🍵Chapter 121
“မင်းကဒါနဲ့အရမ်းလှတယ်”
ထုံရွှယ်လူ စားသောက်ဆိုင်ရှေ့သို့ ပြန်ရောက်လာသောအခါ ထန်ရှောင်ယန်က ပြတင်းပေါက်ကိုမှီပြီး အပြင်ကိုမျှော်ကြည့်နေသည်ကို မြင်လိုက်ရသည်။
ထုံရွှယ်လူအထဲဝင်လာသောအခါ ချက်ချင်းပင် ထန်ရှောင်ယန်က သူမနောက်မှလိုက်လာပြီး မေးလာ၏။
“ငါ့ခဲအိုက နင့်ကိုဘာအကြောင်းပြောတာလဲ”
“နင်သိချင်တယ်ဆိုရင်လည်း ဘာလို့နင့်ခဲအိုကို တိုက်ရိုက်သွားမမေးတာလဲ”
“……”
ထန်ရှောင်ယန်က ထုံရွှယ်လူကိုစိုက်ကြည့်လာ၏။ သူမ၏မျက်လုံးများက ဖားမျက်လုံးလိုပင်ကြီးမားနေပေသည်။
ကောင်မစုတ်...
လျှိုတုံချန်က စားသောက်ဆိုင်ထဲသို့ ပြန်ရောက်လာသောအခါ စိတ်ကောင်းမဝင်ဖြစ်နေပြီး ဝန်ထမ်းများကို အလုပ်လုပ်တာအဆင်မပြေဘူးဟုဆိုကာ အရာရာတိုင်းကိုဆူငေါက်နေ၏။
သူက ထုံရွှယ်လူတစ်ယောက် ရဲတိုင်မည်ကို စိုးရိမ်လို့လား၊ ရှက်လို့လားတော့မသိ သူမအပေါ်ကိုမူ ပြသနာမရှာလာပေ။
သူ့ပုံစံက မပျော်မရွှင်ဖြစ်နေသည်။
***
နောက်ထပ်တစ်ပတ်တာကာလက ခနတာအတွင်းပြီးဆုံးသွားသည်။
မနက်ဖြန်ဆိုလျှင် တနင်္ဂနွေနေ့သို့ရောက်ပြီဖြစ်သဖြင့် ဝမ်ရူကွေ့က မနေနိုင်ဘဲ အလွန်စိတ်လှုပ်ရှားနေ၏။
ထို့နေ့နေ့လယ်တွင် ကျိုးရန်က အစိုးရစားသောက်ဆိုင်သို့သွားရန် သူ့ကိုလာရှာ၏။ သူတို့နှင့်အတူ နောက်ထပ်သုတေသနပညာရှင်တစ်ဦးဖြစ်သည့် ဟွမ်ချီမင်လည်းပါလာပေသည်။
နေ့လယ်စာစားပြီးသောအခါ ကျိုးရန်က သက်ပြင်းချပြီး စကားစလာ၏။
“ငါ့ချစ်သူက ငါ့ကိုစိတ်ဆိုးနေတယ်လို့ ထင်တယ်၊ ငါသူမကို ဖုန်းဆက်ခဲ့ပေမယ့် သူမကရုတ်တရက်ကြီး ငါနဲ့စကားမပြောချင်တော့ဘူး”
ဝမ်ရူကွေ့က သူ့ကိုတစ်ချက်ကြည့်လိုက်ကာ ဘာမှမပြောပေ။
ကျိုးရန်က ဝမ်ရူကွေ့ကိုနားထောင်ခိုင်းရန်လည်း မရည်ရွယ်ထားပေ။ တစ်ကိုယ်တည်းသမားတစ်ယောက်က ဘာကိုသိမှာလဲ။
ဟွမ်ချီမင်ကမူ မတူပေ။ သူက ချစ်သူရှိသည်မှာ နှစ်နှစ်ကြာပြီဖြစ်ပြီး အချင်းချင်းလည်းအလွန်အဆင်ပြေကြ၏။ ဒီနှစ်ကုန်လျှင် သူတို့က နှစ်ကိုယ်တူပေါင်းစည်းတော့မှာဖြစ်သည်။
ကျိုးရန်က ဟွမ်ချီမင်၏အကူအညီကို အဓိကလိုချင်နေခြင်းဖြစ်သည်။ ဟွမ်ချီမင်က သူ့ကိုအကြံတစ်ချို့ပေးနိုင်ရန် မျှော်လင့်မိ၏။
ဟွမ်ချီမင်က နောက်ဆုံးတစ်လုပ်ကို အရင်မြိုချလိုက်ကာ ပါးစပ်သုပ်ပြီးမှ မေးလာ၏။
“မင်းချစ်သူကို ဘာပြောလိုက်လို့လဲ”
ကျိုးရန်က ခနလောက်ပြန်တွေးကြည့်ပြီး ပြောပြလာသည်။
“သူမမွေးနေ့ ရောက်တော့မှာဆိုတော့ အဲ့ဒီနေ့ကျရင် ငါသူမကိုလာတွေ့နိုင်မလားလို့ မေးတယ်၊ ငါကလက်တွေ့စမ်းသပ်ချက်တစ်ခုလုပ်နေရင်း တန်းလန်းဖြစ်နေတော့ မသေချာဘူးလို့ ပြန်ဖြေလိုက်တယ် အဲ့ဒီနောက်ပိုင်းမှာ သူမကဝမ်းနည်းသွားသလိုဘဲ”
သူနားမလည်သည်မှာ ဤသို့သောအရာများက အခုမှပထမဆုံးဖြစ်ဖူးသည်လည်း မဟုတ်ပေ။ အတိတ်တုန်းကဆိုလျှင် သူမလာနိုင်လျှင်တောင်မှ သူမက ဘာမှမပြောခဲ့ပေ။
အဲ့ဒါကို ဒီတစ်ကြိမ်ကျ ဘာလို့ဝမ်းနည်းသွားတာလဲ။
သူပြောသည်ကို နားထောင်ပြီးသောအခါ ဟွမ်ချီမင်က ခေါင်းခါလိုက်သည်။
“အဲ့ဒါက ဒီအတိုင်းပုံမှန်ရက်လိုမျိုး မဟုတ်ဘူးလေ၊ ပုံမှန်ဆို သူမ ဝမ်းမနည်းတာက မင်းအတွက် တွေးပေးတတ်လို့၊ ဒါပေမယ့် သူမမွေးနေ့ရက်မှာ မင်းကသွားမတွေ့နိုင်မှတော့ သေချာပေါက် ဝမ်းနည်းမှာပေါ့”
ကျိုးရန်က တွေးကြည့်လိုက်ကာ ၎င်းကဖြစ်နိုင်သည်ဟု ခံစားမိသွားသည်။
“မင်းပြောတာမှန်တယ်၊ ဒါဆိုရင် ငါမနက်ဖြန်တစ်ရက်လောက် ခွင့်ယူပြီး သူမမွေးနေ့ကို အတူတူကုန်ဆုံးလိုက်ရမလား”
သုတေသနပညာရှင်များ၌ ပုံသေခွင့်ရက်ဆိုပြီးမရှိချေ။ ခွင့်ရက်အားလုံးက သူတို့၏စမ်းသပ်ချက်လုပ်ဆောင်မှုများအပေါ်မူတည်၏။
အစပိုင်းတွင် သူက အချိန်ရ၊မရမသေချာခဲ့သော်လည်း ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် ရလဒ်ကောင်းထွက်အောင် လုပ်နိုင်ခဲ့၏။ သူ့အနေဖြင့် ခွင့်တစ်ရက်လောက်တော့ ယူနိုင်လိမ့်မည်။
ဟွမ်ချီမင်က သူ့ကိုသဘောတူသလို ကြည့်လာသည်။
“အခုသိပြီမလား၊ မနက်ဖြန်ကျရင် လက်ဆောင်တစ်ခုလောက်ယူသွားပြီး သူမကိုချီးကျူးတဲ့အနေနဲ့ ကောင်းတာတစ်ခုခုလောက်ပြောလိုက် ဟုတ်ပြီလား”
နောက်ဆုံးစကားကိုကြားသောအခါ ကျိုးရန်က တစ်ဖန်မျက်မှောင်ကြုတ်သွားလေသည်။
“ညီအစ်ကိုရေ ငါအကူညီထပ်လိုသေးတယ်၊ သူမကိုချီးကျူးဖို့ဆို ငါဘာပြောရမှာလဲ”
ပုံမှန်အားဖြင့် ကျိုးရန်သည် နေရာတိုင်း၌စကားများတတ်သည့်သူဖြစ်သော်လည်း သူ့ကောင်မလေးရှေ့တွင်မူ အာစေးမိနေတတ်၏။
ဟွမ်ချီမင်က အချစ်ပညာရှင်ကြီးနှင့်တောင် တူလာသည်။ သူက စပြောတော့မည့်အချိန်တွင် ဘေး၌ထိုင်နေသည့် ဝမ်ရူကွေ့ကိုသတိထားမိသွားကာ လှမ်းပြောလာ၏။
“ရူကွေ့ တကယ်လို့ ဒါတွေနားထောင်ရတာကို မင်းပျင်းရင်လဲ အရင်ပြန်နှင့်လိုက်လေ”
နောက်ဆုံးတွင် ဝမ်ရူကွေ့ကရည်းစားမှမရှိသေးတာ။ ဤအချက်များအားလုံးသည် သူ့အတွက် အသုံးမဝင်ပေ။
ကျိုးရန်က ပြန်ပြောလာ၏။
“ထားလိုက်ပါ သူကောင်မလေးရလာတဲ့တစ်နေ့ကျ အသုံးဝင်လာမှာပေါ့”
ဝမ်ရူကွေ့၏မျက်တောင်များက လှုပ်ရှားသွားသော်လည်း ဘာအသံမှမပြုလာပေ။၎င်းကအဓိပ္ပါယ်ရှိသည်ဟု ခံစားမိသဖြင့် ဟွမ်ချီမင်က ဆက်ပြောလိုက်သည်။
“တကယ်လို့မင်းက မင်းကောင်မလေးကိုချီးကျူးချင်ရင် သူတို့နားထောင်ရတာ သဘောကျတဲ့စကားမျိုးကို ပြောဖို့လိုတယ်၊ ဥပမာပြောရရင်ကွာ မင်းချစ်သူက အင်္ကျီအသစ်ဝတ်ထားတယ်ဆိုပါစို့ ၊ မင်းက သူမအင်္ကျီကလှတယ်၊ ဒါပေမယ့် သူမကပိုလှတယ်ဆိုပြီးပြောရမယ်”
ကျိုးရန်က ခေါင်းညိတ်ကာ ဦးနှောက်ထဲထည့်သွင်းလိုက်သည်။
ဝမ်ရူကွေ့ကမူ သူတို့ပြောသည်များအား လုံးဝနားမထောင်နေသလိုပင် တည်ငြိမ်နေ၏။
ဟွမ်ချီမင်က ဆက်ပြောသည်။
“ဒါပေမယ့် ဒါတွေကအခြေခံလေးတွေပါ ဘယ်သူမဆိုပြောနိုင်တဲ့အတွက် ဖန်တရာတေနေပြီလို့ပြောလို့ရတယ်”
ကျိုးရန်က ကျောင်းသားကောင်းတစ်ယောက်လိုပုံစံဖြင့် မေးလာ၏။
“အဲ့ဒါဆိုရင် ဖန်တရာမတေနေအောင် ဘာပြောရမှာလဲ”
ဟွမ်ချီမင်က မျက်ခုံးပင့်ကာ သူ့ပါးကိုပုတ်ပြလာ၏။
“သိပြီလား”
“....မျက်နှာလား”
ဟွမ်ချီမင်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ် မျက်နှာ ငါ့ချစ်သူက မျက်နှာကြီးတယ် သူမက ဘာကြားရတာကိုကြိုက်မယ်လို့ မင်းထင်လဲ”
ကျိုးရန်က တုံးအစွာပြန်ဖြေ၏။
“လှတယ်လို့ ပြောတာလား”
ဟွမ်ချီမင်က စိတ်ပျက်သွားသည်။
“အဲ့ဒါက အရမ်းသာမာန်ဆန်လွန်းတယ် မင်းက သူမမျက်နှာက အရမ်းကြီးတာဘဲလို့ ပြောရမှာ”
(“မင်းကဒါနဲ့အရမ်းလှတယ်”(3))
ကျိုးရန် “……”
ဝမ်ရူကွေ့ “……”
ကျိုးရန်က ဆွံ့အသွားသည်။
“ချီမင် မင်းငါ့ကိုနောက်နေတာမလား၊ အဲ့ဒါကလုံးဝကိုမိုက်မနေဘူးနော်”
ဟွမ်ချီမင်က အလွန်ဝမ်းနည်းသွားသည်။ သူ စနေခြင်းမဟုတ်သည်ကို သက်သေပြကာ အချစ်နည်းပြကြီးရာထူးကို ဆက်ထိန်းသိမ်းနိုင်ရန်အတွက် သူ့ကိုယ်တိုင်လုပ်ပြပြီး သူတို့မျက်နှာကို အမှန်တရားနှင့် ဖြတ်ရိုက်ပြရန်ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူတို့သုံးယောက်ဌာနသို့ပြန်ရောက်သောအခါ ဟွမ်ချီမင်က သူ့ကောင်မလေးကိုဖုန်းခေါ်လိုက်သည်။
ဟွမ်ချီမင်၏ကောင်မလေးက ဖုန်းကိုင်လာသည်။
“ထူးထူးဆန်းဆန်း ဒီအချိန်ကြီးမှာရှင်ဘာလို့ဖုန်းဆက်တာလဲ”
“ကိုယ်တို့အချင်းချင်းမတွေ့ရတာ နှစ်ပတ်ကျော်ပြီလေကွာ၊ ကိုယ်က အင်တုံကြီးလောက်ရှိတဲ့ မင်းမျက်နှာကို တွေ့ဖို့မစောင့်နိုင်တော့ဘူး”
ကျိုးရန် “……”
ဝမ်ရူကွေ့ “……”
ထို့နောက်တွင် တစ်ဖက်မှတခစ်ခစ်ရယ်သံများထွက်လာ၏။
“ကျွန်မတို့က မနက်ဖြန်ဆိုရင်ဘဲ တွေ့ရတော့မှာမဟုတ်ဘူးလား၊ ရှင်အကြိုက်ဆုံး ဝက်သားနှပ်လုပ်ထားပေးမယ်”
ဖုန်းချပြီးနောက် ဟွမ်ချီမင် ‘တွေ့လား ငါမနောက်ဘူးနော်’ဟုသောပုံစံဖြင့် သူတို့ကိုကြည့်လာ၏။
ထို့နောက်သူက ဆက်ပြောပြလာသည်။
“မိန်းမတစ်ယောက်ရဲ့ မျက်နှာကြီးတယ်ဆိုတာက သူမမိသားစုကအဆင်ပြေပြီး အသားစားဖို့တတ်နိုင်တဲ့သူတွေဖြစ်တယ်လို့ ဆိုလိုတယ်၊ ရှေးတုန်းကစကားကို မင်းတို့မကြားဖူးကြဘူးလား မျက်နှာကြီးတယ်ဆိုတာက ချမ်းသာကြွယ်ဝမှုရဲ့ လက္ခဏာဘဲတဲ့ အဲ့ဒါကြောင့် မင်းကောင်မလေးကို မျက်နှာကြီးတယ်ဆိုပြီး ချီးကျူးရမှာ အဲ့ဒါက သေချာပေါက် မင်းကောင်မလေးကိုစိတ်ချမ်းသာသွားစေလိမ့်မယ်”
ကျိုးရန်က အစပိုင်းတွင်မယုံသော်လည်း သူကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသောအခါ ယုံသွားလေသည်။သူက ဟွမ်ချီမင်၏ပုခုံးပေါ်လက်တင်ပြီး ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးဘဲ ညီကိုရေ၊ မနက်ဖြန်ကျရင် ဒီဟာနဲ့တစ်ပုံစံအတိုင်း ငါ့ကောင်မလေးကိုပြောလိုက်မယ်”
သူတို့သုံးယောက်က အချင်းချင်းနှုတ်ဆက်လိုက်ကြပြီးနောက် ဝမ်ရူကွေ့ကသူ့ရုံးခန်းဆီသို့ ပြန်လာခဲ့သည်။
သူက သော့ခတ်ထားသည့် အံဆွဲထဲမှ မှတ်စုစာအုပ်တစ်အုပ်ကိုထုတ်ကာ ဖွင့်လိုက်သည်။ အထဲတွင် ရေးထားသည်မှာ :::
1. သူမက ချက်ပြုတ်တတ်တဲ့ယောက်ျားတွေကို ထူးခြားတဲ့သူတွေလို့ပြောတယ်...
2. သူမက နံရိုးကိုကြိုက်တယ်။ နံရိုးကို ဘယ်လိုချက်ရမလဲဆိုတာ လေ့လာရမယ်...
သူက ဖောင်တိန်ကိုထုတ်ကာ အောက်တွင်နောက်တစ်ခုထပ်ရေးလိုက်သည်။
3. သူမအင်္ကျီအသစ်တွေဝတ်ထားတဲ့အခါ ချီးကျူးရမယ်...
4. သူမမျက်နှာက ဘယ်လိုကြီးမားတယ်ဆိုတာကို ချီးကျူးရမယ်...
သူရေးပြီးသောအခါ စာအုပ်ကို အံဆွဲထဲပြန်ထည့်ပြီး သော့ခတ်လိုက်သည်။
အချိန်များက လျင်မြန်စွာကုန်ဆုံးသွားသည်။
ဝမ်ရူကွေ့နှင့် ကျိုးရန်က ဌာနမှထွက်လာခဲ့ကြသည်။
အဖိုးဝမ်က ဝမ်ရူကွေ့ပြန်လာသည်ကို မအံ့ဩတော့ပေ။ ထိုအစားသူက မြက်နုလေးတစ်ယောက် အရသာရှိသည့် ဘာစားစရာဘဲလုပ်လုပ် သူ့အတွက်အိမ်ပြန်သယ်လာပေးဟုသာ ပြောလိုက်သည်။
နောက်နေ့က တနင်္ဂနွေနေ့ပင်...
ဝမ်ရူကွေ့က အိပ်ရာစောစောနိုးလာ၏။ သူက ရေမိုးချိုးကာ ခေါင်းလျှော်လိုက်ပြီးနောက် အင်္ကျီအသစ်များကို ဝတ်လိုက်သည်။
ထုံရွှယ်လူက နေ့တစ်ဝက်သာ ခွင့်ယူနိုင်ခဲ့၏။အစပိုင်းတွင် လျှိုတုံချန်က ထိုနေ့တစ်ဝက်ကိုတောင် ခွင့်မပြုချင်ပေ။ ထုံရွှယ်လူက စားဖိုမှူးနေရာကို အစားထိုးမလုပ်ပေးတော့ဟု ခြိမ်းခြောက်လိုက်မှသာ နေ့တစ်ဝက်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
အရင်တုန်းကဆိုပါက ဤသို့မဟုတ်ခဲ့ပေ။ ထုံရွှယ်လူစားဖိုမှူးမလုပ်တော့ပါက လျှိုတုံချန်သည် ပျော်တောင်ပျော်မိဦးမှာဖြစ်သည်။
အခုတွင်မူ မတူတော့ချေ။ အခုချိန်တွင် သူမက အစိုးရအရာရှိများရှေ့တွင် မျက်နှာပြပြီးဖြစ်သဖြင့် လျှိုတုံချန်က ထိုအရာရှိများ ထပ်ရောက်လာသောအခါ ဟင်းလျာများအရသာမတူနေမည်ကို စိုးရိမ်နေ၏။ သူမတတ်နိုင်ဘဲ လိုက်လျောလိုက်ရသည်။
ထုံရွှယ်လူက အသားဟင်းတစ်ပွဲချက်ပေးပြီးမှသာ ခွင့်ယူလိုက်သည်။
အခုချိန်တွင် ကောင်းဝေ့ဖျင်က ဟင်းပွဲအနည်းငယ်ကို ချက်တတ်နေပြီဖြစ်သည်။ ထို့ကြောင့် ထုံရွှယ်လူနေ့တစ်ဝက်ခွင့်ယူသည်က သိပ်ပြသနာမရှိပေ။
သူမက အိမ်ပြန်ရောက်သောအခါ အဝတ်အစားလဲလိုက်ပြီးနောက် မျက်နှာသစ်ပြီးသောအချိန်မှာပင် ဝမ်ရူကွေ့ရောက်လာ၏။
ထုံရွှယ်လူက တံခါးသွားဖွင့်ပေးလိုက်သည်။
သူမကချက်ချင်းပင် အရပ်ရှည်ပြီးခန့်ညားသည့် ဝမ်ရူကွေ့က အပြင်တွင်ရပ်နေသည်ကို မြင်လိုက်ရ၏။
တစ်ပတ်ကျော်သွားပြီဖြစ်သဖြင့် ဝမ်ရူကွေ့ကိုယ်ပေါ်မှ ပင်ပန်းနွမ်းနယ်မှုများက မရှိတော့ပေ။ သူက အလွန်တက်ကြွနေသည့်ပုံပေါ်ပေသည်။
ထုံရွှယ်လူကို မြင်သောအခါ ဝမ်ရူကွေ့၏မှင်ရည်ရောင်မျက်လုံးများက တောက်ပသွားသည်။
သူမက အဖြူရောင်ဂါဝန်တစ်ခုကိုဝတ်ထားကာ ၎င်း၏ချုပ်ပုံက သူမခါးကို သွယ်လျကာ သူမခြေထောက်များကို ရှည်သွယ်သွားစေ၏။
ဝမ်ရူကွေ့၏ရင်ခုန်သံမှားသွားကာ တစ်ချိန်တည်းမှာပင် ဟွမ်ချီမင်သင်ပေးသော သင်ခန်းစာများကို ပြန်စဉ်းစားလိုက်သည်။
“မင်းကလှနေတယ်”
အိုးးဝိုးးးးးး။
သူက လူတစ်ယောက်ကိုချီးကျူးတတ်သွားပြီပေါ့။
မဆိုးဘူး မဆိုးဘူး။ သူကအရမ်းတော့ ပျင်းစရာမကောင်းဘူးဘဲ။
ထုံရွှယ်လူက သူမစိတ်ထဲတွင် စိစစ်လိုက်သည်။ သူမကပြုံးလိုက်မိသည်။
“ကျေးဇူးပါ အဲ့ဒီလိုကြားရလို့ ဝမ်းသာပါတယ်”
ဝမ်ရူကွေ့၏ရင်ခုန်သံက စည်းချက်လွဲသွားပြန်သည်။ ဟွမ်ချီမင်ပြောခဲ့သည့် သင်ခန်းစာများက တကယ်အသုံးဝင်ပုံပေါ်၏။
သူက ‘မင်းမျက်နှာက အရမ်းကြီးတာဘဲ’ဟုပြောရန်လုပ်လိုက်သော်လည်း သူမမျက်နှာကိုကြည့်လိုက်သောအခါ
“မင်းမျက်နှာလေးက အရမ်းသေးတာဘဲ”ဟု ပြောမိသွားသည်။
ထိုသို့ပြောပြီးနောက် သူကြောင်အသွားသည်။
သူမှားပြောလိုက်မိပြီ။
xxxxxxx