🍵Chapter 123
-ထုံရွှယ်လူက ထိုစကားကိုကြားသောအခါ နှာခေါင်းရှူံ့လိုက်သည်။
ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်။။။။
သူက သူမနှင့်အလွန်နီးကပ်စွာထိုင်နေသဖြင့် သူ့ရင်ခုန်သံကိုတောင် သူမကြားနိုင်၏။
သူမက သူ့ကိုဒီလိုကြည့်နေတော့ သူတစ်ခုခုလုပ်နေသင့်လား။
သူသည် ကျိုးရန်နှင့် ဟွမ်ချီမင်တို့က ရုပ်ရှင်ကြည့်ရန်အတွက် သရေစာဝယ်ရမည်ဟု ပြောခဲ့သည်ကို ကြားဖူး၏။ ဒါပေမယ့် ရုပ်ရှင်ရုံထဲမှာဆိုရင် သူတို့က ရုပ်ရှင်ကိုဘဲကြည့်သင့်တာမဟုတ်ဘူးလား။
သူက ရုပ်ရှင်ထဲ၌သာအာရုံစိုက်နေသည်ကို မြင်သောအခါ ထုံရွှယ်လူက ဤခေတ်မှသူများသည် အတော်လေးရိုးရှင်းသည်ဟု တွေးလိုက်သည်။
21ရာစုတွင်ဆိုပါက အခုမှစတွဲသည့် ချစ်သူနှစ်ယောက်ရုပ်ရှင်ကြည့်ကြပါက သေချာပေါက်ပင် ကောင်လေးက ကောင်မလေး၏လက်ကိုကိုင်နိုင်ရန် မျိုးစုံကြိုးစားလိမ့်မည်။
ထုံရွှယ်လူ၏မျက်လုံးက အနားတဝိုက်ကိုဝေ့ဝိုက်သွားပြီးနောက် သူမက အိတ်ဆီသို့ လက်လှမ်းလိုက်သည်။
သူမက ချိုချဉ်ကိုယူလိုက်သောအခါ သူမလက်ချောင်းထိပ်က ဝမ်ရူကွေ့၏လက်ကိုထိမိသွား၏။
ဝမ်ရူကွေ့၏ကိုယ်က တောင့်တင်းသွားသည်။ အဲ့ဒါက မတော်တဆလား၊ ဒါမှမဟုတ် ရဲဘော်ထုံက တမင်လုပ်တာလား။
အကယ်၍သူမက တမင်လုပ်တာဆိုပါက သူစိတ်မရှိပေ။ အမှန်တွင် သူမကဒီထက်ပိုပြီးလုပ်လာရန်တောင် သူတိတ်တိတ်လေးမျှော်လင့်မိ၏။
သူ့အတွေးများကို သတိပြုမိသောအခါ ဝမ်ရူကွေ့ကသူ့ကိုယ်သူပြန်ဆုံးမလိုက်သည်။
ထုံရွှယ်လူသည် သူမက လူရမ်းကားမလေးအဖြစ် အမည်တပ်ခံလိုက်ရကြောင်းမသိပေ။ သူမက ချိုချဉ်ကိုယူပြီးသောအခါ နောက်ထပ်ဘာမှမလုပ်လာတော့ပေ။
ယခုကာလမှလူများက ရိုးရှင်းကြ၏။ သူတို့နှစ်ယောက်က ထိုသို့ပြုမူကြသည်ကို တွေ့သွားပါက ကောင်းမည်မဟုတ်ပေ။
သူမက နောက်ထပ်ဘာမှမလုပ်လာသည်ကို မြင်သောအခါ ဝမ်ရူကွေ့က သူစိတ်အေးသွားတာလား၊ စိတ်ပျက်မိသွားတာလားတောင် မပြောနိုင်ပေ။
သူက ကျန်နေသည့်တစ်ချိန်လုံးတွင် ရုပ်ရှင်ထဲစိတ်မဝင်စားတော့ပေ။
သူတို့နှစ်ယောက် ရုပ်ရှင်ရုံထဲမှထွက်လာသောအခါ နေ့လယ်ရောက်နေပြီဖြစ်သည်။ သူတို့က နေ့လယ်စာစားရန် အစိုးရစားသောက်ဆိုင်သို့ ဝင်ခဲ့ကြသည်။
၎င်းက သူမအလုပ်လုပ်သည့် အစိုးရစားသောက်ဆိုင်မဟုတ်ပေ။ ယေဘုယျအားဖြင့် ယခုကာလမှ အစိုးရစားသောက်ဆိုင်အားလုံးသည် နာမည်တစ်မျိုးတည်းသာရှိကြ၏။
နေ့လယ်စာစားပြီးသောအခါ ဝမ်ရူကွေ့ကသူမကို စက်ဘီးပေါ်တင်ကာ အနားမှပန်းခြံဆီသို့ နင်းလာခဲ့သည်။
သူတို့နှစ်ယောက်လုံးက ရုပ်ရည်ကြည့်ကောင်းသည့်အပြင် စက်ဘီးစီးနေကြသဖြင့် သွားသည့်လမ်းတစ်လျှောက်တွင် မနာလိုသည့်အကြည့်များစွာကို ရခဲ့ပေသည်။
သူတို့က ပန်းခြံထဲမှ ခုံတန်းရှည်ပေါ်တွင် ထိုင်လိုက်ကြသည်။
ဝမ်ရူကွေ့က တွေးပေးတတ်စွာဖြင့် သူမမထိုင်ခင်တွင် လက်ကိုင်ပုဝါတစ်ခုကိုခင်းပေးလာ၏။
မြို့တော်၏ ဆောင်းတွင်းကာလသည် အလွန်လှပ၏။
အပြာရောင်ကောင်းကင်သည် ဆေးကြောခံထားရသလို ကြည်လင်နေ၏။ ဂျင်ကိုရွက်များက ရွှေရောင်သန်းနေကာ မေပယ်ရွက်များက ရဲရဲနီနေသည်။ ဤသို့သောမြင်ကွင်းတွင် နေပူဆာလှုံလိုက်ရသောအခါ လူကို တစ်ရေးတောင်အိပ်ချင်သွားစေ၏။
ရုတ်တရက် ထုံရွှယ်လူက သူ့ကိုအရင်ကတည်းက မေးချင်နေခဲ့သော မေးခွန်းကို သတိရသွားသည်။
“ဒါနဲ့ ရှင်ကျွန်မကိုပေးတဲ့ကြက်နာမည်က ဘာလို့ရှောင်လျို့ဖြစ်နေတာလဲ”
ဝမ်ရူကွေ့က သူ့အဖိုး၏အော်သံများကို ပြန်သတိရသွားသည်။
“အဲ့ဒါက ကိုယ်တို့အိမ်မှာမွေးတဲ့ ခြောက်ကောင်မြောက်ကြက်လေ”
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။
“အရင်တစ်ခေါက်တုန်းက ရှင်ပြောတာကျ အဲ့ဒီကြက်ကို သူငယ်ချင်းတစ်ယောက်ဆီက ရတာဆို”
ဝမ်ရူကွေ့ “……”
အယ် သွားပြီ။
သူအလိမ်ပေါ်သွားပြီ။
သူမက သူ့ကို လူလိမ်လို့ထင်တော့မှာလား။
ဝမ်ရူကွေ့၏မျက်နှာက အရောင်အနည်းငယ်ပြောင်းသွားသည်။ ထို့နောက်တွင် သူကအမှန်တရားကိုပြောပြလာ၏။
သူပြောပြီးသောအခါ ထုံရွှယ်လူကရယ်ရလွန်းသဖြင့် ပါးများတောင်ညောင်းသွားသည်။
“ဒါဆိုရှင်က ကျွန်မကိုပေးဖို့ ရှင့်အဖိုးရဲ့ကြက်ကို ခိုးခဲ့တာပေါ့ ဟုတ်လား”
ဝမ်ရူကွေ့က တောင့်တောင့်ကြီးခေါင်းညိတ်ပြလာသည်။
ထုံရွှယ်လူက မျက်လုံးထောင့်မှမျက်ရည်များကို သုတ်ကာပြောလိုက်သည်။
“အဲ့ဒီတော့ ရှင့်အဖိုးက ရှင့်ကိုမရိုက်ဘူးလား”
ဝမ်ရူကွေ့က ခေါင်းခါပြသည်။
“အဖိုးက မင်းရဲ့လက်ရာကို အတော်လေးကြိုက်နေတာ ကြက်သားကအရမ်းအရသာရှိတယ်လို့တောင် သူပြောသေးတယ်၊ အခုဆိုရင်အဖိုးက ရှောင်ချီနဲ့ ရှောင်ပါးတို့ပါ ထပ်မွေးထားတယ်၊ သူ့အကြံက အဲ့ဒီကြက်လေးတွေကြီးလာရင် မင်းကို စတူးဟင်းလုပ်ခိုင်းမလို့တဲ့”
“ခစ်ခစ်ခစ်....ရှင့်အဖိုးက အရမ်းရယ်ရတာဘဲ”
လေပြေကတစ်ချက်ဖြတ်တိုက်လာရာ သူမဆီမှရနံ့ကို သူရလိုက်၏။
မြက်ခင်းရနံ့နှင့်တူကာ ပန်းရနံ့လည်း တစ်မျိုးတစ်ဖုံပါနေ၏။ ထိုရနံ့က ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်နေကာ အနံ့ရသည့်အချိန်တိုင်းတွင် သူ့အားရင်ခုန်လာစေသည်။
သူမ၏တောက်ပသောအပြုံးကိုတွေ့သောအခါ ဝမ်ရူကွေ့က သူ့ရင်ထဲတွင်ပြည့်နှက်သွားသလို ခံစားလိုက်ရသည်။
ထုံရွှယ်လူက အရယ်ရပ်နိုင်ရန် အချိန်အနည်းငယ်ယူလိုက်ရသည်။ ထို့နောက် သူမက ရုတ်တရက်အရင်တစ်ခေါက်ကလုပ်ပေးဖူးသော ကြက်သွန်မြိတ်ဖက်ထုပ်ကြော်များကို သတိရသွားသည်။
“ဒါနဲ့ အရင်တစ်ခေါက်က ကျွန်မလုပ်ပေးလိုက်တဲ့ ကြက်သွန်မြိတ်ဖက်ထုပ်ကြော်တွေကို ရှင်ကြိုက်ရဲ့လား”
ဝမ်ရူကွေ့က ခေါင်းညိတ်ပြသည်။
“အင်း အဲ့ဒါတွေက အရမ်းအရသာရှိတယ်”
ထုံရွှယ်လူက ခေါင်းမော့ကာ သူ့ကိုကြည့်လိုက်သည်။
“ကြက်သွန်မြိတ်က ဒီလောက်အနံ့ပြင်းတာကို အခြားသူတွေနဲ့စကားပြောရင် ပါးစပ်နံနေမှာကို မစိုးရိမ်ဘူးလား”
ဝမ်ရူကွေ့က အနည်းငယ်တောင့်သွားပြီးမှ ပြန်ဖြေ၏။
“အဲ့ဒါက အဆင်ပြေပါတယ်၊ ကိုယ်အကြိမ်အနည်းလောက် ပလုတ်ကျင်းလိုက်တယ်”
ထုံရွှယ်လူက ထပ်ရယ်မိသွားသည်။
အမှန်တွင် သူမက တမင်လုပ်ပေးလိုက်ခြင်းမဟုတ်ပေ။ ထိုနေ့က သူမဆီတွင် ချက်ပြုတ်ရန် ပစ္စည်းအများအပြားရှိမနေပေ။ သူထွက်သွားသည့်နောက်မှသာ သူမသတိရသွားခြင်းဖြစ်သည်။
ပြန်တွေးကြည့်မိသောအခါ ၎င်းကကောင်းသားဘဲဟု သူမထင်သည်။
သူပါးစပ်နံပါက အခြားမိန်းကလေးများကို အနားကပ်စေနိုင်မည်မဟုတ်ပေ။
ထုံရွှယ်လူက သူ့ကိုကြည့်ကာ မေးလိုက်သည်။
“ရဲဘော်ဝမ် ကျွန်မတို့က အခုတွဲနေကြပြီဆိုတော့ ရှင့်မိသားစုအကြောင်း ကျွန်မကိုပြောပြသင့်တယ်လို့ မထင်မိဘူးလား”
ဝမ်ရူကွေ့က နှုတ်ခမ်းထောင့်များက အနည်းငယ်တင်းကြပ်သွားသည်။
“ကိုယ့်မိသားစုထဲမှာ ကိုယ်နဲ့အဖိုးဘဲရှိတယ် ပြီးတော့အဖိုးကိုစောင့်ရှောက်ပေးတဲ့ စစ်သား ဦးလေးဇုန်းပေါ့”
ထုံရွှယ်လူအနည်းငယ် လန့်သွားသည်။
အဲ့ဒါက ဘာကိုဆိုလိုတာလဲ။
သူမတွင်မိဘမရှိတော့ပေ။ သူ့ဆီမှာလဲ မိဘမရှိတော့ဘူးလား။
ဝမ်ရူကွေ့က ခနရပ်ပြီးနောက် ဆက်ပြောပြသည်။
“ကိုယ်အသက်ငါးနှစ်လောက်မှာ အဖေဆုံးသွားတယ်၊ အမေကတော့.......အရမ်းစောတဲ့ကာလကတည်းက အဖေနဲ့ကွာရှင်းပြီး နောက်အိမ်ထောင်ပြုလိုက်ပြီ”
လေထုက အနည်းငယ်တိတ်ဆိတ်သွားသည်။
“ကျွန်မတောင်းပန်ပါတယ် ကျွန်မမသိခဲ့ဘူး......”
သူ့မိသားစုအခြေအနေသည် အလွန်ရှုပ်ထွေးမည်ဟု သူမတကယ်မထင်ခဲ့ပေ။ သူမသာသိပါက ဤကဲ့သို့မေးမိမည်မဟုတ်ပေ။
အကယ်၍ သူမ သိချင်လျှင်တောင်မှ သူတို့နှစ်ယောက် အချင်းချင်းပိုနားလည်လာသည်အထိ စောင့်မှာဖြစ်သည်။
ဝမ်ရူကွေ့၏နှုတ်ခမ်းများက အနည်းငယ်ကွေးတက်လာသည်။
“တောင်းပန်စရာမလိုပါဘူး ဒါတွေအားလုံးက အမှန်တရားတွေဘဲလေ”
ရုတ်တရက်ပင် ခံစားချက်များက လေးလံသွားသည်။
စိတ်ပေါ့သွားစေရန်အတွက် ထုံရွှယ်လူက စက်ဘီးကိုတွန်းကာ ပန်းခြံထဲ၌အတူတူလမ်းလျှောက်ကြရန် အကြံပြုလာ၏။
သဘာဝကျစွာပင် ဝမ်ရူကွေ့က သူမပြောသည်ကို သဘောတူ၏။
သူတို့က ပန်းခြံထဲတွင် နှစ်နာရီကြာအောင် နေပြီးမှအိမ်သို့ပြန်ခဲ့ကြသည်။
ဝမ်ရူကွေ့က နေ့လယ်တွင် ဌာနသို့ပြန်ရမည်ဖြစ်သဖြင့် မြို့ထဲတွင် အချိန်အများကြီးမဖြုန်းနိုင်ပေ။
ဝမ်ရူကွေ့က ထုံရွှယ်လူကိုစက်ဘီးပေါ်တင်နင်းလာပြီး လမ်းကြားထဲကို ဖြတ်သွားသောအချိန်တွင် ကျိုးရန်ကလည်း သူ့ကောင်မလေး၏အိမ်မှထွက်လာ၏။
သူကြောင်အသွားသည်။
သူလျှောက်မြင်တာလား၊ အခုလေးတင် သူဝမ်ရူကွေ့ကိုတွေ့လိုက်သလားလို့။
သူမှားမြင်တာဖြစ်မှာပါ၊ ဝမ်ရူကွေ့ကကောင်မလေးမှမရှိတာ။
ဝူးဝူးးဝူးး ...သူလည်း ဝမ်ရူကွေ့လိုမျိုး တစ်ကိုယ်တည်းသမားပြန်ဖြစ်တော့မှာလား။
သူ့ကောင်မလေး၏မျက်နှာကို အင်တုံလောက်ကြီးသည်ဟု ပြောမိပြီးကတည်းက သူမက သူ့ကိုလုံးဝကြည့်မလာတော့ပေ။
ခွေးကောင် ဟွမ်ချီမင်။ သူပြန်ရောက်ရင် စာရင်းရှင်းရမယ်။
ဝမ်ရူကွေ့က ထုံရွှယ်လူကို သူမအိမ်ရှေ့သို့ပို့ပေးလာသည်။
ထုံရွှယ်လူက သူ့ကိုမက်မွန်သီးပုံစံမျက်လုံးများဖြင့် ကြည့်ကာ ပြောလာ၏။
“ရှင်သွားသင့်ပြီ ရဲဘော်ဝမ် ရှင်ပြန်တာကိုကျွန်မကြည့်နေမယ်’
ဒီတစ်ကြိမ်တွင် ဝမ်ရူကွေ့က အလွန်ခေါင်းမာ၏။
“မင်းအရင်ဝင်လိုက်ပါ”
ထုံရွှယ်လူ၏မျက်စောင်းထိုးလိုက်ကာ ပြုံးလာ၏။
“ရဲဘော်ဝမ် ဒီနေ့တစ်နေ့လုံး ရှင်ကျွန်မကိုခိုးကြည့်နေတာ ကျွန်မသိတယ်”
ဒုတ်ခနဲအသံနှင့် ဝမ်ရူကွေ့က အသက်ရှူရပ်လုနီးပါးဖြစ်သွားသည်။
သူ့ပါးရော နားရွက်များကပါ သိသိသာသာနီရဲလာ၏။
“ကျွန်တော်တောင်းပန်ပါတယ် ရဲဘော်ထုံ ကျွန်တော်လူရမ်းကားလုပ်နေတာမဟုတ်ပါဘူး”
ဒီအတိုင်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခြင်းဖြစ်ကာ အချိန်တိုင်းတွင် သူမအားကြည့်ချင်နေ၏။
နီရဲနေသောနားရွက်များကိုကြည့်ကာ ထုံရွှယ်လူက သူမကသာလူရမ်းကားဟုခံစားမိသွားသည်။
ထို့ပြင် သူမကဒီနေရာမှာဘဲ မရပ်လိုက်ချင်ပင်။
ထုံရွှယ်လူက ပြုံးကာ မျက်တောင်ခတ်လိုက်သည်။
“နောက်တစ်ကြိမ်ကျ ရှင်ကြည့်ချင်ရင် ပွင့်ပွင့်လင်းလင်းကြည့်ပါ”
ဝမ်ရူကွေ့က သူမကိုမယုံနိုင်စွာကြည့်လာ၏။
“အဲ့လိုလုပ်လို့ရလား”
ဝူးးးဘယ်လိုတောင် ရိုးသားပြီးချစ်စရာကောင်းနေတာလဲ။
“ရှင်လုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်”
ထို့နောက်သူမက အိမ်ထဲသို့ဝင်သွားကာ တံခါးပိတ်လိုက်ပြီး အပြင်ဘက်တွင်ငေးမောနေသော ဝမ်ရူကွေ့ကိုချန်ထားခဲ့၏။
သူလုပ်ချင်တာမှန်သမျှ လုပ်လို့ရတာလား။
အဲ့ဒါဆို နောက်တစ်ခါကျ......သူမလက်ကို ကိုင်ကြည့်လို့ရမှာလား။
ထုံရွှယ်လူက ဝမ်ရူကွေ့တစ်ယောက် သူမလက်လေးကိုကိုင်ချင်ရုံလေးအတွက်နှင့် သူမအိမ်အပြင်ဘက်တွင် ရုန်းကန်နေရသည်ကို မသိပေ။
***
နောက်တစ်နေ့တွင် သူမက ပုံမှန်အတိုင်းအလုပ်ပြန်ဆင်း၏။
သူမက စားသောက်ဆိုင်သို့ပထမဆုံးရောက်ကာ သူမနောက်မှ ထန်ရှောင်ယန်နှင့် မုန့်ချင်းချင်းတို့ရောက်လာကြသည်။
ထုံရွှယ်လူကိုမြင်သောအခါ ထန်ရှောင်ယန်က မပျော်မရွှင်ဖြစ်နေဆဲပင်။ သူမပုံစံက ထုံရွှယ်လူကဘဲ သူမဆီမှာ ယွမ်250လောက် အကြွေးတင်ထားသလို ဖြစ်နေ၏။
ထုံရွှယ်လူက ထိုအကြည့်ကြောင့် စိတ်အနှောင့်အယှက်အဖြစ်မခံပေ။
မုန့်ချင်းချင်းက အနည်းငယ်ရှက်တတ်သော်လည်း ထုံရွှယ်လူနှင့်ရင်းနှီးသွားသည်နှင့် အလွန်စကားပြောလာ၏။ သူမပြုံးလိုက်သောအခါ သွားစွယ်လေးနှစ်ချောင်းပေါ်လာပြီး အလွန်ချစ်စရာကောင်းပေသည်။
ပုံမှန်အားဖြင့် သူမက ထုံရွှယ်လူနားတွင် ပတ်သွားနေရသည်ကို သဘောကျကာ ထုံရွှယ်လူအားသူမ၏ အိုင်ဒေါလိုကြည့်လေ့ရှိသည်။
သို့သော်ငြား ယနေ့တွင်မူ မုန့်ချင်းချင်းက ရောက်လာကတည်းက ခေါင်းငိုက်စိုက်နေသည်မှာ မိုးသီးကြွေပြီးနောက် စိတ်ဓာတ်ကျနေသည့် ခရမ်းသီးလေးလိုဖြစ်နေ၏။