(10) ပဲစိမ်းစွပ်ပြုတ်
ခန်းကျန့်ရဲ့ပုံပန်းသွင်ပြင်က ချောမောခန့်ညားနေတာကြီးတော့ မဟုတ်ဘူး။
သူက အရပ်မြင့်မြင့်ဘော်ဒီတောင့်တောင့် လူငယ်လေးတစ်ယောက်သာ ဖြစ်ပါတယ်။ သူ့မှာ ဖြောင့်တန်းတဲ့နှာခေါင်းနဲ့ မျက်ရစ်နှစ်ထပ်ရှိတဲ့ မျက်လုံးသေးသေးလေးတွေလည်း ရှိတယ်။ ပါးရိုးထင်းထင်းနဲ့ စတုရန်းပုံမေးရိုးတွေလည်းရှိတယ်။ ခပ်ငယ်ငယ်အရွယ်တုန်းကတော့ ချောမော့ခန့်ညားကြတဲ့ သရုပ်ဆောင်တွေကြားထဲမှာ ထင်ထင်ပေါ်ပေါ်မရှိပေမယ့် အသက်ကလေးရလာတဲ့အခါမှာ ပိုပြီးရင့်ကျက်တဲ့ပုံစံဘက်ကို ဦးတည်လာတယ်။ ဇာတ်ကောင်အတွက် ဟန်အမူအရာတွေကို သရုပ်ခွဲစီစစ်ကြတဲ့အခါ ခန်းကျန့်ရဲ့ကိုယ်ပိုင်စတိုင်က အပြင်ပန်းကြည့်ရင် သာမန်ပျော်ရွှင်တတ်တယ်ထင်ရပေမယ့် အတွင်းစိတ်ထဲမှာ နက်ရှိုင်းတဲ့ခံစားချက်တွေကို သိုဝှက်ထားတတ်တဲ့ ပုံစံမျိုးဖြစ်တယ်။ ဒီလိုပုံစံနဲ့ပဲ ခန်းကျန့်က အသက်ကြီးတဲ့အမျိုးသမီးတွေကြားထဲမှာ ရေပန်းစားခဲ့တာပေါ့။
အရင်ဘဝ ဒီအချိန်တုန်းကတော့ ပိုင်လန်နဲ့ခန်းကျန့်က သာမန်သူငယ်ချင်းအဆင့်ပဲရှိသေးတယ်။ ဒီအဆင့်ရောက်အောင်ကိုပဲ ခန်းကျန့်က အရင်စတင်မိတ်ဆက်ခဲ့တာ။ သူက စကားပြောဖို့ခေါ်ရင်ခေါ် ၊ မခေါ်ရင် ပိုင်လန့်အိမ်တံခါးဝမှာ ညလယ်စာလေးကိုင်ပြီး ရောက်ချလာတာချည်းပဲ။
ဒီလိုနဲ့ ပိုင်လန့်မကောင်းသတင်းတွေ ထွက်ပြီးနောက်မှာတော့ ခန်းကျန့်ဆီက အဆက်အသွယ်တွေ အတော်ကြီးလျော့နည်းသွားခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့လည်း သူ့ရုပ်ရှင်နဲ့ UNI ကြော်ငြာထွက်လာတာကြောင့် ခန်းကျန့်ဆိုတဲ့စတားပေါက်စလေးက တဖြည်းဖြည်းနဲ့ လူသိများလာခဲ့တယ်လေ။ သူတို့နှစ်ယောက် အဆက်အသွယ်နည်းသွားခဲ့တာက ခန်းကျန့်အလုပ်များနေတာကြောင့်လို့ ပိုင်လန်က ရိုးရိုးလေးပဲ တွေးခဲ့တာ။
ဒီဖြစ်ရပ်က နောက်နှစ်အနည်းငယ်အကြာ ပိုင်လန်ရဲ့ ‘ညစာဘယ်သူဒကာခံမှာလဲ’ အစီအစဉ် နာမည်ကြီးလာတဲ့အထိပါပဲ။ ပိုင်လန်ရဲ့ တဖန်ပြန်လည်နာမည်ကြီးလာမှုနဲ့အတူ ခန်းကျန့်ဆီက ဆက်သွယ်တာကိုလည်း အဆက်မပြတ်ပြန်လည်ရရှိလာတယ်။ အဲဒိအချိန် ခန်းကျန့်က A-list စတားတစ်ယောက် မဟုတ်ပေမယ့် အသေးစားထုတ်လုပ်ရေးတွေ ရိုက်ကူးတဲ့ ဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသား ဒါမှမဟုတ် ဒုတိယမင်းသား အဖြစ် ရိုက်ကူးနေရတာကြောင့် ပိုင်လန်ရဲ့ကျော်ကြားမှုနဲ့ယှဉ်ရင် လယ်ဗယ်တူတူပဲလို့ ပြောလို့ရတယ်။
ဒါကြောင့် ပိုင်လန်နဲ့သူက အသိမိတ်ဆွေတွေပါဆိုတာကို ခန်းကျန့်က ဘယ်တော့မှ ဖုံးကွယ်မထားခဲ့ဘူး။ နှစ်ယောက်သားက ပုံစံတွေ မတူတာကြောင့် အနုပညာနယ်ပယ်ထဲ ယှဉ်ပြိုင်နေစရာအကြောင်းလည်း မရှိဘူးလေ။ သူတို့က တစ်ခါတစ်ရံ စူပါမားကတ်တွေမှာ အတူတကွဈေးဝယ်ရင်း လူလုံးထွက်ပြကြပြီး ရင်းနှီးလွန်းလှတဲ့ မိတ်ဆွေသူငယ်ချင်းသံယောဇဉ်ကို ထုတ်ဖော်ကာ ပရိသတ်တွေကြား နှစ်သက်မှုတွေ ရရှိစေခဲ့တယ်။
ဒါက သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းအစလည်း ဖြစ်ခဲ့ပါတယ်။
ဒီအချစ်ဇာတ်လမ်းကိုလည်း ခန်းကျန့်ဘက်ကပဲ စတင်ခဲ့တာပါ။
နှစ်ဖက်ချွန်တစ်ယောက်ဖြစ်တဲ့ ခန်းကျန့်က မိန်းမဖြစ်ဖြစ် ယောကျ်ားဖြစ်ဖြစ် ဘာလာလာဒေါင်းတယ်။ ပိုင်လန့်ကို ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းအရဆိုရင် သူက မိန်းမတွေထက် ယောကျ်ားတွေကို ပိုနှစ်သက်တယ်တဲ့။ သူက သင့်တော်ပြီးကောင်းမွန်တဲ့ လက်တွဲဖော်တစ်ယောက်ကို ရှာဖွေနေခဲ့တာလေ။
ပိုင်လန်က သန့်ရှင်းပြီးလှပတယ်၊ ပင်ကိုစရိုက်ကလည်း အေးဆေးပြီး ပစိပစပ်များတဲ့လူမျိုးလည်း မဟုတ်ဘူး။ ပြီးတော့ တပါးသူကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာလည်း ကောင်းကောင်းသိတယ်။ သူတို့နှစ်ယောက် စသိတဲ့အချိန်တုန်းက ခန်းကျန့်က ပိုင်လန့်အပေါ်မှာ သဘောကျနေခဲ့ပေမယ့် အလုပ်ကိုပဲ ဦးစားပေးရမှာရယ်၊ ပိုင်လန့်ပြဿနာတွေရယ်ကြောင့် နောက်ထပ်မလိုက်တော့ဖို့ ဆုံးဖြတ်ခဲ့တာ။
ဒါပေမယ့် ပိုင်လန် ဒုတိယအကြိမ်နာမည်ကြီးလာတဲ့အခါ ခန်းကျန့်ရဲ့နှလုံးသားလေးလည်း နောက်တစ်ကြိမ် ပြန်ခုန်လာတယ်။ သူက ပိုင်လန်ရဲ့စရိုက်ကိုလည်း ရင်းနှီးပြီးသားဖြစ်နေပြီလေ။ ပိုင်လန်က သိုသိုသိပ်သိပ်နေတတ်ပြီး ပူညံပူညံနဲ့ သဝန်တိုတတ်တဲ့လူမျိုးမဟုတ်တာကို သူက သိပ်သဘောကျတာ။ အကြိမ်ရေအချို့ သွေးတိုးစမ်းပြီးနောက်မှာလည်း ပိုင်လန်က ဟိုမိုအလက်ဂျီရှိသူမဟုတ်မှန်း သိလာတယ်။ ဒါကြောင့် အရက်မူးနေခဲ့တဲ့ ပိုင်လန့်ကို အခွင့်ကောင်းယူပြီး ကိစ္စတွေကို ပြီးမြောက်စေခဲ့တာပေါ့။
နောက်ပိုင်းမှာ ရှော့ခ်ရနေတဲ့ပိုင်လန်ကိုလည်း အချိန်အချို့ကြာအောင် ချွေးသိမ့်ခဲ့ရပါသေးတယ်။
သူက အကြာကြီးဖုံးကွယ်ခဲ့ရတဲ့ တစ်ဖက်လူအပေါ်သူ့ခံစားချက်တွေကို အရှည်ကြီးရှင်းပြနေခဲ့တယ်။ နောက်ထပ်လျှို့ဝှက်နိုင်စွမ်း မရှိတော့လို့ ပေါက်ကွဲထွက်လာပြီး စိတ်မထိန်းနိုင်ဖြစ်ကာ လွန်ကျူးမိတာလို့ ဝန်ခံခဲ့တယ်လေ။
ရုပ်ရှင်တွေထဲမှာဆိုရင်တော့ ဒီလိုအရူးအမူးချစ်နေတဲ့ ဇာတ်လိုက်ကာရိုက်တာမျိုးကို မကြာခဏတွေ့ရလေ့ရှိတယ်။ ခန်းကျန့်ရဲ့ သရုပ်ဆောင်ချက်တွေကလည်း ခံစားချက်တွေ အပြည့်နဲ့ပါပဲ။ သူ သုံးလိုက်တဲ့နည်းလမ်းကလည်း မှန်ကန်သွားတယ်လို့ ပြောလို့ရတယ်။ ဒီလို ‘သူငယ်ချင်းချစ်သူ’ နည်းလမ်းက ဖြူစင်သူပိုင်လန်အပေါ် တော်တော်ထိရောက်သွားတယ်။ သူက ခွင့်လွှတ်ခဲ့ပြီး လက်ခံခဲ့တာပေါ့။ ပိုင်လန်အတွက်တော့ မိသားစုရဲ့အကြွေးတွေကို ပြန်ဆပ်ရင်း စိတ်ဖိစီးမှုတွေများနေတာကြောင့်လည်း သူတို့နှစ်ယောက်ရဲ့အချစ်က သူ့အတွက် ဖြေသိမ့်စရာ၊ပျော်ရွှင်စရာ ဖြစ်ခဲ့တာလေ။
ဒါပေမယ့် မထင်မှတ်ခဲ့တာက ခန်းကျန့်ရဲ့ကတိစကားတွေက သုံးနှစ်သာကြာရှည်ခဲ့တယ်ဆိုတာပဲ။
သုံးနှစ်တိုင်တိုင် နှလုံးသားတစ်ခုလုံးကို ပေးအပ်ခဲ့တဲ့ရလဒ်အနေနဲ့ သူပြန်ရရှိတာက ခန်းကျန့်ရဲ့သစ္စာဖောက်မှုသာ ဖြစ်ခဲ့တယ်။
ဒီအတွက်ကြောင့် ပြန်လည်မွေးဖွားပြီးနောက်ပိုင်းမှာ ပိုင်လန်ရဲ့ဖုန်းက ခန်းကျန့်ရဲ့မစ်ကောလ်တွေနဲ့ပြည့်နေတာ။ နောက်တစ်မျိုးပြောရရင် ဖုန်းတွေအများကြီးလာနေတာက ထူးဆန်းတာမဟုတ်ဘူး။ ပိုင်လန်က လျစ်လျှူရှုပြီး တစ်ချက်လေးတောင်မှ ပြန်မခေါ်တာကသာ ထူးထူးဆန်းဆန်းဖြစ်နေတာပါ။
ဒါပေမယ့် ပိုင်လန်ကလည်း ဒီဘဝမှာ ခန်းကျန့်နဲ့ ဘယ်လိုအခြေအနေမျိုးနဲ့ပဲဖြစ်ဖြစ် အပေါင်းအသင်းမလုပ်နိုင်ဘူးလို့ ဆုံးဖြတ်ချက် ချပြီးသွားပြီ။
ဖြစ်နိုင်တာက သူငယ်ချင်းဆိုတဲ့ဆက်ဆံရေးကို တည်ဆောက်ထားရင်တော့ လက်တုန့်ပြန်ဖို့ ပိုလွယ်ကူသွားမှာပေါ့။ ဒါပေမယ့် သစ္စာဖောက်ခံလိုက်ရတဲ့ ခံစားချက်မျိုးကို အရင်ဘဝက ခံစားဖူးတဲ့ ပိုင်လန့်အနေနဲ့ ဒီလိုမျိုး မကောင်းတဲ့လူမျိုး မဖြစ်ချင်ဘူးလေ။ ပြီးတော့ အရေးကြီးဆုံးက ခန်းကျန့်ရဲ့ရှေ့မှာ ဒေါသတွေနဲ့ မနှစ်မြို့မှုတွေကို ဖုံးကွယ်မထားနိုင်မှာကိုလည်း သူကစိုးရိမ်တာ။
အခုနေ ပြန်တွေးကြည့်တဲ့အခါ အရင်ဘဝ နောက်ဆုံးအကြိမ် ခန်းကျန့်နဲ့တွေ့ခဲ့တုန်းက တစ်ဖက်လူက သူ့လက်ကိုကိုင်ပြီး စကားတွေပြောနေခဲ့တာပဲ။ ကမ္ဘာကြီးက ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ ပိုင်လန့်ဘေးမှာပဲ ရပ်တည်ပေးပါ့မယ်တဲ့။
ဒါပေမယ့် အခုတော့ရော.. သူ့မျက်လုံးတွေနဲ့ ခန်းကျန့်ကို နောက်တစ်ကြိမ် အကောင်လိုက် ပြန်တွေ့လိုက်ရတဲ့ ပိုင်လန်အတွက်တော့ စက်ဆုပ်ရွံရှာစရာခံစားချက်တွေ အလုံးအရင်းနဲ့ လှိမ့်တက်လာတာပါပဲ။
…………………
ခန်းကျန့်က စွပ်ပြုတ်ချို အိတ်ကြီးသုံးလုံးကို ဆွဲလာပြီး ရိုက်ကွင်းက သူသိတဲ့ တစ်စုံတစ်ယောက်ဆီ လာလည်တာ။ ဒီလူက သူ့ကုမ်ပဏီတူစီနီယာ ဝူရှန်အန်းကလွဲပြီး ဘယ်သူရှိမှာလဲ။
ကုမ်ပဏီတူတဲ့အနုပညာရှင်တွေအချင်းချင်း တစ်ခါတစ်ရံ ဒီလိုတွေလုပ်တတ်ကြတယ်။ သူတို့က တစ်ဖက်လူကို အခြားသူတွေရှေ့ မှာ မျက်နှာရအောင် လုပ်ပေးတာတင် မဟုတ်ဘဲ အသိအကျွမ်းမိတ်ဆွေတွေဖွဲ့ဖို့၊ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ရင်းနှီးဖို့ပါ ရည်ရွယ်တယ်။ သဘောက ချက်ကောင်းတစ်ချက်မိသွားရင် အခွင့်အရေးတွေရနိုင်တာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် ဒီတစ်ကြိမ်က ခန်းကျန့်ရဲ့ပထမဆုံးလာလည်ခြင်းတော့ မဟုတ်ဘူး။ သူက ဝူရှန်အန်းကိုနှုတ်ဆက်ပြီး ရုပ်ရှင်အဖွဲ့သားတွေကို ရင်းရင်းနှီးနှီးအမူအရာနဲ့ စွပ်ပြုတ်တွေ လိုက်ဝေပေးနေတယ်။ အခုချိန်မှာ ရိုက်စရာတွေအများကြီးကျန်သေးတာကြောင့် နေ့လည်စာအဆာပြေယူလာတဲ့ ခန်းကျန့်က လူတိုင်းရဲ့နှစ်သက်မှုကို ရရှိနေလေတယ်။
ပိုင်လန်က ပြုံးပြလာတဲ့ခန်းကျန့်ကို အကြည့်လွှဲရင်း ဒါရိုက်တာကျုံးနဲ့ စကားဆက်ပြောနေတယ်။ အခုနေ သူ အခန်းထဲကထွက်သွားရင် ခန်းကျန့်နဲ့ပက်ပင်းတိုးသွားမှာ သေချာသလောက်ရှိတာကြောင့် အဲလိုမျိုးတော့ လုံးဝမဖြစ်ချင်ဘူး။
ဖန်ရှန်းနဲ့ဝူရှန်အန်းတို့နှစ်ယောက်လည်း အနားမှာရှိသေးတယ်။ စကားဝိုင်းရဲ့အဓိကအကြောင်းအရာကလည်း ဇာတ်ညွှန်းဆီပြောင်းသွားပြီး ဇာတ်လိုက်နှစ်ယောက်က ဆန္ဒစောနေကြတယ်။ နောက်ဆုံးမှာ ချန်မေယွိကာရိုက်တာ ယွိချန်ချန်တောင် စကားဝိုင်းထဲဝင်လာပြီး ဒါရိုက်တာကျုံးကို ဗဟိုပြုပြီး အလုပ်စားပွဲရှည်မှာ ဝိုင်းထိုင်နေကြကာ ပဲစွပ်ပြုတ်ချိုကိုသောက်ရင်း စကားဆက်နေကြလေတယ်။
“ဒါရိုက်တာကြီး တကယ်တွေပြောနေတာလား၊ ဖန်ဖစ်ရှင်(fanfiction)စာရေးဆရာကို သွားရှာတယ်ဆိုတာလေ?” ဖန်ရှန်းက မနေနိုင်မထိုင်နိုင်မေးလေတယ်။
တရားဝင်ဝက်ပ်ဆိုဒ်မှာတော့ လက်တွဲဖော်များရဲ့ တရားဝင်ဆွေးနွေးအကြံပြုချက်အပိုင်းတွေအပြင် ဖန်လုပ်ဆောင်ချက်အပိုင်းတွေပါ ရှိတယ်။ ဒီလိုမခွဲထားရင်တောင် ပေါ်ပြူလာဖြစ်တဲ့ဇာတ်လမ်းတွေအတွက် ဖန်ဖစ်ရှင်ဆိုတာ ဟိုနားဒီနား ပေါ်စမြဲပဲလေ။ ဒါပေမယ့် တရားဝင်ဝက်ပ်ဆိုဒ်က ထုတ်ပြန်တဲ့ ဖန်ဖစ်ရှင်တွေသာ တရားဝင်တယ်လို့ သတ်မှတ်နိုင်တယ်။ ပြီးတော့ ဒီဖန်ဖစ်ရှင်တွေကို ကုမ်ပဏီကပိုင်ဆိုင်ပြီး မသင့်တော်တဲ့အရာတွေကိုလည်း ဖျက်ချပိုင်ခွင့်ရှိလေတယ်။ ဒါပေမယ့် ကုမ်ပဏီက တရားမဝင်ဖန်ဖစ်ရှင်တွေအကုန်လုံးကို လိုက်ပြီးဖျက်ချနေရအောင် အားယားနေတာတော့ မဟုတ်ဘူး။
‘လက်တွဲဖော်များ’က ထုတ်လွှင့်တာနှစ်လလောက်ရှိနေပြီး ဇာတ်ကောင်လေးယောက်ကြားထဲက အချစ်ခံစားချက်တွေကလည်း တဖြည်းဖြည်းရုပ်လုံးပေါ်လာနေပြီ။ ဒီအချိန်မှာ ဖန်ဖစ်ရှင်တွေကလည်း မိုးဦးကျမှိုတွေလို ဟိုနားသည်နား ပေါ်ထွက်လာနေပြီဖြစ်တယ်။
ဖန်ရှန်းကို ပြန်ဖြေတဲ့ဒါရိုက်တာကျုံးရဲ့အမူအရာကလည်း ရင်းရင်းနှီးနှီးပါပဲ “ ဒါ ငါ့ကိုမေးမယ့်အစား ရှောင်သုန်းကို မေးတာပိုကောင်းလိမ့်မယ်၊ သူက ဇာတ်ညွှန်းဆရာရဲ့သဘောကို ငါ့ထက်ပိုသိတယ်”
ထုတ်လုပ်သူ ချန်သုန်လိက ဝှေ့ဝိုက်မနေတော့ဘဲ နှုတ်ခမ်းတွေကိုတွန့်လိုက်ရင်း ပြောလိုက်တယ် “ငါတို့ဆက်သွယ်ခဲ့သေးတယ်၊ ဒါပေမယ့် စာရေးတဲ့သူက ကျောင်းသူငယ်ငယ်လေးပဲရှိသေးတော့ အချက်အလက်တွေအကုန်လုံးက သူ့မိဘတွေဆီက ခွင့်ပြုချက်ရမှဖြစ်မှာ။ ငါတို့က သူ့ကိုတွေ့ဖို့သွားတာ အိမ်တံခါးပေါက်ပဲရှိသေးတယ် လူလိမ်တွေဆိုပြီး မောင်းထုတ်မတတ်ပါပဲ။ တကယ့်ကို စိတ်ပျက်စရာကြီး”
ချန်သုန်လိက ကီလို(၁၀၀)ကျော် အလေးချိန်ရှိတဲ့ လူဝဝကြီးတစ်ဦးဖြစ်တယ်။ သူက စကားလည်းပြောရင်း စွပ်ပြုတ်ချိုတွေကိုလည်းသောက်ရင်း လုပ်နေတာ သူ့ရှေ့က စွပ်ပြုတ်ပန်းကန်က တစ်စက်လေးတောင်မကျန်ဘဲ ကုန်သွားပါလေရော။ သူ့ကြည့်ရတာ ကျေနပ်ပုံမရဘူး။
ဒါကိုမြင်တဲ့ပိုင်လန်က တစ်စက်လေးမှ မထိရသေးတဲ့သူ့ပန်းကန်ကို ထုတ်လုပ်သူဘက် တွန်းပေးလိုက်တယ်။ ချန်သုန်လိက သုံးလေးခါငြင်းသေးပေမယ့် နောက်ဆုံးတော့လည်း သောက်လိုက်တာပါပဲ။
အခြားသူတွေက ပိုင်လန်ရဲ့အပြုအမူကိုမြင်ပြီး အံ့သြသွားကြတယ်။ တစ်ချို့က အထင်အမြင်သေးသွားတာပေါ့။ ပိုင်လန်က ထုတ်လုပ်သူကို ဖားဖို့ကြိုးစားနေတာ သူတို့မြင်လိုက်တာလေ။ ပြီးတော့ ဖားချင်တာတောင် သူများပစ္စည်းနဲ့။ ဒီနည်းလမ်းက သိပ်ကိုအောက်တန်းကျတာပဲပေါ့။ ဒါပေမယ့် ခန်းကျန့်ယူလာတဲ့အရာကို လက်ဖျားလေးနဲ့တောင်မတို့ချင်တဲ့ ပိုင်လန်အတွက်တော့ အခြားသူတစ်ယောက်က သူ့အစား စားပေးတာတောင် ကျေးဇူးတင်နေတာ။
“ဒါဆို ဘယ်လိုဖြစ်သွားပြီလဲ?” ဖန်ရှန်းက နောက်တစ်ကြိမ်မေးလိုက်ပြန်တယ် “ကျွန်မနဲ့ ကျန်းရှင်းချန် အတွဲဆင်းန်(ဇာတ်ဝင်ခန်း)တွေ လာမှာလား?”
ချန်သုန်လိက ပြန်မဖြေပါဘူး။ ဒါပေမယ့် ယွိချန်ချန်က သူမရဲ့နူးညံ့ပြီးညင်သာလှတဲ့အသံလေးနဲ့ ဝင်ပြောလိုက်လေတယ် “အင်း.. ကျွန်မအထင်တော့ ဖြစ်နိုင်ချေက နည်းလိမ့်မယ် အစ်မရှန်းရဲ့၊ ပရိသတ်တွေက ကျန်းရှင်းချန်ကို တစ်ယောက်ဆိုတစ်ယောက်ပဲ ကြိုက်စေချင်မှာပေါ့၊ ရုတ်တရက်ကြီး လူပြောင်းကြိုက်လိုက်ရင် ကာရိုက်တာလွတ်သွားမှာပေါ့(OOC ဖြစ်)” ဇာတ်ကားထဲက ယွိချန်ချန်ရဲ့ကာရိုက်တာက အရမ်းမိန်းမဆန်တာလေ။ အပြင်မှာလည်း သူမက ဒီလိုပဲ။
ဖန်ရှန်းက မသက်မသာတော့ဖြစ်သွားတယ်။ ဒါပေမယ့် မျက်နှာပေါ်မှာတော့ အပြုံးလေးကို တပ်လိုက်ရင်း ပြန်ပြောလိုက်လေတယ် “ဒါကြောင့် ဇာတ်ညွှန်းဆရာရဲ့အစွမ်းဆိုတာ ဖြစ်လာတာပေါ့။ ချန်ချန်.. ဇာတ်ညွှန်းဆရာတွေကို လျှော့မတွက်နဲ့နော်၊ အမြဲတမ်းရန်ဖြစ်နေတဲ့ လင်ချွမ်ရှီနဲ့ဒို့တောင် နောက်ဆုံးမှာကြိုက်ကြသေးတာပဲ၊ အပြင်မှာတော့ မဖြစ်နိုင်ပေမယ့် ဇာတ်ညွှန်းဆရာအတွက်တော့ ဒီလောက်က အပျော့ပဲ မဟုတ်ဘူးလား” စကားတစ်ခွန်းနှစ်ခွန်းပြောလိုက်ပြီး သူမက ယွိချန်ချန်ကို ‘ဇာတ်ညွှန်းဆရာတွေကိုအထင်သေးသူ’ လို့ ထင်သွားစေတယ်။
ယွိချန်ချန်က နည်းနည်းတော့ ကသိကအောက်ဖြစ်သွားပြီးမှ ပြန်ပြုံးလိုက်ပြန်တယ် “ဟုတ်တယ်..ဟုတ်တယ်..ကျွန်မ အတွေးတိမ်သွားတယ်၊ အစ်မရှန်းပြောတာမှန်တယ်”
“ဒါပေမယ့် ရှင်းရာ.. မင်းက အဲလိုပြောလိုက်တော့ ကိုယ့်အသည်းတွေကွဲသွားသလိုပဲကွာ” ဝူရှန်အန်းက အမျိုးသမီးဇာတ်လိုက်အမည်ကို ခေါ်လိုက်ပြီး နှလုံးသားဒဏ်ရာရသွားတဲ့ပုံစံ ဟန်ဆောင်လိုက်လေတယ်။ “ ဒါကြီးက ‘ကိုယ်တိုင်လည်းစားနေသေး သူများပန်းကန်ကိုလည်း လှမ်းကြည့်နေသေး’ နဲ့တောင်တူနေပြီ”
သူက ဇာတ်လမ်းထဲသရုပ်ဆောင်နေသလိုမျိုး လုပ်နေပေမယ့် အမှန်တကယ်က ဖန်ရှန်းရဲ့လောဘကို ထောက်ပြချင်နေတာ။
ဖန်ရှန်းရဲ့အမူအရာက နည်းနည်းလေးပြောင်းသွားတယ်။ သူမက သက်ပြင်းချလိုက်ပြီးမှ ပြန်ပြောလေတယ် “ကျွန်မက ဖန်တွေ ဖြစ်စေချင်တာကိုပြောတာပါ၊ ရှင်ကတော့ သိမှာမဟုတ်ဘူး.. ဒါပေမယ့် ဖန်တွေက ဝက်ပ်ဆိုဒ်ပေါ်မှာ အမြဲတမ်းဒီအကြောင်းပဲ မေးနေကြတာ၊ ဒီလိုမှမဟုတ်ရင် ကျွန်မကလဲ အတင်းကြီးလိုက်မေးနေပါ့မလား၊ ဥပမာ ‘ကျန်းရှင်းချန် ရည်းစားရကံကောင်းပါစေ’ ဒါမျိုးတွေပေါ့၊ ဖန်တွေက အမြဲတမ်းဒီကွန်မန့်တွေရေးနေကြတာ၊ အကုန်လုံးက ကျန်းရှင်းချန် ဘာတွေလုပ်ပြမလဲပဲ စောင့်နေကြတာလေ”
သူမရဲ့ဘဝအတွေ့အကြုံတွေဆိုတာ အလကားတော့မဟုတ်ဘူး။ သူမက စကားလုံးတွေနဲ့ အခြားသူတွေကို ပညာသားပါပါ ဒေါက်ဖြုတ်တတ်တယ်။ ဒါပေမယ့် သူမရဲ့နောက်ဆုံးစကားတွေကတော့ ပိုင်လန့်ကိုပါ ဆွဲထည့်လိုက်သလိုရှိတယ်။ သူမက ဝူရှန်အန်းနဲ့ ပေါ်ပေါ်ထင်ထင် မတိုက်ခိုက်ရဲဘူးလေ။ ဒါကြောင့် ဝူရှန်အန်းနဲ့အချစ်လုဘက် ကျန်းရှင်းချန်ကို ရှေ့တန်းတင်လိုက်ရင်း ဝူရှန်အန်းရဲ့မျက်မုန်းကျိုးမှုတွေ လျော့သွားအောင် လမ်းလွှဲလိုက်တယ်။
အရင်ဘဝပိုင်လန်က ဒီလိုအရာမျိုးတွေကို နားလည်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အခုပိုင်လန်ကတော့ နောကျေနေပါပြီ။ သူက ပြုံးရင်း ပြန်ပြောလိုက်တယ် “အစ်မဖန်က ပရိသတ်တွေကို အရမ်းဂရုစိုက်ပေးတယ်နော်၊ အရမ်းကိုကောင်းတာပါ၊ ဒါပေမယ့် ကျွန်တော်က ဘာမှနားမလည်တော့ ဇာတ်ညွှန်းဆရာရေးတဲ့အတိုင်း လိုက်လုပ်ရမှာပါပဲ ”
သူ့အဖြေက သိပ်ကို တည်ငြိမ်ပြီးသပ်ရပ်တယ်။ ဒါပေမယ့် ပိုင်လန်ရဲ့ပြုံးနေတဲ့မျက်လုံးတွေကိုကြည့်ရင်း ဖန်ရှန်းက အနည်းငယ်အရှက်ရသွားလေတယ်။
ဒီအချိန်မှာ ချန်သုန်လိက ဒုတိယပန်းကန်ကိုတောင် ကုန်သွားပြီ။ သူက သရုပ်ဆောင်လေးယောက်ကြားထဲက အပြန်အလှန်စကားတွေကို နားမလည်သလိုပဲ ပြုမူနေပြီးမှ ပြောပါတယ် “ဒီကိစ္စတွေက ဆွေးနွေးတုန်း ရှိပါသေးတယ်၊ ဖန်ဖစ်ရှင်စာရေးဆရာကလည်း အသက်မပြည့်သေးဘူး၊ သူ့မိဘတွေကလည်း တင်းကျပ်လွန်းတယ်၊ ဇာတ်ညွှန်းဆရာက လေ့လာနေတုန်းပါပဲ၊ ဆုံးဖြတ်ချက်ကတော့ နောက်မှချမှာပေါ့”
ဒီအဖြေစကားကို ကြားတဲ့အခါ ဖန်ရှန်းက စိတ်လျှော့လိုက်ရုံအပြင် ဘာမှမရှိတော့ဘူး။ ဒါပေါ့.. ဝူရှန်အန်းလည်း သိပ်အခြေအနေမကောင်းဘူး။ စကားအသွားအလာအရ ဇာတ်ညွှန်းရေးဆရာက စဉ်းစားနေဆဲဖြစ်ဟန်တူပြီး နောက်ပိုင်းပြောင်းချင်ပြောင်းလာနိုင်မှာလေ။
ခန်းကျန့်က စွပ်ပြုတ်ချိုတွေအားလုံးကို လိုက်လံဝေငှပြီးသွားပြီ။ စကားဝိုင်းက သဘာဝကျကျပဲ တိတ်ဆိတ်သွားတဲ့အခါ အနားရောက်လာတဲ့ခန်းကျန့်က ပါးပါးနပ်နပ် ဝင်နှုတ်ဆက်လိုက်တယ်။
“အစ်ကိုရှန်၊ ဒါရိုက်တာကြီး၊ အစ်ကိုချန် အားလုံးက ဒီရောက်နေကြတာကိုး” သူက ဝင်ရောလိုက်တယ် “ဘာအကြောင်းတွေများ ပြောနေကြတာလဲခင်ဗျ၊ ကျွန်တော်လည်း ဝင်ပါပါရစေ”
ဒါရိုက်တာကျုံးက ရယ်ပြီးမှ ပြောလိုက်တယ် “မင်းရဲ့ပဲစိမ်းစွပ်ပြုတ် အရမ်းကောင်းတဲ့အကြောင်း ပြောနေကြတာဟေ့၊ ပိန်းဥတွေနဲ့ အရမ်းကို ပျစ်ပျစ်နှစ်နှစ်ရှိတာပဲ”
ခန်းကျန့်က မျက်လုံးတွေ ပင့်တက်သွားပြီးမှ ချက်ချင်းပဲစကားကိုရှေ့ဆက်လိုက်ပြန်တယ် “ဟုတ်ကဲ့ ဒါရိုက်တာကြီး..အဲ့ဒါ ‘ပြည်တွင်းအရသာများ’ အစီအစဉ်က ထောက်ခံတဲ့ နှစ်တစ်ရာသက်တမ်းရှိတဲ့ဆိုင်က ဝယ်လာတာပါ၊ ကျွန်တော်လည်း အကုန်လုံးကိုစားစေချင်တာနဲ့ ဝယ်လာလိုက်တာ၊ ဆိုင်က ကြိုတင်ဘိုကင်လက်မခံတာလည်း ကျွန်တော်မသိလိုက်ဘူး၊ ဒါပေမယ့် ကံကောင်းလို့ စောစောရောက်သွားပြီး အချိန်မှီလေး လာပို့နိုင်တာလေ”
ဒီစကားတွေပြောပြီးမှာ ခန်းကျန့်က ခုံတစ်လုံးကိုဆွဲယူလိုက်ပြီး ဝူရှန်အန်းနဲ့ ဒါရိုက်တာကျုံးကြား ရင်းနှီးတဲ့အမူအရာနဲ့ ဝင်ထိုင်လိုက်တယ်။ ဒီအခိုက်အတန့်က အမှုမဲ့အမှတ်မဲ့ လက်လွတ်စပယ်ရှိပုံပေါ်ပေမယ့် အချက်ကျကျတွေးကြည့်ရင် အားလုံးနဲ့အတူ ရောနှောနိုင်သွားပြီလေ။
ဖန်ရှန်းက ပြုံးလိုက်တယ် “ရှင်က အရမ်းကို သူများတွေအတွက် တွေးပေးတတ်တာပဲ၊ ကျွန်မသာဆိုရင် သေချာတယ် တန်းစီမှာကို မဟုတ်ဘူး၊ နောက်ပိုင်း ရှင့်ကို ရည်းစားတော်ရတဲ့တစ်ယောက်ယောက်ကတော့ အရမ်းကိုကံကောင်းမှာ သေချာတယ်”
ခန်းကျန့်က ရှက်သွားတဲ့အမူအရာနဲ့ ပြုံးဖြဲဖြဲလုပ်ရင်း ပြန်ပြောတယ် “အစ်မဖန်က နောက်နေပါပြီ၊ တကယ့်စံပြယောကျ်ားလေးပုံစံဆိုတာ စီနီယာရဲ့လင်ချွမ်ရှီကာရိုက်တာပါဗျာ၊ သူကမှ မိန်းကလေးတွေကြားထဲ ရေပန်းစားတာဗျ၊ ဘယ်သူမှ လိုက်မမှီဘူး၊ ကျွန်တော်တောင် သူ့ပုံစံအတုခိုးပြီးမှ ရည်းစားလေးဘာလေး ရှာရမှာပါဗျာ”
ဒီချီးကျူးစကားတွေက သေချာပေါက်မမှားပါဘူး၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဝူရှန်အန်းကို မြှောက်ပင့်ရာရောက်တဲ့အပြင် လွန်ခဲ့တဲ့နှစ်မိနစ်လောက်က ပြတ်သွားတဲ့စကားစကိုပါ အစပြန်ဆွဲထုတ်ရာရောက်တယ်။ ဝူရှန်အန်းရဲ့မျက်နှာကြီးက ရှုံ့တွသွားတာပေါ့။ ဖန်ရှန်းကလည်း နားလည်တာကြောင့် ပျော်စေပျက်စေ မျက်စိတစ်ဖက်သာ မှိတ်ပြလိုက်ပြီး ဘာမှပြန်မပြောဘူး။
ခန်းကျန့်က အကြိမ်ရေအချို့ ရယ်မောလိုက်ပေမယ့် တစ်ယောက်မှ သူ့နောက်လိုက်မလာမှန်း နားလည်သွားတယ်။ သူက ထူးဆန်းတယ်လို့ ခံစားရတာကြောင့် ရင်းနှီးသူပိုင်လန်ဆီ အလိုလိုအကြည့်ရောက်သွားရင်း စကားခေါ်လိုက်လေတယ် “အားလန်.. ဒီစွပ်ပြုတ်က အရင်ဖုန်းထဲမှာ ငါပြောဖူးတဲ့ ပဲစိမ်းစွပ်ပြုတ်ဆိုတာလေ၊ မင်းကြိုက်လား?”
တစ်ချိန်လုံး ငြိမ်သက်နေခဲ့တဲ့ပိုင်လန်က ရုတ်တရက် သူ့နာမည်ခေါ်သံကြားလိုက်ရတယ်။ ဖန်ရှန်းကလည်း မနေနိုင်မထိုင်နိုင် ထမေးလိုက်တာပေါ့ “အားလန်.. မင်းတို့နှစ်ယောက်က အသိတွေလား?”
………………………