(9) ကျန်းရှင်းချန်
ပိုင်လန်က ခဏလောက်ရပ်သွားပြီးမှ ပြန်ဖြေတယ် “သူက ကျွန်တော့်သူငယ်ချင်းမဟုတ်ဘူး”
ဒါပေမယ့် ချိုးချန်က ပိုင်လန်မှင်တက်မိသွားတာကို ကောင်းကောင်းမြင်လိုက်တာပေါ့ “သူငယ်ချင်းမဟုတ်ဘူးဆိုတဲ့နေရာမှာ အဓိပ္ပါယ်အများကြီးရှိတယ်၊ ချစ်သူ? ရန်သူ? သာမန်ကာလျှံကာ အသိ?”
ပိုင်လန်က ပြန်မဖြေဘူး၊ အဲဒိအစား မေးခွန်းတစ်ခုပဲထုတ်လိုက်တယ် “သူ့ကို ဘာတွေပြောလိုက်သေးလဲ?”
ဒါက ချိုးချန်ရဲ့မေးခွန်းကို ရှောင်လွှဲဖို့ကြိုးစားတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ သူက အခန်းတစ်ဖက်မှာရှိတဲ့ မှန်တင်ခုံဘက်လျှောက်သွားပြီး တစ်စုံတစ်ခုကိုရှာနေတယ်။
ချိုးချန်က သူ့ကိုလိုက်ကြည့်နေတာပေါ့ “ဘာမှမဟုတ်ပါဘူး၊ နာမည်မေးရုံလေးရှိသေးတယ် ဖုန်းချသွားတယ်၊ ဘာလဲ.. မင်းက ကိုယ်တစ်ခုခုပြောလိုက်မှာ စိုးရိမ်လို့လား?”
“ကျွန်တော်ခံခဲ့ရပြီးပြီ.. သူ နောက်ကျောဓါးနဲ့ထိုးတာလေ၊ ခင်ဗျားလည်း သတိထားသင့်တယ်” ပိုင်လန်က လေမှုတ်စက်ရှာတွေ့သွားပြီး မှန်တင်ခုံမှာထိုင်ကာ ခေါင်းကိုခြောက်အောင်မှုတ်နေတယ်။
“ဟူး—” အသံကျယ်ကျယ်က အခန်းထဲမှာထွက်လာတယ်။
“နောက်ကျောဓါးနဲ့ထိုးတယ်?” ချိုးချန်က မျက်မှောင်ကျုံ့လိုက်ပါရော။ ဒီအကြောင်းက အစီရင်ခံစာထဲမှာ မပါတဲ့ သူမသိတဲ့အကြောင်းလေ။ “ဘယ်လိုမျိုးလဲ?”
ချိုးချန်သိသလောက် လွန်ခဲ့တဲ့နှစ်နှစ်က အကွက်ဆင်ခံလိုက်ရတာလွဲလို့ ပိုင်လန်ရဲ့ဘဝမှာ ထူးထူးခြားခြားဖြစ်စဉ်မျိုးမှ မရှိတာ။ (Note… အရင်ကုမ်ပဏီနဲ့စာချုပ်ချုပ်ခဲ့တာကို ဆိုလိုပါသည်) ခန်းကျန့်နဲ့ပတ်သက်တာမျိုးလား.. အစီရင်ခံစာထဲမှာ စတိလေးတောင် မပါဘူး။ ဒီအစီရင်ခံစာက လုံးဝကိုသုံးစားမရတဲ့အရာပဲ။
“သိပ်ကိုဆိုးဝါးတာပေါ့၊ ကျွန်တော်တောင် သေတော့မလို့” ပိုင်လန့်အသံက လေမှုတ်သံကျယ်ကျယ်ကြားထဲမှာ ဝိုးတိုးဝါးတား ထွက်ပေါ်လာတယ်။
ဒီအဖြေက တမင်တကာယောင်ဝါးဝါးလုပ်နေမှန်း သိသာကြီးလေ။ ချိုးချန်က မကျေမချမ်းဖြစ်သွားတာပေါ့။ “ပိုပြီးတိတိကျကျပြောစမ်းပါ”
ဒါပေမယ့် သူပြန်ရရှိတဲ့ တစ်ခုတည်းသောအဖြေက လေမှုတ်စက်ရဲ့တဝူးဝူးအသံနဲ့ ပိုင်လန်ရဲ့ခံစားချက်မဲ့အမူအရာပဲ။
ဒါက ချိုးချန်ကို သူတို့နှစ်ယောက် Tမြို့ကိုသွားတုန်းကအခြေအနေကို ပြန်လည်သတိရလာစေတယ်။ အဲဒိအချိန်တုန်းက သူ့ကားပေါ်မှာထိုင်နေတဲ့ ပိုင်လန့်မျက်နှာက အခု ဒီလိုမျိုးပဲလေ။
ဗလာဟင်းလင်းနဲ့ ခံစားချက်ကင်းမဲ့နေတဲ့ မျက်နှာမျိုးပေါ့။
ချိုးချန်က မျက်မှောင်ကျုံ့လိုက်ရင်း ဖုန်းနံပါတ်ကို ပြန်ကြည့်လိုက်ပြန်တယ် “ဒီခန်းကျန့်ဆိုတဲ့ကောင်က သိပ်ကိုမျက်နှာပြောင်တိုက်တဲ့ကောင်မျိုးပဲ၊ ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်နိုင်နေသေးတယ်?”
“အဲဒါ ပိုပြီးကြောက်စရာကောင်းတာ?” ပိုင်လန်က ဆံပင်တွေကို လေမှုတ်နေတုန်းပဲ။
“ကိုယ့်အကူအညီလိုသေးလား?” ချိုးချန်ကမေးလည်းမေး ဖုန်းကိုလည်း တစ်ဖက်ကိုလွှင့်ပစ်လိုက်ပါရော။
အတော်အတန်ကျယ်တဲ့“ခွပ်”ခနဲ အသံ တစ်ချက်ထွက်လာတယ်။ အခန်းထဲမှာ ဆူညံနေတဲ့အသံက ချက်ချင်းရပ်သွားပြီး ရုတ်တရက်တိတ်ဆိတ်သွားလေတယ်။ ပိုင်လန်က လေမှုတ်လို့ပြီးသွားတာကြောင့် မီးခလုတ်ကိုပိတ်နေတုန်း တစ်ပြိုင်တည်းမှာပဲ ရှင်းရှင်းလင်းလင်းပြန်ပြောလိုက်တယ်။
“ကျွန်တော် ကိုယ့်ဖာသာကိုယ်လုပ်နိုင်တယ်”
“သိပ်ကောင်းတယ်” ချိုးချန်က မျက်မှောင်တွေ မှေးကျဉ်းရင်းပြောတာလေ။ စိတ်ဆိုးမာန်ဆိုးဖြစ်နေတာ အသိသာချည်းပဲ “ဒါပေမယ့် မင်းမြဲမြဲမှတ်ထားရမှာက ကိုယ်ကလွဲပြီး အခြားယောကျ်ားတစ်ယောက်အကြောင်းကို တွေးခွင့်မရှိဘူး၊ လာစမ်းပါဦး ဒီနား!”
သူတို့နှစ်ယောက် အပေးအယူတည့်ပြီးနောက်ပိုင်းမှာ ချိုးချန်က ပိုင်လန့်ကို ဒီလိုမျိုးမကြာခဏအမိန့်ပေးလေ့ရှိတယ်။ ကြည့်ရတာ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပိုင်လန့်ကို သတိပေးချင်သလိုပါပဲ။
ပိုင်လန်က ချိုးချန်ဘက်ကိုလှည့်လာတယ်။ သူ့မျက်နှာပေါ်က ခံစားချက်မဲ့အမူအရာတွေ အခုတော့ပျောက်သွားပြီ။ အဲဒိအစား အခုရက်ပိုင်းအတွင်း မကြာခဏမြင်နေရတဲ့ အကူအညီမဲ့နေတဲ့ မျက်နှာမျိုးဖြစ်သွားတယ်။ သူက အိပ်ယာနားဆီလျှောက်လာပြီး ခေါင်းကိုနှိမ့်ကာ တစ်ဖက်လူကို အနမ်းတိုတိုတစ်ခုပေးလိုက်တယ်။ ဒါပေမယ့် ချိုးချန်က သူ့ခေါင်းကိုချက်ချင်းဖမ်းဆွဲရင်း ပြင်းပြတဲ့ဆန္ဒတွေနဲ့ ပြန်ဖက်နမ်းပြစ်လိုက်တာပေါ့။
“သတိပေးလိုက်ပါရဲ့” ချိုးချန်က ပိုင်လန့်နှုတ်ခမ်းတွေဆီက ခွာလိုက်ရင်း ဖွဖွလေးလျက်ပေးနေတယ် “မင်း ဖုန်းနံပါတ်ကို ဒီနေ့ပဲ သွားပြောင်းလိုက်တော့”
“အင်း” ပိုင်လန်က မျက်လုံးလှန်ပြီး ပြန်ကြည့်ချင်စိတ်ကို ထိန်းနေရတယ် “မနက်စာ ဝက်ပေါင်ခြောက်နဲ့ ကြက်ဥမွှေကြော် လုပ်ထားတယ်၊ စားချင်လား?”
အားအင်စိုက်ထုတ်လုံ့လပြုတာနဲ့ပတ်သက်ပြီးပြောရရင် ပိုင်လန်ကသူ့အချိန်အများစုကို ချိုးချန်ဆီမှာ ကုန်ဆုံးနေရတယ်။ ဒီရက်ပိုင်းတွေမှာ ချိုးချန်က သူ့ဆီကို တစ်ပတ်မှာငါးရက်လာတယ်။ အချိန်တိုင်း ညမအိပ်ပေမယ့် မထွက်သွားခင်တော့ ပိုင်လန့်ကို မထနိုင်လောက်တဲ့အထိ မောပန်းနွမ်းနယ်သွားအောင် သေချာပေါက်ပြုလုပ်သွားတာချည်းပဲ။ ပြီးတော့ အရင်က မရှိခဲ့ဖူးတဲ့ ချိုးချန်ပစ္စည်းတွေလည်း အခုတော့ စုပုံနေပြီ…. တဘက်၊ ညအိပ်ဝတ်စုံ၊ သွားပွတ်တံ၊ ပန်းကန်လုံး၊ တူ၊ ခြေညှပ်ဖိနပ် … အစသဖြင့်ပေါ့။ အဆုံးစွန်ထိပြောရမယ်ဆိုရင် ဆေးလိပ်ပြာခွက်တောင်မှ ရှိနေပြီ။ တကယ့်ကို အိမ်ပြောင်းလာနေသလိုပါပဲ။
ချိုးချန်က မျက်မှောင်ကြီးကို ခပ်တင်းတင်းကျုံ့ထားတယ် “ဘာလို့ ဘိုစာတွေပဲ ချက်နေတာလဲ? တစ်နေ့လောက် ပဲနို့လေးနဲ့ ကြက်ဥပန်ကိတ်လေးနဲ့ လုပ်ပါလား?”
“အဲဒါတွေ တစ်ခါမှ မချက်ဖူးသေးလို့၊ တကယ်လို့ မစားချင်ရင် အစ်ကိုဟုန့်ကို ဝယ်ပြီးလာပို့ခိုင်းလိုက်ပါလား” ပိုင်လန်က သူ့ကျေးဇူးရှင်ကြီးကို အားနာတဲ့စိတ် နည်းနည်းလေးတောင်မရှိဘူး။
ချိုးချန်က "ဖီ"ခနဲအသံလုပ်လိုက်တာပေါ့ “ပြီးရော .. ဝက်ပေါင်ခြောက်ဆိုလည်း ဝက်ပေါင်ခြောက်ပေါ့၊ ကြက်သွန်မြိတ်လေးတော့ ထည့်ဖို့မမေ့နဲ့နော်!”
ဝက်ပေါင်ခြောက်နဲ့ကြက်သွန်မြိတ်! ပိုင်လန်က ထွက်လာမယ့်အရသာကိုမှန်းဆနေတယ်။ စားလို့တော့ ရမှာပါ။
နောက်တစ်ခါ မေပယ်လ်သကြားရည်ပန်ကိတ်လုပ်တဲ့အချိန်ကျရင် ချိုးချန်တစ်ယောက် ကြက်သွန်မြိတ်ထည့်ဦးမှာလား စောင့်ကြည့်လိုက်ဦးမယ်!
……………………….
ဒီနေ့မှာ ပိုင်လန် လုပ်စရာရှိတာတွေက လက်တွဲဖော်များရိုက်ကွင်းကို သွားပြီး ကျန်နေတဲ့ဇာတ်ဝင်ခန်းတွေ ရိုက်ဖို့ပဲ။ အမျိုးသားဇာတ်ဆောင်ဝူရှန်အန်း မအားလပ်တာကြောင့် ရိုက်ကွင်းက တိုးလို့တန်းလန်းရပ်နေတာလေ။ ရူးခါနီးဖြစ်နေတဲ့ ဒါရိုက်တာက သူတတ်နိုင်သလောက် အခြားဇာတ်ဝင်ခန်းတွေ ရိုက်ထားသေးတယ်။ ဒါပေမယ့် အဓိကဇာတ်လိုက်မပါတဲ့အခန်း အများကြီးမရှိဘူး။
လက်တွဲဖော်များ ဇာတ်လမ်းတွဲကို အကျဉ်းချုပ်ပြောရမယ်ဆိုရင် ဘွဲ့ရပြီးကာစ လင်ချွမ်ရှီ(ဝူရှန်အန်းဇာတ်ကောင်)တစ်ယောက် မြို့ကြီးပြကြီးကိုတက်လာပြီး အလုပ်လုပ်၊ စိန်ခေါ်မှုတွေရင်ဆိုင်ရတဲ့အကြောင်းဖြစ်ပါတယ်။ သူက ငွေရေးကြေးရေးအခက်အခဲကြောင့် မတတ်နိုင်ဘဲ အခြားသူတွေနဲ့အတူ စုပေါင်းအိမ်ငှားနေခဲ့ရတယ်။
ဒီတစ်ထပ်သာပါတဲ့အိမ်ကလေးမှာ အခန်းလေးခန်းရှိပြီး ဧည့်ခန်းနဲ့မီးဖိုချောင်တွေကို အတူတကွဝေမျှသုံးစွဲရတယ်။ အိမ်ကလေးမှာ အမျိုးသားဇာတ်လိုက်အပြင် အမျိုးသမီးဇာတ်လိုက် ဝူရှင်းရာနဲ့သူမသူငယ်ချင်း ဇာတ်ပို့ကာရိုက်တာ ချန်မေယွိ၊ ပိုင်လန်ရဲ့ကာရိုက်တာ ကျန်းရှင်းချန်နဲ့သူ့သား ကျန်းလဲ့တို့ နေကြတယ်။ တစ်မိုးအောက်ထဲမှာစုပြီးနေထိုင်ကြတဲ့ လူငါးယောက်အကြောင်းရိုက်ထားတဲ့ ဒီဇာတ်လမ်းတွဲက မြို့ပြမှာနေထိုင်ကြတဲ့လူငယ်တွေရဲ့ အချစ်၊ဘဝနဲ့ မိတ်ဆွေသူငယ်ချင်းကြားထဲက သံယောဇဉ်ကို ဦးတည်ထားလေတယ်။
အရှေ့ပိုင်းတွေကတော့ ပေါ့ပေါ့ပါးပါးနဲ့ရယ်စရာလေးတွေပဲ။ အတူနေ လူငါးယောက်ရဲ့ ကမောက်ကမ လွဲစရာဖြစ်ရပ်လေးတွေပေါ့။ ဒီအထဲမှာ ကောလိပ်ကျောင်းအဆောင်တွေမှာနေကြတဲ့ ကျောင်းသားတွေရဲ့ ဟာသဖြစ်ရပ်မျိုးတွေလည်း ပါတယ်။ ဒါက ကြည့်ရှုသူပရိသတ်တွေအတွက် ငယ်ဘဝကို ပြန်ပြောင်းအောက်မေ့စေတာလေ။
အလယ်ပိုင်းရောက်လာတဲ့အခါ ဇာတ်ကြောင်းကနည်းနည်းတော့ ကွဲလာတယ်။ အထင်လွဲမှုနဲ့စတင်ခဲ့တဲ့ ဇာတ်လိုက်နှစ်ယောက်ကလည်း တဖြည်းဖြည်းသံယောဇဉ်ရှိလာပြီ။ ကျန်းရှင်းချန်ကလည်း ဇာတ်လိုက်မသူငယ်ချင်း ချန်မေယွိကို ကြိုက်နေပြီး သူ့သားကျန်းလဲ့ရဲ့မနာလိုဝန်တိုမှုတွေ ခံနေရတယ်။ သုံးပွင့်ဆိုင်အချစ်ဇာတ်ကြောင်းအရ ချန်မေယွိကလည်း အမျိုးသားဇာတ်လိုက် လင်ချွမ်ရှီကိုကြိုက်နေတယ်။
ဇာတ်လမ်းတွဲရဲ့နောက်ပိုင်းတွေမှာတော့ ဇာတ်ရှိန်တက်လာတဲ့ ခွေးရူးချီးပန်းအထင်လွဲအမြင်လွဲမှုတွေပါပဲ…….. မင်းကငါ့ကိုကြိုက်တယ် ဒါပေမယ့် ငါမင်းကို မကြိုက်ဘူး။ မင်းကငါ့ကို အထင်လွဲနေတယ် ဒါပေမယ့် ငါကလည်း မင်းကိုခွင့်မလွှတ်ဘူး… ဒါမျိုးတွေပေါ့။ ပရိသတ်တွေက ဇာတ်ကောင်တွေရဲ့အကြောင်းကို စိတ်ဝင်တစားရှိလာတဲ့အခါ တရားဝင်ဝက်ပ်ဆိုဒ်တွေမှာ ဆွေးနွေးမှုတွေပြုလုပ်ကြပြီး အယူအဆတွေ၊ ကြိုက်တာ မကြိုက်တာတွေကို ဝင်ရေးကြတယ်။ နောက်ပိုင်းဇာတ်ညွန်းတွေကလည်း ပရိသတ်တွေရဲ့အကြံဉာဏ်တွေအပေါ်မှာ မူတည်နေတာပေါ့။ ဒီလိုနည်းနဲ့ပဲ ဇာတ်လမ်းကို ပြောင်းသင့်တာပြောင်း မွမ်းမံကြတာလေ။ ဒါက (၄)လထက်ပိုကြာအောင်ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲအရှည်တွေအတွက် ပရိသတ်တွေကို ဆွဲဆောင်ကြည့်ရှုလာနိုင်အောင် ပြုလုပ်ပေးတဲ့ ပေါ်ပြူလာအဖြစ်ဆုံးနည်းလမ်းပါပဲ။
အရင်ဘဝတုန်းကတော့ ဒီအချိန်မှာ ပိုင်လန့်အစ်ကိုရဲ့အကြွေးသတင်းဆိုးတွေ စတက်လာတဲ့အချိန်လေ။ ပရိသတ်တွေက ဆိုးဆိုးရွားရွားတုန့်ပြန်ကြပြီး သူ့ရဲ့ကျော်ကြားမှုလည်း မှေးမှိန်သွားခဲ့တယ်။ အကျိုးဆက်ကတော့ လက်တွဲဖော်များရဲ့နောက်ပိုင်းအခန်းတွေမှာ ပိုင်လန့်ကာရိုက်တာ ကျန်းရှင်းချန်ကို သိသိသာသာလျှော့ချပစ်လိုက်တာပါပဲ။
ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ပိုင်လိအကြွေးတွေက ချိုးချန်ချက်လက်မှတ်ကြောင့် အေးအေးဆေးဆေးပြီးဆုံးသွားပြီ။ ဒါဆို ဇာတ်လမ်းတွဲမှာရော ဘယ်လိုတွေများဖြစ်သွားမှာလဲ။ ပိုင်လန်က သိပ်သိချင်နေပါပြီ။
လွန်ခဲ့တဲ့ရက်အနည်းငယ်က ဇာတ်လမ်းအတွက် ဇာတ်ညွှန်းကို ရုပ်ရှင်အဖွဲ့သားတွေဆီက ပိုင်လန်ရရှိခဲ့တယ်။ လိပ်ပြာကလေး တောင်ပံခတ်သံက တော်နေဒိုးတိုက်နိုင်တယ် ဆိုသလိုပဲ.. နဂိုဇာတ်သွားအရ ကျန်းရှင်းချန်က အဓိကဇာတ်လိုက်ကို တိတ်တိတ်လေးမနာလိုနေခဲ့ပြီး ကန့်လန့်တိုက်နေတဲ့ဇာတ်ဝင်ခန်းတွေအများကြီးပဲ။ ဒါပေမယ့် ဇာတ်ညွှန်းအသစ်မှာ ကွဲပြားသွားပြီး မုန်းစရာကောင်းတဲ့ဇာတ်ဝင်ခန်းတွေလည်း လျှော့သွားတယ်။ အဲဒိအစား ကျန်းရှင်းချန်နဲ့သူ့သားကျန်းလဲ့တိုရဲ့ အခန်းတွေပဲ ပိုလာတယ်။ ပိုပြီးချစ်စရာကောင်းတဲ့ဇာတ်ဝင်ခန်းတွေ ဖြစ်လာတာပေါ့လေ။
(လိပ်ပြာတောင်ပံခတ်သံ=butterfly effect= အကြောင်းအရင်းကွာဟမှု သေးသေးလေးမှသည် နောက်ဆက်တွဲအကျိုးဆက်ကြီးမားလာနိုင်သည်)
ဒီနေ့က တိတိကျကျပဲ ကျန်းရှင်းချန်(ပိုင်လန်)က လင်ချွမ်ရှီ(ဇာတ်လိုက်)ကို မနာလိုနေတဲ့အခန်းရိုက်နေတာ။
ရိုက်ကွင်းနေရာက စုပေါင်းအိမ်လေးရဲ့ဧည့်ခန်းကျဉ်းလေးထဲမှာပါ။ သူတို့က ချန်မေယွိမွေးနေ့ပွဲကျင်းပနေခဲ့တာ။ လူလေးယောက်က မွေးနေ့ပွဲအတွက် ပြင်ဆင်ပေးနေခဲ့ကြတယ်။
ဇာတ်ညွန်းအရတော့ ကျန်းရှင်းချန်က မွေးနေ့ပွဲအတွက် အများကြီးအားစိုက်ထုတ်ခဲ့တယ်။ သူက ချန်မေယွိကိုလက်ဆောင်ပေးဖို့ သူမ ကြိုက်မယ်ထင်တဲ့ နားဆွဲတစ်စုံကို အသေအချာရွေးဝယ်ခဲ့တယ်။ ဒါပေမယ့် လင်ချွမ်ရှီပေးတဲ့ စက်ထဲကကောက်လာတဲ့ ဝက်ဝံရုပ်လေးကြောင့် သူ့ရဲ့နားဆွဲတစ်စုံက ချန်မေယွိပစ်စလတ်ခတ်နိုင်ပြီး ဆိုဖာကူရှင်ကြားထဲကျသွားရှာတယ်။ ဒီလိုနဲ့ နားဆွဲတစ်စုံက နားဆွဲတစ်ဖက်တည်းဖြစ်သွားပြီး ကျန်းရှင်းချန်ရဲ့လက်ဆောင်ဟာ အသုံးမဝင်ဖြစ်သွားလေတယ်။
“အားချန်..ဆောရီးပါ..ဆောရီး.. ငါအဲ့လို မရည်ရွယ်ပါဘူး” ချန်မေယွိအဖြစ်သရုပ်ဆောင်တဲ့မင်းသမီးက ယွိချန်ချန်လို့ခေါ်လေတယ်။ သူမက ဝက်ဝံရုပ်ကိုဖက်ထားရင်းနဲ့ပဲ တောင်းပန်လိုက်တယ်။ သူမရဲ့နူးညံ့ချိုသာတဲ့အသံလေးက အမျိုးသားတွေအားလုံးရဲ့နှလုံးသားကို အရည်ပျော်သွားစေတာပေါ့ “ဘယ်လိုလုပ်ရမလဲ၊ ပြန်ကောက်လို့တော့ ရဦးမှာပါနော်?”
ကျန်းရှင်းချန်က ဆိုဖာခုံရဲ့ဘေးမှာဒူးထောက်ရင်း အကွဲကြောင်းကြားထဲကို လက်ထည့်ပြီး ဟိုစမ်းသည်စမ်းလုပ်နေတယ်။ နဖူးမှာလည်း ချွေးတွေအများကြီးပဲ။ ဒါပေမယ့် နောက်ဆုံးမှာ သူက စိတ်ပျက်လက်ပျက်မှုတွေကို ချိုးနှိမ်ရင်းပြောလိုက်တယ် “ကောက်လို့တော့ မရလောက်တော့ဘူး၊ ကြားထဲက အရမ်းကျဉ်းနေတာ၊ ဘာမှနှိုက်ထုတ်လို့မရဘူး”
“ငါတို့ ဆိုဖာကိုဖြဲလိုက်မယ်ဆိုရင်ကော” လင်ချွမ်ရှီက ချန်မေယွိကို နှစ်သိမ့်တယ် “မေယွိကြိုက်တဲ့ ပန်းရောင်ပုလဲနားဆွဲလေးမလား၊ တစ်ဖက်တည်း ဘယ်လိုဝတ်မှာလဲ၊ နိုး..နိုး..!” ဒီစကားတွေပြောပြီး သူက အင်္ကျီလက်ကိုခေါက်တင်လိုက်ကာ ကျန်းရှင်းချန်ကို ဘေးကိုတွန်းလိုက်လေတယ်။ ပုံစံက ဆိုဖာကိုဖြဲမယ့်စတိုင်နဲ့ပေါ့။
“ဟဲ့ ဆိုဖာက အိမ်ပိုင်ရှင်က ပေးထားတာလေ၊ နင် ခွဲလိုက်ရင် သူ့ကိုဘယ်လိုရှင်းပြမှာလဲ ဟင်?” ဝူရှင်းရာ(ဇာတ်လိုက်မ)က ဝင်တားတယ်။
လင်ချွမ်ရှီက သူမစကားကို ဖင်ကြားတောင်မညှပ်ဘူး “ငါတို့မပြောရင် သူဘယ်လိုသိမှာလဲ၊ ပြီးတော့ ဒီလိုဆိုဖာအဟောင်းကြီးက နားဆွဲလေးနဲ့ ယှဉ်လို့ရမလား၊ အိမ်ပိုင်ရှင်မေးလဲ ငါတို့လေးယောက် ထိုင်ရင်းထိုင်ရင်း ကျိုးသွားတယ်လို့ပဲပြောလိုက်မယ်..အိုကေနော်?” ဇာတ်လမ်းတွဲရဲ့ဇာတ်လိုက် လင်ချွမ်ရှီက သစ္စာရှိပြီး တစိုက်မတ်မတ်လုပ်ကိုင်တတ်တဲ့ လူငယ်လေးပဲ။ သူက ဘာမှလည်း မကြောက်ဘူး။ သူက တစ်ခါတစ်ခါ အေးဆေးပြီးအနေမှန်တဲ့ဇာတ်လိုက်မနဲ့ရန်ဖြစ်တတ်တယ်။
ဒီအချိန်မှာ ချန်မေယွိကတော့ သူမနှလုံးသားလေးကို ဇာတ်လိုက်ဆီအပ်နှင်းလိုက်ပြီ။ လင်ချွမ်ရှီက သူမအကြိုက်လိုက်ပေးနေတော့ သူမရဲ့လှပတဲ့မျက်ဝန်းလေးက သူ့ဆီကတောင်မခွာတော့ဘူး။ သူမက စိတ်လှုပ်ရှားစွာပြောလိုက်တယ် “အစ်ကိုရှီ.. ထားလိုက်ပါတော့၊ အစ်ကိုက ရှာပေးမယ်လို့ ပြောတာနဲ့တောင် ရပါပြီ၊ တကယ်ပြောတာ! နားဆွဲတစ်ဖက်တည်းရှိရင်တောင် ကျွန်မအတွက် တန်ဖိုးရှိတဲ့အမှတ်တရလေးပဲလေ!”
ဘယ်သူ့ရဲ့တန်ဖိုးရှိတဲ့အမှတ်တရလေးလဲ? နားဆွဲဝယ်ပေးတဲ့လူလား? ဝင်ကူညီတဲ့လင်ချွမ်ရှီလား?
လုံးဝလျစ်လျှူရှုထားခံရတဲ့ ကျန်းရှင်းချန်ကတော့ သူ့ရှေ့က အဖြစ်အပျက်တွေကို ရင်နာနာနဲ့ပဲ ကြည့်နေရတယ်။ သူက အကြည့်တွေကို လွှဲလိုက်တဲ့အချိန်မှာပဲ (၅)နှစ်သားအရွယ်သူ့သားကျန်းလဲ့ကို တွေ့လေတယ်။ ကလေးလေးရဲ့မျက်ဝန်းနက်နက်လေးတွေက သူ့ကိုကြည့်နေခဲ့တာလေ။
နှစ်ယောက်သား မျက်လုံးချင်စုံသွားတဲ့အခါ ကျန်းရှင်းချန်က အယောင်ယောင်အမှားမှားနဲ့ အပြုံးတစ်ခုပေးလိုက်ရတယ်။ သူက လက်ကိုမြှောက်ပြီး သူ့သားပါးစပ်မှာပေနေတဲ့ ခရင်တွေကို သုတ်ပေးတယ် “စားလို့ကောင်းလား? ဒီကိတ်က ဖေဖေရွေးထားတာလေ သားရဲ့”
ကျန်းလဲ့က ခေါင်းညိမ့်ပြလိုက်တယ် “စားလို့ကောင်းတယ်” ပြီးနောက်မှာ သူက ဝတုတ်တုတ်လက်ချောင်းလေးတွေနဲ့ ကျန်းရှင်းချန်ထည့်ပေးထားတဲ့ အနီရောင်ချယ်ရီသီးလေးကို ပန်းကန်ပြားထဲကယူပြီး သူ့အဖေကို ကမ်းပေးလိုက်တယ် “ဖေဖေ.. စားလေ”
ကျန်းရှင်းချန်က အံ့သြသွားပြီးမှ ကျန်းလဲ့ရဲ့ခေါင်းလေးကိုပုတ်လိုက်တယ် “ဒါက ငါတို့လဲ့လဲ့အတွက် အထူးစပါယ်ရှယ်ချန်ထားပေးတာလေ၊ မကြိုက်ဘူးလား?”
“ကြိုက်တယ် ဒါပေမယ့် ဖေဖေ့ကို စားစေချင်လို့~” ကျန်းလဲ့က ခေါင်းမာစွာချယ်ရီသီးကို ကမ်းပေးနေဆဲပါပဲ။
ကျန်းရှင်းချန်ရဲ့မျက်နှာအမူအရာက နည်းနည်းတော့ပြောင်းသွားတယ်။ အပြင်ပန်းကရယ်ပြုံးနေပေမယ့် ရင်ထဲက လှိုက်တက်လာတဲ့ ခံစားချက်တွေကိုလည်း ထိန်းချုပ်နေရတယ်။
ပြီးနောက်မှာ သူက ကုန်းလိုက်ပြီး ကျန်းလဲ့လက်ထဲက ချယ်ရီသီးလေးကို ကိုက်စားလိုက်လေတယ်။ ဒီသရုပ်ဆောင်ချက်က ဇာတ်ညွှန်းထဲကအတိုင်း “ကျန်းရှင်းချန်သည် ချယ်ရီသီးကိုလှမ်းယူလိုက်ပြီး စားလိုက်သည် ” နဲ့ နည်းနည်းတော့ကွဲတယ်။ ဒါပေမယ့် ကလေးသရုပ်ဆောင်သုန်သုန်ကလည်း မျက်တောင်လေးတစ်ချက်ပဲခတ်လိုက်ပြီး ဟန်မပျက်ဆက်သရုပ်ဆောင်နေတာပဲ။ သူက ကိတ်မုန့်တစ်ဇွန်းကိုခတ်ပြီး ဆက်စားနေလေတယ်။
အဲဒိနောက်မှာတော့ ဇာတ်ညွှန်းထဲက 'ကျေးဇူး' ဆိုတဲ့စကားအပြင် ကျန်းရှင်းချန်က သူ့သားကို ပေါင်ပေါ်ချီတင်လိုက်ပြီး သူ့သားရဲ့ခေါင်းလုံးလုံးလေးကို ပါးအပ်ထားလိုက်လေတယ်။ တစ်ဇွန်းပြီးတစ်ဇွန်း ပါးစပ်အပြည့်ခတ်စားနေတဲ့ သူ့သားကို အဖော်လုပ်နေလိုက်တော့တယ်။ ပတ်ပတ်လည်မှာရိုက်နေတဲ့ ကင်မရာမန်းသုံးယောက်ကလည်း ဒီအဖေနဲ့ဒီသားအတွဲကို အဓိကထားပြီး လှည့်ပတ်ရိုက်နေကြလေတယ်။
“ကဒ်—–!” ဒါရိုက်တာက အော်လိုက်တယ်။
ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး ရုတ်တရက် စိတ်ကူးယဉ်အိမ်မက်ထဲက နိုးထလာပြီး အခုမှ စတင်လှုပ်ရှားကြလေတယ်။
“ပိုင်လန် မင်းသရုပ်ဆောင်တာ တော်တော်တိုးတက်လာတယ်” ကင်မရာတွေပိတ်သွားတဲ့အခါ ဒါရိုက်တာက သူ့ကို ချီးကျူးလိုက်တာပေါ့။ “ရက်နည်းနည်းလောက်နားလိုက်တာ နောက်လူတစ်ယောက်ပြောင်းသွားသလိုပဲဟေ့၊ မင်း.. ဘာစိတ်ကူးတွေရသွားတာလဲ”
ပိုင်လန်က ပြုံးပါတယ်။ တစ်ချိန်တည်းမှာပဲ သူက သုန်သုန်ရဲ့ပန်းကန်ပြားကို ကူကိုင်ပေးပြီး ပေါင်ပေါ်ကနေ ဆင်းစေတယ်။ သုန်သုန်ရဲ့မျက်လုံးတွေက တစ်ဝက်ကျန်နေသေးတဲ့ ပန်းကန်ပြားထဲက ကိတ်မုန့်တွေကိုကြည့်နေတာ မြင်တဲ့အခါ ပိုင်လန်က ဒါရိုက်တာကိုမေးလိုက်တယ် “ဒီဆင်းန် အဆင်ပြေသွားပြီလားခင်ဗျ?”
“အဆင်ပြေတာပေါ့၊ အကုန်ပြီးသွားပြီ” ဒါရိုက်တာကြီးက ကျေနပ်မှုတစ်သိန်းနဲ့ဖြေလိုက်လေတယ်။
ပိုင်လန်က သုန်သုန့်ကို ပန်းကန်ပြားလေး ပေးလိုက်ပြီး “ရော့ အကုန်စားလို့ရတယ်၊ ပြီးသွားပြီ”
“…. ကျေးဇူးပါ အစ်ကိုကြီး” သုန်သုန်က မျက်လုံးလေးပြူးကာ ပိုင်လန့်ကို အံ့သြသလိုကြည့်တယ်။
အတွေ့အကြုံမရှိသေးတဲ့ ယခင်ဘဝပိုင်လန်ကတော့ ရိုက်ကွင်းမှာအမြဲ အဆင်မပြေဖြစ်ရလို့ ထပ်ကာထပ်ကာပြန်ရိုက်ရတယ်။ သူက အမြဲအားငယ်နေတတ်ပြီး စကားလည်းများများစားစားမပြောဘူး။ ဒါကြောင့် သားအဖနှစ်ယောက်က အတူတကွဆင်းန်တွေ အများကြီးရိုက်ခဲ့ပေမယ့် ရိုက်ကွင်းပြင်ပမှာတော့ စကားလက်ဆုံကျတာရှားတယ်။ ဒါပေမယ့် သုန်သုန်က ကလေးပဲ ရှိသေးတာလေ။ အခုပိုင်လန်က ထူးဆန်းတယ်လို့ခံစားလိုက်ပေမယ့် ကလေးပီပီ စိတ်ထဲဘာမှ မထားဘူး။ သူက ပန်းကန်ပြားကိုယူလိုက်ပြီး သူ့အမေကိုဆီသွားကာ ကိတ်မုန့်ထိုင်စားနေလေတယ်။
ဒါရိုက်တာကြီး ကျုံးချွင်ချိုင်က ပိုင်လန့်ဆီလျှောက်လာပြီး ကျေနပ်ဟန်နဲ့ ပုခုံးကိုပုတ်လိုက်တယ်။ “အခုတလော တိုးတက်လာပါလားကွ ဟေ၊ အရင်က ငါမင်းကိုဆူဆဲနေတာတွေ အခုမှ သတိပြုမိသွားတယ်ထင်တယ်၊ ဒီပုံအတိုင်းဆို ဇာတ်ညွှန်းဆရာက မင်းကို အခန်းများများ ပိုရေးချင်လာရင် ငါလည်း ကန့်ကွက်စရာမရှိဘူး!” အကယ်၍ သရုပ်ဆောင်တစ်ယောက်က ဇာတ်ကားရိုက်ကူးနေစဉ်အတွင်း တိုးတက်လာမယ်ဆိုရင် ပြန်လည်ကြည့်ရှုစောင့်ရှောက်ပေးရမှာက ဒါရိုက်တာရဲ့တာဝန်မဟုတ်လား။
ပိုင်လန်က ချော်လဲရောထိုင်ပေးလိုက်ပြီး ပြုံးပြုံးလေးပဲပြောပါတယ် “ကျေးဇူးပါ ဒါရိုက်တာကြီး…..” ဒါပေမယ့်စကားလေးတောင် ပြီးဆုံးအောင်မပြောရသေးဘူး၊ ဘေးနားမှာမတ်တပ်ရပ်နေတဲ့ ဝူရှန်အန်း(ဇာတ်လိုက်ထီး)က ပြောစကားတွေကိုကြားပြီး စသလိုလိုနဲ့ ပြောလိုက်တယ် “အိုးယိုး ဒါရိုက်တာကြီး ကျွန်တော့်ကိုလည်း ပစ်မထားပါနဲ့ဦး၊ ကျွန်တော်လည်း အခြားဟာတွေအားလုံးကို ချောင်ထိုးထားခဲ့ပြီး ဒီဟာလေးပဲ လာဖြတ်ပေးနေရတာပါ” သူက ဒီစကားတွေပြောလိုက်ပြီး ပိုင်လန့်အခန်းတွေ ပိုများလာတာဟာ အဓိကဇာတ်လိုက်ဝူရှန်အန်းရိုက်ချိန်မရှိတာကြောင့်လို့ အထင်ရောက်သွားစေတာ။
ကျုံးချွင်ချိုင်က လမ်းဟောင်းလိုက်တဲ့ ခုနစ်ဆွေးရှစ်ဆွေးကြီးပါ။ သူက အဓိကမင်းသားဝူရှန်အန်းအကြိုက် လိုက်ပြီး ပြောတယ် “ငါလည်း ဒီမှာ သေချင်စော်နံနေတာပါပဲကွာ၊ မင်းရဲ့ကုမ်ပဏီ ဘာတွေများအဲ့လောက်တောင် စီစဉ်နေရတာတုန်း၊ ငါတို့အကုန်လုံးကိုများ အလုပ်ပိပြီး သေစေချင်နေလား မသိဘူး”
“ဟဲဟဲဟဲ.. ကျွန်တော်လည်း အသေအလဲလုပ်နေရတာ ဖတ်ဖတ်ကိုမောနေတာပါပဲ” ဝူရှန်အန်းက ဒါရိုက်တာရဲ့စကားကြောင့် ကျေနပ်သွားပုံရတယ်။ ဘာပဲဖြစ်ဖြစ် နာမည်ကြီးတွေအားလုံးကတော့ အလုပ်ရှုပ်ကြတာပါပဲ။ “နေ့တိုင်းနေ့တိုင်း ကျွန်တော်က နာရီ(၂၀)လောက် ဇာတ်ကားရိုက်ရတာ၊ မျက်နှာပေါ်မှာ မှဲ့ခြောက်တွေတောင် ထွက်ချင်လာပြီ၊ ဒါပေမယ့် ဒီဘက်မှာလည်း အရေးကြီးနေလို့ အမြန်လုပ်ပေးရတာပေါ့၊ ကျွန်တော့ကို သနားပါဦး ဒါရိုက်တာကြီးရယ်၊ ကျွန်တော့်အခန်းလေးတွေကို ပိုပိုသာသာလေးရိုက်ပေးပါဗျာ”
သူတို့ပြောနေတဲ့အချိန်မှာပဲ အမျိုးသမီးဇာတ်လိုက်ဖြစ်တဲ့ဝူရှင်းရာကာရိုက်တာ ဖန်ရှန်းက အနားကိုရောက်လာပြီး တောက်ပတဲ့အပြုံးလေးနဲ့ဝင်ပြောလိုက်တယ် “ပိုင်လန်လည်း အများကြီးတိုးတက်လာတယ်နော်၊ အချိန်ကုန်တာအများကြီးသက်သာသွားတယ်၊ ကြည့်ရတာ ဖန်တွေရဲ့ ကွန်မန့်တွေဖတ်ပြီး အင်အားတွေရတာတယ်ထင်တယ်?”
ဖန်ရှန်းက အတော်အသင့်နာမည်ကြီးတယ်လို့ယူဆလို့ရတဲ့ စတားသေးသေးလေးတစ်ယောက်ဖြစ်တယ်။ သူမမှာ ချစ်စရာကောင်းတဲ့ ရုပ်ရည်သွင်ပြင်လေးရှိပေမယ့် ထူးထူးခြားခြားကြီးလှပနေတာမျိုးလည်း မဟုတ်ပြန်ဘူး။ ‘ဘဝလက်တွဲဖော်များ’က ကိုးလို့ကန့်လန့်နိုင်လှတဲ့ ညနေ(၆)နာရီနဲ့ (၇)နာရီကြား ထုတ်လွှင့်တဲ့ စရိတ်နည်းထုတ်လုပ်ရေးတစ်ခုလေ။ ဒါကြောင့်ပဲ သူမကို ဇာတ်လိုက်မင်းသမီးအဖြစ်ငှားထားတာ။ ဒါပေမယ့် မမျှော်လင့်ချင်တော့ ဇာတ်ကားက ကြည့်ရှုနှုန်းမြင့်တယ်။ ကာရိုက်တာလေးယောက်ထဲမှာတော့ သူမက သရုပ်ဆောင်လောကမှာ အချိန်ပိုကြာတာကြောင့် သူမကိုသူမ စီနီယာတစ်ယောက်လို ပြောဆိုလေ့ရှိတယ်။
“အရင်တုန်းက အကုန်လုံးရဲ့အချိန်တွေကိုဖြုန်းမိတာ တောင်းပန်ပါတယ်” ပိုင်လန်က သူမစကားအတိုင်း အလိုက်သင့်ပြန်ပြောလိုက်တယ် “နောက်ပိုင်းပိုပြီး ကြိုးစားပါ့မယ်”
ဖန်ရှန်းက ဖော်ရွေတဲ့အပြုံးလေးပေးပြီး ချစ်စရာကောင်းအောင် ခေါင်းညိမ့်ပြလိုက်တယ်။ သူမက အသက်ပိုကြီးပြီး ချစ်စရာကောင်းပေမယ့် အရပ်လေးကတော့ ပိုင်လန်ရဲ့ပုခုံးမှီရုံလေးသာရှိတယ်။ “ဒါဆို ပိုပြီးစိတ်ချလိုက်ပြီနော်၊ ဒါနဲ့ အွန်လိုင်းမှာပြောဆိုနေကြတဲ့ဟာတွေ သိပြီးကြပြီလား၊ သူတို့က ငါတို့နှစ်ယောက်ကို အတွဲဖြစ်စေချင်တာတဲ့လေ၊ နောက်ပိုင်းတွေမှာ ငါတို့နှစ်ယောက်ဆင်းန်တွေ ပိုများလာလောက်တယ်”
“သူတု့ိက အဲ့လိုထင်တယ်ပေါ့?” ဝူရှန်အန်းက လန့်လည်းလန့်သွားပြီး မသက်မသာဖြစ်သွားတယ် “မင်း ဘယ်နားက တွေ့လာတာလဲ၊ ကျွန်တော်ဖြင့် မမြင်မိပေါင်”
ဇာတ်လမ်းရဲ့နောက်ပိုင်းတွေက ကြည့်ရှုသူတွေအကြိုက်ကိုလိုက်ပြီး ပြောင်းလဲမယ်ဆိုတာ အကုန်လုံးသိပြီးသားကိစ္စတစ်ခုပဲ။ ဒါကြောင့် အွန်လိုင်းပေါ်က အခြေအနေတွေကို အားလုံးက မျက်ခြေမပြတ်စောင့်ကြည့်နေကြတာ။
“တရားဝင်ဆိုဒ်ပေါ်မှာတော့ ဘယ်ပါပါ့မလဲ၊ ဒါပေမယ့် ရှင်တို့ ဖန်ဖစ်ရှင်(fanfiction)တွေ မကြည့်ဖူးဘူးနဲ့တူတယ်” ဖန်ရှန်းက တက်တက်ကြွကြွရှင်းပြလေတယ် “ဖန်ဖစ်ရှင်တွေထဲမှာဆိုရင် ကျွန်မနဲ့ကျန်းရှင်းချန်က အတွဲတွေပဲ သိရဲ့လား”
“ဖန်ဖစ်ရှင်?” ပိုင်လန်တောင်မှ အံ့သြသွားရတယ်။ သူလည်း ဝူရှန်အန်းလို တရားဝင်ဝေဖန်ချက်တွေကိုပဲ ကြည့်တာလေ။
“ဟုတ်တယ်.. အခုကျွန်မတောင် ဇာတ်လမ်းတစ်ပုဒ် ဖောလိုးလုပ်ထားသေးတယ်။ အဲ့ဇာတ်လမ်းက နေ့တိုင်း အပိုင်းတိုလေးတစ်ခု အပ်ဒိတ်ထွက်တယ်။ အမလေး.. အရမ်းကို အသည်းယားဖို့ကောင်းတာပဲ။ ကျွန်မဆို ဇာတ်ညွှန်းဆရာကို အဲဒိစာရေးသူဆီသွားတွေ့စေချင်တာ” ဖန်ရှန်းက ပိုပိုသာသာလေး မြှောက်ပြောလိုက်တယ်။
တကယ်တော့ ဖန်ရှန်းက ဒီအကြောင်းတွေကို ရည်ရွယ်ချက်ရှိရှိထုတ်ပြောတာ။ အကြောင်းရင်းက ချန်မေယွိကာရိုက်တာကို ဖိနှိပ်ထားချင်လို့ပဲ။ ဇာတ်ကောင်လေးယောက်ကြားထဲက သံယောဇဉ်ကိုကြည့်မယ်ဆိုရင် ချန်မေယွိပဲ မင်းသားနှစ်လက်နဲ့သုံးပွင့်ဆိုင်ဖြစ်နေတာလေ။ ဒါက အွန်လိုင်းအသုံးပြုသူတွေကြားထဲမှာ အရမ်းကိုလူပြောသူပြောများနေတာပေါ့။
ဒါပေါ့..ချန်မေယွိနဲ့ယှဉ်လိုက်ရင် အမျိုးသမီးဇာတ်လိုက်ဝူရှင်းရာက တစ်ဖြောင့်တည်းသွားတဲ့လမ်းမှာ မောင်းနေရသလို မင်းသားနဲ့ပဲဇာတ်လမ်းရှိတာလေ။ ဇာတ်လမ်းထဲမှာတော့ သူမနဲ့ချန်မေယွိ ရန်ဖြစ်ကြတဲ့အခန်းအချို့ပါပေမယ့် ဖန်တွေရဲ့စိတ်ဝင်စားမှုကိုတော့ အများကြီးမရဘူး။
ဒါကြောင့်ပဲ ဖန်ရှန်းကလည်း ရတတ်မအေးဖြစ်နေရတာ။ အမျိုးသမီးဇာတ်လိုက်ဖြစ်တဲ့သူမက ဘယ်လိုလုပ် ဇာတ်ပို့ကျော်တက်တာခံနိုင်မလဲ … ဟုတ်တယ်မဟုတ်လား။ အကယ်၍ဇာတ်လမ်းထဲ သူမနဲ့ကျန်းရှင်းချန်ဇာတ်လမ်း ပါလာမယ်ဆိုရင် အားလုံးရဲ့အတန်းရှင်းက သူမဆီ အော်တိုမတ်တစ် ရောက်လာလိမ့်မှာပေါ့။
ဒါပေမယ့် ဒီအချိန်မှာ ဒါရိုက်တာကြီးကျုံးချွင်ချိုင်က ရုတ်တရက် ထူးထူးဆန်းဆန်းထရယ်တယ် “ ဟား..ဟား.. ငါတို့ စာရေးဆရာကို သွားမရှာဘူးလို့ မင်းထင်လို့လား?”
ဖန်ရှန်းရဲ့မျက်ဝန်းလေးတွေက တောက်ပသွားပြီး ဝူရှန်အန်းမျက်နှာကာလာကတော့ အရောင်ပြောင်းသွားတယ်။ ပိုင်လန့်ကို ကြည့်နေတဲ့သူ့မျက်လုံးတွေကလည်း မလိုမုန်းထားမှုတွေနဲ့ ပြည့်သွားလေတယ်။
ဒီလိုအရေးကောင်းနေတဲ့အချိန်မှာပဲ အသံတစ်ခုက သူတို့အုပ်စုကို ဝင်နှောင့်ယှက်လိုက်လေတယ် “စီနီယာ… အစ်ကိုမာက ကျွန်တော့်ကို စီနီယာအတွက် အဆာပြေစားဖို့ယူလာခိုင်းလိုက်တယ်”
ပိုင်လန်ရဲ့နောက်ကျောတစ်ခုလုံးက တောင့်သွားပြီးမှ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရတယ်။
ဒါက အမှန်တကယ်ကြီး ခန်းကျန့်လေ။
………………