အပိုင်း ၁၄၅
Viewers 30k

🍵Chapter 145

-၎င်းက လူတိုင်းကိုထိတ်လန့်သွားစေသည်။ 



စုယွဲ့ရှန်းက သူ့သားကိုပြန်တွေ့ရသည့်အတွက် အလွန်စိတ်လှုပ်ရှားသွားသည်။


လူကြီးများ အထဲဝင်လာသောအခါ ကလေးများက သဲအိတ်ဖြင့် ကစားနေကြဆဲဖြစ်သည်။


အနောက်ဘက်မှ ယောက်ျားနှစ်ယောက်ကလည်း အလျင်အမြန်ပင် အထဲသို့လိုက်လာကြသည်။ သူတို့က ရှောင်ကျိုးကိုမြင်သောအခါ စိုးရိမ်တကြီးအော်ခေါ်လိုက်ကြသည်။

“ ရှောင်ကျိုး ရှောင်ကျိုး တကယ်ကိုငါ့တူလေးဘဲ”


ထိုလူများ၏အသံကိုကြားသောအခါ ‌သဲအိတ်များကိုရှောင်ကျိုးကရပ်သွားသည်။ ထို့နောက်သူကနှုတ်ခမ်းစူပြီး ထိုလူနှစ်ယောက်ဆီပြေးလာလေသည်။


“ဦးလေး၊ ဒုတိယဦးလေး”


အကိုကြီးကုနှင့် ဒုတိယအကိုကုတို့သည် အလွန်စိတ်လှုပ်ရှားသွားသည်။ သူတို့က ပြေးလာပြီးရှောင်ကျိုးကိုဖက်လိုက်ကြသည်။ သူတို့၏ရှောင်ကျိုး၏မျက်နှာနှင့် လက်များကိုကြည့်ကာ ဒဏ်ရာရမရစစ်ဆေးလိုက်ကြ၏။


ရှောင်ကျိုး၏နဖူးပေါ်မှ ဒဏ်ရာသည် လုံးလုံးမပျောက်သေးသော်ငြား ချုပ်ရိုးပြန်ဖြေပြီးပြီဖြစ်သည်။


ရှောင်ကျိုး၏နဖူးပေါ်မှ ဒဏ်ရာကိုမြင်သောအခါ သူတို့ရင်ထဲတွင် နာကျင်သွားကြသည်။


စုယွဲ့ရှန်းက ‌ရှောင်ကျိုးကိုကြည့်လာသည်။ သူ့မျက်လုံးများကနီရဲလာကာ မျက်ရည်များကိုထိန်းပြီးပြောလိုက်သည်။

“ရှောင်ကျိုး”


ရှောင်ကျိုးက ခေါင်းမော့ကာ သူ့ရှေ့တွင်ရပ်နေသော ထိုလူကိုကြည့်လာသည်။ သူကဇဝေဇဝါဖြစ်သွား၏။

“သူကဘယ်သူလဲ ဦးလေး သားတစ်နေရာရာမှာ တွေ့ဖူးသလိုဘဲ”


စုယွဲ့ရှန်းက ရှောင်ကျိုးဆီသို့ လက်ဆန့်ပြလာသည်။

“ရှောင်ကျိုး အဖေပါ သားအဖေလေ၊ အဖေ့ကိုဖက်ပါဦး”


သူမြို့တော်မှထွက်သွားသောအချိန်တွင် ရှောင်ကျိုးက ခြောက်လသားအရွယ်သာရှိသေးသည်။ ပြီးခဲ့တဲ့လေးနှစ်အတွင်းမှာ ဘယ်လိုများကြီးပြင်းလာခဲ့တာလဲ။


အကိုကြီးကုကလည်း ရှောင်ကျိုးကို ရှေ့သို့နည်းနည်းတွန်းကာ ပြောပြလာသည်။

“သွားလိုက်လေ ရှောင်ကျိုး၊ သားအဖေရဲ့ဓာတ်ပုံတွေကို မြင်ဖူးတယ်မလား၊ သားမမှတ်မိဘူးလား”


“တကယ်ဘဲ သားအဖေလားဟင်”


စုယွဲ့ရှန်းက လည်ပင်းထဲတွင် အလုံးကြီးဆို့နေသလို ခံစားလိုက်ရသည်။ သူက‌ဖြေးဖြေးချင်း ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ် သားရဲ့အဖေပါ ဒီကိုလာပါဦး ကလေးရယ်”


ရှောင်ကျိုးက အနည်းငယ်တွန့်ဆုတ်နေပြီးမှ သူ့ဆီပြေးသွားလိုက်သည်။


‌စုယွဲ့ရှန်းက ဆောင့်ကြောင့်ထိုင်ကာ ရှောင်ကျိုးကိုဖက်လိုက်သည်။ သူ့မျက်လုံးများက ပို၍နီရဲလာလေသည်။


ထုံမျန်မျန်က ထုံရွှယ်လူဆီလျှောက်လာပြီး သူမကိုမှီကာ နူးညံ့သောအသံဖြင့်မေးလာသည်။

“မမကြီး ရှောင်ကျိုးက အိမ်ပြန်တော့မှာလား”


ထုံရွှယ်လူက သူမကိုချီကာ ပါးလေးကိုဆတ်ခနဲ နမ်းလိုက်သည်။

“ဟုတ်တယ် ရှောင်ကျိုးရဲ့အဖေက အိမ်ပြန်ဖို့ လာကြိုတာလေ”


ပေါက်စီလုံးလေးက နှုတ်ခမ်းစူကာ မျက်ရည်များက ပါးတစ်လျှောက် စီးကျလာသည်။

“မမကြီး ဖေဖေကရော သမီးတို့ကို ဘယ်တော့လာကြိုမှာလဲ၊ ဖေဖေနဲ့ မေမေကိုလွမ်းတယ်”


ထုံမျန်မျန်၏စကားကိုကြားသောအခါ ထုံကျားမင်နှင့်ထုံကျားရှင်းတို့ကလည်း မျက်လုံးများနီရဲလာသည်။


ထုံရွှယ်လူက ‌သူမခေါင်းလေးကို ပုတ်ပေးကာ ဘာမှပြန်မပြောလိုက်ပေ။


အချိန်တစ်ချို့ကြာပြီးနောက် စုယွဲ့ရှန်းက ဖြေးဖြေးချင်းစိတ်တည်ငြိမ်လာ၏။


သူကထရပ်ကာ ရှောင်ကျိုးလက်ကိုကိုင်ပြီး ထုံရွှယ်လူတို့ဆီလှည့်လာသည်။

“ရဲဘော်ထုံ အခုရှောင်ကျိုးကိုလည်း ရှာတွေ့ပြီဆိုတော့ ကျွန်တော်တို့နဲ့အတူပြန်ခေါ်သွားလိုက်တော့မယ် ကျွန်တော်တို့မိသားစုဝင်တွေက သတင်းစောင့်နေတုန်းမလို့ပါ၊ နောက်တစ်နေ့ကျမှ မင်းကိုသေသေချာချာ ကျေးဇူးတင်ဖို့ တစ်ခါပြန်လာခဲ့ပါ့မယ်”


ဒီနေ့တွင် သူတို့ကအလျင်စလိုလာခဲ့ရသဖြင့် ဘာမှမပြင်ဆင်ခဲ့ရပေ။ ကိစ္စများအားလုံးကို ဖြေရှင်းပြီးမှသာ သူတို့မိသားစုက ကျေးဇူးတင်ကြောင်းကို သေချာဖော်ပြရပေမည်။


ထုံရွှယ်လူက လက်ခါပြလိုက်သည်။

“အဲ့လိုလုပ်ဖို့မလိုပါဘူး အနာဂတ်မှာသာ ပိုသတိထားပေးပါ၊ကလေးကိုထပ်မပျောက်စေပါနဲ့တော့ နောက်တစ်ကြိမ်ဆို ရှောင်ကျိုးက ကျွန်မနဲ့ ထပ်ဆုံရလောက်တဲ့အထိ ကံ‌မကောင်းနိုင်ဘူးလေ”


၎င်းက ထုတ်ပြောရာတွင် အကောင်းဆုံးမဟုတ်သော်လည်း စုယွဲ့ရှန်းကစိတ်မခုသွားပေ။

“မင်းပြောတာမှန်ပါတယ် ရဲဘော်ထုံ”


ထိုသို့ပြောပြီးနောက် သူကခေါင်းငုံ့လိုက်သည်။

“ရှောင်ကျိုး အခြားသူတွေကို သွားနှုတ်ဆက်လိုက်ဦးလေ”


ရှောင်ကျိုးက သူ့လက်ကိုဖြုတ်ကာ ထုံမိသားစုဆီပြေးသွားသည်။

“မမကြီး ရှောင်ကျိုးကအခုပြန်တော့မှာဆိုပေမယ့် နောက်ကျရင် လာလည်ဦးမှာပါ”


ထုံရွှယ်လူက ထုံမျန်မျန်ကိုအောက်ပြန်ချကာ ရှောင်ကျိုး၏ခေါင်းကို ပွတ်လိုက်သည်။

“ဟုတ်ပါပြီ မမကြီးမျှော်နေမယ်နော်”


သူမက ရှောင်ကျိုးကို အတော်လေးသဘောကျမိသည်။ သူက ရင့်ကျက်ကာ လိမ်မာပြီး အရေးကြီးဆုံးမှာ အလွန်ကြည့်ကောင်း၏။


ရှောင်ကျိုးက ကျန်သည့်သူများကို နှုတ်ဆက်ပြီးသောအခါ မျက်ရည်များဖြင့် သူ့အဖေ၏ချီခေါ်သွားခြင်းကို ခံလိုက်ရသည်။


ရှောင်ကျိုး ထွက်သွားပြီး‌သောအခါ ခြံဝန်းကတိတ်ဆိတ်သွားသည်။


လူတိုင်းက ရင်ထဲတွင်ဟာတာတာဖြစ်သလို ခံစားလိုက်ကြရသည်။


🍵

စုယွဲ့ရှန်းက ရှောင်ကျိုးကိုချီကာ ကုမိသားစုအိမ်သို့ ပြန်လာခဲ့သည်။


ကုရိလန်က သူ့သားကိုမြင်သောအခါ အော်ငိုလိုက်လေသည်။

“အမေ့ရဲ့ရှောင်ကျိုး၊ အမေ့ရတနာလေး နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့”


သူမက စုယွဲ့ရှန်းနှင့်အတူ သူမသားလေးကို လိုက်ရှာချင်သော်လည်း အလွန်စိတ်ခံစားချက်ပြင်းထန်နေသဖြင့် သူမနှလုံးသားက အတူလိုက်ရန်မလုပ်နိုင်ပေ။


ရှောင်ကျိုးလည်း သူ့အမေကိုမြင်သောအခါ အော်ငိုလာလေသည်။


ရှောင်ကျိုး၏အဖိုးနှင့် အဖွားတို့ကလည်း အလွန်ဝမ်းနည်းနေကြသည်။ သူတို့ကငိုလွန်းသဖြင့် နှာခေါင်းမှ နှာရည်များတောင်ထွက်လာလေသည်။


သူတို့အားလုံးငိုပြီးသည့်နောက်တွင် စုယွဲ့ရှန်းက လူတိုင်းကိုကြည့်လိုက်သည်။

“ကောင်းပြီ အားလုံးငိုလို့ပြီးကြပြီမလား အဲ့ဒါဆိုရင် လိုင်မူချင်းအကြောင်း ပြောကြမယ်”


သူပြောလိုက်သောအခါ ဧည့်ခန်းထဲမှအသံများက တိတ်သွားသည်။


အမေကုက သူမ၏သားမက်ကိုကြည့်ကာ ပြောလိုက်သည်။

“ယွဲ့ရှန်း မူချင်းက ဒီကိစ္စရဲ့နောက်ကွယ်ကသူ မဟုတ်လောက်ပါဘူး၊ အားဖန်ကသူမလေးကို စွပ်စွဲတာဖြစ်မယ် ငါတို့တွေမူချင်းပြန်လာတဲ့အထိစောင့်လိုက်လို့မရဘူးလား”


အခြားသူများကလည်း အမေကု၏စကားကိုထောက်ခံလာကြသည်။


စုယွဲ့ရှန်းက သူတို့၏အပြုအမူကြောင့် မအံ့ဩသွားပေ။

“သက်သေကြီးအထင်အရှားရှိနေတာတောင် အမေတို့က ငြင်းချင်နေသေးတာလား၊ လိုင်မူချင်းပြန်ရောက်လာပြီး သူမကိုယ်တိုင်ဝန်ခံလာရင်တောင်မှ အမေတို့က သူ့ကိုရဲတိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ် ဟုတ်တယ်မလား”


ဘယ်သူကမှ ပြန်မပြောလာသော်လည်း သူတို့၏အမူအရာများကပင် အဖြေဖြစ်နေသည်။


နောက်ဆုံးတွင် ကုရိလန်က သူ့မိသားစုဝင်များ၏ အကြည့်ကိုမခံနိုင်တော့သဖြင့် ထရပ်လာသည်။

“ယွဲ့ရှန်း ကျွန်မတို့ကမယုံတာမဟုတ်ရပါဘူး၊ အဲ့ဒါက မူချင်းဘာလို့ ဒီလိုလုပ်တာလဲဆိုတာ နားမလည်နိုင်လို့ပါ”


သူမဘယ်‌လိုဘဲစဉ်းစားပါစေ သူမ၏ဝမ်းကွဲက ဘာကြောင့်ထိုသို့လုပ်ရသည်ကို နားမလည်နိုင်သေးပေ။


သူတို့က ကလေးဘဝကတည်းက အတူတူကြီးပြင်းလာကြကာ တကယ့်ညီအစ်မအရင်းများထက်တောင် ပိုရင်းနှီးပေသည်။ သူမစိတ်ထဲတွင် ဝမ်းကွဲက စိတ်ဝင်စားစရာအကောင်း‌ဆုံးသူဖြစ်သည်။


ကုရိလန်က လိုင်မူချင်းသည် ရှောင်ကျိုးအပေါ် ရုတ်တရက်ပစ်မှတ်ထားလာသည်ကို မယုံနိုင်ဖြစ်နေသည်။


စုယွဲ့ရှန်း :“မင်းပြောချင်တာကို ကိုယ်သိတယ်၊ မင်းတို့မိသားစုက လိုင်မိသားစုအပေါ် ကျေးဇူးကြွေးတင်နေတာဟုတ်တယ် ဒါပေမယ့် ဒီနှစ်တွေမှာ သူတို့ရဲ့သမီးကို ကျွေးမွေးပျိုးထောင်လာပေးတာနဲ့တင် ကျေးဇူးကဆပ်သင့်သလောက်ဆပ်ပြီးသွားပြီ”


“ဒါက သာမာန်ကိစ္စမဟုတ်ဘူး၊ ကိုယ်ဒီကိစ္စကို မဖြစ်ခဲ့သလိုမျိုး ကျော်သွားပေးမှာမဟုတ်ဘူး”


အမေကုက ‌ဖြူဖျော့သွားသည်။

“ယွဲ့ရှန်း သားရယ် မူချင်းကို ဒီတစ်ကြိမ်ဘဲခွင့်လွှတ်ပေးလိုက်ပါလား၊ သူပြန်ရောက်တဲ့အခါ အမေသူ့ကိုဆုံးမလိုက်မယ်လို့ ကတိပေးတယ် ဒါပေမယ့် ရဲတိုင်တဲ့အထိတော့မလိုဘူးလေ”


“မူချင်းက ငယ်သေးတယ်၊ သူမသာပြန်လည်ပြုပြင်ရေးလယ်ယာကိုအပို့ခံလိုက်ရရင် သူမဘဝကအဆုံးသတ်သွားလိမ့်မယ်၊ အဲ့လိုဖြစ်သွားရင် အမေသေသွားပြီးတဲ့နောက်မှာ အစ်မလိုင်ကို ဘယ်လိုပြောပြရတော့မှာလဲ”


ထိုသို့ပြောရင်းဖြင့် အမေကုက ငိုလေသည်။


စုယွဲ့ရှန်းက အလွန်ဒေါသထွက်သဖြင့် အော်ပြီး‌ေတာ့တောင်ရယ်လိုက်ချင်သည်။


သူတို့က လိုင်မူချင်းပြန်မရောက်သေးတာတောင်မှ သူ့အတွက်ဆင်ခြေတွေပေးဖို့ မစောင့်နိုင်တော့ဘူးဘဲ။


လိုင်မူချင်းက သူတို့ကို လွယ်လွယ်အရူးလုပ်နိုင်တာ မအံ့ဩတော့ဘူး။


လိုင်မူချင်းက တော်နေလို့မဟုတ်ပေ။ ဒီလူများကသာ အလွန်တုံးအနေခြင်းဖြစ်သည်။


စုယွဲ့ရှန်းက အသက်ပြင်းပြင်းရှူလိုက်သည်။

“ခင်ဗျားတို့မှာ ရွေးစရာနှစ်ခုရှိတယ်၊ ပထမတစ်ခုက လိုင်မူချင်းကို အဝေးကိုပို့လိုက်။ ဒုတိယတစ်ခုက လိုင်မူချင်းကို‌ဒီမှာဘဲ ပေးနေလို့ရတယ် ဒါပေမယ့် ကျွန်တော်က ရိလန်ကို ပြန်လက်ထပ်မှာမဟုတ်ဘူး ရှောင်ကျိုးကလည်း ကျွန်တော်နဲ့အတူ စုမိသားစုဆီပြန်လိုက်လာရမယ်”


ထိုသို့ပြောပြီးနောက် သူကပြန်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။


ထိုစကားများက သူတို့အ‌ပေါ် ဗုံးကြဲလိုက်သလိုပင်။


ကုမိသားစုဝင်အားလုံးက ထိတ်လန့်သွားသဖြင့် အ‌ချိန်အတော်ကြာသည်အထိ ဘာမှမပြောနိုင်ကြပေ။


သူတို့က သူ့ကိုရိလန်နှင့် ပြန်လက်မထပ်ဘဲ ရှောင်ကျိုးကို ခေါ်သွားခွင့်မပြုနိုင်ပေ။


စုယွဲ့ရှန်းက ထူးချွန်ထက်မြက်သော သားမက်ဖြစ်သည့်အပြင် ကုရိလန်ကလည်း သူမခင်ပွန်းကို အရူးအမူးချစ်၏။


စုယွဲ့ရှန်းပြန်ရောက်မလာလျှင်တောင်မှ သူမက အခြားသူနှင့် နောက်အိမ်ထောင်ပြုမည်မဟုတ်ပေ။


အခုချိန်တွင် စုယွဲ့ရှန်းက မူလရာထူးသို့ပြန်ရောက်လာပြီဖြစ်သောကြောင့် သူတို့က ပြန်လက်ထပ်ဖို့သာလိုတော့သည်။


သို့သော် ထိုသို့ဖြစ်ချင်ပါက သူတို့ကလိုင်မူချင်းကို အဝေးကိုပို့ရလိမ့်မည်။


ဘယ်လိုလုပ်ရမှာလဲ။ သူတို့ကစိတ်မပိုင်းဖြတ်နိုင်ပေ။


ကုမိသားစုဝင်များက အချင်းချင်းအကြည့်ဖလှယ်လိုက်ကြသည်။ သူတို့အားလုံးက ငေးငိုင်သွားကြသည်။


စုယွဲ့ရှန်းက ကုမိသားစုအိမ်မှ စိတ်ပျက်စွာထွက်လာပြီးနောက် အစိုးရဌာနမှ သူ့သူငယ်ချင်းနှစ်ယောက်ဆီသို့ သွားလိုက်သည်။


နှစ်ရက်ကြာပြီးနောက်တွင် ထုံရွှယ်လူက အစိုးရဆီမှအကြောင်းကြားစာကိုရလာ၏။၎င်းမှာ သူမကို အစိုးရစားသောက်ဆိုင်၏ မန်နေဂျာအဖြစ် ရာထူးတိုးပေးလိုက်သည့် အကြောင်းဖြစ်သည်။


ထိုစာကိုရသောအခါ ထုံရွှယ်လူ ကြောင်အသွားသည်။


သူမက အစိုးရသည် လျှိုတုံချန်မရှိတော့သောအခါ မန်နေဂျာနေရာကိုဝင်ရန်အတွက် လူတစ်ယောက်ယောက်ကို လွှတ်ပေးလာမည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ သူမကထိုနေရာကိုရလာလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။


သူမ၏အသက်အရွယ်နှင့် အရည်အချင်းအရဆိုလျှင် ထိုအခွင့်အရေးကိုမရနိုင်ပေ။


ဝမ်ရူကွေ့က သူမတက်ဖို့ ကြိုးများဆင်ပေးထားတာလား။


သို့သော် ၎င်းကမဖြစ်နိုင်ပေ။


ဝမ်ရူကွေ့က သူမကိုကူညီပေးနိုင်သော်လည်း သူမရာထူးရရန်အတွက် အဆက်အသွယ်များကို အသုံးချမည့်သူမျိုးမဟုတ်ပေ။


ထို့အပြင် သူတို့၏လက်ရှိဆက်ဆံရေးနှင့်ဆိုပါက သူထိုသို့လုပ်မည်ဆိုလျှင် သေချာပေါက် သူမကိုအရင်အသိပေးလိမ့်မည်။


(T/N ကု မိသားစုကိုစိတ်တိုလိုက်တာ 

ဒါကျတော့ ကြင်နာသနားတတ်တာမဟုတ်ဘူး တုံးအေပျာ့ညံ့တာ )