အပိုင်း ၁၂၉
Viewers 30k

🍵Chapter 129

 သူတို့ မိန်းကလေးတွေကို ဘယ်တော့မှ ထပ်ပြီး အထင်သေးရဲမှာမဟုတ်ဘူး  (၂)



" ဒီနေ့ဘာချက်ပြမှာလဲ "


အကဲဖြတ်ဒိုင်တစ်ဦးက မေးမြန်းလာသည်။


" အသားမွှေကြော်အစပ်နဲ့ အာလူးချဉ်စပ်ချောင်းပါ "


အကဲဖြတ်ဒိုင်သုံးဦးမှာ ထိုစကားကိုကြားသောအခါ ခေါင်းယမ်းကြလေသည်။ဤဟင်းပွဲနှစ်မျိုးစလုံးမှာ သာမန်ဆန်လွန်းပြီး ၎င်းတို့ကို ပေါ်လွင်အောင်ပြုလုပ်နိုင်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။


အပြင်ဘက်မှ ယောက်ျားသားများ အားလုံး မှာလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေ၏။မှန်ပေသည်။သူတို့ထင်ထားသလိုပင် မိန်းမများမှာ မီးဖိုချောင်နှင့် သက်ဆိုင်ခြင်းမရှိပေ။


အသားမွှေကြော်အစပ်နှင့် အာလူးမှာ အဘယ် အရသာထူးနိုင်ပါ့မည်နည်း။

 

ဖြေဆိုသူများအားလုံးက ဝက်သားပေါင်း သို့မဟုတ် ငါးပေါင်းကြော်ကဲ့သို့သော ဟင်းလျာများပြုလုပ်မည်မှာ သိသာလွန်းသည်။


ထုံရွှယ်လူသည် ပတ်ဝန်းကျင်ရှိ ရယ်မောပြက်ရယ်ပြုနေသမျှကို လျစ်လျူရှုကာ မေးခွန်းကိုဖြေပြီးနောက် ချက်ချင်းဆိုသလို ပင် ချက်ပြုတ်ရန် သွားရောက်ခဲ့သည်။


ယင်းနောက်တွင် တစ်စုံတစ်ရာ ပုံမှန်ဟုတ်‌မနေသည်ကို အားလုံးသတိပြုမိသွားကြလေ၏။


သူမ၏ အသက်အရွယ်အရ ထုံရွှယ်လူသည် ဓားအား ဆရာကျစွာကိုင်နိုင်မည်ဟု မည်သူကမှ မျှော်လင့်မထားကြပေ။ယခုတွင်မူ ထုံရွှယ်လူ၏ ဓားချက်က အောက်တွင်ရှိသော လေထုကိုပါ ပြတ်တောက်စေလောက်သည်။


သူမ၏ လုပ်ဆောင်ချက်များက ရှင်းလင်းပြီး ကြားပိုင်းကာလများတွင် ခေတ္တရပ်သွားခြင်းမျိုးလည်းမရှိဘဲ အချိန်တိုအတွင်းမှာပင် အာလူးချောင်းများအား သပ်ရပ်စွာ လှီးဖြတ်နိုင်ခဲ့သည်။

အပြင်ဘက်တွင် ရှိသော မည်သည့်ယောက်ျားသားတစ်ဦးတစ်ယောက်တွင်မှ ထိုသို့ ပြီးမြောက်အောင် လုပ်နိုင်စွမ်းမရှိကြပေ။


" သူ့မှာ အရည်အချင်း တစ်ခုခုတော့ ရှိကောင်းရှိနိုင်တယ် "


" ဟုတ်တယ်  ငါလည်းအာလူးချောင်းတွေ လှီးကြည့်ဖူးတယ် ဒါပေမဲ့ သူ့လောက် မြန်မြန်ဆန်ဆန်မလုပ်နိုင်ဘူး ... "


" လှီးတာဖြတ်တာ ကျွမ်းတာနဲ့ ဟင်းချက်တော်တယ်လို့မှ မဆိုလိုတာ ...  မြို့တော်တစ်ခုလုံးမှာ အမျိုးသမီးစားဖိုမှူးတွေမရှိတာက သက်သေပဲလေ ... "


ထုံရွှယ်လူသည် ချက်ပြုတ်နေစဉ်တွင် အာရုံစူးစိုက်မှု လွန်ကဲပြီး ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော အခြားအရာများကို ဂရုမစိုက်ပေ။


ဆီပူနေပြီဖြစ်သော ဒယ်အိုးထဲသို့ ကြက်သွန်နီ ၊ ဂျင်း နှင့် ကြက်သွန်ဖြူတို့ကို ပစ်ထည့်လိုက်သောအခါ အလွန်မွှေးကြိုင်သော ရနံ့က အခန်းတွင်း၌ ချက်ချင်း ပြည့်နှက်သွားသည်။

အကဲဖြတ်ဒိုင် သုံးဦးကဲ့သို့ပင် အခန်းအပြင်ဘက်ရှိ လူများအားလုံးမှာလည်း အံ့အားသင့်သွားကြတော့၏။


" အံ့သြစရာကောင်းတဲ့ အနံ့ပဲ ... "


" အနံ့က အရမ်းကောင်းလွန်းတယ် ... ဗိုက်တောင်ဆာလာသလိုပဲ ... "


မီးဖိုခန်းတစ်ခုလုံး မွှေးကြိုင်နေကာ ဟင်းလျာနှစ်မျိုးမှာလည်း မြန်မြန်ဆန်ဆန်ပင် ချက်ပြုတ်ပြီးစီးသွားသည်။


အကဲဖြတ်ဒိုင် သုံးဦးက သူတို့၏ တူချောင်းများကို ကောက်ကိုင်ပြီး ဟင်းလျာများအား အလျင်အမြန်ပင် မြည်းစမ်းကြည့်လိုက်ကြတော့သည်။

လွန်စွာပင် အရသာရှိလေ၏။


အသားမွှေကြော်အစပ်သည် စပ်စပ်ထုံထုံအရသာရှိပြီး အရသာထူးကဲသည်။အာလူးချဉ်စပ်မှာလည်း ထမင်းနှင့် အလွန်လိုက်ဖက်ပေ၏။


အပြင်တွင် စောင့်ဆိုင်းနေသော အခြားဖြေဆိုသူများသာမရှိပါလျှင် အကဲဖြတ်ဒိုင်များမှာ ဤဟင်းလျာများဖြင့် ထမင်းတစ်ပန်းကန်လောက်ပင် စားမိသွားနိုင်သည်။


အကဲဖြတ်ဒိုင်များမှာ မတင်းတိမ်နိုင်သေးဘဲ အကြိမ်အနည်းငယ်ခန့် မြည်းစမ်းနေခဲ့ကြလေ၏။ယင်းနောက်တွင်မူ အချင်းချင်း မဆွေးနွေးကြဘဲ ထုံရွှယ်လူ့အား ၁၀ မှတ် အသီးသီးပေးလိုက်ကြသည်။


၁၀ မှတ်သည် အကဲဖြတ်ဒိုင်တစ်ဦးချင်းစီက ချီးမြှင့်နိုင်သည့် အမြင့်ဆုံးရမှတ်ဖြစ်သည်။

စုစုပေါင်း အမှတ် ၃၀ ပင်မဆိုထားနှင့် ထုံရွှယ်လူ၏ အရှေ့တွင် ၁၀ မှတ်ပြည့်ဖူးသူပင် မရှိသေးချေ။


ထုံရွှယ်လူ၏ အလှည့်မတိုင်မီက အကဲဖြတ်ဒိုင်နှစ်ဦးထံမှ ၇ မှတ် ရသူ ရှိခဲ့သော်လည်း ကျန်တစ်ဦးက ၄ မှတ်သာပေးသဖြင့် ထိုသူမှာ စာမေးပွဲ မအောင်ခဲ့ပေ။


အကဲဖြတ်ဒိုင်များက စားဖိုမှူးလိုင်စင်ကို တံဆိပ်တုံးထုပြီး ထုံရွှယ်လူ့အား ပေးအပ်ခဲ့ကြသည်။


" ရဲဘော်ထုံရဲ့ ဟင်းချက်စွမ်းရည်က အံ့မခန်းပဲ ... နောက်ကျရင် ရဲဘော်ထုံရဲ့ စားသောက်ဆိုင်ကို  သေချာပေါက် လာလည်ဦးမယ် ... "


" ကျုပ်ရောပဲ ... အထူးသဖြင့် အာလူးချဉ်စပ်က အံ့သြစရာကောင်းတယ် ... ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ဘူး ... "


" ကျုပ်ကတော့ အသားမွှေကြော်အစပ်ကို  အကြိုက်ဆုံးပဲ  ... ဝက်သားက လုံးဝ နူးညံ့နေတာ ... "


မီးဖိုခန်းအပြင်ဘက်မှ ယောက်ျားသားများမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။


အရှေ့တွင် မည်သည့်‌ ယောက်ျားသားတစ်ဦးတစ်ယောက်မှ လိုင်စင်မရရှိခဲ့သော်လည်း သူတို့ အထင်သေးနှိမ့်ချခဲ့သည့် မိန်းကလေးက စားဖိုမှူးလိုင်စင်ကို ရရှိသွားသည်။

ထိုမျှသာမကသေး သူမသည် သူတို့အား ကြီးမားသော အမှတ်ကွာဟမှုဖြင့် အနိုင်ပိုင်းခဲ့ခြင်း ဖြစ်လေ၏။


မကြာသေးမီက ပြောခဲ့မိသောစကားများကို ပြန်လည်သတိရသွားသောအခါ သူတို့၏မျက်နှာများက ပို၍ပင် ပျက်ယွင်းလာကြသည်။


ထုံရွှယ်လူသည် အကဲဖြတ်ဒိုင်များကို ကျေးဇူးတင်ကြောင်းပြောပြီး သူမ၏ စားဖိုမှူးလိုင်စင်ကို ယူဆောင်ကာ ဝင့်ကြွားစွာ ထွက်ခွာသွားခဲ့သည်။


သူမသည် လူအုပ်စုကြီးကို ဖြတ်ကျော်သွားစဉ်တွင် အေးစက်သောလေသံဖြင့် " ယောက်ျားတွေ ဘာလုပ်နိုင်ကြလဲ ... ကလေးလည်း မမွေးနိုင်ဘူး ... အခုတော့ ဟင်းပါ မချက်နိုင်ကြတော့ဘူး ... အားမနာတမ်းပြောရရင် လုံးဝကို အသုံးမဝင်ကြတာပဲ ... " ဟု ပြောလိုက်လေ၏။


ထိုအခါ စောင့်ဆိုင်းနေသော ယောက်ျားသားများ၏ မျက်နှာများက နီရဲလာကြတော့သည်။သူတို့သည် ထုံရွှယ်လူ ပြောသမျှ စကားလုံးတိုင်းကို နားမလည်သော်လည်း သူတို့ကို ထေ့ငေါ့နေမှန်း သဘောပေါက်ကြလေ၏။


ဖြေဆိုသူ ကျန် ၁၉ ယောက်ထဲတွင်လည်း စားဖိုမှူးလိုင်စင်ရရှိသူ တစ်ဦးမှ မရှိပေ။

အလွန်ပင် အရှက်ရစရာကောင်းလှသည်။


ထိုနေ့တွင် သူတို့သည် အမျိုးသမီးများအား မည်သည့်အခါမှ အထင်အမြင်သေးခြင်းမျိုး မပြုတော့ရန် စိတ်ဆုံးဖြတ်ခဲ့ကြသည်။


ထုံရွှယ်လူသည် စာမေးပွဲနေရာမှ ထွက်ခွာလာပြီးနောက် စားသောက်ဆိုင်သို့ ပြန်သွားရန် စီစဉ်ခဲ့သည်။ပြန်သွားရန် မလိုအပ်သော်လည်း ထုံရွှယ်လူမှာ မုန့်ချင်းချင်း အတွက် အနည်းငယ် စိုးရိမ်နေမိသောကြောင့် ထိုသို့ပြုခဲ့ခြင်းပင်။


ယင်းအချိန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက သူမထံသို့ တည့်တည့်ကြီး ဦးတည်လာခဲ့ကြ၏။အမျိုးသားဖြစ်သူ၏ လက်မောင်းထဲတွင် ကလေးတစ်ယောက်ကို ပိုက်ထားလျက်ရှိသည်။


ကလေးအား ဂျာကင်အင်္ကျီကြီးဖြင့် ဖုံးအုပ်ထားပြီး ကလေးလေးမှာ ၎င်းအမျိုးသား၏ ပုခုံးပေါ်သို့ မှီနေလေ၏။ကလေး၏ ဆံပင်အနည်းငယ်သာ မြင်နိုင်ရလောက်အောင် အင်္ကျီဖြင့် သေသေချာချာ ဖုံးအုပ်ထားခြင်းဖြစ်သည်။


၎င်းယောက်ျားနှင့်မိန်းမတို့မှာ အလျင်လိုနေပုံရပြီး  နှစ်ဦးသား ရှေ့သို့ လျင်မြန်စွာ လျှောက်သွားကာ အဆောက်အဦးမှ ထွက်လာခါစ ထုံရွှယ်လူ့အား ဝင်တိုက်မိသွားကြတော့သည်။


ထုံရွှယ်လူသည်လည်း အတွေးထဲနစ်မျောနေခဲ့သည်ဖြစ်ရာ ထိုသူတို့အား အာရုံမထားလိုက်မိပေ။အကျိုးဆက်အနေဖြင့် မြေပြင်ပေါ်သို့ ပစ်လဲသွားရသည်။


"တောင်းပန်ပါတယ် မိန်းကလေး ... ကျွန်တော်တို့ အလျင်လိုနေလို့ပါ ... အဆင်ပြေရဲ့လား "


ဘေးမှ အမျိုးသမီးကလည်း အလားတူပင် တောင်းပန်လာပြီး သူတို့နှစ်ဦးစလုံးတွင် ပြင်းထန်သော လေယူလေသိမ်းရှိလေ၏။


ထုံရွှယ်လူက အဆင်ပြေကြောင်း ပြန်ပြောလိုက်သည်။ထိုအချိန်မှာပင် ဂျက်ကတ်၏လစ်ဟာသွားမှုကြောင့် အထဲမှ ကလေးလေး၏ လက်မောင်းအား ထုံရွှယ်လူ လှမ်းမြင်လိုက်ရလေ၏။


ကလေး၏လက်မောင်းသည် ဖြူဖွေးနူးညံ့ပြီး လင်မယားနှစ်ယောက်၏ အသားအရောင်နှင့် သိသိသာသာ ကွဲပြားသည်။


မျက်စိရှေ့မှ အမျိုးသားမှာ အသက် ၄၀ ဝန်းကျင်ဖြစ်ဟန်ရပြီး အရပ်ရှည်ကာ ခန္ဓာကိုယ်တောင့်သည်။သူ၏ မျက်လုံးများက ဂဏန်းမျက်လုံးများနှင့် ဆင်တူကာ ထူထဲသော မျက်ခုံးများရှိလေ၏။သူ၏ အသားအရည်မှာလည်း မည်းမှောင်နေသည်။


နံဘေးမှ အမျိုးသမီးမှာမူ အသက် ၃၀ ဝန်းကျင်ပုံစံပင်။သူမသည် ခန္ဓာကိုယ်သေးညက်ပြီး  တြိဂံပုံစံ မျက်လုံးများရှိကာ ပါးရိုးများက ငေါထွက်နေသည်။သူမ၏ နှုတ်ခမ်းများသည် ပါးလွှာပြီး သူမ၏ အသားအရည်မှာလည်း နက်မှောင်နေလေ၏။


လင်မယားနှစ်ဦးစလုံးမှာ ကျေးလက်သူ ကျေးလက်သားများဖြစ်ပုံရပြီး နွမ်းလျစွာ ဝတ်စားထားကြသည်။ဤအတိုင်းကြည့်လျှင် လူရိုးများဟု ထင်ရပေသည်။


ထုံရွှယ်လူက ကလေးအား ကြည့်ရှုနေသည်ကို သတိထားမိသွားသောအခါ ယင်းအမျိုးသမီးက ဂျက်ကတ်အား အပေါ်သို့ ဆွဲတင်လိုက်သည်။ထိုမျှတင်မကသေးဘဲ  သူမက အရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့ပြီး ထုံရွှယ်လူ၏ မြင်ကွင်းကိုပါ ပိတ်ဆို့လာခဲ့လေ၏။


" ဒါက ကျွန်မတို့သားပါ ... ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက အဖျားတက်နေလို့ ဆရာဝန်ပြဖို့ မြို့ကို ခေါ်သွားရမှာမလို့ပါ ...  မြန်မြန်သွားဖို့လိုတာမလို့ မိန်းကလေး စိတ်မရှိရင် ခွင့်ပြုပါဦး ... "


ထုံရွှယ်လူ မည်သည်ကိုမှ ပြန်မပြောနိုင်ခင်မှာပင် ထိုနှစ်ယောက်က ထွက်ခွာသွားကြသည်။


ထိုအခါ ထုံရွှယ်လူက အမြန်ကုန်းရုန်းထလိုက်ပြီး ထိုနှစ်ယောက်၏ အရှေ့မှ ပိတ်ဆို့ထားလိုက်လေ၏။


" မသွားရဘူး ... "


အမျိုးသားဖြစ်သူမှာ ထုံရွှယ်လူက ထိုသို့ပြုလာမည်ဟူ၍ မျှော်လင့်မထားပေ။


သူက  သနားစရာကောင်းသော လေသံဖြင့် " မိန်းကလေး ... ဝောာသူတောသား လင်မယားနှစ်ယောက်ကို ဒီလိုမလုပ်ပါနဲ့ " ဟု ပြောလာခဲ့သည်။


တစ်ချိန်တည်းမှာပင် အမျိုးသမီးဖြစ်သူကလည်း မျက်ရည်များကို သုတ်လိုက်ပြီး သနားကမား ဆိုလာပြန်လေ၏။


" မိန်းကလေး ... ကျွန်မတို့က ရထားလက်မှတ်တွေဖြတ်ထားတာမလို့ပါ ... မိန်းကလေး ကျွန်မတို့ကို ခွင့်မပြုရင် ကျွန်မ တို့ ရထားလွတ်သွားပါတော့မယ် ... "


လင်မယားနှစ်ယောက်လုံးမှာ သနားစရာကရုဏာသက်ချင်စရာပုံစံဖြစ်နေသောကြောင့် လမ်းသွားလမ်းလာများက ထုံရွှယ်လူ့အား ကျေအေးပေးရန် တိုက်တွန်းလာခဲ့ကြသည်။


" မိန်းကလေး ... အဆင်ပြေရဲ့သားနဲ့ သူတို့ကို ဘာလို့ သွားခွင့်မပြုတာလဲ "


" ဟုတ်တယ် ... ကြည့်ပါဦး ... လင်မယားနှစ်ယောက်က အလျင်လိုနေတာကို... သူတို့ ရထားစီးရဦးမယ်လေ ... "


သနားကမားဇာတ်ခင်းရဦးပေမည်။ထိုအခြင်းအရာတွင် သူမထက် မည်သူက ပိုကျွမ်းကျင်နိုင်ပါဦးမည်လော။


ထုံရွှယ်လူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းပင် သူမ၏ မျက်လုံးများက နီရဲလာလေသည်။ 


" ကျွန်မက ယုတ္တိမတန်တာတွေ လုပ်နေတာမဟုတ်ဘူး ... သူတို့ ကျွန်မပိုက်ဆံတွေကို ခိုးသွားကြတယ် ... "


ထိုအခါ ဂဏန်းမျက်လုံးနှင့် ယောက်ျားက သူမကို စူးစိုက်ကြည့်လာ၏။သူ၏ အကြည့်က ကြောက်စရာကောင်းလှသည်။


" ဟ ... ခင်‌ဗျားပိုက်ဆံကို ဘယ်တုန်းက ခိုးလို့လဲ"


ထိုခေတ်ကာလတွင် ငွေခိုးယူခြင်းသည် ကြီးကျယ်သောကိစ္စရပ်ဖြစ်သည်။လမ်းသွားလမ်းလာများက တစ်စုံတစ်ဦးအားပိုက်ဆံသူခိုးဟု သံသယရှိပါက သံသယအဝင်ခံရသူမှာ ထိုနေ့တွင် ထိုနေရာမှ ထွက်သွားနိုင်မည်မဟုတ်ချေ။

 

ထို့ကြောင့်ပင် ယင်းအမျိုးသားက ခက်ထန်စွာ တုံ့ပြန်လာခြင်းဖြစ်သည်။သူသည် လွန်စွာပင် စိုးရိမ်ပူပန်နေဟန်ရလေ၏။


ထိုအချိန်တွင် ထုံရွှယ်လူသည် နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ထိတ်လန့်တကြားဖြစ်နေသော အကြည့်မျိုးဖြင့် ဆိုလိုက်သည်။


" သူ - သူများပိုက်ဆံကို ခိုးပြီးတော့ ဒီလောက် ခက်ထန်နေတဲ့ လူမျိုး မမြင်ဖူးဘူး  ... ကျွန်မ ပြောလိုက်မယ် ... ကျွန်မ ပိုက်ဆံကို ပြန်မပေးဘူးဆိုရင် ရှင့်ကို ....ရှင့် ... ရှင့်ကို .... "


ထုံရွှယ်လူ သည် အချိန်အတော်ကြာအောင် စကားဆွဲဆန့်ထားခဲ့သော်လည်း ယင်းစာကြောင်းကို အဆုံးမသတ်နိုင်ခဲ့ပေ။

ထိုအခြင်းအရာကပင် သူမကို အားနွဲ့သူပုံစံ ပေါက်သွားစေသည်။သူမ၏ စကားများက ခက်ထန်သည်ဟု ထင်ရသော်လည်း ခြိမ်းခြောက်သည့် သဘောမသက်ရောက်ပေ။


လူဆိုသည်မှာ အားနည်းသူဘက်မှ ရပ်တည်ပေးလိုကြသော သဘောသဘာဝရှိသည်။


ကနဦးတွင် ဖြတ်သွားဖြတ်လာများက တောသူတောသားလင်မယားကို ခက်ခဲအောင်မပြုလုပ်ရန်  ထုံရွှယ်လူ့အား ဖြောင်းဖြနေခဲ့ကြလေ၏။ယခုတွင်မူ ပိုမိုသနားစဖွယ်ကောင်းသော  ထုံရွှယ်လူ၏ ပုံစံကြောင့် လူအများက ချက်ချင်းဆိုသလိုပင် သူမဘက်မှ ရပ်တည်ပေးလာကြသည်။