🍵Chapter 128
- သူတို့ မိန်းကလေးတွေကို ဘယ်တော့မှ ထပ်ပြီး အထင်သေးရဲမှာမဟုတ်ဘူး
-
ထုံရွှယ်လူသည် ဝမ်ရူကွေ့ထံသို့ စာချက်ချင်း ပြန်မရေးခဲ့ပေ။ဝမ်ရူကွေ့မှာ သူမထံသို့ အထည်အလိပ် လက်မှတ် ၁၀ စောင် ပေးပို့ခဲ့လေ၏။ဝမ်ရူကွေ့အား မည်သည့်အရာ ပြန်ပေးရမည်ကို စဉ်းစားရန် ထုံရွှယ်လူ့အတွက် အချိန်တစ်ခုလိုသည်။
အဝတ်အစား သို့မဟုတ် ဖိနပ်များပေးရန် ရွေးချယ်၍လည်း မရချေ။ထိုအရာများအား မည်သို့ ပြုလုပ်ရမည်ကို ထုံရွှယ်လူ မသိပါ။
သူမ၏ ခွန်အားမှာ ဟင်းချက်ခြင်းပင် ဖြစ်သည်။
ထုံရွှယ်လူက ခဏတာ တွေးတောနေခဲ့ပြီး နောက်တစ်နေ့တွင်ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီသို့သွားကာ ပါဝင်ပစ္စည်းများ သွားဝယ်ရန် ဆုံးဖြတ်လိုက်လေသည်။ထို့မှသာ ဝမ်ရူကွေ့အတွက် သွားရေစာအချို့ ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။
ထုံရွှယ်လူက စာကို သေသေချာချာ ခေါက်သိမ်းလိုက်လေ၏။ထို့နောက် တစ်ဖက်သို့လှည့်ကြည့်လိုက်သောအခါ ထုံမျန်မျန်က ကလေးစာအုပ်တစ်အုပ်ဖတ်နေသည်ကို တွေ့လိုက်ရတော့သည်။
ထုံမျန်မျန်မှာ စာအုပ်ထဲမှ အကြောင်းအရာများအား အမှန်တကယ် နားလည်သည် ၊ မလည်သည်ကို ထုံရွှယ်လူလည်း ကောင်းကောင်းမသိပေ။သို့သော်လည်း ကလေးလေးက သူမ၏ ခြေနှစ်ချောင်းကို လှုပ်ခါရင်း မျက်လုံးဝိုင်းကြီးများဖြင့် စာအုပ်ကို စိုက်ကြည့်နေသည်။
သူမ၏ခြေဖဝါးလေးများက နူးညံ့အိစက်နေပြီး ချစ်စဖွယ်ကောင်းကာ နှလုံးသားအား တုန်လှုပ်သွားစေလေ၏။
ထုံရွှယ်လူသည် ထုံမျန်မျန့်ထံသို့ ပစ်ဝင်သွားလိုက်ပြီး ပါးပြင်အား အသည်းယားစွာ နမ်းပစ်လိုက်တော့သည်။
ထိုအခါ ပေါင်မုန့်လုံးလေးက လန့်ဖျပ်သွားပြီး မျက်လုံးများ ပြူးကျယ်လာကာ ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။ကားမီးရောင်အား အူတူတူစိုက်ကြည့်နေသော သမင်ပေါက်လေးသဖွယ်ဖြစ်သော ထိုပုံစံက အလွန်ချစ်စရာကောင်းလှသည်။
ထုံရွှယ်လူမှာ ပေါင်မုန့်လုံးလေးအား ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး ပါးပြင်နစ်ဝင်သွားသည်အထိ နှစ်ကြိမ်ထပ်မံ နမ်းပစ်လိုက်တော့သည်။
သူမသည် ၇၀ ခုနှစ်ကာလများအတွင်းက ဝတ္ထုထဲသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရကတည်းက ကံဆိုးသလို ခံစားနေခဲ့ရသည်။ခေတ်သစ်၌ သူမ၏ ဘဝမှာ မဆိုးရွားခဲ့ပါလျက် အမြောက်စာအနေဖြင့် ဝတ္ထုတစ်ပုဒ်ထဲသို့ အဘယ်ကြောင့် ကူးပြောင်းလာခဲ့ရပါသနည်း။
သို့သော်လည်း ယခုတွင်မူ ဝတ္ထုထဲသို့ ကူးပြောင်းလာခြင်းက ထိုမျှ မဆိုးရွားကြောင်း ထုံရွှယ်လူ သဘောပေါက်လာရသည်။
ထုံမျန်မျန်ကဲ့သို့ ချစ်စရာကောင်းသော ကလေးလေးရှိသည့်အပြင် ဝမ်ရူကွေ့ဟုခေါ်သော ချစ်စရာကလေးကြီးတစ်ယောက်လည်း ရှိသေးသည်။
မည်မျှပင် ကောင်းလိုက်သနည်း။
🍵
နောက်တစ်နေ့ ထုံရွှယ်လူ အလုပ်သို့သွားသောအခါ မုန့်ချင်းချင်းသည် စိတ်ပူပန်ကြောင့်ကြပြီး မပျော်မရွှင်ဖြစ်နေဆဲဖြစ်သည်။
မုန့်ချင်းချင်းက ထွေထွေထူးထူး ပြောပြလာမည်မဟုတ်သည်ကို သိသောကြောင့် ထုံရွှယ်လူသည်လည်း မည်သည်ကိုမှ ထပ်မံမမေးမြန်းတော့ပေ။
ထို့အစား သူမက လျှိူတုံချန့်ကို အရိပ်အခြည်စောင့်ကြည့်နေခဲ့သည်။
လျှိူတုံချန်သည်လည်း ထုံရွှယ်လူက သူ့အား စောင့်ကြည့်နေသည်ကို ရိပ်စားမိလေဟန်ရပြီး ရည်ရွယ်ချက်ရှိရှိပင် ကျေနပ်စွာ ပြုံးပြလိုက်သေး၏။
လျှိူတုံချန်၏ အကြည့်က ထုံရွှယ်လူ့ကိုအန်ချင်စိတ်ပေါက်သွားစေသည်။မကောင်းသော ကိစ္စရပ်တစ်ခုခု ဖြစ်လာတော့မည့်ပုံပင်။
များမကြာမီမှာပင် ဖန်ကျင်းယွမ်က နေ့လည်စာစားရန် ရောက်ရှိလာပြန်သည်။
စားသောက်ပြီးသောအခါ သူမက ထုံရွှယ်လူ၏ လက်အား ဖမ်းဆွဲထားလိုက်တော့လေ၏။
" နင့်မှာ ဘယ်တော့မှ အားလပ်ရက်ကို မရှိဘူး ... ငါနင့်အိမ်ကိုလာလည်ချင်တိုင်းတောင် လာလည်လို့မရဘူး ... "
ထိုအခါ ထုံရွှယ်လူက ဖန်ကျင်းယွမ်ကို စူးစိုက်ကြည့်လိုက်ပြီး " ငါ့အိမ်မှာ နင့်အတွက် စားကောင်းသောက်ဖွယ်တွေ အလကား လုပ်ပေးစေချင်နေတာမလား " ဟု တည့်တိုးမေးလိုက်သည်။
ထိုအခါ ဖန်ကျင်းယွမ်ခမျာ အနည်းငယ် ရှက်သွေးဖြာသွားတော့လေ၏။
" လက်ဗလာနဲ့ မလာပါဘူး ... ဟင်းချက်စရာ ပစ္စည်းတွေ သေချာယူလာခဲ့မှာပါ ... "
ဖန်ကျင်းယွမ်သည် စကားပြောမတတ်သော်လည်း လူဆိုး မဟုတ်ဘဲ သူမနှင့် မိတ်ဆွေကောင်းများဖြစ်လာနိုင်သည်ဟု ထုံရွှယ်လူ ခံစားရသည်။
သူမက ခေတ္တစဉ်းစားလိုက်ပြီး " ဒီနေ့ မြေပဲကြွပ်နဲ့ ငရုတ်သီးဆော့စ်လုပ်မှာ ... နင့်ကို တစ်ပွဲလောက် ပေးလို့ရတယ် ... မနက်ဖြန် လာယူနော် ... " ဟု ပြောလိုက်သည်။
ထိုအခါ ဖန်ကျင်းယွမ်၏ မျက်လုံးများက တောက်ပလာလေ၏။
" တကယ်လား ... နင်က အရမ်း သဘောကောင်းတာပဲ ရွှယ်လူရယ် ... ငါလာယူမှာပေါ့ လာယူမယ် ... "
ဖန်ကျင်းယွမ်က ပြောပြောဆိုဆိုဖြင့် သူမအိတ်ကပ်ထဲမှ ပိုက်ဆံနှင့် အစားအသောက်လက်မှတ်များကို အမြန်ဆွဲထုတ်ပြီး ထုံရွှယ်လူ၏လက်ထဲသို့ ထိုးထည့်ပေးလာသည်။
ထုံရွှယ်လူမှာ အစားအသောက်များအား ဒကာခံရန် ရည်မှန်းထားသော်လည်း ဖန်ကျင်းယွမ်က အခွင့်အရေးမယူဘဲ ပိုက်ဆံများအား စားပွဲပေါ်တင်ပြီး ပြေးထွက်သွားတော့လေသည်။
အလုပ်ပြီးသောအခါတွင် မုန့်ချင်းချင်း၏ ဝမ်းကွဲဖြစ်သူက မုန့်ချင်းချင်းအား လာရောက်ခေါ်ဆောင်သွားသည်။
မုန့်ချင်းချင်းထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် ထုံရွှယ်လူသည် မြေပဲနှင့် ဂျုံမှုန့်များဝယ်ယူရန် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီသို့ ဦးတည်ခဲ့လေ၏။
အိမ်ပြန်ရောက်သောအခါ ထုံရွှယ်လူက အိုးထဲသို့ မြေပဲထည့်ပြီး မွှေကြော်လိုက်သည်။မြေပဲများကျက်သွားသောအခါ ဆယ်ယူလိုက်ပြီး ဒလှိမ့်တုံးဖြင့် ကြိတ်ချေလိုက်လေ၏။
ထို့နောက် ဆီ၊ ကြက်ဥ၊ ဂျုံမှုန့်တို့ကို ပေါင်းထည့်ကာ သမအောင်မွှေပြီး မုန့်ပေါင်းတုံးကြီးအား ဖန်တီးလိုက်တော့သည်။
ယင်းနောက်တွင် မုန့်ပေါင်းတုံးကြီးအား အလုံးလေးများအဖြစ် အသီးသီးခွဲကာ ဒလှိမ့်တုံးဖြင့် လှိမ့်ပြီး ကြက်ဥထဲသို့ ထပ်မံနှစ်လိုက်လေသည်။
အားလုံးပြီးစီးသွားသောအခါ ထုံရွှယ်လူသည် ၎င်းတို့ကို ဖုတ်ရန်အတွက် ဝေ့မိသားစုအိမ်သို့ ယူဆောင်သွားခဲ့သည်။
ဝေ့မိသားစုသည် ၎င်းတို့၏ခြံထဲတွင် မုန့်ဖုတ်စင်တစ်ခုကို တပ်ဆင်ထားသဖြင့် ထိုနေရာတွင် ကွတ်ကီးများနှင့် အခြားမုန့်ဖုတ်ပစ္စည်းများကို ပြုလုပ်ရန် အလွန်အဆင်ပြေလှသည်။
ထုံရွှယ်လူသည်လည်း အားလပ်ချိန်များ၌ သူမ၏ အိမ်ခြံဝင်းထဲတွင် မုန့်ဖုတ်စင်လေးတစ်ခု တပ်ဆင်ရန် စိတ်ကူးထားသည်။
မြေပဲမုန့်ပြားများဖုတ်နေသည်ကို စောင့်ဆိုင်းရင်း သူမက ငရုတ်သီးဆော့စ်ကို စတင်ပြုလုပ်တော့လေ၏။
ငရုတ်သီးဆော့စ်လုပ်ရာတွင် အသုံးပြုသော ငရုတ်သီးနီများမှာ ဝေ့မိသားစု၏ အိမ်စိုက် ငရုတ်သီးများဖြစ်ပြီး အတုံ့အလှည့်အနေဖြင့် ထုံရွှယ်လူမှာ ဝေ့မိသားစုအား ငရုတ်သီးဆော့စ်နှစ်ပုလင်း ပြန်လည်ပေးအပ်မည်ဖြစ်သည်။
ထုံရွှယ်လူမှာ ယနေ့နံနက်အစောပိုင်းက အပြင်မထွက်မီ ငရုတ်သီးများကို ရေဆေးပြီး အိမ်နောက်ဖေးတွင် နေလှန်းထားခဲ့သည်။မြေပဲများပြင်ဆင်ပြီးသောအခါ ၎င်း ငရုတ်သီးများက ကောင်းစွာ ခြောက်သွေ့နေလေပြီ။
ငရုတ်သီးဆောစ့်ပြုလုပ်ရန် မခက်ခဲပေ။
ငရုတ်သီးနီများကို ပါးပါးလှီးပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ သကြား၊ ဆားတို့ထည့်ကာ နှမ်းဆီဖြင့် အိုးတစ်လုံးထဲ၌ အပူပေးရန်သာ လိုအပ်သည်။
ထုံရွှယ်လူမှာ ငရုတ်သီးဆော့စ် စုစုပေါင်း ၆ ပုလင်းကိုပြုလုပ်ခဲ့လေ၏။ဝေ့မိသားစုနှင့် ဝမ်ရူကွေ့တို့အတွက် နှစ်ပုလင်းစီဖြစ်ပြီး ဖန်ကျင်းယွမ်ကို တစ်ပုလင်းပေးကာ ကျန်တစ်ပုလင်းမှာတော့ သူမတို့ အိမ်အတွက်ဖြစ်သည်။
ငရုတ်သီးဆော့စ်မှာ အစပ်ကဲပြီး အရသာရှိလေသည်။ခေါက်ဆွဲဖြင့် ရောစပ်ပြီး ချက်ပြုတ်ရာတွင်လည်း အသုံးပြုနိုင်ပေ၏။
ထုံရွှယ်လူ့အတွက်မူ ပူပူနွေးနွေးငရုတ်ဆော့စ်နည်းနည်းဖြင့်သာဆိုလျှင် မည်သည့်အရာမဆို အရသာရှိသည်။
ထုံရွှယ်လူမှာ ထိုနေ့ညက အားလုံးကို ခေါက်ဆွဲလုပ်ကျွေးခဲ့သေးသည်။
ထုံမိသားစုအပြင် ဝေ့မိသားစုသည်လည်း မြေပဲကြွပ်နှင့် ငရုတ်ဆော့စ်ကို နှစ်သက်ကြလေ၏။
🍵
ထောက်ပို့ဌာနဝင်းထဲ၌ဖြစ်သည်။
ဖန်ကျင်းယွမ်၏ အရသာခံစွမ်းရည်မှာ ထုံရွှယ်လူ့ကြောင့် ပျက်သုဉ်းသွားလေပြီ။
လောလောဆယ်တွင် အိမ်၌ ရှိသည့်အစားအသောက်များအားလုံးက အလွန်ဆိုးရွားသည်ဟု ဖန်ကျင်းယွမ် ခံစားနေရသည်။
အမေဖန်သည်လည်း နွမ်းလျနေသော သူမ၏ သမီးဖြစ်သူကို ကြည့်ရှုရင်း စိုးရိမ်လာလေ၏။
" ဘာလို့ဘာမှမစားတာလဲ ကျင်းယွမ် နေမကောင်းဘူးလား ... "
ထိုအခါ ဖန်ကျင်းယွမ်က ခေါင်းခါပြသည်။
" မဟုတ်ပါဘူး ဒါတွေအကုန်လုံးက အရသာမရှိသလို ခံစားရလို့ပါ ... ထုံရွှယ်လူချက်တာကို စားဖူးရင် အမေလည်း သမီးလိုပဲ ခံစားရလိမ့်မယ် ... "
" ရွှယ်လူ ဟင်းချက်တာက လုံးဝကို အံ့သြစရာကောင်းတယ် ... သမီးကို မြေပဲကြွပ်နဲ့ ငရုတ်ဆော့စ်လေး ကျွေးမယ်လို့လည်း ပြောတယ် ... သူက အရမ်းချစ်စရာကောင်းတာပဲ "
ဖန်ကျင်းယွမ်၏ စကားကြောင့် အမေဖန်တစ်ယောက် အံ့အားသင့်သွားလေသည်။
" နင်တို့နှစ်ယောက်က ဘယ်ချိန်ကတည်းက ရင်းနှီးသွားတာလဲ ... အရင်တုန်းကဆို နှစ်ယောက်သား တွေ့တာနဲ့ အိမ်ရာဝင်းထဲမှာ ကြက်နှစ်ကောင်လို ပြေးခွပ်ကြတာ မဟုတ်ဘူးလား ... "
" ဟုတ်ပါတယ် .... အဲတုန်းက ငယ်သေးလို့ မရင့်ကျက်ခဲ့တာပါ ... အခုတော့ သူက အရမ်းတော်တဲ့ လူတစ်ယောက်လို့ ခံစားရတယ် ... ပြီးတော့ သူဟင်းချက်တာက အရမ်း အံ့သြစရာကောင်းတယ် ... သမီးသာ ယောက်ျားလေးဖြစ်ခဲ့ရင် သူနဲ့ သေချာပေါက် လက်ထပ်ပြီးသားပဲ ... "
အမေဖန် "……"
ထိုအခါ ဘေးတွင် ထိုင်နေသော ဖန်ဝမ်ယွမ်က ဖန်ကျင်းယွမ်ကို ကြည့်ရှုလာခဲ့သည်။
သူ၏ခေါင်းထဲ၌လည်း ထုံရွှယ်လူ၏ ပုံရိပ်က ရုတ်တရက် ပေါ်လာခဲ့ပြီး အနည်းငယ် စိတ်မကြည်ဖြစ်သွားခဲ့လေ၏။
ထုံရွှယ်လူမှာ သူ့အပေါ် စိတ်မရှိဟန်ဆောင်လျက် လာမတွေ့ခြင်းဖြစ်သည်ဟု ဖန်ဝမ်ယွမ် ထင်မှတ်ထားခဲ့သည်။
သူမ ပျောက်သွားသည်မှာ သုံးလ ရှိနေပြီဖြစ်သော်လည်း ဤအတောအတွင်း သူ့အတွက် မည်သည့်အရာကိုမှ ချက်ပြုတ်ပေးခြင်း မရှိခဲ့ပေ။ထုံရွှယ်လူမှာ သူ့အား အမှန်တကယ်ပင် စိတ်မရှိတော့ခြင်းလော။
မည်သို့ဖြစ်နိုင်လေမည်နည်း။
သူမသည် ငယ်စဉ်ကတည်းက သူ့နောက်သို့ အမြဲတကောက်ကောက်လိုက်ခဲ့ပြီး နှစ်အတော်ကြာ သဘောကျနေခဲ့သည်။ထိုသို့ဖြစ်ပါလျက် ဤကဲ့သို့ ခပ်လွယ်လွယ် ရုန်းထွက်နိုင်မည်လော။
ယင်းနောက်တွင် ရုတ်တရက် အတွေးတစ်ခု ကြောင့် ဖန်ဝမ်ယွမ်၏ နှုတ်ခမ်းများက အပေါ်သို့ ကွေးညွှတ်တက်သွားတော့သည်။
ထုံရွှယ်လူမှာ သူ့ကို သဘောကျနေဆဲပင်။
ချဉ်းကပ်ပုံပြောင်းလဲသွားသည်သာ ရှိသည်။
ယခုတွင်လည်း သူနှင့်နီးစပ်နိုင်ရန်အတွက် သူ့မိသားစုဝင်များအား မြှောက်ပင့်လျက် အားကိုးတကြီးပြုနေပြန်လေပြီ။
၎င်းအတွေးက ဖန်ဝမ်ယွမ့်ကို ပျော်ရွှင်စေခဲ့သည်။
🍵
ရှောင်လျိုမှာ နှစ်ရက်ကြာ မှိုင်တွေအားယုတ်နေခဲ့ပြီးနောက် နောက်ဆုံးတွင်မူ အစာရေစာစားသောက်ရန် ထလာသည်။
ထိုအခါမှ ထုံရွှယ်လူလည်း စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချလိုက်နိုင်တော့သည်။ယင်းကြက်သည် ဝမ်ရူကွေ့ထံမှလက်ဆောင်ဖြစ်သောကြောင့် ဤကဲ့သို့ သေဆုံးမသွားစေချင်ပေ။
ထိုနေ့တွင် သူမ၏ စားဖိုမှူးအရည်အချင်းစစ်စာမေးပွဲအချိန်မှာလည်း ရုတ်တရက် ပြောင်းလဲသွားခဲ့လေ၏။နေ့လယ်စာ ချက်ပြုတ်ပြီးနောက် ထုံရွှယ်လူမှာ စာမေးပွဲဖြေရန် ထွက်ခွာသွားခဲ့သည်။
သူမသည် စာမေးပွဲနေရာသို့ မသွားမီ စာတိုက်သို့ဝင်ကာ ပစ္စည်းနှင့် စာများအား ဝမ်ရူကွေ့ထံ ဦးစွာပေးပို့ရန် စီစဉ်ခဲ့သည်။
ထုံရွှယ်လူ စာတိုက်ထဲသို့ ဝင်ရောက်သွားစဉ်မှာပင် မိန်းကလေးတစ်ဦး အော်ဟစ်ဖုန်းပြောနေသည်ကို ကြားလိုက်ရလေ၏။
" ကျိုးရန် ရှင်ငရဲကိုသွားတော့ ... ကျွန်မတို့ ဇာတ်လမ်း ပြီးပြီ "
ထိုမိန်းကလေးမှာ ဖုန်းကို ဂွက်ခနဲချလိုက်ပြီး ကျသင့်ငွေ ၁၀ ဆင့်ပေးကာ စာတိုက်ထဲမှ ငိုယိုထွက်ပြေးသွားလေသည်။
ထုံရွှယ်လူသည် ထိုမိန်းကလေး၏ ကျောပြင်ကို ကြည့်ရှုပြီး ကျိုးရန်ဟူသော နာမည်ကို ရင်းနှီးသလို ခံစားလိုက်ရသော်လည်း မည်သည့်နေရာတွင် ကြားခဲ့ဖူးသည်ကို ချက်ချင်း မမှတ်မိနိုင်ပေ။
မည်သို့ပင်ဆိုပါစေ သူမထံတွင် အချိန် များများစားစားမရှိသောကြောင့် ထုံရွှယ်လူမှာ ထိုအခြင်းအရာကို အာရုံသိပ်မစိုက်ခဲ့ချေ။
သူမသည် ပစ္စည်းများ ပို့ပြီးသည်နှင့် စာမေးပွဲနေရာဆီသို့သာ အမြန်ဦးတည်သွားခဲ့လေ၏။
စာမေးပွဲကျင်းပရာနေရာမှာ မီးဖိုချောင်ကျယ်ကြီးတစ်ခုထဲတွင်ဖြစ်သည်။အကဲဖြတ်ဒိုင် သုံးဦးရှိပြီး ထိုသူများအားလုံးကို ကျော်ဖြတ်နိုင်ခဲ့လျှင် စားဖိုမှူးလိုင်စင်ကို ရရှိမည်ဖြစ်လေ၏။
စာမေးပွဲဖြေကြားလိုသူတိုင်း မှတ်ပုံတင်ကြေး ဆင့် ၅၀ ပေးဆောင်ရပြီး မိမိရယူလိုသည့် ပါဝင်ပစ္စည်းများကို မီးဖိုချောင်မှ ဝယ်ယူနိုင်သည်။
စာမေးပွဲဖြေဆိုရာတွင် အသားတစ်မျိုးနှင့် ဟင်းသီးဟင်းရွက်ဟင်းလျာတစ်မျိုးကို ချက်ပြုတ်ပြရန် လိုအပ်သည်။
စုစုပေါင်း ဖြေဆိုသူ သုံးဆယ်ရှိပြီး ထုံရွှယ်လူမှလွဲ၍ ကျန်ပါဝင်သူအားလုံးမှာ အသက် ၃၀ ကျော် အမျိုးသားများပင်။
ထုံရွှယ်လူ့ကို မြင်သောအခါတွင် ယင်းယောက်ျားသားများအားလုံးက မထီမဲ့မြင်ဆန်ဆန်ပြုမူလာကြသည်။
" ဒီစာမေးပွဲကတော့ ဘယ်သူမဆို ဝင်ဖြေနေနိုင်တာပါပဲလား ... "
" ချမ်းသာလို့ နေမှာပေါ့ ... "
" ချမ်းပဲသာသာ ဆင်းပဲရဲရဲ တချို့ တချို့တွေက သူတို့ရဲ့ ကိုယ်ပိုင်ကန့်သတ်ချက်ကို မသိတတ်ကြဘူး ... ငယ်ငယ်ရွယ်ရွယ်နဲ့ ဟင်းချက်နည်းကို ဘယ်လိုသိနိုင်မှာလဲ ... ပြီးတော့ မိန်းကလေး ... "
" အတိအကျပဲ ... ငါ့မိန်းမ ဟင်းချက်တာကိုတောင် လုံးဝသည်းမခံနိုင်ဘူး "
ထုံရွှယ်လူက ထိုလူများကို ဂရုမစိုက်ဘဲ သူမလမ်းသူမ သွားသည်။
ထုံရွှယ်လူက မည်သည်ကိုမှ မတုံ့ပြန်လာသောအခါတွင် အခြားယောက်ျားသားတစ်ဦးက ပိုလို့ပင် လှောင်ရယ်လာတော့၏။အမျိုးသမီးများအပေါ် သူတို့၏ ရှုတ်ချမှုက သိသာလွန်းနေသည်။
ထုံရွှယ်လူမှာ ၂၀ ယောက်မြောက် ပါဝင်ဖြေဆိုသူဖြစ်သည်။သူမ၏ အရှေ့မှလူများမှာ စာမေးပွဲခန်းထဲသို့ ခေါင်းမော့ရင်ကော့၍ ဝင်သွားကြသော်လည်း မှိုင်မှိုင်တွေတွေနှင့် ပြန်ထွက်လာကြလေ၏။
ထိုအခြင်းအရာကို တွေ့ပြီး ကျန်သူများအားလုံးမှာလည်း တုန်လှုပ်နေကြသည်။
ဖြေဆိုပြီးစီးသွားသူများမှာလည်း အိမ်မပြန်သေးဘဲ စာဖိုမှူးလိုင်စင်ရရှိမည့်သူများအား စပ်စုလိုစိတ်ဖြင့် ထိုနေရာတွင် ဆက်လက်ရှိနေကြလေ၏။
မကြာမီ ထုံရွှယ်လူ ဖြေဆိုရမည့်အလှည့်သို့ ရောက်ရှိလာတော့မည်ဖြစ်သည်။