🍵Chapter 138
- ဘေးစားပွဲကလူက ရုတ်တရက် လဲကျသွားတယ်
လျှိုတုံချန်သည် အလွန်ဒေါသထွက်နေလေသည်။ သူ၏ ထုံရွှယ်လူအပေါ်ကြည့်သည့်အကြည့်များက တစ်နေ့ထက်တစ်နေ့ ပို၍အေးစက်ကာ ကောက်ကျစ်စဉ်းလဲသည့်အရိပ်အငွေ့များ ဖုံးလွှမ်းလာသည်။
ထို့ကြောင့် ထုံရွှယ်လူလည်း သတိထားနေရသည်။ ထုံကျားမင်နှင့် ထုံကျားရှင်းတို့ကို အလုပ်ပြီးသည့်အခါ လာကြိုရန် ပြောထားရသည်။
ထုံကျားမင်တို့နှစ်ယောက်သည် ကလေးသာရှိသေးသော်လည်း အနည်းဆုံးတော့ အဖော်ဖြစ်သေးသည်မဟုတ်လား။ ထုံကျားမင်တို့နှင့်အတူပြန်ပါက လျှိုတုံချန်တစ်ယောက် ဘာမှလုပ်နိုင်မည်မဟုတ်ဟု ထုံရွှယ်လူ စဉ်းစားမိသည်။
ဘာမှထွေထွေထူးထူးမဖြစ်ပဲ ရက်အနည်းငယ် ကုန်ဆုံးသွားသည်။
ယနေ့နေ့လယ်တွင် ထုံရွှယ်လူနှင့် မတွေ့တာကြာပြီဖြစ်သော ဖန်ကျင်းယွမ်သည် ဆိုင်သို့ နေ့လယ်စာစားရန် ရောက်ရှိလာလေသည်။
ဖန်ကျင်းယွမ်သည် တန်ဖိုးကြီးသောအသားနှင့် အသီးအရွက်ဟင်းပွဲကို မှာစားလိုက်သည်။
ထမင်းကို ဝလင်စွာစားပြီးသည့်အခါမှ ဖန်ကျင်းယွမ်သည် သူမ၏ဗိုက်ကိုပွတ်ကာ ပြောလိုက်သည်။
"အကောင်းဆုံးဆိုတာကို ခံစားဖူးသွားရင် အရင်လိုအခြေအနေကို ပြန်မသွားနိုင်တော့ဘူးလို့ သူများတွေပြောကြတာကို အခုမှပဲ သေချာသိတော့တယ်...ငါလည်း အခု နင့်လက်ရာကို စားပြီးတော့ တခြားလူတွေရဲ့ဟင်းချက်လက်ရာတွေကို မစားနိုင်တော့ဘူး..."
ထုံရွှယ်လူကတော့ စိတ်ပျက်သည့်ပုံဖြင့် မျက်လုံးကို ဝေ့လိုက်သည်။
"အခုမှပဲ မှန်တဲ့စကားတွေထွက်လာတော့တယ်..."
ထုံရွှယ်လူ၏ရွဲ့သည့်စကားကြောင့် ဖန်ကျင်းယွမ် မျက်နှာမပျက်သွားပေ။ မျက်နှာမပျက်သွားသည့်အပြင် ဖန်ကျင်းယွမ်သည် ရုတ်တရက် အသံကို နှိမ့်ကာပြောလိုက်သည်။
"လွန်ခဲ့တဲ့ ရက်တုန်းက ကိုကို့ကို အိမ်က အိမ်ထောင်ဖက်အတင်းသွားတွေ့ခိုင်းလို့ ကိုကို သွားတွေ့လိုက်ရတယ်...ဒါပေမယ့် ကိုကိုက အဲဒီမိန်းကလေးကို သဘောမကျဘူးတဲ့..."
ထုံရွှယ်လူ: "အဲဒါ ဘာများထူးဆန်းလို့လဲ..."
မိသားစုက အတင်းတွေ့ခိုင်းသည့် အိမ်ထောင်ဖက်တွေ့ပွဲများတွင် အနည်းဆုံး တစ်ဖက်ကတော့ အခြားတစ်ဖက်ကို သဘောမကျသည်မှာ ထုံးစံပင်မဟုတ်လား။
ထို့အပြင် ဖန်ဝမ်ယွမ်သည် နေရာတော်တော်များများ၌ ပြီးပြည့်စုံနေသောအမျိုးသားတစ်ဦးဖြစ်သောကြောင့် သူ့၌ ချေးများပိုင်ခွင့်လည်း ရှိနေပေသည်။
ဖန်ကျင်းယွမ်က အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။
"ထူးဆန်းတာကလေ ကိုကိုပြောတဲ့စကားပဲ...သူပြောတာက အဲဒီမိန်းကလေးက နင့်လောက် မချောလို့တဲ့...နင်သဘောပေါက်ပြီလား...ကိုကိုက တခြားမိန်းကလေးတွေကို နင်နဲ့ နှိုင်းပြီး မြင်နေတာလေ..."
ထုံရွှယ်လူ: "..."
ဖန်ကျင်းယွမ်က ဆက်ပြောသည်။
"ကိုကိုက အခု နောင်တရနေပြီလို့နင်ထင်လား...နင် သူ့ကို ကြိုက်နေတုန်းကတော့ ကိုကိုက နင့်ကို ဂရုမစိုက်ခဲ့ဘူးမလား...အခု နင်က သူ့ကို ခေါင်းထဲမရှိတော့မှ နင်က ဘယ်လောက်တောင်အဖိုးတန်တယ်ဆိုတာ သူသိနေပြီ...ငါ့အစ်ကိုလည်း တကယ်ပဲ ရူးနေပြီထင်တယ်နော်..."
ထုံရွှယ်လူ ဘာပြောရမည်ပင် မသိဖြစ်သွားသည်။
ရဲဘော်ဖန်ကျင်းယွမ်...အဲဒါ ကိုယ့်အစ်ကိုအရင်းတစ်ယောက်လုံးကိုပြောသင့်တဲ့စကားလား...
ဖန်ကျင်းယွမ်က အသံကိုပို၍ပင်တိုးကာပြောလိုက်သည်။
"ဪ ဟုတ်သားပဲ...အရင်တုန်းက နင် ငါ့အစ်ကိုကို ဘာဖြစ်လို့ကြိုက်ခဲ့တာလဲဟင်..."
ထုံရွှယ်လူက သက်ပြင်းချကာပြောလိုက်သည်။
"ငါလည်း ဒီကောင်းကင်အောက်ကမိန်းမတိုင်း မှားတတ်ကြတဲ့ အမှားကို လုပ်ခဲ့မိလို့ပေါ့..."
ဖန်ကျင်းယွမ်: "?..."
ထုံရွှယ်လူ: "ငါက လူတစ်ယောက်ကို သူ့ရဲ့ရုပ်ရည်နဲ့ကြည့်ပြီး ဆုံးဖြတ်ခဲ့မိတာလေ..."
ဖန်ကျင်းယွမ်: "..."
ဖန်ကျင်းယွမ်က ခဏမျှစဉ်းစားပြီးမှ ခေါင်းငြှိမ့်လိုက်သည်။ တကယ်တော့အမျိုးသားတစ်ယောက်၌ ရုပ်ရည်သည်လည်း အရေးကြီးသည်မဟုတ်ပါလား။ ရုပ်ဆိုးသောအမျိုးသားတစ်ယောက်သည် အခြားနေရာများ၌ ပြီးပြည့်စုံနေပါစေ၊ တစ်ခုခုလိုအပ်နေသကဲ့သို့ ခံစားနေရမည်သာဖြစ်သည်။
ထို့နောက် ဖန်ကျင်းယွမ်က အိတ်ထဲမှ မုန့်အချို့ကို ဆွဲထုတ်လိုက်သည်။
"ဒါက နင်ငါ့အတွက် ဟိုးတစ်ခေါက်တုန်းက လုပ်ပေးခဲ့တဲ့မုန့်တွေအတွက် အကြွေးပြန်ဆပ်တာပါ..."
ထုံရွှယ်လူက မလိုပါဘူး ဟု ပြောမည်အလုပ်မှာပဲ ဘေးစားပွဲမှ လူသည် ရုတ်တရက် အော့အန်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
ထိုလူ၏ပါးစပ်၌လည်း အမြုပ်များ တစီစီထနေသည်။
"အမလေး ကယ်ကြပါဦး...လူသေနေပြီ..."
စားသောက်ဆိုင်ထဲမှ တစ်စုံတစ်ယောက်က ငယ်သံပါအောင်အော်လိုက်သည်။
ကြမ်းပြင်ပေါ်မှလူသည် သူ၏ဗိုက်ကိုကိုင်ကာ တွန့်လိမ်နေရင်းက ပါးစပ်မှလည်း အော်နေလေသည်။
"ကယ်ကြပါဦး...ဒီစားသောက်ဆိုင်က အစားအစာတွေမှာ အဆိပ်တွေပါနေတယ်...ငါ့ဗိုက်...ငါသေတော့မယ်..."
ထိုလူ၏စကားကြောင့် စားသောက်ဆိုင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။
ခုနကပင် ကောင်းကောင်းမွန်မွန်ထိုင်စားသောက်နေကြသော လူများသည်လည်း သူတို့၏ဗိုက်များကိုကိုင်ကာ ရုတ်တရက် ဗိုက်နာကုန်ကြလေသည်။
ထုံရွှယ်လူသည် အစက လန့်သွားသော်လည်း အမြန်ပင် စိတ်ကို ငြိမ်အောင် ပြန်လုပ်လိုက်သည်။
ထို့နောက် အနောက်သို့လှည့်၍ ဖန်ကျင်းယွမ်အား တည်ငြိမ်စွာပြောလိုက်သည်။
"ကျင်းယွမ်...ရဲစခန်းကိုမြန်မြန်သွားပြီး ရဲတွေကို ဒီကို ခေါ်လာပေးပါ..."
စားသောက်ဆိုင်ထဲမှ အဖြစ်အပျက်ကြောင့် ထိတ်လန့်ကာ မျက်နှာဖြူဖပ်ဖြူလျော်ဖြစ်နေသော ဖန်ကျင်းယွမ်လည်း ထုံရွှယ်လူ၏စကားကိုကြားသောအခါ စိတ်ကို မနည်းပြန်စုစည်းလိုက်၍ ခေါင်းကို တဆတ်ဆတ်ငြှိမ့်လိုက်သည်။
"အင်း အင်း...ဟုတ်တယ်...ငါ အခုသွားလိုက်မယ်..."
ဖန်ကျင်းယွမ်ကပြော၍ အပြင်သို့ ထွက်မည်အလုပ်မှာပင် လျှိုတုံချန်က အရှေ့မှ ပိတ်ရပ်လိုက်သည်။
"ဘယ်သူမှ ဒီဆိုင်ထဲက မထွက်ရဘူး...မင်းကလည်း စားဖိုမှူးရဲ့သူငယ်ချင်းပဲ...ရဲတွေမလာမချင်း မင်းတို့ ဘယ်မှမသွားရဘူး..."
ထိုစကားကြောင့် ထုံရွှယ်လူသည် အလွန်ဒေါသထွက်သွားကာ အော်ရယ်မိတော့မတတ်ပင်ဖြစ်သွားသည်။
"ရှင် ဘာစကားပြောတာလဲ မန်နေဂျာလျှို...အဲဒီလူရဲ့ပန်းကန်ထဲက အဆိပ်က ကျွန်မနဲ့ ပတ်သတ်နေတယ်လို့ ပြောလိုက်တာတော့ မဟုတ်ပါဘူးနော်..."
လျှိုတုံချန်က တင်းမာသောမျက်နှာဖြင့် ထုံရွှယ်လူအား ကြည့်လိုက်သည်။
"ငါ ဘာမှမပြောရသေးပါဘူး ရဲဘော်ထုံ...ပြီးတော့ အဲဒီလူက ရိုးရိုးရောဂါဖြစ်နေတာမဟုတ်ပဲ အဆိပ်ခပ်ခံရတာလို့ မင်းက ဘာဖြစ်လို့ ပြောနိုင်နေရတာလဲ..."
ထုံရွှယ်လူသည် ထိုအခိုက်အတန့်၌ ဖိနပ်ကိုဆွဲချွတ်ကာ လျှိုတုံချန်၏မျက်နှာကို ဘယ်ပြန်ညာပြန် ရိုက်ချင်မိသွားသည်။
"ရှင်နားပင်းနေတာလား...ဒါမှမဟုတ် ဦးနှောက်က ရေတွေနဲ့ပြည့်နေတာလား...အဲဒီရဲဘော်ကိုယ်တိုင်က သူအဆိပ်ခတ်ခံရပါတယ်လို့အော်နေတာလေ...ကျွန်မက သူပြောတာကို ပြန်ပြောလိုက်တာပဲရှိတာ..."
ထိုစကားကြောင့် လျှိုတုံချန်၏မျက်နှာသည် သကြားမုန်လာကဲ့သို့ နီရဲသွားလေတော့သည်။
ထုံရွှယ်လူက လျှိုတုံချန်အား စကားဆက်ပြောခွင့်ပင်မပေးပဲ ဆက်ပြောလိုက်သည်။
"ကျွန်မတို့ ရန်ဖြစ်တာက နောက်မှဖြစ်လို့ရပါတယ် မန်နေဂျာလျှို...အခုအရေးကြီးတာက ဒီလူကို ဆေးရုံပို့ဖို့ပဲ...သူသာသေသွားရင် ကျွန်မတို့အကုန် ဒုက္ခရောက်ကုန်မှာ..."
လျှိုတုံချန်လည်း ထုံရွှယ်လူအား စူးရဲစွာစိုက်ကြည့်လိုက်ပြီးမှ စားသောက်ဆိုင်ထဲမှ လာစားသူနှစ်ယောက်အား အကူအညီတောင်းကာ တစ်ယောက်ကို ရဲစခန်းသို့ အကျိုးအကြောင်းရှင်းပြန်ရန် လွှတ်၍ တစ်ယောက်အား လူနာတင်ကားခေါ်ရန် ဆေးရုံသို့ လွှတ်လိုက်သည်။
အခြားဧည့်သည်များကတော့ မျက်မြင်သက်သေအဖြစ် ရှိနေရဦးမည်ဖြစ်သောကြောင့် အကုန်လုံးပင် စားသောက်ဆိုင်ထဲ၌ ခြေချုပ်မိနေကြသည်။
ဖန်ကျင်းယွမ်က ထုံရွယ်လူ၏လက်ကို လှမ်းကိုင်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ...ဘာဖြစ်လို့ အဲဒီလူက ရုတ်တရက်ကြီး အဆိပ်မိသွားရတာလဲ..."
ထုံရွှယ်လူက ခေါင်းခါပြလိုက်သည်။
"ငါလည်းမသိဘူးလေ...အခု ငါတို့လုပ်နိုင်တာက ရဲတွေရောက်လာဖို့ကို ထိုင်စောင့်ဖို့ပဲရှိတယ်..."
ဖန်ကျင်းယွမ်က လျှိုတုံချန်အား ခပ်စောင်းစောင်းလှမ်းကြည့်၍ အသံကို တိုးကာပြောလိုက်သည်။
"အဲဒီ မန်နေဂျာကတုံးက နင့်ကို ကြည့်မရဖြစ်နေတယ်လို့ ငါဘာဖြစ်လို့ ခံစားနေရတာလဲ..."
ထုံရွှယ်လူ: "နင့်ရဲ့ခံစားချက်က မှန်နေလို့ပေါ့..."
ထုံရွှယ်လူ၏စိတ်ထဲ၌ ယခုအဖြစ်အပျက်များအားလုံးသည် သူမအတွက် တမင်သက်သက် ထောင်ချောက်ဆင်ထားသည်ဟု ထင်နေမိသည်။
မကြာမီတွင်ပင် ရဲများရောက်ရှိလာသည်။
ယနေ့ရောက်လာသောရဲသုံးယောက်မှာ ယောင်္ကျားနှစ်ယောက်နှင့် အမျိုးသမီးရဲမေတစ်ယောက်ဖြစ်သည်။ ထိုအမျိုးသမီးရဲမေမှာ အရင်တစ်ခေါက်က စုရှုယင်း၏ အိမ်တွင်းအကြမ်းဖက်မှုအမှုကို ကိုင်ခဲ့သူဖြစ်သည်။
ထိုရဲမေသည် ထုံရွှယ်လူကိုမြင်သောအခါ အနည်းငယ်တွန့်သွားသည်။ ဤကဲ့သို့သောအချိန်၌ ထုံရွှယ်လူအား သွား၍နှုတ်ဆက်ရန်လည်း မသင့်တော်ပေ။
မကြာမီမှာပင် လူနာတင်ကားလည်းရောက်လာသည်။
ရဲနှစ်ဦးထဲမှ တစ်ဦးနှင့် ဆေးရုံမှအလုပ်သမားတို့က လူနာကိုသယ်၍ ဆေးရုံသို့ပြန်သွားကာ ကျန်ရဲတစ်ဦးနှင့် ရဲမေတို့က မျက်မြင်သက်သေများကို မေးမြန်းရန် စားသောက်ဆိုင်၌ နေခဲ့သည်။
လဲကျသွားသောလူသည် အဆိပ်ခပ်ခံရသည်လား ရိုးရိုးနေမကောင်းဖြစ်သည်လား မသေချာသေးသောကြောင့် ရိုးရိုးစစ်ဆေးမှုများသာ လုပ်နေရသေးသည်။
ရဲနှစ်ယောက်သည် အမှုဖြစ်ပွားသည့်အချိန်၊ ထိုအချိန်၌ အခြားထူးခြားဖြစ်စဉ်ရှိ မရှိ၊ ထိုလူလဲကျသွားပြီးသည့်နောက် ဘာလုပ်ထားသည် အစရှိသည်တို့ကို မေးမြန်းသည်။ ထို့နောက်တွင်တော့ လာရောက်စားသုံးသူများကို ပြန်ခွင့်ပေးလိုက်တော့သည်။
လူတော်တော်များများက ဘာဆက်ဖြစ်သည်ကို ကြည့်ချင်သေးသောကြောင့် ဆက်နေကြချင်သော်လည်း အလုပ်များသို့ပြန်ရဦးမည်ဖြစ်သောကြောင့် မပြန်ချင်ပြန်ချင်နှင့် ပြန်ကုန်ကြသည်။
ဖန်ကျင်းယွမ်က ဖုန်းပြောရန် အပြင်သို့ ထွက်သွားသော်လည်း ခဏလေးနှင့် အထဲသို့ ပြန်ရောက်လာသည်။
ဖန်ကျင်းယွမ်က ဘာမှမပြောသော်လည်း သူမ အတွက် မပြန်ပဲနေနေပေးသည်ကို ထုံရွှယ်လူ သိပါသည်။
တစ်နာရီခန့်ကြာသောအခါ ဆေးရုံသို့လိုက်သွားသော ရဲသည် သတင်းကိုယူဆောင်၍ ပြန်ရောက်လာလေသည်။
"ဖော့စဖိတ်အဆိပ်မိသွားတာလို့ ဆေးရုံက ပြောလိုက်တယ်...အရပ်သုံးစကားနဲ့ပြောရရင်တော့ လယ်ကွင်းတွေထဲမှာသုံးတဲ့ ဓာတုပစ္စည်း...ပိုးသတ်ဆေးပေါ့...လူနာစားမိသွားတဲ့ ပမာဏက အရမ်းနည်းလို့ စိုးရိမ်စရာအခြေအနေတော့ မရှိတော့ပါဘူး...လူနာက ဒီစားသောက်ဆိုင်က မလာခင်က ဘာမှမစားထားပဲ ဒီဆိုင်က ဝက်သားပေါင်းကိုစားပြီးမှ စအန်တာလို့ပြောပါတယ်..."
လယ်ယာသုံးဓာတုပစ္စည်းတဲ့လား...
ရဲ၏ရှင်းပြချက်ကိုကြားသောအခါ ထုံရွှယ်လူသည် ထူး၍တော့ မအံ့ဩမိတော့ချေ။
တကယ်တော့ ထိုကဲ့သို့သောစကားမျိုးကိုကြားရရန်ပင် မျှော်လင့်ထားမိပြီးဖြစ်သည်။
အခင်းဖြစ်ပြီးမှ စားသောက်ဆိုင်ထဲမှ ဘာပစ္စည်းကိုမှ မထိပဲ လက်ရာမပျက်ထားထားသောကြောင့် ထိုအဆိပ်မိသူ ချောင်တကန်းစားသွားသည့် ဝက်သားပေါင်းပန်းကန်သည် စားပွဲပေါ်၌ ရှိနေဆဲဖြစ်သည်။
ခုန ဆေးရုံမှပြန်ရောက်လာသူ ရဲကပင် ထိုဝက်သားပေါင်းပန်းကန်ကို စစ်ဆေးရန် ရဲစခန်းသို့ပြန်ယူသွား၍ ကျန်ရဲများက အဖြေမထွက်မချင်း စားသောက်ဆိုင်ကိုစောင့်ရန် ကျန်နေခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် စားသောက်ဆိုင်ကိုလည်း ယာယီပိတ်ထားလိုက်ရသည်။
နှစ်နာရီ သုံးနာရီခန့်ကြာသောအခါ ထိုဝက်သားပေါင်းထဲ၌ လယ်ယာသုံးဓာတုပစ္စည်းကိုရှာတွေ့သည်ဟူသော အဖြေထွက်လာလေသည်။
ထို့ကြောင့် စားသောက်ဆိုင်မှ အလုပ်သမားများအားလုံးသည် မသင်္ကာဖွယ်လူများဖြစ်ကုန်ကြသည်။
ဆိုင်၌ကျန်ခဲ့သည့် ရဲသားသည် အဖြေရရချင်း စားသောက်ဆိုင်ရှိလူများကို ပို၍ နှိုက်နှိုက်ချွတ်ချွတ်မေးမြန်းတော့သည်။
"မင်းတို့ထဲက ဘယ်သူနဲ့ ရဲဘော် ချောင်တကန်းတို့ သိကြလဲ...ဒါမှမဟုတ် သူနဲ့ အတိတ်က ရန်ငြိုးရန်စ ရှိခဲ့တဲ့လူရော ရှိလား..."
စားသောက်ဆိုင်အလုပ်သမားများသည်လည်း ထိုသို့မရှိကြောင်း ခေါင်းခါပြကြသည်။
လျှိုတုံချန်ကလည်း ချောင်တကန်းအား မသိကြောင်းဖြေနေသောအခါ ထုံရွှယ်လူသည် လျှိုတုံချန်၏မျက်နှာကို စေ့စေ့စိုက်ကြည့်နေမိသည်။ လျှိုတုံချန်ကတော့ ယခုကိစ္စက သူနှင့် တကယ်ပင်မဆိုင်သလို အေးအေးဆေးဆေးဖြေနေသည်။
"ဆိုင်အတွက် ဟင်းချက်ပစ္စည်းတွေကို ဘယ်သူဝယ်တာလဲ..."
ရဲက မေးလိုက်သည်။
လျှိုတုံချန်: "ကျွန်တော်ပါ...ကျွန်တော်က ဒီဆိုင်ရဲ့ မန်နေဂျာပါ...ဟင်းချက်ပစ္စည်းတွေကိုလည်း ကျွန်တော်ပဲဝယ်တာပါ...ဒါပေမယ့် တရားမဝင်တာမျိုးကို ဘယ်တော့မှမလုပ်ပါဘူး...ပြီးတော့ ဟင်းချက်ပစ္စည်းတွေက ကျွန်တော်ဝယ်လာပြီးရင်လည်း ချက်မယ့်လူတွေက ဆေးမှာပဲလေ...အဲဒါကြောင့် ကုန်စိမ်းတွေပေါ်မှာ ဓာတုပစ္စည်းတွေပါလာရင်လည်း ဆေးလိုက်ရင် စင်သွားရမှာပေါ့..."
ထုံရွှယ်လူသည် အော်ရယ်မိတော့မတတ်ပင်ဖြစ်သွားသည်။
လျှိုတုံချန်သည် ထုံရွှယ်လူအား နာမည်တပ်မပြောသော်လည်း ဤဆိုင်၌ အစားအသောက်များကို လျှိုတုံချန်၊ ကောင်းဝေ့ဖျင်နှင့် ထုံရွှယ်လူတို့သာကိုင်သည်ကို ဦးနှောက်ရှိသူတိုင်း သိကြသည်သာဖြစ်သည်။
ကောင်းဝေ့ဖျင်က ဟင်းချက်ပစ္စည်းများကို ရေဆေးရသူဖြစ်သည်။ ထို့ကြောင့် ရေဆေးပြီးသောအခါ ပစ္စည်းများပေါ်၌ ဓာတုပစ္စည်းများက ကျန်တော့မည်မဟုတ်ချေ။
တိုတိုပြောရလျှင် လျှိုတုံချန်၏စကားများက ထိုဟင်းပွဲ၌ ပိုးသတ်ဆေးထည့်သူမှာ ထုံရွှယ်လူဖြစ်သည်ဟု ပြောနေသကဲ့သို့ ဖြစ်နေလေသည်။