🍵Chapter 142
- ကျွန်တော့်မှာချစ်သူရှိတယ်
-
ဇာတ်လမ်း၏အခြားတစ်နေရာတွင်..
လိုင်မူချင်းသည် ရထားကို သုံးဖရိုဖရဲရက်နှင့် သုံးညစီး၍ တရုတ်ပြည်၏ အနောက်မြောက်ပိုင်းသို့ရောက်ရှိလာသည်။ သူမသည် သိသိသာသာပင် နွမ်းနယ်ကာ ဖြစ်နေဘေသည်။
သို့သော် မကြာခင်၌ စုယွဲ့ရှန်းကို တွေ့ရတော့မည်ဆိုသော အသိက လိုင်မူချင်းအား နွေလယ်ခေါင်၌ ရေခဲစိမ်ထားသောဖရဲသီးကို စားလိုက်ရသကဲ့သို့ ပျော်ရွှင်သွားစေသည်။
လိုင်မူချင်း၏မိဘများသည် သူမ ငယ်ငယ်လေးတည်းက ဆုံးပါးသွားကြ၍ လိုင်မူချင်းအား ဦးလေးနှင့်အဒေါ်တို့ကသာ စောင့်ရှောက်ထားခြင်းဖြစ်သည်။
အခြားလူများကတော့ ဤမျှစိတ်သဘောထားကောင်းသောအဒေါ်နှင့်နေရ၍ လိုင်မူချင်းကံကောင်းသည်ဟု ဆိုကြသည်။ သို့သော် မိရင်းဖရင်းမဟုတ်သည့် အခြားလူတစ်ယောက်ဆီ၌ မှီခိုနေရခြင်း၏ ဒုက္ခများကိုတော့ လိုင်မူချင်းသာ သိပေသည်။
အဝတ်အစားအသစ်များရတိုင်း လိုင်မူချင်းသည် သူမ ကြိုက်သည်ကို အရင်ဆုံး ရွေးမယူရဲခဲ့ပေ။ သူမ၏ ညီမဝမ်းကွဲကို အရင်ရွေးခွင့်ပေးခဲ့ရသည်။ အစားအသောက်တွင်လည်း ထိုနည်းတူပေ။ စာမေးပွဲများတွင်တောင်မှ ညီမဝမ်းကွဲ စိတ်ဆိုးမည်ဆိုး၍ သူမထက်သာအောင် မဖြေရဲခဲ့ပေ။
လိုင်မူချင်း၏ဦးလေးနှင့် အဒေါ်တို့က လိုင်မူချင်းအား သမီးအရင်းကဲ့သို့ချစ်ပါသည်ဟုပြောသော်လည်း စိတ်ထဲတွင်တော့ သူတို့၏သမီးအရင်းကိုသာ ပိုချစ်ကြမည်ဖြစ်သည်။
အရေးအကြောင်းကြုံမှသာ လိုင်မူချင်းအပေါ် ကောင်းပေးကြခြင်းဖြစ်သည်။ ထို့အပြင် လိုင်မူချင်းအပေါ်ကောင်းပေးခြင်းက အခြားလူများ၏အကောင်းမြင်ခြင်းကိုလည်း ခံရသည်မဟုတ်လား။
ထိုသို့စဉ်းစားကြည့်လျှင် အဒေါ်တို့မိသားစုအပေါ် လိုင်မူချင်း မည်သည့်ကျေးဇူးကြွေးမှ တင်မနေပါချေ။
လိုင်မူချင်းသည် သူမ အရွယ်ရောက်၍ အိမ်ထောင်ရက်သားကျသည့်အခါတွင် ကုမိသားစုမှ လွတ်မြောက်တော့မည်ဟု မျှော်လင့်ထားခဲ့မိသည်။
သို့သော် လိုင်မူချင်း အိမ်ထောင်ကျပြီး တစ်နှစ်ခန့်တွင် ခင်ပွန်းဖြစ်သူက နာမကျန်းဖြစ်ကာ ဆုံးပါးသွားတော့သည်။ ယောက္ခမများကလည်း လိုင်မူချင်းသည် ကံမကောင်းမှုကို သယ်ဆောက်လာသူဟုဆိုကာ ခင်ပွန်းသေပြီး ၄၉ ရက်အကြာတွင် အိမ်မှ နှင်ထုတ်လိုက်တော့သည်။
ထို့ကြောင့် လိုင်မူချင်းလည်း ဘာမှမလုပ်တတ်ပဲ ကုမိသားစုထံသာ ပြန်ရောက်လာရတော့သည်။
လိုင်မူချင်း၏ယောင်္ကျားက ဆုံးပါးသွားသော်လည်း ဝမ်းကွဲညီမ၏ခင်ပွန်းဖြစ်သူ စုယွဲ့ရှန်းကတော့ ဝမ်းကွဲညီမကို အလွန်ချစ်ကာ ဂရုလည်း အလွန်စိုက်လေသည်။ ယောက္ခမများကလည်း ဝမ်းကွဲညီမအား သမီးအရင်းတစ်ယောက်ကဲ့သို့ ဂရုစိုက်သည်။
လူချင်းအတူတူကိုပင် ဝမ်းကွဲညီမကတော့ အမြဲပင် ကံကောင်းနေရ၍ လိုင်မူချင်းကတော့ အဘယ်ကြောင့် ကံဆိုးနေရပါသနည်း။
ထို့နောက်တွင်တော့ ဝမ်းကွဲညီမ၏ယောင်္ကျားဖြစ်သူ စုယွဲ့ရှန်းတို့မိသားစုသည် မကောင်းသောလူများဟု အမိန့်ချခံရ၍ ပြန်လည်ပြုပြင်ရေးအတွက်လယ်တောသို့အပို့ခံလိုက်ရသည်။
စုယွဲ့ရှန်းသည်လည်း သူ၏ဇနီး ဘေးကင်းစေရန် ကွာရှင်း၍ ကလေးကိုလည်း မိသားစုနာမည်ကိုပါ ပြောင်းစေလိုက်သည်။
နောက်ဆုံးတော့ ဝမ်းကွဲညီမသည်လည်း ကံဆိုးမိုးမှောင်ကျလာပြီကို ကြည့်၍ လိုင်မူချင်း ဝမ်းသာနေမိသည်။
သို့သော် မကြာခင်မှာပင် စုယွဲ့ရှန်းတို့မိသားစုသည် တကယ်အပြစ်မရှိ ဟုဆိုကာ လွတ်ငြိမ်းချမ်းသာခွင့်ရသွားကြသည်။
ထို့ကြောင့် စုယွဲ့ရှန်းသည်လည်း တော်လှန်ရေးကော်မတီ၏ ဒါရိုက်တာရာထူးကို ပြန်ရကာ ဝမ်းကွဲညီမကို ပြန်လက်ထပ်တော့မည်ကို လိုင်မူချင်း သိလိုက်သည်။
လိုင်မူချင်းသည် ထိုသို့မဖြစ်ရစေရန် သူမ တတ်နိုင်သမျှ အစွမ်းကုန်ကာကွယ်မည်ဟု ဆုံးဖြတ်လိုက်လေသည်။
ထိုအကြောင်းကိုစဉ်းစားရင်းဖြင့် လိုင်မူချင်း၏မျက်လုံးများသည် အဆိပ်များ လျှံထွက်နေသကဲ့သို့ ဖြစ်သွားတော့သည်။
လိုင်မူချင်းသည် ရထားစီးပြီးသောအခါ မနားပဲ နှစ်နာရီကြာ ကားကိုစောင့်ကာ ထုတ်လုပ်ရေးအဖွဲ့သို့ တန်းသွားလိုက်သည်။ ထိုအသွားလမ်း၌ လမ်းကကြမ်းလွန်းသဖြင့် လိုင်မူချင်းသည် တစ်လမ်းလုံး အန်လာရသည်။
ကားပေါ်မှဆင်းပြီးသောအခါ မျက်နှာနှင့် ခန္ဓာကိုယ်ကို အနည်းငယ်သပ်ရပ်အောင်ပြင်၍ ထုတ်လုပ်ရေးအဖွဲ့ရှိသည့်နေရာသို့ အပြေးသွားလိုက်သည်။
ထိုထုတ်လုပ်ရေးအဖွဲ့ရှိသည့်နေရာသို့ရောက်ရန်လည်း တစ်နာရီခန့် လမ်းလျှောက်ရသေးသည်။ ထိုနေရာသို့ရောက်၍ သူမ ချစ်မြတ်နိုးရသူနှင့် တွေ့ရတော့မည်အထင်မှာပဲ စုယွဲ့ရှန်း ထွက်သွားပြီ ဆိုသော သတင်းကို ကြားလိုက်ရလေသည်။
စုယွဲ့ရှန်းသာမက စုမိသားစုတစ်ခုလုံး ထွက်သွားပြီ ဟု ဆိုလေသည်။
လိုင်မူချင်းသည် ထုတ်လုပ်ရေးအဖွဲ့သို့ဖုန်းခေါ်၍ သူမ လမ်းပေါ်သို့ရောက်နေကြောင်းပြောထားခဲ့သေးသည်ဖြစ်ရာ အဘယ်ကြောင့်များ သူမကို မစောင့်ရပါသနည်း။
သူတို့မရှိတော့ပါက လိုင်မူချင်း ဤနေရာသို့ရောက်အောင် အခက်အခဲများကြားမှ ဒုက္ခခံ၍ ရောက်လာရခြင်းသည် မည်သို့ အရာထင်ပါတော့မည်နည်း။
လိုင်မူချင်းသည် စဉ်းစားရင်းဖြင့် မူးလာကာ ခွေလဲကျသွားတော့သည်။
လိုင်မူချင်းက စုမိသားစုနှင့်တွေ့မည်လုပ်နေသည့်အချိန်တွင် စုယွဲ့ရှန်းတို့က မြို့တော်သို့ ပြန်ရောက်သွားကြပြီဖြစ်သည်။
စုယွဲ့ရှန်း မြို့တော်မှ ထွက်ခွာခဲ့စဉ်က သူ၏သူငယ်ချင်းများနှင့် မိသားစုကို ကူမိသားစုအား စောင့်ရှောက်ကြည့်ရှုပေးရန် မှာခဲ့သော်လည်း ယခု မြို့တော်သို့ ပြန်ရောက်လာသည့်အချိန်တွင် သူ့သားပျောက်နေသည်ကို စုယွဲ့ရှန်း သိလိုက်ရသည်။
စုယွဲ့ရှန်းသည် ရာထူးပြန်ရပြီဖြစ်သောကြောင့် မြို့တော်သို့ ချက်ချင်းပြန်နိုင်ပြီဖြစ်သော်လည်း ဇနီးဖြစ်သူက လာခေါ်မည်ဆိုသောကြောင့် စောင့်နေခဲ့ခြင်းဖြစ်သည်။ ယခုတွင်တော့ သားပျောက်နေသည်ကို သိသောအခါ ချက်ချင်းပင် ထပြန်လာခဲ့သည်။
မြို့တော်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် စုယွဲ့ရှန်းသည် ကုမိသားစုရှိရာသို့ သွားလိုက်သည်။
စုယွဲ့ရှန်းကိုမြင်သောအခါ ကုမိသားစုတစ်ခုလုံး အံ့အားသင့်သွားကြလေသည်။
ကုရိလန်သည် စုယွဲ့ရှန်းအားမြင်သောအခါ ပြူးကျယ်သောမျက်လုံးများဖြင့် မယုံနိုင်သဖွယ် စိုက်ကြည့်နေမိသည်။
"ယွဲ့ရှန်း...ရှင် ဘာဖြစ်လို့ အစောကြီးပြန်ရောက်လာတာလဲ..."
စုယွဲ့ရှန်းသည် သူ၏ဇနီးကို မမြင်ရသည်မှာ နှစ်အတော်ကြာ ကြာနေပြီဖြစ်၍ လွမ်းလှသော်လည်း ယခုအချိန်မှာတော့ ထိုလွမ်းသည့်စိတ်ကပျောက်၍ ဒေါသစိတ်သာဝင်နေသည်။
"ငါပြန်မလာရင် မင်းတို့က ရဲစခန်းကို မသွားပဲ ဒီတိုင်းနေနေကြမှာလား..."
သူတို့၏သားပျောက်ဆုံးနေသည်မှာ ဆယ်ရက်ပင်ရှိနေပြီဖြစ်သော်လည်း ယခုထိ ရဲစခန်းသို့ မတိုင်ကြားရသေးသောကြောင့် စုယွဲ့ရှန်း ဒေါသထွက်နေမိခြင်းဖြစ်သည်။
အစ်ကိုကု ၁: စိတ်ထိန်းပါ ယောက်ဖ...ငါတို့ ရဲမတိုင်ရသေးတာ တခြားကြောင့်မဟုတ်ဘူး...ရှောင်ကျိုးအတွက်စိုးရိမ်လို့ပါ...ငါတို့ ရဲတိုင်မယ်ဆိုရင် ရှောင်ကျိုးရဲ့လက်တွေကို ဖြတ်ပစ်မယ်လို့ ခေါ်သွားတဲ့လူတွေဆီက သတင်းရထားတယ်..."
အစ်ကိုကု ၂: ဟုတ်တယ် ယောက်ဖ...ငါတို့ အခုထိ ရဲမတိုင်ရသေးတာ အဲဒါကြောင့်ပါ..."
စုယွဲ့ရှန်းက အသက်တစ်ချက် ပြင်းပြင်းရှူကာ ပြောလိုက်သည်။
"ဒါဆိုရင် အစ်ကိုတို့က ရဲတွေရဲ့အကူအညီမပါပဲ ရှောင်ကျိုးက ဒီတိုင်းပြန်ရောက်လာမယ်လို့ ထင်နေကြတာလား...ဆယ်ရက်တောင် ရှိနေပြီကို ဘာမှမလုပ်ပဲ သူ့ဘာသာသူ အဆင်ပြေလာဖို့ စောင့်နေကြတာလား..."
စုယွဲ့ရှန်းသည် သူ့မိန်းမတို့မိသားစုက ပျော့ညံ့သည်ကို သိသော်လည်း ဤမျှတုံးအလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။
သို့သော်လည်း ယခုအချိန်သည် အပြစ်တင်နေရမည့်အချိန်မဟုတ်သောကြောင့် စိတ်ကိုထိန်းကာ ယောက်ဖများအား ဖြစ်ပျက်သမျှကိုသာ သေချာပြောပြခိုင်းလိုက်သည်။
ကုညီအစ်ကိုနှစ်ယောက်တို့သည် သူတို့၏ယောက်ဖအား အစတည်းက ရှိန်နေကြသူများဖြစ်ရာ ယခု စုယွဲ့ရှန်း မျက်နှာက မကြည်မလင်ဖြစ်နေသည်ကို မြင်သောအခါ မည်သူကမှ စုယွဲ့ရှန်းပြောသမျှကို မငြင်းရဲဖြစ်နေကြသည်။
အဖြစ်အပျက်ကိုကြားပြီးသောအခါ စုယွဲ့ရှန်းသည် သူ့ရှေ့ရှိလူများအားလုံးကို ပါးဆွဲရိုက်ချင်စိတ်များ ပေါ်လာလေသည်။
"ဒါဆို ဖမ်းခေါ်သွားတဲ့လူတွေက ရှောင်ကျိုးကို ဘေးလူတွေ ရုတ်ရုတ်သဲသဲမဖြစ်အောင် ဖမ်းခေါ်သွားနိုင်တဲ့အပြင် နောက်တစ်နေ့ကျ အိမ်မှာတောင် စာတစ်စောင် လာထားသွားသေးတယ်ပေါ့ ဟုတ်လား...ဒါက အတွင်းလူလက်ချက်ဆိုတာ ခင်ဗျားတို့ နည်းနည်းမှ မစဉ်းစားမိကြဘူးလား..."
အတွင်းလူလက်ချက်?
ကုမောင်နှမသုံးယောက်လုံး အံ့ဩငြိမ်သက်သွားကြသည်။
ကုရိလန်က မျက်ရည်ဝဲနေသော မျက်လုံးများဖြင့်ပြောလိုက်သည်။
"ယွဲ့ရှန်း ရှင်ဘာတွေပြောနေတာလဲ...ဒီမိသားစုထဲမှာ အပြင်လူစိမ်း ရှိတာမှမဟုတ်ပဲ...ဒီမိသားစုထဲမှာ ဘယ်သူကမှ ရှောင်ကျိုးကို ထိခိုက်အောင်မလုပ်ချင်ကြဘူးလေ..."
ထိုအချိန်၌ အိမ်အကူဖြစ်သူ အစ်မဖန်က အပြင်မှ ပြန်ရောက်လာလေသည်။
စုယွဲ့ရှန်းကို မြင်သောအခါ အစ်မဖန်၏ အကြည့်များက ရုတ်တရက်ပြောင်းသွားကာ နောက်တစ်စက္ကန့်အကြာတွင် စုယွဲ့ရှန်း၏ဖမ်းကိုင်ခြင်းကိုခံလိုက်ရတော့သည်။
စုယွဲ့ရှန်းသည် အစ်မဖန်အား စစ်ဆေးမေးမြန်းခြင်း၊ အစ်မဖန်၏ ဖြေရှင်းချက်ကိုစောင့်ခြင်း စသည်တို့ကိုပင်မလုပ်တော့ပဲ အစ်ကိုကြီးကုအား ကြိုးယူလာခိုင်း၍ ချည်ထားလိုက်တော့သည်။
ထို့နောက် အစ်မဖန်၏အခန်းသို့သွား၍ ရှာသောအခါ သိပ်မရှာလိုက်ရပဲ ကုမိသားစုတို့ရထားသည့်စာမှ လက်ရေးနှင့်ဆင်တူသော လက်ရေးဖြင့်ရေးထားသော စာအချို့ကို ရှာတွေ့လေသည်။
ကုမိသားစုတစ်ခုလုံး အံ့ဩသွားရပြန်သည်။
စုယွဲ့ရှန်းကတော့ ထိုတုံးအလှသော မျက်နှာများကို ကြည့်ပင်မကြည့်ချင်တော့ပဲ အစ်မဖန်ကိုသာ ရဲစခန်းသို့ ဆွဲခေါ်သွားလိုက်တော့သည်။
***
လျှိုတုံချန်သည် စားသောက်ဆိုင်၌ ဖြစ်ခဲ့သည့်အမှုအတွက် ထောင်ကျသွားကာ မန်နေဂျာအသစ်က မရောက်သေးသောကြောင့် စားသောက်ဆိုင်ကို ခဏပိတ်ထားရသည်။
ဤကဲ့သို့ ရှားရှားပါးပါးရသော အားလပ်ချိန်လေးတွင် ထုံရွှယ်လူသည် အိမ်၌ရှိသော စောင်များအားလုံးကို အပြင်သို့ ထုတ်လှန်းလိုက်သည်။
ထို့နောက် ဟင်းသီးဟင်းရွက်ခြံထဲမှ မြေကြီးကို တူးဆွလိုက်သည်။
ရာသီဥတုက တဖြည်းဖြည်းအေးလာပြီဖြစ်သောကြောင့် ဒီ့ထက်ပိုအေးလာလျှင် မည်သည့်ဟင်းသီးဟင်းရွက်ကိုမှ စိုက်နိုင်တော့မည်မဟုတ်ချေ။
ယနေ့၌ ရာသီဥတုက သာယာနေသောကြောင့် ဝေ့အိမ်မှ အုတ်ခဲအနည်းငယ်ယူကာ ခြံထဲ၌ အကင်မီးဖို ဆောက်ရန် ပြင်လိုက်သည်။
ဆောက်မည်ပြင်သော်လည်း ထုံရွှယ်လူသည် မီးဖိုကို မည်သို့ဆောက်ရမည်မသိ၍ ဝမ်ရူကွေ့ကလည်း ခွင့်ထပ်ယူ၍မရတော့သောကြောင့် ဒီမနက်ပင် ဌာနသို့ ပြန်သွားပြီဖြစ်သည်။
ယခုတလောတွင် ဝမ်ရူကွေ့သည် ဌာနနှင့် မြိုတော်သို့ အခေါက်ခေါက်အခါခါ သွားခာနေရသောကြောင့် ပင်ပန်းနေသည်ဖြစ်ရာ အကင်မီးဖိုလေးဆောက်ဖို့ရန်အတွက်လည်း အိမ်သို့ ထုံရွှယ်လူ ပြန်မခေါ်ရက်ပါ။
နောက်ဆုံးတွင်တော့ အဖိုးဝေ့က လာကူရလေသည်။
မီးဖိုဆောက်ပြီးလျှင် မုန့်နှင့် အသားခြောက်များလုပ်၍ ဝမ်ရူကွေ့ထံ ပို့ပေးရန် ထုံရွှယ်လူ စိတ်ကူးထားသည်။
ဝမ်ရူကွေ့၏လစာသည် တစ်လကို ၂၇၈.၅ ယွမ်ရသည်ဟု ပြောဖူးသည်ကို ထုံရွှယ်လူ သတိရသွားသည်။ ထိုငွေပမာဏကို ကြားစဉ်က ထုံရွှယ်လူ အရမ်း အံ့ဩသွားရသည်။
သာမာန်အလုပ်သမားတစ်ယောက်သည် တစ်လ၌ ယွမ် ၃၀-၄၀ သာ ရသည်မဟုတ်လား။ ဝမ်ရူကွေ့သည် ဤမျှ ဝင်ငွေရနေလိမ့်မည်ဟု မထင်ထားမိချေ။
ထုံရွှယ်လူသည် သူမကိုယ်သူမ လူရွေးတော်သည်ဟု တွေးကာ ဘဝင်ပင် နည်းနည်းမြင့်ချင်သွားသည်။
ထို့နောက် ရုတ်တရက် တစ်နေ့က မက်ခဲ့သည့် အိပ်မက်ကိုသတိရသွားကာ အနည်းငယ် ရှက်သွေးဖြာသွားသည်။
ထုံရွှယ်လူသည် ရုတ်တရက် အိုသွား၍ ညစ်ညစ်ပတ်ပတ်များတွေးတတ်သည့်အဖွားကြီးတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။ ယခုအချိန်၌ ဘာကြောင့်များ ထိုကဲ့သို့ အတွေးများ တွေးနေမိပါလိမ့်။
ထုံရွှယ်လူသည် ထို မကောင်းသည့်အတွေးများပြုတ်ကျသွားရန် ခေါင်းကို အတင်းခါလိုက်သည်။
ထုံမျန်မျန်နှင့် ရှောင်ကျိုးတို့က မြင်သောအခါ သူတို့ကလည်း ထုံရွှယ်လူကို လိုက်အတုခိုး၍ ခေါင်းကို အတင်းခါယမ်းလိုက်ကြသည်။
ထိုသို့လုပ်ရင်းဖြင့် ပျော်သွားကြပုံရကာ နှစ်ယောက်သားသည် ခေါင်းကို ဆက်ခါ၍ တခစ်ခစ်ရယ်နေကြတော့သည်။
ရယ်သံလေးများက ခြံဝန်းထဲ၌ ဖုံးလွှမ်းသွားသည်။
ပျော်စရာအချိန်လေးများပါပေ။