🍵Chapter 131
"အမေ" (၂)
နာရီဝက်ခန့်အကြာတွင် ဆရာဝန်ထွက်လာပြီး ကလေးလေး၏ ဦးခေါင်းနောက်ဘက်ရှိ ဒဏ်ရာကို ချုပ်ထားပြီး သွေးတိတ်သွားပြီဖြစ်ကြောင်း ထုံရွှယ်လူ့အား ပြောပြခဲ့သည်။
ကလေးငယ်သည် သတိလစ်မေ့မျောနေပြီး သတိပြန်မရသေးပေ။
ထုံရွှယ်လူသည် အထဲသို့ ဝင်သွားပြီး ကလေးလေးကို တစ်ချက်ကြည့်လိုက်သည်။အိပ်ရာပေါ်တွင် လဲလျောင်းနေသော ကောင်လေးမှာ မျက်လုံးများမှိတ်ထားဆဲပင်။သေးသေးကွေးကွေးလေးနှင့် သနားစဖွယ်ကောင်းလှသည်။
ရဲများ ရောက်မလာသေးသကဲ့သို့ ကလေးလေးမှာလည်း သတိပြန်လည် မလာသေးပေ။ထို့ကြောင့်ပင် ထုံရွှယ်လူမှာ ဆေးရုံမှ ထွက်မသွားနိုင်ခဲ့ချေ။
သူမသည် သူနာပြုဆရာမနောက်သို့ လိုက်သွားပြီး ကျသင့်ငွေရှင်းကာ ကလေးလေးအား လူနာစောင့်ပေးရန် ပြန်လာခဲ့သည်။
နာရီဝက်ခန့်အကြာတွင် အကဲဖြတ်ဒိုင်ဝမ်သည် ရဲများနှင့်အတူ ပြန်လည် ရောက်ရှိလာခဲ့သည်။ရဲများသည် ထုံရွှယ်လူ့ထံမှ ထွက်ဆိုချက်ကို ရယူခဲ့လေ၏။
စစ်ဆေးရေးမှူးကျန်းက ထုံရွှယ်လူ့အား မေးစစ်လာသည်။
"ရဲဘော်ထုံ ... လင်မယားနှစ်ယောက်က ခင်ဗျားဆီက ပိုက်ဆံ ခိုးခဲ့တာလား ... ဘယ်လောက် ခိုးခဲ့လဲ"
" သူတို့က ကျွန်မဆီကနေ ပိုက်ဆံမခိုးပါဘူး ... သူတို့ ကျွန်မကို ဝင်တိုက်မိတဲ့အချိန်မှာ ကလေးရဲ့ လက်မောင်းကို တွေ့လိုက်တယ် ... တစ်ခုခုတော့ မှားနေပြီလို့ ခံစားရလို့ သူတို့ကို တားဖို့ ကြိုးစားခဲ့တာပါ "
ထိုအခါ အရာရှိကျန်းက မျက်ခုံးပင့်လိုက်ပြီး ထုံရွှယ်လူ့ကို ထပ်မံ မေးစစ်သည်။
" ဘာလို့ တစ်ခုခု မှားတယ်လို့ ခံစားရတာလဲ ... အမှားလုပ်မိမှာကို မစိုးရိမ်ဘူးလား ... "
" အဲဒီလင်မယားက အသားအရည် ညိုမဲပြီး ရုပ်ရည်လည်း ကြည့်ပျော်ရှုပျော်မဖြစ်ဘူး ...သူတို့သာ တကယ်တမ်း တောသူတောသားတွေ ဆိုရင် သူတို့ ကလေးက ဒီလောက် ဖြူဖွေးနေမှာမဟုတ်ဘူး ... ကျွန်မရဲ့ ခန့်မှန်းချက်သပ်သပ်ပါ .... မှားရင်လည်းမှားနိုင်တယ် ... ဒါပေမယ့် ပြန်ပေးဆွဲတဲ့သူတွေကို လွတ်သွားတာထက်တော့ ပိုမှားနိုင်ပါဦးမလား ... "
ဤသည်မှာ နှောင်းပိုင်းခေတ်ကာလများကဲ့သို့ မဟုတ်ချေ။တောရွာများမှ ကလေးများမှာ ထိုမျှလောက်အထိ ကံမကောင်းကြရှာပေ။သူတို့သည် ငယ်ငယ်ရွယ်ရွယ်တွင် အိမ်မှုကိစ္စများကို ကူညီလုပ်ကိုင်ကြရပြီး အိမ်ထဲ၌ပင် အချိန်တိုင်း နေနိုင်ကြသည်မဟုတ်ပါ။
ကလေးသူငယ်များမှာ လယ်ကွင်းများနှင့် တောင်တန်းများပေါ်တွင် ပြေးပြေးလွှားလွှားလုပ်ကာ တောထဲတွင် ဟင်းရွက်ခူးခြင်း သို့မဟုတ် မြစ်ထဲ၌ ငါးဖမ်းခြင်းများကို ကူညီလုပ်ဆောင်ကြရသည်။
ခြုံပြောရလျှင် တောရွာမှ ကလေးတစ်ဦးသည် ဤလောက်အထိ နုရွနေစရာ အကြောင်းပြချက်မရှိပေ။
ထုံရွှယ်လူမှာ သူမဘက်က မှားယွင်းစွပ်စွဲမိခဲ့လျှင်ပင် လင်မယားနှစ်ယောက်အား ပြန်လည်တောင်းပန်ရန် စိတ်ဆုံးဖြတ်ထားခဲ့သည်။
အရာရှိကျန်းက ထုံရွှယ်လူ့အား အထင်ကြီးစွာ ကြည့်ရှုကာ အခြေအနေကို ရှင်းပြလာခဲ့၏။
" ရဲဘော်ထုံက အရမ်းသတိကြီးတာပဲ ... သူတို့ လင်မယားနှစ်ယောက်က ကလေးကို တစ်နေရာကနေ ခေါ်လာပြီး မြို့ပြင်မှာ သွားရောင်းစားဖို့လုပ်ခဲ့တာလို့ ထွက်ဆိုကြပြီးပြီ ... "
" ကလေးရဲ့ အထောက်အထားကိုရော သိပြီးပြီလားဟင် "
" သူတို့လင်မယားကို မေးစစ်ပြီးပြီ ... သူတို့လည်းမသိဘူးတဲ့ ... ဘယ်သူမှလည်း ကလေးပျောက် တိုင်မထားကြသေးဘူး ... "
ထုံရွှယ်လူမှာ တစ်စုံတစ်ရာ ပုံမှန်မဟုတ်သလို ခံစားလိုက်ရသည်။ကလေးလေးမှာ ချစ်စရာကောင်းပြီး သာမာန်ကလေးမဟုတ်မှန်း သိသာထင်ရှားသည်။ထိုသို့ဖြစ်လျက် မိဘများက အဘယ်ကြောင့် ရဲစခန်း၌ တိုင်ချက်မဖွင့်ကြသနည်း။
ထုံရွှယ်လူ စကားဆုံးသွားသောအခါ ကလေးလေးက သတိပြန်လည်လာလေ၏။ရှည်လျားထူထဲသော မျက်တောင်များက တဖြည်းဖြည်း လှုပ်ခတ်လာကာ မျက်လုံးများက ဖြည်းညှင်းစွာ ပွင့်လာသည်။
ထုံရွှယ်လူမှာ ကလေးလေးက အလွန်ရုပ်ရည်ချောမောကြောင်း တွေးတောနေခဲ့သည်။သူ့ထံတွင် ဖီးနစ်မျက်လုံးများရှိလေ၏။
အကယ်၍ ကောင်လေးသည် ယခင်က အမှတ်ပြည့် ၁၀ မှတ်တွင် ၈ မှတ်ရရှိခဲ့ပါက၊ ယခုအခါတွင် ယင်းဖီးနစ်မျက်ဝန်းများက ကျန် ၂ မှတ်ကို ဖြည့်စွက်ပေးမည်ဖြစ်သည်။
လက်ရှိအရွယ်တွင်ပင် ထိုမျှချောမောနေပါက အရွယ်ရောက်ချိန်တွင်မူ မိန်းကလေးများ ဝိုင်းဝိုင်းလည်နေရော့မည်။
" အမေ"
ထုံရွှယ်လူ နာမည်မေးလုဆဲဆဲမှာပင် ကလေးငယ်က သူမအား ခေါ်ဆိုလာခဲ့ခြင်းပင်။ထုံရွှယ်လူ့ခမျာ မြေပြင်ပေါ် လဲခွေကျတော့မလို ခံစားသွားရသည်။
ဤရုပ်ရည်ရူပကာအား အသေအချာအကဲခတ်နိုင်ကြလျှင် ကောင်းလိုက်မည့်ဖြစ်ခြင်းပင်။
မိမိမှာ အသက် ၁၈ နှစ်သာ ရှိသေးပြီး ကလေးယူရန် ဖြစ်နိုင်သည့် အရွယ်လော။
ထုံရွှယ်လူမှာ အလွန်ပင် စိတ်ရှုပ်ထွေးသွားခဲ့သည်။
ထိုအချိန်တွင် အရာရှိကျန်းသည် ထုံရွှယ်လူ့အား တစ်ချက်လှမ်းကြည့်လိုက်ပြီး ကလေးငယ်ထံသို့ အကြည့်လွှဲကာ ခေါင်းငုံ့ပြီး မေးလာခဲ့၏။
" သူက မင်းရဲ့အမေလား "
အရာရှိကျန်း၏ခေါင်းထဲတွင် ရေများဖြင့် ပြည့်နှက်နေခြင်းလော။ထုံရွှယ်လူ့ခမျာ ထိုစကားအား နှုတ်မှ အော်ပြောမိတော့မတတ်ပင်။
ကလေးလေးသည် ထုံရွှယ်လူ့ကို အထပ်ထပ်အခါခါကြည့်ကာ ကံကောင်းစွာဖြင့်ပင် နောက်ဆုံး၌ ခေါင်းယမ်းပြလာသည်။
" မဟုတ်ပါဘူး သားအမေ မဟုတ်ဘူး "
ကနဦးက အမြင်မှားယွင်းသွားသော်လည်း မျက်စိရှေ့မှ အစ်မကြီးမှာ သူ၏ အမေနှင့် လွန်စွာဆင်တူပေသည်။
အရာရှိကျန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ကလေးမှာ ငယ်လွန်းသေးသဖြင့် ထုံရွှယ်လူ့အား သူ၏ မိခင်ဖြင့် လူမှားသွားခြင်းဖြစ်နိုင်လေ၏။
သို့သော်လည်း ထုံရွှယ်လူက ထိုအခြင်းအရာကို အခွင့်ကောင်းယူကာ ကောင်လေးအား လက်ချာရိုက်တော့သည်။
" အစ်မကြီးလို့ပဲ ခေါ်သင့်တာပေါ့ ... အစ်မက မင်းထက် ၁၀ နှစ်ပဲ ပိုကြီးတာ ... အစ်မအသက်အရွယ်နဲ့ မင်းလိုအရွယ် သားမျိုး မွေးထားလို့မရဘူးလေ ... နားလည်ရဲ့လား ... "
ကောင်လေး၏ မျက်တောင်များက ထူထဲနေပြီး အနက်ရောင် ယပ်တောင် နှစ်လက်နှင့်ပင် ဆင်တူနေသေးသည်။
ထုံရွှယ်လူ၏ စကားကို ကြားသောအခါ သူက မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်ဖြင့် "ဟုတ်ကဲ့ပါ အစ်မကြီး" ဟု ဖြေလာလေသည်။
ထိုအခါမှ ထုံရွှယ်လူသည်လည်း ကျေနပ်စွာခေါင်းညိတ်လိုက်တော့သည်။
" ဒီလိုမှပေါ့ ... "
ယင်းနောက်တွင် အရာရှိကျန်းကလည်း ကောင်လေးအား မေးခွန်းအနည်းငယ် မေးတော့လေ၏။
ကောင်လေးမှာ ငယ်ရွယ်သေးပြီး ဒဏ်ရာရထားသောအရှိန်ကြောင့် တုံ့ပြန်မှုက နှေးကွေးသည်။
အချိန်အတော်ကြာပြီးနောက် သူ၏ မျိုးရိုးအမည်မှာ " ကု " ဖြစ်ကြောင်း သိရှိနိုင်ခဲ့ကြလေ၏။
ဤကိစ္စရပ်မှာ သတိကြီးစွာထား၍ ဖြေရှင်းရမည့်ကိစ္စရပ်မျိုးပင်။
အရာရှိကျန်းက အနည်းငယ်တွေးတောလိုက်ပြီး ကလေးအား ရဲစခန်းသို့ အတူပြန်ခေါ်သွားရန် ဆုံးဖြတ်လိုက်တော့သည်။လောလောဆယ်တွင် သူ့အား ရဲမေတစ်ဦးက ကြည့်ရှုစောင့်ရှောက်ထားပေးမည်ဖြစ်လေ၏။
သို့သော်လည်း အရာရှိကျန်း ချီပွေ့ရန် ပြုလိုက်စဉ်မှာပင် ကောင်လေးက ငိုလာတော့သည်။
" ဦးလေးကြီးနဲ့ မလိုက်ချင်ဘူး ... ဟိုအစ်မကြီးနဲ့ပဲ နေချင်တာ ... "
ကလေးမှာ အလွန်အမင်း ငိုကြွေးနေပြီး စိတ်ခံစားချက် ပြင်းထန်လာသည့်အဟုန်ဖြင့် အရာရှိကျန်း၏ အင်္ကျီပေါ်သို့ အန်ချမိသွားတော့လေ၏။
အရာရှိကျန်း၏ မျက်နှာတစ်ပြင်လုံး စိမ်းသက်သွားရှာသည်။
နောက်ဆုံးတွင်မူ ကလေးအား ထုံရွှယ်လူ နှင့် အတူထည့်ပေးလိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
သို့သော်လည်း ရဲစခန်းမှာ ထုံရွှယ်လူ့အား အလကားသပ်သပ် ကလေးထိန်းစေမည်မဟုတ်ဘဲ ဆေးရုံစရိတ်နှင့် အစားအသောက်လက်မှတ်များ ထောက်ပံ့ပေးမည်ဖြစ်သည်။
ထုံရွှယ်လူမှာ သူမ ကယ်တင်ခဲ့သော ကလေးအား တစ်စုံတစ်ရာ ထပ်မံမဖြစ်စေလိုပေ။ထို့ကြောင့်ပင် သူမက ခေတ္တစဉ်းစားပြီးနောက် ထိုအကြံကို လက်ခံလိုက်တော့လေ၏။
ထုံရွှယ်လူ ပွေ့ချီလိုက်သောအခါတွင်မူ ကလေးလေးမှာ သူမ၏ ပုခုံးပေါ်သို့ ခေါင်းအပ်လျက် ငြိမ်ကျသွားလေသည်။
ထိုအခြင်းအရာကို မြင်လိုက်ရသော အရာရှိကျန်းမှာတော့ အံကိုသာ တင်းတင်းကြိတ်ထားလိုက်တော့သည်။အိမ်ပြန်ပြီး ရေမိုးချိုးကာ ဤကလေးအန်ချထားသော သူ၏ အဝတ်အစားများအားလဲလှယ်ရပေဦးမည်။
ထုံရွှယ်လူမှာ သူမ၏ စာဖိုမှူးအသိအမှတ်ပြုလက်မှတ်ကို ယူဆောင်ပြီး ကလေးနှင့်အတူ အိမ်ပြန်သွားခဲ့သည်။
🍵
အခြေစိုက်စခန်းဘက်တွင်လည်း ဝရုန်းသုန်းကားအခြေအနေ ဖြစ်နေခဲ့လေ၏။
ကျိုးရန်သည် သူ၏ ကောင်မလေးဖြစ်သူထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ အလွန်ပျော်ရွှင်သွားခဲ့သည်။
သူရေးခဲ့သော စာက အလုပ်ဖြစ်သွားပုံပင်။
ကျိုးရန်မှာ ကြက်သီးတဖြန်းဖြန်းထလျက် ဖုန်းရှိသည့်နေရာသို့ မြောက်ကြွမြောက်ကြွ ဦးတည်သွားခဲ့လေ၏။သူ့ထံတွင်သာ အမြီးတစ်ချောင်းရှိခဲ့လျှင် လက်ရှိအချိန်၌ ယင်းအမြီးမှာ မိုးထိုးပြီး ထောင်တက်နေသည်ကို တွေ့ရလိမ့်မည်။
" ရှောင်းယွင် ... "
ကျိုးရန်က ဖုန်းကိုင်လိုက်သော်လည်း တစ်ဖက်မှ မိုးပြိုမတက် အော်ဟစ်လာသည့် အသံကိုသာ ကြားလိုက်ရရှာသည်။
" ကျိုးရန် ရှင်ငရဲကိုသွားတော့ ... ကျွန်မတို့ ဇာတ်လမ်း ပြီးပြီ "
ကျိုးရန်တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားရှာပြီး ယင်းအခိုက်အတန့်တွင် မျက်လုံးအပြူးသားဖြင့် ဝိဉာဉ်လွင့်စင်သွားသလို ခံစားလိုက်ရတော့သည်။
အကြောင်းအရင်းကို မမေးနိုင်သေးခင်မှာပင် ဖုန်းခေါ်ဆိုမှုက ပြတ်တောက်သွားခဲ့လေပြီ။ဖုန်းထဲမှ " တီ ... " ဟူသော အသံကို နားစွင့်နေရင်း ကျိုးရန်ခမျာ မင်သေနေခဲ့သည်။
ရှောင်းယွင်က သူနှင့် ပြတ်စဲချင်နေပြီလော။
အသိစိတ်ပြန်ဝင်သွားပြီးနောက်တွင် ကျိုးရန်မှာ အံကို တင်းတင်းကြိတ်ပြီး ဟွမ်ချီမင့်အား သည်းကြီးမည်းကြီး လိုက်ရှာတော့သည်။ထုံးစံအတိုင်း ပတ်ဝန်းကျင်တွင် လူများစွာရှိနေသောကြောင့် ကျိုးရန်ခမျာ ဟွမ်ချီမင့်အား စိတ်ရှိသလို ပိတ်မကန်နိုင်ခဲ့ပေ။
များမကြာမီမှာပင် ကျိုးရန်တစ်ယောက် ကောင်မလေးထံမှ အစွန့်ပစ်ခံလိုက်ရကြောင်း အခြေစိုက်စခန်းတစ်ခုလုံး သတင်းပြန့်သွားတော့သည်။
ယင်းပြင် လက်ရှိပြုလုပ်နေသော သုတေသနကြောင့် ကျိုးရန်မှာ အိမ်မပြန်နိုင်သေးပေ။
ထိုနေ့ညက ကျိုးရန်တစ်ယောက် အိပ်မပျော်ခဲ့ချေ။သူနှင့်အတူ ဝမ်ရူကွေ့သည်လည်း အိပ်စက်၍ မရနိုင် ဖြစ်နေခဲ့သည်။
ကျိုးရန်မှာ ဘယ်ညာအလှန်ခံနေရသော ပန်ကိတ်တစ်လုံးသဖွယ် အိပ်ရာထဲတွင် လူးလှိမ့်နေခဲ့သည်။တစ်ချိန်တည်းမှာပင် ကောင်မလေးနှင့် သွားတွေ့နိုင်ရန် မည်သည့်အချိန်တွင်မှ ခွင့်ယူနိုင်ပါ့မည်နည်းဟူ၍လည်း တွေးတောနေခဲ့သေး၏။
တစ်ဖက်တွင်မူ ဟွမ်ချီမင့်အား တိတ်တဆိတ် အလောင်းဖျောက်ပစ်ရမည့် နည်းလမ်းကိုလည်း စဉ်းစားနေခဲ့သေးသည်။
ကျိုးရန်မှာ ကံဆိုးမိုးမှောင်ကျသလို ခံစားနေရရှာသည်။ရည်းစားလေးတစ်ယောက် အဖတ်တင်ရန် ကြိုးစားအားထုတ်ခဲ့ရသလောက် ယခုတွင်မူ ဟွမ်ချီမင်၏ ကျေးဇူးတော်ကြောင့် ဗရမ်းဗတာဖြစ်ကုန်လေပြီ။
ယနေ့မှစ၍ သူလည်း ဝမ်ရူကွေ့ကဲ့သို့ပင် တစ်ကိုယ်တည်းသမား ဖြစ်တော့မည်။
ပြတင်းပေါက်မှ ဖြတ်ဝင်လာသော လရောင်ဖြူက ကြမ်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။အခန်းထဲ၌ လွန်စွာပင် တိတ်ဆိတ်နေခဲ့လေ၏။
ဝမ်ရူကွေ့သည်လည်း အိပ်ရာထဲတွင် အိပ်မပျော်နိုင်ခဲ့ပေ။