🍵Chapter 134
- ဤအရာအားလုံး၏နောက်ကွယ်တွင် လျှိူတုံချန် ရှိနေကြောင်း သံသယဝင်မိသော်လည်း သူမ သက်သေမပြနိုင်ချေ
-
မုန့်ချင်းချင်းက မည်သည်ကိုမှ ပြန်လည်ချေပမပြောဆိုရဲကြောင်း မြင်လိုက်ရသဖြင့် ထန်ရှောင်ယန်မှာ ပိုမိုရောင့်တက်လာခဲ့သည်။
" မကောင်းဆိုးဝါးမြေခွေးမ ... နင်စကားတစ်ခွန်းမှ မပြောတိုင်း ငါက ဘာမှမလုပ်နိုင်တော့ဘူး ထင်နေတာလား ... မြန်မြန်ဖြေစမ်း ငါတို့ခဲအိုကို ဘယ်လိုဖြားယောင်းလိုက်တာလဲ ... "
ထိုအခါ မုန့်ချင်းချင်းက သူမ၏ နှုတ်ခမ်းများအား တင်းတင်းစေ့ထားခဲ့ရာမှ အားနည်းစွာဖြင့် ပြန်လည်ခုခံပြောဆိုလာခဲ့သည်။
" မ ... မဖြားယောင်းပါဘူး ... "
" ဪ ဟုတ်လား ... နင့်ဘက်က အရင် မမြူဆွယ်ဘဲနဲ့ သူက နင့်လို သာမန်ကောင်မမျိုးကို ကြိုက်မှာတဲ့လား ... "
ထုံရွှယ်လူမှာ အံ့ဩတကြီးဖြင့် မျက်ခုံးပင့်လိုက်တော့လေသည်။
သူမ နားကြားလွဲခြင်းလော။မုန့်ချင်းချင်းနှင့် လျှိူတုံချန်တို့က တွဲခုတ်နေကြသလော။
ထန်ရှောင်ယန်က ဆက်ပြောသည်။
" ငါ နင့်ကို သတိပေးလိုက်မယ် ... ခဲအိုကို မြူဆွယ်နိုင်တိုင်း လျှိူမိသားစုထဲ ဝင်ရလိမ့်မယ်လို့တော့ မထင်လေနဲ့ ... သူ့ကလေးတွေက နင့်ကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး ... ခုကတည်းက လက်လျှော့လိုက်တော့ ... "
မုန့်ချင်းချင်းက ခေါင်းငုံ့ပြီး ကြမ်းပြင်ကိုသာ ကြည့်နေသည်။သူမသည်အကြောင်းအရာများကို အတည်ပြုခြင်း မရှိသကဲ့သို့ ငြင်းဆိုမှုလည်း မပြုပေ။
ထုံရွှယ်လူမှာတော့ ကောင်းကင်ပေါ်မှ မိုးကြိုးပစ်ချခံလိုက်ရသလိုခံစားနေရသည်။သူမသည် ပြူးကျယ်သော မျက်လုံးများဖြင့် မုန့်ချင်းချင်းကို ကြည့်ရှုနေခဲ့သည်။
မုန့်ချင်းချင်းနှင့် လျှိူတုံချန် ...
မည်သို့ဖြစ်နိုင်လေမည်နည်း။
လျှိူတုံချန်ကဲ့သို့သော ကြက်သီးမွေးညင်းထချင်စရာကောင်းသည့် ယောက်ျားမျိုးလော။ကမ္ဘာပေါ်တွင် ကျန်ရစ်ခဲ့သည့် တစ်ဦးတည်းသော ယောက်ျားသားဖြစ်သည်ဆိုလျှင်ပင် သူမသည် လျှိူတုံချန့်အား ထည့်သွင်းစဉ်းစားမည်မဟုတ်ပေ။
လျှိူတုံချန်မှာ အစွမ်းအစရှိသော ယောက်ျားတစ်ဦးဖြစ်သော်လည်း အိမ်ထောင်ပြုပြီးသား ကလေးနှစ်ယောက်အဖေပင်။ထို့ပြင် သူသည် အစ်မများကိုလည်း ခယရသေးသည်။လျှိူတုံချန်နှင့် လက်ထပ်လိုက်ခြင်းမှာ ယောက္ခမများသဖွယ် အာဏာပါဝါပြကြမည့် ယောင်းမနှစ်ဦးအား လက်ဝယ်ပိုင်ဆိုင်လိုက်ရသလိုပင်။
ပို၍အရေးကြီးသော အချက်မှာ လျှိူတုံချန်သည် အကျင့်စာရိတ္တချို့ယွင်းပြီး ရွံရှာဖွယ်ကောင်းလောက်အောင် ဘဝင်ကိုင်တတ်ပေ၏။
သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ မုန့်ချင်းချင်းကို မေတ္တာရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ယခုတွင် နှစ်ဦးသားက တွဲခုတ်နေကြပြီလော။
ဤအရာကို အချစ်စစ်ဟု မှတ်ယူခြင်းထက် လဲသေလိုက်သည်ကသာ ပိုကောင်းလိမ့်ဦးမည်။
ထုံရွှယ်လူမှာ မုန့်ချင်းချင်းကို ကြည့်လျက် မေးမြန်းမိသွားတော့လေသည်။
" ချင်းချင်း သူပြောတာတွေက အမှန်ပဲလား ... နင်နဲ့ မန်နေဂျာလျှိူနဲ့ တကယ်တွဲနေကြတာလား ... "
ထိုအခါ မုန့်ချင်းချင်းက မော့ကြည့်လာခဲ့ပြီး သူမသည် အင်္ကျီအနားသတ်အား လက်ဖြင့်လိမ်ဆွဲနေခဲ့၏။သူမသည် အလွန်ရှက်ရွံ့ပြီး ချောင်ပိတ်မိနေပုံရလေသည်။
မုန့်ချင်းချင်း မည်သည်ကိုမှ ပြန်မပြောနိုင်ခင်မှာပင် ထန်ရှောင်ယန်က ကြားဖြတ်၍ ဆိုလာတော့သည်။
" ဟုတ်တယ် ... တွဲနေကြတာ အမှန်ပဲ ... ခဲအိုက သူ့အိမ်ကိုသွားပြီး သူ့မိဘတွေနဲ့တောင် တွေ့ပြီးသွားပြီ ... ဒီဟာမက တကယ်ကို မြေခွေးလို မကောင်းဆိုးဝါးမပဲ ... သူလုပ်တာ သူသိတယ် ... "
မုန့်ချင်းချင်းဘက်က ငြင်းဆန်မလာသည်ကို တွေ့သောအခါ ထုံရွှယ်လူမှာ ယင်ကောင်တစ်ကောင်အား မျိုချရန် အတင်းအကြပ်ဖိအားပေးခံရသည့်သဖွယ် ဆွံ့အသွားတော့လေ၏။
မုန့်ချင်းချင်းကသာ ရူးနှမ်းပြီး အလွန်စိတ်သဘောထားရိုးသားသဖြင့် လျှိူတုံချန့်ထံမှ လှည့်စားခံရသည်ဆိုပင်လျှင် စားဖိုမှူးမုန့်နှင့် လျှိူတုံချန်တို့ကြားတွင် ပဋိပက္ခအချို့ ရှိနေဆဲဖြစ်လေသည်။
သူတို့နှစ်ဦးသည် ရန်သူများမဟုတ်ကြသော်လည်း စားဖိုမှူးမုန့်၏ စိတ်နေစိတ်ထားဖြင့် ဤအခြေအနေကို သဘောတူကြည်ဖြူနိုင်စရာ အကြောင်းမရှိပေ။
ထိုသို့ဖြစ်လျက် အခြေအနေများက အဘယ်သို့ဖြစ်သွားပါသနည်း။
ထုံရွှယ်လူ့ထံတွင် မေးခွန်းများစွာရှိခဲ့သော်လည်း သူမ မည်သည်ကိုမှ မမေးနိုင်ခင်မှာပင် လျှိူတုံချန်က ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။
လျှိူတုံချန်က သူမတို့အားလုံးအား ခြုံငုံကြည့်ရှုနေရာမှ နောက်ဆုံးတွင် ထန်ရှောင်ယန်ရှိရာဘက်သို့ လှည့်ကာ "မင်း အခု ချင်းချင်းကို အနိုင်ကျင့်နေတာလား" ဟု မေးမြန်းလာခဲ့လေ၏။
လျှိူတုံချန်မှာ အနည်းငယ် စိတ်တိုနေပုံရသည်။
ထိုအခါ ထန်ရှောင်ယန်က လန့်ဖျပ်သွားပြီး နောက်သို့ပြန်ဆုတ်ကာ " မဟုတ်ပါဘူး ... အနိုင်မကျင့်ပါဘူး ... နောက်နောင် ကျားယန်နဲ့ ကျားကျားအပေါ် ကောင်းဖို့ ပြောနေတာပါ ... " ဟု ပြောလိုက်တော့သည်။
လျှိူတုံချန်မှာ ထိုကိစ္စကို သံသယဝင်နေဆဲဖြစ်ပြီး မုန့်ချင်းချင်းရှိရာ ဘက်သို့လှည့်ကာမေးမြန်းလိုက်တော့လေ၏။
" အမှန်ပဲလား ချင်းချင်း .... "
ထိုအခါ မုန့်ချင်းချင်းက သူ့ကို မော့ကြည့်ပြီး အမြန်ခေါင်းညိတ်ပြလာတော့သည်။
လျှိူတုံချန်မှာ လက်ဆန့်ထုတ်ပြီး မုန့်ချင်းချင်း၏ ခေါင်းအား ပွတ်သပ်ရန်ပြင်လိုက်သော်လည်း မုန့်ချင်းချင်းမှာ မသိမသာ ရှောင်တိမ်းချင်ခဲ့သည်။
လျှိူတုံချန် မျက်နှာပျက်ယွင်းသွားသည်ကိုမြင်လိုက်ရသောအခါတွင်မူ သူမသည် နောက်ပြန်မဆုတ်တော့သကဲ့သို့ တုပ်တုပ်ပင်မလှုပ်တော့ပေ။
လျှိူတုံချန်က သူမ၏ ခေါင်းအား နှစ်ကြိမ်ခန့် ခပ်ဖွဖွပုတ်ပေးပြီး အိမ်မွေးတိရစ္ဆာန်လေးအား တယုတယ စကားပြောနေသည့်လေသံဖြင့် " မင်းကို တစ်ယောက်ယောက်က အနိုင်ကျင့်ရင် ကိုယ့်ကို ချက်ချင်းပြော ... ကိုယ်က မင်းကောင်လေးပဲ ... " ဟု ဆိုလာလေ၏။
မုန့်ချင်းချင်း၏ မျက်နှာမှာ အလွန် နီရဲလာခဲ့ပြီး ခပ်ဖွဖွထိုးကြည့်ရုံဖြင့်ပင် သွေးများပန်းထွက်လာနိုင်လောက်သည်။
နောက်ဆုံးတွင် လျှိူတုံချန်မှာ ကျေနပ်အားရနေဟန်ဖြင့် တံခါးသွားဖွင့်ခဲ့လေသည်။သူက ထုံရွှယ်လူ့ကိုပင် အလွန်တရာ ဝမ်းမြောက်နေဟန်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်သေး၏။
ထုံရွှယ်လူမှာ အော့အန်လုမတတ်ပင်။သူမသည် ပန်းသီးစားပြီး တစ်ဝက်တစ်ပျက်၌ လောက်ကောင် တွေ့လိုက်ရသလို ခံစားနေရသည်။သူမ၏ ဗိုက်ထဲမှ အစာအားလုံးကို အန်ထုတ်ပစ်ချင်မိသည်။
သို့သော်လည်း ထုံရွှယ်လူမှာ ဝင်ရောက်စွက်ဖက်ရန် အစီအစဉ်မရှိခဲ့ဘဲ ကျန်သူများနှင့်အတူ အထဲသို့ ၀င်သွားခဲ့လေ၏။
မုန့်ချင်းချင်းသည် လျှိူတုံချန် ဟင်းချက်ပစ္စည်းများ ဝယ်ခြမ်းရန် ထွက်သွားသည့်အချိန်အထိ စောင့်ဆိုင်းခဲ့ပြီးနောက်မှသာ စားဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။
ယင်းနောက်တွင် သူမက ကောင်းဝေ့ဖျင်အား " ရှောင်ဝေ့ ... ခဏလောက် ရှောင်ပေးမလား ... " ဟု မေးမြန်းခဲ့လေ၏။
ကောင်းဝေ့ဖျင်မှာ အနည်းငယ် ထိတ်လန့်သွားခဲ့သော်လည်း ခေါင်းညိတ်ပြကာ ထို့နောက်တွင် ပင်မထမင်းစားခန်းထဲသို့ ဝင်သွားတော့လေ၏။
ထန်ရှောင်ယန်မှာ သူတို့ပြောသည်များကို ခိုးနားထောင်ချင်သော်လည်း ကောင်းဝေ့ဖျင်ထွက်သွားသည့်အတွက် သူမလည်း မစွမ်းသာတော့ပေ။သူမသည် ကောင်းဝေ့ဖျင် ကို ကြိမ်ဖန်များစွာ စိုက်ကြည့်နေခဲ့သော်လည်း ကောင်းဝေ့ဖျင်ကတော့ မည်သည်ကိုမှ မသိနားမလည်သည့်ပုံစံပင်။
မုန့်ချင်းချင်းသည် သူမ၏ အင်္ကျီအနားသတ်များကို လက်ဖြင့် လိမ်ဆွဲနေခဲ့ပြီး ကတုန်ကယင်လေသံဖြင့် မေးမြန်းလာသည်။
" ရွှယ်လူ ... ငါ့ကိုစိတ်ပျက်နေတာလား "
နောက်ဆုံးတွင် ထုံရွှယ်လူက မုန့်ချင်းချင်းရှိရာဘက်သို့ လှည့်ကြည့်လာခဲ့သည်။
" ဟင့်အင်း ... ဒါက နင့်ဘဝရဲ့ ကြီးကျယ်လွန်းတဲ့ အဖြစ်အပျက်တစ်ခုခုသာဆိုရင် ငါစိတ်ပျက်မှာမဟုတ်ဘူး ... တာဝန်ယူရမယ့် တစ်ယောက်တည်းသောသူက နင်ကိုယ်တိုင်ပဲလေ ... ငါ့ဆီမှာ မေးခွန်းတစ်ခုပဲ ရှိတယ် ... နင်နဲ့ လျှိူတုံချန်ကိစ္စက အလိုတူရဲ့လား ... "
ထိုအခါ မုန့်ချင်းချင်း၏ မျက်လုံးများက နီရဲလာပြန်သည်။သူမသည် အချိန်အတော်ကြာအောင် တုန်လှုပ်သွားခဲ့ပြီးနောက် ပြီးခဲ့သော ရက်အနည်းငယ်အတွင်းက ဖြစ်ပျက်ခဲ့သမျှကို နောက်ဆုံးတွင် ပြောပြလာခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က အိမ်အပြန်လမ်းတွင် ဖြစ်သည်။
မည်သည့်နေရာမှ ထွက်လာမှန်းမသိသော ခွေးကြီးတစ်ကောင်က သူမအား လိုက်ဆွဲကာ အနောက်မှ ရူးသွပ်စွာ ပြေးလိုက်လာခဲ့၏။မုန့်ချင်းချင်းသည် ငယ်စဉ်က ခွေးကိုက်ခံရဖူးပြီး ခွေးကို အလွန်ကြောက်သည်။
သူမသည် အလွန်ကြောက်ရွံ့နေခဲ့ပြီး မျက်ရည်များပင် စီးကျလာလေ၏။
မုန့်ချင်းချင်းမှာ ငိုကြွေးရင်း ပြေးလွှားနေခဲ့ပြီး ခွေးကြီးက သူမအား မှီလုဆဲဆဲတွင် ချောင်းစွယ်တစ်ခုထဲသို့ ပြေးဆင်းကာ မည်သည်ကိုမှ မတွေးဘဲ ရေထဲခုန်ဆင်းချလိုက်တော့သည်။ရေထဲသို့ ခုန်ချပြီးနောက်မှသာ သူမ ရေမကူးတတ်ကြောင်း သတိရမိသွားတော့လေ၏။
မုန့်ချင်းချင်းမှာ လေကို အငမ်းမရ ရှူရှိုက်ရင်း ရုန်းကန်ပြီး အော်ဟစ် အကူအညီတောင်းခဲ့သည်။
ထို့နောက်တွင် တစ်စုံတစ်ယောက်က မြစ်ထဲသို့ခုန်ဆင်းကာ သူမထံသို့ကူးခတ်လာပြီး ဘေးကင်းစွာ ခေါ်ထုတ်သွားပေးသည်ကို ခံစားမိလိုက်လေ၏။
မုန့်ချင်းချင်းမှာ အလွန်ထိတ်လန့်နေခဲ့သည်ဖြစ်ရာ ထိုလူ နီးကပ်လာသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူအား တင်းကျပ်စွာ ဆွဲဖက်ထားလိုက်တော့သည်။၎င်းယောက်ျားက သူမ၏ ရင်ဘတ်အား လက်မောင်းဖြင့် အနောက်မှ သိုင်းဖက်ထားလေ၏။
ပုံမှန်အချိန်သာဆိုလျှင် တစ်စုံတစ်ရာ မူမမှန်သည်ကို ခံစားမိလိုက်နိုင်သည်။
သို့သော်လည်း မုန့်ချင်းချင်းမှာ ခွေးလိုက်ဆွဲခံထားရပြီး ရေနစ်လုမတတ်လည်းဖြစ်ထားသေးသောကြောင့် အလွန်ကြောက်ရွံ့နေခဲ့သည်။သူမ၏ ဦးနှောက်မှာလည်း ကောင်းကောင်းမလည်ပတ်နိုင်တော့ရှာဘဲ တစ်စုံတစ်ရာ မူမမှန်သည်ကို သတိမပြုမိလိုက်နိုင်ပေ။
နောက်ဆုံးတွင် သူမကို ကယ်တင်ခဲ့သူမှာ လျှိူတုံချန်ဖြစ်ကြောင်း သိရှိလိုက်ရသော်လည်း အချိန်နှောင်းသွားခဲ့လေပြီ။
လျှိူတုံချန်က သူမကို ပွေ့ချီလာပြီး သူမ၏ ခန္ဓာကိုယ်အား သူ၏ ခန္ဓာကိုယ်ဖြင့် မတော်တဆ ဖိမိသွားသည်ကို လူအများက မျက်မြင်တွေ့ရှိခဲ့ကြသည်။
သူမ၏ ဖြူစင်မှု ပျက်ပြားသွားခဲ့လေပြီ။
လျှိူတုံချန့်အား လက်ထပ်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ချေ။
အပြန်လမ်းတွင် လျှိူတုံချန်မှာ သူ၏ အဝတ်အစားများကိုပင် ချွတ်ပြီး မုန့်ချင်းချင်းအား ခြုံပေးထားလိုက်သေးသည်။ထိုအခြင်းအရာကိုလည်း တွေ့မြင်သူများ ရှိခဲ့လေ၏။ထိုအချိန်တွင် မုန့်ချင်းချင်းမှာ သူမ ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ တတ်နိုင်သောအရာ မရှိခဲ့ပေ။
ထိုအရာများကို ကြားသိပြီးနောက် ထုံရွှယ်လူ၏ မျက်ခုံးတန်းများ တွန့်ချိုးသွားသည်။
တိုက်ဆိုင်မှုများ အများအပြားရှိခဲ့သည်။ အဘယ်ကြောင့် ခွေးတစ်ကောင်က မည်သည့်နေရာမှ ပေါ်လာမှန်းမသိ ပေါ်လာခဲ့ရသနည်း။
ထို့ပြင် မုန့်ချင်းချင်း ရေထဲသို့ ခုန်ချသော အချိန်၌ လျှိူတုံချန်က အဘယ်သို့ အချိန်ကိုက် ရောက်ရှိလာရလေသနည်း။
ဤကမ္ဘာကြီးထဲရှိ တိုက်ဆိုင်မှုများစွာကို လူသားများကသာ ကြိုးကိုင်ထားကြစမြဲပင်။
အရာအားလုံး၏နောက်ကွယ်တွင် လျှိူတုံချန် ရှိနေကြောင်း သံသယဝင်မိသော်လည်း ထုံရွှယ်လူ သက်သေမပြနိုင်ချေ။
မိန်းမတစ်ယောက်အား ယောက်ျားတစ်ယောက်က ပွေ့ဖက်ဖူးရုံဖြင့် ထိုမိန်းမမှာ ၎င်းယောက်ျားနှင့် မလွဲမသွေလက်ထပ်ရမည်ဟူသော အတွေးမျိုးက ထုံရွှယ်လူ့ကို စက်ဆုပ်စေသည်။
" ချင်းချင်း ... ငါတို့က ချင်မင်းဆက်မှာ နေနေတာလည်း မဟုတ်ဘူး ... ခေတ်သစ်ကမ္ဘာမှာနေနေတာ ... ဟုတ်တယ် လျှိူတုံချန်က နင့်ကို ကယ်ခဲ့တာ မှန်တယ် ... သူ့ကို ကျေးဇူးတင်ရမယ် ... ဒါပေမယ့် အဲဒါကြောင့်နဲ့ သူနဲ့လက်ထပ်လိုက်ရမယ်လို့တော့ မဆိုလိုဘူး ... "
ထိုအခါ မုန့်ချင်းချင်းက ခေါင်းယမ်းလာခဲ့ပြီး သူမ၏ နှုတ်ခမ်းသားများ ဖြူဖျော့သွားသည်အထိ ပြင်းပြင်းထန်ထန် ကိုက်လိုက်ကာ " ငါတို့အဘိုးက ရှေးရိုးဆန်တယ် ... လျှိူတုံချန်နဲ့ လက်မထပ်ဘဲ နေလို့လို့ ရမှာမဟုတ်ဘူး ... မဟုတ်ရင် ငါ့ကို ဆွေခန်းမျိုးခန်းဖြတ်မယ်တဲ့ ... " ဟု ပြောလာခဲ့သည်။
" နင့်ဘေးနားက လူတွေကရော ... သူတို့ရော ဘယ်လိုမြင်ကြလဲ ... စားဖိုမှူးမုန့်ကရော သဘောတူရဲ့လား ... "
ထိုအခါ မုန့်ချင်းချင်းက ပြန်ဖြေသည်။
" ငါတို့မိဘတွေက အဘိုးပြောတာကို အမြဲနားထောင်တယ် ... ဦးလေးက အစတုန်းက ကန့်ကွက်ပေမယ့် အဘိုးက သူ့ကို ရိုက်ပြီးတော့ ဆက်ကန့်ကွက်ရင် မိသားစုကနေ နှင်ထုတ်မယ်လို့ ပြောခဲ့တာ ... "
" ပြီးတော့ လျှိူတုံချန်က အိမ်အထိလာပြီး တော့ ငါ့အစ်ကိုကို အတည်တကျရာထူးတစ်နေရာပေးနိုင်တယ်လို့ ပြောတယ် ... အခု ငါ့အဘိုးနဲ့ ငါ့မိဘတွေ အကုန်လုံးက သူ့ကို ယောက်ျားကောင်းတစ်ယောက်လို့ ထင်နေကြပြီ "
" .... "