(3) ယုန်ဖြူလေး
အဲဒိညမှာ ပိုင်လန်က ည(၂)နာရီကနေ မနက်အထိ ဖုန်း(၃)ခါ လက်ခံဖြေကြားလိုက်ရတယ်။ တစ်ခုက သူ့အစ်ကိုဆီကဖြစ်ပြီး နောက်နှစ်ခုက သူ့အမေဆီကဖြစ်တယ်။
ဖုန်းတွေအကုန်လုံးကတော့ ငွေတိုးချေးစားသူတွေ ကြောက်ဖို့ကောင်းကြောင်း၊ ပိုင်လိနဲ့ လူကြီးနှစ်ယောက်က သေလောက်အောင် ကြောက်နေကြပြီဖြစ်ကြောင်း တွေချည်းပဲ။ သူတို့က ဖုန်းတွေဆီကတစ်ဆင့် ခြိမ်းခြောက်ခံနေရပြီး ယုတ်စွအဆုံး ဈေးဆိုင်သွားရင်တောင်မှ နောက်က လိုက်ခံနေရကြောင်း၊ ညပေါင်းများစွာ လန့်ဖြန့်နေရပြီး အိပ်လို့တောင်မရနိုင်တော့ကြောင်း စတာတွေကို ပိုင်လန်ကို ပြောပြကြတယ်။ ပိုင်လန့်လို နာမည်ကြီးအနေနဲ့က မနက်မိုးလင်းရင် ဘဏ်ကိုသွား၊ သိန်းငါးဆယ်လောက်ချေးခဲ့ပြီး ပိုင်လိကိုကူညီ၊ မိသားစုကိုကယ်တင်၊ ဒီလောက်လွယ်တာပဲလေ၊ မဟုတ်ဘူးလား။
ပိုင်လန်က ခေါင်းကိုငုံ့ထားပြီး ပြောစကားတွေကို နားထောင်နေခဲ့ပေမယ့် နှလုံးသားထဲမှာတော့ အရင်ဘဝက အဖြစ်အပျက်တွေကို ပြန်ခံစားနေရတယ်။
ဒီအကြွေးရှင်းသွားတော့လည်း ပိုင်လိက ထပ်ကာထပ်ကာ ငွေချေးနေခဲ့ပြီး ပိုင်လန့်ကိုသာ ပြန်ဆပ်စေဖို့ အကြိမ်ကြိမ်အကူညီတောင်းခဲ့ပါတယ်။ အကြွေးတွေက သူ့ဟာတွေဖြစ်ပေမယ့် သူ့ညီလေးက ပုံရိပ်ထိခိုက်မှာစိုးလို့ ဖြေရှင်းပေးမယ်ဆိုတာ ပိုင်လိက အပ်တပ်သိလေတော့ စိတ်ချလက်ချ အကြွေးတွေယူရင်း ထင်တိုင်းကြဲလေတယ်။
ဒီလိုနဲ့ရှစ်နှစ်ကြာအောင် ငွေတွေသုံးဖြုန်းနေခဲ့ရင်း အတွေ့အကြုံတွေစုဆောင်းပြီးနောက်မှာ မွေးရပ်မြေမှာ အတော်အသင့်အောင်မြင်တဲ့ စားသောက်ဆိုင်နှစ်ဆိုင်ဖွင့်နိုင်ခဲ့လေတယ်။ လက်ခွဲဆိုင်တွေလည်း ဖွင့်နိုင်ခဲ့ပြီး သူဋ္ဌေးတစ်ယောက်ဖြစ်လာခဲ့တယ်။ အဲဒိအချိန်က ပိုင်လန် ဂေးဖြစ်ကြောင်းမီဒီယာတွေမှာ ဖွင့်ချခံရတဲ့အချိန်ပါ။ ပိုင်လိက သူ့စားသောက်ဆိုင်တွေရဲ့ ဝက်ပ်ဆိုဒ်မှာ ပို့စ်တစ်ခုအရင်ဆုံးတင်ခဲ့ပြီး ညီငယ်လေးကို ကောင်းကောင်းမသွန်သင်နိုင်ခဲ့တာ ပိုင်မိသားစုရဲ့ အပြစ်ဖြစ်ပါကြောင်း၊ လူထုကို အနူးအညွှတ်တောင်းပန်ပါကြောင်း၊ ပိုင်လန်နဲ့ အဆက်အသွယ်အားလုံးကို ဖြတ်လိုက်ပြီဖြစ်ပါကြောင်း ရေးခဲ့ပါတယ်။
ဒီစာကို ဒေါသတကြီးဖြစ်နေတဲ့ ပါပါရာဇီတွေအားလုံးက ပြန်လည်ဖော်ပြခဲ့ကြပြီး အားလုံးက အတင်းအဖျင်းတွေ ပြောကြတယ်။ တိကျတဲ့သက်သေမရှိတာတောင်မှ ပိုင်မိသားစုက ဝန်ခံခဲ့တဲ့အတွက် ပိုင်လန်က ပြဿနာကောင်ဆိုတာ သေချာသွားတယ်။ ဒါကြောင့် သို့လောသို့လောဖြစ်နေတဲ့ ကောလဟလတွေကလည်း အမှန်တရားလိုလိုဖြစ်လာလေတယ်။
အစ်ကိုနဲ့မိဘနှစ်ပါးကို ဒုက္ခသုက္ခခံပြီး နှစ်ပေါင်းများစွာထောက်ပံ့ခဲ့တဲ့ ပိုင်လန်အတွက်ကတော့ အကြိမ်ကြိမ် နောက်ကျောဓါးထိုးခံလိုက်ရလေတယ်။ ဒါပေမယ့် အဲဒိတုန်းက ပိုင်လန်က မိဘနှစ်ပါးအတွက် စိတ်မကောင်းဖြစ်မိခဲ့ပါသေးတယ်။ ဒီလူအိုကြီးနှစ်ယောက်က နယ်မြို့သေးသေးလေးမှာ ကြီးပြင်ခဲ့ပြီး ရှေးရိုးစွဲသူတွေဖြစ်ကြတယ်။ ဒါကြောင့် လိင်တူနှစ်သက်ခြင်းက သူတို့မျက်စိထဲမှာတော့ ရှက်ဖွယ်ရာကောင်းတဲ့ ကိစ္စတွေပဲဖြစ်တယ်။ အမှန်တကယ်လည်း ပိုင်လန်က သူဂေးဖြစ်ကြောင်း မိဘနှစ်ပါးကို ဝန်ခံခဲ့တုန်းက သူတို့ သူ့ကို ပြောခဲ့တဲ့စကားတွေက ပရိသတ်တွေဝေဖန်တာထက်တောင် ဆိုးရွားရက်စက်ခဲ့ပါသေးတယ်။
လူတွေရဲ့နှလုံးသားက အသွေးတွေအသားတွေနဲ့ တည်ဆောက်ထားတာလေ။ ရေစက်ဖြတ်မယ်ဆိုရင်တော့ နာကျင်ရမှာ အမှန်ပါပဲ။
………………..
ပိုင်လန်က ဘဝတစ်သက်တာလုံး လိမ္မာပြီးနာခံတတ်တဲ့သားတစ်ယောက်၊ ညီတစ်ယောက် ဖြစ်ခဲ့တယ်။ ဒါပေမယ့် အပြန်အလှန်အနေနဲ့ သူရခဲ့တာကတော့ စွန့်ပစ်မှုတစ်ခုသာ ဖြစ်တယ်။ သူက တရားနည်းလမ်းကျကျနားလည်ပေမယ့် ဒီလိုမျိုးနောက်တစ်ကြိမ် ပြန်မခံစားနိုင်တော့ဘူး။ အထူးသဖြင့် ပိုင်လိ၊ ပိုင်လိအတွက် နောက်တစ်ကြိမ် ဖြေရှင်းပေးရမှာကို စဉ်းစားမိပြီး ပြတင်းပေါက်ကနေသာ ခုန်ချချင်မိတော့တယ်။
ပိုင်လန်က ဖုန်းကို လက်ထဲအကြာကြီးဆုပ်ကိုင်ထားမိပြီး ပူတောင်ပူလာတယ်။ သူက စက္ကန့်အနည်းငယ်လောက် ငြိမ်သက်နေပြီးမှ ဆုံးဖြတ်ချက် ချကာ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်လေတော့တယ်။
သူအရင်ဘဝတုန်းက ဒီဖုန်းနံပါတ်ကို တစ်ခါမှ စိတ်လိုလက်ရ မခေါ်ခဲ့ဖူးဘူး။ ဒါပေမယ့် ဖုန်းနံပါတ်ကလေးကတော့ သူ့ဖုန်းထဲမှာ အမြဲတမ်းရှိနေခဲ့တယ်။
“ဒူ….ဒူ….ဒူ…” ဖုန်းလိုင်းဝင်သွားပြီးနောက်မှာတော့ “ဘယ်သူလဲ!”
နက်ရှိုင်းပြီး အက်ကွဲကွဲအသံတစ်ခုက ဒေါသတကြီး ဖြေလေတယ်။ ကြည့်ရတာ ဖုန်းတစ်ဖက်ကလူက မျက်လုံးတောင် မဖွင့်နိုင်သေးဘူးနဲ့ တူပါတယ်။
“ကျွန်တော် ပိုင်လန်ပါ ..” ပိုင်လန်က ခုံပေါ်တင်ထားတဲ့ ဒစ်ဂျစ်တယ်နာရီကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်တယ်။ ဒါက သြဂုတ်လ (၂၃) ရက်၊ ၂၀xx ၊မနက် (၄)နာရီ ပဲရှိသေးတယ်။
“ကျွန်တော် ချိုးလူကြီးမင်းနဲ့ တွေ့ချင်လို့ပါ”
…………………………..
“နေ့လည်ဘက် လုပ်စရာရှိတယ်ပေါ့၊ အစ်ကိုလန် တစ်နေရာရာများ သွားမလို့လား”
ဖုန်းထဲက ငယ်ရွယ်တဲ့အသံလေးကတော့ ပိုင်လန်ရဲ့လက်ထောက် ရှောင်ယန်ဆိုတဲ့ ယန်ကော်ကျုံး ပဲဖြစ်တယ်။
ပိုင်လန်အရင်တုန်းက ထင်ခဲ့မိတာက ယန်ကော်ကျုံးက ယုံကြည်ရပြီး သစ္စာရှိတယ်၊ အကူအညီတွေလည်း အများကြီးပေးတယ်ပေါ့။ နေ့လည်စာတွေ စီစဉ်ပေးတတ်ပြီး အင်တာနက်မှာလည်း ပိုင်လန့်ကို ကူညီပြီးပြောဆိုပေးဖို့ အကောင့်တွေအများကြီး ဖွင့်ပေးတယ်ပေါ့။ ပိုင်လန်က သူ့ကိုလုံးဝယုံကြည်ခဲ့တာကြောင့် ဘာကိစ္စမှဖုံးကွယ်မထားခဲ့လေဘူး။
ဒါပေမယ့် ရွက်လှေပေါ်ကဗီဒီယိုကိစ္စဖြစ်ပြီးနောက်မှာ သူ့လက်ထောက်က ရှောင်ယန်ကနေ ဟုန်ဟုန်လို့ခေါ်တဲ့ အားဟုန်ကို ပြောင်းသွားတယ်။ နောက်ပိုင်းကျမှ ပိုင်လန်သိခဲ့တာက ရှောင်ယန့်မှာ နောက်ထပ်အလုပ်တစ်ခုရှိတယ်ဆိုတာပဲ။ အဲဒါက စတားတွေရဲ့အတွင်းရေးတွေကို ပါပါရာဇီတွေဆီ ရောင်းစားတာ။
ရှောင်ယန့်မှာ ပြုံးရွှင်ဖော်ရွေတဲ့မျက်နှာလေးတစ်ခုရှိတာကြောင့် ဘယ်နေရာကိုသွားသွား မျက်နှာပွင့်တယ်။ တကယ်တမ်းကျတော့ သူက ကျော်ကြားတဲ့စတားတွေရဲ့လက်ထောက်တွေကို ဖော်လံဖားပြီး ရောင်းစားနိုင်မယ့်သတင်းစကားတွေ နှိုက်တာ။ ပိုင်လိရဲ့အကြွေးတွေအကြောင်း ပေါက်ကြားသွားတာကလည်း ရှောင်ယန်က ပိုင်လန့်ဘေးနားမှာ ရှိနေခဲ့တာကြောင့်ဖြစ်တယ်။ သူ့အစ်ကိုနဲ့သူ ဖုန်းပြောနေတာတွေ၊ ဆူပူနေတာတွေ၊ တောင်းပန်သံတွေကို ကြားသွားတာကြောင့်လေ။
ဘာပဲဖြစ်ဖြစ် တရားမဝင်ငွေတိုးချေးစားသူတွေက အကြွေးသမားနောက်လိုက်ကြပြီဟေ့ဆိုရင် ဘယ်သူမှ မသိနိုင်အောင် လုပ်ကြတာမလား။ သူတို့က ပိုင်လိရဲ့အကြွေးတွေ ပိုင်လန်ဆပ်ပေးမှန်းလည်း သိတယ်လေ။ ဒါကြောင့် ငွေတိုးချေးစားသူတွေကတော့ ပိုင်လန့်ကို ဖျက်ဆီးပြီး လုပ်ငန်းတွေပေါ်သွားရလောက်အောင် မိုက်မဲတဲ့ကိစ္စမျိုး လုပ်မှာမဟုတ်ဘူးလေ။
အစတုန်းကတော့ ဒီကိစ္စကို ချိုးချန်လုပ်တာလို့ ပိုင်လန်က သံသယရှိခဲ့သေးတယ်။ နောက်တော့ ကြံရမရတဲ့အဆုံးမှာလည်း ကုမ်ပဏီကိုမေးပြီး ငွေချေးခဲ့ရတာပါပဲ။ သူက ဒီအချိန်မှာ ဖုန်းတစ်ကောလ်ကို လက်ခံရရှိခဲ့တယ်။ အတူနေချစ်သူဆိုတဲ့ အပေးအယူကို ပြန်စဉ်းစားပေးဖို့ ချိုးချန်က ဖုန်းဆက်တာ။ ဒါပေမယ့် အခု ပိုင်လန်က ဒီအကြောင်းကို စဉ်းစားနေရပြီ။ ဒီအပေးအယူက အခုထက်ထိ အကျုံးဝင်သေးလား သူမသိတော့ဘူး။ ဒါပေမယ့် ဒီအပေးအယူကြောင့်ပဲ မနေ့ညက ဖုန်းတစ်ကောလ်ကိုဆက်ဖို့ ပိုင်လန်က ဆုံးဖြတ်ချက်ချလိုက်တာ။
ရှောင်ယန်ရဲ့မေးခွန်းအဆုံးမှာ ပိုင်လန်က မပြတ်မသားပြန်ဖြေတယ် “ငါ သူဌေးနဲ့သွားတွေ့မလို့၊ တိုင်ပင်စရာလေးတွေ ရှိလို့လေ”
“သူဌေး!? Big Boss ချိုးကို ပြောတာလား?!” ဖုန်းထဲက အသံတုန်းက နှစ်ဆလောက်မြင့်တက်သွားတယ်။ “ဘာဖြစ်လို့လဲ!? ဇာတ်လမ်းတွဲအသစ်ကိစ္စလား ? ဒီလိုအကြောင်းတွေ အစ်ကို ကျွန်တော့်ကို ပြောသင့်တာပေါ့! အိုကေ.. နေ့လည်သွားမှာ မလား? ကျွန်တော် အစ်ကိုလန့်ကို လိုက်ပို့ပေးမယ်၊ အစ်ကို့မှာ ကားမရှိဘူးမလား၊ ဘယ်နေရာမှာတွေ့ကြမှာလဲ?”
ပိုင်လန်က ရယ်လိုက်တယ်။ ဒီမေးခွန်းကြီးက စကားနှိုက်နေတာ အသိသာကြီးပဲလေ။ ပိုင်လန့်လို အနုပညာလောကမှာ ဆယ်နှစ်လောက်ကျင်လည်လာခဲ့ပြီးတဲ့သူက ကောင်းကောင်းကြီးသိတာပေါ့။ “ငါတို့ ဆွေးနွေးစရာရှိပါတယ်ဆိုမှ ကုမ်ပဏီရုံးခန်းထဲ မဆွေးနွေးလို့ ဘယ်နေရာမှာ ဆွေးနွေးရမှာလဲ၊ ရုံးခန်းကြီးတစ်ခုလုံးထားပြီး ငါတို့က အပြင်ထွက်ပြီး ပိုက်ဆံဖြုန်းရမှာလား”
“အိုး..ဒီလိုလား” ရှောင်ယန်ရဲ့လေသံက နည်းနည်းတော့ ဖျော့ကျသွားတယ် “ဒါဆို ဘယ်အချိန်လဲ၊ ကျွန်တော် လာကြိုပေးမယ်”
“မလိုဘူး၊ ဒီနှစ်ရက်အတွင်းလည်း ငါ ဖုန်းဖွင့်ထားမှာ မဟုတ်ဘူး၊ မင်းလည်း ကောင်းကောင်းအနားယူလိုက်ဦး၊ ကြော်ညာရိုက်ကွင်းလည်း သဘက်ခါ ပြောင်းသွားပြီ” ။ သူတို့က အခု ‘ဘဝလက်တွဲဖော်များ’ ကို ရိုက်ကူးနေတုန်းပဲရှိသေးတယ်။ (T/N ဘဝလက်တွဲဖော်များက (၆)လကြာထုတ်လွှင့်တဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်၊ တစ်ချိန်တည်းမှာ ရိုက်လိုက် လွှင့်လိုက်ပါနော်) ဒါပေမယ့် ဇာတ်ဆောင်မင်းသားရဲ့အချိန်စာရင်းမှာ ပြဿနာရှိနေတာကြောင့် သူတို့က နည်းနည်းချင်းစီနားလိုက် ရိုက်လိုက် လုပ်နေရတယ်။ ဒါရိုက်တာကတော့ ဆံပင်မွေးဖြူတဲ့အထိ ခေါင်းမီးတောက်နေရပေမယ့် ပိုင်လန့်အတွက်တော့ အခြားအလုပ်တွေ လုပ်လို့ရအောင် အားလပ်ချိန်တွေ အများကြီးရနေတယ်လေ။
“မနက်ဖြန်ရောပဲလား၊ အစ်ကို ဘာတွေလုပ်နေတာလဲ၊ သူဌေးချိုးနဲ့ပဲ တွေ့မှာလား” ရှောင်ယန်က စစ်စစ်ပေါက်ပေါက် လျှောက်မေးနေတယ်။
“မနက်ဖြန်က ငါအိမ်ပြန်ပြီး မိသားစုနဲ့သွားတွေ့မှာ၊ အားနေတုန်းလေး ပြန်ရတာလေ၊ အလုပ်တွေ ပြန်ရှုပ်လာရင် အချိန်ရှိမှာ မဟုတ်တော့ဘူး” ပိုင်လန်က လအနည်းငယ်လောက်နေမှ အိမ်ကိုတစ်ခါလောက် ပြန်ရတာ။ ဒါကြောင့် ဒီအကြောင်းပြချက်က အဓိပ္ပါယ်တော့ရှိတယ်။
“အိုကေ အစ်ကိုလန်၊ အစ်ကို Big Boss ချိုးနဲ့ စကားပြောလို့ပြီးတာနဲ့၊ ကျွန်တော့ကို ပြန်ပြောဖို့ မမေ့နဲ့ဦး!” ရှောင်ယန်က လက်လျှော့ချင်ပုံမရသေးဘူး။ “အစ်ကိုလန် အခုထက်ပိုပြီး ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရပါစေ၊ နာမည်လည်း ပိုကြီးပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်၊ ဒါမှ ကျွန်တော်လည်း လက်ထောက်တွေထဲ မျက်နှာအကြီးဆုံးဖြစ်လာမှာပေါ့….ဟား..ဟား..ဟား!!”
ဟတ်ထိစရာ ရယ်သံလေးက ဖုန်းထဲက ထွက်လာပေမယ့် ဒီအသံထဲ စိတ်ရင်းမပါဘူးဆိုတာ ပိုင်လန်ကတော့ သိတယ် “အိုကေ.. နှစ်ရက်နေပြီးမှ ပြန်တွေ့မယ်နော်”
“ဘိုင်ဘိုင့်.. အစ်ကိုလန်”
…………………..
နှစ်နာရီလောက်ကြာတော့ ပိုင်လန်က ချိုးချန်ရုံးခန်းအပြင်ဘက်က ဆိုဖာပေါ်မှာ ရိုရိုသေသေထိုင်ပြီးစောင့်နေတယ်။
တိုတယ်အနုပညာကုမ်ပဏီက အန်းကျင့်လုပ်ငန်းစုရဲ့ အခွဲတစ်ခုဖြစ်တော့ ချိုးချန်က ခဏခဏမလာဘူး။ ချိုးချန်ကိုတွေ့ချင်ရင် စောစောကြိုတင်ဘိုကင်လုပ်ပြီး လာစောင့်နေရတယ်။
ချိုးချန်ရဲ့နောက်ခံ အန်းကျင့်လုပ်ငန်းစုအကြောင်းပြောရမယ်ဆိုရင် ရှင်းသောင်းရဲ့ချိုးမိသားစုမှန်း အားလုံးသိကြတယ်။
ရှင်းသောင်းဆိုတာက လွန်ခဲ့တဲ့ဆယ်စုနှစ်ကမှ တရားဝင်ဖြစ်လာတဲ့ လောင်းကစားကျွန်းမြို့တော်ကြီးတစ်ခုပဲ။ အဲဒိမှာက ညဘက်ပျော်စရာတွေ၊ ပို့ကုန်လုပ်ငန်းတွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကြောင့် လူသိများထင်ရှားတယ်။ ဒါပေမယ့် တရားမဝင်လောင်းကစားဝိုင်းတွေနဲ့ မှောင်ခိုလုပ်ငန်းတွေလည်း ပေါများတယ်။
ဒီကျွန်းက တရားမဝင်အဖြစ်အပျက်တွေက အရမ်းကိုပြင်းထန်ပြီး ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့ မရဘူး။ ဒါကြောင့် အစိုးရက လောင်းကစားဝိုင်းတွေကို တရားဝင်လုပ်ပေးခဲ့ပြီး ဆိပ်ကမ်းကိုဖွင့်ပေးခဲ့တယ်။ ဒီလိုနည်းနဲ့မှပဲ ရဲတပ်ဖွဲ့က သူတို့လုပ်ရပ်တွေကို ပေါ်ပေါ်ထင်ထင်တရားဝင်စောင့်ကြည့်ခွင့် ရမှာဖြစ်တယ်။
ချိုးမိသားစုက ရှင်းသောင်းမှာ လုပ်ငန်းလုပ်လာတာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ပဲ။ တရားဝင်ခွင့်ပြုမိန့်ကျတဲ့အချိန်မှာ သူတို့က အင်အားအတော်ကြီးနေပြီ။ လုပ်ငန်းတွေလည်း တရားဝင်ဖြစ်သွားရော သူတို့က ချက်ချင်းကို တိုးချဲ့လိုက်ကြတယ်။ သူတို့က ကာစီနိုပြီး ကာစီနို၊ ဟိုတယ်ပြီးဟိုတယ် ဆောက်တယ်။ မြေတွေသိမ်းကျုံးဝယ်တယ်။ တရားဝင်ဖြစ်ပြီး ဆယ်နှစ်ကြာတဲ့အချိန်မှာတော့ သန့်ရှင်းတဲ့ တရားဝင်ဖျော်ဖြေရေးလုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အများအပြားပိုင်ဆိုင်နေပြီဖြစ်တယ်။
ဒါပေမယ့် ချိုးမိသားစုက လမ်းဟောင်းကြီးလိုက်တဲ့ မိသားစုစီးပွားရေးပုံစံပဲ။ အခြားကုမ်ပဏီတွေလို ဆုံးဖြတ်ပေးမယ့် ဒါရိုက်တာတွေ၊ ရှယ်ယာဝင်တွေ မရှိဘူး။ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်စီမံခန့်ခွဲမှုပုံစံက ဟန်ပြသက်သက်ပဲ။ စည်းမျဉ်းစည်းကမ်းလိုက်နာတာနည်းနည်း အပေါ်ယံဗန်းပြတာက များများဖြစ်နေတာ။ အမှန်တကယ် စီးပွားရေးကိုထိန်းချုပ်ထားတာက မိသားစုခေါင်းဆောင်တစ်ယောက်ဆီမှာပဲ ရှိတယ်။ ချိုးမိသားစုလုပ်ငန်းတွေက စတော့ဈေးကွက်မှာလည်း စာရင်းမသွင်းထားဘူး။ သူတို့က အန်းကျင့်ချိုးလုပ်ငန်းစု ဆိုတဲ့ လုပ်ငန်းအောက်မှာပဲ လည်ပတ်နေကြတယ်။ ဒါပေမယ့် စီးပွားရေးနယ်ပယ်မှာတော့ သူတို့ကို မော်ကြည့်ရဲတဲ့သူ တစ်ယောက်မှမရှိဘူး။ (Note… အခုခေတ်စီးပွားရေးလုပ်ငန်းတွေလို ဒါရိုက်တာတွေက ပေါင်းစည်းအုပ်ချုပ်တာမျိုးမဟုတ်ဘဲ မာဖီးယားတွေ၊ ယာကူဇာတွေလိုမျိုး ခေါင်းဆောင်ရဲ့ တစ်သွေးတစ်သံတစ်မိန့်ပါ)
ရှင်းသောင်းကလာတဲ့ ချိုးမိသားစုအနေနဲ့ ပြည်မကြီးမှာလည်း လုပ်ငန်းတွေတိုးချဲ့ထားတယ်။ ဒါပေမယ့် ပြည်မကြီးမှာ လောင်းကစားဝိုင်းတွေက တရားမဝင်တာကြောင့် ဖျော်ဖြေရေးလုပ်ငန်းတွေ၊ ဟိုတယ်တွေနဲ့ အဆင့်မြင့်ကလပ်တွေကိုသာ အာရုံစိုက်ထားလေတယ်။ ပြီးတော့ အရက်၊ဘီယာ၊ဝိုင်၊ ဆေးပြင်းလိပ်နဲ့ ဇိမ်ခံကားတွေနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေလည်း ရှိသေးတယ်။
လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ချိုးမိသားစုက ဖျော်ဖြေရေးလုပ်ငန်းထဲကို ဝင်ရောက်လာပြီး ကြီးလည်းမကြီး သေးလည်းမသေးတဲ့ တိုတယ်အနုပညာကုမ်ပဏီကို ထူထောင်ထားတယ်။ အများစုက ဖျော်ဖြေရေးလုပ်ငန်းလုပ်တာကို အားမပေးကြဘူး။ သူတို့တွေးတာက အနုပညာလောကဆိုတာ ရှုပ်ထွေးလွန်းတယ်ပေါ့၊ ဘယ်လောက်နက်မှန်းမသိနိုင်တဲ့ သမုဒ္ဒရာကြီးလိုပဲပေါ့။ ပိုက်ဆံရှိလို့ ထလုပ်တိုင်း အောင်မြင်မှာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် နှစ်အနည်းငယ်အတွင်းမှာပဲ တိုတယ်က ယောက်ျားလေးအိုင်ဒေါလ်အဖွဲ့ဖြစ်တဲ့ R-RED ကို အောင်အောင်မြင်မြင် စင်တင်ပေးခဲ့ပြီး ရွှေဓါတ်ပြားဆုရှင် နှစ်ဦးကိုပါ မွေးထုတ်ပေးနိုင်ခဲ့တယ်။ ဒါ့အပြင် နိုင်ငံခြားမှာ အောင်မြင်နေတဲ့ ငယ်ရွယ်တဲ့အနုပညာရှင် စုချွမ်နဲ့ပါ စာချုပ်ချုပ်နိုင်ခဲ့လေတယ်။ ဒီလိုမျိုးသိသာထင်ရှားတဲ့ အောင်မြင်မှုတွေက ကန့်ကွက်သူတွေကို အသံတိတ်သွားစေပြီး ပိုက်ဆံနဲ့အာဏာသာလက်ဝယ်ပိုင်ဆိုင်ထားရင် ဘယ်လိုသမုဒ္ဒရာပဲဖြစ်ဖြစ် ကူးခတ်ဖို့ရာ အလွယ်လေးဆိုတာ နားလည်သွားစေတယ်။
ချိုးမိသားစုခေါင်းဆောင်ရဲ့ တရားမဝင်သားလို့ပြောကြတဲ့ ချိုးချန်ကတော့ အစတုန်းက ဆိပ်ကမ်းနဲ့ပင်လယ်ထဲမှာ အလုပ်လုပ်တဲ့ သွင်းကုန်ပို့ကုန်သူဌေးအသေးစားလေးပဲ ဖြစ်တယ်။ မိသားစုကလည်း သူ့ကိုသိပ်ပြီးနေရာမပေးဘူး။ ဒါပေမယ့် ဘယ်သူမှမသိတဲ့ အကြောင်းရင်းတွေနဲ့ပဲ နှစ်အနည်းငယ်အကြာမှာ ချိုးချန်က ရုတ်တရက် လုပ်ပိုင်ခွင့်အာဏာတွေရလာပြီး မိသားစုရဲ့ဆက်ခံသူနေရာကို ရလာတယ်။ ခေါင်းဆောင် အဘိုးကြီးချိုးက လွန်ခဲ့တဲ့နှစ်ဝက်ကစပြီး မိသားစုအာဏာကို အသက်(၃၀) ကျော်ရုံသာရှိသေးတဲ့ ချိုးချန်လက်ထဲ အပ်နှင်းခဲ့လေတယ်။ အထူးသဖြင့် အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ပင်လယ်ရေကြောင်းပို့ကုန်လုပ်ငန်းကိုပေါ့။ ဒါကြောင့် ချိုးချန်ရဲ့ချမ်းသာကြွယ်ဝမှုကလည်း တစ်ချက်တည်းနဲ့ ဘီလျံချီသွားခဲ့တာပေါ့။
ဒါပေမယ့် ချိုးချန်ရဲ့အပြင်ပန်း ဝတ်ပုံစားပုံကို ကြည့်မယ်ဆိုရင်တော့ သူဌေးကြီးတစ်ယောက်ရဲ့အသွင်အပြင်နဲ့ လုံးဝမကိုက်ညီလှဘူး။
သူ့မှာက ကြေးနီရောင်အသားအရည်ရှိပြီး အရိုင်းဆန်လှတဲ့ ဂုတ်ထောက်ဆံပင်ရှည်ရှည်တွေရှိတယ်။ ပြီးတော့ ရှပ်အင်္ကျီဆိုတာလည်း ဘယ်တော့မှ ကြယ်သီးအပြည့်အစုံမတပ်ဘူး။ ရွှေရောင်ဆွဲကြိုး ထူထူတုတ်တုတ်ကြီးဆိုတာလည်း ရင်ဘတ်ရှေ့မှာ လှစ်ဟာပြသထားသေးတာ။ ကုမ်ပဏီကို ဆက်ခံရရှိပြီးတာတောင် သူ့ပုံစံက ဆိပ်ကမ်းအလုပ်သမားတစ်ယောက်နဲ့ ဘာမှမကွာခြားဘူး။ အဲ.. ကွာခြားတာတစ်ခုပဲရှိတယ်။ ဒါက သူ့ရဲ့ပန်းပွင့်ရိုက်ရှပ်အင်္ကျီတွေက ပိုပြီးကွာလတီကောင်းတဲ့ ပိုးသားတွေ ဖြစ်သွားတာက လွဲလို့လေ။
ဒီလိုတောဆန်နေတာတောင်မှ ချိုးချန်ရဲ့မြင့်မားတဲ့အရပ်၊ သန်မာတဲ့ကိုယ်ခန္ဓာကို နည်းနည်းလေးတောင် မှေးမှိန်မသွားစေဘူး။ အသေအချာ ပုံဖော်ထုဆစ်ထားသလိုမျိုး ခန့်ညားတဲ့အသွင်အပြင်နဲ့ ပြိုင်ဘက်ကင်းတဲ့သြဇာရှိမှုတို့ကြောင့် အားလုံးကိုလွှမ်းမိုးထားနိုင်လေတယ်။ သူ့စတိုင်က ကြမ်းတမ်းပေမယ့် အဲဒါကပဲ ပိုပြီးဆွဲဆောင်မှုရှိသွားစေပါတယ်။ တိုတယ်အနုပညာကုမ်ပဏီကို ချိုးချန်လက်လွှဲယူခဲ့တဲ့ နှစ်တုန်းကတော့ သူက “အလိုချင်ဆုံးရှူးဂါးဒယ်ဒီကြီးနံပါတ်တစ်”အဖြစ် လူပြိန်းကြိုက်စစ်တမ်းတွေရဲ့ သတ်မှတ်ခြင်းခံခဲ့ရလေတယ်။ ‘ချန်’ ဆိုတဲ့စကားလုံး သူ့နာမည်မှာပါနေတာလည်း တိုက်ဆိုင်မှုတစ်ခု ဖြစ်သွားတာပေါ့လေ။ {T/N: ချန် ဆိုတာ ပိုက်ဆံ၊ငွေရဲ့အသံထွက်နဲ့အတူတူပါပဲတဲ့}
ဒါကြောင့် ဒီလိုမျိုးသတ်မှတ်ခံရတာလား မသိပေမယ့် ချိုးချန်ကတော့ ဒီဟာသကို သိပ်သဘောကျနေခဲ့တာပေါ့။
…………………
ပိုင်လန်က ထိုင်ခုံမှာ ထိုင်စောင့်နေရင်း မိနစ်အနည်းငယ်လောက် တိတ်တိတ်ဆိတ်ဆိတ် စဉ်းစားနေတယ်။ တကယ်တော့ သူ့နှလုံးသားထဲမှာက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် မချရသေးဘူး။
အရင်ဘဝရဲ့ဆယ်နှစ်တာအတွင်းမှာတော့ ပိုင်လန်က ချိုးချန်ရဲ့အကြောင်းကို အနည်းနဲ့အများ သိခဲ့ပြီးနေပြီ။ သူက သန်မာတယ်၊ ရက်ရောတယ်၊ ဆုံးဖြတ်ချက်ပြတ်သားပြီး လက်တွေ့ဆန်တယ်၊ ဒါပေမယ့် ရက်စက်တဲ့စရိုက်လက္ခဏာလည်း ရှိသေးတယ်။ သူက ရန်သူတွေကို အဘက်ဘက်က ကျားချောင်းချောင်းနေပြီးတော့မှ တစ်ချက်တည်းဖြိုလှဲတတ်တာ။ ဒါကြောင့် သူ့ရန်သူတွေအတွက်ကတော့ ချိုးချန်ဆိုတာ အကြီးမားဆုံးအိမ်မက်ဆိုးတစ်ခုပဲ။
ဟုတ်တာပေါ့…. အရင်ဘဝတုန်းက အဲဒီ့မြင်ကွင်းတွေကိုသာ မမြင်ခဲ့ရဘူးဆိုရင် သူက ချိုးချန်ရင်ထဲတစ်ထောင့်တစ်နေရာမှာ အရေးပါခဲ့တယ်ဆိုတာ ပိုင်လန်ဘယ်တော့မှ ယုံမှာမဟုတ်ဘူး။
အင်းလေ.. ချိုးချန်နေရာက ကြည့်မယ်ဆိုရင်လည်း သူ့အိပ်ရာပေါ် အားတက်သရောတက်ချင်နေတဲ့ တက်သစ်စလေးတွေဆိုတာ နည်းမှမနည်းပဲလေ။ ပိုင်လန်ရဲ့ငြင်းပယ်မှုက သူ့အတွက် အရေးမကြီးတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ပိုင်လန်က အနုပညာလောကမှာ အရည်အချင်းရှိတဲ့လူလည်းမဟုတ်ဘူး၊ ထင်ပေါ်ကျော်ကြားတဲ့လူလည်းမဟုတ်ဘူးလေ။ ချိုးချန်က သူငြင်းတာကို အရေးတောင်မစိုက်တာလည်း ဖြစ်နိုင်တယ်။ အရင်ဘဝတုန်းကတောင်မှ ပိုင်လန်က ထင်ခဲ့သေးတာ။ ချိုးချန်က သူ့ကို ကူညီချင်သလိုလိုနဲ့ ကစားနေတာ ဆိုပြီးတော့လေ။
ဒါပေမယ့် သူသေဆုံးပြီးနောက်ပိုင်းမှာ ချိုးချန်လုပ်ပေးခဲ့တာတွေကတော့ ပိုင်လန့်အတွက် မမျှော်လင့်စရာကောင်းတဲ့ အံ့အားသင့်မှုတွေ ဖြစ်ခဲ့ပါတယ်။
သူငယ်ချင်းအမြင်နဲ့တွေးရင်တောင်မှ တစ်စုံတစ်ယောက်အတွက် ဝမ်းနည်းပူဆွေးနေခဲ့တယ်ဆိုတာ အဲဒိလူကို မှတ်မှတ်ထင်ထင်ရှိနေခဲ့လို့ပဲလေ။ လူတွေအများကြီးရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတဲ့ ပိုင်လန်ကတော့ ချိုးချန်ရဲ့ကြင်နာမှုလေးတစ်ခုတောင်မှ သူ့နှလုံးသားထဲမှာ ပုံနှိပ်ထားသလို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တာပေါ့။
ပိုင်လန်ဆိုတဲ့ တက်သစ်စအနုပညာရှင်သေးသေးလေးကတော့ အရင်ဘဝတုန်းက ဘယ်တော့မှ ဦးမညွှတ်ခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ သူကိုယ်တိုင်လိုလိုလားလားပဲ ချိုးချန်တံခါးဝနားရောက်လာတယ်။ သူက သူ့ကိုယ်သူ လှောင်ရယ်ရယ်နေလိုက်တယ်။ ဒီလိုမျိုးရောက်လာရင်ရော သူတို့နှစ်ယောက်ကြားမှာ ဘာတွေပြောင်းလဲသွားမှာလဲ….
တံခါးအပြင်ဘက်မှာက လှုပ်လှုပ်ရှားရှားအသံတွေ ဖြစ်ပေါ်လာတယ်။ ပြီးတော့ သူတို့သူဌေးကို အားတက်သရောကြိုဆိုလိုက်ကြတဲ့ လူတစ်စုရဲ့အသံကို ကြားလိုက်ရပြီး ခဏကြာတော့ တံခါးက ကြမ်းကြမ်းတမ်းတမ်း တွန်းပွင့်သွားတယ်။
ချိုးချန်က ပါးစပ်ထောင့်မှာ ဆေးပြင်းလိပ်ကို ခဲပြီး ဝင်လာတယ်။ သူကခေါင်းကိုစောင်းပြီး စိတ်ဝင်စားတဲ့မျက်လုံးတွေနဲ့ ပိုင်လန့်ကို အထက်အောက်စုန်ဆန်ကြည့်လိုက်လေတယ်။
“ကဲ….. ယုန်ဖြူလေး.. မင်း..ကိုယ့်ကို တွေ့ချင်တယ်ဆို”
…………………..