အပိုင်း ၁၃၅
Viewers 30k

🍵Chapter 135

 - ဤအရာအားလုံး၏နောက်ကွယ်တွင် လျှိူတုံချန် ရှိနေကြောင်း သံသယဝင်မိသော်လည်း သူမ သက်သေမပြနိုင်ချေ  (၂)

 - 


ထုံရွှယ်လူမှာ မည်သည်ကိုမှ မပြောနိုင်ရှာပေ။ခေတ္တနှုတ်ဆိတ်နေခဲ့ပြီးနောက် သူမက မုန့်ချင်းချင်းအား ဖွင့်ထုတ် မေးမြန်းလိုက်တော့သည်။


" နင်ရော ဘယ်လိုလဲ ... လျှိူတုံချန့်ကို လက်ထပ်ချင်လား ... "


" ငါမသိဘူး ... "

မုန့်ချင်းချင်းက သူမ၏ နှုတ်ခမ်းကို ကိုက်ထားပြီး မျက်ခုံးတန်းများကလည်း တွန့်ချိုးနေခဲ့သည်။


ထိုအခါ ထုံရွှယ်လူက ခဏတာစဉ်းစားပြီး အခြေအနေကို ထောက်ပြတော့လေ၏။


" ငါပြောပြမယ် ... နင် ကလေးနှစ်ယောက်ရဲ့ မိထွေးဖြစ်ချင်လား ... အခုမှ နင့်အသက်က ၁၉ နှစ်ပဲရှိသေးတာ ...   လျှိူတုံချန့်ရဲ့ သမီးအကြီးက ၁၀ နှစ်လို့ကြားတယ် ... ၁၀ နှစ်အရွယ်ကလေးဆီက တကယ်ကို အမေအခေါ်ခံချင်တာလား ... "


မုန့်ချင်းချင်း၏ မျက်လုံးများက ပြူးကျယ်သွားခဲ့ပြီး သူမသည် ထိတ်လန့်သွားပုံရလေ၏။


ထုံရွှယ်လူက ဆက်ပြောသည်။


" ပြီးတော့ အဲလိုအရွယ်ကလေးတွေဆိုတာက သူတို့အတွေးအမြင်နဲ့သူတို့ ရှိကြပြီးသား ... သူတို့က နင့်ကို လက်ခံမှာမဟုတ်ဘူး ... ပြီးတော့ ကလေးတွေရဲ့ တစ်ဖက်မိသားစုရောပဲ ... သူတို့လည်း နင့်ကို လက်ခံနိုင်ကြမှာမဟုတ်ဘူး ... ဒီနေ့မနက် ထန်ရှောင်ယန်လုပ်ခဲ့တာက ဥပမာပဲ ... နင်တကယ်ပဲ အဲဒါတွေ အကုန်လုံးကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား ... "


မုန့်ချင်းချင်းမှာ ပို၍ပင် ဖြူဖျော့လာသည်။


ထုံရွှယ်လူက ဆိုးဆိုးရွားရွားဖြစ်နိုင်ချေများအား ‌ဆက်လက်ထောက်ပြနေခဲ့လေ၏။


" လျှိူတုံချန့်မှာ အစ်မတစ်ယောက်ရှိတယ်... အဲဒီတစ်ယောက်က သူ့ကို ပျိုးထောင်လာတာတဲ့ ... လစာတစ်ဝက်ကိုလည်း အဲအစ်မဆီ အပ်ရတယ်လို့ ကြားတယ် ... နင်အိမ်ထောင်ကျပြီးရင် သားသမီးတွေ ရှိလာမှာပဲ ... အနည်းဆုံး နှစ်ယောက်လောက်ပေါ့ ... လျှိူတုံချန်ရဲ့ ၀င်ငွေက အဲလောက်လူတွေ အများကြီးကို ထောက်ပံ့ပေးနိုင်မယ်လို့ ထင်လား ... "


ယင်းပြင် လျှိူတုံချန်၏ ထိုအစ်မမှာလည်း ယောက္ခမတစ်ပိုင်းလုံးလုံး ဖြစ်လာလိမ့်ဦးမည်။မဟုတ်သေးချေ။ထို့ထက်ပင် ပိုဆိုးရွားနိုင်သေးသည်။


ယောက္ခမသာဆိုလျှင် ကလေးများအား ပြုစုစောင့်ရှောက်ခြင်းနှင့် အိမ်မှုကိစ္စများလုပ်ရာတွင် အနည်းဆုံးကူညီပေးလိမ့်ဦးမည်။


လျှိူတုံချန်၏ အစ်မကတော့ ထိုအရေးကိစ္စများထဲမှ မည်သည့်အရာကိုမှ ကူညီပေးမည်မဟုတ်သည်မှာ သေချာပေ၏။မောင်ဖြစ်သူထံမှ ပိုက်ဆံကို အပိုင်အုပ်ပြီး ယောင်းမငယ်အပေါ်ကိုသာ တစ်လျှောက်လုံး နိုင်စားနေလိမ့်မည်။


မုန့်ချင်းချင်းမှာ အသက်ရှုရခက်နေပုံရပြီး ပါးစပ်အဟောင်းသားဖြင့် လေကို ခဲရာခဲဆစ် ရှူရှိုက်နေရရှာသည်။


ထုံရွှယ်လူက အဆုံးတွင် အကျဉ်းချုံး၍ ပြောလိုက်တော့၏။


" နင်အချိန်ယူပြီး သေသေချာချာစဉ်းစားပါ ဒီကြားထဲကမှ လျှိူတုံချန့်ကို လက်ထပ်ချင်သေးတယ်ဆိုရင်တော့ ငါလည်း ဘာမှ မပြောတော့ဘူး ...  "


လျှိူတုံချန်သည် စိတ်ပျက်စရာကောင်းသော အမျိုးသားတစ်ဦးဖြစ်သည်။

မုန့်ချင်းချင်းကဲ့သို့သော မိန်းကလေးမှာ အိမ်ထောင်ကွဲ အမျိုးသားတစ်ဦးနှင့် လက်ထပ်ရန် အကြောင်းပြချက်မရှိဟု ထုံရွှယ်လူ ခံစားရသည်။


သို့သော်လည်း သူမသည် မုန့်ချင်းချင်း၏ မိသားစုဝင် မဟုတ်ချေ။


မုန့်ချင်းချင်းနှင့် မိသားစုက လျှိူတုံချန့်အား လက်ထပ်ရန် ကြည်ဖြူသဘောတူကြသည်ဆိုပါက ထုံရွှယ်လူ ဝင်ပါစရာ အကြောင်းရှိတော့မည်မဟုတ်ပေ။

သူမနှင့် မသက်ဆိုင်သော ကိစ္စများကို ငြင်းခုံနေခြင်းထက် ချစ်စရာအရုပ်ကြီး ( ဝမ်ရူကွေ့) ဖြင့်သာ အချိန်ကုန်ဆုံးပစ်လိုက်မည်။


မုန့်ချင်းချင်းသည် မီးဖိုချောင်ထဲတွင် အကြာကြီးရပ်နေခဲ့ပြီး လျှိူတုံချန် ပြန်ရောက်ခါနီးအချိန်တွင် စိတ်ရှုပ်ထွေးစွာဖြင့် ထွက်ခွာသွားခဲ့လေ၏။


မုန့်ချင်းချင်း ထွက်လာသည်ကို မြင်သောအခါ ထန်ရှောင်ယန်က အမြန်ထလာပြီး  "နင်တို့အဲဒီမှာ ဘာတွေပြောနေကြတာလဲ ... ငါ့အတင်းတုပ်နေတာလား ... " ဟု မေးမြန်းလိုက်သည်။


ထိုအခါ မုန့်ချင်းချင်းက ထန်ရှောင်ယန့်ကိုကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်ပြလိုက်တော့လေ၏။


ထန်ရှောင်ယန်၏ မျက်နှာမှာ ချက်ချင်းပင် ဒေါသစိတ်ကြောင့် နီရဲလာသည်။


" ငါသိသားပဲ ကောင်မ ... "


" ထန်ရှောင်ယန် ... ပါးစပ်ပိတ်ထား ... မင်း ချင်းချင်းကို ထပ်ပြီး အနိုင်ကျင့်ရင် နောက်ထပ် အလုပ်လာစရာ အ‌ကြောင်းမရှိတော့ဘူး ... "


လျှိူတုံချန်က ဒေါသထွက်နေသော မျက်နှာထားဖြင့် တံခါးဝတွင် ရုတ်ချည်း ပေါ်လာသောအခါ ထန်ရှောင်ယန့်ခမျာ ငြိမ်သက်သွားခဲ့လေ၏။


ထန်ရှောင်ယန်မှာ ဒေါသစိတ်ကြောင့် သွေးအန်လုမတတ်ပင်။  


" ခဲအို ... သူကအရင် ညီမကို အတင်းတုပ် ... "


သို့သော်လည်း ဤတစ်ကြိမ်တွင် ထန်ရှောင်ယန့်ခမျာ စကားပင် ဆုံးအောင်မပြောလိုက်ရရှာပေ။


လျှိူတုံချန်က သူမကို မျက်မှောင်ကြုတ်လျက် စိုက်ကြည့်လာပြီး " အလုပ်ခွင်မှာ ခဲအိုလို့ မခေါ်ဖို့ မင်းကို ဘယ်နှခါပြောရမလဲ ... ဘယ်လိုလုပ်ပြီး မေ့သွားပြန်တာလဲ ... " ဟု ငေါက်ငမ်းလာလေ၏။


ထန်ရှောင်ယန်မှာ မျက်ရည်များစီးကျလာတော့မလို ခံစားနေရသည်။


သို့သော်လည်း လျှိူတုံချန်က သူမကို ဂရုမစိုက်ဘဲ မုန့်ချင်းချင်းထံသို့ လျှောက်လှမ်းသွားကာ ချစ်ရည်ရွှန်းလဲ့သော အကြည့်များဖြင့် ဆိုလိုက်တော့လေ၏။


" စိတ်မပူနဲ့နော်ချင်းချင်း ... ဘယ်သူ့ကိုမှ မင်းကို အနိုင်ကျင့်ခွင့်မပေးဘူး ... "


 " …… "


မီးဖိုချောင်အတွင်းမှ ထုံရွှယ်လူ့ခမျာတော့ အဆီများသော ခွေးစာတစ်လုတ်ကို မမျှော်လင့်ထားသည့်အချိန်တွင် ထိုးကျွေးခံရသလို ခံစားလိုက်ရရှာလေ၏။

သူမသည် မနေ့ညက စားထားသော ညစာများကိုပင် ပြန်လည်အန်ထုတ်မိတော့မလို ဖြစ်သွားခဲ့သည်။


 ***


တစ်နေကုန် အဆီများသော ခွေးစာများနင်ပြီးနောက် ထုံရွှယ်လူသည် စားသောက်ဆိုင်၌ ညစာမစားတော့ဘဲ အလုပ်ဆင်းသွားခဲ့သည်။


ထိုနေရာတွင် လျှိူတုံချန်ရှိနေသရွေ့ စားချင်သောက်ချင်စိတ်လည်း ရှိနိုင်မည်မဟုတ်ချေ။


ပေါင်မုန့်လုံးလေးနှစ်လုံးဖြစ်သည့် ထုံမျန်မျန်နှင့် ရှောင်ကျိုးတို့ကိုတွေ့သောအခါတွင် ထုံရွှယ်လူတစ်ယောက် စိတ်သက်သာရာရသွားခဲ့သည်။


" အိမ်ပြန်ရောက်လာပြီလား မမ ... "


ထုံမျန်မျန်မှာ ထုံရွှယ်လူ့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ပုပုတုတ်တုတ်ခြေထောက်ကလေးများဖြင့် ယက်ကန်ယက်ကန် ပြေးသွားခဲ့လေ၏။


" မမ ... အိမ်ပြန်ရောက်လာပြီလားဗျ ... "


ရှောင်ကျိုးလေးကလည်း ထုံမျန်မျန်၏ စကားအတိုင်း လိုက်လံပြောကြားကာ အနောက်မှ လိုက်လာခဲ့သည်။


လက်ရှိအချိန်တွင် ပေါင်မုန့်လုံးလေးနှစ်လုံးက သူမ၏ ခြေထောက်နှစ်ဖက်အား အသီးသီးဖက်တွယ်ထားကြလျက်ရှိသည်။သူတို့က ကြည်လင်ရွှန်းလဲ့သော မျက်ဝန်းလေးများဖြင့် ထုံရွှယ်လူ့ကို မော့ကြည့်နေခဲ့ကြပြီး ခွေးပေါက်လေးနှစ်ကောင်ကဲ့သို့ပင် အလွန်ချစ်စရာကောင်းလှပေ၏။


ထုံရွှယ်လူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပေါင်မုန့်လုံးလေးနှစ်လုံး၏ ပါးပြင်များကို နမ်းရှုံ့ပစ်လိုက်တော့သည်။


ထုံမျန်မျန်မှာ ၎င်းကို ကျင့်သားရနေပြီဖြစ်သော်လည်း ရှောင်ကျိုးကတော့ အလွန်ရှက်သွေးဖြာသွားကာ အနမ်းခံရပြီးနောက် သူ၏ မျက်နှာလေးအား လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ထားတော့လေသည်။

ရှောင်ကျိုးလေးမှာ မယုံနိုင်စရာကောင်းလောက်အောင် ချစ်စရာကောင်းလွန်း၏။


ထို့နောက် တတိယမြောက်အ‌နေဖြင့် ခွေးကလေးက အပျော်များကူးစက်ရန် လာရောက်ပူးပေါင်းခဲ့တော့သည်။

လမုန့်လေးက တဝုဝုဟောင်လျက် ခြံထဲမှ ပြေးထွက်လာသည်။အိမ်သို့ ရောက်ခါစကနှင့် ယှဉ်ပါက လမုန့်လေးမှာ အလွန်ထွားလာခဲ့လေပြီ။


ထုံရွှယ်လူမှာလည်း လမုန့်‌ကလေး၏ ကြီးထွားနှုန်းကို သတိပြုမိပြီး များမကြာမီမှာပင် အရွယ်ရောက်လာတော့မည်ဟု ခံစားခဲ့ရသည်။


လမုန့်လေးက အမြီးတနန့်နန့်ဖြင့် ချဉ်းကပ်လာပြီး ထုံရွှယ်လူ၏ ခြေထောက်များအား လျှာဖြင့်ယက်နေသည်။ထိုအချိန်မှာပင် ထုံမျန်မျန်မှာ လမုန့်လေးအား မတော်တဆ တက်နင်းမိသွားတော့လေ၏။


လမုန့်လေးထံမှ ကျယ်လောင်သော ညည်းညူသံ ထွက်ပေါ်လာသည်။ထုံရွှယ်လူလည်း အမြန်ထိုင်ချကာ လမုန့်လေးအား စစ်ဆေးကြည့်လိုက်လေ၏။


လမုန့်လေးမှာ အနည်းငယ် အထိမခံဖြစ်နေပြီး ထုံရွှယ်လူ့အား မှုန်ကုပ်ကုပ်မျက်လုံးများဖြင့် ကြည့်ကာ ခပ်တိုးတိုးလေးပင် ညည်းပြနေလိုက်သေးသည်။


ထုံရွှယ်လူမှာ ထုံမျန်မျန်ကဲ့သို့သော ကလေးအရွယ်ထံမှ အနင်းခံရခြင်းက ပြဿနာကြီးကြီးမားမား မဖြစ်နိုင်ဟု တွေးထင်ထားခဲ့သည်။

သို့သော်လည်း လမုန့်လေးမှာတော့ အနင်းခံရသည့် ဒဏ်ကြောင့် ထော့ကျိုးထော့ကျိုးဖြစ်သွားခဲ့ရှာ၏။


ခွေးကလေးမှာ ထော့နဲ့နဲ့ဖြင့်ကြိမ်ဖန်များစွာ ညည်းတွားလျက် လျှောက်လှမ်းနေရသည်။လွန်စွာပင် သနားစရာကောင်းလွန်းသည်။


ထုံရွှယ်လူမှာ ထိုမျှ ဒဏ်ရာပြင်းထန်လိမ့်မည်ဟု မျှော်လင့်မထားပေ။ထိုခေတ်အခါက တိရိစ္ဆာန်ဆေးကုခန်းများလည်း မရှိသည်ဖြစ်ရာ အကယ်၍ လမုန့်လေးသာ ဆိုးဆိုးရွားရွားနာမကျန်းဖြစ်ခဲ့ပါက မည်သို့လုပ်ရမည်ကို ထုံရွှယ်လူလည်း မတွေးတတ်ချေ။


ထုံမျန်မျန်သည်လည်း သူမကိုယ်သူမ အမှားကျူးလွန်မိကြောင်း သိရှိထားပြီး ပုံမှန်ထက်ပင် ထမင်းလျှော့စား‌ရှာသည်။ထို့ပြင် သူမသည် လမုန့်လေးကို ပွေ့ဖက်ကာ တောင်းပန်စကား တဖွဖွဆိုနေခဲ့လေ၏။


လမုန့်လေးကို နှစ်သိမ့်ရန်အတွက် ထုံရွှယ်လူမှာ သရေစာအချို့ပင်လုပ်ပေးခဲ့သေးသည်။

ဤသို့ဖြင့် လမုန့်လေးမှာ ရုတ်ချည်းပင် အာရုံစိုက်ခံရမှု၏ ဗဟိုချက်ဖြစ်လာခဲ့လေ၏။


ညစာစားချိန်ရောက်သောအခါ လမုန့်လေးက အိမ်ထဲသို့ ပြေးဝင်ကာ အိမ်အတွင်း၌ တစ်ညတာအိပ်စက်ချင်သည့် အရိပ်အယောင်ပြနေခဲ့သည်။


ထုံရွှယ်လူမှာ ယခင်က လမုန့်လေးအား အိပ်ခန်းထဲသို့ တစ်ကြိမ်မှ ပေးမဝင်ဖူးချေ။သူမသည် ခွေးချစ်တတ်သော်လည်း နေရာတကာတွင် ခွေးမွေးများ ပျံ့နှံ့နေမည်ကို မလိုလားသောကြောင့်ဖြစ်သည်။


သို့သော် ယခုအခါတွင် လမုန့်လေးမှာ ဒဏ်ရာရထားပြီး အလွန်သနားစရာကောင်းနေသည်။ထိုအခြင်းအရာကို မြင်သော ထုံရွှယ်လူက လမုန့်လေးအား အိမ်အတွင်း၌ တစ်ညတစ်လေ အိပ်စက်ခွင့်ပေးရန် ဆုံးဖြတ်လိုက်လေ၏။


လမုန့်လေးအတွက် အိပ်ရာပြင်နေစဉ်မှာပင် တစ်ခုခုမူမမှန်သည်ကို ထုံရွှယ်လူ သတိထားမိလိုက်သည်။


ကုတင်အောက်၌ ဝိုင်းပတ်ပြေးနေသော လမုန့်လေးကို ကြည့်ရှုပြီး သူမက ဝေခွဲမရဖြစ်စွာဖြင့်  " လမုန့်လေး ... စောစောက နင် ထော့ကျိုးထော့ကျိုးဖြစ်နေတာ ဘယ်ဘက်ခြေထောက်မဟုတ်ဘူးလား ... အခု ညာဘက်ခြေထောက်က ဘယ်လိုဖြစ်သွားတာလဲ ... " ဟု မေးမြန်းလိုက်သည်။


စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် လမုန့်လေးက လှည့်ပတ်ပြေးနေရာမှ တုံ့ခနဲရပ်ဆိုင်းသွားလေ၏။


ယင်းနောက်တွင် လမုန့်လေးက ခပ်တိုးတိုး ညဉ်းညူကာ ကြမ်းပြင်ပေါ်သို့ ဝပ်ချလိုက်ပြီး လူမိသွားသည့် သနားကမားအကြည့်မျိုးဖြင့် ထုံရွှယ်လူ့အား မော့ကြည့်နေတော့သည်။


ထုံရွှယ်လူမှာ ကနဦးတွင် ဒေါသထွက်သွားခဲ့သော်လည်း ထို့နောက်တွင်မူ အော်ရယ်ချင်လာသည်။ဤလို မူရာမာယာပိုသောခွေးမျိုးက မည်သည့်နေရာမှ ပေါ်လာခဲ့ခြင်းဖြစ်မည်နည်း။


 🍵

ကျူံးရှုလန်မှာ ဝမ်ရူကွေ့အား အလွယ်တကူ လက်လျှော့လိုက်ရပြီးကတည်းက မပျော်မရွှင်ဖြစ်နေခဲ့သည်။


ဝမ်ရူကွေ့ကို သားမက်မတော်ရခြင်းက ပြဿနာမရှိနိုင်သော်လည်း သူမ၏ သမီးဖြစ်သူအား မည်သို့တားဆီးရမည်ကိုတော့ ကျူံးရှုလန် မသိချေ။


ယခုတွင်လည်း ကျောင်းယွီရှစ်က ဝမ်ရူကွေ့အား ငရုတ်ဆော့စ်တစ်ပုလင်းပေးမည်ဟုပြောကာ အားကြိုးမာန်တက်ဖြင့် ငရုတ်ဆော့စ် ကျိုနေလေသည်။


ကျူံးရှုလန်မှာ ထိုသို့ပြုလုပ်ရန် မလိုအပ်ကြောင်း ကြိမ်ဖန်များစွာ ပြောပြချင်ခဲ့သော်လည်း ကိုယ်တိုင်ကိုယ်ကျ ဖွင့်ဟမပြောနိုင်ခဲ့ရှာပေ။


သူမ၏ သမီးဖြစ်သူထံတွင် ထိုမျှလောက်အထိ ကြည်နူးသော အပြုံးမျိုး မတွေ့ရသည်မှာ ကာလကြာညောင်းခဲ့ပြီဖြစ်သည်။


သမီးဖြစ်သူမှာ ၁၀ နှစ်သမီးအရွယ်ကတည်းက မွေးမြူရေးခြံသို့ အပို့ခံခဲ့ရပြီး  ဤနှစ်များတစ်လျှောက်လုံး သူမသည် အစာစားခြင်း သို့မဟုတ် အိပ်စက်ခြင်းများအတွက် အချိန်လုံလုံလောက်လောက် မရရှိခဲ့ပေ။သူမသည် အလုပ်တကာ့ အလုပ်များထဲမှ အညစ်ပတ်ဆုံးသော အလုပ်များကို လုပ်ခဲ့‌ရလေ၏။


ယခုနှစ်များအတွင်း ကျူံးရှုလန်ခမျာ သူမ၏ သမီးအပေါ် အပြစ်ရှိသလို ခံစားနေခဲ့ရသည်။

ဖြစ်နိုင်ပါက သမီးလေးအား ကမ္ဘာပေါ်မှ အကောင်းတကာ့ အကောင်းဆုံးအရာများကိုသာ ပေးချင်မိသည်။


ကျောင်းယွီရှစ်က ငရုတ်ဆော့စ်ပြုလုပ်ပြီးသောအခါတွင် ပြုံးလျက်ဆိုလာခဲ့၏။


" အမေ ... သမီး ဌာနမှူးနဲ့ တခြားသူတွေကို အခုပဲ  ဒါလေးတွေလိုက်ပေးလိုက်ဦးမယ် ... "


ဌာနမှူးဆိုသည်က အပိုဆင်ခြေတစ်ခုဖြစ်သည်ကို ကျူံးရှုလန် သိလေ၏။ အဓိကအားဖြင့် ၎င်းတို့သည် ဝမ်ရူကွေ့ အတွက်သာ ဖြစ်သည်။


သို့သော်လည်း သူမသည် သမီးဖြစ်သူအား မသွားရန် တားဆီးနိုင်စွမ်းမရှိခဲ့ပေ။


ကျောင်းယွီရှစ်မှာ  ဌာနမှူးနှင့် အခြားမန်နေဂျာများအား ငရုတ်ဆော့စ်များ ပေးအပ်ခဲ့ပြီး ထို့နောက်တွင်မူ ဝမ်ရူကွေ့ထံသို့ ဦးတည်ခဲ့လေသည်။