အပိုင်း ၁၃၀
Viewers 30k

🍵Chapter 130

 " အမေ "  


 

" ခင်ဗျားတို့နှစ်ယောက် သူ့ပိုက်ဆံတွေကို ခိုးလား ... ခိုးခဲ့ရင် ပြန်ပေးလိုက် ... "


" ဒီလိုနဲ့ ရဲစခန်းရောက်သွားရင် ဘယ်မှ သွားလို့ရတော့မှာ မဟုတ်ဘူးနော် ... "


ထိုအခါ ယင်းအမျိုးသားက အလွန်ဒေါသထွက်သွားပြီး သူ၏နဖူးတွင် သွေးကြောများပင် ထောင်လာသည်။


" ကျုပ်တို့ပြောတာကို ယုံရမယ် ... ကျုပ်တို့က တောရွာဘက်မှာ ရိုးရိုးသားသားလုပ်ကိုင်စားနေတဲ့သူတွေဗျ ...  တစ်သက်နဲ့တစ်ကိုယ် ဘယ်တုန်းကမှ ရာဇ၀တ်မှု မကျူးလွန်ဖူးဘူး ... "


" ကျုပ်တို့လုပ်မိတာဆိုလို့ သူ့ကို မတော်တဆ ဝင်တိုက်မိတာပဲရှိတယ် ...ပြီးတော့ ကလေးတစ်ယောက်လုံးကို ချီထားရတာ ... ဘယ်လက်က အားနေလို့လဲ ... သူ့ပိုက်ဆံကို ဘယ်လို ခိုးရမှာလဲ‌ ... "


ထိုအချိန်တွင် နံဘေးမှ အမျိုးသမီးကလည်း မျက်‌ရည်လေး တစမ်းစမ်းဖြင့် ဝင်ရောက်ပြောကြားလာလေ၏။


" ယုံပါ အစ်ကိုတို့ အစ်မတို့ရယ် ... ကျွန်မတို့မကောင်းတာ ဘာမှ မလုပ်ခဲ့ပါဘူး ... သားလေးသာ နေမကောင်းမဖြစ်ရင် မြို့တော်ကိုတောင် ရောက်ဖြစ်မှာ မဟုတ်ပါဘူး ... "


ထုံရွှယ်လူမှာ ဟန်ဆောင်ပန်ဆောင်လင်မယားနှင့်မှ ပက်ပင်းတိုးမိသွားခြင်းဖြစ်သည်။အခြေအနေမှာ စိတ်ဝင်စားဖွယ်ရာပင်။


လမ်းသွားလမ်းလာများက ထိုလင်မယားအား စာနာသနားတော့လုဆဲဆဲမှာပင် ထုံရွှယ်လူ၏ ပါးပြင်ပေါ်၌ မျက်ရည်များ စီးကျလာတော့၏။


သူမ၏မျက်ရည်များသည် လတ်လတ်ဆတ်ဆတ်နံနက်ခင်းတွင် မွှေးကြိုင်သည့်ပန်းပွင့်ပေါ်၌ ပေါ်လာသောနှင်းရည်စက်လေးသဖွယ်ဖြစ်သည်။မသိလျှင် မျက်နှာပေါ်သို့ ရွှေရောင်ပုတီးစေ့လေးများ သက်ဆင်းလာသည့် သဖွယ်ပင်။


လူအများစုထံတွင် အားနည်းသူဘက်မှ ရပ်တည်ခြင်းအပြင် ရုပ်ရည်သွင်ပြင် သန့်ပြန့်သော သူများဘက်မှ ရပ်တည်ပေးခြင်းဟူသော သဘောသဘာဝမျိုးလည်း ရှိသေးသည်။


ထိုလင်မယားစုံတွဲနှင့် ယှဉ်လိုက်ပါက ထုံရွှယ်လူမှာ အလွန်ကြည့်ကောင်းပေ၏။သူမ၏ ဖြူစင်သောအသားအရည်နှင့် သိမ်မွေ့သောအသွင်အပြင်ကြောင့် ထုံရွှယ်လူ ငိုစပြုလာသောအခါတွင် လူတိုင်း၏ စိတ်နှလုံးသားများက ပျော့ပျောင်းသွားကြတော့သည်။


" သူ့ကိုကြည့်ရတာ ရိုးရိုးသားသားလေးပါပဲ ... ခင်ဗျားမခိုးဘဲနဲ့ ခိုးပါတယ်လို့ သူက ပြောမလား ... "


" ဟုတ်တယ် ... သူက ခင်‌ဗျားခိုးပါတယ်လို့ ပြောတာလေ ... "

 

" သူတို့နှစ်ယောက်ကို ကြည့်လိုက်ပါဦး ... ခက်ထန်မဲ့ ပုံစံတွေ ... စာရိတ္တလည်း မကောင်းလောက်ဘူး ... "


ထိုစကားကိုကြားသောအခါ လင်မယားနှစ်ယောက်မှာ ဒေါသစိတ်ကြောင့် သွေးတက်၍ လဲကျလုနီးနီးပင်။


တစ်ဖက်မှ ထုံရွှယ်လူမှာလည်း ရယ်ချင်စိတ်ကို မနည်းထိန်းနေရလေသည်။


 " နစ်နာသူအပေါ် အပြစ်ပုံချသည့် နည်းဗျူဟာ " ထုတ်သုံး၍ မကောင်းသောလူများအား စိတ်ဒုက္ခပေးရသည်မှာ ကျေနပ်စရာကောင်းလှသည်။


အခြေအနေများ ဝရုန်သုန်းကားဖြစ်တော့မည်ကို ရိပ်စားမိလိုက်သော ဇနီးမောင်နှံက ချက်ချင်းဆိုသလိုပင် သနားစရာကောင်းအောင် ပြုမူလာပြန်သည်။


" မိန်းကလေး ... ကျွန်တော်တို့ မိန်းကလေးရဲ့ ပိုက်ဆံကို မခိုးပါဘူး ... တစ်နေရာရာမှာ ကျပျောက်ခဲ့တာနေမှာပါ ... ပိုက်ဆံက ဘယ်လောက်လဲ‌ဗျ ... ကျွန်တော်တို့ နည်းနည်းပါးပါး စိုက်ပေးနိုင်ပါတယ် "


" ဟုတ်ပါတယ် .... ကျွန်မတို့ မိန်းကလေးနဲ့ ငြင်းခုံမနေတော့ပါဘူး ... ဒီနေ့ကကို ကံဆိုးတာပါ ... အိမ်မှာလည်း ကျန်ခဲ့တဲ့ ကလေးတွေရှိပါသေးတယ် ... ယောက္ခမကလည်း အရင်ရက်‌တွေတုန်းက ခြေထောက်ကျိုးထားလို့ ဒီနေ့ပြန်ရောက်မှ ဖြစ်မှာမလို့ပါ ... "


ယခုအချိန်တွင် ထိုသူများက ဗျူဟာပြောင်းနေလေပြီ။

မည်သို့ပင်ဆိုပါစေ ထုံရွှယ်လူသည် ထိုလင်မယားအား အလွတ်ပေးမည် မဟုတ်ချေ။


 သူမက ခေါင်းယမ်းလိုက်ပြီး " အဲလို မလုပ်နိုင်ပါဘူး ...  ရှင်က ကျွန်မပိုက်ဆံကို ခိုးတာလား မခိုးတာလားမှ မသဲကွဲသေးတာ ... တကယ်မခိုးခဲ့ဘဲနဲ့တော့ အဲဒီပိုက်ဆံကို မယူနိုင်ပါဘူး ... " ဟု ပြောလိုက်လေ၏။


" ရှင်ကလည်း ပိုက်ဆံ မခိုးဘူးလို့ပြောနေတော့ ရဲစခန်းကိုပဲဖြစ်ဖြစ် ခဏလောက် သွားလိုက်ကြမလား ... ရှင့်မှာ အပြစ်မရှိတာသေချာရင် ရဲတွေဆီမှာ သက်သေပြပေးပါ ... ကျွန်မက မှားပြီးစွပ်စွဲမိတာဆိုရင် ပြန်တောင်းပန်ပါ့မယ် ... "


ထိုအခါ ယင်းအမျိုးသားက ထိတ်လန့်တကြားဖြင့် " ဟင့်အင်း ... အဲလိုမရဘူးလေ ... ကျွန်တော်တို့ ရထားစီးရဦးမယ် ... အချိန်မီ မရောက်ရင် ရထားလွတ်သွားလိမ့်မယ် " ဟု အကြောက်အကန် ငြင်းဆန်လာလေ၏။


အမျိုးသမီးဖြစ်သူကမူ ထုံရွှယ်လူ့ကို တြိဂံပုံမျက်လုံးများဖြင့် စူးစိုက်ကြည့်ရှုနေသည်။


" မိန်းကလေး ... ကျွန်မတို့က တောသူတောင်သားတွေမလို့ အခုလို တမင်လုပ်နေတာပါလား ... မိန်းကလေးပျောက်သွားတဲ့ ပိုက်ဆံကို ပြန်စိုက်ပေးမယ်လို့ ပြောထားပြီးပြီပဲ ... ဘာလို့ ကျွန်မတို့ကို အခုလိုလုပ်နေရတာလဲ ... "


မည်သို့ပင်ဆိုစေကာမူ ထုံရွှယ်လူက ရဲစခန်းသို့သွားရန်သာ ဆက်တိုက် အကြံပြု‌နေခဲ့သည်။


လမ်းသွားလမ်းလာအချို့မှာမူ ထုံရွှယ်လူ၏ အပြုအမူက ယုတ္တိမတန်သလို စတင်ခံစားလာကြရတော့၏။လင်မယားနှစ်ယောက်မှာ တတ်နိုင်သမျှ အလျှော့ပေးပြီး ပိုက်ဆံပြန်လည်စိုက်ထုတ်ပေးပါ့မည်ဟု ပြောနေသော်လည်း သူမက အဘယ်ကြောင့် ကျေးအေးမပေးနိုင်ဖြစ်နေရပါသနည်း။


ရထားလွတ်သွားလျှင် ထိုလင်မယားနှစ်ဦးစလုံး အချိန်မီအိမ်ပြန်ရောက်နိုင်မည် မဟုတ်တော့ပေ။


ထိုအချိန်တွင် ထုံရွှယ်လူမှာ လမ်းသွားလမ်းလာများကို ဂရုမစိုက်ဘဲ ရဲရဲတင်းတင်း ပြောလိုက်တော့လေသည်။


" ကျွန်မရဲ့ အမျိုးတစ်ယောက်ဆီမှာ ဂျစ်ကားရှိတယ် ... ရထားလွတ်သွားရင် ရှင်တို့ကို ပြန်လိုက်ပို့ပေးမယ် ... "


ထုံရွှယ်လူ ပြောသည့်စကားကြောင့် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။


ထိုခေတ်ကာလတွင် ကားများ အထူးသဖြင့် စစ်ဂျစ်ကားများမှာ လူအနည်းစုထံတွင်သာရှိသည်။ဆိုလိုသည်မှာ ဤမိန်းကလေးထံတွင် နောက်ခံကောင်းကောင်းရှိသည်ဟုပင်။


လင်မယားနှစ်ယောက်မှာ ပိုလို့ပင် မပျော်မရွှင်ဖြစ်သွားကြလေ၏။ထို့နောက်တွင် နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ နောက်တစ်စက္ကန့်တွင် နှစ်ဦးစလုံး ဒုန်းစိုင်း၍ ထွက်ပြေးသွားကြတော့သည်။သူတို့၏ အနောက်တွင် ရပ်နေသော လမ်းသွားလမ်းလာတစ်ယောက်ကိုလည်း ဆောင့်ကန်ပြီး မြေပြင်ပေါ်သို့ လဲကျစေခဲ့လေ၏။


" သူတို့ကို လိုက်ဖမ်းကြပါ ... သူခိုးတွေပဲ "

ထုံရွှယ်လူက ဆိုလိုက်သည်။


ထိုအချိန်တွင် ယောက်ျားသားအုပ်စုကြီးက အဆောက်အဦးထဲမှ ထွက်လာခဲ့သည်။ထုံရွှယ်လူ၏ စကားကို ကြားလိုက်သောအခါတွင် သူတို့က ထိုလူများ လားရာအတိုင်း ပြေးလိုက်သွားကြတော့လေ၏။


လင်မယားနှစ်ယောက်မှာ ကလေးတစ်ယောက်အား ပွေ့ချီထားလျက်နှင့်ပင် အရှိန်ပြင်းထန်စွာ ပြေးလွှားနေဆဲဖြစ်သည်။

ထုံရွှယ်လူသာ ကိုယ်တိုင်ကိုယ်ကျ လိုက်ဖမ်းရပါက မျက်‌ခြည်ပျက်သွားမည်မှာ ကျိန်းသေပေသည်။


သို့သော်လည်း စာမေးပွဲလာရောက်ဖြေဆိုကြသည့် ယောက်ျားသားများမှာ ခေသူများမဟုတ်ကြဘဲ အားသန်မာကြသည်။များမကြာမီမှာပင် သူတို့က အမျိုးသမီးဖြစ်သူအား အနောက်မှ လှမ်းဖမ်းဆွဲထားနိုင်လိုက်ကြလေ၏။


သို့သော်လည်း အမျိုးသားဖြစ်သူမှာ ထိုအခြင်းအရာကိုတွေ့သော်လည်း မျက်တောင်တစ်ချက်မှ မခတ်ဘဲ အရှေ့သို့သာ ဆက်ပြေးသွားသည်။လူအုပ်ကြီးထံမှ အဖမ်းခံရလုဆဲဆဲတွင် သူသည် စိတ်ပိုင်းဖြတ်ပြီး ကလေးအား နောက်ပြန်လွှင့်ပစ်ခဲ့လိုက်တော့လေ၏။


ထုံရွှယ်လူ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။သူမသည် ၎င်းတို့အား ပြန်ပေးဆွဲသူများဟု သံသယဝင်ခဲ့သော်လည်း ယခုတွင်မူ ၁၀၀% သေချာနေလေပြီ။


လိုက်ဖမ်းနေသည့် အမျိုးသားများပင် ထိုယောက်ျား၏ လုပ်ရပ်ကြောင့် အံ့ဩသွားကြသည်။သူတို့သည် ထိုလူနှင့် ခပ်ဝေးဝေးတွင် ရှိနေသေးလေ၏။

သူတို့ထဲမှ အချို့မှာ တတ်နိုင်သမျှ အရှေ့သို့ ပြေးသွားကြသော်လည်း ကလေးလေးအား မဖမ်းလိုက်နိုင်ခဲ့ကြပေ။


ကလေးလေးမှာ မြေပြင်ပေါ် ပစ်လဲကျသွားပြီး နောက်စေ့ကွဲသွားသည်။သွေးများကသူ၏ ခေါင်းအနောက်ဘက်မှ ချက်ချင်း ပန်းထွက်လာပြီး မြေပြင်ပေါ်တွင် သွေးများဖြင့် ချင်းချင်းနီလာလေ၏။

လူတိုင်း အံ့အားသင့်သွားကြသည်။


ထုံရွှယ်လူသည် လူအုပ်ကြီးကို အလျင်အမြန် ကျော်ဖြတ်ကာ သူမ၏ ပြောက်ကျားအိတ်ထဲမှ သန့်ရှင်းသော လက်ကိုင်ပုဝါကို ဆွဲထုတ်ကာ ကလေးလေး၏ ခေါင်းနောက်ဘက်တွင် အမြန်ဖိထားလိုက်သည်။ထို့နောက်တွင် သူမကလမ်းသွားလမ်းလာများကို လှမ်းအော်လိုက်လေ၏။


" ကားပဲဖြစ်ဖြစ် စက်ဘီးပဲဖြစ်ဖြစ်ရှိကြလား ...  အနီးဆုံးဆေးရုံကို အမြန် ခေါ်သွားပေးပါ ... "


ထုံရွှယ်လူ စကားဆုံးသောအခါ အကဲဖြတ်ဒိုင်တစ်ဦးက စက်ဘီးစီးလာပြီး  " မြန်မြန် တက် လိုက်ပို့ပေးမယ် ... " ဟု ပြောလာသည်။


ထုံရွှယ်လူမှာ အချိန်ထပ်မဖြုန်းခဲ့ဘဲ ကလေးလေးကို ပွေ့ချီကာ ချက်ချင်းပင် အနောက်ထိုင်ခုံ၌ နေရာယူလိုက်သည်။


" အဆင်သင့်ဖြစ်ပါပြီ ... မြန်မြန် နင်းပါတော့ ... "


သူမသည် လင်မယားနှစ်ယောက်အား အာရုံမထားတော့ပေ။လမ်းသွားလမ်းလာများက သူတို့အား အလွတ်မပေးမည်မှာ သေချာသည်။


အကဲဖြတ်ဒိုင်မှာ စက်ဘီးကို သွက်သွက်နင်းပြီး မီးရှူးမီးပန်အဟုန်ဖြင့် ဆေးရုံသို့ ဦးတည်ခဲ့တော့၏။


ကလေးကို ပိုက်ထားရင်း ထုံရွှယ်လူ၏ လက်များ၊ ခန္ဓာကိုယ်နှင့် အဝတ်များပေါ်တွင် သွေးများ လျင်မြန်စွာ စွန်းထင်းကုန်သည်။


သူမလက်ထဲတွင်ရှိသော ကလေးအား ငုံ့ကြည့်လိုက်သောအခါတွင် ကလေးလေးသည် အံ့သြစရာကောင်းလောက်အောင် ရုပ်ရည်ချောမောကြောင်း သတိပြုမိသွားလေ၏။သူ၏ မျက်နှာငယ်လေးက ဖြူစင်ချောမွတ်ပြီး နှာတံရှည်ရှည်နှင့် မျက်ခုံးတန်းတန်းများရှိသည်။


ခေါင်းကွဲသွားသည့်တိုင် ကလေးလေးက နိုးထမလာသေးပေ။သူက မျက်လုံးများအား တင်းတင်းမှိတ်ထားပြီး ဖြူဖပ်ဖြူလျော် ဖြစ်နေရှာသည်။


ကံကောင်းစွာဖြင့်ပင် ဆေးရုံမှာ သိပ်မဝေးလှဘဲ မိနစ် ၂၀ အတွင်းမှာပင် ဆေးရုံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားခဲ့သည်။ထုံရွှယ်လူသည် ကလေးလေးအား သူမနှင့်အတူ သယ်ဆောင်လာပြီး ဆေးရုံထဲသို့ ပြေးသွားခဲ့သည်။


" ဆရာဝန်တွေ သူနာပြုတွေ ...  မြန်မြန်လေးကြည့်ပေးကြပါဦးရှင့် ... ကလေး ခေါင်းကွဲသွားလို့ပါ ... "


ထိုအခါ သူနာပြုဆရာမလေးတစ်ယောက် ပြေးလာပြီး သွေးများရဲနေသော ထုံရွှယ်လူနှင့် ကလေးလေးကို တွေ့လိုက်‌ရသောအခါ သူမက ထိတ်လန့်သွားသည်။

ပရမ်းပတာ အခြေအနေများဖြစ်ပြီးနောက် နောက်ဆုံးတွင် ကလေးငယ်ကို အရေးပေါ်ခန်းသို့ ခေါ်ဆောင်သွားခဲ့ကြလေ၏။


ကလေးငယ်ကို ကြည့်ရှုစမ်းသပ်နေကြစဉ်တွင် ထုံရွှယ်လူက အကဲဖြတ်ဒိုင်ဝမ်ဆီသို့ လျှောက်လှမ်းသွားပြီး " မင်္ဂလာပါ ဆရာ ဝမ် ... ကလေးက ပြန်ပေးဆွဲခံလာရတာလို့ ကျွန်မထင်တယ် ... စာမေးပွဲခန်းထဲက တစ်ယောက်ယောက်က ရဲကို ဆက်သွယ်ပြီးပြီလို့ ယုံပါတယ် ... အားနာပေမဲ့ ဆရာ ရဲစခန်းကိုသွားပြီးတော့ ကလေး ဘာဖြစ်နေတယ်ဆိုတာကို ထပ်အကြောင်းကြားပေးပါလား " ဟု ဆိုလိုက်လေ၏။


ဆရာဝမ်မှာ သူကိုယ်တိုင် ပြန်ပေးဆွဲသူများနှင့် ပက်ပင်တိုးမိမှန်း မသိလိုက်ပေ။သူက အလျင်အမြန် ခေါင်းညိတ်လျက် ပြန်ဖြေလာသည်။


" ကောင်းပါပြီ ... ကျွန်တော် အခုချက်ချင်း သွားလိုက်ပါ့မယ် ... "


ဆရာဝမ် ထွက်ခွာသွားပြီးနောက် ထုံရွှယ်လူ သည် ကလေးလေး၏ အခြေအနေကို ပြန်လည်သတိရကာ သံသယရှိသည့်အရာများကို သူနာပြုအား အလျင်အမြန်ပြောပြခဲ့သည်။

အချင်းချင်းတိုးတိုက်မိသောအခါ သို့မဟုတ် မြေပြင်ပေါ် ပြုတ်ကျသည့် အချိန်မျိုးမှာပင် ကလေးက နိုးထမလာပေ။


ထုံရွှယ်လူမှာ ကလေးလေးက ဆေးမိထားသည်ဟု သံသယရှိခဲ့သည်။


ထုံရွှယ်လူပြောသောအရာများအား နားထောင်ပြီးနောက် သူနာပြုဆရာမလေးမှာ ဆရာဝန်ထံ အမြန်ပြေးသွားခဲ့လေ၏။