(5) စိန်စီထားသော လက်ပတ်နာရီ
Viewers 58k

(5) စိန်စီထားသော လက်ပတ်နာရီ 

“ဘာပြောလိုက်တယ်!!” ပိုင်အမေရဲ့မျက်နှာထားက ပြောင်းသွားပြီး လေသံကအစ တင်းသွားတယ်။

“အိမ်ရောင်းလိုက်ရင် ငါတို့ဘယ်မှာ သွားနေရမှာတုန်း!! မင်း...မင်း..မင်း.. အိမ်ရောင်းဖို့ပြောရဲတယ်! မင်းမှာ ဒီလိုအကြံရှိမှန်း ငါသိလိုက်ပြီ! အခု မင်းက နာမည်ကြီးဖြစ်ပြီဆိုတော့ ဒီအဖေနဲ့အမေကို စွန့်ပစ်ပြီပေါ့!! အမလေး.. ရက်စက်လိုက်တာ!! ငါဘာလို့ မင်းလိုသားမျိုးမွေးခဲ့မိပါလိမ့်!!!”

ပိုင်အဖေက ပိုင်အမေရဲ့ ငိုညည်းသံတွေကို ကြားတော့ ဒေါသထွက်လာပြီး ဝင်တားလိုက်တယ် “ဘာမှမပြောနဲ့တော့၊ ပိုင်လန်ပြောတာ ဒီလိုသဘောမှမဟုတ်တာ”

ပိုင်အဖေက ပိုင်လန့်ဘက်လှည့်ပြီး ဆွယ်တရားဟောလိုက်တယ် “အားလန်၊ ငါတို့ အိမ်မရောင်းနိုင်ဘူး၊ ဒီနှစ်တွေထဲမှာ အိမ်ဈေးတွေက ထိုးတက်လာတာ၊ အခုနေရောင်းလိုက်ရင် ဒီလိုအပေါ်ထပ်အောက်ထပ်နှစ်ထပ်ပါပြီး ကောင်းတဲ့အိမ်မျိုး မရှာနိုင်တော့ဘူး။ မင်းပိုက်ဆံချေးပေးမှ ဖြစ်မှာ”

“ဒါဆို အိမ်ကို ပေါင်ထားလို့ရတာပဲလေ၊ သိန်းငါးဆယ် ဖြည်းဖြည်းချင်း ပြန်ဆပ်လို့ရတာပဲ၊ တစ်လုံးတစ်ခဲတည်း ဆပ်ရတာထက်စာရင် တော်သေးတာပဲ၊ တကယ်လို့ အစ်ကိုက အစပိုင်းမှာ ခက်ခဲနေရင် ကျွန်တော်ကူညီမှာပေါ့” 

ပိုင်လန်က ဒီလိုလည်းပြောလိုက်ရော ပိုင်အဖေရဲ့မျက်နှာပေါ်မှာ တွေဝေသွားတဲ့ အမူအရာတွေက ဖြစ်လာတယ်။

“ဒါပေမယ့် ငါတို့ပြန်မဆပ်နိုင်ရင်ရော!” ပိုင်အမေက သူ့သဘောထားကို မြင်တော့ ချက်ချင်းပဲစကားဖြတ်ပစ်လိုက်တယ်။ “မင်းက ငါတို့ကို ထားပစ်ခဲ့ပြီးမကူညီတော့ရင် ဘယ်လိုလုပ်မလဲ! ငါတို့အကြွေးတွေပြန်ဆပ်နိုင်မယ်လို့ မင်းကဘယ်လို အာမခံမှာလဲ! အိမ်ကို ထိရဲထိကြည့်စမ်း! မင်းလည်းအသေ ငါလည်းအသေပဲ!!” ပိုင်အမေက စားပွဲကိုတစ်ချက်ရိုက်လိုက်ပြီး ပိုင်အဖေကို သတိပေးတဲ့အကြည့်နဲ့ စူးစူးရဲရဲကြည့်ပေးလိုက်တယ်။

ပျော့ပျောင်းတဲ့သဘောထားရှိသူ ပိုင်အဖေက ပိုင်အမေကိုတော့ မလွန်ဆန်ရဲဘူး။ ပိုင်လန့်ကိုသာ လှည့်ကြည့်ပြီး ကူညီတောင်းဖို့ပြင်လိုက်တယ်။ ဒါပေမယ့် ပိုင်လန်ရဲ့ တည်ငြိမ်လှတဲ့အမူအရာကို မြင်တဲ့အခါ ပြောနိုင်စွမ်းတွေ ပျောက်ကွယ်သွားတယ်။ သူတို့က အိမ်ကိုမရောင်းနိုင်ဘဲ ပိုင်လန့်ကိုသာငွေတွေချေးပေးဖို့ အတင်းအကျပ် တိုက်တွန်းနေခဲ့တာလေ။

ဒီနေရာမှာ ပိုင်လိက အခြေအနေသိပ်မကောင်းတာမြင်တော့ ရုတ်တရက်ဖြတ်ပြီးပြောလိုက်တယ် “ညီလေး..မင်း အိမ်နဲ့ပတ်သက်ပြီး မကျေနပ်တာသိပါတယ်၊ ဒါပေမယ့် စဉ်းစားကြည့်ပါဦး၊ အဖေနဲ့အမေက မင်းကို ဂရုတစိုက်ကျွေးမွေးလာခဲ့တာပဲလေ၊ မင်းအလုပ်စလုပ်တဲ့အချိန်က အခုထိ သူတို့မင်းကို ပိုက်ဆံတပြားတောင်းဖူးလား၊ အခုမှ ဒီကိစ္စနဲ့အပြစ်တင်နေမယ်ဆိုရင် နှလုံးသားမရှိရာကျတာပေါ့”

“ပြီးတော့ အခုလို အရမ်းကိုအလျင်လိုနေတာလည်း မင်းအတွက်ပါပဲ၊ စဉ်းစားကြည့်.. ဒီသတင်းတွေသာ အပြင်ထွက်သွားရင် ကြိုးစားပမ်းစားနဲ့တည်ဆောက်ထားတဲ့ မင်းရဲ့ဂုဏ်သိက္ခာတွေ အကုန်ရေစုန်မျောကုန်မှာပေါ့၊ ပိုက်ဆံဆိုတာ ခဏပါပဲကွာ၊ ဂုဏ်သိက္ခာက ပိုက်ဆံထက်ပိုပြီးတန်ဖိုးရှိပါတယ်၊ မင်းက ငါ့ထက်ပိုပြီး ရှင်းရှင်းလင်းလင်းသိမှာပါ!” စကားအဆုံးမှာတော့ ပိုင်လိက နည်းနည်းလေးခြိမ်းခြောက်လိုက်လေတယ်။

ပိုင်လန်က ပိုင်လိကို ခပ်စူးစူးကြည့်ပေးလိုက်တယ်။ ဟုတ်တယ်လေ.. ပိုင်လိကိုလူမျိုးကို ယဉ်ကျေးနေဖို့မှ မလိုအပ်တာ။ သူက အိပ်ကပ်ထဲကိုလက်နှိုက်ပြီး ဘဏ်စာအုပ်ကိုထုတ်ကာ စားပွဲပေါ် ဘန်းခနဲမြည်သွားအောင် တင်လိုက်တယ်။ “အထဲမှာ ငွေဘယ်လောက်ရှိလဲ မယုံရင် သွားစစ်ကြည့်လို့ရတယ်၊ အရင်တုန်းက အစ်ကို ကျွန်တော့်ဆီက ယူထားတဲ့ငွေ လေးသိန်းကို အခုမှဆပ်ပြီးရုံလေးရှိသေးတယ်၊ ဒီကိစ္စတွေကို အစ်ကိုက ကျွန်တော့်ထက်ပိုသိမှာပါ၊ အဖေနဲ့အမေ့အတွက် ပိုက်ဆံတွေအားလုံးကိုလည်း အစ်ကိုသုံးလို့ကုန်တာပဲလေ”

ပိုင်လိရဲ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် မည်းမှောင်သွားတယ် “…. အဲဒိတော့ မင်းသဘောက ငါသေမှာကို ထိုင်ကြည့်နေတော့မယ်ဆိုတဲ့ သဘောပေါ့”

“မင်းမှာပိုက်ဆံမရှိလည်း ချေးလို့ရတာပဲ!! ဘဏ်က မချေးပေးလည်း ကုမ်ပဏီက ချေးလို့ရတာပဲ” ပိုင်အမေက ဆူပူလိုက်၊အဆုတ်ကွဲအောင် အော်ငိုလိုက်လုပ်နေတယ် “အားယိုး!! အဘိုးကြီးရေ.. ရှင်မွေးထားတဲ့ရှင့်သား အသည်းနှလုံးမရှိတဲ့အကောင်ကို ကြည့်ပါဦး!! မိဘအရင်းခေါက်ခေါက် အစ်ကိုအရင်းခေါက်ခေါက်ကိုတောင် မကူညီချင်ဘူးတဲ့!! ကျွန်မတို့ နောက်ထပ်သားတစ်ယောက် ဘာလို့မွေးမိပါလိမ့်!! အဲဒိတုန်းက ဖျက်ချခဲ့ရင်တောင် အခုလိုဒုက္ခများမှာ မဟုတ်တော့ဘူး..အား!!”

ဒီလိုစကားတွေကို အရင်ဘဝတုန်းကတောင်မှ ပိုင်လန်က မကြားဖူးဘူး။

ဟုတ်တာပေါ့.. အရင်ဘဝတုန်းကပိုင်လန်က ဒီလိုကိစ္စမျိုးအတွက်နဲ့ အိမ်ပြန်လာတယ်လို့မှ မရှိတာ။ အမြဲတမ်းလိမ်လိမ်မာမာလေးနဲ့ ပိုက်ဆံထုတ်ပေးလိုက်တာပဲလေ။ မိဘစကားပယ်ရှားဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။

အခုတော့ ကြောက်စရာကောင်းလှတဲ့အဖြစ်မှန်တွေက ပိုင်လန့်ကို ဟက်ဟက်ပက်ပက်ရယ်မောဖို့သာ တတ်နိုင်တော့တယ်။

နောက်ဆုံးမှာ သူကအိပ်ကပ်ထဲနှိုက်ပြီး ချက်လက်မှတ်ကိုထုတ်လိုက်တယ်။ ပြီးတော့ စားပွဲပေါ်တင်ပေးလိုက်လေတယ်။

“ဒါဆို အမေတို့ အိမ်မရောင်းနိုင်လည်း အမေတို့သားကိုပဲ ရောင်းလိုက်ကြတော့”

ပိုင်လိက ချက်လက်မှတ်ကိုမြင်တဲ့အခါ ချက်ချင်းရှေ့တက်လာပြီး ဆွဲယူလိုက်တယ်။ သူက ဝမ်းသားအားရ ထအော်လိုက်လေတယ် “ဒါ..ဒါ.. သူဌေးချိုးရဲ့ချက်လက်မှတ်မလား၊ ငွေသားထုတ်လို့ရတဲ့ဟာမလား၊ သိန်းငါးဆယ်ကွက်တိပဲ၊ အားလန်..မင်းမှာရှိတာကို ဘာလို့စောစောစီးစီးက မပြော.....”

ဒီနေရာမှာ ပိုင်အဖေတစ်ယောက်ပဲ အသိတရားလေးနည်းနည်းရှိပုံပေါ်တယ်၊ သူက အလောတကြီးထမေးလိုက်တယ် “ငါတို့သားကိုရောင်းရမယ်? ဘာသဘောလဲ? ဒီပိုက်ဆံတွေ ဘယ်ကရလာတာလဲ?”

ပိုင်လန်က မတ်တပ်ထရပ်လိုက်တယ်၊ သူက ဒီနေရာမှာ အချိန်မဖြုန်းချင်တော့ဘူး “ဒီပိုက်ဆံက ကျွန်တော့်ခန္ဓာကိုယ်ကို ရောင်းပြီးရလာတာ၊ ယောကျ်ားတစ်ယောက်နဲ့အိပ်ဖို့ သိန်းငါးဆယ်လေ”

“ယောကျ်ားတစ်ယောက်နဲ့အိပ်တယ်!” ပိုင်အမေက အကျယ်ကြီးထအော်တယ် “မင်း.. မင်း မကောင်းတာတွေ လုပ်စားနေတာလား” 

ပိုင်လန်ရဲ့နှုတ်ခမ်းစွန်းက တွန့်ကွေးသွားပြီး ပတ်ခနဲကောက်ပြောလိုက်လေတယ် “ကျွန်တော် မကောင်းတဲ့ကောင် မဖြစ်လို့လည်း ရတယ်၊ ချက်လက်မှတ်သာ ပြန်ပေးလိုက်”

“မင်း.. လာနောက်နေတာလား!?” ပိုင်လိက ချက်လက်မှတ်ကို ဆုပ်ကိုင်ထားပြီး ခြေတစ်လှမ်းနောက်ဆုတ်သွားလေတယ်။ ပိုင်အဖေနဲ့ ပိုင်အမေကတော့ တုန်လှုပ်သွားလိုက်တာ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ဘူး။ 

“အချိန်သုံးရက်ရသေးတယ်၊ စဉ်းစားဖို့အချိန်ရှိပါသေးတယ်” ပိုင်လန်က သူ့ရှေ့က လူသုံးယောက်ကို ကြည့်လိုက်တယ်။ နောက်ဆုံးမှာတော့ စိတ်သဘောထားနူးညံ့တဲ့ပိုင်လန်ကပဲ ထိုသုံးယောက်ကို နောက်ဆုံးအခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်လေတယ် “နည်းလမ်းနှစ်လမ်းရှိတယ်၊ အိမ်ကိုပေါင်လိုက်ရင် ပြန်ဆပ်ဖို့အတွက် အစပိုင်းမှာ ကူညီပေးမယ်၊ ဒါမှမဟုတ်ရင်တော့ သိန်းငါးဆယ်ယူလိုက်တော့၊ ကျွန်တော့်ကို ကူညီခိုင်းရင် ဒါ ကျွန်တော်ကူညီနိုင်တဲ့တစ်ခုတည်းသော နည်းလမ်းပဲ”

ပိုင်လန်က တံခါးဆီကိုလျှောက်သွားပြီး တံခါးကိုဖွင့်လိုက်တယ်။ ပြီးတော့ နောက်တစ်ခွန်းထပ်ပြောခဲ့ပါသေးတယ်  “ဒါပေမယ့် တစ်ခါရောင်းလိုက်ပြီဆိုတာနဲ့ ပြီးဆုံးသွားပြီနော်၊ ကျွန်တော့်လူပျိုဘဝပျက်သွားပြီဆိုတာနဲ့ ဘာမှတန်ဖိုးရှိမှာ မဟုတ်တော့ဘူး၊ သိတယ်မလား”

ပိုင်အဖေရဲ့မျက်နှာက ဖြူဖွေးနေတာ စာရွက်တစ်ရွက်လိုပဲ။ သူက နောက်ဆုံးမှာ အားတင်းပြီးစကားစလိုက်တယ် “အားလန်..မင်း....”

ပိုင်လန်က ခေါင်းပြန်လှည့်ပြီး ပိုင်အဖေကို ကြည့်လိုက်တယ်။

ဒါပေမယ့် သူ့အဖေကို ကြည့်ရတာ စကားပြောဖို့ တုန့်ဆိုင်းနေသလိုပဲ။ ဒါပေမယ့် စကားတွေက တုန်တုန်ရီရီနဲ့ ထွက်လာပါသေးတယ် “မင်း..အိမ်ကိစ္စကိုတစ်ကယ်ကြီးစိတ်ခုနေတာလား”

ပိုင်လန်ရဲ့နှလုံးသားတွေက နောက်ထပ်တစ်ကြိမ်ကွဲကြေသွားသလိုပဲ။ သူက အပြုံးတွေပျောက်ကွယ်သွားရင်း ခေါင်းကိုယမ်းလိုက်တယ်။ နောက်တော့ ချပ်ခနဲအသံနဲ့အတူ ပိုင်မိသားစုရဲ့တံခါးမကြီးက ပိတ်သွားပါတယ်။ 

ပိုင်လန်က ငွေရောင် SUV ကားနားကို ပြန်လျှောက်လာနေတုန်းမှာ ကိုယ့်ကိုကိုယ်ချုပ်တည်းနေရတယ်။ တစ်စက်ကလေးမှလည်း နောက်ပြန်လှည့်မကြည့်ဘူး။ ကားထဲဝင်ထိုင်လိုက်တဲ့အချိန်မှာတော့ ဆေးလိပ်ငွေ့တွေက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေတယ်။

မီးခိုးငွေ့တွေကြားမှာပဲ ချိုးချန်က ခေါင်းကိုစောင်းရင်း သူ့အကြည့်တွေကို ပိုင်လန့်ဆီ အထက်အောက် စုန်ချည်ဆန်ချည်ရွှေ့လိုက်တယ်  “မင်းက လူပျိုလေးလား”

ပိုင်လန်ကတော့ ကျောက်ရုပ်ကြီးလိုပဲ။ ခုဏက သူတို့ပြောနေကြတဲ့စကားတွေ ချိုးချန်သိနေတာကို အံ့သြနေမိတယ်။ 

အဲဒိအချိန်မှာ ချိုးချန်က ညာဘက်နားရွက်မှာတပ်ထားတဲ့ နားကြပ်လေးကို ဆွဲယူလိုက်ပြီး ဂရုမစိုက်တဲ့ပုံနဲ့ ဘေးကိုပစ်တင်လိုက်တယ်။ 

ကြည့်ရတာ ချိုးချန်က သူတို့ပြောစကားတွေကို တစ်ချိန်လုံးနားထောင်နေခဲ့တာပေါ့။ ပိုင်လန်က ခဏလောက်ကြောင်တောင်တောင်ဖြစ်သွားပြီးမှ ဘယ်ဘက်လက်ကောက်ဝတ်က လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တယ်။

ပိုင်လန်က နာရီကို ဟိုလှည့်သည်လှည့်လုပ်ရင်း ခါးသက်သက်ပြုံးလိုက်တယ် “ဒါက ဈေးအကြီးဆုံး ခွေးလည်ပတ်ဖြစ်မယ်နဲ့တူတယ်”

ချိုးချန်က ပုခုံးတွေကို တွန့်ပြလိုက်လေရဲ့ “ဝတ်ချင်တာ၊ မဝတ်ချင်တာ မင်းသဘောပဲ”

သူက လူကိုယ်ပေါ်မှာလည်း နောက်ယောင်ခံစက်လည်း တပ်ထားသေးတယ်၊ ပြီးတော့ အရေးမစိုက်သလိုနဲ့ တမင်တကာပြောပြနေသေးတယ်။ ချိုးချန်တစ်ယောက် ဘာတွေတွေးနေလဲဆိုတာ သူ မခန့်မှန်းနိုင်တော့ဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ပိုင်မိသားစုမှာ ဖြစ်ပျက်နေတာတွေကို ချိုးချန်သိသိ မသိသိ ပိုင်လန့်အတွက် သိပ်တော့ အရေးမကြီးလှပါဘူး။

ရုတ်တရက် ချိုးချန်က ထမေးလိုက်တယ် “နောက်သုံးရက်ကြာပြီးလို့မှ ချက်လက်မှတ်က ဒီအတိုင်းရှိနေတုန်းပဲဆိုရင် ဘယ်လိုလုပ်မလဲ”

ပိုင်လန်က ပြုံးလိုက်တယ် “ဒါဆို ကျွန်တော် ခင်ဗျားနဲ့ free တစ်ကြိမ် အိပ်ပေးမှာပါ.......”

“အိုး?” ချိုးချန်ရဲ့မျက်နှာမှာ စိတ်ဝင်စားမှုတွေနဲ့ ပြည့်နှက်သွားလေရဲ့ “ဒါဆို အမြတ်ကြီးကြီးထွက်တာ ကိုယ်ဖြစ်သွားမှာပေါ့”

ပိုင်လန်ရဲ့ အပြုံးတွေက ပျောက်ကွယ်သွားပြီး ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေတယ် “ဒါကြောင့်ပဲ ဖြစ်နိုင်ချေက အများကြီးနည်းတာလေ၊ ထီဆုကြီးပေါက်သလိုပဲ”

ချိုးချန်က ပိုင်လန့်ရဲ့ပုံစံကိုကြည့်ပြီး ဘာမှထပ်မပြောတော့ဘူး။ သူက ကားကို မောင်းထွက်လိုက်ပြီး လီဗာကိုသာ ဖိနင်းလိုက်လေတယ်။ ငွေရောင် SUV ကားလေးက စက်သံအကျယ်ကြီးနဲ့ မြှားတစ်စင်းလို ပြေးထွက်သွားလေတယ်။

…………………..

နောက်ထပ် (၂)နာရီတောင် မကြာသေးဘူး၊ ချိုးချန်ကားတောင် A မြို့ကနေ T မြို့ကို ပြန်မရောက်သေးဘူး၊ တစ်ခုခုဆိုရင်အသိပေးပါလို့ ချိုးချန်ရဲ့ညွှန်ကြားချက်အရ ဘဏ်က လှမ်းဖုန်းဆက်လေတယ်။ သိန်းငါးဆယ်တန် ချက်လက်မှတ်က ငွေသားလာထုတ်သွားပါပြီတဲ့။ 

အဲဒိအချိန်မှာ ပိုင်လန်က ကားထဲကနေ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်နေပြီး သူပြန်လည်မွေးဖွားလာရခြင်းရဲ့ အဓိပ္ပါယ်ကို တွေးတောနေမိတယ်။

……………………

နောက်တစ်နေ့မနက်မှာ ပိုင်လန်က ဒစ်ဂျစ်တယ်သီချင်းသံကြောင့် ကြီးမားကျယ်ပြန့်တဲ့ အပြာရင့်ရောင်အိပ်ယာကြီးပေါ်ကနေ နိုးလာတယ်။ သူက ဈေးကြီးလှတဲ့ဘရိုကိတ်အသားရဲ့ နူးညံ့တဲ့အထိတွေ့ကိုပေးစွမ်းတဲ့ ခြုံစောင်အောက်မှာပုန်းခိုနေပြီးတော့လေ။ သိပ်ကို စတိုင်ကျပြီး သက်တောင့်သက်တာရှိတာပါပဲ။ ပိုင်လန်က ခေါင်းအုံးတစ်အုံးကိုယူပြီး နားပေါ်မှာဖိလိုက်တယ်။ ဆူညံသံတွေကို ဆန့်ကျင်ပြီးဆက်အိပ်ချင်နေသေးလို့ အခွံထဲဝင်အောင်းနေတဲ့ လိပ်ကလေးတစ်ကောင်လိုပေါ့။

ခွပ်ခနဲအသံရဲ့အဆုံးမှာ တစ်စုံတစ်ခုက ကြမ်းပြင်ပေါ်ကျပြီးတစ်စစီဖြစ်သွားတယ်။ နားညီးလှတဲ့နှိုးစက်အသံလည်း ရပ်သွားတာပဲ။ ဒါပေမယ့် ရုတ်တရက်တိတ်ဆိတ်သွားတာကိုက ပိုင်လန့်ကို အိပ်မောကျနေတာကနေ နိုးလာစေတယ်။ 

သူက မျက်လုံးတွေကိုဖွင့်လိုက်တဲ့အခါ ကြေးနီရောင်ကျောပြင်တစ်ခုက မြင်ကွင်းထဲဝင်လာတယ်။ ဟာလာဟင်းလင်း နောက်ကျောပြင်က ကြွက်သားအပြည့်နဲ့ ပြီးပြည့်စုံလောက်အောင်လှပပြီး အသက်ရှူနှုန်းကြောင့် နိမ့်လိုက်မြင့်လိုက်ဖြစ်နေတယ်။ ကျယ်ပြောလှတဲ့ပုခုံးတွေရဲ့အောက်မှာ သန်မာတဲ့ခါးပိုင်းကိုမြင်ရမယ်။ ခါးရဲ့အောက်ပိုင်းမှာတော့ စောင်ခြုံထားတာပေါ့။ ဒါပေမယ့် ပိုင်လန်ရဲ့စောင်နဲ့အတူတူပဲ၊ တစ်ခုတည်းကို နှစ်ယောက်ခြုံထားကြတာ။ ဒီလူရဲ့ဦးခေါင်းတွေကလည်း ပိုင်လန်ရဲ့ခေါင်းအုံးပေါ် တစ်ဝက်တစ်ပျက်မေးတင်နေတာလေ။

ပိုင်လန်က ကြောင်တောင်တောင်နဲ့မျက်လုံးတွေကို မှိတ်လိုက်စဉ်မှာပဲ မနေ့ညက အဖြစ်အပျက်တွေကို ပြန်မြင်ယောင်လာတယ်။ သူက ဖြည်းဖြည်းလေးထလိုက်ပြီး ကပ်လျက်တွဲထားတဲ့ ကြီးမားတဲ့ရေချိုးခန်းထဲကို သွားလိုက်တယ်။

မနေ့တုန်းက ချိုးချန်က A မြို့ကို ကားပြန်မောင်းလာရင်း ကြိုတင်တိုင်ပင်ထားခြင်းမရှိဘဲ နှစ်ယောက်သား ဒီနေရာကိုရောက်လာတာ။ 

ဒါက အဆင့်မြင့်ဇိမ်ခံကွန်ဒိုတိုက်ခန်းတစ်ခုဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ပရိဘောဂတွေချည်းပဲအလှပြသထားတဲ့ အိမ်တစ်ခုလိုမျိုး အသက်မရှိဘဲအေးစက်နေတယ်။ ချိုးချန်က အိမ်ထဲရောက်ရောက်ချင်း သော့ကို ဘေးဘက်လွှတ်ပစ်လိုက်ပြီး ပိုင်လန့်ကို တံခါးနားဖိကပ်ကာ စတင်နမ်းလေတယ်။ ဒီအနမ်းက သူတို့နှစ်ယောက် အိပ်ခန်းထဲက ကြီးမားတဲ့အိပ်ရာကြီးပေါ်ရောက်သွားတဲ့အထိ မပြီးဆုံးသေးဘူး။ အဲဒိနောက်မှာ နှစ်ယောက်သားဟာ ဒီနေရာကိုရောက်လာတဲ့ရည်ရွယ်ချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ကြလေတယ်။

ဒီလိုနဲ့ပဲ နှစ်ယောက်စလုံး ညနေစာလွတ်သွားပြီး ပိုင်လန်ကတော့ တစ်ချိုးတည်းအိပ်မောကျသွားတာ နောက်တစ်နေ့မနက်ထိအောင်ပါပဲ။

အခုလေးတင်မြည်လိုက်တဲ့ နှိုးစက်သံကတော့ မနေ့ညက နောက်ဆုံးကျန်တဲ့အသိစိတ်ယဲ့ယဲ့လေးနဲ့ ပိုင်လန်က ဖုန်းထဲဆက်တင်ချိန်ထားခဲ့တာ။

ရေချိုးပြီးတဲ့အချိန်မှာ ပိုင်လန်က နာကျင်ကိုက်ခဲနေတဲ့ခါးကို လျစ်လျှူရှုရင်း ကြမ်းပြင်ပေါ်က တစ်စစီပျံ့ကျဲနေတဲ့ အင်္ကျီတွေကို လိုက်ကောက်ပြီးဝတ်လိုက်တယ်။ ပြီးတော့ ကြမ်းပြင်ပေါ်မှာ တစ်စစီဖြစ်နေတဲ့မိုဘိုင်းဖုန်းကို ပြန်တပ်ရင်းဖွင့်ကြည့်လိုက်တော့ ကံကောင်းစွာပဲ ပြန်ဖွင့်လို့ရနေပါသေးတယ်။

အခုချိန်ကစပြီး နောက်ထပ်တစ်နာရီလောက်မှာ သူက ကြော်ငြာရိုက်ကွင်းကိုရောက်နေပြီး မိတ်ကပ်အဝတ်အစား ပြင်ဆင်နေရမှာ။ ပိုင်လန်က သူ့အိမ်သူပြန်ရမယ့်အချိန်၊ ရိုက်ကွင်းပြန်သွားရမယ့်အချိန် စတဲ့အချိန်တွေကို တွက်နေတယ်။ ဒါပေမယ့် မတတ်နိုင်ဘူးလေ.. ပြဲရဲပြီး ကြယ်သီးတွေပြုတ်ထွက်နေတဲ့ အင်္ကျီတွေကို ဝတ်သွားလို့မဖြစ်နိုင်တော့ အိမ်ကို တစ်ခေါက်ပြန်ရဦးမှာပေါ့။

နောက်ကျမှာတော့ အသေအချာပါပဲ။ ပိုင်လန်က ခေါင်းအုံးပေါ်မျက်နှာအပ်နေဆဲချိုးချန်ကို တစ်ချက်ကြည့်ရင်း နှုတ်ဆက်ဖို့မလိုလောက်ပါဘူး လို့တွေးလိုက်တယ်။ ပြီးတော့ တစ်ဖက်လှည့်ပြီး ထွက်သွားဖို့ပြင်တုန်းမှာပဲ တစ်စုံတစ်ခုကို မတော်တဆ ကန်မိလိုက်လေတယ်။ သူက အောက်ကိုငုံ့ပြီး ကြည့်လိုက်တဲ့အချိန်မှာ မနေ့ညက ပြုတ်ကျနေတဲ့ စိန်လက်ပတ်နာရီလေးကို တွေ့လိုက်ရတယ်။

ပိုင်လန်က ခဏတော့တွေဝေသွားသေးတယ်။ ဒါပေမယ့် အခုချိန်က သူ့ရဲ့စိတ်ရင်းကိုဖော်ပြပေးရမယ့်အချိန်ဖြစ်တာကြောင့် နာခံနေဖို့လိုတယ်လေ။ သူက ကိုယ်ကိုကုန်းပြီး နာရီကိုကောက်ကာ လက်ကောက်ဝတ်မှာပတ်လိုက်တယ်။

သူ နာရီဝတ်ပြီးတဲ့အချိန်လောက်မှာပဲ ချိုးချန်ရဲ့ခေါင်းက စောင်ပုံတွေကြားထဲကနေ ပေါ်လာတယ်။ သူ့အသံက အိပ်ချင်နေတုန်းပဲ “မင်းသွားတော့မလို့လား?”

ပိုင်လန်က အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်နေရင်း တံခါးနားကနေ ခေါင်းညိမ့်ပြလိုက်တယ် “မနက်ပိုင်း ကျွန်တော် အလုပ်တွေရှိသေးတယ်၊ အိမ်အရင်ပြန်ရမှာမို့လို့ သွားတော့မယ်”

“ဘယ်လောက်များ ကြီးကျယ်တဲ့ကိစ္စမို့လို့လဲ၊ ဖျက်ပစ်လိုက်” ချိုးချန်က မျက်လုံးတွေကိုမှေးကျဉ်းရင်း ခေါင်းထောင်ပြီးပြောလိုက်တယ်။ သူ့ကိုကြည့်ရတာ ဒေါသထွက်ပြီး ရန်လိုနေပုံရပါတယ် “လုပ်ပုံကိုက တစ်ညတာဆက်ဆံရေးကျနေတာပဲ၊ ဒီကိုလာခဲ့” 

ပိုင်လန်က ခဏလောက်ရပ်နေပြီးမှ အိပ်ယာဆီပြန်လျှောက်လာပြီး အနားကို ရောက်ရောက်ချင်းပဲ ချိုးချန်ရဲ့လှမ်းဆွဲခြင်းကို ခံလိုက်ရလေတယ်။ နောက်တော့ နည်းနည်းလေးပဲ လှုပ်ရှားလိုက်ရပါသေးတယ်၊ ပိုင်လန်က နောက်တစ်ကြိမ် ချိုးချန်ကိုယ်လုံးအောက်မှာ ပြန်ဖိထားတာ ခံလိုက်ရတယ်။

ချိုးချန်က အိပ်ချင်မူးတူးအခြေအနေပဲရှိသေးတယ်၊ မျက်လုံးတွေတောင် သေချာမပွင့်သေးဘူး။ ပိုင်လန့်ကို ဖိထားပြီး အနံ့ခံနေတယ် “ရေချိုးထားတာလား၊ မင်းကိုယ်လုံးလေးက အရမ်းမွှေးတာပဲ”

ပိုင်လန်က မျက်လုံးတွေကိုဖွင့်ထားရင်း ဦးတည်ရာမရှိ မျက်နှာကျက်ကို ကြည့်နေတယ်။ ဒါပေမယ့် ချိုးချန်ကိုကြည့်ရတာ ပြန်အိပ်ပျော်သွားတော့မယ့် အခြေအနေကိုမြင်ရတာကြောင့် လေအေးလေးနဲ့ပြောလိုက်တယ် “UNI အဝတ်အစားကြော်ငြာရိုက်ရမှာ၊ အကြောင်းပြချက်မရှိ အလုပ်ပြေးရင် တစ်ရက်ကို နှစ်သိန်း၊ အလုပ်ကို ဖျက်သလိုဖြစ်သွားရင် တစ်သန်း လျော်ပေးရမှာ၊ ပြီးခဲ့တဲ့အပတ်ကမှ ကျွန်တော် လက်မှတ်ထိုးခဲ့တာ” 

ချိုးချန်က ပျင်းရိပျင်းတွဲပြန်ပြောလိုက်တယ် “ဘာတွေ စိုးရိမ်နေတာလဲ၊ ဒါပျက်သွားလည်း ဒိထက်ပို ကြီးတဲ့ကြော်ငြာရှာပေးမယ်၊ ဘာမှအရေးမကြီးဘူး”

ပိုင်လန်က အကူအညီမဲ့သွားပေမယ့် လေးလေးနက်နက်ပြန်ပြောလိုက်တယ် “.......ဒါဆို ရှောင်ယန်ကို ဘယ်လိုရှင်းပြလိုက်ရမလဲ”

“ရှောင်ယန်?”

“ကျွန်တော့်လက်ထောက်လေ..”

ချိုးချန်က ပိုင်လန်ရဲ့ရင်ဘတ်ပေါ်မှာ မှောက်နေရင်း ဖွဖွလေးရယ်တယ်။ သူ့ကိုကြည့်ရတာ အိပ်ချင်ပုံ မရတော့ဘူး။ “မင်းက ဘယ်လိုရှင်းပြချင်လို့လဲ?”

ပိုင်လန်က စက္ကန့်အနည်းငယ်လောက်ငြိမ်သက်နေတယ်။ သူက ချိုးချန်စကားလုံးတွေရဲ့နောက်ကွယ်က အဓိပ္ဗါယ်ကို အဖြေရှာချင်နေတာ။

အခုချိန်မှာ ချိုးချန်ရဲ့သဘောထားက သူတို့နှစ်ယောက်ရဲ့အပေးအယူပတ်သက်မှုကို အကုန်လုံးသိသွားလည်း ဂရုမစိုက်ဘူးလို့ ဆိုလိုချင်တာ။ ဒါပေမယ့် ဘာကြောင့်လဲ.. ချိုးချန်က ဝင်ငွေလေးအနည်းငယ်ကို ဂရုမစိုက်ဘူးဆိုရင်တောင်မှ ကုမ်ပဏီအတွက် ဘာကောင်းတာမှ ရှိမှာမဟုတ်ဘူးလေ။

ဒါမှမဟုတ် သူ့အမူအရာတွေက အရင်နဲ့စာရင် ပြောင်းပြန်လှန်လိုက်သလို ပြောင်းလဲသွားလို့ ချိုးချန်က သံသယရှိပြီး စမ်းသပ်ချင်နေတာများလား…

… သူ လက်ပတ်နာရီဝတ်ထားတာတောင်မှ မလုံလောက်သေးဘူးလား?

အရင်ဘဝတုန်းက ကြားခဲ့ဖူးတဲ့ ချိုးချန်ရဲ့နာမည်ပြောင် ‘အဆိပ်ပြင်းတဲ့မြွေ’ ဆိုတာကို ပြန်စဉ်းစားနေမိရင်း ချိုးချန်ဘာလုပ်ချင်နေလဲ မှန်းဆလို့မရနိုင်ဘူးလို့ ပိုင်လန်ကတွေးနေတယ်။ သူက ချိုးချန်ဆံပင်တွေကို ဖြည်းဖြည်းချင်းသပ်ကာ ချော့မော့နေသလိုမျိုးပဲ ပြောလိုက်ပါတယ် “ကျွန်တော် လူရှာပြီး အစားအသောက်တွေ လာပို့ခိုင်းလိုက်မယ်၊ အဝတ်အစားတွေရော၊ ဒါဆို ကျွန်တော်တို့ လောစရာမလိုတော့ဘူး”

ချိုးချန်က ခဏလောက်မလှုပ်မရှက်ဖြစ်နေပြီးမှ မကျေနပ်တဲ့ပုံစံနဲ့ ပြောပြန်တယ် “မင်း.. သွားချင်နေတုန်းပဲမလား”

“အင်း” ပိုင်လန်က ချိုးချန်ရဲ့ခေါင်းကို ဖွဖွပုတ်လိုက်တယ် “သိန်းငါးဆယ်က သုံးလို့ကုန်သွားပြီ၊ ထပ်ရှာမှ ဖြစ်မှာပေါ့”

ချိုးချန်က တင်စီးတဲ့အကြည့်တစ်ချက်ပေးလိုက်ရင်း ကိုယ်ပေါ်ကလှိမ့်ချလိုက်ကာ သူ့အစား ခေါင်းအုံးကိုပဲ ဖက်ထားလိုက်တယ် “ကိုယ်..လမ်းထိပ်က ပဲနို့ရယ်၊ ကြက်ဥပန်ကိတ်ရယ်၊ ကြက်သွန်မြိတ်ကွင်းတွေပါတဲ့ ပေါင်မုန့်ချောင်းကြော်ရယ် စားချင်တယ်”

ပိုင်လန်က ရယ်ပါတယ်။ သူက အိပ်ယာပေါ်က ထပြီး ဖုန်းခေါ်လိုက်တယ်။ ဒါပေမယ် ရှောင်ယန့်ဆီတော့ မဟုတ်ဘူး၊ ဖုန်းထဲမှာ သိမ်းထားတဲ့ ပရောဖက်ရှင်နယ်ပစ္စည်းပို့သမားရဲ့ ဖုန်းနံပါတ်ကို။ ဒီလိုမျိုး ပစ္စည်းတွေဝယ်ပေးပြီး အိမ်တိုင်ရာရောက်လာပို့ပေးတဲ့ ပစ္စည်းပို့သမားတွေက A မြို့မှာ လွန်ခဲ့တဲ့နှစ်တွေတည်းက ခေတ်စားလာတာ။ အခုလူကလည်း ရှောင်ယန်ရှာပေးထားတာလေ။ 

“ဖြစ်နိုင်ရင်.. ကျွန်တော် ရှောင်ယန်ကို ပြောင်းလို့ရမလား၊ သူက ပါးစပ်မလုံဘူး” ပိုင်လန်က ဖုန်းကိုပိတ်ရင်း ချိုးချန်ကို ပြောလိုက်တယ်။

“အိုကေ၊ သဘော၊ ဘယ်သူ့ကို လိုချင်တာလဲ”

“ဟုန်ဟုန့်..ကို..” ပိုင်လန်က တွေဝေခြင်းမရှိဘဲပြောလိုက်တယ်။

ပြီးခဲ့တဲ့ဘဝတုန်းကတော့ ဟုန်ဟုန်တစ်ယောက် ပိုင်လန့်လက်ထောက်ဖြစ်လာတာ အခုအချိန် မဟုတ်သေးဘူး၊ နောက်ထပ်နှစ်တွေအများကြီးကြာဦးမှာ။ ဒါပေမယ့် ဟုန်ဟုန်က တိုတယ်ကုမ်ပဏီမှာ လက်ထောက်ဖြစ်နေတာ ပိုင်လန့်ထက်တောင်စောသေးတယ်ဆိုတာ သူသိတယ်လေ။

“ဟုန်ဟုန်?” ချိုးချန်ရဲ့လေသံက ပြောင်းသွားတာပေါ့။

ဒါက ထူးဆန်းတယ်လို့ ပိုင်လန်က ခံစားလိုက်ရတာကြောင့် ဖြေရှင်းချက်ကလေး အပြေးအလွှားထည့်လိုက်တယ် “အခြားသူတွေ သူ့အကြောင်းပြောတာ ကြားဖူးလို့ပါ”

“အိုး?” ချိုးချန်က အိပ်ယာပေါ်ကထရင်း အဓိပ္ပါယ်အပြည့်ပါတဲ့ရယ်သံတစ်ခုကိုလုပ်ရင်း ပြောတယ်  “မင်းအကြိုက်က ပေါ့သေးသေးတော့ မဟုတ်ဘူး၊ ကိုယ့်လက်ထောက်ကို လုချင်တယ်ပေါ့..ဟင်”

ပိုင်လန်က ငြိမ်သက်နေတုန်းပဲ။ အခြေအနေတွေက မျှော်မှန်းထားသလောက် အကောင်းဆုံးမဟုတ်ဘူးဆိုတာကို နားလည်ပေမယ့် သူ့နှလုံးသားထဲမှာတော့ မေးခွန်းတွေနဲ့ပြည့်နေတုန်းပါပဲ။

................................