အပိုင်း ၁၄၆
Viewers 30k

🍵Chapter 146

သူမက အပြင်ဘက်မှခြေသံနှင့် စကားသံများကို ကြားလိုက်သည်။



သူမက အချိန်အတော်ကြာတွေးကြည့်လိုက်ပြီးနောက် ဤကိစ္စကိုလုပ်သောသူသည် စုယွဲ့ရှန်းဖြစ်နိုင်သည်ဟု ခံစားမိသွားသည်။


စုယွဲ့ရှန်းက ဘယ်သူမှန်းသူမမသိသော်လည်း 1960,70ခုနှစ်များတွင် ကျေးလက်ဘက်သို့အပို့ခံထားရသည့် လူတစ်ယောက်ချင်းစီတိုင်းသည် အင်အားကြီးသူများဖြစ်ကြသည်ကို သူမသိ၏။


ထိုသူများထဲမှ မူလရာထူးနေရာသို့ အရင်ဆုံး ပြန်ရောက်လာသောသူများသည် အင်အားအကြီးဆုံးဖြစ်သည်။


အခုတွင် 1976ခုနှစ်ရောက်ပြီဖြစ်ကာ ကြေညာချက်က နောက်လအထိထွက်ဦးမှာမဟုတ်ပေ။ သို့သော်ငြား စုယွဲ့ရှန်းကမူ မူလ‌ရာထူးသို့ပြန်ရောက်နေပြီဖြစ်သည်။ ၎င်းသည် သူ၏နောက်ခံကအလွန်အင်အားကြီးသည်ကို ဖော်ပြနေပေသည်။


သူမက သူ့သားကိုကယ်ပေးခဲ့သည့်အတွက် အခုတွင်သူမကို စားသောက်ဆိုင်၏မန်နေဂျာရာထူးဖြင့် ကျေးဇူးတင်ကြောင်းပြလာ၏။


ထုံရွှယ်လူက ဤအချက်ကသာ အဖြစ်နိုင်‌ဆုံးဟု ခံစားလိုက်ရသည်။


အခုတွင် ရာထူးတိုးပေးသည့် စာရောက်လာပြီဖြစ်သောကြောင့် သူမကဤအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။


သူမကိုယ်တိုင် မန်နေဂျာလုပ်နေနိုင်တဲ့အချိန်မှာ ဘာလို့အခြားတစ်ယောက်ကို မန်နေဂျာပေးလုပ်ရမှာလဲ။


ထုံရွှယ်လူက ဤအကြောင်းကိုသိသိပြီးနောက်မှာဘဲ ဝမ်ရူကွေ့ကိုပြောပြချင်သွားသည်။


ထို့နောက် သူမက သူမပစ္စည်းများကို သန့်ရှင်းရေးလုပ်ကာ ထုံမျန်မျန်နှင့်အတူ ထွက်လာခဲ့သည်။


စာတိုက်သို့ရောက်သောအခါ သူမမှတ်ဉာဏ်ထဲတွင်ရှိသည့် ဖုန်းနံပါတ်ကိုခေါ်လိုက်သည်။


တစ်ဖက်မှလျင်မြန်စွာ ဖုန်းကိုင်လာ၏။ ၎င်းကအရင်တစ်ခေါက်က အမျိုးသမီးအသံပင်။ သူမကလည်း ထုံရွှယ်လူ၏အသံကိုမှတ်မိသွားပုံပေါ်သည်။


ဒီတစ်ကြိမ်တွင် ဝမ်ရူကွေ့ကလျင်မြန်စွာရောက်လာသည်။

“ကိုယ်ပါ”


သူ့အသံကိုကြားကြားချင်းပင် ထုံရွှယ်လူကပြုံးလိုက်မိသည်။

“မှန်းကြည့်ပါဦး ကျွန်မမှာဘာသတင်းကောင်းရှိတယ်လို့ထင်လဲ”


ဝမ်ရူကွေ့ကလည်း ပြုံးလိုက်လေသည်။

“ကိုယ်မသိဘူး”


အကယ်၍သူမသာ ခေတ်သစ်ကာလတွင်‌ဆိုပါက ကလူကျီစယ်ကာ ဝမ်ရူကွေ့အား နည်းနည်းလောက်ထပ်စဦးမည်ဖြစ်သော်လည်း အခုချိန်တွင် သူမဖုန်းပြောနေသည်ကို အခြားသူများကစိုက်ကြည့်နေကြ၏။ အရေးကြီးဆုံးမှာ ဖုန်းခေါ်ခက တစ်မိနစ်လျှင် 10ဆင့်တောင်ကျပေသည်။


သူမက လိုရင်းကိုတန်းသွားလိုက်သည်။

“ကျွန်မက အစိုးရစားသောက်ဆိုင်ရဲ့ မန်နေဂျာဖြစ်သွားပြီ”


ဝမ်ရူကွေ့က နားလည်နိုင်ရန် အချိန်ယူလိုက်ရသည်။

“ဂုဏ်ပြုပါတယ် မင်းကအခြားသူတွေထက် အဲ့ဒီရာထူးကို ပိုပြီးကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့ ကိုယ်ယုံတယ်”


ထုံရွှယ်လူက ပြုံးလိုက်သည်။

“ကျွန်မလည်း အဲ့လိုထင်ပါတယ်၊ အဲ့ဒါ ကျွန်မ ရှင်တို့ကို ညစာဖိတ်ကျွေးချင်လို့လေ လာနိုင်လား”


ဝမ်ရူကွေ့က တွေးတောင်မတွေးဘဲပြန်ဖြေသည်။

“အင်း ကိုယ်လာနိုင်ပါတယ်”


ထုံရွှယ်လူ၏အပြုံးက ပိုနက်ရှိုင်းလာသည်။

“ဟုတ်ပါပြီ ဒါဆိုရင်ကျွန်မစောင့်နေမယ်နော်”


ဝမ်ရူကွေ့က သူမပြောသည်ကို နားလည်ကြောင်းပြလိုက်သည်။ ထို့နောက် သူက ထုံရွှယ်လူဖုန်းချလိုက်ပြီးသောအခါ ဖုန်းကိုအကြာကြီးစိုက်ကြည့်လိုက်သည်။


အန်ယွဲ့မိန်က ဝမ်ရူကွေ့ကိုတစ်ချိန်လုံးစောင့်ကြည့်နေခဲ့သည်။


သူမက ရုတ်တရက်ဆိုသလိုပင် သတ္တိမွေးပြီး ဝမ်ရူကွေ့ကိုမေးလိုက်သည်။

“ရဲဘော်ဝမ် ဖုန်းခေါ်တဲ့သူက ရှင့်ကောင်မလေးလား”


ဝမ်ရူကွေ့၏ပုံစံက နူးညံ့သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ် ကျွန်တော့်ကောင်မလေးပါ”


ကျွန်တော့်ကောင်မလေး။

ထိုစကားလုံးများက လောကတွင်အကောင်း‌ဆုံးစကားလုံးများဟု သူခံစားမိသွားသည်။


ထိုသို့ပြောပြီးနောက် သူကမျက်နှာတွင်အပြုံးတစ်ခုနှင့် ထွက်သွားလေသည်။


အန်ယွဲ့မိန်၏ပါးစပ်က အိုပုံစံဟသွားသည်။ သူမက ဝမ်ရူကွေ့သူ‌မရှေ့မှ ပျောက်သွားသည်ထိတိုင်အောင် သတိပြန်မဝင်လာသေးပေ။


ဒီတစ်ကြိမ်တွင် သူမကအလွန်စိတ်လှုပ်ရှားနေသဖြင့် သူမ၏‌မတ်ခွက်ကိုတောင်မေ့သွားပြီး ဘေးမှရုံးခန်းဆီသို့ပြေးသွားလေသည်။

“ဘုရားရေ၊.. နင်တို့တွေ ငါဘာကြားခဲ့ရလဲဆိုတာကို သိမှာမဟုတ်ဘူး”


“ဘာကိုလဲ”


အန်ယွဲ့မိန်က တစ်လုံးချင်းပြောလာသည်။

“သုတေသနပညာရှင်ဝမ်က ငါ့ကိုပြောခဲ့တာ၊ သူ့ ဆီ မှာ ကောင် မ‌ လေး ရှိ နေ ပြီ တဲ့”


“မဖြစ်နိုင်တာ နင်တကယ်ပြောနေတာလား”


“ငါကသူ့ကို ငါ့ဝမ်းကွဲနဲ့ မိတ်ဆက်ပေးမလို့လေ”


“ငါရောဘဲ၊ ငါ့ဝမ်းကွဲဆိုရင် အရင်တစ်ခေါက်ဒီကိုလာပြီး သူ့ကိုတွေ့သွားပြီးကတည်းက သူနဲ့ချိတ်ပေးဖို့ တပူပူတဆာ‌ဆာလုပ်နေတာ”


အန်ယွဲ့မိန်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပါတယ်ဆို အဲ့ဒါကအမှန်ဘဲ သုတေသနပညာရှင်ဝမ်ကိုယ်တိုင် ငါ့ကိုပြောပြ‌သွားတာ”


တီးတိုးပြောသံများကို ရုံးခန်းအပြည့်ကြားနိုင်၏။


အန်ယွဲ့မိန်က ထိုစကားကိုဖြန့်ပေးသောကြောင့် ဝမ်ရူကွေ့တစ်ယောက် ရည်းစားရှိနေသည်ကို ဌာနတစ်ခုလုံးက လျင်မြန်စွာ သိသွားကြသည်။


လူပျိုလူလွတ်အများအပြားက ဝမ်ရူကွေ့ဆီလာကာ ရည်းစားရအောင် ဘယ်လိုလုပ်ခဲ့ကြောင်း မေးမြန်းလာကြသည်။ သို့သော် သူတို့ထဲမှအများစုမှာ ဝမ်ရူကွေ့၏ကောင်မလေးက ဘယ်လိုပုံစံရှိသည်ကို သိချင်နေကြပေသည်။


သူမက သာမာန်လူဟုတ်၊မဟုတ် သူတို့သိချင်ကြသည်။ သူမကဘယ်လိုလုပ်ပြီး ဝမ်ရူကွေ့လိုလူမျိုးကို အရယူနိုင်တာလဲ။


***

ထုံရွှယ်လူက ဝမ်ရူကွေ့အပြင် ဖူကျန့်ယိ၊ ကျန်းတန့်ဟုန်နှင့် ဖန်ကျင်းယွမ်တို့ကိုပါ ‌ဖုန်းဆက်လိုက်သည်။


သူမကို သူတို့ကို မန်နေဂျာအဖြစ်ရာထူးတိုးခံလိုက်သည်ဟု မပြောဘဲ ဒီအတိုင်း ညစာစားဖိတ်ခြင်းဟုပြောကာ သူတို့လာမလာကို မေးလိုက်သည်။


သူတို့အားလုံးက လာမည်ဖြစ်ကြောင်း အတည်ပြုလာကြ၏။


ထုံရွှယ်လူ၏အချက်အပြုတ်လက်ရာနှင့်ဆိုပါက သူတို့ကမအားလျှင်တောင် မရရအောင် အချိန်ပေးပြီးလာမှာဖြစ်သည်။


ထုံရွှယ်လူက ဤကိစ္စကို သူမမိသားစုနှင့် ဝေ့မိသားစုတို့ကိုမပြောပြလိုက်ပေ။


သူမက နောက်ပိုင်းတွင် တစ်ခုခုပြောင်းလဲသွားနိုင်သောကြောင့် ထုတ်မပြောထားခြင်းဖြစ်သည်။


ထိုနေ့ညတွင် ဖန်ကျင်းယွမ်အိမ်ပြန်ရောက်သောအခါ သူမ၏မိသားစုဝင်များကို နောက်နှစ်ရက်အကြာတွင် ထုံရွှယ်လူအိမ်တွင် ညစာသွားစားမည်ဖြစ်သဖြင့် သူမအတွက်ညစာပြင်ထားပေးစရာမလိုကြောင်း ပြောပြလိုက်သည်။


အမေဖန်က ညင်သာစွာသတိပေးလာသည်။

“လက်ဗလာချည်းမသွားနဲ့နော် နင်နဲ့အတူလက်ဆောင်တစ်ခုခုယူသွား”


ဖန်ကျင်းယွမ်က နှုတ်ခမ်းစူလိုက်သည်။

“အမေ သမီးက သုံးနှစ်သမီးမဟုတ်တော့ပါဘူးနော် သိသင့်သိထိုက်တဲ့ လောကဝတ်တွေကို သိနေပါပြီ”


“သိတယ်ဆိုရင် တစ်နေ့တုန်းက ရွှယ်လူဆီမှာဖြစ်ခဲ့တာတွေကို ဘာလို့အမေတို့ကို ပြန်မပြောပြတာလဲ”


“ရွှယ်လူက အမေတို့ကို မပြောပြခိုင်းလို့လေ”


ဖန်ကျင်းယွမ်ကပြောရင်းဖြင့် သူမအကိုကြီးကို စိုက်ကြည့်လိုက်သည်။


ဖန်ဝမ်ယွမ်: “……”

ဖန်ဝမ်ယွမ်သည်လည်း ထုံရွှယ်လူ၏ကိစ္စများကို ပြန်တွေးလိုက်မိသောအခါ အနည်းငယ်နောင်တရလာသည်။


ဖန်ကျင်းယွမ်က အကူအညီလာတောင်းသောအခါ သူချက်ချင်းကူညီလိုက်ပါက အခြားသူများက သူထုံရွှယ်လူကိုအလွန်ဂရုစိုက်သည်ဟု ထင်သွားမှာကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူကရက်အနည်းငယ်အကြာမှသာ သူ့သူငယ်ချင်းများ ကူညီခိုင်းမလို့ဖြစ်သည်။


သို့သော် ထို့နေ့မှာပင် ထုံရွှယ်လူက ရဲစခန်းမှပြန်လွတ်လာသဖြင့် ထပ်မံကူညီရန် အခွင့်အရေးမရတော့ချေ။


အမေဖန် :“ရွှယ်လူရဲ့ မိဘတွေက မရှိတော့ဘူး၊ သူမရဲ့အိမ်ထောင်ရေးကိစ္စအတွက် ရှာဖွေပေမယ့်သူရှိမယ်လို့ အမေမထင်ဘူး၊ ရွှယ်လူကို အမေ့အကူအညီလိုလားဆိုတာ တစ်ချက်မေးကြည့်ပါလား”


ဖန်ဝမ်ယွမ်က တူကိုတင်းကြပ်စွာဆုပ်ထားလိုက်ကာ စိုးရိမ်သွားသည်။


ဖန်ကျင်းယွမ်က ပါးစပ်ထဲမှအသားကို မြိုချပြီး သာမာန်ရိုးကျကိစ္စအတိုင်းပြောလာ၏။

“အမေစိုးရိမ်နေစရာမလိုတော့ပါဘူး ရွှယ်လူကကောင်လေးရနေပြီ”


ရွှယ်လူကကောင်လေးရနေပြီ။


ကောင်လေးရနေပြီ။


ကောင်လေး။


‌-

--ကောင်လေး။။


ဖန်ဝမ်ယွမ်က မိုးကြိုးပစ်ခံလိုက်ရသလို ခံစားမိသွားသည်။ ထမင်းစားတူက သူ့လက်ထဲမှပြုတ်ကျသွားကာ အသံအကျယ်ကြီးထွက်လာ၏။


ဖန်ကျင်းယွမ်က သူ့ကိုသိချင်စွာကြည့်လိုက်သည်။


အမေဖန်လည်း အံ့ဩသွားပေသည်။

“ရွှယ်လူက ကောင်လေးတောင်ရနေပြီလား သူကဘယ်ကလဲ အသက်ဘယ်လောက်ရှိပြီလဲ ဘာအလုပ်လုပ်တာလဲ”


ဖန်ကျင်းယွမ်က မျက်လုံးလှိမ့်ပြလိုက်သည်။

“အမေက သန်းခေါင်စာရင်းများ ကောက်နေတာလား၊ သမီးက သူ့ကောင်လေးကို တစ်ခါမှမတွေ့ဖူးသေးဘူးလေ သမီးသိတာဆိုလို့ သူက သုတေသနပညာရှင်တစ်ယောက် ပြီးတော့ သူ့အဖိုးက ဗိုလ်မှူးဆိုတာဘဲ သိတယ်”


ထိုစကားကိုကြားသောအခါ အမေဖန်တင်မက အဖေဖန်သာ အံ့ဩသွားလေသည်။


ဗိုလ်မှူးတဲ့လား။။


အဲ့ဒါက ရာထူးအရမ်းမြင့်တာဘဲ။


သူမက မွေးစားထုံမိသားစုတွင် နေလျှင်တောင်မှ ထိုသို့သောမိသား‌စုမှသူနှင့် တွဲဖက်ဖြစ်နိုင်မည်မဟုတ်ပေ။


သူမက မိဘအရင်းအိမ်ကိုပြန်သွားပြီးတဲ့နောက်မှာမှ ဒီလိုကောင်လေးမျိုးကို ဘယ်လိုနည်းနဲ့ ရှာနိုင်သွားတာလဲ။


အမေဖန်က အနည်းငယ်စိုးရိမ်သွားသည်။

“ရွှယ်လူက လှည့်စားခံရတာတော့ မဟုတ်လောက်ပါဘူးနော်”


ဖန်ကျင်းယွမ်က ထပ်မံမျက်ဆံလှန်လိုက်မိသည်။

“‌သေချာပေါက် မဟုတ်ပါဘူး၊ ရွှယ်လူဒီတစ်ခေါက်မှာ ရဲစခန်းထဲကနေ ခြစ်ရာမရှိပြန်ထွက်လာနိုင်တာက သူ့ကောင်လေးနဲ့ အဲ့ဒီကောင်လေးရဲ့သူငယ်ချင်းတစ်ယောက်ကြောင့်လေ”


နောက်ဆုံးတွင် အမေဖန်က ယုံသွားသည်။


အခြားသူများက နောက်အကြောင်းအရာတစ်ခုကို ပြောင်းပြောလိုက်ကြသော်လည်း ‘ရွှယ်လူကကောင်လေးရနေပြီ’ဟူသည့် စကားက ဖန်ဝမ်ယွမ်၏စိတ်ထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။


အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။


ဒီတစ်ချိန်လုံးမှာ ထုံရွှယ်လူကသူ့ကိုသဘောကျနေခဲ့တာ မဟုတ်ဘူးလား။


သူမက သူနဲ့နီးစပ်ချင်လို့သာ ကျင်းယွမ်ကို အချိုသပ်ပေါင်းနေတာမဟုတ်ဘူးလား။


ဘယ်လိုလုပ်ပြီး သူမက ကောင်လေးရှိနိုင်မှာလဲ။


ဖန်ဝမ်ယွမ်က မျက်မှောင်ကြုတ်လိုက်ကာ စားချင်စိတ်မရှိတော့ပေ။


***

လိုင်မူချင်းက အနောက်မြောက်ဘက်မှပြန်ရောက်လာသောအခါ ထုံရွှယ်လူ၏ညစာစားပွဲက မပြုလုပ်ရသေးပေ။


ဆယ်ရက်ကျော် ခရီးကြမ်းနှင်ခဲ့ရသည့်အတွက် သူမက ကိုယ်အလေးချိန်အတော်လေးကျသွားကာ ဖိုသီဖတ်သီဖြစ်နေ၏။


မတရားခံရသည်ဟု ခံစားရသဖြင့် သူမပြန်ရောက်လာသောအခါ မကျေနပ်ချက်များကို ညည်းညူရန်စီစဉ်ထား၏။ သို့သော် သူမက ချက်ချင်းပင် ကုရိလန်ပေါ်တွင် ထိုင်နေသော ရှောင်ကျိုးကိုမြင်သွားသည်။


သူမမျက်လုံးများက ထိတ်လန့်မှုဖြင့် ပြူးလာပြီး သူမမျက်နှာပေါ်မှသွေးများက မရှိတော့သလိုပင် ဖြူဖျော့လာသည်။ သူမက ရှောင်ကျိုးကို စိုက်ကြည့်လိုက်သည်။


သူမကိုမြင်သောအခါ ကုမိသားစုမှ ဘယ်သူကမှစကားမပြောလာပေ။


ဧည့်ခန်းက အလွန်တိတ်ဆိတ်နေသဖြင့် လူကိုကြောက်လန့်လာစေသည်။


တစ်ခုခုမှားနေသည်ကို သတိပြုမိသဖြင့် လိုင်မူချင်း၏ ရင်တုန်သွားသည်။


သူမက ငိုယိုကာ ရှောင်ကျိုးဆီပြေးသွားလိုက်သည်။

“ရှောင်ကျိုး သားနောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့ ဒေါ်လေးက သားအတွက် အရမ်းစိုးရိမ်နေတာ”


သို့သော် အမြဲလိုလိုပင် သူမကိုကပ်တွယ်လေ့ရှိသည့် ရှောင်ကျိုးက သူ့အမေရင်ခွင်ထဲခေါင်းမြုပ်ကာ မော့တောင်မကြည့်လာပေ။


လိုင်မူချင်း၏မျက်ရည်များက ပါးပေါ်တွင်ရှိနေဆဲဖြစ်ကာ ဆက်ငိုရမည်လား၊ မငိုရဘူးလား မသိတော့ပေ။ 


၎င်းကအတော်လေး ကို့ရိုးကားယားနိုင်ပေသည်။