🍵Chapter 144
သူဘယ်လိုများကြီးပြင်းလာတာလဲ
ရှားရှားပါးပါး နားရက်ရသဖြင့် ထုံရွှယ်လူက မလုပ်တာကြာပြီဖြစ်သော ယောဂလေ့ကျင့်ခန်း ပြန်လုပ်လိုက်သည်။
မလုပ်တာအတော်ကြာပြီဖြစ်သောကြောင့် သူမ၏ကြွက်သားနှင့် အရိုးများက တောင့်တင်းနေ၏။
ပေါက်စီလေးနှစ်လုံးဖြစ်သည့် ထုံမျန်မျန်နှင့် ရှောင်ကျိုးတို့က သူမဘေးမှနေ၍သိချင်စွာကြည့်နေကြသည်။
ထုံမျန်မျန်ကခေါင်းမော့ကာ မေးလာသည်။
“မမကြီး ဘာလုပ်နေတာလဲ”
ထုံရွှယ်လူ :“မမကြီးက လေ့ကျင့်ခန်းလုပ်နေတာ လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးအတွက်ကောင်းတယ်”
ထိုအဖြေကိုကြားသောအခါ ထုံမျန်မျန်က အလျင်အမြန်ပင်ဖိနပ်ချွတ်လိုက်ပြီး အိပ်ရာပေါ်တက်ကာ ထုံရွှယ်လူလုပ်သလိုလိုက်လုပ်လာ၏။
ရှောင်ကျိုးကလည်း အနောက်မှလိုက်တက်လာသည်။ လမုန့်လေးက ခေါင်းငုံ့ကာ ဖင်လေးထောင်ထားပြီး downward dog poseပုံစံလိုက်လုပ်လာသည်။
ထုံရွှယ်လူက သူ့ကိုလှည့်ကြည့်လိုက်သောအခါ အော်ရယ်လိုက်မိသည်။
သူက သူမမြင်ဖူးသမျှထဲမှာ ဒရာမာအချိုးဆုံးခွေးလေးဘဲ။
ပုံစံအနည်းငယ်လုပ်ပြီးသောအခါ အပြင်ဘက်မှဝေ့ကျူးကျူးအသံထွက်လာ၏။
“မျန်မျန်ရေ နင့်မမလှလှလေးကျူးကျုးက လာရှာပါတယ်”
နောက်ဆုံးတွင် ထုံရွှယ်လူကမထိန်းနိုင်တော့ဘဲ အသံအကျယ်ကြီးအော်ရီလိုက်လေသည်။
ဝေ့ကျူးကျုးက တစ်နေ့တွင်သူမကိုယ်သူမအကြိမ်တစ်ရာလောက် မြှောက်ပင့်နေပါက အလွန်လှပသောမိန်းကလေးအဖြစ်ပြောင်းလဲသွားမည်ဟု ခိုင်မာစွာယုံကြည်ထားသည်။
သူမက မိန်းမလှလေးဖြစ်၊မဖြစ်ကို သေချာမသိသော်လည်း ၎င်းကိုအကျယ်ကြီးထုတ်ပြောရ၍ စိတ်အနှောင့်အယှက်မဖြစ်ပေ။ ဝေ့ကျူးကျုးသည် ပုံမှန်ကလေးတစ်ယောက်အတွက်ပြောရလျှင် သူမကိုယ်သူမ အတော်လေး ယုံကြည်ချက်ရှိပေသည်။
ထုံရွှယ်လူက ထရပ်ကာ တံခါးသွားပွင့်ပေးလိုက်သည်။
တံခါးပွင့်သွားသောအခါ ဝေ့ကျူးကျုးက မျက်နှာဝိုင်းဝိုင်းလေးဖြင့် မော့ကြည့်ကာ ပြုံးပြလာသည်။
“မင်္ဂလာမနက်ခင်းပါ အမကြီးရွှယ်လူ အမကြီးကဒီနေ့အရမ်းလှနေတယ်”
ထုံရွှယ်လူက ဝေ့ကျူးကျူးခေါင်းကို ပွတ်ပေးလိုက်သည်။
“မင်္ဂလာမနက်ခင်းပါ ကျူးကျူး၊ နင်လည်း အရမ်းလှနေတယ်”
ဝေ့ကျူးကျုးက ကျေနပ်သွားသည်။ ထို့နောက် သူမက ထုံမျန်မျန်၊ရှောင်ကျိုးတို့နှင့် ကစားရန် ပြေးဝင်သွားလေသည်။
ရှန်ဝမ်ရုန်က ပြုံးကာ သူမ၏မြေးမနောက်ကျောကိုကြည့်ရင်း ခေါင်းခါလိုက်မိသည်။
“ကျူးကျူးက နောက်နှစ်ကိုကျောင်းတက်ရတော့မှာ ကျောင်းမှာလဲ ဒီလိုပုံစံမျိုးဆက်လုပ်နေမယ်ဆိုရင် အခြားသူတွေက သူလေးကိုရယ်ကြမှာ စိုးရိမ်မိတယ်”
“အဖွားရှန်မစိုးရိမ်ပါနဲ့ တစ်ယောက်ယောက်က ကျူးကျူးကိုလှောင်ရင် သူတို့ကပေါင်းဖို့မထိုက်တန်လို့ပေါ့၊ ကျူးကျူးက သူတို့နဲ့ကစားစရာမလိုဘူး”
“နင်ပြောတာမှန်တယ်၊ ကျူးကျူးကလူတိုင်းနဲ့ပေါင်းဖို့မလိုပါဘူး၊ အိုးးဒါနဲ့ ငါ ထိုင်ဝမ်မုန်ညင်းတွေသွားဝယ်ပြီးသိမ်းထားချင်လို့ နင်ရောလိုက်ချင်လား”
ထုံရွှယ်လူက လျင်မြန်စွာခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မလည်း ဘဲဥတွေဝယ်ထားချင်နေတာ၊ ခနလောက်နော် ပိုက်ဆံနဲ့ လက်မှတ်တွေသွားယူလိုက်ဦးမယ်”
ရန်ချင်းနယ်မှဈေးနှင့် မတူဘဲ ဒီကဈေးသည် တစ်နေ့နှစ်ကြိမ်ဖွင့်၏။ မနက်တွင်တစ်ကြိမ်ဖွင့်ကာ ညနေတစ်ကြိမ်ဖွင့်သည်။
အခုစထွက်မည်ဆိုပါက ဈေးသို့အချိန်မှီရောက်ပေလိမ့်မည်။
သူတို့ဈေးသို့ရောက်သောအခါ အပြင်ဘက်တွင် လူတန်းရှည်ကြီးရှိနေပြီဖြစ်သည်။
ထုံရွှယ်လူနှင့် အဖွားရှန်တို့သည် သူတို့အလှည့်ရောက်ရန် နာရီဝက်လောက်တန်းစီလိုက်ရသည်။
ရှန်ဝမ်ရုန်က အဆင့်2ဟင်းသီးဟင်းရွက် 10ကျင်းဝယ်လိုက်သည်။ အဆင့်2 အရွက်များသည် 1ကျင်းလျှင် 3ဆင့်ကျသင့်၏။ သူမက စုစုပေါင်းဆင့်30ကုန်သွားသည်။
ထုံရွှယ်လူကမူ အဆင့်1အရွက်များကိုသာ 2ကျင်းဝယ်လိုက်သည်။ အဆင့်1အရွက်များက 1ကျင်းလျှင် 1ဆင့်သာကျ၏။
ထို့နောက် သူတို့က ဘဲဥနှင့်အခြားပစ္စည်းများဝယ်ရန်အတွက် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီတို့သွားလိုက်ကြသည်။
သူတို့ပြန်ရောက်သောအခါ ကလေးများက သဲအိတ်သေးသေးလေးများဖြင့် ဆော့နေကြ၏။
ထိုသဲအိတ်များကို ရှန်ဝမ်ရုန်ကိုယ်တိုင် လုပ်ထားပေးခြင်းဖြစ်သည်။ ၎င်းက ပိတ်စအပိုခြောက်စကို လေးထောင့်ပုံစံချုပ်ထား၏။သူမလုပ်ရန်လိုသည်မှာ သင့်တော်သောသဲပမာဏကို အထဲထည့်ရန်သာဖြစ်သည်။
သူတို့အထဲသို့ဝင်လာသောအခါ ထုံကျားမင်က ထုံမျန်မျန်နှင့်ရှောင်ကျိုးကိုဦးဆောင်ကာ သူတို့ဆီသို့ထုံကျားရှင်းပစ်နေသော သဲအိတ်များကို ရှောင်နေ၏။ လမုန့်လေးကလည်း ဝင်ကစားလာသည်။
ထုံမျန်မျန်က လူကောင်းသေးကာ ခြေထောက်တို၏။ ထုံကျားရှင်းက အကိုကြီးဟုသောအသိစိတ်မရှိပေ။ သူက ထုံမျန်မျန်ကိုဘဲချိန်ပြီးပစ်နေ၏။
သဲအိတ်လေးက ဆံပင်ကိုဖြတ်ကာ ထုံမျန်မျန်၏နောက်ကျောကို ထိသွားသည်။
ထုံကျားရှင်းက ပျော်သွားသည်။
“ရေးးးငါလုပ်နိုင်ပြီကွ မျန်မျန်ကိုထိသွားပြီ”
ထုံမျန်မျန်က မျက်ရည်ဝဲလာသည်။ သူမကနှုတ်ခမ်းစူလာကာ ငိုချတော့မည့်ပုံပင်။
ထုံကျားမင်က သူမဆီလျှောက်လာပြီး နှစ်သိမ့်လိုက်သည်။
“မျန်မျန် မငိုနဲ့ ဒုတိယအကိုကိုထိအောင် ကိုကြီးကူပစ်ပေးရမလား”
ပေါက်စီလေးက ခေါင်းခါလိုက်ရာ ဘေးနှစ်ဖက်မှကျစ်ဆံမြှီးလေးများက ရမ်းခါသွားသည်။
“မလိုပါဘူး မမကြီးက လူဆိုတာကိုယ့်အားကိုယ်ကိုးတတ်ရမယ်လို့ ပြောထားတယ်”
သူမကပြောရင်းဖြင့် မျက်ရည်သုတ်လိုက်ပြီး မြေကြီးပေါ်မှ သဲအိတ်ကိုကောက်ကာ ထုံကျားရှင်းခုနတုန်းကရှိနေသည့်နေရာသို့သွားလိုက်သည်။ ထို့နောက် သူမက အသံချိုချိုလေးဖြင့် ထုံကျားရှင်းကို ရက်စက်စွာခြိမ်းခြောက်လိုက်သည်။
“မျန်မျန်က ဂျပန်မကောင်းဆိုးဝါးလို တတိယအကိုကို သတ်ပစ်မယ်”
ထုံကျားရှင်းကသူ့ကိုပြောင်ပြလာသည်။
“အိုးဟုတ်လားး မျန်မျန်လုပ်နိုင်တာကိုပြပါဦး”
ထုံမျန်မျန်က သဲအိတ်ကိုအားအပြည့်ဖြင့်ပစ်ထုတ်လိုက်သည်။ သဲအိတ်ကလွင့်ထွက်လာပြီး မြေကြီးပေါ်သို့ အသံအကျယ်ကြီးဖြင့် ပြုတ်ကျသွားလေသည်။
၎င်းက ထုံမျန်မျန်၏ခြေထောက်ရှေ့နားလေးတွင် ပြုတ်ကျသွားသည်။
အနားမှအသံများက တိတ်ဆိတ်သွား၏။
ထို့နောက် ထုံကျားရှင်းကအော်ရယ်လာလေသည်။
“ဟားဟားဟားးး အရမ်းရီရတာဘဲ၊ မျန်မျန် နင်က10cm အကွာကိုတောင် မပစ်နိုင်ဘူး.......”
ပေါက်စီလုံးလေး၏မျက်နှာက နီရဲတွတ်လာသော်လည်း ခေါင်းမာမာဖြင့်ပင် မျက်ရည်မကျအောင်ထိန်းထား၏။ ထို့နောက် သဲအိတ်ကိုပြန်ကောက်ကာ ထပ်ခါတလဲလဲကြိုးစားသော်လည်း အလွန်ဝေးသည်အထိ မပစ်နိုင်သေးပေ။
ရှောင်ကျိုးက ရုတ်တရက် ထုံမျန်မျန်ရှေ့သို့ပြေးလာပြီး သူမရှေ့တွင်ရပ်ကာ ပြောလာသည်။
“မမ သားကိုပစ်လိုက်”
ထုံမျန်မျန်က ခနလောက်တွေးလိုက်ပြီးနောက် သဲအိတ်ကို ညင်သာစွာသူ့ဆီပစ်ထုတ်လိုက်သည်။
ရှောင်ကျိုးက ပါးစပ်စေ့ပြီး ပြောလာလေသည်။
“အိုးးးးသားထိသွားပြီ”
ထုံမျန်မျန်က တခစ်ခစ်ရယ်မောလာသည်။ သူမ၏ပါးချိုင့်လေးနှစ်ဖက်ကိုမြင်ရသည်မှာ သူမပုံစံကကျက်သရေရှိပြီး အလွန်ချစ်စရာကောင်းနေပေသည်။
အိုင်းယားးးး ကလေးငယ်လေးတွေက ချစ်ဖို့အကောင်းဆုံးဘဲ။
ထုံရွှယ်လူက တစ်ချို့သူများသည် မွေးကတည်းက လူမှုဆက်ဆံရေးဉာဏ်ရည်အပြည့်ဖြင့် မွေးဖွားလာကြစဉ်တွင် ထုံကျားရှင်းကဲ့သို့သူများက တစ်ဘဝလုံးတစ်ကိုယ်တည်းသမားဖြစ်ရန် ကံပါလာကြသည်ဟု ခံစားမိသွားသည်။
သူမကဝယ်လာသောပစ္စည်းများကို မီးဖိုချောင်ထဲသို့ သွားထားမည့်အချိန်တွင် သူမနောက်မှ တံခါးခေါက်သံထွက်လာ၏။
“ရဲဘော်ထုံ မင်းအိမ်မှာလား”
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။
အရာရှိကျန်းဘဲ။
အရာရှိကျန်းက အမှုကိစ္စမှာတိုးတက်မှုရှိလို့များ ဒီကိုရောက်လာတာလား။
သူမက တံခါးသွားဖွင့်လိုက်သောအခါ အပြင်ဘက်တွင် ယောက်ျား လေး၊ငါးယောက်လောက်ရပ်နေသည်ကို မြင်လိုက်ရ၏။
အရာရှိကျန်းမှလွဲလျှင် ကျန်သည့်ယောက်ျားများက အလွန်စိတ်လှုပ်ရှားနေကြသည်။
ထုံရွှယ်လူက ချက်ချင်းပင် နားလည်သွားသည်။
အရာရှိကျန်းက သူမကိုပြုံးပြလာသည်။
“မင်းအိမ်မှာရှိနေလို့ တော်သေးတာပေါ့ ရဲဘော်ထုံ”
ထုံရွှယ်လူက နားလည်သလိုခေါင်းညိတ်ပြလိုက်သည်။
“အရာရှိကျန်းက ရှောင်ကျိုးရဲ့မိသားစုကို သိပြီလား”
အရာရှိကျန်းက ခေါင်းညိတ်ပြသည်။
“ဟုတ်တယ် ရှောင်ကျိုးရဲ့မိဘတွေက လူပျောက်လာတိုင်လို့လေ၊ သူတို့ရဲ့အထောက်အထားတွေကို စစ်ဆေးပြီးတာနဲ့ ဒီကိုခေါ်လာခဲ့တယ်”
သူပြောပြီးပြီးချင်းမှာပင် အသက်28-29လောက်ရှိသည့် ယောက်ျားက ရှေ့ထွက်လာပြီးပြောလာသည်။
“ရဲဘော်ထုံ ကျွန်တော့်နာမည်ကစုယွဲ့ရှန်းပါ ရှောင်ကျိုးရဲ့အဖေပါ၊ ရှောင်ကျိုးကိုစောင့်ရှောက်ထားပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်”
ထိုသို့ပြောပြီးနောက် သူက ထုံရွှယ်လူကိုလေးနက်စွာ အရိုအသေပေးလာ၏။
ထုံရွှယ်လူကသူမရှေ့မှ ယောက်ျားကို ကြည့်လိုက်သည်။ ထိုသူကအလွန်ခန့်ညားသည်ကို သူမဝန်ခံရပေမည်။ စိတ်သဘောထားကောင်းသည့် ခန့်ညားမှုမျိုးဖြစ်သည်။
သူ့နှုတ်ခမ်းကပါးကာ နှာခေါင်းရှည်၏။ သူက ရွှေကိုင်းမျက်မှန်တပ်ထားပြီး မျက်မှန်အောက်မှ ဖီးနစ်မျက်လုံးများက ရှောင်ကျိုးလိုပင်ဖြစ်သည်။ ရှောင်ကျိုးနှင့်ယှဉ်ပါက သူမရှေ့မှဤယောက်ျားသည် သိမ်းငှက်တစ်ကောင်လိုစူးရှသည်။
သို့သော် သူမရှောင်ကျိုးဆီမှကြားဖူးသည်မှာ သူ့မိသားစုနာမည်က ကုဖြစ်သည်ဟုဆို၏။ သူမရှေ့မှ ဤယောက်ျား၏မျိုးရိုးနာမည်မှာ စုဖြစ်နေသည်။ ကြားထဲတွင် ကိစ္စတစ်ခုခုတော့ရှိပေလိမ့်မည်။
ထုံရွှယ်လူ တည့်တိုးဆန်စွာမေးလိုက်သည်။
“ရှင်တို့ဘက်က လူပျောက်တိုင်ဖို့ ဘာလို့ဒီလောက်ကြာနေတာလဲဆိုတာကို မေးလို့ရမလား”
ထိုနေ့တွင် ရှောင်ကျိုးသာ သူမနှင့်မဆုံခဲ့ပါက အခုလိုသူတို့၏လုပ်ဆောင်ပုံနှင့်ဆိုလျှင် ရှောင်ကျိုးက အဝေးကိုပါသွားလောက်ပြီဖြစ်သည်။
စုယွဲ့ရှန်းက သူမအပေါ် ပွင့်ပွင့်လင်းလင်းရှိ၏။ သူကဖြစ်ခဲ့သမျှကို အတိုချုံးရှင်းပြလိုက်သည်။
“......အဲ့ဒါက သူတို့ဘက်မှာ ဆုံးဖြတ်တာအမှားရှိခဲ့လို့ပါ၊ အဲ့ဒါကြောင့် ကျွန်တော်မြို့တော်ကိုပြန်မရောက်လာခင်အထိ သူတို့ကရဲမတိုင်ကြဘူး မင်းကိုပြသနာဖြစ်စေလို့တောင်းပန်ပါတယ် ပြီးတော့ ရှောင်ကျိုးအတွက်လုပ်ပေးခဲ့သမျှအရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်”
သူကပြောရင်းဖြင့် နောက်တစ်ကြိမ်ခေါင်းငုံ့အရိုအသေပေးလာသည်။
စုယွဲ့ရှန်းပြန်ပြောပြသည်ကို နားထောင်ပြီးသောအခါ ထုံရွှယ်လူက မဲ့ရှုံ့သွားသည်။
ကုမိသားစုဝင်များ၏စိတ်ထဲတွင် ဘာဖြစ်နေသည်ကို သူမနားမလည်နိုင်တော့ချေ။
သူတို့က သူတို့ရင်းနှီးသောသူ၏ အရူးလုပ်ခြင်းကို လုံးဝခံထားရသည်။ အရေးကြီးဆုံးမှာ သူတို့က ဆယ်ရက်ကျော်သွားတာတောင်မှ မသိကြသေးခြင်းပင်။
စုယွဲ့ရှန်းသာ ပြန်မရောက်လာပါက ဤကဲ့သို့ဆက်ဖြစ်နေမှာဖြစ်သည်။
သူမက တွေးကြည့်ရုံဖြင့်တင် ပြောစရာစကားမရှိတော့ချေ။
ကံကောင်းထောက်မစွာဖြင့် ရှောင်ကျိုးက သူ့မိခင်လိုမဟုတ်ပေ။ သူက သူ့ဖခင်ဆီမှ ဉာဏ်ရည်ကို ဆက်ခံထားခြင်းဖြစ်နိုင်ပေသည်။
ထုံရွှယ်လူက စုယွဲ့ရှန်းနောက်မှ လူနှစ်ယောက်ကိုကြည့်လိုက်သည်။ သူတို့နှစ်ယောက်က ရှက်သွားကာခေါင်းငုံ့လိုက်ကြသည်။
ထုံရွှယ်လူက တံခါးဖွင့်ကာ သူတို့ကို အထဲဝင်ခိုင်းလိုက်သည်။