အဘိုးကို ကျွန်မ သေချာပေါက် ကယ်နိုင်မှာပါ”
သို့သော် သူမ မျှော်လင့်ထားသည်ထက် အခြေအနေက ဆိုးရွားနေရသည်။ သူမ ပြင်ဆင်မှုတွေ ပြီးသွားသော်လည်း၊ ရှန့်ကျန်းဆီက သတင်းမရသေးပေ။နောက်ထပ် မိနစ်အနည်းငယ်ကြာအောင် စောင့်ပြီးနောက် ရှန့်ကျန်းက ဖုန်းထပ်ခေါ်သည်။
!!
"ကောက်ရိုးအရုပ်တွေ မတွေ့ဘူး... ဒါဆို တို့ ဘာလုပ်ကြမလဲ"
ရှန့်ကျန်း၏ စိုးရိမ်သောကရောက်နေသော အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
"ရှင်တို့ တစ်ကယ်ပဲ နေရာတကာလိုက်ရှာလို့လား"
စုမုန့်က မေးသည်။
"မြေကြီးကိုတောင် မချန်ပါဘူး...တူးတာ မနက်သေးလို့များလား"
စုမုန့် တိတ်ဆိတ်သွားပြီး ပြဿနာက ဘာလဲဆိုသည်ကို အဖြေရှာဖို့ ကြိုးစား၏။
ရှန့်ကျန်း စိုးရိမ်နေသော်လည်း၊ စုမုန့်က ဘာမှ မပြောသေးတာကြောင့် အလျင်စလို မလုပ်ဖြစ်ခဲ့ချေ။ သူသည် ငြိမ်သက်စွာ စောင့်ဆိုင်းနေပြီး အစေခံများကိုသာ ဆက်လက်ရှာဖွေရန် တိုက်တွန်းခဲ့သည်။
တစ်ဖက်တွင်မူ စုမုန့်သည် ဖုန်းကို ကိုင်ထားပြီး စကားမပြောဘဲနေနေ၍ အဖေဝေ့ စိတ်ပူလာပြီး
"မင်းပဲ လုပ်နိုင်တယ်လို့ပြောတာမဟုတ်ဘူးလား...မင်း အခု ဘာလို့ စကားမပြောတာလဲ… မင်းလုပ်နိုင်ပါ့မလား"
သူက သူမကို စူးစူးစိုက်စိုက် ကြည့်နေသည်။ အဖေဝေ့က စကားများတတ်သူမှန်း သူမ မသိခဲ့။ ဆူညံလွန်းသဖြင့် သူမ မတွေးနိုင်တော့ဘဲ အေးစက်စက်သတိပေးလိုက်၏။
"တိတ်တိတ်လေးနေ...ကျွန်မကို မနှောင့်ယှက်နဲ့"
အဖေဝေ့:“…”
ချွေးမဖြစ်သူက ရန်လုပ်နေ၍ အဖေဝေ့ ချက်ချင်း ဒေါပွလာသည်။သူ စုမုန့်ကို ဆူချင်သော်လည်း၊သူ ပါးစပ်ဖွင့်ခါနီးမှာပင် သူမ၏ အေးစက်စက် အကြည့်တွေကို မြင်လိုက်ရပြီး၊ သူ့လည်ချောင်းထဲမှာ ရှိပြီးသား စကားလုံးတွေကို မျိုချလိုက်သည်။ယခု သူမသည် ယခင်ကလို ခိုင်းတာလုပ်ပြီး ငြိမ်ကုပ်နေသူမဟုတ်တော့ပေ။သူမ ပြောင်းလဲသွားလေသည်။
ယခုမှ အဖေဝေ့က သူမကို စိတ်အနှောင့်အယှက် မပေးလာတော့၍ စုမုန့် နောက်ဆုံးတွင် တွေးနိုင်ခဲ့သည်။သူမ ခဏလောက် တွေးပြီး ရုတ်တရက် ဘယ်သူမှ မသိသည့် နေရာတစ်ခုကို တွေးမိသွား၏။
"ရှန့်ကျန်း အဘိုးရဲ့ မြေအောက်ခန်းကို ရှာကြည့်သလား"
"မြေအောက်ခန်း…မြေအောက်ခန်းကိုလည်း လိုက်ရှာခဲ့ပေမယ့် ပစ္စည်းတွေကလွဲလို့ တခြားဘာမှ မရှိဘူးလေ"
“အဘိုး အခန်းထဲက ဝင်ရတဲ့ မြေအောက်ခန်းအကြောင်းကို ပြောနေတာ… ရှင်တို့ ဘယ်လိုဝင်ရမယ်ဆိုတာ ပြောပြမယ်"
ထို့နောက် စုမုန့်သည် အဘိုးဝေ့၏ မြေအောက်ခန်းအကြောင်း ရှန့်ကျန်းကို ပြောပြပြီး ရှာခိုင်းလေသည်။ ခဏကြာတော့ ရှန့်ကျန်းက ထပ်ခေါ်ပြီး စိတ်လှုပ်ရှားစွာနှင့်
“စုမုန့်.…ကောက်ရိုးရုပ်ကို တွေ့တယ်…မြေအောက်ခန်းထဲက ရေကူးကန်မှာ ရှိတယ်”
“ဟုတ်လား... ငါးတွေ ဘယ်လိုနေလဲ”
"ငါး...." ရှန့်ကျန်း ခေတ္တရပ်ပြီးနောက် “ငါးနှစ်ကောင်ရှိပေမယ့် နှစ်ကောင်လုံးသေသွားပြီ”
စုမုန့် မျှော်မှန်းထားသည့်အတိုင်း တစ်စုံတစ်ယောက်သည် အစီအရင်ကို ဖျက်ဆီးခဲ့ပြီး အဘိုးဝေ့အား ဘေးထွက်ဆိုးကျိုးဖြစ်စေရန် ကောက်ရိုးရုပ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။သို့သော် ထိုသို့ပြုလုပ်ရန် လူ့အသက်တစ်ချောင်း လိုအပ်သည်။ ပျောက်နေတဲ့ အစေခံများ ဖြစ်မလား…ဒါကို ဘယ်သူလုပ်တာလဲ
ယခု အရေးကြီးဆုံးက အဘိုးဝေ့ကို ကုသဖို့ဖြစ်၍ စုမုန့်သည် သံသယများကို ဘေးဖယ်ထားပြီး အစီအရင်ကို စတင်ဖြေရှင်းခဲ့သည်။လောလောဆယ် ရှန့်ကျန်းနှင့် ဖုန်းမချဖြစ်သေး၊သူ့အကူအညီကို လိုအပ်နေသေးသည်။
"ရှန့်ကျန်း၊ ကျွန်မ ဒီမှာလုပ်ပြီးတာနဲ့ ကောက်ရိုးရုပ်ကို ချက်ချင်းမီးရှို့လိုက်ပါ… ပြီးရင် ဆင်တူ ငါးနှစ်ကောင်ဝယ်ပြီး ရေကန်ထဲမှာ ထည့်ဖို့ အစေခံကို ပြောလိုက်"
“ကောင်းပြီ”
အားလုံးအဆင်သင့်ဖြစ်သောအခါ သူမသည် အဘိုးဝေ့၏လက်ချောင်းပေါ်တွင် ဒဏ်ရာသေးသေးလေးတစ်ခု ဖြတ်တောက်ပြီး သွေးများကို သစ်ကြံပိုးခေါက်ဖြင့် လုပ်ထားသော ဘောပင်ပေါ်သို့ ရွှဲနစ်စေခဲ့သည်။ ထို့နောက် သွေးကို သစ်ကြံပိုးခေါက်နှင့် ရောကာ စက္ကူပေါ်တွင် အစီအရင်ဆွဲသည်။ပြီးလျှင်၊အဘိုးဝေ့၏ ဆံပင်ချည်တစ်ခုကို ဖြတ်ပြီး အင်းစာရွက်နှင့် ရစ်ပတ်ကာ မီးရှို့လိုက်သည်။
"ပြီးပြီ၊ မီးရှို့တော့"
ဖုန်း၏အခြားတစ်ဖက်တွင် ရှန့်ကျန်းသည်လည်း ကောက်ရိုးရုပ်ကိုမီးရှို့ပြီးနောက် အစေခံတို့ဝယ်ထားသော ငါးနှစ်ကောင်ကို ရေကန်ထဲသို့ ထည့်ထားလေ၏။
“ပြီးပြီ”
အားလုံးပြီးသွားသောအခါ၊ အဘိုးဝေ့ လက်မှာ လှုပ်သွား၏။ အဘိုးဝေ့ကို စိုက်ကြည့်နေသော အဖေဝေ့သည်လည်း ချက်ချင်း ထရပ်လိုက်ပြီး
“သူ့လက်က လှုပ်နေတာပဲ"
စုမုန့်သည်လည်း အဘိုးဝေ့ကို ကြည့်လိုက်ရာ ချက်ချင်း ၊လက်ချောင်းများ လှုပ်ယမ်းကာ မျက်လုံးများ ဖြည်းညှင်းစွာပွင့်လာသည့် အဘိုးဝေ့ကို မြင်လိုက်ရလေသည်။
“ဆရာဝန်....လူနာနိုးပြီ…မြန်မြန်လာ"
အဖေဝေ့သည် ကုတင်ဘေးက ခလုတ်ကို နှိပ်လိုက်ပြီး ဆရာဝန်ကို လှမ်းခေါ်လိုက်လေတော့၏။
xxxxx