🍵Chapter 132
" နင်သာ စိတ်တင်းမထားရင် အန်တီနဲ့ ဦးလေးတို့က ဘာလုပ်ကြရတော့မှာလဲ "
ကျိုးရန်မှာ ကောင်မလေးထံသို့ စာတစ်စောင်ရေးခဲ့ပြီး လမ်းခွဲစကား အပြောခံရသည်။
သူသည်လည်း ရဲဘော်ထုံ့ဆီသို့ စာရေးပြီး " သေချာပေါက် စာပြန်ပေးပါ " ဟုပင် တောင်းဆိုမိလိုက်သေးသည်။
ထိုအကြောင်းအား ပိုတွေးလေလေ ဝမ်ရူကွေ့မှာ သူ၏ ဆုံးဖြတ်ချက်ကို ပိုနောင်တရလာလေလေပင်။စာပြန်ရေးပေးရန် အဘယ်သို့ပင် တောင်းဆိုမိလိုက်လေသနည်း။
ဝမ်ရူကွေ့ခမျာ တစ်ဖက်လူ မလိုလားသောအရာကို အတင်းအကြပ်လုပ်ခိုင်းမိသွားသလို ခံစားနေရရှာလေ၏။
အကယ်၍သာ ရဲဘော်ထုံက စိတ်ဆိုးသွားပြီး သူနှင့် ဆက်မပတ်သတ်ချင်တော့လျှင် ....
ထိုအကြောင်းကို ပိုတွေးမိလေလေ ဝမ်ရူကွေ့မှာ သူ့ကိုယ်သူ ကြောက်စရာကောင်းသော လူတစ်ဦးအဖြစ် ခံစားမိလာလေလေ ဖြစ်သည်။
နောက်တစ်နေ့နံနက်တွင် ပန်ဒါမျက်ဝန်းများဖြင့် ကျိုးရန်က တံခါးကို ဖွင့်လိုက်သည်။
အခန်းအပြင်သို့ လှမ်းကြည့်လိုက်သောအခါတွင်မူ ဝမ်ရူကွေ့သည်လည်း အလားတူပင် မျက်ကွင်းများညိုနေလေ၏။
" ရူကွေ့ ... မင်းက ဘာဖြစ်တာလဲ ... ငါက ရည်းစားနဲ့ အဆင်မပြေလို့ အိပ်မပျော်တာလေ ... မင်းမှာ ရည်းစားလည်းမရှိဘဲနဲ့ တစ်ညလုံး မအိပ်ဘဲ နေနေတာလား ... "
ကျိုးရန်က အံ့ဩတကြီးဖြင့် မေးမြန်းလိုက်သော်လည်း ဝမ်ရူကွေ့က မည်သည်ကိုမှ ပြန်မဖြေဘဲ လှည့်ထွက်သွားသည်။
ကျိုးရန်သည် ဝမ်ရူကွေ့၏ အနောက်သို့ အမြန်လိုက်သွားခဲ့လေ၏။
" ရူကွေ့ ... ငါအခုနားလည်သွားပြီ ... လူတချို့က မင်းကိစ္စအပေါ်ကို အရမ်းတွေ စိတ်ရောကိုယ်ပါနှစ်ထားသလို ပြုမူကြပေမဲ့ တကယ်တမ်း သူတို့တွေက မင်းကို ဖျက်လိုဖျက်ဆီးလုပ်ချင်ကြတာ ... ငါတော့ သင်ခန်းစာ ရသွားတာပဲ ... မင်းလည်း ငါ့အမှားကနေ သင်ခန်းစာယူ ... "
ဝမ်ရူကွေ့က နှုတ်ဆိတ်နေဆဲပင်။
သူစိတ်ထဲတွင်လည်း ဟွမ်ချီမင်၏ အမည်ကို မှင်နီတားလိုက်ပြီဖြစ်သည်။
ဤသို့ဖြင့် နှစ်ယောက်သား ကန်တင်းသို့ ရောက်ရှိသွားကြလေ၏။
" ကျိုးရန် ... ရူကွေ့ ... မင်းတို့တွေ မမှာကြနဲ့တော့ ... ငါ မင်းတို့အတွက် ကြိုမှာထားပေးတယ် ... "
ဟွမ်ချီမင်က ဆိုင်ထဲတွင် သူတို့အား ထိုင်စောင့်နေပြီး မနက်စာပင် အဆင်သင့် မှာယူထားပေးသည်။
ဟွမ်ချီမင့်ကို တွေ့လိုက်သောအခါ ကျိုးရန်၏ မျက်လုံးများက နီရဲလာလေ၏။
" ခွေးလဥဟွမ် ... မင်းငါ့ရှေ့မှာ ပေါ်လာရဲတယ်ပေါ့ ... "
ဝမ်ရူကွေ့ "……"
ဟွမ်ချီမင် "……"
ထိုစကားကို ကြားသောအခါတွင် အနီးနားရှိ အခြားလူများမှာ အူတက်မတတ် ရယ်မောလာကြလေ၏။
" ခွေးလဥဟွမ် " ဆိုသည်မှာ ဟွမ်ချီမင်၏ ငယ်နာမည်ပြောင်ဖြစ်သည်။သူနှင့် တရင်းတနှီးဖြစ်သော သူများဆိုလျှင် ထိုနာမည်ကို ကောင်းကောင်းသိကြသော်လည်း မကြားဝံ့မနာသာသောကြောင့် လူတော်တော်များများက အသုံးမပြုကြပေ။
ဟွမ်ချီမင်တစ်ယောက် မျက်နှာများ နီရဲလာတော့သည်။
" စိတ်အေးအေးထားပါ ကျိုးရန် ... အရင်စကား ပြောကြတာပေါ့ "
" ဘာတွေပြောစရာရှိလို့လဲ ... မင်းကြောင့် ငါ့ကောင်မလေးကို ဆုံးရှုံးခဲ့ရတာ ... အခုတော့ ငါလည်း အခြေစိုက်စခန်းက တစ်ကိုယ်တည်းသမား စာရင်းဝင်သွားပြီ ... မင်း ညက ဘယ်လိုတောင် ခြေဆန့်ပြီး အိပ်နိုင်တာလဲ ... "
" မင်းက ငါ့စကား နားမထောင်တော့ဘူးလား ... ငါမှာပေးထားတဲ့ မနက်စာရော မစားတော့ဘူးလား ... "
" မနက်စာက စားမှာ ... ဒါပေမယ့် မင်းငါ့ကို အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာစကားမှ လာမပြောနဲ့ .... အခုချိန်ကစပြီး မင်းစကားကို ဘယ်တော့မှ နားမထောင်တော့ဘူး ... "
ထိုအခါ ဟွမ်ချီမင်မှာ စိတ်အနှောက်အယှက်ဖြစ်သွားပြီး ရယ်ချမိတော့မတတ်ပင်။
" အရင်ထိုင်ပြီး မင်းရေးတဲ့စာအကြောင်းပြောပြဦးလေ ... "
ယခင်အကြိမ်ကိစ္စရပ်များ၌ သူ ထောင့်စေ့မသွားသည်မျိုး ဖြစ်နိုင်သော်လည်း ဤတစ်ကြိမ်တွင်မူ ဟွမ်ချီမင်မှာ အလွန်စေ့စပ်သေချာစွာ ပြင်ဆင်ခဲ့ရခြင်းဖြစ်သည်။
သူ၏ နည်းလမ်းက မှန်ကန်ကြောင်း သေချာစေရန်အတွက် ဟွမ်ချီမင်သည် သူနှင့်စေ့စပ်ထားသူထံသို့ ဖုန်းဆက်ကာ တစ်မြို့တည်းနေသော ချစ်သူကောင်လေးထံမှ လက်ရေးစာ လက်ခံရရှိပါက မိန်းကလေးများ မည်သို့ ခံစားရမည်ကို မေးမြန်းခဲ့သည်။
ထိုအခါ ကောင်မလေးဖြစ်သူဘက်မှ လုပ်ဖော်ကိုင်ဖက်များက အလွန်အံ့ဩပြီး ကြည်နူးမိမည်ဟု ဖြေကြားကြကြောင်း တစ်ဆင့်ပြန်လည် ကြားသိခဲ့ရပေ၏။
ထို့ကြောင့်ပင် သူ၏ချဉ်းကပ်ပုံမှာ အလုပ်ဖြစ်ပြီး ပြဿနာအရင်းအမြစ်က ကျိုးရန်နှင့်သာ သက်ဆိုင်နေသည်ဟု ဟွမ်ချီမင် ထင်မြင်မိသည်။
ခြုံငုံပြောရပါလျှင် ဟွမ်ချီမင်မှာ သူ့အား အပြစ်တင်လာသည်မျိုးကို လက်သင့်မခံနိုင်ပေ။
ကျိုးရန်မှာ ယခင်နေ့က အဖြစ်အပျက်ကြောင့် အတော်လေး အံသြသွားခဲ့သော်လည်း မည်သူ့ကိုမှ ပြောမပြနိုင်ခဲ့ရှာပေ။ထို့ကြောင့်ပင် သူက ခေတ္တစဉ်းစားပြီးနောက် စာပါအကြောင်းအရာများအား ဟွမ်ချီမင်တို့ကို ပြောပြလိုက်တော့သည်။
ထိုစကားကိုကြားသောအခါ ဟွမ်ချီမင် သည် ပို၍ပင် အံသြသွားလေ၏။
" အဓိပ္ပာယ်မရှိတာ ... မင်းရေးတဲ့စာထဲမှာ ဘာအမှားမှလည်း မပါဘူး ... အဲဒါကို မင်းကောင်မလေးက ဘာလို့ စိတ်ဆိုးပြီး လမ်းခွဲချင်ရတဲ့အထိ ဖြစ်သွားတာလဲ ... "
" ဘယ်သိမလဲကွ ... "
ကျိုးရန်က ပေါင်မုန့်ကို ပြင်းပြင်းထန်ထန် ကိုက်လိုက်ရင်း ဖြေလာသည်။
ဝမ်ရူကွေ့မှာမူ သူ၏ နှလုံးသားအတွင်း၌ ကျောက်တုံးတစ်တုံး နစ်မြုပ်နေသလို ခံစား နေရရှာသည်။သို့သော်လည်း စုံးစုံးမြုပ်သွားသည်မျိုးမဟုတ်ဘဲ မတင်မကျ အနေအထားဖြစ်လေ၏။
ကျိုးရန် ရေးခဲ့သော စာ၌ မည်သည့် အမှားအယွင်းမှ မရှိလေဘဲ သူ၏ကောင်မလေးက လမ်းခွဲစကားဆိုသည်အထိ ဖြစ်သွားခဲ့သည်။ရဲဘော်ထုံသည်လည်း သူ့အား စိတ်ဆိုးသွားပါက အဘယ်သို့ပြုရတော့လေမည်နည်း။
ဝမ်ရူကွေ့ခမျာ ခေါင်းထဲ၌ အတွေးများ ၊ သံသယစိတ်များ ဝိုင်းဝိုင်းလည်နေပြီး ပေါင်မုန့်ကိုပင် ဆက်မစားနိုင်ရှာပေ။
ရုတ်တရက် သူတို့ သုံးယောက်ကြားမှ လေထုက ပြင်းထန်လာသလိုပင်။
အခြားသူများမှာလည်း သူတို့ဝိုင်းကို ရှောင်ကွင်းကာ အခြားလမ်းကြောင်းရှည်သည့်နေရာများကိုသာ ရွေးချယ်၍ ဖြတ်သန်းသွားလာကြသည်မှာ သိသာလွန်းပေ၏။
ထိုအချိန်တွင် လုပ်ဖော်ကိုင်ဖက် တစ်ဦးက သူတို့ထံသို့ လျှောက်လှမ်းလာပြီး တစ်စုံတစ်ရာကို ပြောပြလာခဲ့သည်။
" ရူကွေ့ ... အခုလေးတင် စာပို့သမားရောက်လာတယ် ...မင်းအတွက် ပါဆယ်ပါတယ်ဆိုလို့ ငါယူလာပေးတာ ..."
ပါဆယ်ဟု ဆိုလိုက်သလော။
ဝမ်ရူကွေ့မှာ အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး မျှော်လင့်စိတ်နှင့်အတူ စိတ်လှုပ်ရှားနေမိလေ၏။
မဟုတ်မှလွဲ၍ ရဲဘော်ထုံက ပို့လိုက်ခြင်းလော။
ဝမ်ရူကွေ့မှာ ပါဆယ်ထုပ်ကို လက်ကမ်းယူလိုက်ပြီး " ပေးပို့သူ ထုံရွှယ်လူ" ဟူသော စာတန်းကို မြင်လိုက်ရသောအခါတွင် သူ၏ ရင်ထဲ၌ ရာပေါင်းများစွာသော ပန်းများ ပွင့်လန်းသွားတော့သည်။
ကျိန်းသေပေါက်ပင် သူမထံမှ ဖြစ်နေခဲ့လေ၏။ဤပါဆယ်အား ရဲဘော်ထုံက ပေးပို့လိုက်ခြင်းပင်။
ကျိုးရန်နှင့် ဟွမ်ချီမင်တို့မှာ ဝမ်ရူကွေ့ကို ကြည့်ရှုနေကြသည်။ယခုအချိန်တွင် သူသည် နွေဦးရာသီတွင် ပြန်လည်ရှင်သန်လာသော သစ်ပင်ခြောက်သကဲ့သို့ တဖြည်းဖြည်းလန်းဆန်းလာနေလေ၏။
ဝမ်ရူကွေ့၏ မြင်ရခဲလှသော ပုံစံကြောင့် အခြားနှစ်ဦးမှာ သိချင်စိတ်ကို မထိန်းချုပ်နိုင်ကြရှာတော့ပေ။
" ဘယ်သူ့ဆီကလဲ ရူကွေ့ ..."
ဝမ်ရူကွေ့၏ လက်များက ပါဆယ်အား တင်းတင်းကြပ်ကြပ် ကိုင်ထားလျက်ရှိသည်။
" အိမ်က ပို့လိုက်တာပါ ... ငါ ဗိုက်ပြည့်သွားပြီ ... ရုံးခန်းထဲ သွားတော့မယ် .... "
ထိုစကားကိုပြောပြီးသည်နှင့် ဝမ်ရူကွေ့မှာ ချက်ချင်းပင် ခပ်သုတ်သုတ် ထွက်ခွာသွားတော့၏။ဟွမ်ချီမင်တို့ နှစ်ဦးသားပင် မည်သည်ကိုမှ မပြောနိုင်လိုက်ကြရှာပေ။
" ရူကွေ့ ရည်းစားရသွားပြီလို့ မင်းထင်လား ... "
ဟွမ်ချီမင်မှာ တစ်စုံတစ်ရာကို သင်္ကာမကင်းဖြစ်နေခဲ့သည်။
ထိုအခါ ကျိုးရန်က ခေါင်းကို ဘယ်ညာရမ်း၍ ပြန်ဖြေလာလေ၏။
" မဖြစ်နိုင်တာ ... သူ့ဟာသူ ရည်းစားရှာနိုင်ပါ့မလား ... ငါ့ဆီမှာတောင် ရည်းစားရှိဖူးပေမဲ့ မင်းပဲ ဖျက်လိုဖျက်ဆီးလုပ်လိုက်တာလေ ... "
ဟွမ်ချီမင် "……"
ဟွမ်ချီမင်မှာ ဖြစ်ပျက်ခဲ့သည်များကို နားမလည်နိုင်သော်လည်း ဝမ်ရှောင်းယွင်၏ မိသားစုက ကျိုးရန်အား ခေါ်၍ စကားမပြောသေးသရွေ့ အခြေအနေမှာ ထိုမျှလောက်အထိ မလေးနက်ဟု မှတ်ယူထားသည်။ဆိုလိုသည်မှာ ဝမ်ရှောင်းယွင်က သူမတို့ ပြတ်စဲသည့်အကြောင်းအား မိသားစုထံ အသိမပေးရသေး ဟူ၍ပင်။
တစ်နည်းဆိုရသော် သူမသည် ယခုအချိန်တွင် ကျိုးရန်အား စိတ်ဆိုးနေသောကြောင့်သာ သွေးပူပူဖြင့် ထိုစကားမျိုး ပြောခဲ့ခြင်းဖြစ်နိုင်သည်။အမှန်တကယ် လမ်းခွဲတော့မည့် အခြေအနေမျိုး မဟုတ်ချေ။
ကျိုးရန်မှာလည်း ထိုသို့ အတွေးဝင်လာသဖြင့် မနက်စာစားပြီးချင်းတွင် ရှောင်းယွင်၏ အစ်ကိုနှစ်ဦးထံသို့ ဖုန်းဆက်ခဲ့သည်။
သို့သော်လည်း ရည်းစားဖြစ်သူအား အကြောင်းစုံကို မေးမြန်းနိုင်ရန် အားလပ်ရက်ကို စောင့်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိချေ။
***
ရုံးခန်းသို့ရောက်သောအခါ ဝမ်ရူကွေ့မှာ တုန်ယင်နေသော လက်များဖြင့် ပါဆယ်ကို ဂရုတစိုက် ဖွင့်လိုက်တော့သည်။ပါဆယ်ကိုဖွင့်လိုက်သည်နှင့် မွှေးပျံ့သောရနံ့တစ်ခု ထွက်ပေါ်လာလေ၏။
အထဲတွင် မြေပဲကြွပ်တစ်ထုပ်နှင့် ငရုတ်ဆော့စ်နှစ်ပုလင်းပါရှိသည်။ယင်းပြင် စာတစ်စောင်လည်း ပါဝင်သေးလေ၏။
ဝမ်ရူကွေ့မှာ ထိုစာကို ဖွင့်ဖတ်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။
' မင်္ဂလာပါ ရဲဘော်ဝမ် ... အခုတလော ဘာတွေလုပ်ဖြစ်နေလဲ ... ရဲဘော်ဝမ့်ဆီက စာရလို့ အရမ်းပျော်ပါတယ် ... အထည်လက်မှတ်တွေအတွက်လည်း ကျေးဇူးတင်ပါတယ် ... ဒါပေမဲ့ နောက်ထပ်မပို့ပါနဲ့တော့ နော် ရဲဘော်ဝမ့်အတွက်ပဲ သိမ်းထားလိုက်ပါ ... အရင်ရက်တွေတုန်းက အိမ်က ကျားရှင်းနဲ့ မျန်မျန်တို့က ရှောင်လျို့ကို ရေချိုးပေးဖို့ လုပ်ခဲ့ကြတယ်လေ ... ရှောင်လျိုလေးခမျာတော့ အေးစက်ပြီး တုန်ယင်နေရောပဲ ... ဒါပေမယ့်လည်း အဆင်ပြေပြေနဲ့ ပြီးသွားပါတယ် ... သူ့ကို ' ရှောင်လျို့ ' မဟုတ်ဘဲ ' ကြက်စွမ်းကောင်း ' လို့ နာမည်ပြောင်းသင့်ပြီထင်တယ် ...
ပြီးတော့ ကျွန်မ ဟိုးတလောက စားဖိုမှူးအရည်အချင်းစစ်စာမေးပွဲအတွက် စာရင်းသွင်းထားတဲ့ဟာလေ ... စာမေးပွဲအချိန်က မနက်ဖြန် ဖြစ်သွားပြီ ... ကျွန်မ လိုင်စင် အရယူနိုင်မယ်လို့ ယုံကြည်ချက်ရှိတယ် ... ရဲဘော်ဝမ့်အတွက်လည်း မုန့်လုပ်ပေးလိုက်တယ်နော် (မြေပဲကြွပ်နဲ့ ငရုတ်ဆော့စ် နှစ်ပုလင်းလေ) ကြိုက်ရဲ့လား ... '
ပြန်စာကို ထပ်တလဲလဲ ဖတ်ရှုရင်း ဝမ်ရူကွေ့တစ်ယောက် ရင်ဘတ်ထဲတွင် တွယ်ကပ်နေသော ကျောက်တုံးကြီးက နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ဘေးကင်းစွာ ကျရောက်သွားသလို ခံစားလိုက်ရသည်။
ရဲဘော်ထုံက သူ့ကို စိတ်မဆိုးခဲ့ဘဲ အရသာရှိသော အစားအသောက်များပင် ထည့်ပေးလိုက်သေးသည်။
ဝမ်ရူကွေ့က စာကို သေသေချာချာခေါက်ပြီး စာအိတ်ထဲသို့ ပြန်ထည့်ကာ ယင်းနောက်တွင်မူ အံဆွဲထဲသို့ ထည့်သိမ်းထားလိုက်တော့သည်။
ထို့နောက် သူက မြေပဲကြွပ်တစ်ခုကို ထုတ်ပြီး မြည်းစမ်းကြည့်လိုက်လေ၏။မြေပဲအရသာပေါ်လွင်ပြီး ချိုသည့်ဘက်ရောက်သော်လည်း အလွန်ချိုရဲနေသည်မျိုးမဟုတ်ချေ။
အလွန်ပင် စားကောင်းပေသည်။
🍵
ထုံရွှယ်လူက ကလေးတစ်ယောက်နှင့် အိမ်ပြန်ရောက်လာသောအခါ အားလုံး အံ့အားသင့်သွားကြလေသည်။
ထုံကျားရှင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။သူက ထုံရွှယ်လူပွေ့ချီထားသော ကလေးကို ကြည့်ရှုရင်း " အဲဒါ ဘယ်သူလဲ အစ်မ " ဟုမေးလိုက်လေ၏။
" ပြောရရင်တော့ အရှည်ကြီးပဲ ... "
ထုံရွှယ်လူက သက်ပြင်းချလျက် ပြန်ဖြေလိုက်သည်။
ယင်းနောက်တွင် သူမက ဖြစ်ပျက်ခဲ့သည်များကို အတိုချုံးပြောပြခဲ့ပြီး ကလေးလေးမှာ ယနေ့မှ စ၍ သူတို့နှင့် ခေတ္တနေထိုင်မည်ဖြစ်ကြောင်း အသိပေးခဲ့လေသည်။
ထုံကျားမင်နှင့် ထုံကျားရှင်းတို့ အံ့သြသွားကြပြန်သည်။အထူးသဖြင့် ထုံကျားရှင်းသည် ယင်းသတင်းကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။
" အစ်မ ... သူ့မိသားစုကို ဘယ်တော့မှ ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ ... ကျွန်တော်တို့ သူ့ကို တစ်သက်လုံး တင်ကျွေးထားရမှာလား ... "
" အဲလိုတော့ မဖြစ်ပါဘူး "
ထုံရွှယ်လူက ခေါင်းယမ်းလျက် ပြန်ဖြေလိုက်၏။
သက်ဆိုင်ရာ မိသားစုမှာ ကလေးငယ်အား လိုက်ရှာကြမည်မှာ ကျိန်းသေသည်။ထိုသို့မဟုတ်ဆိုလျှင်ပင် ရဲများမှာ ကလေးအား သူမနှင့်အတူ အမြဲတမ်းလွှတ်ထားကြမည်မဟုတ်ချေ။
ထုံကျားရှင်းမှာ ထိုစကားကိုကြားပြီးနောက် စိတ်သက်သာရာရသွားသည်။
သူတို့မှာ ကြပ်တည်းသင့်သလောက် ကြပ်တည်းနေနှင့်ပြီဖြစ်သည်။နောက်ထပ်ကလေးတစ်ယောက် တိုးလာခြင်းက သူစားရမည့် အသားများအား ဝေစုခွဲပေးရမည့်သူ တစ်ဦးတိုးလာသလိုပင်။
ထိုကလေးမှာ စိတ်ရှုပ်စရာကောင်းလှသည်။ဒုက္ခမှတစ်ပါး မည်သည့်အရာကိုမှ ပေးနိုင်မည်လည်း မဟုတ်ချေ။