အပိုင်း ၁၂၅
Viewers 30k

🍵Chapter 125

-ထုံမျန်မျန်၏မျက်လုံးများက မျက်ရည်ဝဲလာသည်။



အမေနှင့်သမီးကြားမှ ဆက်ဆံရေးကိုကြည့်ကာ အနားမှအမျိုးသမီးက ပို၍ဦးနှောက်ခြောက်လာသည်။


အခုတုန်းက အသိအသာကြီးကို အမေထုံက သူ့သမီးအကြောင်းချီးကျူးနေခဲ့တာလေ။ ဒါပေမယ့် သူ့သမီးရောက်လာတာကို ဘာလို့မပျော်တာလဲ။


သူမဘေးမှ အမျိုးသမီး၏ပြင်းထန်သော အကြည့်ကိုခံစားမိသဖြင့် အမေထုံကအဆင်မပြေဖြစ်သွားသည်။


“ငါအဆင်ပြေပါတယ် နင်ဒီမှာနေပေးစရာမလိုဘူး အခုသွားတော့လေ သွားစရာရှိတာသွား”


ထုံရွှယ်လူက ထရပ်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ၊ ဒါဆိုလည်း အမေကိုယ့်ကိုကို ဂရုစိုက်နော် နောက်ကျမှထပ်လာခဲ့မယ်”


ထုံရွှယ်လူက သူမအားသဘောမကျသောသူကို ခယနေမည့်သူမျိုးမဟုတ်ပေ။


ဤအချိန်တွင် ချိုင်ချွန်းလန်က အထဲသို့ဝင်လာ၏။


ထုံရွှယ်လူက မြင်သောအခါ သူမကချက်ချင်းအော်ဟစ်လာပေသည်။

“နင်ကဘာလို့ ဒီကိုရောက်နေတာလဲ”


“အမေ့ကိုလာတွေ့တာ”


“***နင်က ဒါကိုအခွင့်အရေးယူပြီး ငါတို့ဆီက ညှစ်ထုတ်ချင်နေတာ ဟုတ်တယ်မလား၊ ဘာလဲ နင့်မောင်တစ်ယောက်က ဒုက္ခထပ်ရောက်ပြီး ငါတို့ရဲ့အကူအညီကို လိုလာလို့လား”


ထုံရွှယ်လူ ဘာမှပြန်မပြောရသေးခင်မှာဘဲ အမေထုံဘေးမှအမျိုးသမီး မနေနိုင်တော့ပေ။


“နင်က ဘယ်လိုယောက်မမျိုးလဲ အစ်မကြီး ကြည့်ပါဦး အစ်မသမီးအနိုင်ကျင့်ခံနေရတာကို ဒီလိုဘဲကြည့်နေတော့မှာလား”


သူမ၏ချွေးမသာ သူမသမီးကို ဒီလိုလုပ်ရဲပါက အခုချိန်တွင် ပါးရိုက်ချလိုက်လောက်ပြီဖြစ်သည်။


အမေထုံက ပါးစပ်ဖွင့်လာပြီး ခြောက်ကပ်ကပ်ပြောလာသည်။

“ချွန်းလန် တိတ်တိတ်နေ”


အမေထုံ၏ပုံစံကိုမြင်သောအခါ ချိုင်ချွန်းလန်က ပိုဒေါသထွက်သွားသည်။

“အမေ ဘာလို့သူ့ဘက်ကကာပေးနေသေးတာလဲ၊ သူမက သမီးတို့မိသားစုဝင်မှမဟုတ်တာ ဒီနှစ်တွေမှာ သူမကိုပျိုးထောင်ဖို့အတွက်နဲ့ သမီးတို့ရဲ့အရင်းအမြစ်တွေကို ဖြုန်းတီးခဲ့ရတယ် အဲ့ဒါကို သမီးတို့ဆီက နောက်ထပ်ညှစ်ထုတ်ရဲတဲ့အထိ သူမကမျက်နှာပြောင်တိုက်နေတုန်း”


အမျိုးသမီးက မျက်လုံးပြူးသွားသည်။

“ဘာ ဘာပြောတယ် ဒါက နင့်ယောက်မ မဟုတ်ဘူးလား”


အမေထုံဘာမှမပြောနိုင်ခင်မှာပင် ချိုင်ချွန်းလန်က အကုန်ဖွင့်ထုတ်လာ၏။

“****ကိုယောက်မလား သူမက ကျွန်မတို့မိသားစုနဲ့ ဘာမှမဆိုင်ဘူး အဲ့ဒါက အရင်တုန်းက ရဲတွေလုပ်ခဲ့မိတဲ့ အမှားတစ်ခုသာသာဘဲ အရင်ကတည်းက ဒါကိုရှင်းလင်းအောင်လုပ်ပြီးသား”


ထိုအမျိုးသမီးက အမေထုံကိုကြည့်လာသည်။ သူမအကြည့်များက ပထမတစ်ခေါက်တုန်းကထက်တောင် ပိုပြီးသိသွားသည့်ပုံစံပေါ်နေ၏။


အမေထုံက သမီးရင်းအကြောင်းကို အလွန်ချီးကျူးကာ မွေးစားသမီးကိုအပြစ်ပြောခဲ့သည်။ ၎င်းက သူမကိုတောင် မွေးစားသမီးက အမှန်ပင်ကြောက်စရာကောင်းသည့်သူဟု ထင်သွားစေသည်။


ဒီမိသားစုကို ပုံစံကိုကြည့်ပါဦး။ကျစ် ကျစ် သူတို့က အမှန်ကို ဗြောင်လိမ်နေကြတာဘဲ။


အမေထုံမျက်နှာက နီရာမှတစ်ဆင့်ဖြူဖျော့သွားကာ သူမရင်ထဲတွင် ကျောက်ဆောင်ကြီးခံနေသလို ခံစားမိ‌သွားသည်။


အခုချိန်တွင် သူမက ချိုင်ချွန်းလန်၏ပါးစပ်ထဲသို့ ဖိနပ်ဆို့ထားနိုင်ရန် ဆုတောင်းမိသည်။


ထုံရွှယ်လူ၏ ရယ်ချင်စိတ်များက နှစ်ဆတိုးသွားသည်။


နတ်ဘုရားလိုရန်သူက ကိစ္စမရှိဘူး၊ ဘာမှမသိဘဲ ပြောချင်‌တာပြောတဲ့ အသင်းဖော်ဆိုလျှင်တော့ သိပ်မကောင်းပေ။


ချိုင်ချွန်းလန်က အမေထုံ၏မျက်နှာကို ဖြတ်ရိုက်ရာတွင် အကောင်းဆုံးလုပ်နေပေသည်။


ဤအချိန်မှာဘဲ ပထမယောက်မဖြစ်သည် ချန်ယွဲ့လင်လည်းရောက်လာ၏။

“ရွှယ်လူ နင်ရောက်လာ‌တာလား”


ထုံရွှယ်လူက ခေါင်းညိတ်ပြသည်။

“ဟုတ် အမေဆေးရုံတက်လိုက်ရတယ်ဆိုတာ ကြားတော့ လာလည်သင့်တယ်လေ”


ချန်ယွဲ့လင်က ဒီတစ်လောလေးအတွင်းမှာ ထုံရွှယ်လူ၏မောင်နှစ်ယောက် ကျောင်းထုတ်ခံရသည်ကို သတိရသွားသည်။ ဖန်မိသားစုတစ်ခုလုံးက ထုံရွှယ်လူကိုကူညီပေးလာသော်လည်း ထုံမိသားစုဝင်များသည် တစ်ယောက်မှ လက်ချောင်းလေးတောင် မလှုပ်လာကြပေ။ သူမက အနေဖြင့် အလွန်ရှက်မိပေသည်။


“ဒါနဲ့ အရင်တစ်ခေါက်တုန်းက နင်ငါ့ကို ပြန်ဆပ်တဲ့ပိုက်ဆံက ယွမ်20ပိုနေတယ်၊ နင့်ကိုပြန်ပေးဖို့ အခွင့်အရေးရှာနေတာ အခုပေးလိုက်မယ်လေ”


အမှန်တွင် သူမက ထုံရွှယ်လူ‌ဆီသွားပေးရန် အချိန်မရှိနေခြင်းမဟုတ်ပေ။ သူမ၏ယောက္ခမက သွားခွင့်မပြုခြင်းသာ။


ထုံရွှယ်လူက လျင်မြန်စွာခေါင်းခါပြလာ၏။

“မလိုပါဘူး ကျွန်မအိမ်ကထွက်လာတုန်းက ယောက်မဆီက ပိုက်ဆံချေးခဲ့ရတယ်၊ ပိုတဲ့ပိုက်ဆံတွေကို အမေ့အတွက် အသီးအနှံတစ်ချို့‌ဝယ်ပေးလိုက်ပါ ကျွန်မကအလုပ်ပြန်သွားဖို့လိုသေးလို့ နောက်မှတွေ့မယ်နော်”


သူမက ထိုသို့ပြောပြီးနောက် အခန်းထဲမှထွက်သွားသည်။


အခန်းထဲမှ ချိုင်ချွန်းလန်၏အသံထွက်လာ၏။


“ယောက်မ ရွှယ်လူက ယွမ်20ပိုပေးတဲ့အကြောင်းကို တစ်ခါမှလည်း ထုတ်မပြောဖူးပါလား တကယ်လို့ဒီမှာ ရွှယ်လူနဲ့သာမဆုံရင် ယောက်မက အဲ့ဒီအကြောင်းကို ‌ထုတ်ပြောဖြစ်ဦးမှာလား။


“နင်ဘာတွေပြောနေတာလဲ ချွန်းလန်.......”


“နင်တို့နှစ်ယောက်လုံး အခုချက်ချင်း ပါးစပ်ပိတ်ကြ”


အမေထုံက ဒေါသထွက်လွန်းသဖြင့် သူမ၏ရင်ဘတ်ကတောင် နိမ့်ချည်မြင့်ချည်ဖြစ်လာသည်။ သူမဘဝတစ်လျှောက်တွင် ဤမျှထိတစ်ခါမှ မရှက်ခဲ့ဖူးပေ။


‌အဒေါ်ကြီးက နှုတ်ခမ်းလှုပ်ကာ တစ်ဖက်လှည့်သွားသည်။ သူမက ဤမိသားစုနှင့် ရင်းနှီးရန်ဆန္ဒမရှိတော့ပေ။


🍵

ထုံရွှယ်လူက ဆေးရုံထဲမှထွက်လာခဲ့သည်။ နေရောင်ကတောက်ပနေကော ကိုယ်ကိုနွေးထွေးသွားစေ၏။


ခုနတုန်းက အမေထုံအရှက်ရအောင် သူမထပ်မလုပ်တော့သည်မှာ စိုးရိမ်၍လည်းမဟုတ်သလို ကြောက်လို့လည်းမဟုတ်ပေ။


ဒီအတိုင်း မလိုဘူးဟုသာ ခံစားမိ၍ဖြစ်သည်။


အမေထုံက မူလကိုယ်ကို ပျိုးထောင်ခဲ့၏။ ၎င်းကအမှန်ပင်။ အမေထုံနှင့်ပတ်သက်လျှင် သူမကအပေါ်စီးမှနေလိုက်ပါက မကောင်းပေ။


ထို့အပြင် သူမက အခြားသူများ၏ပစ်မှတ်ထားခံရသည်ကို သဘောကျသည့်သူလည်းမဟုတ်ပေ။


လျှိုတုံချန်က ဥပမာဖြစ်သည်။ သူမက အမှိုက်လိုသူများအပေါ် ပစ်မှတ်မထားတတ်ပေ။


သူမက ထုံမိသားစုနှင့် အရင်ထက်ပိုပြီး ဝေးဝေးနေရလိမ့်မည်။


ထုံကျန်းကျန်းသာ သူမကိုပြသနာလာမရှာသရွေ့ သူတို့က အခင်အမင်မပျက်ဆက်ရှိနေနိုင်လိမ့်မည်။


***

ထုံရွှယ်လူ စားသောက်ဆိုင်သို့ပြန်ရောက်သောအခါ မုန့်ချင်းချင်း၏မျက်လုံးများက မနက်ကထက်ပိုနီရဲနေပြီး ငိုထားသည့်ပုံပေါ်နေသည်ကို တွေ့လိုက်ရ၏။


“ချင်းချင်း ဘာဖြစ်လို့လဲ”

မုန့်ချင်းချင်း၏မျက်လုံးများက သွေးလိုရဲနေပေသည်။ သူမက အဆက်မပြတ် မျက်တောင်ခတ်နေပြီး သူမနှုတ်ခမ်းကိုလည်း မျဉ်းဖြောင့်တစ်ကြောင်းလို့ စေ့ထား၏။


အခုချိန်တွင် စားဖိုမှူးမုန့်က စားသောက်ဆိုင်တွင်မရှိသဖြင့် ထုံရွှယ်လူက မုန့်ချင်းချင်းကိုဂရုစိုက်ရန်မှာ သူမ၏တာဝန်သာဖြစ်သည်ဟု ခံစားမိသည်။


ထို့ကြောင့် သူမက မုန့်ချင်းချင်းလက်ကိုဆွဲကာ ထောင့်တစ်ခုသို့ခေါ်သွားပြီး ပြောလိုက်သည်။


“ချင်းချင်း နင်ငါ့ကိုယုံရင် ဘာဖြစ်တာလဲဆိုတာကို ပြောပြလို့ရတယ်နော်၊ ငါလုပ်နိုင်တဲ့အတိုင်းအတာအတွင်းကဆို နင့်ကို အတတ်နိုင်ဆုံးကူညီမှာပါ”


မုန့်ချင်းချင်းက နှုတ်ခမ်းကိုက်လိုက်၏။ သူမကမျက်မှောင်ကြုတ်ကာ ပြောလာသည်။

“ရွှယ်လူ ငါလေ......”


ရုတ်တရက် အပြင်ဘက်မှခြေသံများကို ကြားလိုက်ရ၏။ သူတို့နှစ်ယောက်က မော့ကြည့်လိုက်သောအခါ လျှိုတုံချန်က ဆောင့်ကြွကြွဖြင့် လျှောက်လာသည်ကို မြင်လိုက်သည်။


မုန့်ချင်းချင်းက လျှိုတုံချန်ကိုမြင်သောအခါ ကြောက်လန့်သွားသည့် တိရစ္ဆာန်ငယ်လေးလိုဖြစ်သွား၏။ သူမကတုန်တုန်ရီရီဖြင့်

“ငါမနက်တုန်းက လမ်းကြားကိုတံမြက်စည်းလှည်းဖို့ မေ့သွားတယ်၊ အခုသွားလှည်းလိုက်ဦးမယ်နော်”


ထိုသို့ပြောပြီးနောက် သူမက ခေါင်းငုံ့ကာထွက်သွားသည်။


ထုံရွှယ်လူက သူမနောက်ကျောကိုကြည့်ကာ နက်နက်ရှိုင်းရှိုင်းတွေးလိုက်သည်။


ထုံရွှယ်လူက မုန့်ချင်းချင်းနှင့် သူမနောက်မှလိုက်သွားသော လျှိုတုံချန်ကို သေချာကြည့်နေလိုက်သည်။


ထိုအခါ မုန့်ချင်းချင်းက လျှိုတုံချန်အား ရှောင်နေပြီး လျှိုတုံချန်နှင့် အကြည့်ချင်းဆုံသွားတိုင်း လန့်သွားသည်ကို မြင်လိုက်ရ၏။


တစ်ဖက်တွင် လျှိုတုံချန်က မုန့်ချင်းချင်းကို အချိန်ပြည့်ကြည့်နေ၏။ သူ့ပုံစံမှာ အသားစားသတ္တဝါတစ်ကောင်က သူ့သားကောင်ကို စောင့်ကြည့်နေသလိုမျိုးဖြစ်သည်။ မုန့်ချင်းချင်းမျက်လုံးထဲမှ အကြောက်တရားများကိုမြင်သောအခါ သူ့အကြည့်များက ညစ်ညမ်းလာသည်။


၎င်းက ထုံရွှယ်လူက ခံစားချက်မကောင်းဖြစ်စေ၏။


လျှိုတုံချန်က သူမအပေါ်လက်လျှော့လိုက်လို့ အခုမုန့်ချင်းချင်းဆီ မြှားဦးလှည့်သွားတာလား။


သူမက လျှိုတုံချန်ကို ရင်ဆိုင်ရာတွင် ပြသနာမရှိသော်လည်း မုန့်ချင်းချင်းကမူ နူးညံ့သဖြင့် ထိုသို့သောအရာမျိုးကို လုပ်မည်မဟုတ်ပေ။


ဤအတွေးက ထုံရွှယ်လူ၏မျက်နှာကို မဲမှောင်လာစေသည်။


ထုံရွှယ်လူက အလုပ်ဆင်းသောအခါ မုန့်ချင်းချင်းနှင့် အတူတူပြန်ရန်လုပ်လိုက်သော်ငြား မုန့်ချင်းချင်း၏ဝမ်းကွဲက သူမကိုလာကြို၏။


မုန့်ချင်းချင်း၏ဝမ်းကွဲရှိနေသဖြင့် ထုံရွှယ်လူက သူမကို အဖော်ပြုပေးစရာမလိုတော့ပေ။


ထုံရွှယ်လူက အိမ်ထဲသို့ဝင်ဝင်ချင်းပင် နားကန်းမတက်စူးရှသည့်အသံကြီးကိုကြားလိုက်ရသည်။ ၎င်းက ရှောင်လျို့ထံမှ ထွက်လာသည်နှင့်တူ၏။


သူမက အလျင်အမြန်ပင် တံခါးပြန်ပိတ်ပြီး အထဲပြေးဝင်လာသောအခါ ထုံကျားရှင်းနှင့် ထုံမျန်မျန်တို့က ရှောင်လျို့အား ရေချိုးပေးနေသည်ကို မြင်လိုက်ရသည်။


ရှောင်လုက အေးလွန်းသဖြင့် တုန်တောင်တုန်နေပြီဖြစ်သည်။ အမွှေးများက ကိုယ်ပေါ်၌ကပ်နေကာ အလွန်သနားစရာကောင်းနေပေသည်။


ထုံရွှယ်လူက အံ့ဩသွားသည်။

“ဒါဘာလုပ်နေကြတာလဲ”


ထုံမျန်မျန်က ထုံရွှယ်လူကိုမြင်သော‌အခါ လှုပ်စိလှုပ်စိဖြင့် ပြေးလာ၏။

“မမကြီး သမီးတို့က ရှောင်လျို့ကိုရေချိုးပေးနေတာ”


ထုံရွှယ်လူက ပုံမှန်ကဲ့သို့ သူမကိုမချီလာပေ။ သူမက ထုံမျန်မျန်ကို လေးနက်စွာကြည့်လိုက်သည်။

“ရှောင်လျို့ကိုရေချိုးပေးတာသိတယ်လေ ဒါပေမယ့် ဘာလို့ရေချိုးပေးတာလဲ အဲ့ဒီလိုလုပ်ရင်ရှောင်လုက နေမကောင်းဖြစ်သွားမှာ မသိဘူးလား”


ကြက်များကို ရေချိုးပေး၍မရပေ။ သူတို့က သူတို့ဘာသာသဲဖြင့်ပွတ်ကာ သန့်ရှင်းရေးလုပ်တတ်ပေသည်။


အခုချိန်တွင် နေဝင်သွားပြီဖြစ်သည်။ နေရောင်လည်းမရှိတော့သလို ၂၁ရာစုကလို အခြောက်ခံစက်များလည်းမရှိသဖြင့် ရှောင်လျို့က နေမကောင်းဖြစ်သွားနိုင်ပေသည်။


ထုံမျန်မျန်က လန့်သွားပြီး သူမ၏မျက်လုံးဝိုင်းကြီးများက မျက်ရည်ဝဲလာလေသည်။


ထုံကျားရှင်းလည်း အတူတူပင်။ သူကပတ်ပတ်လည်ကို အကြည့်လွှဲနေပြီး သူတော့ပြသနာထပ်တက်ပြန်သည်ကို သတိပြုမိသွားသည်။


ထုံရွှယ်လူက အရှေ့သို့လျှောက်လာပြီး ရေထဲသို့လက်နှစ်လိုက်သည်။ ရေကနွေးနေသဖြင့် သူမကအနည်းငယ်စိတ်အေးသွားသည်။


သူမက အလျင်အမြန်ပင် အိမ်ထဲမှမသုံးတော့သော အဝတ်ဟောင်းများကိုထုတ်ကာ ရှောင်လျို့ကိုခြောက်အောင်သုတ်ပေးလိုက်သည်။ ထို့နောက် သူမက မီးဖိုချောင်ထဲတွင် ရှောင်လျို့အတွက် ကြက်လှောင်အိမ်တစ်ခုလုပ်ပေးလိုက်သည်။ အထဲတွင်မီးဖိုရှိနေသဖြင့် အပြင်မှာထက်စာလျှင် ပိုနွေးလိမ့်မည်။


ရှောင်လျို့က စိတ်ဒဏ်ရာရသွားပုံပေါ်ကာ ဘာမှမစား၊မသောက်တော့ပေ။ ‌ထုံရွှယ်လူက ရှောင်လျို့နေမ‌ကောင်းဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။


ထုံကျားရှင်းနှင့်ထုံမျန်မျန်တို့က သူတို့တစ်ခုခုမှားတာလုပ်မိသည်ကို သိသွားကြရာ အပြစ်ပေးသည့်အနေဖြင့် ‌ကိုယ့်ဘာသာကိုယ် တံခါးနားတွင် သွားရပ်နေလိုက်ကြသည်။


ထုံကျားမင်ကလည်း အထဲမှထွက်လာကာ သူတို့နှင့်အတူရပ်လာ၏။ သူက သူတို့ကိုမတားမိသည်မှာ သူ့အပြစ်ပါဟုပြောလာပေသည်။


ထုံရွှယ်လူက သူတို့ကို ထိုနေရာတွင် နှစ်နာရီကြာရပ်ခိုင်းလိုက်ပြီးမှ အ‌ထဲပေးဝင်လိုက်သည်။