အပိုင်း ၁၄၀
Viewers 39k

🍵Chapter 140

 - အတွင်းထဲ၌ ကြမ်းတမ်းရမ်းကားသူတစ်ယောက်ဖြစ်နေသည်လား 



ထန်ရှောင်ယန်သည် မျက်လုံးများကိုပြူးကာအော်လိုက်သည်။


"ဘာဖြစ်လို့ သူကျတော့ သွားလို့ရတာလဲ...သူသွားလို့ရရင် ကျွန်မတို့လည်း သွားလို့ရပြီဆိုတဲ့သဘောလား..."


ထန်ရှောင်ယန်က ထိုသို့ပြောလိုက်သောအခါ အချုပ်ခန်းထဲရှိလူတိုင်းကလည်း ရဲသားအား လှမ်းကြည့်လိုက်ကြသည်။


ရဲသားက တစ်ချက်ရယ်ကာပြောလိုက်သည်။

"ရတယ်လေ...မင်းလည်း ဒီအချုပ်ထဲကနေ ထွက်သွားလို့ရပါတယ်...သူ့လို အဆင့်၂သုတေသနပညာရှင်နဲ့ ရဲအဖွဲ့ခေါင်းဆောင်တို့က အာမခံပေးပြီး အာမခံကြေး ယွမ်၂၀၀ ပေးနိုင်ရင်ပေါ့..."


ထန်ရှောင်ယန်: "..."


အခြားလူများ: "..."


ထုံရွှယ်လူက မတ်တပ်ထကာ အချုပ်ခန်းထဲမှထွက်၍ ဝမ်ရူကွေ့နောက်သို့ လိုက်သွားလေတော့သည်။


အချုပ်ခန်းထဲမှ ထုံရွှယ်လူထွက်သွားသည်ကို ကြည့်ရင်းဖြင့် ထန်ရှောင်ယန်သည် အလွန်ဒေါသထွက်လာသောကြောင့် မျက်လုံးများသည်ပင် နီရဲလာကြသည်။


"ထုံရွှယ်လူ...နင်..နင် ဒီကို ပြန်လာခဲ့စမ်း..."


မျက်နှာချင်းဆိုင်အချုပ်ခန်းထဲရှိ လျှိုတုံချန်ကတော့ ထုံရွှယ်လူ၏နောက်ကျောအား ကြောင်တောင်တောင်ဖြင့် ငေးကြည့်နေမိသည်။


ဤသို့ဆိုလျှင် ထုံရွှယ်လူ၌ သူမ ပြောသကဲ့သို့ပင် အာဏာကြီးမားသည့် ချစ်သူရှိသည်ပေါ့။ ထုံရွှယ်လူအား ပစ်မှတ်ထားခဲ့မိသည့်အတွက် လျှိုတုံချန် မှားသွားခဲ့ပြီလား...


ထိုအတွေးဖြင့် လျှိုတုံချန်၏တစ်ကိုယ်လုံး အေးစက်သွားမိတော့သည်။


🍵


အချုပ်ခန်းအပြင်၌ ဖုကျန့်ယိက စောင့်နေလေသည်။ 


ထုံရွှယ်လူကိုမြင်သောအခါ ဖုကျန့်ယိသည် ဟက်ဟက်ပက်ပက်ပြုံးလိုက်သည်။

"ရဲဘော်ထုံ...ခင်ဗျားကတော့ ကျွန်တော့်ကို ပုံစံအမျိုးမျိုးနဲ့ကို အံ့ဩအောင်လုပ်တတ်တယ်နော်..."


ဖုကျန့်ယိက သူမအတွက် အာမခံပေးထားသောကြောင့် ထုံရွှယ်လူလည်း ရန်ပြန်မတွေ့ပဲနေရန် ဆုံးဖြတ်လိုက်သည်။


"ကျေးဇူးအရမ်းတင်ပါတယ်ရှင်...ဪ ဟုတ်သားပဲ...အန်တီလင်းနဲ့ ကောင်းဝေ့ဖျင်တို့ကိုလည်း တစ်ချက်ဂရုစိုက်ပေးပါဦးနော်..."


ထိုနှစ်ယောက်သည်လည်း အပြစ်မရှိသူများဖြစ်ကြသည်။ သူတို့ကို လွှတ်ပေးရန် မဖြစ်နိုင်သေးသော်လည်း အချုပ်ထဲ၌ တစ်စုံတစ်ရာမဖြစ်စေရန်တော့ ဖုကျန့်ယိ စောင့်ကြည့်ပေးထားနိုင်သည်မဟုတ်လား။


ဖုကျန့်ယိကလည်း ထိုမျှလောက်လေးလုပ်ရန်မှာ သူ့အတွက် ပြဿနာမရှိသောကြောင့် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။


ရဲစခန်းထဲမှထွက်လိုက်သောအခါ စစ်စိမ်းရောင်ဂျစ်ကယးတစ်စီးက အပြင်၌ရပ်ထားသည်ကို မြင်လိုက်ကြရသည်။


ထုံရွှယ်လူက မျက်ခုံးများကို ပင့်ကာမေးလိုက်သည်။

"အဲဒါ ရှင့်ရဲ့ကားလား..."


ဝမ်ရူကွေ့က ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး...ဌာနချုပ်ကနေ ကျွန်တော် ငှားလာတာပါ..."


ဝမ်ရူကွေ့သည်ပြောရင်းဖြင့် ကားနားသို့ပြေးကာ ထုံရွှယ်လူအတွက် ကားရှေ့ခန်းတံခါးကို ဖွင့်ပေးလိုက်သည်။


ထုံရွှယ်လူလည်း ကားထဲသို့ ဝင်ထိုင်လိုက်ပြီးသောအခါမှ တရုတ်ပြည်ထုတ် ဂျစ်ကား ၂၁၂ ၌ ထိုင်ခုံခါးပတ်မပါသည်ကို သိလိုက်ရလေသည်။ ဝမ်ရူကွေ့က သူမ အား သူကိုယ်တိုင် ခါးပတ်ပတ်ပေးလျှင် မည်မျှကောင်းလိမ့်မည်နည်း။


ဝမ်ရူကွေ့က ထုံရွှယ်လူ၏တံခါးကိုပိတ်ပေးပြီးမှ ယာဉ်မောင်းနေရာသို့ဝင်ထိုင်လိုက်သည်။ ဝင်ထိုင်ပြီး ကားတံခါးကို ပိတ်ပြီးပြီးချင်းမှာပင် ထုံရွှယ်လူက 

"ကျေးဇူးတင်ပါတယ် ရူကွေ့..." ဟုပြောလိုက်သံကို ကြားလိုက်ရသည်။


ထိုအခိုက်အတန်း၌ ဝမ်ရူကွေ့သည် သူ၏ပါးနှစ်ဖက်အား နူးညံ့သောနွေဦးလေပြေက ပွတ်တိုက်သွားကာ နှလုံးသားကိုလည်း ‌ငှက်မွှေးဖြင့်ထိတွေ့နေသကဲ့သို့ ခံစားလိုက်ရသည်။


ထုံရွယ်လူ၏ "ရူကွေ့" ဟု ခေါ်လိုက်သံ၌ နစ်မျောနေမိ၍ နားရွက်များက တဖြည်းဖြည်း ပူလာလေသည်။


ဝမ်ရူကွေ့၏နားရွက်ဖျားများ နီရဲလာသည်ကို မြင်သောအခါ ထုံရွှယ်လူ ရယ်ချင်သွားမိသည်။


ဒီအမျိုးသားလေးက ဘယ်လိုတောင် ရိုးသားနေရတာပါလိမ့်...

နာမည်လေးခေါ်လိုက်ရုံနဲ့ ရှက်နေလိုက်တာ...အချစ်လေးတို့ ကိုကိုတို့ လို့ခေါ်လိုက်ရင် မျက်နှာက ဘယ်လောက်တောင် နီရဲတွတ်နေတော့မလဲမသိဘူး...


ထိုကဲ့သို့ ခေါ်ခွင့်ရမည့်နေ့ကိုလည်း ထုံရွှယ်လူ မျှော်လင့်မိပါသည်။


ဝမ်ရူကွေ့သည် ကိုယ့်စိတ်ကိုယ်ပြန်ထိန်း၍ ချောင်းဟန့်လိုက်သည်။

"ကိစ္စမရှိပါဘူး...ဒါ ကျွန်တော့်အလုပ်ပဲဟာ..."


ယခု သူတို့နှစ်ယောက်က တရားဝင်ချစ်သူများဖြစ်သွားကြပြီဖြစ်သောကြောင့် ထုံရွှယ်လူ ဒုက္ခရောက်လျှင် ဝမ်ရူကွေ့ လာရမည်မှာ ပြောစရာမလိုသည့်ကိစ္စပင်မဟုတ်လား။


ဝမ်ရူကွေ့၏စကားကြောင့် ထုံရွှယ်လူ၏ရင်ဘတ်ထဲ၌ နွေးသွားမိသည်။

"ဒီလို ခွင့်ယူပြီးလာရတော့ ရှင့်အလုပ်ကို အနှောင့်အယှက်မဖြစ်ဘူးလား..."


ဝမ်ရူကွေ့က ခေါင်းခါလိုက်သည်။

"မဖြစ်ပါဘူး...အေးဆေးပါ..."


ထိုသို့ပြောပြီးသောအခါ ဝမ်ရူကွေ့က လီဗာကိုနင်းကာ ကားကိုစတင်မောင်းနှင်လိုက်သည်။


ထုံရွှယ်လူသည် အိမ်သို့မပြန်ခင် ပစ္စည်းအချို့ဝယ်ရန် ဝမ်ရူကွေ့အား CSMC နှင့် ဈေးသို့ လိုက်ပို့ခိုင်းလိုက်သေးသည်။


ထို့နောက် အိမ်သို့ ပြန်ရောက်ရောက်ချင်း ဝေ့မိသားစုအိမ်ဆီသို့ တန်းသွားလိုက်သည်။


ထုံရွှယ်လူကို မြင်သောအခါ အဖွားရှန် အလွန်အံ့ဩသွားသည်။


ထုံရွှယ်လူက ဖြစ်ကြောင်းကုန်စင်ကို ပြောပြနေစဉ် မိတ်ဆွေတစ်ဦးက အာမခံပေး၍ လွတ်လာသည်ကို အဖွားရှန်ကြားသောအခါ ဂျစ်ကားဆီသို့ လှမ်းကြည့်လိုက်သေးသည်။


"သမီးပြန်ရောက်လာတာ ဝမ်းသာလိုက်တာ...ကျူးကျူးရဲ့အဖိုးကလည်း သမီးအတွက် တစ်ခုခုလုပ်ပေးနိုင်တာရှိမလားဆိုပြီး ထွက်သွားတာ...အခုထိ ပြန်မရောက်သေးဘူး..."


ထုံရွှယ်လူသည် အဖွားရှန်က တကယ်ပင် လှိုက်လှဲစွာ ကျေးဇူးတင်လိုက်သည်။

"ကျေးဇူးတင်ပါတယ် အဖွားရယ်...အဖွားတို့ရှိနေပေးတာ ကျွန်မအရမ်းဝမ်းသာတာပဲ...မဟုတ်ရင် ကျွန်မ ဘယ်လိုနေနေရမလဲတောင်မသိတော့ပါဘူး..."


ရှန်ဝမ်ရုံက လက်ကိုဝှေ့ယမ်းလိုက်သည်။

"မလိုပါဘူးကွယ်...မျန်မျန်နဲ့ ရှောင်ကျိုးက အထဲမှာ အိပ်နေကြတုန်းရှိသေးတယ်...ဒီညတော့ ဒီမှာပဲ သိပ်လိုက်တော့မယ်လေ..."


ထုံရွှယ်လူက ခေါင်းငြှိမ့်လိုက်သည်။

"ဟုတ်ကဲ့...ကျွန်မလည်း လုပ်စရာလေးတွေရှိသေးတယ်...ဒါဆို နောက်မှပဲ သူတို့ကို လာခေါ်လိုက်တော့မယ်နော်..."


ထုံရွှယ်လူက အဖွားရှန်ကိုနှုတ်ဆက်၍ အိမ်သို့ ပြန်လာလိုက်သည်။


အဖွားရှန်သည်လည်း ဝမ်ရူကွေ့အား တစ်ချက်လှမ်းကြည့်ပြီးမှ တံခါးကို ပိတ်လိုက်လေသည်။



ထုံရွှယ်လူက အိမ်ထဲသို့ ပြန်ဝင်လာကာ သူမနှင့် ဝမ်ရူကွေ့တို့အတွက် ခေါက်ဆွဲတစ်ကန်းကန်စီပြုတ်လိုက်သည်။


သူတို့စားပြီးသောအခါ ဖုကျန့်ယိ ရောက်လာဘေသည်။


ဖုကျန့်ယိသည် အစကတော့ ဗိုက်မဆာသော်လည်း ထုံရွှယ်လူ၏ခေါက်ဆွဲပြုတ်နံ့ကိုရသောအခါ ချက်ချင်းပင် ဗိုက်ဆာသွားမိသည်။


ထုံရွှယ်လူက ဖုကျန့်ယိအတွက် ခေါက်ဆွဲနောက်တစ်ပန်းကန် ပြင်ပေးလိုက်သည်။


သုံးယောက်သားစားပြီးသောအခါ အမှုအကြောင်းကို ဆက်‌ဆွေးနွေးမိကြသည်။


ထုံရွှယ်လူ: "ကျွန်မစိတ်ထဲမှာ သံသယဝင်နေတဲ့လူတော့ရှိတယ်...လျှိုတုံချန်ဆိုတဲ့ ဆိုင်မန်နေဂျာလေ...ဟိုးတလောလောက်တုန်းက သူက ကျွန်မကို ချစ်တယ်လို့ဖွင့်ပြောထားတာ..."


ထုံရွှယ်လူ၏စကားမဆုံးသေးခင်မှာပင် ဂျွတ် ဆိုသောအသံကြားလိုက်ရသည်။


ထုံရွှယ်လူက လှည့်ကြည့်လိုက်သောအခါ ဝမ်ရူကွေ့က သူ့လက်ထဲမှ တူကို နှစ်ပိုင်းချိုးကျိုးသွားအောင် ချိုးလိုက်သည့်အသံဖြစ်နေလေသည်။


ထုံရွှယ်လူ: "......"


ဖုကျန့်ယိ: "....."


"အမလေး ဟားဟားဟားဟား ရူကွေ့ရယ်...အရမ်းတွေခံစားမနေပါနဲ့..."

ဖုကျန့်ယိက အော်ကြီးဟစ်ကျယ် ထရယ်လိုက်သည်။


ဝမ်ရူကွေ့၏မျက်နှာက ချက်ထားသည့်ပုစွန်ကဲ့သို့ နီရဲသွားသည်။

"ငါ အားနည်းနည်းလွန်သွားလို့ပါ..."


ထုံရွှယ်လူလည်း ရယ်ရလွန်း၍ ခန္ဓာကိုယ်ပင် နှစ်ခြမ်းကွဲသွားတော့မည်ဟု ထင်လိုက်မိသည်။


အဲ့ဒါက "အားနည်းနည်း လွန်သွားလို့..." တဲ့လား...


တူကြီးနှစ်ချောင်းလုံးကို ထက်ပိုင်းကျိုးအောင် ချိုးပစ်လိုက်တာလေ...


ထုံရွှယ်လူလည်း ရယ်ချင်စိတ်ကိုထိန်းကာ ဆက်ပြောလိုက်သည်။

"ကျွန်မက သူ့ကို ချက်ချင်းငြင်းလိုက်ပါတယ်...အဲဒါကြောင့်ပဲ အငြှိုးထားသွားတယ်ထင်တယ်...ကျွန်မငြင်းပြီး မကြာဘူး...စားသောက်ဆိုင်က မိန်းကလေးနောက်တစ်ယောက်ကို ကောက်တွဲလိုက်တယ်လေ...ပြီးတော့ ကျွန်မ မသင်္ကာတာက..."


ထို့နောက် လျှိုတုံချန်က မုန့်ကျင်းကျင်းအား အကြံအစည်ဖြင့် အသုံးချနေသည်ဟု ထင်မြင်မိကြောင်း ဆက်ပြောလိုက်သည်။


"တိုက်ဆိုင်တာတွေက အများကြီးပဲ...ခွေးကိစ္စမှာလည်း အဲဒီ လျှိုတုံချန်ရဲ့လက်ချက် အများကြီးပါမှာပဲ...အဲဒါကြောင့် မုန်ကျင်းကျင်းကို နည်းနည်းထပ်စဉ်းစားဖို့ကျွန်မပြောခဲ့တာ...နောက်ကျတော့ သူတို့နှစ်ယောက် ပြတ်သွားကြတာပဲ..."


"အဲဒါကြောင့်လည်း လျှိုတုံချန်က ကျွန်မကို ပိုကြည့်မရဖြစ်သွားတာထင်တယ်...ဒါ့ကြောင့် ကျွန်မကို ပစ်မှတ်ထားပြီးလုပ်တာပေါ့...ဒီနေ့ကိစ္စလည်း အကုန်သူ့လက်ချက်တွေလို့ ကျွန်မထင်တယ်..."


ဖုကျန့်ယိက ထုံရွှယ်လူအား သဘောကျသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။


"ဝေါင်း ရဲဘော်ထုံကို ဒီလိုဖြစ်မယ်မှန်း ကျွန်တော်မထင်ထားခဲ့ဘူး...ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေထက်တောင် ရဲဘော်က ပိုပြီး စေ့စေ့စပ်စပ်နဲ့သေချာတွေးတတ်ပါတယ်...ကျွန်တော်တို့နဲ့ အလုပ်တူတူတွဲလုပ်ဖို့ စိတ်ကူးမရှိဘူးလား..."


ထုံရွှယ်လူ ဘာမှပြန်မပြောရသေးခင်မှာပဲ ဝမ်ရူကွေ့က ဝင်ပြောလိုက်သည်။

"ဒါဆိုရင် အဲဒီအဆိပ်မိသွားတယ်ဆိုတဲ့ လူကရော လျှိုတုံချန်ရဲ့ကြံရာပါပဲလို့ ထင်လား..."


ထုံရွှယ်လူ ခေါင်းငြှိမ့်လိုက်သည်။

"ထင်တာ‌ပေါ့...အဲဒါကြောင့် ကျွန်မတို့ အဲဒီ ချောင်တကန်းကိုစစ်ဆေးဖို့လိုနေတာပေါ့..."


ထိုခေတ်၌ စီစီတီဗီကင်မရာများမပေါ်သေးပေ။ ထိုသို့ကင်မရာများသာရှိနေပါက အရာအားလုံး လွယ်လွယ်ကူကူနှင့် ပြီးသွားမည်ဖြစ်သည်။


ချောင်တကန်းသာ စားသောက်ဆိုင်၌ အဆိပ်ခတ်ခံရပါသည်ဟု အတင်းထွက်ဆိုနေကာ ထုံရွှယ်လူတို့ဘက်မှလည်း ပြန်ချေပစရာ သက်သေမရှိပါက ထုံရွှယ်လူ ဤကိစ္စထဲပါ၍ အလုပ်ပြုတ်ရတော့မည်ဖြစ်သည်။


ဝမ်ရူကွေ့က ထုံရွှယ်လူအား သူ၏နက်မှောင်သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။

"အခုကစပြီး ဒီကိစ္စကို ကျွန်တော်တာဝန်ယူလိုက်ပါမယ်...အဲဒီလူရဲ့ပါးစပ်က အမှန်တရား ထွက်ကိုထွက်စေရမယ်..."


ဝမ်ရူကွေ့၏ စိတ်ဓာတ်ပြင်းပြ‌မှုကိုဖော်ပြနေသော မျက်လုံးများကိုကြည့်၍ ထုံရွှယ်လူ၏နှလုံးသားက ဆတ်ခနဲခုန်သွားလေသည်။

"ကျွန်မ ရှင့်ကို ယုံပါတယ်..."


ဘေးနားက ခေါက်ဆွဲစားနေသောဖုကျန့်ယိကတော့ သူတို့နှစ်ယောက်ကိုကြည့်၍ ဘာလုပ်ရမည်မသိဖြစ်သွားသည်။

"..."


ငါ့ကိုလည်း နည်းနည်းအဖက်လုပ်ပြီး အားနာကြပါဦး...


🍵


ဖန်ကျင်းယွမ်သည် သူမ၏မိဘများအား အကူအညီတောင်းချင်သောကြောင့် အလုပ်သို့မပြန်ပဲ အိမ်သို့သာ တန်းပြန်လာလိုက်သည်။ 


သို့သော် ယခုတလော သူမ၏မိဘများအလုပ်၌ ကိစ္စများရှုပ်နေသည်ကို သတိရသွားသောကြောင့် သူမ၏အစ်ကို ဖန်ဝမ်ယွမ်ကိုသာ အကူအညီတောင်းရန်ဆုံးဖြတ်လိုက်သည်။


ဖန်ယွမ်ဝမ်သည် ထုံရွှယ်လူအဖမ်းခံရသည်ကိုကြားသောအခါ အလွန်အံ့အားသင့်သွား၍ ကူညီပေးရန် သဘောတူမိတော့မတတ်ပင်ဖြစ်သွားသည်။


သို့သော် သဘောတူမည့်ဆဲဆဲ နောက်ဆုံးအချိန်၌ အမြန်ရပ်လိုက်သည်။


ထုံရွှယ်လူ ဒုက္ခရောက်နေချိန်၌ ဖန်ဝမ်ယွမ်က ချက်ချင်းထ၍ သူ၏ပတ်သတ်ရာ ပတ်သတ်ကြောင်းများကို ပြောကာ ကူညီပေးလိုက်ပါက ထုံရွှယ်လူအပေါ် အလွန်ဂရုစိုက်နေသကဲ့သို့ ဖြစ်သွားမည်လား။


ထုံရွှယ်လူသာ ထိုအကြောင်းကိုသိခဲ့ပါက သူမကိုယ်သူမ စိတ်ကြီးဝင်ကာ ဘဝင်မြင့်သွားလေမည်လား။


ထိုအတွေးကြောင့် ဖန်ဝမ်ယွမ်သည် "ကောင်းပြီလေ..." ဟုပြောမည့်အစား "တစ်ရက် နှစ်ရက်လောက်စောင့်ကြည့်သေးတာပေါ့...နောက်ရက်တွေမှာ ဘာမှမထူးမှ ငါ့သူငယ်ချင်းကို အကူအညီတောင်းကြည့်လိုက်မယ်..." ဟု ပြောင်းသွားလေတော့သည်။


ဖန်ကျင်းယွမ်သည် အကြာကြီးထိုင်စဉ်းစားပြီးမှ ထွက်လာသော သူ့အစ်ကို၏အဖြေသည် ထိုကဲ့သို့ဖြစ်နေမည်ဟု မမျှော်လင့်ထားခဲ့ချေ။


ထို့ကြောင့် ဖန်ကျင်းယွမ်သည် ချက်ချင်း မတ်တပ်ထ၍ ဖန်ယွမ်ဝမ်ကို တည့်တည့်စိုက်ကြည့်ကာ ဆူလိုက်လေသည်။


"ဒီလိုမျိုးတွေကြောင့် ထုံရွှယ်လူက ကိုကို့ကို ဘာအဖြစ်မှမရှိတဲ့လူ သဘောထားနေတာ သိရဲ့လား..."