အပိုင်း ၁၂၄
Viewers 30k

🍵Chapter 124

ထုံရွှယ်လူက ထိုစကားကိုကြားသောအခါ နှာခေါင်းရှူံ့လိုက်သည်-2



ထုံရွှယ်လူက တစ်ခုခုမှားနေသည်ကို သတိပြုမိသွားသည်။ သူမက မုန့်ချင်းချင်းကို အသံတိုးတိုးဖြင့်မေးလိုက်၏။ 

“ဘာဖြစ်လို့လဲ ချင်းချင်း၊ ညကကောင်းကောင်းအိပ်‌မပျော်ဘူးလား”


မုန့်ချင်းချင်းကို သူမကိုမော့ကြည့်လာ၏။ သူမပါးစပ်ကဟလာသော်လည်း အဆုံးတွင် ခေါင်းခါပြလာ၏။

“ဘာမှမဖြစ်ပါဘူး”


ထိုအဖြေကိုကြားသောအခါ ထုံရွှယ်လူက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။


မုန့်ချင်းချင်း၏မျက်လုံးက  သွေးလိုနီရဲကာ သူမမျက်ခွံများက အနည်းငယ်ဖောင်းနေ၏။ သူမပုံစံက လုံးလုံးကို အဆင်ပြေသည့်ပုံမပေါ်နေပေ။


မုန့်ချင်းချင်းက သူမကိုမပြောပြလိုသည်ကို တွေ့သဖြင့် ထုံရွှယ်လူကအတင်းဆက်မမေးရန်ဆုံးဖြတ်လိုက်သည်။


ထိုနေ့ နေ့လယ်တွင် ဖန်းကျင်းယွမ်က စက်ဘီးဖြင့် နေ့လယ်စာစားရန် ရောက်လာ၏။


သူမက ထုံရွှယ်လူတစ်ယောက် အချက်အပြုတ်တော်သည်ကို သိပြီးသွားကတည်းက အချိန်နှင့်အမျှ ဒီကိုရောက်လာတတ်သည်။


သို့သော်ငြား ဒီနေ့တွင် သူမက ထုံရွှယ်လူအတွက် သတင်းတစ်ခုကိုသယ်လာသည်။

 အမေထုံက အူအတက်ရောင်သည့်အတွက် မနေ့ကဆေးရုံတင်လိုက်ရ၏။


ဤအကြောင်းကို ထုံရွှယ်လူမသိလျှင်တော့ ကိစ္စမရှိပေ။ အခုတွင် သူမသိသွားပြီဖြစ်သဖြင့် အမေထုံဆီသို့ သေချာပေါက်အလည်သွားရပေမည်။


နေ့လယ်ချိန်ကျော်သော်အခါ သူမက လျှိုတုံချန်ကို ခွင့်တောင်းလိုက်သည်။


သူမက မသွားခင်တွင် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီမှ မုန့်နှစ်ထုပ်အရင်ဝယ်လိုက်သည်။


ဆေးရုံသို့ရောက်ပြီးနောက် သူမက အမေထုံရှိသည့် အခန်းထဲသို့ မဝင်ခင်တွင် အထဲမှစကားပြောသံများကို ကြားလိုက်ရ၏။


“ငါနင့်ကိုပြောပြမယ် သွေးသားရင်းကလေးနဲ့ မွေးစားကလေးဆိုတာမတူဘူး၊ ငါ့သမီးကပြန်ပေးဆွဲခံလိုက်ရပြီးတဲ့နောက် သူမကိုပြန်ရှာတွေ့တဲ့အခါ ရဲတွေကအမှားလုပ်မိပြီး ငါကအခြားသူရဲ့သမီးကို ဆယ်နှစ်ကျော်အောင် ပျိုးထောင်ခဲ့ရတယ်၊ အဲ့ကလေးက သူ့မိသားစုအရင်းဆီပြန်ရောက်ပြီးတော့ ဘယ်လိုလုပ်လဲနင်သိလား”


“ဘယ်လိုလဲ”


“သူမက ငါတို့ဆီကို အလည်မလာတော့ဘူး၊ တစ်ခေါက်တောင် ပြန်မလာဘူးဟယ်၊ အရမ်းကို အကြင်နာတရားကင်းမဲ့လိုက်တာ”


“ဘုရားရေ နင်က မျက်လုံးဖြူဝံပုလွေကို ‌ပျိုးထောင်ခဲ့မိတာလား၊ နင်ကသူ့အမေအရင်းမဟုတ်‌ရင်တောင်မှ သူ့ကိုဆယ်နှစ်ကျော်အောင် ပြုစုပျိုးထောင်လာခဲ့တဲ့သူလေ နင်အဲ့ဒီလိုခံစားမိတာကို ငါအပြစ်မတင်ဘူး”


“အိုင်းးး သူမ‌အကြောင်းမပြောနဲ့တော့ သူမအကြောင်းကြားရုံနဲ့တင် ငါ့ကိုမပျော်မရွှင်ဖြစ်စေတယ် ငါ့ရင်ထဲမှာ ကျောက်တုံးကြီးရှိနေသလိုဘဲ”


“ကိုယ့်ကိုကိုယ် စိတ်ထိခိုက်မခံပါနဲ့အေ၊ မျက်လုံးဖြူဝံပုလွေတစ်ကောင်အတွက်နဲ့ မတန်ဘူး၊ ဒါနဲ့ နင့်သမီးရင်းကကျ ဘယ်လိုလဲ”


“........ငါ့သမီးက ကျေးလက်ဘက်ကိုပို့ခံလိုက်ရတယ်၊ သူမပြောတာတော့ တိုင်းပြည်ကလုပ်စေချင်တာကို သူမလုပ်ချင်တယ်တဲ့ ငါတို့နောက်ကွယ်မှာ လက်မှတ်ထိုးပြီး သူမဘာသာ ကျေးလက်ကိုအပို့ခံလိုက်တာ”


“အမလေး နင်ပြောတာကို နားထောင်ရသလောက်ဆို နင့်သမီးကို နင်မပျိုးထောင်ခဲ့တာတောင်မှ အတော်လေးထက်မြက်တဲ့ပုံဘဲ၊ ဟိုမျက်လုံးဖြူဝံပုလွေကတော့ ပတ်ဝန်းကျင်ကောင်းကောင်းမှာ ကြီးပြင်းလာရပေမယ့် မျှော်လင့်ချက်မရှိဘူး ဆိုရိုးအတိုင်းပေါ့ဟယ် လူဆိုတာမွေးလာတဲ့ပုံစံအတိုင်းဘဲ အဲ့ဒါကို ဘာကမှမပြောင်းလဲနိုင်ဘူး”


ထုံရွှယ်လူက အပြင်ဘက်မှနားထောင်နေရင်း နှာခေါင်းရှူံ့လိုက်သည်။


သူမဒီဘက်မိသားစုဆီပြန်ရောက်ပြီးနောက် ထုံမိသားစုဆီသို့ ပြန်မသွားတော့သည့် အကြောင်းအရင်းသုံးချက်ရှိ၏။


ပထမဆုံး၊ သူမက ခေါင်းဖြတ်ခံရသည့်ကြက်လို နေရာအနှံ့ပြေးလွှားနေရ၏။


ဤမိသားစုဆီပြန်ရောက်ကတည်းက အရင်ဆုံး မွေးရပ်မြေမှ ထိုလူများကို ဖြေရှင်းနေရ၏။ ထို့နောက် သူမအတွက်အလုပ်ကောင်းကောင်းရှာရကာ နေရန်နေရာအသစ်လည်းရှာနေခဲ့ရပြီး စုရှူယင်ကိုလည်း သူ့ယောက်ျားလက်မှလွတ်နိုင်ရန် ကူညီခဲ့သေးသည်။ ထို့နောက်တွင် ကျောင်းမှကိစ္စဖြစ်လာ၏။ ၎င်းကပထမတစ်ခုပင်။


ဒုတိယမှာ သူမက ရည်ရွယ်ချက်ရှိရှိကို ထုံမိသားစုနှင့် အကွာအဝေးထားလိုက်ခြင်းဖြစ်သည်။


အစပိုင်းတွင် သူမကသူတို့နှင့် အခင်အမင်မပျက်နေချင်သော်လည်း သူမနောက်ဆုံးတစ်ကြိမ်အလည်ပြန်သွားသောအခါ ထုံကျန်းကျန်းက ထုံမျန်မျန်ကိုရိုက်ခဲ့၏။ အဆုံးတွင် ထုံကျန်းကျန်းကို ပြန်လည်ပြုပြင်ရေးနေရာသို့ ပို့နိုင်ခဲ့သော်လည်း ထုံကျန်းကျန်းရှိနေသရွေ့ သူတို့က အခင်အမင်မပျက်သည့် ဆက်ဆံရေးရနိုင်မည်မဟုတ်ပေ။


ထုံမိသားစုနှင့် ဆက်ဆံရေးကိုဆက်ထိန်းသိမ်းထားပါက ထုံကျန်းကျန်းကို ဆက်ပြီးထိပါးသလိုဖြစ်နေကာ သူမကိုပိုပြီးမုန်းလာလိမ့်မည်။


သူမက ထုံကျန်းကျန်း သူမကိုရန်လာရှာမည်ကို မစိုးရိမ်ပေ။ ထိုအစား ထုံကျန်းကျန်းက သူမ၏အငယ်သုံးယောက်အား ထိခိုက်စေမည်ကိုသာစိတ်ပူ၏။ အထူးသဖြင့် ထုံမျန်မျန်က အလွန်ငယ်သေးကာ ကိုယ့်ကိုကိုယ် မကာကွယ်နိုင်ပေ။


ထို့ကြောင့် သူမက ထုံမိသားစုနှင့် အကွာအဝေးခြားရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။


နောက်ဆုံးတစ်ချက်မှာ သွေးချင်းဆက်နွယ်မှုပင်။


အရင်တစ်ခေါက်တွင် ထုံကျန်းကျန်း သူမကိုရိုက်ခဲ့သောအခါ အမေထုံ၏ပထမဆုံးတုံ့ပြန်မှုက သူမအဆင်ပြေ၊မပြေ မေးခြင်းမဟုတ်ဘဲ ထုံကျန်းကျန်းအား မတိုင်ကြားရန်သာဖြစ်သည်။


မူရင်းဝတ္ထုထဲတွင်လည်း ဤသို့သာဖြစ်၏။ အမေထုံက သမီးနှစ်ယောက်လုံးကို အတူတူချစ်ပါသည်ဟု အမြဲတမ်းပြောခဲ့သည်။ သို့သော် ထုံကျန်းကျန်းက သူမကိုထောင်ချောက်ဆင်ပြီး သူမကို အိမ်တွင်းအကြမ်းဖက်တတ်သည့် အရင်ဘဝကယောက်ျားနှင့် လက်ထပ်စေခဲ့သည်။ ထုံမိသားစုက မူလကိုယ်ကိုကူညီရန် တစ်ခါမှမလုပ်ခဲ့ပေ။


သူမက သူမခင်ပွန်း၏သေသည်အထိ အရိုက်ခံလိုက်ရ‌တာတောင်မှ အမေထုံရော၊ အဖေထုံကပါ သူမအတွက် မျှတမှုရန် မကြိုးစားပေးကြပေ။


ထို့ကြောင့် ထုံကျန်းကျန်းကို ပြန်လည်ပြုပြင်းရေးလယ်ယာသို့ပို့ပြီးကတည်းက ထုံမိသားစုနှင့် အကွာအဝေးထားခဲ့ခြင်းဖြစ်သည်။


ပြောရမည်ဆိုလျှင် အကွာအဝေးထားခြင်းက သူမဘာမှမလုပ်ဘူးဟူ၍တော့ မဆိုလိုပေ။


ချန်ယွဲ့လင်ဆီမှ သူမချေးထားသည့်အကြွေးအား ပြန်ပေးရန် ဖန်ကျင်းယွမ်ကို သွားပေးခိုင်းခဲ့စဉ်က ထုံမိသားစုအတွက် မုန့်များဝယ်ပေးခဲ့၏။


ဆောင်းလယ်ပွဲတော်တွင် ထုံမိသားစုဆီသွားလည်ရန် စီစဉ်ထားသော်လည်း မိုးသည်းသဖြင့် မသွားဖြစ်ခဲ့ပေ။ နောက်တစ်နေ့တွင် ဖန်ကျင်းယွမ်တစ်ယောက် စားသောက်ဆိုင်သို့ရောက်လာသောအခါ ထုံမိသားစုအတွက်လမုန့်နှင့် အိမ်လုပ်ဖက်ထုပ်များ ယူသွားခိုင်းလိုက်သေး၏။


အမေထုံက ဆေးရုံတက်နေရသည်ကို ကြားသောအခါတွင်လဲ သူမက ချက်ချင်းပြေးလာခဲ့ပေသည်။


အမှန်ပင် သူမက မကြာခနအလည်လာခဲ့သင့်၏။ သို့သော် အမေထုံက သူမနောက်ကွယ်တွင် ဤသို့ပြောနေမည်ဟု မထင်ထားခဲ့ပေ။


သူနာပြုတစ်ယောက်က အနားမှဖြတ်လျှောက်လာရင်း ထုံရွှယ်လူကိုမြင်သောအခါ ဦးနှောက်ခြောက်သွားသည်။

“ရှင်က ဒီကိုလူနာဆီအလည်လာတာမဟုတ်ဘူးလား ဘာလို့အထဲကိုမဝင်တာလဲ”


ထုံရွှယ်လူက ပြုံးပြလိုက်သည်။

“ကျွန်မအခုဘဲ ဝင်မလို့ပါ”


အမေထုံက အပြင်ဘက်မှအသံများကိုကြားသောအခါ ‌လန့်သွားပြီး ရုတ်တရက်ပင် ခုနကလောက်မ‌ပူလောင်နေတော့ပေ။


ထုံရွှယ်လူကို တံခါးကိုတွန်းကာ အထဲသို့ဝင်လာသည်။ ခုနကအမေထုံနှင့် စကားပြောနေသော အမျိုးသမီးက သူမကိုကြည့်ကာ အသံကျယ်ကျယ်ဖြင့်မေးလာ၏။

“ကောင်မလေး နင်ဘယ်သူ့ကိုလာရှာတာလဲ”


“မင်္ဂလာပါ ဒေါ်လေး ကျွန်မအမေ့ဆီကို လာလည်တာပါ”

ထုံရွှယ်လူက ပြုံးကာပြန်ဖြေလိုက်သည်။ ထို့နောက် သူမက အမေထုံဘက်လှည့်ကာ ခေါ်လာ၏။

“အမေ”


အမေထုံက ပါးစပ်အနည်းငယ်စေ့သွားကာ ဘာမှပြန်မဖြေနိုင်ပေ။


အမေထုံ၏နေရခက်မှုကို သတိမပြုမိသလိုပင် ထုံရွှယ်လူက သူမဝယ်လာသော မုန့်များကို စားပွဲပေါ်တင်လိုက်သည်။


ထို့နောက် သူမက အမေထုံအား ရေနွေးတစ်ခွက်ကမ်းပေးလိုက်သည်။

“အမေ နေမကောင်းတာကို သမီးမသိခဲ့ဘူး ဒီနေ့မှ ဖန်ကျင်းယွမ်လာပြောလို့သိတာ”


အမေထုံက သူမဆီမှ‌ဖန်ခွက်ကိုယူကာ အကြိမ်အနည်းငယ် သောက်လိုက်ပြီး ထုံရွှယ်လူ၏မျက်လုံးများကို ရှောင်နေ၏။


သူတို့ဘေးမှအမျိုးသမီးက “အိုင်းယားးး” ဟုအသံပြုလာသည်။

“ဒါက နင့်သမီးလား၊ သူမကအရမ်းလှတာဘဲ”


“အမလေး အမကြီး ရှင်တော့ အရမ်းကံကောင်းလိုက်တာနော်၊ ရှင်နေမကောင်းတာကိုလဲသိရော ကျေးလက်ကနေဒီထိရောက်လာတာ၊ ဘယ်လိုတောင်သိတတ်တဲ့ ကလေးလဲ”


“……”


အမေထုံ၏အကြည့်က ဤထက်ပိုပြီး မတောင့်တင်းနိုင်တော့ပေ။ သူမကထိုစကားကို သဘောလည်းမတူသလို ငြင်းလည်းမငြင်းပေ။


သူမက တောင့်တင်းမှုကိုသာခံစားရသည်။


ထိုအမျိုးသမီးက ပြောပြီးပြီးချင်းပင် တစ်ခုခုလွဲနေသည်ကို သတိပြုမိသွား၏။


“နေပါဦး နင်ကဒီနေ့မှသိတာဆို ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ရောက်လာတာလဲ နင်နေတဲ့နေရာက ဆေးရုံနဲ့နီးလို့လား”


ထုံရွှယ်လူက ထုံကျန်းကျန်းတစ်ယောက် ပြန်လည်ပြုပြင်‌ရေးစခန်းတွင် အချုပ်ကျနေသည်ကို မပြောစေရန်အတွက် အမေထုံက အလျင်အမြန်ဖြတ်ပြောလာသည်။

“အင်း အမှန်ဘဲ သူမနေတဲ့ကျေးရွာက မြို့တော်နဲ့ သိပ်မဝေးဘူး”


ထိုအမျိုးသမီးက အိုခနဲအသံပြုလိုက်ကာ ဘာမှဆက်‌မပြောတော့ပေ။ သို့သော်ငြား သူမက ထုံရွှယ်လူကို အရိပ်အမြွက်ကိုသိသွားသော ပုံစံဖြင့်ကြည့်လာ၏။


အမေထုံက သူမသမီးသည် ကျေးလက်ဘက်သို့ ပညာတတ်လူငယ်အဖြစ်ထွက်သွားသလိုပုံစံဖြင့် သူမကိုပြောနေခဲ့၏။ လက်စသတ်တော့ မြို့နဲ့နီးတဲ့အနားမှာဘဲ။


မြိုနားတစ်ဝိုက်ရှိထုတ်လုပ်ရေးအသင်းများသည် လမ်းပန်းဆက်သွယ်ရေးကောင်းသောနေရာတွင် တည်ရှိကာ ပိုပြီးကြွယ်ဝကြ၏။ အဆက်အသွယ်ရှိသော သူများသာ ဤနေရာများသို့ ပညာတတ်လူငယ်အဖြစ်သွားနိုင်သည်။ ထို့အပြင် သူတို့ထဲမှအများစုသည် ခက်ခဲကြမ်းတမ်းသောကျေးလက်များအား မသွားချင်သဖြင့် ရှောင်ကြဉ်ကြသူများဖြစ်သည်။


ထို့ကြောင့် တိုင်းပြည်အတွက်ထောက်ပံ့မည်စသော ဆိုရိုးများသည် ပေါက်ကရများသာ။


အမေထုံက ထိုအမျိုးသမီး၏မျက်နှာကိုကြည့်ရုံဖြင့်တင် သူမစိတ်ထဲ၌တွေးနေသည်များကို ပြောနိုင်၏။ သို့သော်ငြား အခုချိန်တွင် သူမ မရှင်းပြနိုင်သဖြင့် ဤစွပ်စွဲမှုများကို အသံတိတ်လက်ခံလိုက်ရသည်။


၎င်းက သူမရင်ထဲမှ မှုန်မှိုင်းသောခံစားချက်ကို ‌မဖြေပျောက်နိုင်ပေ။


ထစ်ငေါ့သောအကြည့်ကာ ထုံရွှယ်လူမျက်နှာပေါ်တွင် ဖြတ်ခနဲပေါ်လာသည်။

“ အမေ အခုရောဘယ်လိုနေလဲ ဆရာဝန်ကဘာပြောလဲ”


အမေထုံက မျက်မှောင်ကြုတ်လိုက်သည်။

“ဆရာဝန်က သောက်ဆေးပေးထားတယ် အခုဆို နာတာက ဖြေးဖြေးချင်းလျော့လာပါပြီ”


“ဒါဆိုသမီးတို့က ရှေးရိုးစွဲပုံစံအတိုင်းဘဲသွားမှာလား နောက်ပိုင်းကျ မခွဲစိတ်တော့ဘူးလား”


ခွဲစိတ်ဟူသောစကားကိုကြားသောအခါ အမေထုံက ချက်ချင်းမျက်မှောင်ကြုတ်သွားသည်။

“ဘာကိုခွဲစိတ်ရမှာလဲ၊ ဒါဘာမှပြင်းထန်တာမဟုတ်ဘူး ပြီးတော့ ငါလည်း မနာတော့ဘူးလေ မနက်ဖြန်ဆိုရင်တောင် ဆေးရုံဆင်းလို့ရနေပြီ”


အမေထုံ၏စိတ်ထဲတွင် ခွဲစိတ်ခြင်းသည် အလွန်ဆိုးသောကိစ္စတစ်ခုဖြစ်သည်။


လူတစ်ယောက်ရဲ့ ကိုယ်ကိုလှီးပြီး ဖွင့်ကြည့်တာက ဘာကောင်းမှာလဲ။


ထိုအတွေးက သူမကို ဒေါသထွက်သွားစေသည်။


အူအတက်ရောင်ခြင်းအတွက်အတွက် အကောင်း‌ဆုံးကုသမှုသည် ခွဲစိတ်ပြီးထုတ်လိုက်ခြင်းသာ။ ရှေးရိုးစွဲနည်းလမ်းများသည် ရောဂါလက္ခဏာကို အချိန်တစ်ခုအထိ သက်သာစေသော်လည်း အခက်မသင့်ပါက နာတာရှည်အူအတက်ရောင်ရောဂါအဖြစ် ပြောင်းသွားနိုင်ပြီး  ပို၍ပြင်းထန်လာနိုင်သည်။


ထုံရွှယ်လူက ခနလောက်တွေးကြည့်လိုက်ပြီးနောက် သူမ၏စိုးရိမ်မှုကို ထုတ်ပြောရန် ဆုံးဖြတ်လိုက်သည်။


သူမက ဘာမှမပြောရသေးခင်တွင် အမေထုံက စိတ်မရှည်စွာ ပြောလာ၏။

“နင်ဘာသိလို့လဲ၊ နင်ကဆရာဝန်လား တော်ပြီမပြောနဲ့တော့ နင်က ငါ့ကိုအဲ့လောက်တောင်ခွဲစိတ်စေချင်နေတာလား”


ကောင်းပြီလေ ဒါဆို အမေ့သဘောဘဲ။


ထုံရွှယ်လူက ပါးစပ်ပိတ်လိုက်သည်။ သူမက သူမပြောသင့်သည်ကို ပြောပြီးပြီဖြစ်သဖြင့် အမေထုံနားမထောင်ချင်ပါက သူမ၏လုပ်ပိုင်ခွင့်ပင်။