🍵Chapter 143
“ငါ့မှာချစ်သူရှိတယ်”(၂)
သုတေသနဌာန၏အဆောင်တွင်။
ဟွမ်ချီမင်က ပေါက်စီကိုစားရင်း အတွေးများနေ၏။
“အခုတလော ရူကွေ့က ထူးဆန်းနေတယ်လို့ မင်းမထင်ဘူးလား”
ကျိုးရန်က ဝမ်ရူကွေ့ဆီမှ သုတေသနမျိုးစုံကိုပြုလုပ်နေရသဖြင့် နားချိန်တောင်မယူနိုင်ပေ။
သူကအချိန်နှင့်အမျှ ညစ်ပတ်စုတ်ပြတ်နေဆဲဖြစ်သည်။
သူ့မျက်နှာက မုတ်ဆိတ်မွှေးငုတ်တိုများထွက်နေကာ အလွန်အမင်းကြမ်းတမ်းသည့်ပုံပေါ်နေ၏။
“နည်းနည်းပေါ့၊ အဲ့ဒါကဒီတလောလေးအတွင်းမှာမှ စလာတာ၊ ငါသူ့ကိုမေးကြည့်ပေမယ့် ဘာမှထုတ်မပြောလာဘူး”
ဟွမ်ချီမင်က အချစ်ပညာရှင်ကြီးတစ်ယောက်လို ဆန်းစစ်လိုက်သည်။
“အခုတလောမှာ ရူကွေ့က ခွင့်တွေအများကြီးယူပြီး ကြေးနန်းစာလည်း အများကြီးပို့လာတယ်၊ အဲ့ဒါအပြင်ကို သူကအချိန်ပြည့် ပါဆယ်ဘူးတွေရနေတာနော်”
“အရေးကြီးဆုံးကတော့ သူလမ်းလျှောက်တဲ့ပုံစံကိုဘဲ ကြည့်လိုက်၊ အရမ်းတွေကို စိတ်တက်ကြွနေတာ သူ့ပုံစံက ငါ ငါ့ကောင်မလေးကို ပထမဆုံးတွေ့ခဲ့တုန်းကအတိုင်းဘဲ”
ကျိုးရန်က ထိုစကားကိုကြားသောအခါ အော်ရယ်လာ၏။
“ဟာ မင်းကလည်းကွာ ရူကွေ့က ရည်းစားရှိစရာအကြောင်းမရှိပါဘူးဟ”
ဟွမ်ချီမင်က မျက်ခုံးပင့်လိုက်သည်။
“သူက ဘာလို့ရည်းစားမရှိနိုင်ရမှာလဲ သူ့ပုံစံအနေအထားကိုဘဲကြည့်၊ မိန်းကလေးအများကြီး သူနဲ့ဆိုရင် ချိန်းတွေ့တဲ့အဆင့်ကိုတောင် ကျော်ပြီး ချက်ချင်းလက်ထပ်ချင်နေကြတာ”
ကျိုးရန်က သူ့ကို မင်းမသိပါဘူးဟုသော ပုံစံဖြင့်ကြည့်လာ၏။
“ဟုတ်တာပေါ့ မိန်းကလေးတွေက သူနဲ့လက်ထပ်ချင်တယ်ဆိုတာကို ငါလည်းသိတယ်၊ ပြသနာက ရူကွေ့က သူတို့ကိုရုပ်မခွဲနိုင်ဘူးလေ အဲ့ဒါကြောင့် သူ့အတွက်ရည်းစားရဖို့ဆိုတာက မဖြစ်နိုင်ဘူး”
ဤသို့ဖြင့် ဝမ်ရူကွေ့၏အချစ်ရေးအတွက် ငြင်းခုန်မှုကြီးက စတင်လာသည်။
ဟွမ်ချီမင် :“ ငါပြောမယ် ရူကွေ့ကသေချာပေါက်ရည်းစားရနေတာကွ၊ ငါမှားခဲ့ရင် ခွေးလိုဟောင်ပြီး ဌာနကို တစ်ပတ်ပတ်ပြမယ်”
၎င်းက ကျိုးရန်ကိုနှာကစ်သွားစေသည်။
“ကောင်းပြီလေ ဒါဆိုရင် ငါက ရူကွေ့မှာရည်းစားမရှိဘူးဆိုတဲ့ဘက်က နေမယ်၊ တကယ်လို့သူ့မှာသာရည်းစားရှိနေရင် ငါကင်းမြှီးကောက်ထောင်ပြီး ချီးစားပြမယ့်အပြင် ငါ့ခြေထောက်ကိုဆေးထားတဲ့ ရေကိုပါသောက်ပြမယ်”
သူထိုသို့ပြောပြီးပြီးချင်းပင် ဝမ်ရူကွေ့က တံခါးဝတွင်ပေါ်လာပြီး ပြောလာ၏။
“ငါ့မှာချစ်သူရှိနေပြီ”
ဟွမ်ချီမင်: “……”
ကျိုးရန် “……”
အဆောင်ခန်းက ခနတာတိတ်ဆိတ်သွားသည်။
ဟွမ်ချီမင်နှင့် ကျိုးရန်နှစ်ယောက်လုံးက ဝမ်ရူကွေ့အားကြောင်အစွာကြည့်လာကြသည်။
အထူးသဖြင့် ကျိုးရန်သည် တစ်စုံတစ်ယောက်က ဖိနပ်အောက်ခံဖြင့် ဖြတ်ရိုက်လိုက်သလိုပင် အချိန်အကြာကြီးဆွံ့အနေ၏။
ထိုအရာကိုမြင်သောအခါ ဝမ်ရူကွေ့ကသူ့အခန်းသို့ပြန်ရန်လုပ်လိုက်သည်။
ဟွမ်ချီမင်က ချက်ချင်းပင်သတိပြန်ဝင်လာပြီး ဝမ်ရူကွေ့လက်ကိုဆွဲလာသည်။
“မင်းတကယ်ပြောနေတာလား ရူကွေ့၊ မင်းကောင်မလေးရသွားပြီပေါ့”
“အင်း”
ဝမ်ရူကွေ့က ထုံးစံအတိုင်းတည်ငြိမ်နေ၏။သို့သော် သေချာကြည့်တတ်ပါက ထုံရွှယ်လူအကြောင်းပြောသောအခါ သူ၏မျက်လုံးများက ညကောင်းကင်မှကြယ်များလိုပင် တလက်လက်တောက်ပနေသည်ကို မြင်နိုင်ပေသည်။
ကျိုးရန် ထခုန်လိုက်သည်။
“အဲ့ဒါက မဖြစ်နိုင်တာ၊ မင်းကဘယ်လိုလုပ်ပြီးရည်းစားရမှာလဲ ရူကွေ့ ငါတို့ကိုအမှန်တိုင်းပြောပြ မင်းမှာရည်းစားမရှိဘူး ဟုတ်တယ်မလား”
ကျိုးရန်က မယုံနိုင်ပေ။
အကယ်၍ဝမ်ရူကွေ့သည်လည်း ကောင်မလေးရှိနေပါက သူတို့သုံးယောက်တွင် သူတစ်ယောက်တည်းကသာ တစ်ကိုယ်တည်းသမားဖြစ်တော့မှာလား။
အရေးကြီးဆုံးမှာ သူခုနကပြောမိသည့်အရာအတွက် သူ့ကိုယ်သူပြန်ပိတ်ရိုက်ချင်မိသည်။
ဝမ်ရူကွေ့ “……”
ဟွမ်ချီမင်သည်လည်း သူတို့၏အလောင်းအစားကို သတိရသွားသဖြင့် မျက်လုံးအရောင်တောက်လာသည်။
“မင်းလောင်းထားတာကို ဝေ့လည်ကြောင်ပတ်လုပ်ဖို့ မစဉ်းစားနဲ့နော် ကျိုးရန်၊ ငါပြောသားဘဲ ရူကွေ့ကရည်းစားရနေပါပြီလို့၊ ဟားဟားးဟားးးအခုတော့ ပွဲကြည့်ရတော့မယ် မင်းကင်းမြှီးကောက်ထောင်တုန်းချီးစားပြပြီး ခြေထောက်ဆေးထားတဲ့ရေကို သောက်ပြရမှာမမေ့နဲ့နော်”
ကျိုးရန်၏နှုတ်ခမ်းများက မဲ့ရှူံ့သွားသည်။
“……”
ကျိုးရန်က ဟွမ်ချီမင်၏စကားများကို မကြားချင်ယောင်ဆောင်လိုက်သည်။
“ရူကွေ့ မင်းဘယ်တုန်းက ရည်းစားရသွားတာလဲ ဘာလို့ငါတို့ကို မပြောပြတာလဲ”
ထုံရွှယ်လူအကြောင်းတွေးမိသောအခါ ဝမ်ရူကွေ့၏နှလုံးသားက နူးညံ့သွားသည်။
“အရင်တုန်းက သူမကငါ့ကောင်မလေးမဟုတ်သေးပါဘူး မနေ့ကမှတရားဝင်ဖြစ်သွားတာ”
ကျိုးရန်က ရုတ်တရက်အော်လိုက်သည်။ သူက အလန့်တကြားဖြင့် ဝမ်ရူကွေ့ကိုလက်ညှိုးထိုးလာသည်။
“ငါသတိရပြီ အရင်တစ်ခေါက်တုန်းက မင်းသူငယ်ချင်းက သူ့ကိုယ်သူချစ်မိ၊မချစ်မိမသိလို့ဆိုပြီး ငါ့ကိုမေးခဲ့တာလေ အဲ့ဒါမင်းဘဲမလား”
သူ့ကောင်မလေးရှေ့တွင်မှလွဲလျှင် ပုံမှန်အားဖြင့် တည်တံ့နေတတ်သော ဝမ်ရူကွေ့က ရှက်သွေးဖြာသွားသည်။
“……”
ကျိုးရန်မသိသည်မှာ အနာဂတ်လောကတွင် လူတစ်ယောက်က ‘ငါမှာသူငယ်ချင်းတစ်ယောက်ရှ်ိတယ် ဟု ..အစချီ၍ပြောလာပါက သူတို့အကြောင်းသူတို့ပြောနေခြင်းသာဖြစ်သည်။
ဟွမ်ချီမင်က ခုနကစကားဝိုင်းကိုပြန်ဆက်လာသည်။
“အိုင်းယားးးကျိုးရန်ရေ ရူးချင်ယောင်မဆောင်နေနဲ့၊ ပြောပါဦး မင်းရဲ့လုပ်ဆောင်ချက်ကို ဘယ်တော့ကြည့်ရမှာလဲ”
ကျိုးရန်က သနားစရာရုပ်ဖြင့် တောင်းဆိုလာသည်။
“ညီအစ်ကိုရာ ငါမှားတာကိုဝန်ခံပါတယ် ဟုတ်ပြီလား၊ မနက်ဖြန်ရင် မင်းတို့နှစ်ယောက်လုံးကို အစိုးရစားသောက်ဆိုင်မှာ လိုက်ကျွေးမယ်လေ မကောင်းဘူးလား”
“အဲ့ဒါကမကောင်းသေးဘူး၊ မင်းကအနည်းဆုံးတော့ ငါတို့ကို အစိုးရစားသောက်ဆိုင်မှာ နှစ်ခါဝယ်ကျွေးရမယ် တစ်ခါက ကင်းမြှီးကောက်ထောင်ပြီး ချီးစားတာအတွက်၊ နောက်တစ်ခါက ခြေထောက်ဆေးတဲ့ရေးကို သောက်တာအတွက်ပေါ့”
ကျိုးရန် တစ်ယောက် ငိုချင်လာသည်။
“……”
ဤစကားတွေကို သူပြောခဲ့မိတာ၊ အခုတော့ သူတို့အပေါ် သူအကြွေးတင်သွားပြီ။
ဝမ်ရူကွေ့ကောင်မလေးရသွားသည့်အကြောင်းက အလျင်အမြန်ပင် လူနည်းစုကြား၌ ပျံ့နှံ့လာ၏။
အထက်ပိုင်းမှအရာရှိကြီးများသည် ထိုကိစ္စကိုသိသောအခါ မချိတင်ကဲဖြစ်ကြသည်။
ဝမ်ရူကွေ့က ခန့်ညားကာ အားကိုးရပြီး မိသားစုနောက်ခံလည်းကောင်း၏။ သူတို့က သူ့ကို သူတို့၏သားမက်လောင်း သို့မဟုတ် မြေးသမက်ဖြစ်စေရန် အချိန်အကြာကြီးကတည်းက မျက်စိကျနေခဲ့ကြပေသည်။
သမီးနှင့် မြေးမများမရှိသောသူဆိုလျှင်တောင်မှ သူတို့၏ဆွေမျိုးထဲမှသူနှင့် ဝမ်ရူကွေ့ကိုမိတ်ဆက်ပေးချင်ကြသည်။
သို့သော်ငြား ဤနှစ်များအတွင်းတွင် မည်သူမှမအောင်မြင်ခဲ့ဘဲ အခုတွင် သူတို့အားလုံးအငမ်းမရဖြစ်နေခဲ့သော အသီးမှာ အခြားသူခူးခြင်းကိုခံလိုက်ရလေသည်။
လူတိုင်းက ဝမ်ရူကွေ့ကိုအပိုင်သိမ်းနိုင်သောသူသည် ဘယ်လိုမိန်းကလေးမျိုးဖြစ်မည်ကို အလွန်သိချင်နေကြသည်။
ကျောင်းမိသားစုသည်လည်း သိပ်မကြာခင်မှာပင် ဝမ်ရူကွေ့ကောင်မလေးရသည့်အကြောင်း သိသွားကြသည်။
ညစာစားနေသောအခါ လေထုကလေးလံနေ၏။
ကျောင်းပေါရှန်း : ကံကောင်းလို့ အဲ့ဒီတုန်းက ရေအတိမ်အနက်ကိုသွားမစမ်းလိုက်မိတာ၊ မဟုတ်ရင် အခုချိန်မှာ အတော်လေးကို့ရိုးကားယားဖြစ်နေလောက်ပြီ။
ကျုံးရှူလန် : ကံကောင်းလို့ ဝမ်ရူကွေ့ကအထင်လွဲသွားတာ။ မဟုတ်ရင် သူ့ကိုဘယ်လိုမျက်နှာချင်းဆိုင်ရမလဲဆိုတာကို သိတော့မှာမဟုတ်ဘူး။
ကျောင်းယွင်ရှီး : ကံကောင်းလို့ ငါဘာမှမပြောမိတာ၊ မဟုတ်ရင် ငါကအခြားသူတစ်ယောက်ရဲ့ အချစ်ရေးကိုဝင်ဖျက်တဲ့သူဖြစ်သွားလိမ့်မယ်။
ကျောင်းပေါရှန်းနှင့် ကျုံးရှူလန်တို့က အချင်းချင်းအကြည့်ဖလှယ်ပြီး သူတို့၏သမီးကို စိုးရိမ်တကြီးကြည့်လာကြသည်။
နေမကောင်းဖြစ်ပြီးနောက် ကျောင်းယွင်ရှီးက ကိုယ်အလေးချိန်ကျသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် စိတ်အားတက်ကြွနေသည့်ပုံပေါ်ပေသည်။
သူမမိဘများက သူမအတွက်စိုးရိမ်နေသည်ကို သတိပြုမိသောအခါ ကျောင်းယွင်ရှီးက တူကိုချကာပြောလိုက်သည်။
“အမေ၊ အဖေ သမီးအမေတို့ကို ပြောချင်တဲ့ဟာရှိတယ်”
ကျုံးရှူလန်က သူမစကားကိုကြားသောအခါ ပို၍စိုးရိမ်လာသည်။
“အမ်... အင်း ပြောလေ”
“အမေ သမီး အိမ်ထောင်ဖက်သွားမတွေ့ချင်တော့ဘူး”
ကျုံးရှူလန်က ကျောင်းယွင်ရှီးတစ်ယောက် ဝမ်ရူကွေ့အပေါ်သံယောစဉ်မဖြတ်နိုင်သေးသောကြောင့်ဟု အထင်လွဲသွားသည်။ သူမက သူမနှလုံးသားကို အပ်ဖြင့်ထိုးခံလိုက်ရသလို ခံစားမိသွားသည်။
“ယွင်ရှီး တစ်ခါတစ်လေကျရင် အမေတို့က ရှေ့ဆက်သွားတတ်ဖို့ သင်ယူရမယ်....”
ကျောင်းယွင်ရှီးက မထိန်းနိုင်ဘဲ တခစ်ခစ်ရယ်လိုက်သည်။
“အမေ ဘာတွေပြောနေတာလဲ၊ သမီးအိမ်ထောင်ဖက်သွားမတွေ့ချင်တော့တာက စိတ်ထဲမှာအခြားတစ်ခုရှိနေလို့ပါ သမီးကျောင်းသွားတက်ချင်တယ်”
သူမသည် ကျေးလက်ဘက်သို့အပို့ခံရစဉ်က ဆယ်နှစ်အရွယ်သာရှိသေးကာ သူမ၏ပညာရေးက ထိုနေရာမှာဘဲ အဆုံးသတ်ခဲ့ရသည်။သူမအမေနှင့် အဖိုးက စာဖတ်တတ်အောင် ခိုးသင်ပေးခဲ့ကြသော်လည်း ၎င်းကသင်တလှည့်မသင်တလှည့်ဖြစ်ကာ အလွန်စနစ်မကျပေ။
အခုချိန်တွင် သူမ၏အရည်အချင်းဖြင့် အလုပ်မရနိုင်ကာ သူမက ဒီလိုပုံစံအတိုင်း သူမဘဝကို မကုန်ဆုံးနိုင်ပေ။
သူမက သူမဖခင်လိုပင် တိုင်းပြည်အတွက် အကျိုးရှိအောင်လုပ်ပေးနိုင်သည့် လူတစ်ယောက်ဖြစ်ချင်သည်။ အကယ်၍ထိုသို့ မဖြစ်လာနိုင်လျှင်တောင်မှ အစောကြီးအိမ်ထောင်ပြုပြီး သူမတစ်ဘဝလုံးကို အိမ်အလုပ်လုပ်ရင်း မကုန်ဆုံးချင်ပေ။
ကျုံးရှူလန်က သူမစကားကိုကြားသောအခါ လန့်သွားသည်။
“သမီးပြောချင်တာ အဲ့ဒါလား”
ကျောင်းယွင်ရှီးက ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ သမီးဒီအကြောင်းကို တွေးနေတာအတော်ကြာပြီ၊ သမီးဘဝကိုအခုလိုဖြတ်သန်းနေသလိုမျိုး အလဟဿအဖြစ်မခံချင်ဘူး”
ကျောင်းပေါရှန်းက အလွန်ခံစားမိသွားသဖြင့် မျက်စိများတောင်နီလာသည်။
“ကောင်းတယ် ကောင်းတယ် အဲ့ဒါက အရမ်းကောင်းတဲ့အကြံဘဲ၊ အဖေ ဒီအကြံကိုအားပေးတယ်”
ကျောင်းယွင်ရှီး၏မျက်လုံးများက ပျော်ရွှင်မှု၊မျှော်လင့်ချက်များဖြင့် လောင်ကျွမ်းလာသည်။
“ကျေးဇူးပါအဖေ၊ အဖေ သမီးကိုအားပေးမယ်ဆိုတာ သမီးသိတယ်”
သူမ၏နေမကောင်းမှုက သူမကိုယ်တိုင်၏ချို့ယွင်းချက်များကို ပြန်မြင်သွားစေသည်။ ဝမ်ရူကွေ့က သူမကိုသဘောကျလျှင်တောင်မှ သူတို့ကြားတွင် အကွာအဝေးကြီးတစ်ခုခြားနေဦးမှာဖြစ်သည်။
သူတို့နှစ်ယောက်က မိသားစုနောက်ခံကွာရုံသာမက ပညာရေးအဆင့်နှင့် ရည်မွန်မှုတို့ကလည်း အလွန်ကွာခြားသည်။ သူ့ရှေ့တွင် သူမက ပိုပိုပြီးနိမ့်ကျသလိုသာ ခံစားမိလာလိမ့်မည်။
ထို့ကြောင့် သူမက ကျောင်းတက်ပြီး တိုင်းပြည်အတွက်အကျိုးပြုသောသူဖြစ်ကာ လူ့အသိုင်းအဝိုင်းအတွက်လည်း အကျိုးဆောင်ပေးနိုင်သည့် သူဖြစ်ချင်သည်။
သူမက သူမကိုယ်တိုင်အတွက်သာ ပိုမိုကောင်းစေချင်ခြင်းဖြစ်ကာ ဝမ်ရူကွေ့အတွက်မဟုတ်ပေ။
ဝမ်ရူကွေ့က လူကောင်းတစ်ယောက်ဖြစ်သည်။ သို့သော်ငြား သူဘယ်လောက်ဘဲ ကောင်းမွန်ထူးချွန်နေပါစေ သူ သူမအပေါ်တွင် စိတ်မဝင်စားသရွေ့ ထိုကောင်းမွန်မှုများက သူမနှင့်မဆိုင်ပေ။
သူမသမီးမျက်လုံးထဲမှ အလင်းရောင်ကိုကြည့်ကာ ကျုံးရှူလန်က မျက်ရည်ဝိုင်းလာသည်။ သူမက လေးလံစွာခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီလေ အိမ်ထောင်ဖက်မတွေ့နဲ့တော့ အမေလည်း သမီးကိုထောက်ခံတယ်”
ကျောင်းယွင်ရှီးက တူအပြည့်အသားများကိုယူပြီး သူမအမေ၏ပန်းကန်ထဲထည့်ပေးလိုက်သည်။
“ကျေးဇူးပါ အမေ”
ကျောင်းပေါရှန်းက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလို့ သမီးအမေဘဲရတာလဲ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ အခုဘဲအဖေ့အတွက်ထည့်ပေးတော့မလို့ အမေ ကြည့်ပါဦး အဖေက ဒီအသက်အရွယ်ထိ သဝန်တိုနေတုန်း”
“နင့်အဖေက သူ့ဘဝတစ်လျှောက်လုံး သဝန်တိုနေခဲ့တာပါအေ......”
“ကိုယ်တို့ရဲ့ကလေးရှေ့မှာ အဲ့လိုမပြောနဲ့လေ .....”
လေထုက ပေါ့ပါးသွားကာ ရယ်သံများကို တစ်အိမ်လုံးအနှံ့ကြားနိုင်၏။
မိသားစုသုံးယောက်က နူးညံ့သောအလင်းရောင်အောက်တွင် ချစ်ခင်ကြည်နူးစွာ အချိန်ကုန်ဆုံးလိုက်ကြသည်။