(4) ယွမ်သိန်းငါးဆယ်
Viewers 48k

(4) ယွမ်သိန်းငါးဆယ်

‘ယုန်ဖြူလေး’ ဆိုတာက ချိုးချန်က ပိုင်လန့်ကို သူတို့နှစ်ယောက် ပထမဦးဆုံးစတွေ့တဲ့နေ့မှာ ခေါ်တဲ့အမည်ပါ။ သူက ဆယ်နှစ်လုံးလုံး ယုန်ဖြူလေးလို့ပဲခေါ်ခဲ့ပြီး ပိုင်လန်ကလည်း နားချလို့ မရမယ့်အတူတူ အားကုန်ခံပြီး ပြောင်းဖို့ကြိုးစားမနေခဲ့တော့ဘူး။ ဒါကို အခုပြန်နားထောင်ကြည့်လိုက်တော့ ပိုင်လန်က အတိတ်ကိုတောင် ပြန်ပြီး လွမ်းဆွတ်သလိုလိုရှိလာတယ်။

ပိုင်လန်က မတ်တပ်ရပ်လိုက်ပြီး ချိုးချန်ကို ခေါင်းညိတ်ပြလိုက်တယ်။ “ဟုတ်ကဲ့၊ ဒီနေ့ ကျွန်တော့်ကို အချိန်ပေးတဲ့အတွက် ချိုးလူကြီးမင်းကို ကျေးဇူးတင်ပါတယ်။”

ပြောရရင် ချိုးချန်က ဆယ်နှစ်ကြာသွားပြီးနောက်ပိုင်းလည်း ပုံပန်းသွင်ပြင်ပြောင်းလဲသွားတာ ဘာမှရှိမှာ မဟုတ်ဘူး။ အထူးသဖြင့် သူ့မျက်နှာက အခုခေတ် တက်သစ်စကလေးတွေထက် အပုံကြီးသာတယ်။ သူ့ရဲ့ အရိုင်းဆန်တဲ့ သြဇာရှိမှုက ရှိရင်းစွဲအသက်ထက် ပိုကြီးနေသယောင်ထင်ရပေမယ့် အသက်ကိုလည်း တိတိကျကျ ခန့်မှန်းလို့ မရပေဘူး။

ချိုးချန်က ဆေးလိပ်ကို ပါးစပ်မှာတပ်ထားရင်း ဆိုဖာခုံဆီကို ပျင်းရိပျင်းတွဲလျှောက်လာပြီး ထိုင်ချလိုက်တယ် “ထိုင်လေ၊.. ပြီးရင် ပြောချင်တာတွေ ဘာပဲဖြစ်ဖြစ်အကုန်ပြော”

ပိုင်လန်က ရိုရိုသေသေထိုင်လိုက်ပြီး သွယ်ဝှိက်မနေတော့ဘူး။ တည့်ပဲပြောလိုက်တယ် “ကျွန်တော် ချိုးလူကြီးမင်းဆီက ပိုက်ဆံချေးချင်လို့ပါ”

“အိုး…” ချိုးချန်ရဲ့မျက်ခုံးနှစ်ဖက်က မြင့်တက်သွားတယ်။ သူက အံ့သြသွားတာကို မထိန်းလိုက်နိုင်ဘူး “…ဘယ်လောက်လဲ”

“သိန်းငါးဆယ်..” ပိုင်လန်က ဖြည်းဖြည်းလေးပြောလိုက်တယ် “..ငွေသားနဲ့ပါ”

“ငွေသားနဲ့ သိန်းငါးဆယ်” ချိုးချန်က ဆေးလိပ်ကို ဖွာရှိုက်လိုက်ပြီး ပိုင်လန်ဆီကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်တယ်။ “အရမ်းများတယ်၊ အကြောင်းရင်းကို သိလို့ရမလား”

“ဟုတ်ကဲ့၊ ကျွန်တော့အစ်ကို ပိုင်လိက တရားမဝင်ငွေချေးသူတွေဆီမှာ အကြွေးသိန်းငါးဆယ် တင်နေလို့ပါ၊ ပြန်ဆပ်ဖို့ကလွဲပြီး အခြားရွေးစရာမရှိပါဘူး” ပိုင်လန်က မျက်လွှာကို ချထားရင်း အရင်ဘဝတုန်းကလို အပြစ်ကင်းပြီး ခေါင်းမာတဲ့ ပုံစံလေး ဟန်ဆောင်လိုက်ရင် ကောင်းမလားလို့ တွေးနေတယ်။ ဒါပေမယ့် လိုမှမလိုအပ်တာ။

“ပြန်မဆပ်နိုင်ရင် သတင်းပေါက်ကြားပြီး ချုပ်ထားတဲ့စာချုပ်တွေ ထိခိုက်မှာ စိုးလို့ပါ……. အဟွတ်…. အဟွတ်… ”  ပြောလို့လည်း ပြီးသွားရော ပိုင်လန်က ဒုတိယတစ်ကြိမ် မှုတ်ထုတ်ခံလိုက်ရတဲ့ ဆေးလိပ်ငွေ့တွေကြောင့် ထိန်းချုပ်လို့မရတော့ဘဲ ခေါင်းကိုစောင်းပြီး နှစ်ခါချောင်းဆိုးလိုက်ရတယ်။

ချိုးချန်ရဲ့မျက်လုံးက သိချင်စိတ်တွေနဲ့ တဖြတ်ဖြတ်လက်နေတယ်။ သူက ပိုင်လန်ကို ရုတ်တရက်ပြောင်းသွားတဲ့ အပြုအမူတွေကြောင့် မေးခွန်းထုတ်ချင်နေဟန်ရှိတယ်။

“ဒါပေမယ့် မင်းကြည့်ရတာ သိပ်စိတ်ပူပုံမရဘူး၊ ပိုက်ဆံတွေ ပြန်မဆပ်နိုင်မှာ မစိုးရိမ်ဘူးလား” ချိုးချန်က သစ်ရွက်လေးလို ပေါ့ပေါ့ပါးပါးလေး ပြောလိုက်ပေမယ့် တကယ်တော့ အဓိကအကြောင်းရင်းကို ဆွဲထုတ်ချင်နေတာ။

ဒီဖြစ်ရပ်မှာ ပိုင်လန်က သူ့အစ်ကို ကို မကူညီရင်လည်း သတင်းတွေထွက်ပြီး သူပဲနာမည်ကျမှာ၊ ကူညီပြန်ရင်ရော … အကြွေးဒဏ်ကို ပိုင်လန်ပဲ ခံရမှာပဲ။ ဒါကြောင့် ချေးချေး မချေးချေး ပိုင်လန်အတွက် ကွာခြားသွားတာ ဘာမှမရှိဘူး။ ပိုင်လိနဲ့သူ့မိသားစု ကောင်းကျိုးရသွားမှာပဲ ကွာခြားတယ်။

“ဟုတ်ပါတယ်….” ပိုင်လန်က ခါးခါးသီးသီးပြုံးလိုက်ပြီး “…..ပိုက်ဆံတွေ ပြန်ဆပ်ဆပ် မဆပ်ဆပ် ကျွန်တော့်အတွက် ကွာခြားသွားတာ မရှိပါဘူး။ နောက်ဆုံးမှာ ခံရမှာက ကျွန်တော်ပဲလေ။ ဒါကြောင့် ချိုးလူကြီးမင်းကို အကူညီတောင်းရတာပါ။ လူကြီးမင်းရဲ့ဝိတ်နဲ့ဆိုရင် ဒီတစ်ခါပေးပြီး နောက်တစ်ခါဆိုတာ မရှိအောင်ပါ။ ကုမ်ပဏီအတွက်လည်း ပိုကောင်းပါတယ်”

“သြော်…. ကိုယ့်မှာ ဒီလိုအစွမ်းအစရှိတယ်ပေါ့၊ ကိုယ်တောင် မသိဘူး…” ချိုးချန်က ဆေးလိပ်မီးကို သတ်လိုက်ပြီး မေးစေ့ကို မြှောက်ပြလိုက်တယ်။ “…ဆက်ပြောပါဦး”

“….... လူကြီးမင်းရဲ့ အတူနေချစ်သူ လုပ်ပါ့မယ်။ သိန်းငါးဆယ်က တန်ရာတန်ကြေးပါ။ ပြီးတော့ ကျွန်တော်က ချိုးလူကြီးမင်းရဲ့ လူဖြစ်သွားရင် ပိုင်လိက ထိရဲတော့မှာမဟုတ်ပါဘူး။” ပိုင်လန်ရဲ့အသံက တည်ငြိမ်နေပေမယ့် သူက မျက်လွှာတွေကို ချထားတယ်။

ချိုးချန်က စက္ကန့်အနည်းငယ်လောက် အံ့သြသွားတယ်။ ပြီးတော့ ရုတ်တရက် အကျယ်ကြီး ထရယ်ပါလေရော။

“ချစ်သူ!? ဟား ဟား ဟား.. နားကြားမှားတာ မဟုတ်ပါဘူးနော်! ဟား ဟား ဟား ဟား!!”

ပိုင်လန်က မျက်နှာပေါ်က နီရဲသွားတဲ့အမူအရာကို မထိန်းချုပ်လိုက်နိုင်ဘူး။ သူ ချိုးချန်ကို ငြင်းလိုက်တဲ့ ပထမဦးဆုံးအကြိမ်ကို အမှတ်ရနေသေးတယ်။ သူက အဲဒိအချိန်တုန်းက သေလောက်အောင် ကြောက်နေပေမယ့် စကားတွေကို မာရေကျောရေ ပြန်ပြောခဲ့သေးတာ။ ဒါကြောင့် အခုချိုးချန်ရဲ့ ရယ်သံကြီးကိုလည်း ကြားရော ပိုင်လန်က ရှက်သွားတယ်။

“လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မင်းဘာပြောခဲ့သလဲ။ ဘာတဲ့..အခုထက်ထိမှတ်မိသေးတယ်။ ဟား ဟား ဟား !! မင်းရဲ့ကိုယ်ကျင့်တရားက မဟုတ်တာလုပ်ဖို့ ခွင့်မပြုပါဘူးဆို။  မင်းပဲ ကိုယ့်ကို ရဲတိုင်ချင်ခဲ့တာလေ မဟုတ်ဘူးလား၊ ဟား ဟား ဟား !!”

ချိုးချန်က အချိန်တော်တော်ကြာ အဆက်မပြတ် ရယ်နေခဲ့တယ်။ ရယ်လို့လည်း ဝသွားရော မျက်ရည်တွေပါထွက်လာလို့ လက်နဲ့သုတ်လိုက်သေးတယ်။ “ အခုမှလာပြီး .......... အတူနေကြမယ်ပေါ့၊ ဟား ဟား ဟား........ခွင့်လွှတ်တယ်..ခွင့်လွှတ်တယ်.. ညနက်သန်းခေါင်ကြီး ဖုန်းဆက်ပြီးလှမ်းနှိုးတဲ့အတွက် ခွင့်လွှတ်တယ်၊ ဒါတွေကြားရတာနဲ့တင် တန်သွားပြီ”

“ဒါဆိုရင် ချိုးလူကြီးမင်းရဲ့ သဘောထားက...”

ချိုးချန်က ရယ်မြူးရိပ်တွေ ပျောက်သွားတယ်။ ပြီးတော့ အပြုံးပါးပါးလေးတစ်ခုကို ခပ်ရေးရေးပြုံးလိုက်တယ်။

“တကယ်ဆို....... မင်းကိုယ့်ကို အရင်မေးသင့်တာက မနေ့ညက မင်းဖုန်းဆက်တဲ့အချိန် အိပ်ယာထဲက ကိုယ့်ဘေးနားမှာ တစ်ယောက်ယောက် အိပ်ပျော်နေသလားလို့ မေးသင့်တာ မဟုတ်ဘူးလား”

သူပြောတာလည်း ကြားရော ပိုင်လန်က တွေဝေသွားတယ်။ ပြီးတော့အနည်းငယ် စိတ်ဓါတ်ကျသွားလေတယ်။ ချိုးချန်ရဲ့စကားသွားကို ပိုင်လန်က ချက်ချင်းနားလည်ပါတယ်။ တစ်ဖက်လူက သူ့ကို ကိုယ်ကျင့်တရားကို ငွေကြေးနဲ့လဲလှယ်တဲ့ ငယ်ငယ်ရွယ်ရွယ် တက်သစ်စကောင်လေးတွေထဲက တစ်ယောက်လို့ ထင်မှတ်သွားတာ။

ချိုးချန်ထင်လည်း ထင်နိုင်ပါတယ်။ သူ ဒီကိုလာခဲ့တာကလည်း သူ့ကိုယ်သူ လိုလိုလားလား ချိုးချန်ဆီမှာ လာရောင်းသလို ဖြစ်သွားပြီး အပေါစားဆန်သွားတာလေ။

အရင်ဘဝတုန်းကတော့ သူနဲ့ချိုးချန်ကြားထဲမှာ အပြန်အလှန်လေးစားမှု ခပ်ပါးပါးနဲ့ လုပ်ဖော်ကိုင်ဖက်စိတ်ဓါတ် အနည်းငယ်ရှိသေးတာ။ အခုတော့ ဒါတွေတောင်မရှိတော့ဘူး။ 

ဒါပေမယ့် ပိုင်လန်က နောင်တမရပါဘူး။ သူ ချိုးချန်ဆီကို လာရတဲ့အကြောင်းရင်းက သူ့ဘဝရဲ့နောက်ဆုံးချိန်မှာ ပြုလုပ်ပေးခဲ့တာတွေကို ကျေးဇူးဆပ်ချင်တဲ့ စိတ်ကြောင့်ပဲ။ အဲဒိအနက်ရောင်ထီးကလေးကို ကိုင်ထားတဲ့ ချိုးချန်ကို ကျေးဇူးတင်ခဲ့တာ။

သူက ပြန်လည်မွေးဖွားလာပေမယ့် ချိုးချန်ကို ပေးစရာဘာမှမရှိဘူး။ ဒါက လွဲလို့လေ။

ခန္ဓာကိုယ်နဲ့ ကျေးဇူးဆပ်တယ်လို့ပြောရင်တော့ အရမ်းပြဇာတ်ဆန်သွားမလားပဲ။ ဒါပေမယ့် သူ့ကိုယ်ခန္ဓာအကြောင်းကို တွေးမိပြန်ရင်လည်း ဒီဘဝမှာလည်း ဘယ်နှနှစ်အသက်ရှင်မလဲမှ မသိနိုင်တာ။ အကယ်၍ ချိုးချန် လိုချင်တယ်ဆိုရင် သူပေးလိုက်မယ်။ ဒါမှမဟုတ် ချိုးချန် မလိုချင်ဘူးဆိုရင် သူက အနည်းဆုံးတော့ ဘာပဲဖြစ်ဖြစ်လုပ်ပေးမိမှာပဲ။

သူ့အစ်ကို ပိုင်လိအတွက်လား..... အကယ်၍ ချိုးချန်က ပိုင်လန့်ကို စိတ်မဝင်စားဘူး၊ ငြင်းမယ်ဆိုရင် ကုမ်ပဏီကလည်း ငွေတွေပေးတော့မှာ မဟုတ်ဘူးလေ။ အဲဒိတော့ အိမ်မရှိ၊ ပိုင်ဆိုင်မှုမရှိ၊ နောက်ခံမရှိ၊ လအနည်းသာ နာမည်ရသေးတဲ့ သူ့လိုလူကို ဘယ်ဘဏ်မျိုးက သိန်းငါးဆယ် ချေးမှာလဲ။ သူ့မှာဘာမှမရှိတော့ရင် ပိုင်လိကိုလည်း ကူညီနိုင်မှာမဟုတ်တော့ဘဲ ရေစက်လည်း အလိုလို ဖြတ်ပြီးသား ဖြစ်သွားမှာ။ ဒါက အရာအားလုံးကို အဆုံးသတ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။

ဒါကြောင့် ပိုင်လန်က နောက်ထပ် ဘာမှထပ်မပြောတော့ဘူး။ ချိုးချန်ရဲ့စကားတွေကို နားလည်ကြောင်းသာ ဖော်ပြလိုက်ပြီး “ ဒီလိုဆိုရင်တော့ ကျွန်တော့် အမှားပါ”

သူက ပြောပြီးတော့ ပြန်ဖို့ မတ်တပ်ရပ်လိုက်တယ်။ “ဒီနေ့အချိန်ပေးတဲ့အတွက် ချိုးလူကြီးမင်းကို ကျေးဇူးတင်ပါတယ်၊” သူက ဦးညွတ်လိုက်ပြီးတော့ “ကျွန်တော် အနှောင့်အယှက် မပေးတော့ပါဘူး”

ချိုးချန်ရဲ့ မျက်လုံးတွေက စူးရဲသွားတယ်။ သူက ပိုင်လန်ကို အဆိပ်ပြင်းတဲ့မြွေတစ်ကောင်လို စိုက်ကြည့်လိုက်ရင်း “ပိုက်ဆံကရော၊ မယူတော့ဘူးလား”

ပိုင်လန်က ရပ်လိုက်တယ် “လူကြီးမင်းချိုးလို အရည်အချင်းရှိတဲ့ လူမျိုးက ရှာတွေ့ဖို့ခက်ပါတယ်၊ ဒါပေမယ့် အနည်းဆုံးတော့ ကျွန်တော် ရှာနိုင်.........” သူရဲ့ ပြောစကားတွေတောင် မဆုံးလိုက်ဘူး။ ချိုးချန်က ရုတ်တရက်ထလာပြီး ခါးကနေ အားပြင်းပြင်းနဲ့ ဆတ်ခနဲ ဆွဲဖက်လိုက်တာကြောင့် သူ့တစ်ကိုယ်လုံးက ချိုးချန်ရင်ခွင်ထဲကို ပြေးဝင်သွားလေတယ်။

ပိုင်လန်က လန့်သွားတယ်။ ဒါပေမယ့် ကမောက်ကမ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတော့ ခုခံဖို့အားတောင် သိပ်မသုံးနိုင်တော့ဘဲ သူ့တစ်ကိုယ်လုံးက ချိုးချန်ကိုယ်နဲ့ ပြားပြားကပ်နေတယ်။ ပိုင်လန်အရပ်က (၁၈၀) စင်တီမီတာနီးပါး ရှည်ပေမယ့် ချိုးချန်နဲ့ယှဉ်လိုက်ရင်တော့ ခေါင်းတစ်ဝက်စာလောက်နိမ့်သေးတယ်။ ကြွက်သားဗလချင်း ယှဉ်ဖို့တော့ ပြောမနေပါနဲ့တော့။ 

ချိုးချန်က သူ့မေးစေ့ကို ဆွဲမော့ရင်း သင်္ကာမကင်းတဲ့ မျက်ဝန်းရိပ်တွေနဲ့ ကြည့်နေလေတယ်။ ပြီးတော့ မျက်ဝန်းတွေကို မှေးကျဉ်းပြီး ပြောလိုက်တယ် “မင်း အတော်ပြောင်းလဲသွားတယ်”

“ယုန်တစ်ကောင် ဒေါသထွက်လာပြီဆိုရင် လူတွေကိုလည်း ကိုက်တတ်တယ်” ချိုးချန်ရဲ့ ထိုးနှက်တဲ့အကြည့်အောက်မှာ ပိုင်လန်က အေးအေးဆေးဆေး ပြန်ပြောလိုက်တယ်။

ချိုးချန်က ပိုင်လန်ကို စက္ကန့်ပေါင်းများစွာ စိုက်ကြည့်နေပြီး တစ်ခုခုကို တွေးနေသလိုရှိတယ်။ ခဏလည်းကြာရော ပိုင်လန်ရဲ့ မေးစေ့ကို ဆွဲညှစ်လိုက်ရင်း အားပြင်းပြင်းနဲ့ နမ်းပါလေရော။ အနမ်းတွေက အရမ်းကို အရိုင်းဆန်ပြီး ပူပြင်းတယ်။ လေပွေတစ်ခုလို သူ့လျာက မဲမဲမြင်ရာ ဖျက်ဆီးပစ်သလိုမျိုး ပိုင်လန်ရဲ့ပါးစပ်တွင်းကို ကျူးကျော်ဝင်ရောက်လာလေတယ်။

ပိုင်လန်က ကြောင်ပြီး ရပ်တန့်သွားဖို့အပြင် တစ်ခြားဘာမှ မတတ်နိုင်ဘူး။ သူက အရင်ဘဝတုန်းက ခန်းကျန့်နဲ့ချစ်သူဖြစ်ခဲ့ပေမယ့် သူတို့နှစ်ယောက်က ဒီလိုအရိုင်းဆန်တဲ့ ထိတွေ့ခြင်းတွေ မရှိသလောက် ရှားတယ်။ ပြီးတော့ ချိုးချန်ပါးစပ်က ရတဲ့ ဆေးလိပ်နံ့ပြင်းပြင်းကလည်း ပိုင်လန့်ကို မူးဝေလာစေတယ်။ ဒါပေမယ့် ချိုးချန်ရဲ့ အားသုံးတိုက်ခိုက်မှုအောက်မှာပဲ ပုံမှန်အခြေအနေ ပြန်ရလာပြီး အလိုက်သင့်လေး စီးမြောပေးနေလိုက်တယ်။

ဒါကြောင့် နောက်ဆုံးမှာ ချိုးချန်က ပိုင်လန့်ကိုလည်း လွှတ်ပေးလိုက်ပြီး အန္တရာယ်ရှိတဲ့ အငွေ့အသက်တွေ ထုတ်လွှတ်ကာ ပြောတယ် “မင်းကို ကြည့်ရတာ အတွေ့အကြုံတွေ ရှိပုံရတယ်၊ အူရိုင်းလေးတော့ မဖြစ်နိုင်ဘူး.”

ပိုင်လန်က ထုံကျင်နေတဲ့ နှုတ်ခမ်းတွေကို အထက်အောက်အချင်းချင်း ဖိပွတ်နေရင်း 

“ချိုးလူကြီးမင်း စိတ်မပါရင် ကျွန်တော် အတင်းအကျပ် မတောင်းဆိုပါဘူး” 

ဟုတ်တယ်လေ။ အရင်တုန်းကလို အပြစ်ကင်းတဲ့ လူငယ်လေးတစ်ယောက် ပြန်ဖြစ်စေဖို့ဆိုတာ သူ့အတွက် ဖြစ်မှ မဖြစ်နိုင်တော့တာ။

ချိုးချန်ရဲ့ အမူအရာက ရုတ်တရက်မည်းမှောင်သွားပေမယ့် လျင်လျင်မြန်မြန်ပဲ ပြန်ပျောက်သွားရင်း ပိုင်လန့်မေးစေ့ကို နောက်ထပ်ပြန်ဆွဲယူကာ ထပ်နမ်းပြန်တယ်။ ဒါပေမယ့် မနမ်းခင်မှာ ချိုးချန်က အဖြေပေးခဲ့ပါတယ်။

“ ကောင်းပြီလေ၊ ဒါဆိုလဲ ကိုယ့်ကို ကောင်းကောင်းပြုစု၊ မင်းလိုချင်တဲ့ သိန်းငါးဆယ်....... ၊ ချက်ချင်းရစေရမယ်”

...............................

နောက်တစ်နေ့မှာတော့ အရေအတွက်ကန့်သတ်ပြီးထုတ်တဲ့ ငွေရောင် SUV ကားလေးက ပိုင်လန့်မွေးရပ်မြေဖြစ်တဲ့ T မြို့ရဲ့ တိုက်ခန်းတစ်ခုအပြင်ဘက်မှာ ရပ်တန့်သွားတယ်။

ဒါက ခြောက်လွှာရှိတဲ့ တိုက်ခန်းဟောင်းတစ်ခုပါ။ လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက အစွန်အဖျားဒေသက လယ်သမားတွေဖြစ်တဲ့ ပိုင်မိဘနှစ်ပါးက ကျေးလက်ပတ်ဝန်းကျင်တိုးတက်ရေးစီမံကိန်းနဲ့ တွေ့ပြီး အစိုးရဆီမှာ လယ်တွေအသိမ်းခံလိုက်ရကာ လျော်ကြေးငွေ အမြောက်အမြား ရရှိခဲ့လေတယ်။ သူတို့က ကောလိပ်ကျောင်းသားဖြစ်တဲ့ သားအကြီးရဲ့စကားကို နားထောင်ပြီး T မြို့ကို ပြောင်းရွှေ့လာခဲ့ရင်း အပေါ်အောက် နှစ်ခန်းတွဲပါတဲ့ ဒီတိုက်ခန်းကို ဝယ်ခဲ့ကြတယ်။ 

လူအိုကြီးနှစ်ယောက်က အများကြီး စဉ်းစားခဲ့ကြတယ်။ သူတို့မှာ လယ်တွေလည်း မရှိတော့ဘူးဆိုတော့ သားတွေကိုပဲ အားကိုးရတော့မှာ။ သူတို့က အောက်ထပ်မှာနေပြီး သားအကြီးပိုင်လိလက်ထပ်ပြီးရင် အပေါ်ထပ်မှာထားမယ်။ ဒါဆိုရင် မြေးတွေ မြစ်တွေကို ထိန်းကျောင်းရင်း အပြန်အလှန် စောင့်ရှောက်လို့ရတာပေါ့။ သားအငယ် ပိုင်လန်အတွက်ကတော့ ကိုယ့်လမ်းကိုယ်လျှောက်ဖို့သာ ရှိပါတယ်။ လူကြီးနှစ်ယောက်မှာ သားအငယ်အတွက် ပေးစရာအရင်းအမြစ် ဘာမှ မရှိတော့ဘူးလေ။

ပိုင်လန်က ဒီမှာ ခဏသာနေပြီး တက္ကသိုလ်တက်ဖို့ ထွက်သွားတာကြောင့် အရာအားလုံးက သူ့အတွက် အစိမ်းသက်သက်သာ ဖြစ်လို့နေပါတယ်။

.................................

ပိုင်လန်က ကြီးမားတဲ့ နေကာမျက်မှန်ကြီးကို တပ်ထားပြီး ကားထဲက ထွက်လာတယ်။

ဒီနေ့သူက မီးခိုးဖျော့ရောင် ရှပ်လက်ရှည်နဲ့ စတိုင်ပန် ကို တွဲဖက်ဝတ်ဆင်ထားတယ်။ ဒါက တီဗွီထဲက သူ့ရဲ့စတိုင် တီရှပ်နဲ့ဂျင်းပန် ထက်စာရင် အများကြီးပိုဖက်ရှင်ကျပြီး လူကြီးဆန်တယ်။ အရင်ဘဝတုန်းက ရခဲ့တဲ့ အတွေ့အကြုံတွေက အတုအယောင်တွေမှ မဟုတ်တာ။ ဒါကြောင့် အခု ပိုင်လန်ရဲ့ အတွေးနဲ့အပြုအမူတွေက လူငယ်တွေနဲ့ အများကြီးကွာခြားတယ်။

ပိုင်လန်က ကားတံခါးကို ကိုင်ထားရင်း ကုန်းလိုက်ကာ ဒီနေ့အတွက် သူ့ရဲ့ကားဒရိုင်ဘာကို ပြောလိုက်တယ်။ “ချိုးလူကြီးမင်းကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ဖာသာ တက်သွားလို့ရပါတယ်” T မြို့နဲ့ A မြို့က (၅)နာရီကြာအောင် ကားမောင်းရပြီး ဒါက လူတစ်ယောက် တစ်နေ့ကို ကားမောင်းနိုင်တဲ့ ပမာဏနဲ့ ညီမျှတယ်။

ဒရိုင်ဘာခုံမှာထိုင်နေပြီး ခါတိုင်းလို ဆေးလိပ်သောက်နေတဲ့ ချိုးချန်က ခေါင်းကိုလှည့်လိုက်ရင်း “ကိုယ်လိုက်ခဲ့ပြီး မျက်နှာပြဖို့ လိုဦးမလား”

ပိုင်လန်က ပါးပါးလေး ပြုံးလိုက်တယ် “တစ်ချို့တွေက လူကိုအသိအမှတ်မပြုရင်တောင် ပိုက်ဆံကိုတော့ သေချာပေါက် အသိအမှတ်ပြုမှာပါ”

ချိုးချန်က ပိုင်လန့်ကို ထပ်ကာထပ်ကာ ကြည့်နေတယ်။ မနေ့က အပေးအယူ တည့်ပြီးသွားကတည်းက သူ့မျက်စိရှေ့မှာရှိတဲ့ ပိုင်လန်က ပိုပိုပြီး နားလည်ရခက်လာသလိုပဲ။

“အိုကေ၊ ဒါဆို ဒီမှာပဲ စောင့်နေမယ်” ချိုးချန်က အိပ်ကပ်ထဲက တစ်ခုခုကို ဆွဲထုတ်လိုက်ရင်း လှမ်းပေးလိုက်တယ် “ဒါပေမယ့် ကိုယ်က မင်းအလုပ်ရှင်ဖြစ်ပြီး အပေးအယူလည်းတည့်သွားပြီဆိုတော့ တတ်နိုင်တာလေးတွေ လုပ်ပေးချင်လို့”

ပိုင်လန်က ယူပြီးကြည့်လိုက်တော့ ငွေရောင်နာရီတစ်လုံးဖြစ်နေတယ်။ နာရီအရှေ့ဖက်က ငွေရောင်စိန်တုံးလေးတွေနဲ့ စီခြယ်ထားပြီး ဒိုင်ခွက်ထဲက အချိန်ဖော်ပြတဲ့ ဂဏန်းနေရာတွေမှာ အပြာရောင်ကျောက်မျက် လေးတုံးရှိတယ်။ သတ္တုရောင်အသားက ထည်ထည်ဝါဝါရှိနေပြီး ကြွားဝါနေသလိုမျိုး ထင်းထင်းကြီးဖြစ်မနေဘူး။

ပိုင်လန်က ဆင်ခြေမပေးတော့ဘဲ အခြေအနေကိုလက်ခံလိုက်ပြီး နာရီကို ဘယ်ဖက်လက်မှာ ပတ်လိုက်ပြီး အင်္ကျီလက်ရှည်နဲ့ ဖုံးလိုက်တယ်။ “ကျေးဇူးတင်ပါတယ်၊ ချိုးလူကြီးမင်း”

“ကိုယ့်ကို ချိုးလူကြီးမင်းလို့ ခေါ်နေတုန်းပဲလား”

“အစ်ကိုချိုး” ပိုင်လန်က ပြောင်းခေါ်လိုက်တယ်။

ချိုးချန်က “အင်း” ဆိုပြီး ရွှတ်နောက်နောက်ပြုံးပြလိုက်တယ်။ “မင်းရဲ့အလုပ်ကိစ္စတွေ ပြီးရင်တော့ နောက်လာမယ့် အချိန်လေးတွေက ကိုယ်တို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေပဲနော်”

ပိုင်လန်က ခေါင်းကို အသာအယာငြိမ့်လိုက်တယ်။ သူက ဘာမှပြန်မပြောတော့ဘဲ ကားတံခါးကိုပိတ်ကာ တိုက်ခန်းပေါ်ကို တက်သွားလေတယ်။

..........................

ပိုင်မိသားစုက ငါးထပ်မြောက်နဲ့ ခြောက်ထပ်မြောက် တိုက်ခန်းနှစ်ခန်းကို ပိုင်ဆိုင်ပါတယ်။ ဒါက ဓါတ်လှေကားတောင် မရှိတဲ့ တိုက်ခန်းငယ်လေးပါ။ ဒါကြောင့် အပေါ်ထပ်တွေက အောက်ထပ်တွေထက်ပိုပြီး ဈေးချိုတယ်။

ပိုင်လန်က ရင်းနှီးသလိုလို မရင်းနှီးသလိုလိုဖြစ်နေတဲ့ လှေကားတွေပေါ်ကနေ တဖြည်းဖြည်းတက်လာခဲ့ရင်း မေ့ဖျောက်ထားချင်ခဲ့တဲ့ အရင်ဘဝမှတ်ဉာဏ်တွေက သူ့ခေါင်းထဲမှာ အစီအရီပြန်ပေါ်လာတယ်။

“မင်း..မင်း ကျေးဇူးကန်းတဲ့သား!! ပြန်လာရဲသေးတယ်!”

“မင်းအစ်ကိုနဲ့ငါတို့ကို သေအောင်သတ်နေတာလား! ဟင်... မြန်မြန် သေစေချင်နေတာလား! ”

“အိမ်နီးချင်းတွေက ငါတို့အကြောင်းကို ဘယ်လိုပြောကြလဲ သိရဲ့လား! ငါတို့မှာ အခြောက်ကောင် သားတစ်ယောက် ရှိတယ်တဲ့!! နေ့တိုင်းနေ့တိုင်း ယောကျ်ားတွေကိုပဲ ငမ်းငမ်းတက်နေတဲ့ တဏှာရူးတဲ့!!”

“မင်း ဘာလုပ်လိုက်တာလဲ! ဒါက မင်းအစ်ကိုကြီးလုပ်ငန်းတွေကို ထိခိုက်မယ်ဆိုတာ မသိဘူးလား!!”

“ပျက်စီးချင်ရင်လည်း မင်းဖာသာမင်းပျက်စီးလေ!! ငါတို့ကိုပါ ဆွဲမချနဲ့!! ထွက်သွား!!”

“ဘာပြောတယ်! မင်းမှာ ပြောစရာပါးစပ်ပေါက် ရှိသေးတယ်ပေါ့! ထွက်သွားစမ်း! ငါ မင်းကို ရိုက်သတ်မယ် ၊ ရိုက်သတ်ပစ်လိုက်မယ်!!”

“ အမလေး!!! ဘယ်ဘဝက ဝဋ်ကြွေးတွေပါလိမ့်!! ဒီလိုသားမိုက်မျိုးမွေးမိတယ်....!! မိုးနတ်မင်းကြီးရေ..... ကယ်ကြပါဦး”

ပြီးနောက်မှာ ရိုက်ခံရတာတွေ၊ အကန်ခံရတာတွေလည်း ရှိသေးတယ်။

အဲဒိအချိန်တုန်းက သူ့အမေရဲ့ ခုနှစ်သံချီဟစ်ပြီး ငိုယိုသံတွေက သူ့နားထဲမှာ အခုထိ ပဲ့တင်ထပ်နေတုန်းပဲ။ သူ့အဖေက ဘာမှဝင်မပြောပေမယ့် ကန့်လည်းမကန့်ကွက်ဘူး။ သူ့အစ်ကို ပိုင်လိကတော့ မျက်နှာထားတင်းတင်းနဲ့ပဲ သူ့မှာ ဒီလိုညီမျိုးမရှိဘူးလို့ ပြောခဲ့တယ်။

အရင်ဘဝက အဖြစ်အပျက်တွေက ပိုင်လန်ကို တံခါးမခေါက်ဘဲ အိမ်ဝမှာ အကြာကြီး တွေဝေစေတယ်။ နည်းနည်းကြာပြီးတော့မှ သူက ဘဲလ်တီးလိုက်တယ်။ တက္ကသိုလ်တက်ကတည်းက ဒီအိမ်မှာ သူ့အတွက်နေရာဆိုတာ မရှိတော့ဘူး။ ဒါပေါ့ သူ့မှာ သော့လည်းမရှိပါဘူး။

တံခါးက အမြန်ပဲပွင့်လာရင်း ပိုင်လိရဲ့ သေမလိုဖြစ်နေတဲ့ အမူအရာကပေါ်လာတယ်။

“ညီလေး!! ပိုက်ဆံရခဲ့ပြီလား!”

.............................

မိနစ်အနည်းငယ်ကြာတော့ ပိုင်လန်က ဧည့်ခန်းထဲမှာ ထိုင်နေပြီး ပိုင်အဖေ၊ ပိုင်အမေနဲ့ ပိုင်လိတို့ဆီက မေးခွန်းတွေကြားထဲမှာ နစ်မြုပ်နေလေတယ်။

“ပိုက်ဆံဘယ်မှာတုန်း... အားလန်၊ သား ချေးလာတယ်မလား၊” ပိုင်အမေက စိတ်မရှည်စွာနဲ့ တည့်တိုးမေးချလိုက်တယ်။

“မင်းအကိုကြီးက စောင့်နေတာ! သားက ဒီမှာ မရှိတော့ အမေတို့ ဘယ်လိုနေရတယ်ဆိုတာ ဘယ်သိမလဲ! အမေတို့ ဖုန်းဖြေတိုင်းလည်း ထူးဆန်းတဲ့ အသံတွေပဲ ကြားရတယ်! အပြင်ထွက်တိုင်းလည်း အမဲရောင်နဲ့လူတွေက နောက်ကလိုက်နေတယ်၊ သူတို့က ရဲတွေကိုတောင် မဖြုံဘူး! အမေတို့လည်း အမြဲတမ်းလိုက်ခံနေရတာ!! အမေတို့ဘယ်လို အသက်ရှင်ရမလဲ!!”

“ဟုတ်တယ်၊ ညီလေး၊ မင်း ပိုက်ဆံတွေ ပါလာတယ်မလား!” ပိုင်လိက ပိုင်လန်ရဲ့လက်တွေကို အရူးလိုပဲ ဆွဲယူလိုက်တယ်။ သူဆုပ်ထားတာ ကျပ်လွန်းလို့ အနီရောင် လက်ရာကြီးတောင် ထင်သွားတယ်။ “အချိန်သုံးရက်ပဲ ကျန်တော့တယ်!! သုံးရက်ပဲ!! ပြန်မဆပ်နိုင်ရင်တော့ အစ်ကိုတို့အားလုံး၊ အမေရော အဖေရော အကုန်သွားပြီပဲ!!” 

ပိုင်အဖေနဲ့ ပိုင်အမေကတော့ ပိုလို့တောင် ဆိုးပါသေးတယ်။ သူတို့က တုန်လှုပ်နေတဲ့ အမူအရာနဲ့ “ဟုတ်တယ်! မင်း နေ့တိုင်းဒီလောက်ရုပ်ရှင်တွေ ရိုက်နေရတာ၊ ပိုက်ဆံတွေအများကြီး ရနေပြီပဲ!! ဒီလောက်ကိစ္စလေးကို!! ဘာလို့မင်းအစ်ကိုကြီးကို မကူညီရတာလဲ!! မင်းဒီလိုပဲ ထိုင်နေတာ့မှာလား!!”

“အမေ၊ သိန်းငါးဆယ်ဆိုတာ နည်းနည်းလေးမှ မဟုတ်တာ......” နောက်ဆုံးမှာ ပိုင်လန်က ခေါင်းကိုမော့ပြီး ပိုင်အမေရဲ့စကားကို ဖြတ်လိုက်တယ်။

“ရှင်းရှင်းပဲပြော အားလန်၊ မင်းက ငါ့ကို ဘက်လိုက်တယ်ဆိုပြီး အပြစ်တင်ချင်တာလား! ဒီအိမ်ကို မင်းအစ်ကိုကြီးကိုပဲ ပေးလို့အပြစ်ရှာနေတာလား!! ဒါပေမယ့် ဒါ မင်းအစ်ကိုလေ!! ညီအစ်ကိုတွေကြားထဲမှာ စိတ်ဝမ်းကွဲတာကောင်းလား!! ငါတို့က မင်းကို ဒီလောက်အကြာကြီး ကျွေးမွေးခဲ့တာ ဘာများမပေးခဲ့တာရှိလဲ! အခုတော့ မင်းက ခြေရာတိုင်းချင်လာပြီပေါ့! မင်းမှာ နှလုံးသားမရှိဘူးလား!! ဟင်!!”

ပိုင်လန်က ချက်လက်မှတ်ကို ထုတ်တော့မလို့ပါပဲ၊ ဒါပေမယ့် ပိုင်အမေရဲ့စကားတွေကိုလည်း ကြားရော ဘယ်တုန်းကမှမတွေးထားခဲ့ဖူးတဲ့ အတွေးတစ်ခုက ဝင်ရောက်လာတယ်။

“အခုလည်း တိုက်ခန်းနှစ်ခန်းရှိတာပဲ၊ ရောင်းလိုက်ရင် သိန်းငါးဆယ်လောက်ရနိုင်တာပဲကို”

................................