အပိုင်း ၁၃၉
Viewers 30k

🍵Chapter 139

- ဟုတ်ကဲ့...ကျွန်တော်ရောက်လာပါပြီ



"အသီးအရွက်တွေရေဆေးတာနဲ့ ဟင်းချက်တာကို ဘယ်သူတာဝန်ယူထားတာလဲ..."


ကောင်းဝေ့ဖျင်၏မျက်နှာက စက္ကူကဲ့သို့ ဖြူလျော်နေတော့သည်။

"ဟင်းသီးဟင်းရွက်တွေကိုဆေးတာ ကျွန်တော်ပါ...ဒါပေမယ့် ကျွန်တော်...ကျွန်တော် အဲဒီလူကို အဆိပ်မခတ်ခဲ့ပါဘူးဗျာ..."


ကောင်းဝေ့ဖျင်သည် ပြောနေရင်းဖြင့် အလွန်ကြောက်လာသောကြောင့် ငိုချလိုက်လေတော့သည်။


ထုံရွှယ်လူက အေးအေးဆေးဆေးပင် ဝင်ပြောလိုက်သည်။

"ကျွန်မက ဒီစားသောက်ဆိုင်ရဲ့ စားဖိုမှူးနေရာကို အစားဝင်ပေးနေတဲ့လူပါ...ပြီးတော့ အဲဒီဝက်သားပေါင်းဟင်းကို ကျွန်မပဲ ချက်ခဲ့တာပါ...ဒါပေမယ့် အဲဒီ အဆိပ်မိတယ်ဆိုတဲ့လူနဲ့ ကျွန်မ တစ်ခါမှ ရန်ငြိုးရန်စမရှိဖူးသလို သူ့ကို အဆိပ်ခပ်စရာလည်း ဘာအကြောင်းမှမရှိပါဘူး..."


"ပြီးတော့ ထူးဆန်းတာတစ်ခုကို သတိထားမိလားရှင့်...ဒီဆိုင်က လာစား‌တဲ့လူတွေအများကြီးလည်း ဝက်သားပေါင်းဟင်းကို စားကြတာပဲလေ...ဘာဖြစ်လို့ ရဲဘော်ချောင်တစ်ယောက်ပဲ အဆိပ်မိသွားရတာလဲ..."


လျှိုတုံချန်က အပြစ်ကို ထုံရွှယ်လူအပေါ် ပုံချချင်နေမှာတော့ ထုံရွှယ်လူ ထိုအကြံအစည်ကို ဖျက်ဆီးရပေတော့မည်။


ထိုစကားကြောင့် ရဲအရာရှိလည်း အနည်းငယ်တွန့်သွားကာ ထုံရွှယ်လူ၏စကားကို သဘောတူသကဲ့သို့ ကြည့်၍ ပြောလိုက်သည်။

"ဟုတ်တယ် မင်းမှန်တယ်...ဒါ မသင်္ကာစရာပဲ..."


ရဲအရာရှိ၏စကားကိုကြားသောအခါ လျှိုတုံချန်သည် မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။


တစ်စက္ကန့်မျှအကြာတွင် ထန်ရှောင်ယန်က အနောက်မှ ထွက်လာကာပြောလိုက်သည်။

"ရဲ‌ဘော်...ကျွန်မပြောစရာတစ်ခုရှိပါတယ်..."


"ပြောပါ..."


ထန်ရှောင်ယန်က ထုံရွှယ်လူကို တစ်ချက်လှမ်းကြည့်ကာပြောလိုက်သည်။


"ပြီးခဲ့တဲ့ရက်တွေတုန်းက ထုံရွှယ်လူနဲ့ မန်နေဂျာလျှိုတို့ အခန့်မသင့်ဖြစ်ခဲ့ကြပါတယ်...အရင်တုန်းကလည်း ထုံရွှယ်လူက မန်နေဂျာလျှိုနဲ့ သူ့ရဲ့ ချစ်သူကြားဝင်ပါပြီး သူတို့စုံတွဲကို ပြတ်သွားအောင် လုပ်ခဲ့ပါ‌သေးတယ်...ကျွန်မထင်တာတော့ ထုံရွှယ်လူက မန်နေဂျာလျှိုကို မရနိုင်လို့ မန်နေဂျာလျှိုကို စိတ်ဆိုးနေတာဖြစ်နိုင်ပါတယ်...အဲဒါကြောင့် ဒီစားသောက်ဆိုင်ကို လာစားတဲ့ ဧည့်သည်ကို အဆိပ်ခပ်ပြီး မန်နေဂျာလျှို အလုပ်ပြုတ်အောင် အကောက်ကြံဉာဏ်ဆင်တာလို့ ထင်မိပါတယ်..."


ကျစ်...


ဤအခြေအနေ၌ သူမကိုယ်တိုင်သာ ဝင်ပါမနေရဘူးဆိုလျှင် ထုံရွှယ်လူသည် ထန်ရှောင်ယန်ထံမှ ထိုကဲ့သို့ ကျိုးကြောင်းသင့်လျော်သောစကားမျိုးထွက်လာသည့်အတွက် လက်ခုပ်တီး၍ပင် အားပေးမိမည်ဖြစ်သည်။


ထန်ရှောင်ယန်သည် ထိုစကားများဖြင့် ထုံရွှယ်လူအား တရားခံဖြစ်နိုင်သည့် အခြေအနေကို တွန်းပို့လိုက်ပြီမဟုတ်လား။


တကယ်ဆိုလျှင် ထန်ရှောင်ယန်သည် ထိုကဲ့သို့စကားမျိုးကို သူမ၏ဦးနှောက်နှင့် စဉ်းစားနိုင်သည့်လူမျိုးမဟုတ်ချေ။ ထိုစကားမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်နေသောကြောင့် ထိုစကားကို ထန်ရှောင်ယန် ကိုယ်တိုင်တွေး၍ပြောခြင်း မဟုတ်နိုင် ဟု ထုံရွှယ်လူ စဉ်းစားလိုက်မိသည်။


ရဲအရာရှိက ထုံရွှယ်လူအား လှမ်းကြည့်၍ မေးလိုက်သည်။

"မင်းကရော ဒီကိစ္စနဲ့ပတ်သတ်လို့ ဘာပြောချင်လဲ..."


ထုံရွှယ်လူ: "ဟုတ်တယ်...ကျွန်မ ရဲဘော်မုန့်နဲ့ စကားပြောခဲ့တာမှန်ပါတယ်...ရဲဘော်မုန့်နဲ့ ‌မန်နေဂျာလျှိုတို့ရဲ့ အခြေအနေကို သေချာစဉ်းစားဖို့ပြောခဲ့တာ...မန်နေဂျာလျှိုက ကလေးနှစ်ယောက်ရှိတဲ့ တစ်ခုလပ်လေ...သူ့ရဲ့ ကလေးအကြီးက ရဲဘော်မုန့်ထက် ကိုးနှစ်ပဲငယ်တာ...ရဲဘော်မုန့်လို မိန်းမမျိုးက သူများကလေးတွေအတွက် မိထွေးလုပ်ပြီး စောင့်ရှောက်ပေးနေရမှာ အဆင်မပြေဘူးထင်လို့ပါ..."


"ဒါပေမယ့် ရဲဘော်မုန့်ကို မန်နေဂျာလျှိုနဲ့ ဆက်ဆံရေးကိုပြတ်စဲဖို့ ကျွန်မ ဘယ်တုန်းကမှ မပြောခဲ့ဘူး...အဲဒီလိုလုပ်ဖို့က မန်နေဂျာမုန့်က သူ့ဘာသာသူ ဆုံးဖြတ်ခဲ့တာပါ...ရှင်တို့မယုံရင် မန်နေဂျာမုန့်ရဲ့အမေ အန်တီလင်းကို မေးလို့ရပါတယ်...ပြီးတော့ ကျွန်မရဲ့ ဂုဏ်သိက္ခာကိုကျဆင်းအောင်လုပ်လို့ ထန်ရှောင်ယန်ကို ကျွန်မ တရားစွဲချင်ပါတယ်...ကျွန်မအနေနဲ့ မန်နေဂျာလျှိုအပေါ်မှာ ချစ်သူရည်းစားလိုမျိုး ချစ်တာမျိုး ခံစားချက်မျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး..."


အန်တီလင်းက ခေါင်းငြှိမ့်ကာ ဝင်ပြောလိုက်သည်။

"ဟုတ်တယ်...မန်နေဂျာလျှိုနဲ့ ပြတ်စဲခဲ့တာက ကျွန်မသမီးရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ...ရဲဘော်ထုံနဲ့ ဘာမှမဆိုင်ပါဘူး..."


ထုံရွှယ်လူက အန်တီလင်းအား ကျေးဇူးတင်သည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။


လျှိုတုံချန်က ဝင်ပြောလိုက်သည်။

"ရဲဘော်အရာရှိ...ရဲဘော်ထုံက ကျွန်တော့်ရည်းစားကို ကျွန်တော်နဲ့ပြတ်စဲဖို့ မပြောခဲ့ဘူးဆိုပေမယ့် သူနဲ့စကားပြောပြီးပြီးချင်းမှာပဲ ကျွန်တော့်ကို လမ်းခွဲစကားပြောခဲ့တာပါ...တကယ်တော့ ကျွန်တော်တို့က ဒီနှစ်ကုန်မှာ လက်ထပ်ဖို့တောင် အကုန်စီစဉ်ထားပြီးသား...သူ့ရဲ့မိသားစုဆီကိုတောင် ရှေ့ရက်တွေတုန်းက သွားထားသေးတယ်..."


"အရင်တုန်းက ရဲဘော်ထုံက ကျွန်တော့်ကို ချစ်ကြောင်းဖွင့်ပြောခဲ့ဖူးတာကို ကျွန်တော်က ငြင်းလိုက်တယ်လေ...ရဲဘော်ထုံကို ကြည့်ရတာ အရမ်း ကလက်တယ်လို့ခံစားရလို့...ယောင်္ကျားတွေ‌ဆိုတာက အိန္ဒြေသိက္ခာရှိတဲ့ မိန်းမမျိုးကိုပဲ လက်ထပ်ချင်ကြတာ မဟုတ်လား...ကျွန်တော်က ကျွန်တော့်ကလေးနှစ်ယောက်ကို စောင့်ရှောက်ပေးဖို့ ရိုးရိုးသားသားမိန်းမမျိုးကိုပဲ လိုချင်တာ...အဲဒါကြောင့် ရဲဘော်ထုံကို ကျွန်တော်ငြင်းခဲ့တာ..."


အိန္ဒြေသိက္ခာရှိတဲ့မိန်းမနဲ့မတူဘူးတဲ့လား...


ထုံရွှယ်လူသည် လျှိုတုံချန်၏စကားများကို ရွံလွန်း၍ အော့အန်မိတော့မတတ်ပင်ဖြစ်သွားသည်။


"အရာရှိရှင့်...အဲဒါ မဟုတ်တဲ့စကားတွေပါ...ကျွန်မက အဲဒီလူကြီးထက် အများကြီးငယ်ပြီး ကျွန်မမှာ ချစ်သူလည်းရှိပါတယ်..."


"ကျွန်မရဲ့ချစ်သူက တပ်မက သုတေသနပညာရှင်တစ်ယောက်ပါ...ပြီးတော့ အရာရှိတို့ရဲ့စုံစမ်းရေးအဖွဲ့ခေါင်းဆောင် ဖူကျန့်ယိနဲ့ သူငယ်ချင်းတွေပါ...သူ့အဖိုးကလည်း လေတပ်ရဲ့ ဗိုလ်မှူးဟောင်း...ဒီလောက်တောင် ပြီးပြည့်စုံတဲ့ ချစ်သူရှိတဲ့ကျွန်မက ဘာဖြစ်လို့များ ဒီလို တစ်ခုလပ်ယောင်္ကျားကြီးကို ကြိုက်တယ်လို့ပြောရမှာလဲ..."


ထုံရွှယ်လူ၏စကားကိုကြားသောအခါ လူတိုင်းက အံ့အားသင့်သွားကြလေသည်။


ဖန်ကျင်းယွမ်ပင် အံ့ဩသွားကာ ထုံရွှယ်လူအား ဘယ်တုန်းက ရည်းစားရသွားသည်လဲ မေးမည်ပြင်လိုက်သော်လည်း အခြေအနေကြောင့် မမေးပဲ တိတ်တိတ်သာနေလိုက်ရလေသည်။

.

ပထမဆုံးစလှုပ်ရှားလိုက်သူက ထန်ရှောင်ယန်ဖြစ်သည်။

"အဓိပ္ပာယ်မရှိတာတွေ...နင်က ဘယ်တုန်းက ရည်းစားရသွားတာလဲ...အရင်တုန်းက နင်ငါ့ကိုပြောတော့ နင့်မှာရည်းစားမရှိဘူးဆို..."


ထုံရွှယ်လူ: "အရင်ကမရှိဘူးလေ...ငါ အရင်အပတ်တုန်းက တစ်ရက်ခွင့်ယူတာ မှတ်မိလား...အဲဒါ ငါ့ချစ်သူနဲ့ ရုပ်ရှင်သွားကြည့်တာလေ...ပြီးတော့ အဲဒီလိုကိစ္စတွေကို ငါက လိမ်စရာလား...ငါလိမ်နေတယ်ဆိုရင် တပ်မှူးဖုက ငါ့ကို အရင်ဆုံးလာဖမ်းတော့မှာပေါ့..."


ရဲများက ထုံရွှယ်လူ၏စကားကြောင့် ယုံသွားကြသည်။


လျှိုတုံချန်နှင့် ထန်ရှောင်ယန်တို့ကတော့ ထိုစကားကြားသောအခါ သူတို့၏အကြံအစည်အတွက် စိတ်ပူကာ တစ်ချိန်တည်းမှာပင် ထုံရွှယ်လူအား မနာလိုလည်း ဖြစ်သွားကြသည်။


အခြေအနေက မသေမချာဖြစ်နေသေးကာ လူတိုင်းကလည်း တရားခံဖြစ်နိုင်ချေရှိသောကြောင့် ခဏတာချုပ်ထားရန် လူတိုင်းကို ရဲစခန်းသို့ ပြန်ခေါ်သွားလေသည်။


ထုံရွှယ်လူအား ရဲစခန်းသို့ခေါ်သွားတော့မည်ကို မြင်သောအခါ ဖန်ကျင်းယွမ်စိတ်ပူမိသွားသည်။

"ဘာမှစိတ်မပူနဲ့ ရွှယ်လူ...ငါ့အဖေနဲ့အမေကို ဒီကိစ္စနဲ့ပတ်သတ်ပြီး တစ်ခုခုလုပ်ခိုင်းလိုက်မယ်..."


ထုံရွှယ်လူက ခေါင်းခါလိုက်သည်။

"မလုပ်ပါနဲ့...ဒီကိစ္စလေးအတွက်နဲ့ နင့်မိဘတွေကို ဒုက္ခပေးဖို့ မသင့်ပါဘူး...ဒါပေမယ့် ငါ နင့်ကို အကူအညီတောင်းစရာတစ်ခုတော့ရှိတယ်..."


"ဘာလဲ...ပြောလေ..."


"နင် ငါ့အိမ်ကိုသွားပြီး ငါ့အိမ်နီးချင်းအဖွားရှန်ကို ငါ ဒီညအိမ်မပြန်လာနိုင်ဘူးဆိုတာကို ပြောပြီး ငါ့မောင်တွေနဲ့ ညီမလေးကို တစ်ချက် ကြည့်ပေးပါလို့ ပြောပေးပါလား..."


ဖန်ကျင်းယွမ်က ခေါင်းငြှိမ့်လိုက်သည်။

"အင်း...ငါ အခုချက်ချင်းသွားလိုက်မယ်..."


ထုံရွှယ်လူက ဖန်ကျင်းယွမ်အား ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ်..."


ယခုကဲ့သို့ လိုအပ်နေသည့်အချိန်များတွင်မှ စစ်မှန်သောမိတ်ဆွေသူငယ်ချင်းများကို မြင်တွေ့ရခြင်းဖြစ်သည်။ ထုံရွှယ်လူသည် သူမနားမှလူများအားလုံးသည် အကုန်လုံး ယုံကြည်စိတ်ချရကာ ချစ်ဖို့ကောင်းသည့်လူများဖြစ်ကြသည့်အတွက် ကံတရားကိုကျေးဇူးတင်နေမိလေသည်။


🍵


ထုံရွှယ်လူအား ရဲစခန်းသို့ခေါ်သွားပြီးသောအခါ ဖန်ကျင်းယွမ်သည် စက်ဘီးကိုအမြန်နင်း၍ ဝေ့မိသားစုအိမ်သို့ သွားလိုက်သည်။


ထုံရွှယ်လူ အဖမ်းခံရသည့်သတင်းကိုကြားသောအခါ အဖွားရှန်ဝမ်ရုံသည် နှလုံးခုန်ရပ်မတတ်ပင်ဖြစ်သွားသည်။

"ကျေးဇူးတင်ပါတယ် ကလေးမရယ်...စိတ်မပူပါနဲ့...အဖွား ကလေးတွေကို သေချာစောင့်ရှောက်ထားလိုက်ပါ့မယ်..."


ဖန်ကျင်းယွမ် ပြန်သွားသောအခါ ရှန်ဝမ်ရုံသည် ဖြစ်ပျက်သမျှကို ခင်ပွန်းဖြစ်သူ ဝေ့ကျီကောင်းအား ပြောပြလိုက်သည်။


အဖိုးဝေ့ကျီကောင်းက ခဏမျှ စဉ်းစားတွေးတောကာ အပြင်သို့ ထွက်သွားလေသည်။


ထုံရွှယ်လူနှင့် အခြားလူများအား ရဲစခန်းသို့ ခေါ်သွားပြီးသောအခါ ကျား မ ခွဲ၍ အချုပ်ခန်းများထဲသို့ ထည့်ထားခံလိုက်ရသည်။


သို့သော်လည်း ယောင်္ကျားများ၏အကျဉ်းထောင်နှင့် မိန်းမများအကျဉ်းထောင်တို့က မျက်နှာချင်းဆိုင်နေသောကြောင့် လျှိုတုံချန်၏ရွံစရာမျက်နှာကြီးကို ထုံရွှယ်လူ မြင်နေရဆဲဖြစ်သည်။


ထုံရွှယ်လူတို့ ဖမ်းချုပ်ခံရပြီးနောက် တော်တော်ကြာသည်အထိ မည်သူမှ ပေါ်မလာပေ။


ထန်ရှောင်ယန်က ထုံရွှယ်လူကို သူမ၏ဖောင်းအစ်နေသောမျက်လုံးများဖြင့်ကြည့်ကာ လှောင်ပြောင်သည့်လေသံဖြင့်ပြောလိုက်သည်။

"ဒီက စုံစမ်းရေးအဖွဲ့ရဲ့ခေါင်းဆောင်က နင့်ရည်းစားနဲ့ သူငယ်ချင်းတွေလို့နင်ပြောလိုက်တယ်မလား...သူက နင့်ကို အခုထိ လာမခေါ်သေးဘူးလား..."


ထုံရွှယ်လူသည် ထန်ရှောင်ယန်အား အေးစက်သည့်အကြည့်ဖြင့်တစ်ချက်ကြည့်လိုက်ပြီးမှ မျက်လုံးများကိုမှိတ်၍ လျစ်လျူရှုနေလိုက်လေသည်။


ထုံရွှယ်လူက သူမကို လျစ်လျူရှုနေသည်ကိုမြင်သောအခါ ထန်ရှောင်ယန်သည် ပို၍ အားတက်လာကာ ဆက်ပြောလိုက်သည်။


"နင်လျှောက်ပြောနေတယ်ဆိုတာ ငါသိသားပဲ...နင့်ရည်းစားက သုတေသနပညာရှင် ဟုတ်လား...နောက်တော့ ဘာ သူက ရဲတပ်အဖွဲ့ခေါင်းဆောင်နဲ့သူငယ်ချင်း...ပြီးတော့ သူ့အဖိုးက ဗိုလ်မှူး ဟုတ်လား...ဟားဟားဟား...ရယ်ရလိုက်တာဟယ်...ငါတို့ရွာက ကလေကချေတွေတောင် အဲဒီလို ဇာတ်လမ်းတွေ လုပ်မပြောတတ်ဘူး..."


ခုနက ထုံရွှယ်လူက သူမ၏ချစ်သူအကြောင်းကို ယုံကြည်ချက်ရှိစွာပြောလိုက်သောအခါ လျှိုတုံချန်သည် မနာလိုဖြစ်၍ စိတ်ပူပင်သွားခဲ့သည်။


သို့သော် ယခုတော့ ထန်ရှောင်ယန်၏စကားများကို ထုံရွှယ်လူက ဘာမှ ပြန်မချေပသည်ကိုမြင်သောအခါ ထုံရွှယ်လူ လိမ်နေသည်ဟု တထစ်ချယုံကြည်သွား၍ လျှိုတုံချန် စိတ်အေးသွားလေတော့သည်။


ထုံရွှယ်လူ၏မိသားစုနောက်ခံအခြေအနေနှင့် သူမ၏ရုပ်ရည်တို့‌နှင့်သာဆိုလျှင် သူမပြောသကဲ့သို့ နောက်ခံတောင့်တင်းသည့် ချစ်သူမျိုးကို တွေ့ဖို့ရန်မှာ လုံးဝမဖြစ်နိုင်မှန်း လျှိုတုံချန်သိပေသည်။


ထိုကလေးမသည် လိမ်ပုံလိမ်နည်းတော့ တတ်ပေသားပဲ။


ထိုစဉ် ရုတ်တရက် အချုပ်ခန်းအပြင်ဘက်မှ ခြေသံများထွက်ပေါ်လာသည်။


တံခါးက ကျွိခနဲပွင့်သွားသည်။


ပခုံးအုပ်ကျယ်ကျယ်နှင့် မြင့်မားသောအရပ်တို့ရှိသည့် အမျိုးသားတစ်ယောက်သည် အနောက်မှ ရဲနှစ်ယောက်ခြံရံ၍ ‌လျှောက်လာသည်။


လူတိုင်းက ထိုအမျိုးသားအား လှမ်းကြည့်လိုက်ကြသည်။


ထိုအမျိုးသား၏ရုပ်ရည်ကြောင့် ထန်ရှောင်ယန်၏မျက်လုံးများပင် တဖျတ်ဖျတ်လက်သွားကြသည်။


ထိုအမျိုးသားက အချုပ်ခန်းရှေ့၌ရပ်လိုက်သည်။


ရဲတစ်ဦးက အနားသို့ အမြန်ပြေးလာသည်။

"ခဏလေးစောင့်ပါ ရဲဘော်ဝမ်...ကျွန်တော် တံခါးဖွင့်ပေးပါမယ်..."


ရဲဘော်ဝမ်...


ထိုတစ်ချိန်လုံး မျက်လုံးမှိတ်ထားသော ထုံရွှယ်လူသည်လည်း ထိုအသံကိုကြားသောအခါ မျက်လုံးကို အမြန်ဖွင့်လိုက်သည်။


ထိုအချိန်မှာပင် တံခါးကပွင့်သွားကာ ဝမ်ရူကွေ့က အထဲသို့ လှမ်းဝင်လာတော့သည်။


ဝမ်ရူကွေ့၏နက်မှောင်သောမျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသောအခါ ထုံရွှယ်လူသည် ဖြတ်ခနဲ ပြုံးမိသွားသည်။


"ရှင်ရောက်လာတာပဲ..."


ဝမ်ရူကွေ့က ထုံရွှယ်လူကိုကြည့်လိုက်သည်။

"ဟုတ်ကဲ့...ကျွန်တော်ရောက်လာပါပြီ..."


အခြားလူများ: "..."


ထိုအခိုက်တွင် ရဲသားက ဝင်ပြောလိုက်သည်။

"မင်းပြန်လို့ရပါပြီ ရဲဘော်ထုံ..."