🍵Chapter 133
" နင်သာ စိတ်တင်းမထားရင် အန်တီနဲ့ ဦးလေးတို့က ဘာလုပ်ကြရတော့မှာလဲ "
ထုံကျားမင်ကတော့ မည်သည်ကိုမှ မပြောဘဲ ကလေးလေးအား စူးစိုက်ကြည့်နေလေသည်။
အလားတူပင် ထုံမျန်မျန်သည်လည်း ကောင်လေးအား အလိုမကျစွာ စိုက်ကြည့်နေခဲ့လေ၏။ယင်းနောက်တွင်မူ ပေါင်မုန့်လုံးလေးက ခြေထောက်တိုတိုလေးများအား ဆောင့်ဆောင့်အောင့်အောင့်လုပ်လျက် " ဒါဆို မမက မျန်မျန့်ကို မချစ်တော့ဘူးပေါ့ ... " ဟု ဆိုလာခဲ့သည်။
ပေါင်မုန့်လုံးလေးမှာ သဝန်တိုနေရှာလေပြီ။
ထုံရွှယ်လူသည် ကောင်လေးအား အောက်သို့ချလိုက်ပြီး မျန်မျန်၏ အိအိဖောင်းဖောင်းပါးပြင်လေးအား ဆွဲညှစ်ပစ်လိုက်တော့သည်။
" ဘယ်ဟုတ်မလဲ ... မျန်မျန်လေးက မမရဲ့အချစ်ဆုံးလေးပဲ ... ရှောင်ကျိုးက မိဘတွေနဲ့ ကွဲလာပြီးတော့ လူဆိုးကြီးတွေက သူ့ကို ခေါင်းကွဲအောင်လုပ်ခဲ့ကြတာ ... ရှောင်ကျိုးလေးက သနားစရာပါ ... မျန်မျန်ကပဲ ရှောင်ကျိုးအပေါ် ကောင်းကောင်းဆက်ဆံပေးလေ နော် ... ဘယ်လိုလဲ ... "
ထုံရွှယ်လူမှာ အိမ်အပြန်လမ်း၌ ကလေးလေးအား မေးမြန်းခဲ့ရာ သူ၏ နာမည်မှာ ရှောင်ကျိုးဖြစ်ကြောင်း သိခဲ့ရသည်။
အိမ်နာမည်ဖြစ်ကြောင်း သိသာထင်ရှားလေ၏။
အဆိုပါ သနားစရာကောင်းသော အခြေအနေကို ကြားလိုက်ရသောအခါတွင် ထုံမျန်မျန်၏ မျက်လုံးဝိုင်းဝိုင်းများထဲ၌ မျက်ရည်များဝေ့ဝိုက်လာတော့သည်။
ယင်းနောက်တွင် သူမက ရှောင်ကျိုးထံသို့ လျှောက်လှမ်းသွားပြီး လက်ကို ကိုင်ဆွဲလိုက်ကာ "စိတ်မပူပါနဲ့ မောင်လေး ... အခုချိန်ကစပြီး မမ မောင်လေးကို စောင့်ရှောက်ပေးမယ် ... " ဟု ပြောလိုက်လေ၏။
" ဟားဟားး .... "
ထုံရွှယ်လူမှာ မထိန်းနိုင်ဘဲ ရယ်မောမိသွားတော့သည်။
" မျန်မျန် ... ရှောင်ကျိုးက ညီမလေးထက် အရပ်ပိုမြင့်တယ်လေ ... အစ်ကိုကြီးလို့ ခေါ်သင့်တာပေါ့ "
ထိုအခါ ထုံမျန်မျန်က မျက်လုံးလေး ကလည်ကလည်ဖြင့် " ဒါပေမယ့် ညီမလေးက ညီမလေး မလုပ်ချင်ဘူးလေ ... " ဟု ပြောလာခဲ့၏။
ထိုသို့ဆိုပြီးနောက် သူမသည် ရှောင်ကျိုးကို လှည့်ကြည့်လိုက်ကာ ဆက်လက်မေးမြန်းလေသည်။
" ရှောင်ကျိုးက မောင်လေးလုပ်ချင်လား ... "
" ဟုတ်ကဲ့ မမ ... "
ရှောင်ကျိုးက ခပ်တိုးတိုးဖြေဆိုလိုက်သောအခါတွင် ထုံမျန်မျန်၏ မျက်ဝန်းများက တောက်ပလာတော့သည်။
ယင်းနောက်တွင် သူမက ရှောင်ကျိုးအား လက်နှစ်ဖက်ဖြင့် သိမ်းကြုံးဖက်လိုက်တော့လေ၏။
" လိမ္မာလိုက်တာ ... သကြားလုံးစားချင်လား မောင်လေး ... "
ထိုအခါ ရှောင်ကျိုးက တအံ့တဩဖြင့် တံတွေးမျိုချလိုက်ပြီး " ဟုတ်ကဲ့ ... " ဟု ပြန်လည်ဖြေဆိုလာသည်။
" မမ နောက်ကို လိုက်ခဲ့ ... မောင်လေးအတွက် သကြားလုံးတွေ ထုတ်ပေးမယ် ... "
ထုံမျန်မျန်သည် ရှောင်ကျိုး၏ လက်ကို ဆွဲကိုင်လိုက်ပြီး တစ်နေရာသို့ ဦးစီးခေါ်ဆောင်သွားတော့လေ၏။ပေါင်မုန့်လုံးလေးနှစ်လုံးမှာ လက်တွဲထားလျက်ရှိပြီး အခန်းဆီသို့ ယက်ကန်ယက်ကန်ဖြင့် ဦးတည်သွားခဲ့ကြသည်။
နှစ်ဦးသား အတိုင်အဖောက်ညီနေကြပြီး နှစ်ကိုယ်ကြားသာ နားလည်နိုင်သော ဘာသာစကားမျိုးဖြင့် ဆက်သွယ်ပြောဆိုနေခဲ့ကြသေးသည်။
ငယ်ရွယ်လှသော သူငယ်ချင်းဆက်ဆံရေးမျိုးပင်။မည်မျှ ချစ်စရာကောင်းလိုက်ပါသနည်း။
ထုံကျားရှင်းသည် သကြားလုံးများရှိသည်ဟု ကြားသောအခါ သူတို့အနောက်မှ အမြန်လိုက်သွားခဲ့လေ၏။
အတူတူအချိန်ကုန်ဆုံးလျက် ဆော့ကစားပြီးကြသောအခါ ထုံမောင်နှမများသည် ရှောင်ကျိုးအား ၎င်းတို့နှင့် တစ်ဖွဲ့တည်းသားအဖြစ် လက်သင့်ခံခဲ့ကြသည်။
ညနေသို့ရောက်သောအခါ ဘေးအိမ်မှ ဝေ့မိသားစုမှာ ထုံရွှယ်လူ ကလေးတစ်ယောက်ခေါ်ဆောင်လာသည်ကို သိရှိသွားကြတော့သည်။
ရှန်ဝမ်ရုံမှာ စိတ်ခံစားလွယ်သူဖြစ်ပြီး ရှောင်ကျိုးလေး၏ အဖြစ်အပျက်ကို သိလိုက်ရပြီးနောက် ချက်ချင်းပင် မျက်လုံးများ နီရဲလာတော့၏။
" နောက်ပိုင်းတွေ အလုပ်သွားတဲ့အချိန်ကျရင် ကလေးကို မျန်မျန်နဲ့ အတူတူထားခဲ့လို့ရတယ် ... ဘာမှ စိတ်မပူနဲ့သိလား ... "
" ကျေးဇူးတင်ပါတယ် အဘွားရှန် ... တကယ်က သေချာစဉ်းစားပြီးမှ လုပ်ခဲ့သင့်တာပါ ... ကလေးကို အိမ်ခေါ်လာပြီး အဘွားကို ဒုက္ခပေးမိသလိုဖြစ်သွားပြီ "
" မဟုတ်တာ ... မှန်တာကို လုပ်ခဲ့တာပါပဲ ... ကလေးလေးက တော်တော်ချစ်စရာကောင်းတယ် ... ဘယ်သူမှ သူ့ကို ထားခဲ့ရက်မှာ မဟုတ်ဘူး ... အဲဒီ ပြန်ပေးဆွဲတဲ့လူတွေကို ကံကောင်းပြီး သတိထားမိလို့သာပေါ့ ... မဟုတ်ရင် ကလေးလေးကို ဘယ်မှာသွားရောင်းစားကြမယ်မှန်း သိနိုင်မှာမဟုတ်ဘူး ... "
" ပြန်ပေးဆွဲတဲ့နှစ်ယောက်ကိုတော့ ဖမ်းမိထားပြီးသားပါ ... ရဲတွေက ဦးဆောင်ပြီး စုံစမ်းပေးနေကြပါတယ် ... ကလေးရဲ့မိသားစုကို ရှာမတွေ့ခင် အချိန်တစ်ခုအထိပဲ ကလေးကို ကြည့်ထားပေးရမှာပါ ... "
ထိုအခါ ရှန်ဝမ်ရုံက ခေါင်းညိတ်ပြလျက် ရေရွတ်လာသည်။
" ကလေးရဲ့ မိသားစုနောက်ကွယ်က အကြောင်းကိုလည်း သိချင်မိသား ... ကလေးတစ်ယောက်လုံး ပျောက်နေတာကို ဘာလို့ ရဲမတိုင်ကြတာပါလိမ့် ..."
ထုံရွှယ်လူသည်လည်း ၎င်းမေးခွန်း၏ အဖြေကို မသိရှိနိုင်သေးပေ။
ထိုအချိန်တွင် ဝေ့ကျူးကျူးသည် မောင်ငယ်ချောချောလေးကို မြင်ရသဖြင့် အလွန်ဝမ်းသာနေခဲ့သည်။သူမသည် ယနေ့မှစ၍ ထုံမိသားစုအိမ်တွင်သာ နေချင်တော့လေ၏။
သူမ၏ စိတ်ထဲတွင် ထုံမိသားစုဝင်များနှင့် အတူနေလျှင် သူမသည်လည်း အလားတူပင် ချောမောလာလိမ့်မည်ဟု ထင်မြင်နေရှာသည်။
လှပသော သူများမှာ အမြဲတမ်း အတူနေသင့်ကြပေ၏။
သို့သော်လည်း ဝေ့ကျူးကျူး၏ ဆန္ဒက အထမမြောက်ခဲ့ပေ။ဝေ့ကျူးကျူးအိပ်ပျော်သွားသောအခါ ရှန်ဝမ်ရုံက သူမကို ပွေ့ချီကာ အိမ်သို့ တိတ်တဆိတ်ပြန်ခေါ်သွားခဲ့သည်။
🍵
ကုမိသားစုအိမ်တွင်ဖြစ်သည်။
ဧည့်ခန်းတွင်း၌ မည်သူကမှ စကားမဟဝံ့ကြဘဲ လေထုက အေးစက်နေလေ၏။အလေးအနက်ဆန်လွန်းသော အခြေအနေကြောင့် မည်သူမှ အသက်ပင် ဝဝမရူရဲကြပေ။
ကုရိလန်က ကြမ်းပြင်ကိုသာ စိုက်ကြည့်ရင်း မင်သေနေသည်။သူမ၏ မျက်နှာက ဖြူဖျော့နေပြီး မျက်လုံးများက နီရဲဖောင်းအစ်နေလေ၏။
ထိုအချိန်တွင် လိုင်မူချင်းက သူမ၏ နံဘေးတွင် ဝင်ထိုင်လာပြီး လက်ကို ဆုပ်ကိုင်လျက် နှစ်သိမ့်ပေးလာသည်။
" ရိလန် ... စိတ်တင်းထားပါဦး ... ရှောင်ကျိုးလေး အခုဘယ်ရောက်နေလဲ အသက်ရှင်နေသေးလား ဆိုတာတွေကိုမှ မသိရသေးတာ ... နင်သာ စိတ်တင်းမထားရင် အန်တီနဲ့ ဦးလေးတို့က ဘာလုပ်ကြရတော့မှာလဲ "
ကုရိလန်မှာ ထိုစကားကို ကြားသောအခါ နှလုံးသားအား ဓားနှင့်အမွှန်းခံရသလို ခံစားနာကျင်သွားတော့သည်။သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာပြန်လေ၏။
" အားလုံးက ကျွန်မအပြစ်တွေပါ ... ရှောင်ကျိုးကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူး ...."
ခင်ပွန်းဖြစ်သူနှင့် ယောက္ခမတို့သည် သူတို့ ကြုံတွေ့ခဲ့ရသည့် နစ်နာမှုများအတွက် လျော်ကြေးငွေ ပြန်လည်ရရှိခဲ့ကြောင်း သတင်းကြားရသောအခါတွင် ကုရိလန်မှာ အလွန် ဝမ်းမြောက်သွားခဲ့သည်။
ထို့ကြောင့် သူမသည် ရှောင်ကျိုးလေးကို အစ်မဖန်နှင့်အတူ အိမ်တွင် ထားခဲ့ပြီး ဘူတာရုံသို့ ရထားလက်မှတ်ဖြတ်ရန် သွားရောက်ခဲ့သည်။လက်မှတ်ဖြတ်ပြီး အိမ်ပြန်ရောက်လာသောအခါ သားဖြစ်သူ ပျောက်ဆုံးသွားကြောင်း သိရှိလိုက်ရလေ၏။
ရှောင်ကျိုးလေးမှာ သူမ ဟင်းချက်နေစဉ် အိမ်ပြင်သို့ ပြေးထွက်သွားသည်ဟူ၍ အစ်မဖန်က ဆိုလေသည်။အစ်မဖန် သတိထားမိပြီး ပြေးထွက်လာချိန်၌ ရှောင်ကျိုးလေးမှာ ပျောက်သွားခဲ့ပြီဖြစ်ကြောင်း သိရ၏။
ထို့အတူ တံခါးနား၌လည်း စာတစ်စောင် ကျန်ရစ်ခဲ့သည်။အဆိုပါစာထဲတွင် ရဲတိုင်ခြင်းမပြုရန် ရေးသားထားပြီး အကယ်၍ ထိုသို့ပြုခဲ့ပါက ရှောင်ကျိုးလေး၏ အသက်ကို နုတ်ယူပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။
ကုရိလန်မှာ ထိုစာကိုဖတ်ပြီး အလွန်ထိတ်လန့်သွားသဖြင့် ဒူးထောက်လျက်သား လဲကျသွားခဲ့လေ၏။
အလုပ်မှ ပြန်ရောက်လာသော သူမ၏ မိခင်မှာလည်း ထိုသတင်းကို ကြားသည်နှင့် သတိလစ်မေ့မျောသွားသည်။
တစ်မိသားစုလုံး၏ အခြေအနေမှာ အလွန်ပင် ဗရမ်းဗတာဆန်နေသည်။
သူမ၏အမေမှာ ယခုအချိန်ထိ ဆေးရုံတွင်သာ ရှိနေဆဲဖြစ်လေ၏။အစ်ကိုနှစ်ဦးက သဲလွန်စများ ကူညီရှာဖွေပေးကြရှာသော်လည်း ယခုအချိန်ထိ သတင်းအစအန မသိရသေးပေ။
ရှောင်ကျိုးလေးအား မည်သူက ပြန်ပေးဆွဲသွားလေသနည်း။မည်သို့သော ရည်ရွယ်ချက်ဖြင့်နည်း။
ထိုအရာများကို မသိခဲ့ကြသော်လည်း မိသားစုမှာ ရဲဘက်သို့ အကြောင်းကြားရန် လွန်စွာ စိုးရိမ်ပူပန်နေခဲ့သည်။
အချိန်မရွေး ပြုတ်ကျနိုင်သော ဓားတစ်ချောင်းအား ဦးခေါင်းထက်၌ ချိတ်ထားရသည့်သဖွယ်ပင်။ဆိုးဆိုးရွားရွား ခံစားချက်မျိုးပင်ဖြစ်သည်။
လိုင်မူချင်းက မျက်ရည်နှင့် မျက်ခွက်ဖြစ်နေသော ကုရိလန်၏မျက်နှာကို တစ်ချက်ကြည့်ကာ လက်ကိုင်ပုဝါတစ်ထည် ကမ်းပေးလာသည်။
" မငိုပါနဲ့တော့ ရိလန် ... အန်တီမြင်ရင်လည်း စိတ်ကောင်းမှာ မဟုတ်ဘူး ... ဪ ဟုတ်သား ... ခဲအိုတစ်ယောက်လုံးရှိတာပဲ ... သူ့ကို ပြောကြည့်ရင်ရော ဘယ်လိုလဲ"
ကုရိလန်သည် ထိုစကားကိုကြားသောအခါ မျက်ရည်များ တလိမ့်လိမ့် စီးကျလာပြန်သည်။
" ကျွန်မလည်း မသိတော့ဘူး ... သူ့ကို ပြောမပြရဲဘူး ... အားလုံး ကျွန်မအပြစ်တွေပါပဲ ... "
ထိုအခါ လိုင်မူချင်းက ခေတ္တနှုတ်ဆိတ်သွားသည်။အချိန်အနည်းငယ်ကြာပြီးနောက် သူမက " ဒါဆိုရင် နင့်ယောက္ခမနဲ့ ခဲအိုကို သွားကြိုပြီး မြို့တော်ကို ပြန်ခေါ်လာပေးဦးမှာလား ... " ဟု မေးမြန်းလာလေ၏။
ထိုအခါ ကုရိလန်က ခေါင်းယမ်းပြလာသည်။
" အခုတော့ ဘယ်လိုသွားနိုင်တော့မှာလဲ အစ်မရယ် ... ကျွန်မ ကျန်းမာရေးကြောင့် မြို့တော်အပြင်ကိုတောင် မထွက်နိုင်လောက်တော့ဘူး....."
" ဒါဖြင့် ... ငါကိုယ်စား သွားခေါ်ပေးမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ ... "
ထိုအခါ ကုရိလန်၏ မျက်လုံးများက တောက်ပလာပြီး သူမသည် လိုင်မူချင်း ၏လက်ကို ကျေးဇူးတင်စွာဖြင့် ဆုပ်ကိုင်လိုက်တော့၏။
" ကျေးဇူးတင်ပါတယ် ဝမ်းကွဲအစ်မရယ် ... အစ်မသွားပေးရင် တကယ်ကို အဆင်ပြေမှာ ... "
" ဦးလေး နဲ့ အန်တီက ငါ့ကို သူတို့ရဲ့သမီးအရင်းလိုမျိုး ပြုစုပျိုးထောင်ပေးခဲ့ကြတာ ... နင်ကလည်း ငါ့ညီမအရင်းလိုပါပဲ ... အဲလိုစကားမျိုးမပြောပါနဲ့ ... "
လိုင်မူချင်းက ကုရိလန်၏ လက်ကို ခပ်သာသာ ပုတ်ပေးရင်း ဆိုခဲ့လေ၏။
ကုရိလန်မှာမူ လိုင်မူချင်းအား ကျေးဇူးတင်စွာဖြင့် ကြည့်ရှုနေခဲ့သည်။
🍵
နောက်တစ်နေ့တွင် ထုံရွှယ်လူသည် ရှောင်ကျိုးအား ဝေ့မိသားစုအိမ်သို့ ခေါ်ဆောင်သွားခဲ့လေ၏။
ရှောင်ကျိုးလေးမှာ အေးအေးဆေးဆေး နေတတ်ရုံသာမက ယဉ်ကျေးပြီး အကျင့်စာရိတ္တကောင်းမွန်သည်။ သူသည် ထုံမျန်မျန် ၊ ဝေ့ကျူးကျူးတို့နှင့် တည့်တည့်ရှုရှု ပေါင်းသင်းနိုင်ခဲ့သည်။
ထုံရွှယ်လူမှာ ဝေ့မိသားစုအား ထပ်မံ၍ ဝန်မပိစေလိုသောကြောင့် မနက်စောစောထကာ ကလေးများအတွက် ပဲစိမ်းနှင့် ပဲနီပန်ကိတ်များ ပြုလုပ်ပေးခဲ့သည်။
သူမသည် ကလေးများကို ရှန်ဝမ်ရုံ့ထံသို့ အပ်နှင်းပြီးသောအခါမှသာ အလုပ်သို့ ဦးတည်ခဲ့လေ၏။
သို့သော်လည်း အလုပ်သို့ ရောက်ရောက်ချင်းမှာပင် ထိတ်လန့်စရာ သတင်းတစ်ခုကို ကြားလိုက်ရသည်။
မုန့်ချင်းချင်းနှင့် လျှိူတုံချန်တို့ တွဲခုတ်နေကြလေပြီ။
ထန်ရှောင်ယန်က မုန့်ချင်းချင်းအား လက်ညိုးငေါက်ငေါက်ထိုး၍ ပြောဆိုနေသည်ကို မလှမ်းမကမ်းမှ ထုံရွှယ်လူ လှမ်းမြင်လိုက်ရသည်။
" နင့်ကို စတွေ့ကတည်းက သောက်ကျင့်မကောင်းတဲ့ ပုံစံမှန်း သိလိုက်ပြီးသား ... ငါထင်တာ မှန်တယ်မဟုတ်လား ... နင်က အရှက်မရှိတဲ့ ကောင်မပဲ ... ယောက်ျားတွေကို ဘယ်လို ဖြားယောင်းရမလဲဆိုတာလောက်ပဲ သိတဲ့ကောင်မ ... "
" ပြောစရာစကား မရှိဘူးမလား အေးပေါ့လေ ... ကိုယ်တိုင်က အကျင့်မကောင်းတော့ ပြောစရာစကား ဘယ်ရှိမလဲ ... ထွီ ... အရှက်မရှိတဲ့ မြေခွေးလို မကောင်းဆိုးဝါးမ ... "
ထန်ရှောင်ယန်မှာ မုန့်ချင်းချင်း၏မျက်နှာအား လက်ညိုးငေါက်ငေါက်ထိုး၍ နှစ်ပြားမတန်အောင် ပြောဆိုနေခြင်းပင်။
ပိုမိုထူးဆန်းသည်မှာ မုန့်ချင်းချင်းက ခေါင်းငုံ့ထားပြီး ငိုလုမတတ်ဖြစ်နေခြင်းပင် ဖြစ်လေ၏။သို့သော်လည်း သူမသည် ထန်ရှောင်ယန်၏ ခနဲ့ပြောဆိုနေခြင်းအား ချေပပြောဆိုခြင်း မပြုခဲ့ပေ။
ထုံရွှယ်လူက နှစ်ဦးသား၏ အနီးနားသို့ ချဉ်းကပ်သွားလိုက်ပြီး အခြေအနေကို စူးစမ်းကာ " ဘာတွေဖြစ်နေကြတာလဲ " ဟု မေးမြန်းလိုက်သည်။
" နင်နဲ့မဆိုင်ဘူး ... ဘေးထွက်နေ ... "
ထန်ရှောင်ယန်က ယတိပြတ်ဆိုလာခဲ့လေ၏။
ထိုအချိန်တွင် မုန့်ချင်းချင်းကလည်း မျက်ရည်များဝေ့ဝိုက်လျက် သူမကို မော့ကြည့်လာပြီး ခေါင်းယမ်းပြရှာသည်။
ထုံရွှယ်လူမှာလည်း သူတော်စင် ထွက်ရပ်ပေါက်ကြီး မဟုတ်ဘဲ တစ်စုံတစ်ဦးက ဝင်ရောက်ကူညီမပေးမီအချိန်တွင် မိမိကိုယ်မိမိ ကူညီနိုင်ရမည်ဟူသော အတွေးအမြင်ကို လက်ကိုင်စွဲထားသူဖြစ်သည်။
မုန့်ချင်းချင်းမှာ ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်ဟု သူမ ခံစားမိသော်လည်း ယခင်က ထိုအကြောင်းကို ဖွင့်ဟမေးခဲ့စဉ်တွင် ရေရေရာရာ အဖြေကို မရရှိခဲ့ပေ။
ထို့ကြောင့် ထုံရွှယ်လူသည် ယခုတစ်ကြိမ်တွင် ထပ်မံမေးမြန်းနေတော့မည် မဟုတ်ချေ။
သို့သော်လည်း သူတို့နှစ်ဦးကြားတွင် ဖြစ်ပျက်နေသည့်အရာများကို သူမ သိချင်သေးသည်။ထို့ကြောင့်ပင် ထုံရွှယ်လူမှာ ရှောင်ထွက် မသွားခဲ့ဘဲ သူတို့၏ ဘေးတွင် ရပ်ကာ ဇာတ်အိမ်တစ်ခုလုံး ကွက်ကွက်ကွင်းကွင်း ထွက်ပေါ်လာမည့် အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့လေ၏။