အပိုင်း ၁၃၆
Viewers 30k

🍵Chapter 136

- မယုံနိုင်စရာကောင်းလောက်အောင်ပင် ပြင်းထန်လွန်းသည် 



ကျောင်းယွီရှစ်သည် ဝမ်ရူကွေ့၏ အိပ်ဆောင်သို့ ရောက်ရှိလာသည်။တံခါးပွင့်နေသော်လည်း ဝမ်ရူကွေ့က အထဲတွင် မရှိပေ။ကျောင်းယွီရှစ်သည် တံခါးအပြင်မှ နှစ်ကြိမ်တိုင်တိုင် ခေါ်ခဲ့သော်လည်း သူမကို အကြောင်းပြန်သူ မရှိခဲ့ချေ။


သူမက အထဲသို့ ဝင်သွားကာ ငရုတ်ဆော့စ်ပုလင်းထားပေးပြီး ပြန်ထွက်လာခဲ့ရန် စိတ်ကူးလိုက်လေ၏။သို့သော်လည်း စားပွဲပေါ်သို့ လှမ်းကြည့်မိလိုက်သောအခါတွင်မူ  မှတ်စုစာအုပ်တစ်အုပ်ကို တွေ့လိုက်ရ‌တော့သည်။ယင်းစာအုပ်မှာ ပွင့်လျက်သားဖြစ်နေပြီး အထဲတွင် မိန်းကလေးတစ်ဦး၏ ရုပ်ပုံကို ရေးဆွဲထားလေ၏။


ပုံဆွဲဟန်က အလွန်ရုပ်ကြွလွန်းသည်။ကျောင်းယွီရှစ်မှာ ပန်းချီပုံထဲမှ မိန်းကလေးကို မတွေ့ဖူးသော်လည်း အပြင်တွင် မည်မျှလှပချောမောမည်ကို အတွေးဖြင့်ပင် မှန်းဆကြည့်နိုင်သည်။


မှတ်စုစာအုပ်ကို ကြည့်နေစဉ်တွင် ကျောင်းယွီရှစ်ခမျာ နှလုံးသားတစ်ခုလုံးပြင်းပြင်းထန်ထန် အညှစ်ခံထားရသလို ခံစားနေခဲ့ရ‌၏။ဤအနေအထားက နာကျင်ရပြီး ကူရာကယ်ရာမဲ့သလိုလည်း ခံစားလာရသည်။


ထိုအချိန်မှာပင် အနောက်မှ ခြေသံတစ်ချို့ကို ကြားလိုက်‌ရတော့၏။


" ရဲဘော်ကျောင်း ... ဒီမှာ ဘာလုပ်နေတာလဲ ... "


ကျောင်းယွီရှစ်မှာ အနောက်မှ အသံကိုကြားလိုက်ရသောအခါတွင် တုန်လှုပ်သွားခဲ့သည်။သူမက လှည့်ကြည့်လိုက်ကာ နေရခက်သော အပြုံးမျိုးဖြင့် အလျင်စလို ဆိုလိုက်လေ၏။


" အိမ်မှာ ငရုတ်ဆော့စ်လုပ်ဖြစ်လို့ အမေက ရဲဘော်ဝမ်နဲ့ ရဲဘော်ကျိုးတို့အတွက် ယူလာခိုင်းလိုက်လို့ပါ ... အများကြီးလုပ်ထားတာမဟုတ်လို့ တစ်ပုလင်းပဲပေးနိုင်တယ်ရယ် ... စိတ်တော့မရှိပါနဲ့ ... " 


အမှန်တကယ်တွင် ကျောင်းယွီရှစ်မှာ ဝမ်ရူကွေ့အတွက်သာ ယူဆောင်လာခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်တွင် သူမသည် အကျယ်ချဲ့၍ ပြောဆိုမနေချင်တော့ပေ။


" ကျေးဇူးတင်ပါတယ် ... ရဲဘော်ကျောင်း "


ဝမ်ရူကွေ့က ပြောပြောဆိုဆိုနှင့် စားပွဲနားသို့ ချဉ်းကပ်သွားပြီး မှတ်စုစာအုပ်ကို ပိတ်လိုက်တော့သည်။

လေထုမှာ တိတ်ဆိတ်နေခဲ့လေ၏။


ကျောင်းယွီရှစ်မှာ အလွန့်အလွန့်ပင် နေရထိုင်ရခက်နေခဲ့သည်။

 ‌

" ကျွန်မ တောင်းပန်ပါတယ်နော် ... ဒီအတိုင်းကြီး ဝင်မလာခဲ့သင့်ဘူး ... ဒါပေမယ့် စိတ်မပူပါနဲ့ ရဲဘော်ဝမ် ...  ကျွန်မ ဘယ်သူ့ကိုမှ ဘာမှ မပြောပါဘူး ... "


ထိုအခါ ဝမ်ရူကွေ့က တစ်ဖက်သို့လှည့်ပြီး " ကျေးဇူးပါ " ဟု တည်တည်ငြိမ်ငြိမ်ဆိုလိုက်လေ၏။


ကျောင်းယွီရှစ်မှာ ထိုနေရာတွင် ဆက်မနေနိုင်တော့သလို ခံစားခဲ့ရသည်။သူမ၏ မျက်နှာတစ်ပြင်လုံးမှာလည်း နီရဲနေခဲ့လေ၏။


" ကျွန်မမှာ တခြားကိစ္စတွေ ရှိသေးတယ် ... နောက်မှတွေ့ကြပါ့မယ် ... "

 

ဝမ်ရူကွေ့မည်သည်ကိုမှ ပြန်မပြောနိုင်ခင်မှာပင် ကျောင်းယွီရှစ်က ထိုနေရာမှ ခပ်သုတ်သုတ်ထွက်ခွာသွားတော့လေသည်။


သူမသည် အချိန်အတော်ကြာ ပြေးသွားခဲ့ပြီးနောက် တစ်‌နေရာတွင် ရပ်တန့်ကာ အနောက်သို့ ပြန်လှည့်ကြည့်ခဲ့၏။


အိပ်ဆောင် စင်္ကြံတွင် လူသူကင်းမဲ့နေ‌သည်။


ကျောင်းယွီရှစ်မှာ မျက်လုံးများ ခြောက်သွေ့နေသလို ခံစားနေရရှာသည်။တစ်စုံတစ်ယောက်၏ ထိုးနှက်ချက်က သူမကို ငိုချင်စိတ်ပေါက်လာစေ၏။


ဝမ်ရူကွေ့၏ စိတ်ထဲ၌ တစ်စုံတစ်ယောက်ရှိနေနှင့်လေပြီ။ထို့အပြင် ယင်းမိန်းကလေးက လွန်စွာပင် ချော‌မောလှပလွန်းသည်။သူမကို လူကိုယ်တိုင်မတွေ့ဖူးသော်လည်း ဝမ်ရူကွေ့နှင့်သာဆိုလျှင် လိုက်ဖက်ညီသောစုံတွဲဖြစ်လာမည်ကို စိတ်ကူးကြည့်၍ ရသည်။


ကျောင်းယွီရှစ်မှာ သူမ၏ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်လိုက်ပြီး လည်ချောင်းများ ခြောက်သွေ့သလို ခံစားနေခဲ့ရသည်။


မိုးကောင်းကင်ယံ၌ တိမ်များ ညို့နေပြီး မိုးတိမ်များထူထပ်လျက်ရှိပေ၏။


" ဂျိမ်းးး ...."


ရုတ်တရက် ကောင်းကင်တစ်ခွင် လျှပ်စီးလက်လာပြီး ကျယ်လောင်သော အသံကြီးတစ်ခုက လေထု‌ထဲတွင် ပေါက်ကွဲသွားသည်။


ကျောင်းယွီရှစ်မှာလည်း လန့်ဖျပ်သွားပြီး ခြေထောက်ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေ၏။ယင်းနောက်တွင်မူ ခြေကျင်းဝတ်မှ နာကျင်မှုဒဏ်ကို ခံစားလိုက်ရသည်။


ကျောင်းယွီရှစ်မှာ အကြိမ်ပေါင်းများစွာ ရုန်းကန်သော်ငြားလည်း ပြန်မထနိုင်ခဲ့ပေ။


နောက်ဆုံးတွင် မကျေနပ်ချက်များနှင့် စိတ်ခံစားချက်များက ပွင့်ထွက်လာခဲ့ပြီး ကျောင်းယွီရှစ်မှာ ဒူးပိုက်လျက်သား တိတ်တိတ်လေး ထိုင်ငိုနေခဲ့တော့သည်။


ဝမ်ရူကွေ့ကို ပထမဆုံးအကြိမ်မြင်ဖူးခဲ့စဉ်က သူသည် ဝါးတောတစ်ခုရှေ့တွင် ရပ်နေခဲ့လေ၏။ထိုအခြင်းအရာကပင် သူမအား  ဝမ်ရူကွေ့ကို လူရည်လူမွန်တစ်ဦးအဖြစ် သိသာထင်ရှားစွာ ထင်မြင်စေခဲ့သည်။


အပြန်လမ်းတစ်လျှောက်လုံးတွင်လည်း သူသည် သူမ၏ မိသားစုကို ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးခဲ့သည်။ထိုအချိန်က ဝမ်ရူကွေ့မှာ သူမအတွက် မယုံနိုင်စရာကောင်းလောက်အောင်ပင် ဆွဲဆောင်မှုရှိနေခဲ့လေ၏။


သူမတို့နှစ်ဦးမှာ မကိုက်ညီကြကြောင်း သိရှိပြီးဖြစ်သော်လည်း ‌ကျောင်းယွီရှစ်သည် မျှော်လင့်ချက်များ မထားဘဲ ‌မနေနိုင်ခဲ့ပေ။သို့သော်လည်း ယခုတွင်မူ ယင်းမျှော်လင့်ချက်များအားလုံး ပျက်ပြားသွားကာ သူမကိုယ်သူမ ရယ်စရာကောင်းသလို ခံစားလိုက်ရသည်။


ပဲစေ့အရွယ် မိုးရေစက်များက အပေါ် မှ ကျဆင်းလာကာ ယင်းတို့က အေးစက်ပြီး နာကျင်စေသည်။သို့သော် ကျောင်းယွီရှစ်မှာ မည်သည်ကိုမှ မခံစားရချေ။


ထိုအချိန်မှာပင် မလှမ်းမကမ်းမှ တစ်စုံတစ်ယောက်က သူမကို လှမ်းခေါ်နေသည်ကို ကျောင်းယွီရှစ်ကြားလိုက်ရသည်။


" ယွီရှစ်ရေ... ဘယ်မှာလဲ ... "


ခေါ်သံကြောင့် ကျောင်းယွီရှစ်က မော့ကြည့်ခဲ့လေ၏။သူမ၏ မျက်ရည်များက မိုးရေနှင့်အတူတကွ လှိမ့်ဆင်းသွားပြီး ငိုနေကြောင်း အတိအကျပြောရန် မဖြစ်နိုင်တော့ချေ။


ကျူံးရှုလန်က ထီးတစ်လက်ဖြင့် ရောက်လာခြင်းပင်။သူမ၏ သမီးဖြစ်သူက မြေပြင်ပေါ်တွင် ထိုင်လျက်သားရှိနေသည်ကို မြင်သောအခါ ကျူံးရှုလန်တစ်ယောက် စိုးထိတ်သွားတော့လေ၏။


" အမေ ... သမီး ဒီမှာ ... "


" ဘာဖြစ်လို့လဲ ယွီရှစ် ...  ဘာလို့ဒီမှာထိုင်နေတာလဲ ... "


" သမီး ခြေခေါက်ပြီးလဲသွားလို့ပါ ... "


ခြေခေါက်လဲခြင်းသာဖြစ်ကြောင်း သိရှိလိုက်ရသောအခါ ကျူံးရှုလန်တစ်‌ယောက်စိတ်သက်သာရာရသွားခဲ့သည်။

သူမက သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဘာလို့ဒီလောက်နမော်နမဲ့နိုင်ရတာလဲ သမီးရဲ့ ... " ဟု ဆိုလာခဲ့လေ၏။


ကျောင်းယွီရှစ်လည်း သူမ အမေ၏ လက်ကိုတွဲကာ မတ်တပ်ရပ်လိုက်သည်။


" အမေ ... ဘာလို့ဒီရောက်လာတာလဲ ... "


" သမီးသွားတာကြာပြီလေ ... မိုးလည်းရွာလာတော့ စိတ်ပူလို့လိုက်လာတာ ... ကံကောင်းပြီး တွေ့လိုက်လို့သာပေါ့ ...  မဟုတ်ရင် ဒီမှာ ဘယ်လောက်ကြာကြာ ထိုင်နေရမယ်မှန်း ဘယ်သူသိနိုင်မှာလဲ ... "


ကျောင်းယွီရှစ်က နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ် စေ့ထားလိုက်ပြီး  "အမေက အကောင်းဆုံးပဲ ... " ဟု ပြောလိုက်သည်။


ကျူံးရှုလန်မှာမူ တစ်စုံတစ်ရာ မူမမှန်ဖြစ်နေသည်ကို သတိထားမိလေ၏။


" သမီး ရူကွေ့‌ဆီ .... "


ကျူံးရှုလန် စကားမဆုံးသေးမီမှာပင် ကျောင်းယွီရှစ်က စကားဖြတ်ပြောလာခဲ့သည်။


" အမေ ...  သွားရအောင် ... သမီးအေးလာပြီ ... "


သမီးဖြစ်သူ နေမကောင်းဖြစ်မည်ကို စိုးရိမ်သဖြင့် ကျူံးရှုလန်သည် မေးခွန်းများ ဆက်မေးရန် ဂရုမထားတော့ပေ။

သူမက ကျောင်းယွီရှစ်ကို တွဲပေးပြီး ခြေလှမ်းများကို အရှိန်မြှင့်တင်လိုက်လေ၏။


ထိုညတွင် ရေနွေးဖြင့် ရေချိုးခဲ့သော်လည်း ကျောင်းယွီရှစ်မှာ အဖျားတက်သွားခဲ့သေးသည်။



ကျောင်းယွီရှစ် ထွက်ခွာသွားပြီးနောက် ဝမ်ရူကွေ့သည် ငရုတ်ဆော့စ်ပုလင်းကို ကျိုးရန်ထံသို့ ပေးအပ်ခဲ့သည်။


သူ့ထံတွင် ချစ်မေတ္တာများဖြင့် ပြုလုပ်ထားသော ငရုတ်ဆော့စ်နှစ်ပုလင်း ရှိနှင့်ပြီးသားဖြစ်သည်။ထို့ကြောင့်ပင် ဤအရာများကို ကျိုးရန်ထံ ပေးကမ်းလိုက်သင့်ပေ၏။


"စွန့်ပစ်ခြင်း" ခံရပြီးကတည်းက ကျိုးရန် သည် အိပ်ရေးပျက်ခဲ့ပြီး မုတ်ဆိတ်ပင် မရိတ်နိုင်တော့ရှာပေ။သူ့ကို ကြည့်ရသည်မှာ အလွန်ပင် ဖရိုဖရဲဖြစ်နေပြီး နှစ်အနည်းငယ်ခန့် ပိုမို အိုစာသွားသလိုပင်။


ဝမ်ရူကွေ့က သူ့အား ငရုတ်ဆော့စ်တစ်ပုလင်းလုံးပေးလာသောအခါတွင် ကျိုးရန်မှာ အလွန်ပင် ရင်ထဲထိသွားတော့လေသည်။


" အနှေးနဲ့အမြန် ဒီလိုပဲ ဖြစ်လာမယ်ဆိုတာ သိနေတယ် ...  မင်းက အကောင်းဆုံးပဲ ... ငါလည်း အခု မင်းလိုပဲ လူလွတ်ဖြစ်သွားပြီ ရူကွေ့ရာ ... "


ဝမ်ရူကွေ့သည် သူ၏ ပုခုံးပေါ်မှ ကျိုးရန်၏ လက်ကို ပုတ်ချလိုက်ပြီး

" ငိုချင်ရင် ကိုယ့်ဘာသာကိုယ်သွားငို ... ငါပစ္စည်းတွေ စီရဦးမယ် ... " ဟု ပြောလိုက်လေ၏။


 ကျိုးရန် "……"


မည်သို့သော ညီအစ်ကိုမျိုးနည်း။ဤလိုအချိန်မျိုး၌ အနားတွင်ရှိပေးကာ သူပြောသည့်စကားများကို နားထောင်ပေးသင့်သည် မဟုတ်ပါလော။


ဝမ်ရူကွေ့မှာ ကြေကွဲလူငယ် ကျိုးရန်ကို ချန်ရစ်ထားခဲ့ပြီး သူ၏ အိပ်ဆောင်ထဲသို့ အမြန်ပြန်ဝင်သွားခဲ့လေ၏။

ယခုအချိန်တွင် သူ့ထံ၌ ဆိုင်ရာပိုင်ရာရှိသောကြောင့် ကောင်မလေးထံသို့ စာရေးရန် လိုအပ်သည်။ကျိုးရန် ပေါက်ပေါက်ဖောက်သမျှကို နားထောင်ပေးနေရန် အချိန်မရှိပေ။


" ဂျိမ်းး ..."

ကျယ်လောင်သော မိုးချုန်းသံက ဝန်းကျင်တစ်ခွင် ပျံ့နှံ့သွားသည်။


ဝမ်ရူကွေ့မှာ ကျောင်းယွီရှစ်ကို တွေးမိသွားသေးလေ၏။သို့သော်လည်း သူနေထိုင်သောနေရာမှ ပါမောက္ခ၏ နေအိမ်အထိ ၂ မိနစ်ခန့်သာ လမ်းလျှောက်ရသည်။ကျောင်းယွီရှစ်မှာ လွန်ခဲ့သော ၁၀ မိနစ်ခန့်က ထွက်ခွာသွားခဲ့သည်ဖြစ်ရာ ယခုလောက်ဆိုလျှင် အိမ်ပြန်ရောက်နေလောက်မည်ပင်။


ထို့ကြောင့်ပင် ဝမ်ရူကွေ့သည် ၎င်းအတွေးကို စိတ်ထဲမှ ထုတ်ပစ်လိုက်လေ၏။ယင်းနောက်တွင် သူက ဘောပင်နှင့် စာရွက်များကို ထုတ်ယူပြီး စာတစ်စောင်ကို စတင်ရေးသားတော့လေသည်။


'           ရဲဘော်ထုံ ... ဒီစာက ရဲဘော်ထုံ့ဆီကို အဆင်ပြေပြေရောက်သွားမယ်လို့မျှော်လင့်ပါတယ် ... ကျွန်တော့်ဆီကို စာပြန်ရေးလို့ ဝမ်းသာပါတယ် ... အခြေစိုက်စခန်းမှာက အထည်လက်မှတ်တွေ သုံးလို့မရတာမလို့ အားမနာပါနဲ့ ...   နောက်ဆုံး တွေ့ကြတုန်းက ချစ်သူရည်းစားတွေအနေနဲ့ အချင်းချင်း ပိုသိကြသင့်သေးတယ်လို့ ပြောခဲ့တယ်နော် ... ရဲဘော်ထုံ့ကို ကျွန်တော့်အကြောင်း တစ်ခါမှ မပြောဖူးတာ သတိရသွားတယ် ... အဲဒါကြောင့် အခု ပြောပြလိုက်ပါ့မယ် ...

            ကျွန်တော့်အသက် ၂၅ ပါ ... ဇာတာခွင်ကတော့ ခွေးပါ ... အရပ် ၁.၈၂မီတာရှိပြီးတော့ အဆင့် ၂ အစိုးရ သုတေသီတစ်ယောက်ပါ ... ကျွန်တော့်ရဲ့ တစ်လဝင်ငွေက ယွမ် ၂၇၈.၅၀ နဲ့ အထက် ရှိပါတယ် ... ကျွန်တော့်မှာ မွေးချင်းမရှိပေမယ့် ဝမ်းကွဲတွေတော့ ရှိတယ် ... 

           ရဲဘော်ထုံ ကျွန်တော့်အကြောင်း တခြားသိချင်တာ ရှိသေးရင် စာပြန်ရေးပြီး မေးပေးပါ ... အားလုံးကို အသေးစိတ်ပြောပြပါ့မယ်လို့ ကျွန်တော် ကတိပေးပါတယ် ... "


စာမူကြမ်းကို ပြင်ဆင်ကာ အမှားအယွင်းမရှိကြောင်း သေချာအောင်စစ်ဆေးပြီးနောက်တွင် ဝမ်ရူကွေ့သည် ၎င်းကို အခြားစာရွက်ပေါ်တွင် အချောသတ် ရေးခဲ့လေ၏။

သူသည် လက်ရေးစာအား စာအိတ်ထဲသို့မထည့်မီ သုံးကြိမ်တိုင်တိုင်ပြန်လည်စစ်ဆေးခဲ့သေးပြီး ထို့နောက်တွင်မူ စာအိတ်ကို ပိတ်ခဲ့လိုက်သည်။


ကံဆိုးစွာဖြင့်ပင် အပြင်ဘက်၌ မိုးရွာသွန်းနေသည်။မဟုတ်လျှင် စာတိုက်သို့ ယခုချက်ချင်းပင် ထွက်ခွာသွားမိမည်ဖြစ်လေ၏။ထိုမှသာ ရဲဘော်ထုံက သူ့ထံမှစာကို မြန်မြန်ဖတ်နိုင်လိမ့်မည်။ယင်းသို့တွေးတောရင်း ဝမ်ရူကွေ့မှာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။


ထို့နောက်တွင် သူသည် မြေပဲကြွပ်အချို့ကို ထုတ်ယူစားသုံးခဲ့လေ၏။မွှေးကြိုင်ပြီး အရသာရှိလှသဖြင့် ဝမ်ရူကွေ့တစ်ယောက် စိတ်ပျော်ရွှင်သွားခဲ့သည်။


ဘေးအခန်းမှ ကျိုးရန်မှာမူ ငရုတ်ဆော့စ်ကို အသုံးပြု၍ ခေါက်ဆွဲပြုလုပ်နေခဲ့သည်။သူသည် အာရုံထွေပြားနေခဲ့သော်လည်း နောက်ဆုံးတွင် လုပ်ကိုင်ပြီးစီးသွားကာ ရေတစ်ခွက် ခပ်လိုက်လေ၏။


ခေါက်ဆွဲအား မြည်းစမ်းကြည့်ပြီးသောအခါတွင်မူ ကနဦးမှ ရေခွက်ကို အမြန်ဆွဲယူပြီး တစ်ငုံသောက်လိုက်ရတော့သည်။


" သောက်ရမ်း စပ်တာပဲဟ ... "


ကျိုးရန်တစ်ယောက် စူးနင့်စွာ အော်ဟစ်မိသွားသည်။


🍵


မိုးရွာနေသဖြင့် ထိုနေ့ညနေပိုင်းက အစိုးရပိုင်စားသောက်ဆိုင်သို့ လာရောက်သူ သိပ်မရှိပေ။ဆိုင်တွင် လူကြဲသဖြင့် အစိုးရပိုင် စားသောက်ဆိုင်မှာ စောစောပိတ်သိမ်းခဲ့လေ၏။


အပြင်တွင် မိုးဖွဲများကျနေဆဲဖြစ်သော်လည်း ထုံရွှယ်လူမှာ ထိုကြားထဲမှ အိမ်ပြန်သွားခဲ့သည်။


သူမသည် တစ်နေ့လုံး မုန့်ချင်းချင်းနှင့် စကားများများစားစားမပြောခဲ့ဘဲ မုန့်ချင်းချင်း၏ တွေဝေနေသော အမူအရာများကိုလည်း လျစ်လျူခဲ့သည်။


အိမ်ပြန်ရောက်သည်နှင့် ခြံထဲမှ ဆူညံသံများအား ထုံရွှယ်လူ ကြားလိုက်ရတော့လေ၏။


" ဟေ့ကောင် ရှောင်လျို့ ... အေးဆေးနေစမ်း ... ငါ့ကို ဆိတ်မနေနဲ့တော့ ...   ငါက မင်းကို မိုးရေမစိုအောင် လှောင်ချိုင့်ထဲ သွင်းပေးနေတာ ... "


" ကတော် ... ကတော် ... ကတော် ... "


" ရပ်စမ်း ...  ရှောင်လျို့  အခုမရပ်ရင် မင်းကို ကြက်စွပ်ပြုတ်လုပ်စားပစ်မှာနော် ... "


" ကတော် ... ကတော် ... ကတော် ... "


ထိုခေတ်ကာလတွင် တိရိစ္ဆာန်များအားလုံးမှာ ဉာဏ်ရည်ထက်မြက်ကြလေ၏။ရှောင်လျို့သည်လည်း ထုံကျားရှင်းအား နေရာအနှံ့ ပြေးလိုက်နေ‌သည်။


ထုံရွှယ်လူမှာ ထိုအခြင်းအရာကို မြင်သောအခါ အော်ရယ်မိတော့လုဆဲဆဲပင်။


ထုံကျားရှင်းမှာ ထုံရွှယ်လူ့ကိုမြင်သောအခါ ရပ်တန့်သွားသည်။


" အစ်မ ... ဘယ်ကတည်းက ရောက်နေတာလဲ ...စောစောက ပြောလိုက်တာက ဒီတိုင်း နောက်တာနော် ... ကျွန်တော် ရှောင်လျို့ကိုမသတ်ပါဘူး ... "


ထိုအခါ ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်လေ၏။

" သိတယ် ... ငါ့ခွင့်ပြုချက်မရှိဘဲ မလုပ်ရဲဘူးဆိုတာ ...  မြန်မြန် ပြီး‌အောင်လုပ်ပြီး အထဲကို ဝင်တော့ ... မိုးရွာနေတယ် ... မဖျားစေနဲ့ ... "


ထုံကျားရှင်းသည် ထိုစကားကိုကြားသောအခါ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်တော့သည်။

သူသည် လက်ရှိအချိန်တွင် အစ်မဖြစ်သူအား အလွန်ပင် ကျိုးနွံနေပြီဖြစ်လေ၏။မဟုတ်လျှင် အစ်မကြီးက သူ့အား အသားမစားရန် ပိတ်ပင်လာနိုင်သည်။


ထိုအခြင်းအရာက သူ့ကို သတ်လိုက်သည်ထက်ပင် ပိုမိုဆိုးရွားသေးသည်။