အပိုင်း ၁၃၇
Viewers 30k

🍵Chapter 137

- မယုံနိုင်စရာကောင်းလောက်အောင်ပင် ပြင်းထန်လွန်းသည်  (၂)



ထုံရွှယ်လူ အိမ်ထဲသို့ဝင်လာပြီး မထိုင်နိုင်သေးမီမှာပင်  ခွေးပေါက်လေး သုံးကောင် က သူမထံသို့ ထော့ကျိုးထော့ကျိုးဖြင့် လာရောက်နေကြသည်ကို တွေ့လိုက်ရတော့၏။

အရှေ့ဆုံးတွင်မူ လမုန့်လေးက ဦးဆောင်လျက်ရှိပြီး အနောက်တွင် ထုံမျန်မျန်နှင့် ရှောင်ကျိုးတို့က အသီးသီးလိုက်ပါလာကြသည်။


ခွေးတစ်ကောင်နှင့် ကလေးနှစ်ယောက်က တမင်တကာ ထော့ကျိုးထော့ကျိုး ပုံစံ ပြုလုပ်နေကြခြင်းပင်။


လမုန့်လေးက အပြေးအလွှားလာပြီး နောက်ဘက်ခြေထောက်ကို အသုံးပြုကာ  အလိုလိုလဲကျသွားချင်ယောင်ဆောင်လေသည်။ယင်းနောက်တွင်မူ လမုန့်လေးက တအီအီအော်မြည်လျက် ပွတ်သပ်နှစ်သိမ့်ပေးပါရန် အသနားခံနေတော့၏။


ထုံမျန်မျန်သည်လည်း သူမ၏ ခြေထောက်များအား လက်ဖြင့်ဖိထားလျက် ရောက်ရှိလာသည်။သူမသည် ထုံရွှယ်လူ့အား မျက်ဝန်းဝိုင်းဝိုင်းများဖြင့် သနားကမားကြည့်ရှုလျက် ဆိုလိုက်တော့လေ၏။


" မမ ... မျန်မျန်လည်း ခြေထောက်နာတယ် ... မမဆီက အနမ်းတွေ လိုအပ်တယ် ... "


ရှောင်ကျိုးမှာမူ ကျန်နှစ်ဦးနှင့်စာလျှင် အနည်းငယ် တောင့်တောင့်ကြီးဖြစ်နေခဲ့သည်။သို့သော်လည်း သူက ထုံရွှယ်လူ့ကို စူးစိုက်ကြည့်ကာ ထပ်တလဲလဲ ခေါင်းညိတ်ပြရင်း ဝင်ရောက်ထောက်ခံပေးရှာလေ၏။


ထုံရွှယ်လူမှာ ရယ်မောချင်စိတ်ကို မထိန်းချုပ်နိုင်ရှာပေ။သရုပ်ဆောင်များနှင့် ပြည့်နှက်နေသော အိမ်ပင်။


သူမသည် ချစ်စဖွယ် ခွေးပေါက်လေးသုံးကောင်စလုံးကို နမ်းရှုံ့လိုက်ပြီး ၎င်းတို့၏ ခြေထောက်များအား အံ့ဖွယ်နည်းဖြင့် ကုသပေးခဲ့လေသည်။


 ***


မိုးရွာသဖြင့် အပူချိန်လည်း ကျဆင်းသွားသည်။


နောက်တစ်နေ့ ထုံရွှယ်လူ အိပ်ရာထလာပြီးနောက်တွင် ရာသီဥတုမှာ ပိုမိုချမ်းအေးလာသည်။ရုတ်ချည်း ဆောင်းရာသီရောက်သွားသလိုပင်။


ထုံရွှယ်လူမှာ နိုးထလာပြီးနောက် ထုံမျန်မျန်နှင့် ရှောင်ကျိုးတို့အား အဝတ်ထူထူများ ဝတ်ပေးရန် ကြိုးစားခဲ့သည်။ရှောင်ကျိုးထံတွင် အဝတ်အစားများမရှိသည့်အတွက် ထုံရွှယ်လူမှာ မလွှဲသာဘဲ ထုံမျန်မျန်၏ အဝတ်အစားများကိုသာ ဝတ်ပေးခဲ့ရလေ၏။


သို့သော်လည်း ရှောင်ကျိုးမှာ ထိုအဝတ်အစားများနှင့် လွန်စွာလိုက်ဖက်သည်။မိန်းကလေးအဝတ်အစားကို ဝတ်လိုက်သည်နှင့်တစ်ပြိုင်နက် ရှောင်ကျိုးမှာ ချက်ချင်းပင် ကလေးမလေးတစ်ယောက်ကဲ့သို့ အသွင်ပြောင်းသွားတော့သည်။


ထုံကျားရှင်းသည် ရောင်စုံချည်သားအပေါ်ထပ်ကို ဝတ်ဆင်ထားလျက်ရှိသည့်  ရှောင်ကျိုးကိုမြင်သောအခါ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ကာ ရယ်မောတော့လေ၏။


" ဟားဟားဟား ...  ညီမလေး ရှောင်ကျိုး ... ရှောင်ကျိုးက မိန်းကလေးဖြစ်သွားပြီဟေ့ ... "


ထိုအခါ ရှောင်ကျိုးလေး၏ မျက်နှာက နီရဲလာကာ သူက ခေါင်းငုံ့ပြီး မည်သည်ကိုမှ မပြောတော့ပေ။


ယင်းအချိန်တွင် ထုံရွှယ်လူက ထုံကျားရှင်းကို စူးစိုက်ကြည့်နေခဲ့လေ၏။

ထုံကျားရှင်းခမျာ လန့်ဖျပ်ပြီး တံတွေးသီးလုနီးပါးပင် ဖြစ်သွားသည်။ယင်းနောက်တွင် သူက အရိပ်အကဲသိစွာဖြင့် အမြန် ပါးစပ်ပိတ်ထားလိုက်တော့၏။


ယနေ့ မိုးရွာသောကြောင့် ထုံကျားမင်မှာ ကျောင်းသို့ စက်ဘီးတွန်းမသွားသင့်ကြောင်း အကြံပြုနေခဲ့သည်။


ထုံရွှယ်လူမှာ ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားတော့သည်။

" တွန်းတာလား ... ကျောင်းကို စက်ဘီး စီးမသွားဘဲ တွန်းပြီးတော့ သွားနေကြတာလား ... "


ထုံကျားမင်၏ မျက်နှာမှာချက်ချင်းပင် နီရဲသွားသည်။သူက ခေါင်းညိတ်ပြပြီး " အခုထိ လူတင်ပြီး မစီးနိုင်သေးလို့ပါ ... " ဟု ရှင်းပြလာခဲ့လေ၏။


ထုံရွှယ်လူ့ခမျာ အံ့သြသွားတော့သည်။


" လူမတင်နိုင်ဘဲနဲ့ ဘာလို့နေ့တိုင်း စက်ဘီးကို ကျောင်းအထိ တွန်းသွားနေသေးလဲ မပင်ပန်းဘူးလား ... "


ထိုအခါ ထုံကျားရှင်းက ဝင့်ကြွားစွာဖြင့် ဝင်ရောက်ပြောကြားလာလေသည်။


" နည်းနည်းတော့ ပင်ပန်းပေမဲ့ ကြီးကြီးမားမားမဟုတ်ပါဘူး ... ကျွန်တော်တို့ကို ကြိတ်ပြီး အားကျနေတဲ့လူ ဘယ်လောက်တောင်များလဲဆိုတာ အစ်မ မသိပါဘူး ... "


 ထုံရွှယ်လူ "……"


ထုံကျားမင်၏မျက်နှာမှာ ပိုလို့ပင်နီရဲလာတော့၏။ထိုစကားက မည်မျှပင် ဂုဏ်‌မောက်သည့်သဘောသက်ရောက်ကြောင်း သူလည်း သတိပြုမိပုံရသည်။


*** 


ထုံရွှယ်လူသည် ရှောင်ကျိုး၏ ‌အရေးကိစ္စများကို မေးမြန်းရန် အလုပ်သွားသည့်လမ်းတွင် ရဲစခန်းသို့ လမ်းကြုံဝင်ခဲ့လေ၏။

ပြန်ပေးဆွဲသူများထံမှ အချက်အလက်အနည်းငယ်သာ ရရှိကြောင်း အရာရှိကျန်း က သူမကို အသိပေးခဲ့သည်။‌ထိုသူတို့၏ အဆက်အသွယ်ထံတွင် " အမာရွတ် " ဟူသော အမည်ပြောင်ရှိသည့် အချက်ကိုသာ သိရှိရသေးလေ၏။


ယင်းအမျိုးသားမှာ မျက်နှာပေါ်၌ ရှည်လျားသော အမာရွတ်ကြီးတစ်ခုရှိပြီး အသက် ၃၅ နှစ်ဝန်းကျင်ခန့်ဟု ထွက်ဆိုကြသည်။ရဲဘက်က ထိုသူ၏ ပုံကြမ်းများကို ပြီးမြောက်အောင် လုပ်ကာ စတင် ရှာဖွေနေပြီဖြစ်လေ၏။ထိုလူကိုသာ ရှာတွေ့ပါက ရှောင်ကျိုးမည်သူမည်ဝါမှန်း သိရှိလာနိုင်သည်။


ရက်များ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ရှောင်ကျိုး၏ မိသားစုဘက်က တိုင်ချက်ဖွင့်မလာသေးပေ။ထိုအရာက ထူးဆန်းလွန်းသည်။


ထို့ပြင် ရှောင်ကျိုး၏ အသွင်အပြင်ကို အကဲခတ်ကြည့်လျှင်လည်း လျစ်လျူရှုခံထားရသော ကလေးတစ်ယောက်နှင့် မတူပေ။


ထုံရွှယ်လူမှာ အလွန်ထူးဆန်းနေသည်ဟု ခံစားခဲ့ရသော်လည်း မည်သို့ဖြစ်သွားသည်ကိုတော့ မသိရှိနိုင်သေးချေ။


ထုံရွှယ်လူ စားသောက်ဆိုင်သို့ ရောက်ရောက်ချင်းမှာပင် လျှိူတုံချန်က သူမထံသို့ ပြေးဝင်လာခဲ့၏။သူက သူမကို စူးစူးရဲရဲစိုက်ကြည့်နေလေသည်။


" နင် ချင်းချင်းကို ဘာတွေပြောထားတာလဲ ... "


ထိုအခါ ထုံရွှယ်လူက မျက်မှောင်ကြုတ်လျက် လျှိူတုံချန့်အား အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။


" ဘာတွေပြောနေတာလဲ နားမလည်ဘူး ... "


လျှိူတုံချန်က သူမကို စိုက်ကြည့်နေဆဲပင်။


" အရူးကွက်နင်းဖို့ မကြိုးစားနဲ့ ... နင် မနေ့က မီးဖိုချောင်ထဲမှာ ချင်းချင်းနဲ့ စကားအကြာကြီး ပြောခဲ့တယ်မလား ... နင်သူ့ကို တစ်ခုခုတော့ ပြောလိုက်မှာပဲ ... မဟုတ်ရင် သူက ဒီနေ့ သူ့ကိုယ်သူဆွဲကြိုးချဖို့ ဘာလို့ လုပ်မှာလဲ ... "

 

သူမကိုယ်သူမ ကြိုးဆွဲချရန် ကြံစည်သည်ဟု ဆိုလိုက်သ‌လော။


ထုံရွှယ်လူတစ်ယောက် လန့်ဖျပ်သွားလေသည်။


" အခုရော ချင်းချင်း ဘယ်လိုနေသေးလဲ .. သူ အဆင်ပြေရဲ့လား ..."


လျှိူတုံချန်၏ မျက်လုံးများက မီးဟုန်းဟုန်းတောက်နေပြီး သူသည် ထုံရွှယ်လူ့အား တစ်စစီဆွဲဖြဲချင်နေသလိုပင်။


" စိတ်မပူနဲ့ ... သူဘေးကင်းတယ် ...  ဒါပေမယ့် ဟိုတစ်နေ့က နင် သူ့ကို ဘာပြောခဲ့တာလဲ ... နင် သူ့ကို တစ်ခုခုပြောခဲ့တယ်မလား ... မဟုတ်ရင် သူက ငါနဲ့ ဘာလို့ လမ်းခွဲချင်ရတာလဲ ... "


သုံးရက်သာ တွဲခုတ်ရသေးသော်လည်း မုန့်ချင်းချင်းက လျှိူတုံချန့်အား စွန့်ပစ်နေချင်လေပြီ။လျှိူတုံချန်နှင့်လမ်းခွဲချင်သဖြင့် သူမကိုယ်သူမ ကြိုးဆွဲချသည့်အထိပင်။


မယုံနိုင်စရာကောင်းလောက်အောင်ပင် ပြင်းထန်လွန်းပေ၏။


ထုံရွှယ်လူသည် မုန့်ချင်းချင်း အဆင်ပြေကြောင်း ကြားသိရသောအခါ စိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။


နောက်ဆုံးအပိုင်းကို ထပ်မံကြားလိုက်ရသောအခါတွင် သူမ အံ့အားသင့်သွားခဲ့ရပြန်လေ၏။


မုန့်ချင်းချင်းသည် မိသားစု စီစဉ်သည့်အတိုင်း လိုက်နာကာ လျှိူတုံချန်နှင့်လက်ထပ်ပြီး ကလေးများမွေးမည်ဟု သူမ ထင်ထားခဲ့သည်။

မုန့်ချင်းချင်းထံတွင်  ပုန်ကန်ရန် သတ္တိရှိလိမ့်မည်ဟု ထုံရွှယ်လူ မျှော်လင့်မထားပေ။


သူမ၏ မိသားစုက လျှိူတုံချန်နှင့် လမ်းခွဲရန် သဘောမတူကြသဖြင့် မုန့်ချင်းချင်းမှာ ကြိုးဆွဲချခြင်းကဲ့သို့သော လွန်ကဲသည့် အမူအကျင့်တစ်ခုကို ရွေးချယ်ပြုလုပ်ခဲ့ပုံရသည်။သူမ၏ ကြိုးစားအားထုတ်မှုက လုံးဝအချည်းနှီးမဖြစ်‌ခဲ့ပေ။အနည်းဆုံးတော့ မုန့်မိသားစုမှာ လျှိူတုံချန်နှင့်ပြတ်စဲရန် သဘောတူညီခဲ့ကြသည်။


ထုံရွှယ်လူမှာ မုန့်ချင်းချင်းကို လျှော့တွက်မိခဲ့လေ၏။


ထုံရွှယ်လူမှာ ဤလိုအချိန်မျိုး၌ ပြုံးနေနိုင်သေးသည်ကို မြင်လိုက်ရသောအခါ လျှိူတုံချန်တစ်ယောက် ဒေါကန်သွားပြီး နဖူးတွင်ပင် သွေးကြောများထောင်လာလေသည်။


" နင် ... ငါ နင့်ကိုတကယ် ဘာမှ မလုပ်ရဲဘူးထင်နေတာလား ... "


ထုံရွှယ်လူက မျက်ခုံးပင့်ပြလိုက်သည်။


" ဘာကိုဆိုလိုတာလဲ မန်နေဂျာလျှိူ ... ကျွန်မကိုသတ်ပစ်မလို့လား ဒါမှမဟုတ် လူငှားပြီး ချောင်းရိုက်ခိုင်းမလို့လား ... "


ထိုသို့ပြောပြီးနောက် ထုံရွှယ်လူက ကောင်းဝေ့ဖျင်နှင့် ထန်ရှောင်ယန်တို့ဆီသို့ လှည့်ကြည့်လိုက်လေ၏။


" နင်တို့နှစ်ယောက်က ငါ့ရဲ့သက်သေတွေပဲ ...  ဒီနေ့ လျှိူတုံချန်က ငါ့ကို ခြိမ်းခြောက်တယ် ... နောက်နောင် ငါတစ်ခုခုဖြစ်ရင် လျှိူတုံချန်ရဲ့လက်ချက်ဖြစ်ဖို့များတယ် ... ရဲတွေကို အမှန်တိုင်းပြောကြနော် ... "


ကောင်းဝေ့ဖျင်နှင့် ထန်ရှောင်ယန်တို့ နှစ်ဦးစလုံးမှာ မုန့်ချင်းချင်းက ကြိုးဆွဲချသတ်သေရန် ကြိုးပမ်းခဲ့ကြောင်း ကြားသိရသဖြင့် တုန်လှုပ်နေခဲ့ကြ‌သည်။

သူတို့သည် ထုံရွှယ်လူ၏ စကားကို မည်သို့တုံ့ပြန်ရမှန်း မသိကြပေ။


ထိုအချိန်တွင် လျှိူတုံချန်သည်လည်း သူကိုယ်တိုင် စိတ်လောသွားကြောင်း သတိပြုမိသွားလေ၏။သူက အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီး အေး‌အေးလူလူ ပြောပြလာသည်။


" ရဲဘော်ထုံ ... လျှောက်ပြီး အဓိပ္ပါယ်မကောက်ပါနဲ့ ... ကျုပ် ခင်ဗျားကို ကိုယ်ထိလက်ရောက် ထိခိုက်စေချင်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး ...  ဒါပေမယ့် ရဲဘော်မုန့်နဲ့ ကျုပ်ရဲ့ ဆက်ဆံရေးကို ခင်ဗျားက ပျက်ပြားစေတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်မိတယ် ... အဲဒါအတွက် ခင်ဗျားဆီက တောင်းပန်တာလို လိုချင်တယ် ... "


ထုံရွှယ်လူက ရယ်မောလိုက်တော့သည်။


" ရှင်တို့ ဆက်ဆံရေးကို ကျွန်မဖျက်ဆီးပါတယ်ဆိုတဲ့ ဘယ်လိုသက်သေအထောက်အထားမျိုးရှိလို့လဲ ... ရှင့်မှာ မရှိဘူးဆိုရင် ထင်ရာစိုင်းတာတွေရပ်ပြီး ကျွန်မကို ပြန်တောင်းပန်ဖို့ တောင်းဆိုချင်တယ် ... "


လျှိူတုံချန်က ထုံရွှယ်လူ့ကိုပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။  


" .... "


လမ်းပေါ်တွင်လည်း စုဝေးသူများ ပိုမိုများပြားလာကာ လူအများစုက သူမတို့အား စူးစမ်းချင်စိတ်ဖြင့် လှည့်ကြည့်နေကြလေ၏။


လျှိူတုံချန်မှာလည်း ချောင်းဟန့်လိုက်ပြီး ဆိုင်တံခါးသော့ကိုသာ သွားဖွင့်ခဲ့တော့သည်။


ထိုနေ့တွင် မုန့်ချင်းချင်းက ဆိုင်သို့မလာသဖြင့် ထန်ရှောင်ယန်သာလျှင် တစ်ဦးတည်းသော စားပွဲထိုး ဖြစ်သွားသည်။ပုံမှန်အားဖြင့် သူမသည် အော်ဟစ်ညည်းညူနေတတ်သော်လည်း ယနေ့တွင်မူ ကြက်တစ်ကောင်သဖွယ် တိတ်ဆိတ်နေခဲ့လေ၏။


ထုံရွှယ်လူမှာမူ လျှိူတုံချန့်ကို လျစ်လျူပြီး ပုံမှန်အချိန်အတိုင်း အလုပ်ဆင်းခဲ့သည်။သူမသည် မုန့်မိသားစု သို့မဟုတ် မုန့်ချင်းချင်းထံသို့ သွားရောက်ခြင်းမျိုး မပြုခဲ့ပေ။


မူလအစကတည်းက ထုံရွှယ်လူမှာ ဤအရေးကို ဝင်ရောက်စွက်ဖက်ရန် မရည်ရွယ်ခဲ့ချေ။

သူမသည် မုန့်ချင်းချင်းအား မီးပုံထဲ ခုန်ဆင်းသည်ကို မမြင်ချင်သောကြောင့်သာ အနည်းငယ် သတိပေးခဲ့ခြင်းဖြစ်လေ၏။


နောက်တစ်နေ့တွင်လည်း မုန့်ချင်းချင်းမှာ အလုပ်သို့ ပြန်မလာသေးဘဲ ထို့အစား သူမ၏ မိခင်ဖြစ်သူ အန်တီလင်းက လူစားဝင်ပေးခဲ့သည်။


အန်တီလင်းသည် ထုံရွှယ်လူ့ကိုမြင်သောအခါ တစ်ခုခုပြောချင်လာသော်လည်း မည်သည်ကိုပြောရမှန်းမသိဖြစ်နေလေ၏။


အန်တီလင်း၏ အကြည့်တွင် အပြစ်တင်မုန်းတီးသည့် အငွေ့အသက်မျိုးမရှိသည့်အတွက် ထုံရွှယ်လူမှာ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။


အများစုသော မိသားစုများဆိုလျှင် သူမ မုန့်ချင်းချင်းကို ပြောခဲ့သည့် စကားများကြောင့်သာ " သားမက်ကောင်း " တစ်ယောက်ကို ဆုံးရှုံးရသည်ဟူ၍ အပြစ်ဖို့ လာနိုင်ပေ၏။


လျှိူတုံချန်နှင့် မုန့်ချင်းချင်းတို့မှာ ၂ ရက်တာသာ ဆက်ဆံရေးရှိခဲ့ပြီး တတိယမြောက် ‌နေ့တွင် ပြတ်စဲခဲ့သည်။


မုန့်ချင်းချင်း၏ သတ်သေရန် ကြိုးပမ်းမှုကြောင့် မုန့်မိသားစုသည် သူမအား လျှိူတုံချန်နှင့် လက်ထပ်ရန် ဖိအားပေးခြင်း မရှိတော့ပေ။ထို့အစား သူတို့က အသက်ကယ်တင်ပေးသည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် တန်ဖိုးကြီးလက်ဆောင်များ ဝယ်ယူကာ လျှိူတုံချန့်ထံသို့ ပေးပို့ခဲ့ကြလေသည်။


သို့သော်လည်း ယင်းဆက်ဆံရေးမှာတော့ ပြီးပြတ်သွားခဲ့လေပြီ။