အပိုင်း ၁၄၁
Viewers 30k

🍵Chapter 141

 - အတွင်းထဲ၌ ကြမ်းတမ်းရမ်းကားသူတစ်ယောက်ဖြစ်နေသည်လား(၂)

 - 


ညစာစားပြီးသောအခါ ဝမ်ရူကွေ့နှင့် ဖုကျန့်ယိတို့သည် ထုံရွှယ်လူ့အိမ်မှ ပြန်သွားကြဟည်။


နောက်ရက်များတွင်လည်း ဘာကိစ္စမှ အထွေအထူးထပ်ဖြစ်မလာသောကြောင့် ရဲများဘက်မှလည်း ဘာမှ စုံစမ်းနိုင်ပုံမရချေ။


ထန်ရှောင်ယန်နှင့် လျှိုတုံချန်တို့ကတော့ အချုပ်ခန်းထဲ၌ သေတော့မတတ်ဖြစ်နေကြသည်။


အချုပ်ခန်းများသည် အေးစက်၍ စိုစိုစွတ်စွတ်ရှိလှသည်။ ထို့အပြင် အစားကိုလည်း ဝလင်အောင်မစားရပဲ ကောင်းကောင်းလည်းမအိပ်ရပေ။ အချုပ်ထဲ၌ နေရသော နေ့ရက်တိုင်းသည် ငရဲကျနေသကဲ့သို့ ဖြစ်နေလေသည်။


ပိုဆိုးသည်က ရာသီဥတုက ဆောင်းဦးရာသီဖြစ်နေသောကြောင့် ညဘက်များတွင် အချုပ်ခန်းများသည် ရေခဲဂူများကဲ့သို့ ချမ်းစိမ့်နေသည်။ သူတို့ကိုပေးထားသော စောင်ပါးလေးများထံမှ မည်သည့်အနွေးဓာတ်မှမရချေ။ ထို့ကြောင့် ညဘက်များတွင် မေးစေ့များတဂတ်ဂတ်‌ရိုက်အောင် ချမ်းတုန်နေကြရသည်။


သူတို့နှစ်ဦးထက်စာလျှင် အန်တီလင်းနှင့် ကောင်းဝေ့ဖျင်တို့၏အခြေအနေက ပိုသာသည်။


အန်တီလင်းတို့က ထန်ရှောင်ယန်တို့ထက် အစားအသောက်လည်း ကောင်းကောင်းပိုရကာ စောင်များကလည်း သစ်လွင်၍ ထူထဲကြသည်။


ဒါလုံးဝမတရားဘူး!...


ထန်ရှောင်ယန်သည် အန်တီလင်းထံမှ စောင်ကို လုယူရန် ကြိုးစားသော်လည်း ရဲများမိသွားကာ အပြောခံလိုက်ရသောကြောင့် ထပ်မလုပ်ရဲတော့ပေ။


နေ့ရက်များကြာလာသည်နှင့်အမျှ ထန်ရှောင်ယန်က ပို၍ စိတ်တိုလာကာ လျှိုတုံချန်ကတော့ တဖြည်းဖြည်း ပို၍ တိတ်ဆိတ်‌လာသည်။ လျှိုတုံချန်သည်လည်း ဤဆုံးဖြတ်ချက်အပေါ် နောင်တရနေပြီဖြစ်သည်။


ယခုလိုဖြစ်မည်မှန်းကိုသာသိလျှင် လျှိုတုံချန် ဤနည်းလမ်းကို သုံးခဲ့မည်မဟုတ်ချေ။


ယခုတွင်တော့ ပေးဆပ်ရသည်က ကိုယ်ပြန်ရသည်ထက် အဆပေါင်းများစွာပိုနေသည်။


နှစ်ရက်ကြာသောအခါ ချောင်တကန်းသည် ဆေးရုံမှ ဆင်းလာရတော့သည်။


ချောင်တကန်းသည် အဆိပ်မိသည်ကို အကြောင်းပြု၍ ဆေးရုံ၌ သက်တောင့်သက်သာ နေနေခဲ့ခြင်းဖြစ်သည်။ ဆေးရုံ၌နေရသည်မှာ အစားအသောက်ကောင်းကောင်းစားရ၍ ဇိမ်ကျ‌သောကြောင့်ဖြစ်သည်။


သို့သော် ရဲများက သူလုံးဝနေကောင်းနေပြီဟုပြောကာ ဆေးရုံမှအတင်းဆင်းခိုင်းသောကြောင့် စိတ်မပါ လက်မပါနှင့် ဆင်းလာခဲ့ရလေသည်။


ချောင်တကန်းသည် ဆေးရုံမှဆင်းပြီးပြီးချင်းညမှာပင် သူ၏ရည်းစားအိမ်သို့ သွားလေသည်။


သို့သော် ရည်းစား၏အိမ်သို့ ဆယ်မိနစ်ခန့် လျှောက်အပြီးတွင် ခေါင်းကို အိတ်နှင့် အစွပ်ခံလိုက်ရ၍ ဗိုက်ကို အကန်ခံလိုက်ရသည်။


မြေကြီးပေါ်သို့ လဲကျသွားချိန်တွင် ချောင်တကန်းသည် နာလွန်း၍ အသံထွက်အော်လိုက်မိသည်။


ဘေးမှလူက ချောင်တကန်း၏ အင်္ကျီကေယ်လာကို ကိုင်ကာ မျက်နှာကို တရစပ်ထိုးလေတော့သည်။


ခဏအကြာတွင် ချောင်တကန်းသည် ပါးပ်ထဲ၌ သွေးအရသာကို ခံစားလိုက်ရသည်။

"ကယ်ကြပါဦး...ကယ်ကြပါဦးဗျို့...အား အား...တော်ပါတော့...ကျေးဇူးပြုပြီးတော့..."


ချောင်တကန်း၏ခေါင်းပေါ်မှ အသံတစ်သံထွက်လာသည်။

"အဆိပ်ခတ်တဲ့ကိစ္စက မင်းနဲ့ လျှိုတုံချန်တို့ ပေါင်းပြီး အကောက်ကြံတာလား..."


ချောင်တကန်းက ထိုကဲ့သို့သောမေးခွန်းမျိုးမေးမည်မထင်သောကြောင့် အံ့ဩသွားသော်လည်း အံကိုကြိတ်၍ ဆိတ်ဆိတ်နေနေလိုက်သည်။


တစ်စက္ကန့်အကြာမှာပင် မျက်နှာပေါ်သို့ လက်သီးက တရစပ် ဝင်ရောက်လာပြန်သည်။


ခွပ် ခွပ် ခွပ်...


ချောင်တကန်း၏နှာခေါင်းမှ သွေးများစီးကျလာကာ သူ့ကိုယ်သူ နှာခေါင်းကျိုးပြီဟုပင် ထင်လိုက်မိသည်။ နာကျင်လွန်း၍ မျက်နှာပေါ်သို့ မျက်ရည်များပင် စီးကျလာလေသည်။


"ဟုတ်ပါပြီ...ကျွန်တော်ပြောပြပါ့မယ်..."


ချောင်တကန်းသည် ထပ်၍ အထိုးမခံရစေရန် ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်လေသည်။


ပြောပြီးသောအခါ စကားသံက ထပ်ထွက်လာသည်။

"မနက်ဖြန်ကျရင် မင်းရော လျှိုတုံချန်ရော ရဲစခန်းမှာ အဖြစ်မှန်ကိုပြောပြီး အဖမ်းခံကြရမယ် ကြားလား...ထပ်ပြီး မဟုတ်တာလုပ်ဖို့တော့ မစဉ်းစားနဲ့နော်...မင်းကို ငါ တစ်ခေါက်ထိုးပြီးပြီ...နောက်လည်း ထပ်ထိုးဖို့ ဝန်မလေးဘူး..."


ချောင်တကန်းသည် ရဲစခန်းသို့မသွားချင်သော်လည်း ထိုလူ၏စကားကြောင့် ထပ်အထိုးခံရမည်ကို စိုးရိမ်သွားမိသည်။


ယခု သူ့အား စကားပြောနေသူသည် မည်သူမှန်းမသိသော်လည်း ထိုလူကတော့ သူ့အား သိနေသည်မဟုတ်လား။ ချောင်တကန်းသည် ယခုကဲ့သို့ နှိပ်စက်ခြင်းခံရသည့်ကိစ္စကိုပင် ရဲသွားတိုင်၍မရပေ။


"ပြီးတော့ မင်းကိုယ်မင်း ဂရုမစိုက်ရင်တောင်မှ မင်းရဲ့မိသားစုကိုတော့ ဒုက္ခမရောက်စေချင်ဘူးမလား...အဲဒါကြောင့် မင်းဘာသာမင်း ရဲစခန်းသွားပြီး အပြစ်ဝန်ခံချင် ဝန်ခံ...မဟုတ်ရင်တော့..."


"ကျွန်တော်သွားပါ့မယ်...သွားပါ့မယ်..."


နောက်ဆုံးတွင်တော့ သူ့ကို ဖမ်းချုပ်ထားသည့်လက်များ ပြေလျော့သွားကြတော့သည်။


လမ်းကြားနှင့်တော်တော်ဝေးဝေးနေရာသို့လျှောက်ပြီးသောအခါ ဖုကျန့်ယိသည် ဝမ်ရူကွေ့အား လှည့်ကြည့်၍ စုတ်သပ်လိုက်သည်။

"ဪ ရူကွေ့ရာ...မင်းမှာ ဒီလို ရမ်းကားတတ်တဲ့စိတ်မျိုး ရှိလိမ့်မယ်လို့ ငါမထင်ထားဘူး..."


ဝမ်ရူကွေ့သည် ထိုစကားကြောင့် ရုတ်တရက် ကြောင်သွားမိသည်။ ထို့နောက် ဟိုနေ့ကညမက်ခဲ့သည့်အိပ်မက်ကို သတိရသွားလေသည်။


သူသည် တကယ်ပဲ ဟိုးအတွင်းစိတ်ထဲ၌ ကြမ်းတမ်းရမ်းကားသည့်လူ ဖြစ်နေသည်လား။


🍵


နောက်နေ့တွင် မျက်နှာ၌ ဒဏ်ရာများ၊ အညိုအမည်းများနှင့် ချောင်တကန်းသည် ရဲစခန်းသို့သွား၍ အဖမ်းခံလိုက်ရသည်။


လျှိုတုံချန်နှင့် တူတူပူးပေါင်း၍ လုပ်ကြောင်းကိုလည်း ဝန်ခံလိုက်သည်။


ထုံရွှယ်လူ ထောင်ကျသွားပါက ချောင်တကန်း၏ချစ်သူအား အစိုးရပိုင်စားသောက်ဆိုင်၌ အလုပ်နေရာပေးရုံမျှမက ချောင်တကန်းကိုလည်း ယွမ် ၂၀၀ ပေးမည်ဟု လျှိုတုံချန်က ကတိပေးထားခဲ့ခြင်းဖြစ်သည်။


ချောင်တကန်း၏ချစ်သူကလည်း သူမသာ အစိုးရပိုင်စားသောက်ဆိုင်၌ အလုပ်ရပါက ချောင်တကန်းအား လက်ထပ်ပြီး ကလေးများမွေးပေးမည်ဟု ‌ကတိပေးထားသည်။


ချောင်တကန်းသည် အလွန်ဆင်းရဲမွဲတေနေသောကြောင့် မိန်းမယူရန်ပင် ပိုက်ဆံမရှိပေ။ ထို့ကြောင့် ပိုးသတ်ဆေးလေးအနည်းငယ် မျိုရုံမျှဖြင့် ယွမ် ၂၀၀ ရမည့်အပြင် မိန်းမ‌လည်းရဦးမည်ဆိုသော‌အခါ ထိုကဲ့သို့သော ကမ်းလှမ်းမှုမျိုးကို ချောင်တကန်း အဘယ်သို့ ငြင်းနိုင်ပါတော့မည်နည်း။


အခင်းဖြစ်သည့်နေ့က ချောင်တကန်းသည် ပိုးသတ်ဆေးစိမ်ထားသည့် အာလူးတစ်လုံးကို သူနှင့်အတူ ယူလာခဲ့သည်။ စားသောက်ဆိုင်သို့ရောက်၍ မည်သူမှ ကြည့်မနေသည့်အခိုက်တွင် ဝက်သားပေါင်းထဲသို့ ထိုအာလူးကိုထည့်ကာ ပိုးသတ်ဆေးများက ဟင်းတစ်ပန်းကန်လုံးသို့ ပြန့်သွားလောက်သည့်အချိန်မှ အာလူးတစ်စိတ်ကို စားလိုက်ခြင်းဖြစ်သည်။


ခဏအကြာတွင်တော့ အဆက်မပြတ် အန်နေတော့သည်။


ထို့အပြင် မုန့်ချင်းချင်းတစ်ယောက် ခွေးလိုက်ခံရ၍ မြစ်ထဲသို့ ခုန်ချရသည့်ကိစ္စသည် သူနှင့် လျှိုတုံချန်တို့၏လက်ချက်ဖြစ်ကြောင်း ဝန်ခံလိုက်သည်။


ထိုကိစ္စအတွက်တော့ လျှိုတုံချန်က ယွမ် ၂၀ ပေးသည်ဟုဆိုသည်။


ထို့ကြောင့် ယခုအမှုတွင် ဆက်၍ ထောက်လှမ်းရှာဖွေစရာမရှိတော့ပေ။


ရဲများသည် ချောင်တကန်း၏အိမ်၌ ပိုးသတ်ဆေးနှင့်အတူ လျှိုတုံချန်ပေးထားသည့် ယွမ် ၂၀၀ ကိုပါ ရှာတွေ့ကြသည်။


ထို့နောက်တွင်တော့ ကောင်းဝေ့ဖျင်နှင့် အန်တီလင်းတို့အား အချုပ်ထဲမှ လွှတ်ပေးလိုက်တော့သည်။ လျှိုတုံချန်ကတော့ အစိုးရပိုင်စားသောက်ဆိုင်၏မန်နေဂျာရာထူးမှ အထုတ်ခံရကာ ထောင်ဒဏ် ၁၅ နှစ်ကျ၍ ပြန်လည်ပြုပြင်ရန် လယ်တောဆီသို့ အပို့ခံလိုက်ရသည်။


မတရားလိမ်လည်ထွက်ဆိုသောအမှုတို့ကြောင့် ထန်ရှောင်ယန်က ထောင်ဒဏ် ၂နှစ်ကျ၍ ချောင်တကန်းက ၇ နှစ်ကျကာ နှစ်ယောက်စလုံး လယ်တောဆီသို့ အပို့ခံလိုက်ရပြန်သည်။


လျှိုတုံချန်နှင့်ကြံရာပါများတို့ သူတို့၏အပြစ်ဒဏ်များကို တရားမျှတစွာခံသွားကြရသည့်အတွက် လူတိုင်းဝမ်းသာနေကြသည်။


ထုံရွှယ်လူသည်လည်း တရားသဖြင့် လွတ်မြောက်သွားသောကြောင့် ပျော်နေမိသည်။


သို့သော် ချောင်တကန်းက ရဲစခန်းသို့ ကိုယ်တိုင်သွားဝန်ခံခြင်းမှာ ဝမ်ရူကွေ့ ထိုးကြိတ်လိုက်သောကြောင့်ဆိုသည်ကိုတော့ ထုံရွှယ်လူ အံ့ဩနေမိသည်။


ထုံရွှယ်လူ သိသည့် ကိစ္စသေးသေးလေးများကိုပင် ရှက်ကာ မျက်နှာနီရဲနေတတ်သည့် ဝမ်ရူကွေ့သည် ဤမျှ သတ္တိရှိကာ ယောင်္ကျားပီသနေနိုင်သည်လား။


ထုံရွှယ်လူ တွေး၍ပင်မရဖြစ်နေသည်။


လျှိုတုံချန်အား စီရင်ချက်ချသည့်နေ့က ထုံရွှယ်လူသည် သူမအား ကူညီပေးခဲ့သည့်လူတိုင်းကို ကျေးဇူးတင်သည့်အနေဖြင့် အရသာရှိသော ဟင်းပေါင်းများစွာကို ပြင်ဆင်ထားခဲ့သည်။


ထုံးစံအတိုင်း ထုံရွှယ်လူ ချက်ပြုတ်နေစဉ်တွင် ဝမ်ရူကွေ့ကလည်း မီးဖိုထဲ၌ ကူပေးနေသည်။


ထုံရွှယ်လူက ထိုကဲ့သို့ နှစ်ယောက်တည်းရှိသည်ကို အခွင့်ကောင်းယူကာ မေးလိုက်သည်။

"ချောင်တကန်းကို မျက်နှာမှာ အညိုအမည်းတွေစွဲသွားအောင်လုပ်လိုက်တဲ့လူက ရှင် လို့ကျွန်မကြားတယ်..."


ပိန်းဥကို အခွံနွှာနေသောဝမ်ရူကွေ့က ခဏရပ်သွားသည်။

"...သူ့ကို တစ်ချက် နှစ်ချက်လောက်ပဲ ထိုးလိုက်တာပါ...အဲဒီလောက်လေးထိုးရုံနဲ့ အညိုအမည်းစွဲရအောင် သူ့မျက်နှာက အဲ့လောက်နုနေမှန်းလည်း ဘယ်သူက သိမှာလဲ..."


ဝမ်ရူကွေ့ဆိုလိုချင်သည်က သူသည် ကြမ်းတမ်းရမ်းကားတတ်သူမဟုတ်ပဲ ချောင်တကန်းကသာ အလွန်နုနေသူဖြစ်သည်ဟု ပြောနေခြင်းဖြစ်သည်။


ထုံရွှယ်လူသည် အော်ရယ်မိမတတ်ပင်ဖြစ်သွားသည်။


ထို့နောက် ပြုံးရိပ်ယောင်သမ်းသော မျက်လုံးများဖြင့်ကြည့်ကာ ဝမ်ရူကွေ့အား နူးညံ့စွာခေါ်လိုက်သည်။

"ရူကွေ့..."


ဝမ်ရူကွေ့သည် ဆတ်ခနဲတုန်သွား၍ နှလုံးသားထဲမှ ယားကျိယားကျိခံစားချက်ကိူ ခံစားလိုက်ရသည်။

"ဟုတ်ကဲ့..."


ဝမ်ရူကွေ့သည် လက်ထဲမှ ပိန်းဥကို ခြင်းတောင်းထဲသို့ထည့်၍ ထုံရွှယ်လူကို လှမ်းကြည့်လိုက်သည်။


ထုံရွှယ်လူက ခေါင်းကို အနည်းငယ်စောင်းကြည့်ကာ ပြောလိုက်သည်။

"ဟိုးတစ်ခါတုန်းက ကျွန်မပြောထားတာ မှတ်မိသေးလား...ကျွန်မတို့ အချင်းချင်း ပိုရင်းနှီးအောင် အချိန်တစ်ခုယူပြီး စောင့်ကြည့်ကြမယ်ဆိုတာလေ..."


ထုံရွှယ်လူ၏ကြည်လင်သောမျက်လုံးများကိုကြည့်ရင်းဖြင့် ဝမ်ရူကွေ့၏နှလုံးသားက တဒုတ်ဒုတ်ခုန်လာသည်။

"ဟုတ်ကဲ့...ကျွန်တော်မှတ်မိပါတယ်..."


ထုံရွှယ်လူ: "ကျွန်မရဲ့စမ်းသပ်ချက်တွေကို ကျော်ဖြတ်နိုင်ရင် ကျွန်မ ရှင့်ရဲ့ချစ်သူ ဖြစ်ပေးမယ်လို့လည်း ပြောခဲ့တယ်မဟုတ်လား..."


ပြတင်းပေါက်မှဖြာကျနေသော ဆောင်းဦးရာသီ၏နေရောင်ခြည်ကြောင့် ထုံရွှယ်လူ၏အသားအရည်က ပို၍ ကြည်လင်စိုပြေနေကာ မျက်လုံးများကလည်း ကန်ရေပြင်ကဲ့သို့ တဖြတ်ဖြတ်တောက်ပနေလေသည်။


ဝမ်ရူကွေ့၏လည်ပင်းမှ စလုတ်က အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြစ်သွားသည်။

"ဟုတ်ကဲ့...အဲဒီလိုလည်း ပြောခဲ့ပါတယ်..."


ထုံရွှယ်လူက နှုတ်ခမ်းများကို ကွေး၍ ပြုံးလိုက်သောအခါ ချစ်စရာပါးချိုင့်လေးပေါ်လာသည်။

"ဝမ်ရူကွေ့ ရှင်ဟာ ကျွန်မစမ်းသပ်တဲ့ စာမေးပွဲတွေကို အောင်ပြီး ဒီနေ့မှာ ကျွန်မရဲ့ ချစ်သူဖြစ်သွားပြီလို့ ကျွန်မ ကြေညာပါတယ်..."


ဒုတ် ဒုတ် ဒုတ်...


ဝမ်ရူကွေ့၏နက်မှောင်သော မျက်လုံးများက ထုံရွှယ်လူထံမှ မခွာနိုင်ဖြစ်နေသည်။ နှလုံးသားကလည်း မထိန်းနိုင်လောက်အောင် လျင်မြန်စွာ ခုန်နေလေသည်။

"မင်း..မင်း တကယ်ပြောနေတာလား..."


အရူးလေး...


ဒီလောက်တောင်ပြောနေပြီးတာကို တကယ်လား ပြန်မေးနေတယ်...


ထုံရွှယ်လူက မျက်လုံးကိုဝေ့၍ ဝမ်ရူကွေ့ကို မှီလိုက်သည်။


ဝမ်ရူကွေ့ကတော့ တစ်ကိုယ်လုံးအေးခဲသွားကာ တောင့်တောင့်ကြီး ရပ်နေမိလေသည်။


ထုံရွှယ်လူသည် ခြေဖျားထောက်၍ ဝမ်ရူကွေ့၏ပါးပြင်ကို သူမ၏နှုတ်ခမ်းလေးနှင့် ထိတွေ့လိုက်ကာ အလျင်အမြန်ပင် အနောက်သို့ ပြန်ဆုတ်လိုက်သည်။


ပါးပေါ်မှ နူးညံ့သောအထိအတွေ့သည် ဝမ်ရူကွေ့၏မျက်နှာ၊ နားရွက်များနှင့် လည်ပင်းတို့အား ချက်ချင်းပင် သကြားမုန်လာကဲ့သို့ နီရဲသွားစေတော့သည်။


ထုံရွှယ်လူ၏နှုတ်ခမ်းနှင့် ထိတွေ့လိုက်သည့်နေရာမှစ၍ ဝမ်ရူကွေ့၏ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ လျှပ်စီးများ ပြန့်နှံ့သွားသကဲ့သို့ ခံစားလိုက်ရကာ ထုံရွှယ်လူအား မျက်တောင်မခတ်တမ်း ကြည့်နေမိလေသည်။


ထုံရွှယ်လူသည် သူ့အား နမ်းလိုက်ခြင်းဖြစ်သည်။


ထုံရွှယ်လူက! သူ့အား! နမ်းလိုက်ခြင်း! ဖြစ်လေသည်!


ဝမ်ရူကွေ့သည် နှလုံးက အလွန်ပင် အခုန်မြန်နေသောကြောင့် မေ့လဲတော့မတတ်ပင် ဖြစ်နေမိသည်။


ဝမ်ရူကွေ့၏အဖြစ်အပျက်ကိုမြင်သောအခါ ထုံရွှယ်လူက ပို၍ပြုံးလိုက်သည်။

"ရဲဘော်ဝမ် ကျွန်မ စာချုပ်ချုပ်လိုက်ပြီနော်...အခုကစပြီး ရှင်က ကျွန်မ အပိုင်ဖြစ်သွားပြီ..."


ဝမ်ရူကွေ့သည်လည်း နီရဲနေသောမျက်နှာ၊ နူးညံ့သောမျက်လုံးများဖြင့် ထုံရွှယ်လူအား ပြန်ကြည့်လိုက်သည်။

"အင်း...အခုကစပြီး ကိုယ်က မင်းရဲ့အပိုင်ပါ..."


ထုံမိသားစုအိမ်မှ ပြန်လာသည့်အချိန်အထိ ဝမ်ရူကွေ့သည် တိမ်များပေါ် လမ်းလျှောက်နေရကဲ့သို့ ခံစားနေရဆဲဖြစ်သည်။


အပြန်လမ်းတစ်လျှောက်လုံး တိတ်ဆိတ်၍ မျက်နှာကလည်း ခံစားချက်မဲ့နေသကဲ့သို့ ဖြစ်နေသည်။


ဖုကျန့်ယိက ဝမ်ရူကွေ့အား ခဏခဏလှည့်ကြည့်၍ သူ့သူငယ်ချင်းတစ်ယောက် ထုံရွှယ်လူနှင့် ရန်ဖြစ်လာသည်ဟု ထင်နေမိသည်။


ဖုကျန့်ယိမသိသည်က ဝမ်ရူကွေ့တစ်ယောက် ရှက်နေခြင်းဖြစ်သည်ကိုပင်။