အပိုင်း ၁၂၆
Viewers 30k

🍵Chapter 126

-ဘယ်လိုတောင် ချစ်စရာကောင်းပြီး ဉာဏ်များတတ်တဲ့သူလဲ။



ထုံမျန်မျန်က မျက်ရည်ဝိုင်းနေသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နှုတ်ခမ်းစူလာသည်။


“မမကြီး မျန်မျန်ကိုယ့်အမှားကိုယ်သိပါပြီ၊ နောက်ဒီလိုထပ်မလုပ်တော့ပါဘူး”


ထုံကျားရှင်းကလည်း ကြမ်းပြင်ကိုခြေထောက်ဖြင့်ထိုးကာ ပြောလာ၏။

“မမကြီး ကျွန်တော်လည်းကိုယ်မှားတာသိပါပြီ နောက်အဲ့လိုထပ်မလုပ်တော့ပါဘူး”


ထုံကျားမင် :“ကျွန်တော်ရောအတူတူပါဘဲ သူတို့ကိုတားခဲ့ရမှာ”


ထုံရွှယ်လူက စားပွဲပေါ်တွင်တင်ထားသည် ဂျင်းပြုတ်ရည်များကိုလက်ညှိုးထိုးပြကာ ပြောလိုက်သည်။


“တစ်ယောက် တစ်ခွက်စီသောက်ကြ၊ မနက်ဖြန်ကျ နင်တို့အအေးမိသွားလို့ဆိုပြီး ပိုက်ဆံထပ်မဖြုန်းချင်ဘူး”


သုံးယောက်သား လိမ်လိမ်မာမာဖြင့်ပင် ဂျင်းပြုတ်ရည်များကို ယူသောက်လိုက်ကြပြီး နောက်ထပ်ဆုံးမခံရန်အတွက် အတန်းလိုက်ပြန်ရပ်လိုက်ကြသည်။


ထုံရွှယ်လူက သူတို့အားလုံးကိုကြည့်လိုက်သည်။

“နင်တို့မှားတာကို လက်ခံပြီး ပြောင်းလဲလိုစိတ်ရှိတာက ကောင်းတဲ့အရာဘဲ၊ ဒါပေမယ့် မကောင်းတဲ့အပြုအမူတွေအတွက် အပြစ်ဆိုတာရှိတယ် ထုံကျားမင်နဲ့ ထုံမျန်မျန်က မုယောနို့တစ်လမသောက်ရဘူး၊ ထုံကျားရှင်းက ကြက်လှောင်အိမ်ကို တစ်လတိတိသန့်ရှင်းရေးလုပ်ရမယ်၊ ရှောင်လျို့သာသေသွားခဲ့လို့ကတော့ နင်တို့သုံးယောက်လုံး ၃လတိတိမုန့်ဖိုးမရဘူး”


ထုံရွှယ်လူက ကလေးများအား တစ်လလျှင် ၅ဆင့်ဆီမုန့်ဖိုးပေးလေ့ရှိသည်။ သူတို့၏မုန့်ဖိုးများကို သကြားလုံးများဝယ်ရန်လုပ်နိုင်သ‌လို စုထား၍လည်းရ၏။ သူတို့ကိုယ်ပိုင်မုန့်ဖိုးများဖြစ်၍ ကြိုက်သလိုသုံးနိုင်ပေသည်။


ထုံကျားရှင်းက သူမပေးသောပြစ်ဒဏ်ကိုကြားသောအခါ မိခင်သေ၍ဝမ်းနည်းပူဆွေးနေသည့် သားတစ်‌ယောက်ကဲ့သို့ပင် စိတ်ဝိဉာဉ်ပျောက်ဆုံးသွားသည်။


မိချောင်းမျက်ရည်များက ထုံမျန်မျန်၏ပါးတစ်လျှောက်စီးကျလာကာ နှာခေါင်းလေးကနီရဲနေပြီး အလွန်သနားစရာကောင်းနေ၏။


သို့သော် ထုံရွှယ်လူက သူမကိုမနှစ်သိမ့်လာပေ။ သူမက မှန်ကန်သောအချိန်တွင် အလိုလိုက်မည်ဖြစ်သလို အခြေအနေတစ်ခုခု‌ဖြစ်ပေါ်လာပါကလည်း ဆုံးမသွန်သင်ရ‌လိမ့်မည်။ သူမက ကလေးဆိုးများကို မပြုစုမပျိုးထောင်လိုပေ။


***

နေ့လည်ခင်းတွင် ဒေါသထွက်ခဲ့လို့လား၊ သို့မဟုတ် အူအတက်ရောင်တာကဘဲ ပိုဆိုးလာ‌လို့ဘဲလားမသိ မနက်ဖြန်တွင် ဆေးရုံဆင်းရန်ပြုလုပ်ထားသော အမေထုံသည် ထို့နေ့ည၌ ဗိုက်ထပ်နာလာ၏။


ဒီတစ်ကြိမ်တွင် သောက်ဆေးတောင်မှ သက်သာအောင်မလုပ်နိုင်တော့သဖြင့် ခွဲစိတ်ရန်လိုလာခဲ့သည်။


မေ့ဆေးပြယ်သွားသောအခါ သူမ၏ခွဲထားသောနေရာက ရူးမတက်နာကျင်လာ၏။


အမေထုံက အိပ်ရာထဲတွင် လှဲကာ ဖြူလျော်နေ၏။

“ကျွန်မကကောင်းသွားပြီဟာကို အဲ့ဒါထုံရွှယ်လူက ကျွန်မကို ဂြိုလ်ဆိုးဝင်အောင်လုပ်လိုက်တာဘဲ”


အမေထုံသည် ဘေးတွင်နေသည့် အဒေါ်ကြီးက အခြားတစ်ခန်းသို့ပြောင်းသွားပြီဖြစ်သဖြင့် မစိုးရိမ်ဘဲ အော်ကြီးဟစ်ကျယ်ပြောလာ၏။


အဖေထုံက သူမကိုရေနွေးတစ်ခွက်ကမ်းပေး‌လာ၏။အမေထုံပြောသည်ကို ကြားသောအခါ သူကမျက်မှောင်ကြုတ်လိုက်သည်။


“ဘယ်လိုဖြစ်ပြီး ရွှယ်လူအပြစ်ဖြစ်ရမှာလဲ၊ ရူးမနေနဲ့တော့”


အမေထုံက ပင့်သက်ရှိုက်လိုက်သည်။

“သေချာပေါက် သူ့အပြစ်ဘဲလေ ၊ သူလာပြီး ကျွန်မကိုဒေါသထွက်အောင်မဟုတ်ရင် ဒီလိုမျိုးဖြစ်မယ်တဲ့လား”


အဖေထုံက စိတ်ရှုပ်သွားသလိုကြည့်လာသည်။

“မင်းဘာဖြစ်သွားတာလဲ၊ ရွှယ်လူကို ငါတို့ကိုယ်တိုင်မွေးခဲ့တာမဟုတ်ပေမယ့် ဒီနှစ်တွေအတွင်းမှာ ငါတို့ဘဲကျွေးမွေးပြုစုခဲ့တာလေ၊ မင်းပဲ သူ့ကို ငါတို့သမီးအရင်းလိုဘဲ ဆက်သတ်မှတ်မယ်ဆိုပြီးပြောခဲ့တာ မဟုတ်ဘူးလား”


အမေထုံက ခေါင်းအုံးကိုမှီကာ မျက်လွှာချပြီး အသံတိတ်သွားသည်။


သူမလည်း သူမကိုယ်သူမ ဘယ်အချိန်ကစပြောင်းလဲသွားတာလဲဆိုတာ မသိတော့ပေ။


အစပိုင်းတွင် သူမက သမီးနှစ်ယောက်လုံးကို တန်းတူချစ်ပေးချင်သော်လည်း သူတို့နှစ်ယောက်က အချင်းချင်းအဆင်မပြေကြပေ။


တစ်ယောက်နှင့်တစ်ယောက်မြင်သောအခါတိုင်း ရန်ဖြစ်ကြ၏။


အစပိုင်းတွင် ထုံရွှယ်လူက ထုံကျန်းကျန်းကို အနိုင်ကျင့်သဖြင့် ထုံကျန်းကျန်းက ထောင့်တွင်ကပ်ကာ ငိုခဲ့ရသည်။ ၎င်းက အမေထုံကို အလွန်စိတ်မကောင်းဖြစ်စေသည်။


သူမ၏သမီးအရင်းသည် သူ့ဘဝတစ်လျှောက်တွင် တစ်ခါမှပျော်ပျော်ရွှင်ရွှင်မနေခဲ့ရပေ။ အခုမိဘအရင်းအိမ်သို့ပြန်ရောက်လာသော်လည်း မွေးစားသမီးထံမှ အနိုင်ကျင့်ခံရဦးမှာလား။ ၎င်းက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။


ထိုအချိန်မှစ၍ သူမက ထုံရွှယ်လူအပေါ်ခံစားချက်များပြောင်းလဲလာခဲ့ခြင်းဖြစ်နိုင်သည်။


ထုံရွှယ်လူအိမ်မှထွက်သွားသောအခါ ဝမ်းနည်းခဲ့သော်လည်း ထုံကျန်းကျန်းကို ပြန်လည်ပြုပြင်ရေးလယ်ယာသို့အပို့ခံလိုက်ရသည့်နောက်တွင် ထုံရွှယ်လူအပေါ်မကောင်းသည့်ခံစားချက်များ ပြန်ပေါ်လာ၏။


ထုံရွှယ်လူအပေါ် မနှစ်သက်သော ခံစားချက်များသည် အခုချိန်တွင် သူမ၏သမီးအရင်းက ဘယ်လိုတောင်ပိန်လှီသွားသည်ကို မြင်သောအခါ အမြင့်ဆုံးအထိတက်လာခဲ့သည်။


ထုံရွှယ်လူကရဲမတိုင်ဘဲ၊ ထုံကျန်းကျန်းဘက်ကနေ တစ်ခုခုကာပြောပေးပါက ထုံကျန်းကျန်းသည် လယ်တောသို့အပို့ခံရမည်မဟုတ်ပေ။ အခုတွင်မူ ထုံကျန်းကျန်းက ပြန်လည်ပြုပြင်ရေးလယ်ယာတွင်ရောက်နေသော်ငြား ထုံရွှယ်လူကမူ အစိုးရစားသောက်ဆိုင်တွင်ရှိနေ၏။


၎င်းက အလွန်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု အမေထုံကထင်သည်။


ထို့အပြင် ထုံကျန်းကျန်းတစ်ယောက် ပြန်လည်ပြုပြင်ရေးလယ်ယာသို့အပို့ခံလိုက်ရသည့်နောက်တွင် သူတို့မိသားစုသည် အကျဘက်သို့ရောက်လာ၏။ လူအများစုက သူတို့ကို အခြားသူ၏ကလေးကိုပျိုးထောင်ပေးပြီး ကိုယ်တိုင်၏သမီးရင်းက မကောင်းသောမျိုးစေ့ ဖြစ်နေသည့်အပေါ် ပြက်ရယ်ပြုကြသည်။


ဤနှစ်တွင် သူမကရာထူးတိုးလာနိုင်ခဲ့သော်လည်း ထိုကိစ္စကြောင့် နှောင့်နှေးခဲ့ရပေသည်။


ထုံရွှယ်လူက အလုပ်သစ်ရကာ အိမ်ပြောင်းသွားခဲ့၏။သို့သော် သူမက သူတို့ကိုအကြောင်းမကြားရုံသာမက နောက်ထပ်လည်းလာမလည်တော့ပေ။ ဤအချက်များအားလုံးပေါင်းလိုက်သောအခါ အခုသူမဖြစ်နေသောပုံစံကိုရောက်လာစေသည်။


သူမဘာမှပြန်မပြောသည်ကို မြင်သောအခါ အဖေထုံက သူမအားစိတ်ဒုက္ခပေးနေသာအရာကို ဖြေရှင်းမည့်အကြံတစ်ခုပေါ်လာသည်။

“နောင်ကျရင် အဲ့လိုမျိုးထပ်မပြောမိစေနဲ့၊ မင်းရွှယ်လူကိုသဘောမကျရင် အနာဂတ်မှာ သူမနဲ့မတွေ့မိအောင်နေပေါ့”


အမှန်တွင် မိသားစုနှစ်ခုကြားမှ ဆက်ဆံရေးသည် ဤအတိုင်းဆက်သွားရန် ခက်ခဲပေလိမ့်မည်။


ထုံကျန်းကျန်းက ထုံရွှယ်လူနှင့် ပြသနာအများအပြားရှိ၏။ အကယ်၍ထုံကျန်းကျန်းပြန်ရောက်လာသောအခါ သူမ၏မိဘများက ထုံရွှယ်လူအပေါ်ကောင်းနေသည်ကို တွေ့သွားပါက သေချာပေါက်ပင် အလွန်ဝမ်းနည်းသွားလိမ့်မည်။


ထုံမိသားစုအနေဖြင့် သူတို့၏သမီးအရင်းအတွက် ထုံရွှယ်လူနှင့် အနေဝေးအောင်နေဖို့ လိုအပ်ပေသည်။


အမေထုံက အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာသည်။

“ကောင်းပါပြီ၊ နောက်ကျရင် အဲ့ဒါမျိုးကိုထပ်မပြောတော့ဘူး”


သူမကမပြောတော့သော်လည်း သူတို့နှစ်ယောက်ကြားရှိ သားအမိဆက်ဆံရေးက ပျောက်ကွယ်သွားပြီဖြစ်သည်။


🍵

ဝမ်ရူကွေ့ဌာနသို့ပြန်ရောက်လာသောအခါ ဦးနှောက်တစ်ဝက်ဘဲပါလာသည့်သူတောင် သူပျော်နေသည်ကိုမြင်နိုင်၏။


တစ်ဖက်တွင်ကျိုးရန်ကမူ မိုးသီးကြွေခြင်းခံထားရသည့် ခရမ်းသီးလိုပင် စိတ်ဝိဉာဉ်ပျောက်ဆုံးနေ၏။သူကဘယ်နေရာသွားသွား အရိပ်တစ်ခုလိုဖြစ်နေသည်။


ထို့နေ့နေ့လယ်တွင် ဟွမ်ချီမင်က ကျိုးရန်၊ ဝမ်ရူကွေ့တို့နှင့်အတူ နေ့လယ်စာစားရန်ရောက်လာ၏။


ကျိုးရန်၏ပုံစံကိုမြင်သောအခါ ဟွမ်ချီမင်က သိချင်သွားသည်။

“မင်းဘာဖြစ်တာလဲ မင်းကောင်မလေးရဲ့ မွေးနေ့ကိုသွားတာမဟုတ်ဘူးလား”


ကျိုးရန်က ဒေါသထွက်လွန်းသဖြင့် အံကြိတ်သံများတောင်ထွက်လာသည်။

“မင်း ဟွမ်ချီမင် ငါတောင်မင်းကိုလာမရှာရသေးဘူး မင်းကိုယ်တိုင်ရောက်လာရဲသေးတယ်ပေါ့ မင်းကြောင့်သာမဟုတ်ရင် ငါ့ကောင်မလေးက ငါ့ကိုလျစ်လျူရှုမှာမဟုတ်ဘူး”


ဟွမ်ချီမင်က အအော်ခံလိုက်ရသည့်အတွက် ကြောင်သွားသည်။

“မင်းဘာကိုပြောချင်တာလဲကွ၊ ငါပြောတဲ့အတိုင်းမပြောခဲ့ဘူးလား”


သူ့‌အမေးကိုကြားသောအခါ ကျိုးရန်က ပိုဒေါသထွက်သွားသည်။

“မင်းပြောသလိုလုပ်ခဲ့တာဘဲလေ၊ အဲ့ဒါကြောင့်ဘဲ ငါ့ကောင်မလေးက ငါ့ခြေထောက်ကိုကန်ခဲ့တာ အခုထိယောင်နေတုန်း”


ကျိုးရန်ကပြောရင်းနှင့် ဘောင်းဘီမပြလာသည်။ ‌တကယ်ပင် သူ့ခြေထောက်ပေါ်၌ အညိုအမည်းစွဲနေ၏။ ပုံစံကြည့်ရသည်မှာ အတော်လေးနာမည့်ပုံပင်။


ထိုဒဏ်ရာကိုမြင်သောအခါ ဝမ်ရူကွေ့၏မျက်တောင်များက တဖြတ်ဖြတ်တုန်သွားသည်။ သူကသူမှားပြောခဲ့မိသည့်အတွက် တိတ်တိတ်လေးဝမ်းသာသွားသည်။


သူသည်လည်း ထုံရွှယ်လူအားမျက်နှာကြီးသည်ဟု ပြောရန်လုပ်ခဲ့ပေသည်။ သို့သော် သူမမျက်နှာကိုမြင်သောအခါ ပါးစပ်ကလွှတ်ခနဲမှားပြောမိသွား၏။


သူမမျက်နှာက အလွန်သေး၏။သူ့လက်ဝါးတစ်ခုစာလောက်သာရှိသည်။ အဲ့ဒါကို မျက်နှာကြီးတယ်ဆိုပြီး ဘယ်လိုလုပ်ပြောနိုင်မှာလဲ။


ဟွမ်ချီမင်ကလည်း ထပ်တူအံ့ဩသွားပေသည်။

“မဖြစ်နိုင်တာကွာ ငါ့ကောင်မလေးဆို ငါအဲ့လိုပြောတိုင်းပျော်နေတာ၊ မင်းအလှည့်ကျ ဘာလို့အလုပ်မဖြစ်တာလဲ မင်းသေချာမှန်အောင်မပြောလိုက်လို့ဖြစ်မယ်၊ မင်းဘယ်လိုပြောခဲ့လဲဆိုတာကို ငါ့ကိုတစ်လုံးမကျန်အတိအကျပြန်ပြောပြ”


ကျိုးရန်က ပြောပြလာသည်။

“ငါသူမကိုဘယ်လို‌ပြောလဲဆိုတော့ ‘ရှောင်းယွင် မင်းမျက်နှာကအရမ်းကြီးတာဘဲ အဲ့ဒါကမျက်နှာသစ်တဲ့အင်တုံထက်တောင်ကြီးတယ်’လို့ပြောလိုက်တာ”


ဝမ်ရူကွေ့ “……”


ဟွမ်ချီမင်  “……”

ဟွမ်ချီမင်က မနည်းစိတ်ပြန်စုစည်းပြီး ချောင်းဟန့်လိုက်သည်။ 


“ငါထင်ထားသလိုဘဲကိုးး မင်းက အင်တုံလောက်ကြီးတယ်လို့ဘဲ ပြောဖို့လိုတာလေ ဘာလို့ငါပြောတဲ့အတိုင်းမပြောဘဲ ထပ်မွမ်းမံလိုက်တာလဲ”


ကျိုးရန်က ကြောင်သွားသည်။

“ဘာကွာလို့လဲ သူမမျက်နှာက အင်တုံလောက်ကြီးတယ်ဆိုတာက မျက်နှာသစ်အင်တုံလောက်ကြီးတယ်လို့ ပြောတာနဲ့ အတူတူဘဲမဟုတ်ဘူးလား”


ဟွမ်ချီမင်က ခေါင်းကုတ်လိုက်သည်။

“ဟုတ်ပြီ အဲ့ဒါကအဓိပ္ပါယ်အတူတူပါဘဲ ဒါပေမယ့် မင်းကအဲ့လိုပြောလိုက်တော့ မကောင်းတဲ့ပုံပေါက်သွားတယ်၊ ‌အဓိကအချက်က သူမကိုကံကောင်း‌တဲ့အသွင်အပြင်ရှိတယ်ဆိုပြီး ပြောရမှာလေ”


ကျိုးရန်က သူ့ကိုသဘောမတူပေ။

“အဲ့ဒါဆိုရင် မင်းဘယ်လိုပြောတာလဲဆိုတာ ငါ့ကိုအတိအကျပြောပြ”


ဟွမ်ချီမင်က ခနလောက်တွေးပြီးပြောပြလာသည်။

“ငါထင်တာတော့ ငါက ‘နန်နန် မင်းမျက်နှာက မင်းအတွက်လုပ်ထားတဲ့ အင်တုံကြီးလောက်ကြီးတယ်လို့  ကိုယ်ထင်တယ်၊ မင်းမျက်နှာက ရွှေ ဒါမှမဟုတ် ကျောက်စိမ်းအင်တုံကြီးလောက်ရှိတယ် ဒီလိုမျက်နှာအကြီးကြီးနဲ့ဆို မင်းက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးမိန်းကလေးဖြစ်မှာ အသေအချာဘဲ’ အဲ့လိုပြောလိုက်တာ”


ဝမ်ရူကွေ့ “……”


ကျိုးရန် “……”


“အဲ့ဒါကို မင်းက ငါ့ကိုတမင်ထောင်ချောက်ဆင်တာမဟုတ်ဘူးလို့ ပြောရဲသေးတယ်ပေါ့၊ အဲ့ဒီရွှေတွေ ကျောက်စိမ်းအင်တုံတွေအကြောင်း ငါ့ကိုဘာလို့မပြောခဲ့တာလဲ”


ဟွမ်ချီမင် သူအပြစ်ကင်းပါသည်ဟု လုပ်ပြလာသည်။

“မင်းက အဲ့ဒါကို မျက်နှာသစ်အင်တုံ.နဲ့ ဆွဲတွေးလိုက်မယ်လို့ ဘယ်သူကထင်မှာလဲ၊ ဟုတ်ပါပြီ ငါ့ဘက်ကလည်း ပိုပြီးအသေးစိတ်ကျကျ ရှင်းပြပေးခဲ့သင့်တာ ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ ငါကမင်းကောင်မလေးကိုချော့တဲ့နေရာမှာ ကူညီပေးမယ်လေ အဲ့လိုဆို ငါတို့နှစ်ယောက် ကြေသွားပြီပေါ့”


ကျိုးရန်က သံသယမျက်လုံးများဖြင့် ကြည့်လာသည်။

“မင်းငါ့ကို ထပ်ပြီးထောင်ချောက်မဆင်မှာ သေချာရဲ့လား”


ဟွမ်ချီမင်က လက်မြှောက်ပြလိုက်သည်။

“မင်းက ငါ့ကိုဘယ်လိုလူမျိုးလို့ ထင်နေတာလဲ၊ ဌာနမှာ တစ်ကိုယ်တည်းသမားတွေအများကြီးရှိနေတာကို ဘာလို့မင်းကိုထောင်ချောက်ဆင်ချင်ရမှာလဲ”


“အဲ့လို‌ဆိုတော့လဲ ဟုတ်သား၊ ဒီတစ်ခါကျမင်းပိုပြီးကောင်းကောင်းလုပ်ရမယ်နော် ငါရူကွေ့လို တစ်ကိုယ်တည်းသမားမဖြစ်ချင်ဘူး”


ဝမ်ရူကွေ့ “……”

သူတို့စကားပြောတာ သူ့ကိုပါထည့်ပြောမှရမှာလား။


အခုဆိုရင် သူကတစ်ကိုယ်တည်းသမားမဟုတ်တော့ပါဘူးနော်။


ထုံရွှယ်လူအကြောင်းတွေးမိလိုက်သောအခါ သူ့မျက်လုံးထဲတွင် နွေးထွေးမှုအရိပ်အယောင်များသန်းလာသည်။


သူတို့သုံးယောက်က နေ့လယ်စာစားရန်ထွက်လာကြသည်။


နေ့လယ်စာစားပြီးနောက် ဟွမ်ချီမင်က သူ၏ချစ်မှုရေးရာအကြံပေးချက်များကို စတင်လာပြန်သည်။